Sunday, October 8, 2023

ဆပ်ရဦးမည့် သူ့ ကျေးဇူး


 ❝ ဆပ်ရဦးမည့် သူ့ ကျေးဇူး ❞ 


ကျွန်တော် သည် အသက် ဆယ်နှစ်သား အရွယ် လောက် ( ၂ ) ခါ တိတိ သေမည့် ကိန်း နှင့် ကြုံခဲ့ရသည် ။ ရေ မကူး တတ် ဘဲ ရေး ဆင်း ကူး မိ၍ ရေနစ်ခြင်း ဖြစ်သည် ။ တစ်ခါက စာသင်ကျောင်း အနီး က ရေကန် တွင် ဖြစ်သည် ။ နောက် တစ်ခါ ( ဒုတိယအကြိမ် ) ပင်လယ်ကမ်းစပ် တွင် ဖြစ်သည် ။ ရေ နစ်ပြီး သေမလို့ ဖြစ်တိုင်း အတူ ရေကူး နေသည့် သူငယ်ချင်း မောင်နီ မှာ ကယ်ခဲ့သည် ဖြစ်သည် ။ အသက် ကို ကယ်ခဲ့သည့် သူငယ်ချင်း မောင်နီ ကို ဇူးဆပ် ရဦးမည် ဖြစ်သည် ။


ပထမ အကြိမ် အဖြစ် ကျောင်းနား က ရေကန် မှာ ရေကူး နေစဉ် က ကျွန်တော် သည် ရေ မကူးတတ် ၍ ရေတိမ်ပိုင်း ခြေထောက်ပြီး ကူးခတ် ဆော့ကစား နေ ပါသည် ။ ရေကန် သည် အိုး ပုံသဏ္ဍန် ဖြင့် အနား တိမ် အလယ် နက် ဖြစ်လို့ ရေလယ် ရောက် မသွား အောင် သတိထား ရင်း ကမ်းစပ် မှာ ပင် ရပ် လှုပ်ခတ် ကစား နေပါသည် ။ ကန် ရေမျက်နှာပြင် သည် ကျွန်တော့် ရင်ခေါင်း ၊ တစ်ခါတစ်ရံ လည်ပင်း နား လောက် ထိ ရောက် ပါသည် ။


ကျွန်တော် နှင့် မလှမ်းမကမ်း က ရေနစ်ပိုင်း မှာ ရေ ကျွမ်းကျင်သည့် မောင်နီ တို့ ညီအစ်ကို တွေ ရေကူး နေကြပါသည် ။ သူတို့ ကူးခတ် လှုပ်ရှားလိုက် တိုင်း ဖြစ်ပေါ်လာသည့် ရေလှိုင်း ကြောင့် ကျွန်တော် သည် ရေနစ်ပိုင်း သို့ တဖြည်းဖြည်း ရွေ့နေသည် ။ မကြာမီ ပင် ရေမျက်နှာပြင် သည် ကျွန်တော့် ပါးစပ် နှင့် နှာခေါင်း ကို ရောက်လာ ပါတော့သည် ။ ကန်ရေ သည် ရွှံ့ရောင် ဝါနောက်နောက် ဖြစ်သည် ။ ကျွန်တော် သည် ရေ မွန်း နေပြီ ဖြစ်လို့ ရွှံ့ရေတွေ ကို နှစ်လုပ် လောက် သောက် လိုက် ရပြီး ဖြစ်သည် ။


ခြေထောက် က မြေ ကို မထိတော့ လို့ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြင့် ရုန်းရင်းဆံခတ် ဖြစ် နေသည် ။ မောင်နီ ကို လှမ်း ခေါ် သော်လည်း ပါးစပ် ထဲ မှာ ရေတွေ ဝင် နေလို့ အသံ မထွက် ဖြစ်နေသည် ။ ရေ ထဲ မြုပ် သွားလိုက် ပေါ်လာလိုက် ဖြင့် လက်ကားယား ခြေကားယား ဖြစ် နေသော ကျွန်တော့် ကို မြင်သည့် မောင်နီ သည် ရေလယ် မှ ကူးလာ ပြီး ကျွန်တော့် လက် ကို ဖမ်းဆွဲ လိုက်ပါသည် ။


ကျွန်တော့် လက် ကို ကိုင်မိတယ် ဆိုလျှင်ပဲ ကမ်းဘက် ရေတိမ်ပိုင်း ကို ဆွဲယူ ပို့ ၌ ပစ် ခဲ့ပြီး သူ က တော့ ရေနစ်ပိုင်း ကို ပြန် ကူး သွားသည် ။


ရေကူး တတ်သည့် သူတို့ ညီအစ်ကို တွေ ရေ ဆက် ကူး နေကြသည် ။ ကျွန်တော် က တော့ ကြောက်သွားပြီး ရေ ထဲ က တက်လိုက် ပါတော့သည် ။


အဲဒီတုန်း က မောင်နီ သည် လည်း ( ၁၂ ) နှစ် ၊ ( ၁၃ ) နှစ် သား လောက် သာ ရှိဦးမည် ဖြစ်၍ ကျွန်တော့် အသက် ကို သူ ကယ်လိုက် သည် ဆိုတာ ကို သတိ တောင် မထားမိ ဟု ယူဆရပါသည် ။ အဲဒီတုန်း က မောင်နီ သာ မကယ်ခဲ့ လျှင် ကျွန်တော် သည် ( ၁၀ ) နှစ်သား အရွယ် က ပင် ရေနစ် လို့ သေခဲ့ပြီ ဖြစ်မည် ။ ယခု အသက် ခြောက်ဆယ် ကို ကျော် မှ ဒီ အကြောင်း ကို ပြန် တွေးပြီး သူငယ်ချင်း မောင်နီ ကို ကျေးဇူး တင်နေမိပါသည် ။


ကျွန်တော့် အသက် ကို ဒုတိယ အကြိမ် အဖြစ် မောင်နီ ကယ်ခဲ့တာ ပင်လယ်ကမ်းစပ် မှာ ဖြစ်သည် ။ မောင်နီ တို့ ညီအစ်ကို တွေ နှင့် အတူ ပင်လယ် ထဲ ဆင်းပြီး ရေကူး ကြစဉ် ရေနစ်ခြင်း ဖြစ်သည် ။ ရေကူး တတ်သည့် မောင်နီ တို့ ညီအစ်ကို တွေ က ပင်လယ် ရေနက်ပိုင်း မှာ လှိုင်း စီးရင်း ရေ ကူးခတ် နေကြသည် ။ ကျွန်တော် က ခြေ ထောက် မိ သည့် နေရာ မှာ ရပ်ပြီး ရေဆော့ နေ ပါသည် ။ ရေမျက်နှာပြင် ကျွန်တော့် ရင်ခေါင်း လောက် သာ ရှိ၍ အန္တရာယ် မရှိဘူး ထင်ပြီး ရေ ထဲ မှာ ရပ်နေခြင်း ဖြစ်သည် ။ ပင်လယ်ရေ ၏ သဘာဝ ကို မသိလို့ ရဲတင်းစွာ ရပ် နေခြင်း ဖြစ်သည် ။


ပင်လယ် ရေလှိုင်းလုံးများ သည် ကမ်း ကို ပြေးတက် လာပြီး ပြန်အဆင်း မှာ ရှိသမျှ အရာဝတ္ထုတွေ ကို ရေနစ်ပိုင်း သို့ ဆွဲချ တတ်သည် ကို မသိလို့ ရေ ထဲ မှာ ရပ်နေခြင်း ဖြစ်သည် ။ ကျွန်တော် သည် ပြန်ကျ ရေလှိုင်း ၏ အဆွဲ ခံရမှုကြောင့် ရေနစ်ပိုင်း ဘက် ကို ပါနေသည် ဆိုတာ ကို သိ နေသည် ။ ကမ်းဘက် ကို ရုန်းကန် ပြန် နေပါလျက် ရေနစ်ပိုင်း ဘက် ကို ပဲ ရွေ့ ပါနေပါသည် ။


ကမ်းဘက် ကို သွားလေ ရေနစ်ပိုင်း ကို ရွေ့ ပါလေ ဖြစ်သည် ။ လှုပ်လေ မြုပ်လေ ဖြစ်နေသည် ။ ဒီ အခြေအနေမှာ မောင်နီ တို့ ညီအစ်ကိုတွေ က လည်း ကျွန်တော် နဲ့ အတော် အလှမ်း ဝေးသော နေရာ ရောက် နေကြသည် ။ မောင်နီ ကို အော် ခေါ်ပြီး အကူအညီ တောင်းသည် ။ ဝုန်းကနဲ ဝုန်းကနဲ မြည်ပြီး ပြေးတက် ပြန်ဆင်း ဖြစ်နေသော လှိုင်းလုံးကြီးတွေ ရဲ့ အသံတွေ ကြောင့် ကျွန်တော့် အော် ခေါ်သံ ကို မောင်နီ တို့ မကြားနိုင် ဖြစ်နေသည် ။


ကျွန်တော့် ခြေထောက်တွေ မြေ မထိတော့ သည့် အခါ ကျွန်တော် ရေနစ်နေပြီ ဆိုတာ ကို သိ လိုက်ပါသည် ။ သေဘေး မှ လွတ်နိုင် အောင် ရုန်းရင်းဆံခတ် လှုပ်ရှား ကူးခတ် နေသည် ။ ဗိုက် ထဲ ဆားငံရေ သုံးကြိမ် လောက် ဝင် သွားပြီ ဖြစ်သည် ။ ကျွန်တော် သေရတော့မည် ဆိုတာ ကို သိလိုက်ပါသည် ။


နောက်ထပ် ဆယ်မိနစ် လောက် အတွင်းမှာ တစ်စုံ တစ်ယောက် က လာ မကယ် လျှင် ကျွန်တော် သေရတော့မည် ဖြစ်သည် ။ အဲဒီလို စဉ်းစား နေတုန်း မှာ ပဲ မောင်နီ ကျွန်တော့် အနား ရောက်လာပြီး ကျွန်တော့် လက် ကို ဖမ်းဆွဲယူ လိုက်ပါသည် ။


မောင်နီ သည် ကျွန်တော့် ကို ဆွဲယူ ပြီး ရေတိမ်ပိုင်း ကို ပို့ ပေးသည် ။ သူ က တော့ ဘာမျှအရေးမကြီး လေဟန် ရေ ပြန် ကူး နေ ပါသည် ။ ကျွန်တော် အကြီးအကျယ် ကြောက်သွားပြီး ရေ ထဲ က ပြန် တက် လိုက်ပါသည် ။ မောင်နီ တို့ ညီအစ်ကိုတွေ ရေ ထဲ က ပြန်တက် လာအောင် ထိုင် စောင့် နေရမည် ဖြစ်သည် ။ မောင်နီ တို့ ညီအစ်ကို တွေ ဆိုတာက မောင်ချစ် ၊ မောင်နီ နှင့် တင်လှ တို့ ဖြစ်သည် ။ မောင်ချစ် က ကျွန်တော့် ထက် ( ၂ ) နှစ် လောက် ကြီး သည် ။ မောင်နီ က တစ်နှစ် လောက် ကြီးသည် ။ တင်လှ က ကျွန်တော့် အောက် တစ်နှစ် လောက် ငယ်သည် ။ ကျွန်တော် ၏ ကစားဖော် ငယ်သူငယ်ချင်း တွေ ဖြစ်သည် ။ မောင်ချစ် က အသက် ( ၄၀ ) အရွယ် လောက် မှာ ကွယ်လွန် သွားပြီ ဟု သိရသည် ။ မောင်နီ နှင့် တင်လှ တို့ အသက်ရှင် လျှက် ရှိကြ သေးသည် ။


မောင်နီ တို့ အိမ် နှင့် ကျွန်တော် တို့ အိမ် သည် ဓားလွယ်ခုတ် အနေအထား ဖြင့် မျက်နှာချင်းဆိုင် အနေအထား ရှိခဲ့သည် ။ မောင်နီ တို့ မိသားစု ဆင်းရဲ နွမ်းပါးသည် ။ ညီအစ်ကို မောင်နှမ များသည် ။ မလှစိန် ၊ မောင်ချစ် ၊ မောင်နီ ၊ တင်လှ ၊ တင်ရွှေ ၊ ခေါင်းရှည် ၊ မဲကြည် ၊ ဒိုနိုး ဆိုပြီး ရှစ်ယောက် ကို သာ ကျွန်တော် မှတ်မိသည် ။ ကျွန်တော် မသိတာ ရှိဦးမည် ထင်သည် ။ အဲဒီအထဲ က မောင်ချစ် ၊ မောင်နီ နဲ့ တင်လှ သည် ကျွန်တော် နှင့် ကစားဖေါ် ဖြစ်ခဲ့သည် ။ မောင်နီ  သည် ကျွန်တော် နှင့် အတွဲဆုံး ဖြစ်သည် ။ ကျွန်တော့် ကို အခင်ဆုံး ဖြစ်သည် ။


ကျွန်တော် သည် မောင်နီ ထက် အသက် ငယ် သော် လည်း ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး အရ မောင်နီ ထက် သာခဲ့ သဖြင့် မောင်နီ ၏ ဆရာ ဖြစ်ခဲ့သည် ။ မောင်နီ က လည်း နေရာ တကာ မှာ ကျွန်တော့် ကို သာ ရှေ့တန်း တင်ခဲ့သည် ။ အခုအခါ မှာ ကျွန်တော် ရွာ ကို ရောက် လာတယ် လို့ သတင်း ကြား လျှင် ညှိုးငယ်သည့် မျက်နှာ ဖြင့် ကျွန်တော့် ကို လာ တွေ့ နှုတ်ဆက်သည် ။ အတော့ ကို ဆင်းရဲ နွမ်းပါး နေတာ တွေ့ရသည် ။ အသက်အရွယ်တွေ က တော့ သူ လည်း ခြောက်ဆယ် ကျော် ၊ ကျွန်တော် လည်း ခြောက်ဆယ် ကျော် ကြပြီ ဖြစ်သည်  ။


သူငယ်ချင်း မောင်နီ ကယ်ခဲ့လို့ အသက်ရှင် ခဲ့သည့် ကျွန်တော်သည် ၁၉၅၈ - ခုနှစ် ၊ အသက် ( ၁၇ ) နှစ်သား အရွယ် မှာ ကိုရင်လေး ဘဝ ဖြင့် ရွာ က ထွက် လာခဲ့သည် ။ ရန်ကုန် ကို ရောက်ပြီး အလွတ်ပညာသင်ကျောင်း တက်သည် ။ ကျောင်းထွက် လက်မှတ်ရ စာမေးပွဲ အောင်သည် ။ ကိုရင်ဝတ် က ထွက်သည် ။ တပ်မတော်ရေ တပ် ကို ဝင်သည် ။ ရေဒီယိုဆက်သွယ်ရေးရဲဘော် ဖြစ်သွားသည် ။ အပြည်ပြည်ဆိုင်ရာ ရေဒီယိုဆက်သွယ်ရေး အရာရှိ စာမေးပွဲ အောင်သည် ။ နိုင်ငံခြား သင်္ဘော လိုက်သည် ။ အထိုက်အလျောက် ချောင်လည် သွားသည် ။


ရွာ မှာ ရှိနေသည့် အသက်သခင် ကျေးဇူးရှင် သူငယ်ချင်း မောင်နီ ကို သတိရ နေသည် ။ တစ်လှည့် တစ်ပဲ့ ကျေးဇူး ဆပ်ချင် သည် ။ မောင်နီ ရဲ့ ဘ၀ ၊ သူ့ သမိုင်း ကို သိသလောက် ပြန်တွေး ကြည့် မိသည် ။ သူငယ်ချင်း ကို သနား မိသည် ။


မောင်နီ သည် သူ ၏ မွေးနေ့ ကို မသိသူ ဖြစ်၍ သူ့ အသက် ဘယ်လောက် ရှိပြီ ဆိုတာ ကို တိတိကျကျ သိသူ မဟုတ် ၊ ကျွန်တော့် ထက် နည်းနည်း ကြီးသည် ဆိုတာ ကို တော့ သူ သိသည် ။ ကျွန်တော့် အသက် ခြောက်ဆယ့်သုံးနှစ် ရှိပြီ ဖြစ်လို့ မောင်နီ သည် ခြောက်ဆယ့် လေး ၊ သို့မဟုတ် ခြောက်ဆယ့်ငါး နှစ် လောက် ဖြစ် နိုင်သည် ။


ကျွန်တော် တို့ နှင့် အတူ ကျောင်း နေခဲ့တာ ကို မှတ်မိ နေ သည် ။ တစ်တန်း မှ မအောင်ဘဲ ကျောင်းထွက် သွားခဲ့တာ ကို လည်း မှတ်မိ နေသည် ။ မောင်နီ သည် သေစာရှင်စာ လောက် ကို ပင် မရေးတတ် ၊ မဖတ်တတ် တာ သေချာသည် ။ မောင်နီ ၏ အဖေ နှင့် အမေ လည်း လုံးဝ စာ မတတ်တာ ကို သတိရ မိသည် ။


သူငယ်ချင်း မောင်နီ သည် ကျွန်တော်တို့ နှင့် အတူ ဘုန်းကြီးကျောင်း မှာ နေခဲ့ သော်လည်း စာ မသင်ခဲ့ ဘဲ စားကာ အိပ်ကာ နေခဲ့ခြင်း ဖြစ်သည် ။ ဘုရား နှင့် သံဃာ ကို ရှိခိုး ဖူး သော်လည်း မည်သည့် ဘာသာ ကို ကိုးကွယ်သည် ဟု တိတိကျကျ ပြောရမှာ ခက် သည် ။ မောင်နီ ၏ အဘိုး သည် ဟိန္ဒူကု,လားကြီး ဖြစ်သည် ဟု သိရ သည် ။ ကျွန်တော် မမြင်ဘူး လိုက် ၍ အတိအကျ မသိပါ ။ မောင်နီ ၏ မိသားစု သည် မူဆလင်ဘာသာဝင်တွေ မဟုတ်တာ ကတော့ သေချာ သည် ။ မောင်နီ အပါအဝင် သူတို့ ညီအစ်ကိုတွေ အားလုံး ရှင်ပြုတာ မမြင်ဖူး၍ ဗုဒ္ဓဘာသာ လို့ ပြောရမှာ လည်း ခက် နေသည် ။ မိဘ ဆင်းရဲ လို့ ရှင်ပြု မပေးနိုင်ခဲ့တာ လည်း ဖြစ်နိုင်သည် ။


သူငယ်ချင်း မောင်နီ သည် လည်း ကျွန်တော့် လို ပင် အသက် ခြောက်ဆယ် ကျော် နေပြီ ဖြစ်လို့ ဘဝ နေ မွန်းတိမ်း နေပြီ ဖြစ်သည် ။  ။ တစ်နည်း ဆိုရသော် လာလမ်း ကို ပြန် နေပြီ ဖြစ်သည် ။ မောင်နီ သည် ဘယ်က လာ လို့ ဘယ်ကို ပြန်မလဲ ဆိုတာ ကို မသိနိုင် ဖြစ်နေသည် ။


ဒီ ပုံအတိုင်း ပြန် သွားလျှင် အရင်းပင် ပြန် ရနိုင်ပါ့မလား လို့ ကျွန်တော် စိတ်ပူ မိသည် ။ ဆိုလိုသည် မှာ နောက် ဘဝ မှာ လူ လောက် မှ ပြန် ဖြစ်ပါ့မလား ဟု တွေး ပူမိခြင်း ဖြစ်သည် ။ လူ ပြန် ဖြစ်လျှင် အရင်း ပြန် ရခြင်း ဖြစ်သည် ။ နတ် ၊ ဗြဟ္မာ ဖြစ်သွားလျှင် မြတ်သွားသည် ဆိုရမည် ။


သတ္တဝါတို့ သည် ( ၃၁ ) ဘုံ မှာ ကျင်လည်ကြသည့် အခါ အယုတ် ၊ အလတ် ၊ အမြတ် ဖြစ်ရခြင်း သည် မိမိ ကျင့်ကြံ အားထုတ် ခဲ့သည့် ဒါန ၊ သီလ ၊ ဘာဝနာ အားလျော်စွာ ဖြစ်ကြရသည် ။ ကျွန်တော့် သူငယ်ချင်း မောင်နီ ကို ကျွန်တော် ဆန်းစစ် လေ့လာကြည့် မိသည် ။


ဒါန ၊ လှူဒါန်းခြင်း ၊ ပေးကမ်းစွန့်ကြခြင်း မရှိသလောက် နည်းမည် ဟု ထင်သည် ။ မောင်နီ ကောင်းမှု့ လို့ လှူတာ တစ်ခါ မျှ မတွေ့ဖူး သေး၍ ဖြစ်သည် ။


သီလ ၊ ကံငါးပါး လုံခြုံမှု ရှိ မရှိ ဆိုတာ စစ်ဆေးရမည် ဖြစ်သည် ။ မောင်နီ သည် လူ ကို မသ,တ်ဖူးတာ ကတော့ သေချာသည် ။ တောသား ဖြစ်လို့ ကြက် ၊ ငှက်တွေ သ,တ်ဖူးသည် ။ ကြက် ကို သူ ကိုယ်တိုင် သ,တ်ပြီး ကျွန်တော့် ကို ထမင်း ကျွေး ဖူးသည် ။ ငါး ရှာသည့် ရေလုပ်သား ဖြစ်လို့ ငါးပုစွန်တွေ ကို သေစေခဲ့သူ ဖြစ်သည် ။


မောင်နီ သည် သူတစ်ပါး ဥစ္စာ ကို ခိုးတယ် လို့ တစ်ခါ မှ ပြောသံ မကြားဖူး၍ ဒုတိယ သီလသိက္ခာ လုံခြုံတာ လည်း သေချာ သည် ။


သူတစ်ပါး သားမယား ကို လည်း ပြစ်မှား ကျူးလွန်တယ် လို့ မကြားဖူး ၍ တတိယ ကိုယ်ကျင့်တရား လည်း လုံခြုံသည် ဟု ပြောနိုင် သည် ။


လိမ်ညာ ပြောဆိုတာ အနည်းအပါး ရှိမည် ဖြစ်သော်လည် စီးပွားဖြစ် အောင် လုပ်ရဲသူ လည်း မဟုတ်ပါ ၊ စတုတ္တသီလ သိက္ခာ လည်း လုံခြုံတယ် လို့ တောင် ပြောလို့ ရပါသည် ။


အရက် က တော့ ကျွန်တော် နဲ့ ကို တွဲပြီး သုံးလေးခါ လောက် သောက်ဖူးသည် ။ တောသား အလုပ်ကြမ်းသမား ပီပီ အရက် ကို လည်း ကြိုက်သည် ။ အခုတော့ အသက် က လည်း ကြီး လာသည် ။ စီးပွားရေး က လည်း မကောင်းလို့ မသောက်နိုင်တော့ လို့ မသောက် ဘဲ နေရသည် ဟု သိရသည် ။ 


ဒါန နှင့် သီလ ကို ဆန်းစစ်ပြီး တော့ ဘာဝနာ ကို စစ်ရတော့ မည် ဖြစ်သည် ။ မောင်နီ ရဲ့ ဘာဝနာ အဆင့် က တော့ ပြောစရာ ပင် လိုမည် မထင် ။ ငပိအိုး ကို ဂုတ်ကျား လျှက် တာ ထက်တောင် စင်ဦး မည် ထင်သည် ။ ရုပ် ကို လည်း မသိ ၊ နာမ် ကို လည်း မသိ ၊ ပညတ် နဲ့ ပရမတ် ဆိုတာ ကြားတောင် မကြားဖူး လို့ ဖြစ်ပျက် ကို မြင့်ဖို့ ဆိုတာ တော့ ဝေးရော ဟု ပြောရမည် ဖြစ်သည် ။


ဒါန ၊ သီလ ၊ ဘာဝနာ မရှိ ၊ မသိ ၊ မပြည့်စုံသူ တစ်ယောက် သည် သံသရာ မှာ ဘယ်ကို သွားမလဲ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ဆိုသည့် အပါယ်လေးဘုံ ကို ကျ မသွားအောင် အထူး သတိ ထားရတော့မည် ဖြစ်သည် ။  


ကျွန်တော့် သူငယ်ချင်း မောင်နီ အတွက် ကျွန်တော် ဘာ လုပ်ပေး နိုင်မလဲ စဉ်းစား ရတော့မည် ဖြစ်သည် ။ ကျွန်တော့် အသက် ကယ်တင် ကျေးဇူးရှင် ငယ်သူငယ်ချင်း ကို ကျေးဇူး ဆပ်သည့် အနေ ဖြင့် သံသရာ ခရီး မှာ ကောင်းရာ သုဂတိ ဘုံဘဝ တစ်ခု ခု ကို ရောက် နိုင်အောင် ကူညီ ဆောင်ရွက် ပေးခြင်း ဖြင့် သူ့ ကို တစ်လှည့် ကယ်တင်ရာ ရောက်မည် ဟု ယုံကြည် မိသည် ။


ရွာ ပြန်ပြီး မောင်နီ ကို ဒုလ္လဘ ဝတ်ခိုင်းမည် ။ တရားစခန်း ဝင် ခိုင်းမည် ။ ရုပ်ခန္ဓာ ၊ နာမ်ခန္ဓာတို့ ရဲ့ စက္ကန့်မလပ် ဖြစ်ပျက်နေပုံ တွေ ကို သိမြင် လာအောင် ရှင်းပြမည် ဟု ရည်ရွယ်သည် ။


ဒုလ္လဘ ဝတ် က မထွက်မီ ရန်ကုန်မြို့ ကို ခေါ် လာပြီး ဘုရားစုံ ဖူးစေမည် ၊ သေသည် အထိ ကံငါးပါး မြဲအောင် နေထိုင်ရန် သတိပေးမည် ဟု ရည်ရွယ်သည် ။


သူငယ်ချင်း မောင်နီ ၏ ကျေးဇူး ကို တစ်လှည့် ပြန် ဆပ်ချင် နေသည့် ကျွန်တော့် ကိုယ် ကျွန်တော် လည်း ပြန်လည် သုံးသပ် မိ ပါသည် ။ ကျွန်တော် သည် မောင်နီ ထက် သာသည် ။ သီလ နှင့် ဘာဝနာ က တော့ မောင်နီ နဲ့ သူ မသာ ကိုယ် မသာ အဆင့် သာ ရှိသည် ။


ကံငါးပါး လုံသည့် ကိစ္စမှာ မောင်နီ က တောင် ကျွန်တော့် ထက် သာမည် ထင်သည် ။ မောင်နီ သည် ကာမေသုမိစ္ဆာစာရကံ ကို လုံးဝ မကျူးလွန်တာ သေချာသည် ။ ကျွန်တော် က တော့ မူ သူတစ်ပါး အိမ်ရာ ကို သိလျက် နဲ့ မကျူးလွန် ဖူးသေးတာ သေချာ သော်လည်း ရောက်လေတဲ့ နေရာ နိုင်ငံတကာ မှာ ကိုယ် နှင့် ပတ်သက်ခဲ့သည့် အမျိုးသမီး တွေ သည် လင် ရှိသလား မရှိသလား မသိ၍ စိတ်မချနိုင် ဖြစ်နေရသူ ဖြစ်သည် ။


ကျွန်တော်တို့ နှစ်ယောက်လုံး သည် ဒီ ဘဝ မှာ နိဗ္ဗာန် မရ နိုင် ကြသေးတာ သေချာသူတွေ ဖြစ်လို့ ( ၃၁ ) ဘုံ မှာ ကျင်လည်တဲ့ အခါ တစ်ဘဝ တစ်နေရာ မှာ မောင်နီ နှင့် အတူ ပြန် ဆုံ နိုင်သေး သည် ။ သူ က ကိုယ့် ကို ကယ်လိုက် ၊ ကိုယ် က သူ့ ကို ကယ်လိုက် ဖြင့် သံသရာလည် နေနိုင် သေးသည် ။ ဘာပဲ ဖြစ်ဖြစ် ဒီ ဘဝ မှာ တော့ ကျွန်တော့် သူငယ်ချင်း မောင်နီ ကို ကျွန်တော် က ကယ်ရဦးမည် ဖြစ်သည် ။ သူ့ ကျေးဇူး ကို ဆပ်ရဦးမည် ဖြစ်သည် ။


◾အဏ္ဏဝါစိုးမိုး


📖 လပြည့်ဝန်း မဂ္ဂဇင်း

     ၂၀၀၄ ၊ သြဂုတ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment