❝ သေချာတာ ကို မဲလိုက်စမ်းပါ ❞
“ နင့် ယောက်ျား လည်း ပေါ်မလာတာ အတော် ကြာပါ ရောလား ဟ ”
တစ်နေ ကျွန်တော့် ယောက်ဖကြီး ရဲ့ သား အကြီးကောင် ရဲ့ မိန်းမ အိမ် သို့ လာ သဖြင့် ကျွန်တော့် တူ အကြောင်း ရောက် သွားလေ၏ ။
“ ဦးလေးတူ အလုပ်ကောင်း တွေ လုပ် နေတယ်လေ ၊ ဒါကြောင့် မလာဖြစ်တာ ”
“ ဘာတွေများလဲ ဟ ”
“ ငါးရှဉ့် လိုက်စုပြီး ရန်ကုန် သွား ရောင်းတယ် ၊ သူ ကိုယ်တိုင် လည်း ချောင်း ထဲ ဆင်း
ငါးရှဉ့် ဖမ်းတယ်လေ ”
“ အို ... ဟယ် ... မရေမရာတွေ ”
“ အဲဒါကြောင့်လည်း ကျွန်မ နဲ့ တကျက်ကျက် ဖြစ်နေတာ ၊ ကိုယ့် အလုပ်အကိုင် ပစ်ပြီး ပေါ်ပင် နောက် လိုက်နေတာ ”
သည်ကောင် က လည်း တစ်မျိုး ခင်ဗျာ ၊ လယ်တွေ ယာတွေ နွားတွေ ရှိလျက် နဲ့
မသေချာတာ ကို မဲချင်သဗျာ ။ ယောက်ဖ အငယ် ရဲ့ သား အလတ်ကောင် ကျတော့ တစ်မျိုး ခင်ဗျာ ။ ဈေး ထဲ မှာ ကုန်စိမ်းဆိုင်ကလေး ထူထောင် ထားပေးတယ် ။ ကုန်စိမ်းသမားတွေ နဲ့ လည်း မိတ်ဆက် ပေးထားတယ် ။ ဆိုင်ကလေး တစ်ထူ တစ်ထောင်
ဖြစ် နေပြီဗျာ ၊ မိတ်တွေ လည်း ရနေပြီဗျာ ၊ အဲသည်ဟာ မဟုတ်ပြန်ဘူး တဲ့ ၊ သုံးလုံး
ယောင်ယောင် နှစ်လုံး ယောင်ယောင် ဖြစ်သွားပြန်ကရော ဗျာ ၊ ခက်လိုက်တာ ။ တစ်နေ သူ့ နှမ သန်းသန်းအေး တို့ လင်မယား ရောက်လာ ။ သုံးနှစ် သမီးကလေး တစ်ယောက် လည်း ပါလာ ။
“ ကဲ ... ညည်းတို့ ဘာရောင်း ”
“ ပဲတီစိမ်း ဦးလေး ၊ တစ်တင်း ၈၂ဝဝ ကျပ်ဈေး ”
သူ့ ယောက်ျား နဲ့ စကား စပ်မိ ၊ သည်နှစ် တွက်ခြေ အကိုက်သား ၊ နှမ်း က ၁၅ တင်း လောက် ရသတဲ့ ။ ပဲတီစိမ်း က တင်း ၂ဝ ၊ ပြောင်းဖူး က ၁၃၅ဝဝဝ ကျပ်ဖိုး
ရောင်းရ သတဲ့ ။ စပါး က အတင်း ၅ဝ ဝမ်းစာ လောက်ရုံ မကလို့ ပိုတောင် ပိုဦးမတဲ့ ။
“ ခု ဒီက အပြန် မှာ ကြက်သွန် စိုက်ဖို့ စီစဉ်ရမယ် ဦးလေး ”
“ မနှစ် က လည်း စိုက်သေးလား ”
မနှစ် က လည်း ကြက်သွန် စိုက်ပါသေး သတဲ့ ။ တစ်ပုလင်းပျိုး စိုက်တာ ကြက်သွန်
တစ် ပိဿာ ၈ဝ ကျပ် ဈေး နဲ့ ရောင်း ရလို့ ၊ ငွေ ၂၅ဝဝဝ ကျပ် ရပါ သတဲ့ ။ ကြက်သွန်အစေ့ တစ်ပုလင်း က ထောင် သော ပျိုးပင်ပေါက်များ ကို တစ်ပုလင်းမျိုး ဟု ခေါ်သည် ။
တစ်နှစ် လုပ်စာ သူတို့ မိသားစု ဗိုက်ရိုက်စား လို့ မကုန် ပိုတောင် ပိုပါသေး ။
“ အကွက် ကိုယ်ပိုင် က နည်းနေလို့ တချို့သူများ အကွက် ကို လုပ်ဖက်ယူ လုပ်ရတာ ဦးလေး ”
“ ဟေ ... ”
ဟုတ်ပါ့ ၊ လုပ်ဖက် ဆိုတော့ ထွက်သမျှ ကိုယ်ချည်း မရ ၊ တစ်ယောက် တစ်ဝက် ၊ သုံးစု တစ်စု ၊ လေးစု တစ်စု စသည်အားဖြင့် အခင်းရှင် ကို ပေးရတာ ။ ဒါတောင် ကျားကုတ်ကျားခဲ လုပ်တော့ ရွှေတွဲလဲ ငွေတွဲလဲ ပါ ။ တန်ဖိုး သင့်မယ်ဆို သူတို့ လုပ်စာ တစ်နှစ် လေးငါးသိန်း ရတာ ။ အကွက် က လည်း လုပ် လောက်အောင် မရနိုင် ပေဘူးလေ ။ သူတို့ အဖေ အမေ က သားသမီး ၉ ယောက် မွေးထားတာ ။ သူ့ သားသမီးတွေ လုပ်ကိုင် စား လောက်အောင် အကွက်တွေ နွားတွေ ဘယ် ဝေပေး နိုင်ပါ့မလဲ ။ သန်းသန်းအေး တို့ လင်မယား က တောသား ပေမယ့် အကင်း ပါးတယ် ဆိုရမယ် ။ သေချာတာ ကို ပဲ မဲ တော့ ဝမ်းဝခါးလှ ၊ ငွေပိုကလေးများ ဆုပ်မိ ။
ကျွန်တော် နဲ့ အလွန် ရင်းနှီးသော သူဌေး တစ်ယောက် ရှိတယ် ။ အတော်လေး ကို ချမ်းသာ တာပါ ။
“ အစိမ်း ထည့်မလား ” ပဲတီစိမ်း ပေါ်ချိန် သူ့ အဖော်ညှိ ။ “ ဟင့်အင်းဗျာ ”
သူ ခေါင်းခါ ။
“ အငုံ ကိုက်လောက်တယ် ၊ ဘယ်လို သဘောရလဲ ”
ပဲစိမ်းငုံ လှောင်လက်တွေ ဆွဲတဲ့ အချိန် သူ နဲ့ တွေ့ ။
“ မသေချာတာကြီး မလုပ်ချင်ဘူးဗျာ ၊ သေချာတာပဲ လုပ်ချင်တယ် ”
သူ့ အသက် ၆ဝ ပြည့် တော့မည် ။ တစ်ကြိမ်မျှ ကုန် မလှောင်ခဲ့ဖူးဘူးတဲ့ ။ ဘာလုပ်တယ် မှတ်သလဲ ။ ကုန်စုံဆိုင် ဖွင့်ထားတယ် ။ အရမ်း ကို စုံတာပါဗျာ ။ ကျွန်တော့် ဆီ က မြေပဲဆားလှော် တောင် တင် ရောင်းလိုက်သေး ၊ အဝေးပြေးကား
ထောင် ထားတယ် ။ အဲသည်မှာ ငွေ က ပို နေတုန်းပဲ ။
“ ဟား ... ဟား ... ငွေ ချေးတာလည်း သေချာပေါက် အမြတ်ရတဲ့ အလုပ်ပဲကွ ”
သူ နဲ့ ရင်းနှီးလို့ မကြာခဏ ကျွန်တော့် ကို ပြော တယ် ။ ဘယ်လောက် ထုတ်ပေး ထားတယ် ဆိုတာကတော့ တော့ပ်စီးကရက်ပေါ့ ။ ( မသိချင်ပါနဲ့ ။ ) ကျွန်တော် က တော့ သန်းသန်းအေး တို့ လင်မယား ကို သဘောကျတယ် ။ သူဌေး ရဲ့ ငွေရှာပုံ ကို လည်း သဘောကျတယ် ။ ငါးရှဉ့် ယောင်ယောင် ၊ သင်းခွေချပ် ယောင်ယောင် ၊ သုံးလုံး ယောင်ယောင် တွေ ကို သဘော မကျဘူး ။
“ သေချာတဲ့ ဘက် ကို မဲလိုက်စမ်းပါကွာ ၊ သူဌေး ဖြစ်ဖို့ မြေကြီးလက်ခတ် မလွဲပါဘူး ”
ကျွန်တော့် ဦးလေး ဦးထောင် မကြာခဏ ပြော လေ့ ရှိသော စကား ။ ယခု ဦးလေးထောင် မရှိတော့ပါ ။ သူ့ စကား ဟာ သည်နေ့ အထိ မှန်ကန်နေတုန်းပါပဲ ။ ကျွန်တော် ကြိုက်တယ် ။ စိတ်ကူး မလွဲနဲ့ ။ သေချာတာ ကို မဲ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment