Tuesday, October 24, 2023

အဟောင်း နှင့် အသစ်


 

❝ အဟောင်း နှင့် အသစ် ❞

ဖိုးစိန်လမ်း ထဲ ကန်တော်ကြီး ဘက် မှ ဝင် သွားပါက တစ် ဖာလုံ လောက် သွား မိလျှင် လက်ဝဲဘက် တွင် ခြံကြီး တစ်ခြံ ကို တွေ့ ရပေလိမ့်မည် ။ အပြင်ဘက် မှ ကြည့်လျှင် သစ်ပင်ဝါးပင်များ အုပ်ဆိုင်း နေသဖြင့် အတွင်း မှ အ ဆောက်အအုံ ကို လှမ်း မမြင်ရပေ ။ ခြံဝင်းထဲ ဝင် သွားမှသာ လျှင် အလွန် အိုမင်း နေပြီ ဖြစ်သည့် အိမ်ကြီးတစ်ဆောင် ကို တွေ့ရပေသည် ။

လွန်ခဲ့သည့် ဆယ်နှစ် ဆယ့်ငါးနှစ် ခန့် က ထို တိုက် အိမ်ကြီး ၏ ရှေ့ဘက် မျက်နှာစာ ၌ တဲကြီး တစ်တဲ ထိုး ထား သည် ။ ထို တဲကြီး အတွင်း ၌ အဖျော် ယမကာများ ကို ရောင်း ချလေသည် ။

တိုက်အိမ်ကြီး ၏ အောက်ထပ် တွင် လည်း စားပွဲ ၊ ကု,လားထိုင်များ ချ ထားသည် ။ တချို့က တဲကြီး တွင် စားကြ သောက်ကြပြီး တချို့က အိမ်အောက် ထပ် ၌ အေးအေးလူလူ နေရာ ယူကြသည် ။ 

ထို တဲကြီး နှင့် တိုက်အိမ်ကြီး အောက်ထပ် ကို ပေါင်း ၍ “ လင်းယုန်ဟိုတယ် ” ဟူ၍ ခေါ်လေသည် ။ ယမကာ သမားများ သည် လင်းယုန်ဟိုတယ် ဆိုလျှင် မသိသူမရှိပေ ။

သို့သော်လည်း နှစ်ပေါင်း ဆယ်နှစ် ဆယ့်ငါးနှစ် လောက် ကြာသွားသောအခါ လင်းယုန်ဟိုတယ် တဲကြီး ပြိုကျ ပျက်စီး သွားလေသည် ။ တဲကြီး ၏ နေရာတွင် အ ဆောက်အအုံသစ် တစ်ခု အစားထိုး ပေါ်လာလေသည် ။

လူ့ မျိုးဆက် သည် တစ်ဦး နှင့် တစ်ဦး မတူပေ ။ မိဘ ဘိုးဘွား နှင့် သားသမီး မြေးမြ စ် ဟူ ၍ အပိုင်း နှစ်ပိုင်း ရှိ သည့် အ နက် တချို့မှာ မိဘဘိုးဘွား လက်ထက် ၌ ကြွယ်ဝ ချမ်းသာ သော် လည်း သားသမီးမြေးမြစ် လက်ထက် ရောက်လာ သောအခါ ဥစ္စာဓန တိုးပွားများပြား မလာသည့် အပြင် မိဘ ဘိုးဘွား ထံ မှ ရသည့် အမွေအနှစ် သည် ပင်လျှင် တဖြည်းဖြည်း လုံးပါး ပါး သွားပြီး နောက်ဆုံး ၌ လူလုံး မလှသည့် အခြေအနေ သို့ ရောက် သွားရလေသည် ။ တချို့ကမူ ဆန့် ကျင်ဘက် ဖြစ်သည် ။

မိဘဘိုးဘွား လက်ထက်၌ တော်ရုံတန်ရုံ ပင် ဖြစ်ခဲ့ သော်လည်း သားသမီး မြေးမြစ် လက်ထက် ရောက်လာ သောအခါ စီးပွားဥစ္စာ ဖြစ်ထွန်း တိုးတက် လာလေသည် ။

“ လင်းယုန်ဟိုတယ် ” နှင့် “ ဟိုးလီးဒေးဟိုတယ် ” ၏ အခြေအနေ မှာ ဒုတိယ အမျိုးအစား မျိုးဆက် နှင့် အလား သဏ္ဍာန် တူ လေသည် ။

မျိုးဆက် မှာ ထို မိဘ ဘိုးဘွားမျိုးနွယ်စဉ်ဆက် သာ လျှင် ဖြစ်သည် ။ သို့သော်လည်း သားသမီး မြေးမြစ် လက်ထက် ရောက်လာသော အခါ မိဘ ဘိုးဘွားလက်ထက် က နှင့် မတူတော့ဘဲ လုံးဝ ပြောင်းလဲ တိုးတက် နေလေသည် ။

နေရာမှာ သစ်ပင်ဝါးပင်များ ညိုညိုမှိုင်းမှိုင်း အုပ်ဆိုင်း နေသော ခြံဝင်းကြီး အတွင်း က ထို နေရာပင် ဖြစ် လေသည် ။

သို့သော်လည်း လင်းယုန်ဟိုတယ် ဘဝ က ဓနိမိုး တဲကြီး ဖြစ် သော်လည်း ဟိုးလီးဒေး ဘဝ ရောက်လာသော အခါ အုတ်ကြွပ်မိုး အဆောက် အအုံ သစ် ဖြစ်လာလေသည် ။

လင်းယုန်ဘဝ က စားပွဲ ၊ ကု,လားထိုင်များ မှာ ဟောင်းနွမ်းကျိုးပဲ့ ခနော်ခနဲ့ ဖြစ်နေသော်လည်း ဟိုးလီးဒေး ဘဝ ရောက်လာသောအခါ အိမ်ထောင် ပရိဘောဂဆိုင် မှ ဝယ် လာပြီးစ ပြောင်လက် နေသော စားပွဲ ကု,လားထိုင် များ ဖြစ်နေလေသည် ။

လင်းယုန် ဘဝ က မြန်မာ ဖြစ် ဖန်ခွက် အဟောင်း နှုတ်ခမ်းပဲ့ နှင့် သံပန်းကန်ပြား လောက်သာ ရှိပြီ ဟိုးလီးဒေး ဘဝ ရောက်သောအခါ ဟိုးလီးဒေး ဟူသော စာလုံး ရိုက်နှိပ်ထား သည့် ကြွေပန်းကန်များ ၊ နိုင်ငံခြားဖြစ် ဖန်ခွက်များ ဖြင့် ထည်ထည်ဝါဝါ ဖြစ်နေသည် ။ 

ထို အဆောက်အအုံသစ် သည် ယမကာသမားများ ၏ အကြား တွင် ဟိုးလီးဒေး အမည် ဖြင့် ခေတ်စား သော ဟိုတယ် ဖြစ် လာလေသည် ။

လင်းယုန် ဘဝ က ရောင်ဆီ ၏ အရောင် လုံးဝပျောက် သွားပြီး အရောင်အဆင်း ဟူ၍ ကြေး ( ဂျီး ) အရောင် သာ ထွက် နေသည့် စားပွဲအိုကြီးများ ပေါ် ၌ ရေ လိုသည့် အခါ သုံး နိုင်ရန် အရက်ပုလင်းဟောင်းများ ထဲတွင် ရေ ထည့် တင် ထား သော်လည်း ဟိုးလီးဒေး တစ်ဖြစ်လဲနှင့်မူ စားပွဲခင်း ခင်း ထားသည့် အသစ်ကျပ်ချွတ် စားပွဲကြီးများ ပေါ် ၌ လှပ သော ပလတ်စတစ် ရေအိုး များ ရောက်နေလေသည် ။

လင်းယုန် ဘဝ က စားပွဲထိုး ဟူ၍ မည်မည်ရရ မရှိ သော်လည်း ဟိုးလီးဒေး ၌မူ ဝတ်စုံဝတ်ထားသော စားပွဲထိုးများ လက်ယှက်ထိုး ဖြစ်နေသည် ။

လင်းယုန် ဘဝ တုန်းက အမြည်း အတွက် ခရမ်းချဉ် သီးသုပ် ၊ မြင်းခွာရွက်သုပ် တို့ လောက်သာ ရ သော်လည်း ဟိုးလီးဒေး ၌ မီနူး ထဲ မှာ ဖော်ပြထားသည့် အစားအ သောက် မျိုးစုံ ထဲမှ မည်သည့် အစားအသောက် ကို မဆို ကြိုက်တာ မှာ စားနိုင်သည် ။

လင်းယုန် ဘဝ တုန်းက သီချင်းဂီတသံ ဟူ၍ ရေချိန် ကိုက် လာသော ယမကာသမားများ တစ်ချက် တစ်ချက် ထ ဟစ်လိုက်သော သီချင်းသံ မှ တစ်ပါး တခြား ဘာမှ မ ကြားရသော်လည်း ဟိုးလီးဒေး ဘဝ ရောက်သော အခါ တစ်ချိန်လုံး ကက်ဆက်သံ လွှမ်းနေသည် ။

လင်းယုန် ဘဝ တုန်းက စားသုံးသူ များ မှာ အမြင့်ဆုံး အဆင့် အနေဖြင့် အငှားကား လောက် သာ စီး လာနိုင် ကြ သော်လည်း လီးဒေး သို့ ကို ယ် ပိုင်ကားများ ဥဒဟို ဝင်ထွက်သွားလာနေကြသည် ။

သို့သော် ထိုခြံဝင်းအတွင်း ၌ လင်းယုန် ၏ အစဉ် အလာ ကို ဆက်လက် ထိန်း ထားသည့် နေရာ တစ်နေရာ လည်း ရှိ သေးသည် ။ ထို နေရာကား တိုက် အိုကြီး ၏ အောက် ထပ် ၌လည်း ယခင် လင်းယုန် ခေတ် က ကဲ့ သို့ ပင် အဖျော်ယမကာ ရောင်းချသည့် အစဉ်အလာ သည် ဆက်လက် ရှင်သန် လျက်ပင် ရှိနေသည် ။

အလုပ်သမား တစ်စု စုပေါင်းပြီး ဖွင့်လှစ်ထားကြ ဟန် တူသည် ။ တစ်ခြံတည်း တွင် အနီးကပ် ရှိနေ ကြသော်လည်း တိုက်အိုကြီး ၏ အောက်ထပ် နှင့် ဟိုးလီးဒေး သည် အဆက်အစပ် လုံးဝ မရှိပေ ။ မိမိတို့ သားသမီးများ က စီးပွား ခွဲ ပြီး စတိုးဆိုင်ကြီး ဖွင့်လျက် ကြီးပွားချမ်းသာ နေကြသော်လည်း မိဘ လုပ်သူများ မှာ သားသမီးများ ထံမှ အထောက် အပံ့ မရရှိ၍ အိမ်စရိတ် ကာ မိစေရန် အိမ်ဆိုင်ကလေး မ တောက်တခေါက် ဖွင့် ထား သကဲ့သို့ ဖြစ်နေလေသည် ။

သို့သော် ကိုယ့် ပရိသတ် နှင့် ကိုယ် သီးခြား ဖြစ်သည် ။ ကိုယ့် ဖောက်သည် နှင့် ကိုယ် ဖြစ်သည် ။ ဟိုးလီးဒေး တွင် ပရိသတ် စည်ကား နေသကဲ့သို့ပင် အိမ်ကြီး အောက်တွင် လည်း လူ တဖြောက်ဖြောက် ရောက် နေသည် ။

လာပုံ လာနည်း သာ လျှင် ကွဲချင် ကွဲပေလိမ့်မည် ။ ဟိုးလီးဒေး သို့ လာကြသူများ မှာ ကိုယ်ပိုင်ကားများ ဖြင့်သာ လာကြသူ များပြီး အိမ်ကြီး အောက်ထပ် ရောက်လာသူများ မှာ မူ ခြေလျင် လျှောက် လာသူများ သာ များ လေသည် ။

   •••••   •••••   •••••   •••••

ညနေ နေဝင်ဖြိုးဖျ ခြောက်နာရီ သာသာလောက် ဖြစ်သည် ။ ကန်တော်ကြီး ထိပ်ဘက် မှ ဖိုးစိန်လမ်း ထဲသို့ လူသုံးယောက် လျှောက် လာသည် ။ သစ်ပင် ၊ ဝါးပင်များ အုပ် ဆိုင်း ညှို့မှိုင်းနေသော ခြံဝ သို့ ရောက်သောအခါ လူ သုံးယောက် သည် ရှေ့ဆက် မသွားတော့ဘဲ ခြံထဲ သို့ ဝင်လာ ကြလေသည် ။

အိမ်အိုကြီး အဝ ရောက် လာ သော အ ခါ ရှေ့ဘက် က ဟိုးလီးဒေးဟိုတယ် သို့ မသွားဘဲ အိမ်အိုကြီး ထဲ ဝင် လာ ကြသည် ။ အိမ်အိုကြီး ၏ အောက်ထပ် တွင် အခန်း သုံးလေးခန်း လောက် ရှိသည် ။

ထို အခန်းများ ထဲ တွင် ချထားသော မည်သည့် စားပွဲ မှာမှ လူ ရှိ မနေသေးပေ ။ ကြိုက်ရာ စားပွဲတွင် ဝင်ထိုင်၍ ရ သည် ။

လူ သုံးယောက် သည် အိမ်ကြီး ထဲ ဝင် ဝင်ချင်း လက်ယာဘက် က ဆင်ဝင် အခန်း ကို ရွေးလိုက် ကြလေသည် ။ အခန်းကျယ်ကြီး ထဲ တွင် လင်းယုန်ခေတ် က ဆင်းသက် လာသည့် စားပွဲ ဟူ၍ ထင် ရသော အရောင် အဆင်းမဲ့ ပြီး ဟောင်းနွမ်း နေပြီ ဖြစ်သော်လည်း ခိုင်ခံ့လျက်ပင် ရှိနေသေး သည့် လေးထောင့်စားပွဲကြီး တစ်လုံး နှင့် စားပွဲကြီး အခန်း၏ လေသာပြတင်း တွင် ကပ် ထားသော မှ န်ချပ် များ ထဲ က တချို့ အကန့် တွင် ရှိသော မှန်ချပ်များ မရှိတော့ပေ ။ တရုတ် ကပ် တချို့မှာလည်း ပြုတ်ကျ ၍ နေသည် ။

တချို့မှာ မူ သံချက် ပြုတ် နေပြီ ဖြစ်၍ ရွေ့စောင်းနေ သည် ။ စားပွဲကြီး ကို ရံပြီး စားပွဲကြီး နှင့် လိုက်ဖက်သည့် ကု,လားထိုင်အို လေးငါးလုံး ချ ထားလေသည် ။

လူ သုံးယောက် သည် စားပွဲကြီး ကို ဝိုင်းပြီး ထိုင် လိုက်သည် ။ ထိုနေရာသို့ လာနေကျ ဖြစ်သည် ။

ဤခြံကြီး ထဲ သို့ သူ ရောက် လာလျှင် ဟိုးလီးဒေး သို့ ဘယ်တော့မှ ခြေဦးမလှည့်  ၊ အိမ်ကြီး အောက်ထပ် သည် သာလျှင် သူ စတည်းချ နေရာ ဖြစ်သည် ။

ကဗျာဆရာ “ သက်လုံဦး ” နှင့် ဒဿနိကဗေဒ လက်ထောက်ကတိက ဦးကျော်စိန်ဝင်း တို့ မှာ မူ လူသစ် ဖြစ်သည် ။

ယနေ့ သူတို့ နှစ်ယောက် ကို ဇမ္ဗူလုံးကျော် က ဦးဆောင် ခေါ်လာခဲ့ခြင်း ဖြစ်လေသည် ။ မကြာမီ လူရွယ် တစ်ယောက် စားပွဲ နား ကပ်လာသည် ။ 

လူရွယ် သည် စားပွဲထိုး အလုပ် ကို လုပ် သော်လည်း စားပွဲထိုး စစ်စစ် ဟုတ်ဟန် မတူပေ ။ ဝိုင်းလုပ်ဝိုင်းစား သဘော ဖြင့် အရင်းအနှီး စုပေါင်းမတည်ထားသူများ ထဲက ကိုယ်တိုင် လုပ်အား ပေးနေသူတစ်ဦး ဟု ထင်ရပေသည် ။

ထို သူ မှာ လာနေကျ ဖောက်သည် ဝတ္ထုဆရာ ဇမ္ဗူလုံးကျော် နှင့် ကျွမ်းဝင် ရင်းနှီးပြီးသား ဖြစ်သည် ။

“ ဆရာတို့ ဘာ သုံးဆောင်ကြမလဲ ”

လူရွယ် ၏ အမေး ကို ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က ပင် ဦးဆောင် အဖြေ ပေး လိုက်လေသည် ။

“ ရမ်တစ်ပိုင်း အရင် ယူခဲ့ ”

“ ဆော်ဒါ ယူဦးမလား ဆရာ ”

“ ဆော်ဒါ မယူဘူး ။ ဈေး ကြီးတယ် ၊ ရေ နဲ့ ပဲ သောက် မယ် ” 

မကြာမီ ရမ်ပုလင်းနှင့် ရေပုလင်း ရောက် လာ သည်  ။ ရေ ကို အရက် ပုလင်းလွတ် နှင့် ထည့် ထားသည် ။ လင်းယုန် ခေတ် က အစဉ်အလာ ဆက်လက် ရှင်သန်နေဆဲပင် ဖြစ် သည်  ။ တစ်ပါတည်း မှာပင် အမှုထမ်းသက် ကြာပြီ ဖြစ်၍ အိုမင်းမစွမ်း ဖြစ်နေ ဟန် ရှိသော ဖန်ခွက် သုံးလုံး နှင့် ရေခဲ ထည့် ထားသော ပလတ်စတစ် တစ်ခွက် လည်း ပါ လာ သည် ။

“ အမြည်း ဘာယူဦးမလဲ ဆရာ ”

“ ခရမ်းချဉ်သီးသုပ် နှစ်ပွဲ ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် သည် လူရွယ် ၏ အမေး ကို အဖြေ ပေးရင်း သူ့ အဖော် နှစ်ယောက် ဘက် လှည့်၍

“ သူတို့ ဆီ က ခရမ်းချဉ်သီးသုပ် နာမည် ကြီးတယ် ” ဟူ၍ ရှင်းပြနေသည် ။

လင်းယုန်ခေတ်က ခရမ်းချဉ်သီးသုပ် အစဉ်အလာ သည်လည်း ပျက်သုဉ်း ချုပ်ငြိမ်းသွားပုံ မရသေးပေ ။

မကြာမီမှာပင် ခရမ်းချဉ်သီးသုပ် နှစ်ပွဲ လည်း ရောက် လာသည် ။ ဝိုင်း စ ကြသည် ။ ဝိုင်း စ ပြီး ဆယ်မိနစ် ၊ ဆယ့်ငါး မိနစ်လောက်မျှ ကြာသွားသော အခါ အဘိုးကြီး တစ်ယောက် ဝိုင်းနား ရောက်လာသည် ။ သူ့ လက်ထဲ တွင် တယာပြားကလေး တစ်လက် ကိုင် ထားသည် ။

ဝတ္ထုရေးဆရာဇမ္ဗူလုံးကျော် အတွက် အရိုးခံ ဖြစ်နေ သော်လည်း ကဗျာဆရာ နှင့် တက္ကသိုလ်ဆရာ တို့ မှာ မူ အသစ်အဆန်း ဖြစ်နေသဖြင့် အဘိုးကြီး ကို မျက်လုံးပြူး ကြည့် နေကြသည် ။

“ လာ ... လာ အဘကံ ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က လှမ်း ခေါ် လိုက်လေ သည် ။

ကု,လားထိုင် အလွတ် တစ်လုံး တွင် အဘိုးကြီး ဝင် ထိုင်သည် ။ အဘိုးကြီး ၏ တစ်ခေါင်းလုံး ဖြူ နေသောဆံပင် နှင့် တစ်အုံလုံး ဖြူနေသော မျက်ခုံး တို့သည် အဖြူချင်း ပြိုင် နေကြသည် ။

အဘိုးကြီး ဝတ်ထားသော အကွက်မပေါ်တော့ပြီ ဖြစ် သည့် ဖျင်ကြမ်းလုံချည် နှင့် တွန့်ကြေနေသော အင်္ကျီ တို့ က လည်း အညစ်ချင်း ပြိုင် နေကြသည် ။

အဘိုးကြီး ၏ တစ်ကိုယ်လုံး တွင် အထူးခြားဆုံး မှာ လက်ထဲတွင် ကိုင် ထားသော တယောပြားကလေး ဖြစ်သည် ။ တယောပြားကလေး က လည်း အဘိုးကြီး ၏ လုံချည်အင်္ကျီ နှင့် အညစ်ချင်း ဝင် ပြိုင်နေဟန် ရှိသည် ။ 

သုတ်ထားသော ရောင်ဆီရောင် ကွယ်ပျောက်သွား သည်မှာ ခေတ်ကာလ အတန် ကြာသွားပြီ ဟု ထင်ရသည် ။ သို့သော်လည်း တချို့နေရာ၌ မူ ရောင်ဆီအရောင် သည် အ တင်း တွယ်ကပ်နေသည့်ပမာ ခပ်မှိန်မှိန် ထင်ကျန်နေတုန်း ပင် ရှိသေးသည် ။

ထို့ကြောင့် ရောင်ဆီအရောင် အကျန်အကြွင်းနှင့် ရောင်ဆီရောင် ကင်းမဲ့ နေသည့် နေရာတွင် တင်နေသော ကြေးတို့သည် တယောပြားကလေးကို ကွက်တိကွက်ကျား ဖြစ်အောင် ပြုမူ ဖန်တီး နေကြပေသည် ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် က အရက် တစ်ကျိုက် မော့ချ လိုက်ပြီး ပြောလာသည် ။

“ ဆရာတို့ နဲ့ မိတ်ဆက် ပေးရဦးမယ် ။ အဘ က ရှေးခေတ် လက်ဟောင်း တယောဆရာကြီး ၊ ဦးအလီ တို့ နဲ့ ခေတ်ပြိုင် ပေါ့ ။ ဦးအလီ တို့ ၊ ဒေါ်အောင်ကြည် တို့ နဲ့ တွဲပြီး တယော အကြာကြီး ထိုးခဲ့ဖူးတယ် ။ နာမည် က တော့ ဦးကံကြီး လို့ ခေါ်တယ် ။ ကျွန်တော် နဲ့ အဖွဲ့ ကျနေတာတော့ ကြာ ပြီ ။ ဒီ ရောက်တိုင်း အဘကံ ရဲ့ တယောလက်သံ ကို မနာခံ ဘဲ အိမ်ပြန်လို့ မရဘူး ။ တစ်လောက အဘ တယော ထိုး နေ တုန်း ကျွန်တော် လည်း စိတ် ပါလာပြီး အဘ တယော ထိုး တဲ့ သီချင်း အလိုက် ကျွန်တော် ပါ လိုက် ဟဲ နေတယ် ။ အဲဒီ အချိန်မှာ ဟိုးလီးဒေး လာတဲ့ ကား တစ်စီး ဆင်ဝင်အောက် မှာ လာ ဆိုက်တယ် ။ ကားပေါ် က ဆင်းသွားတဲ့ ဧည့်သည် တွေ အတွဲ အဖြစ် ခေါ် လာတဲ့ အမျိုးသမီး က ကျွန်တော် နဲ့ အသိ ဖြစ် နေတယ် ။ အဲဒီ အမျိုးသမီး က ကျွန်တော့် သီချင်းသံ နဲ့ အဘ တယောသံ ကြားရတဲ့ အတွက် အိမ်ပေါက် ဝ လာ ပြီး ကျွန်တော် တို့ ကို လှမ်း ကြည့်တယ် ။ ကျွန်တော့် ကို တွေ့ သွားတော့ ဘယ် ဆိုးလို့လဲ လို့ တောင် ကလိ သွားသေး တယ် ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် စကား အမျှင် မပြတ် ပြော နေစဉ်မှာ ပင် တယောဆရာကြီး ဦးကံကြီး သည် သူ့ တယောကလေး ကို ကြိုး ညှိ နေသည် ။

ထို့နောက် အဘကံ ၏ တယောသံကလေး သည် သာယာ ငြိမ့်ညောင်းစွာ ပေါ်ထွက် လာလေသည် ။ သီချင်း ကို လည်း ကိုယ်တိုင် ပင် သီဆိုသည် ။ သီချင်း ဆို မှပင် သတိ ပြုမိကြသည် ။

တယောဆရာကြီး သည် သွား တစ်ဝက် လောက် မရှိ တော့ပေ ။ ခေါင်းဖြူ စွယ်ကျိုး အသက် ၈၁ နှစ် အရွယ် အဘိုး အို ဖြစ် နေသော်လည်း အသံ ရတုန်းပင် ရှိသေးသည် ။ တယောဆရာကြီး ပထမဆုံး သီဆိုသော သီချင်း မှာ ပြည်လှဖေ ဆိုသော နတ်ရှင်နောင် သီချင်း ဖြစ်သည် ။

တယောဆရာကြီး ၏ ဝဲဘက် လက်ချောင်းများ သည် တယောကြိုး ပေါ် ၌ ရက်ကန်း ရှယ်သည့်နှယ် ဟိုရွှေ့ ဒီရွှေ့ ဖြစ် နေပြီး တယော လက်တံ ကိုင် ထားသော ယာဘက် လက် မှာ မူ ဝေ့ကာဝိုက်ကာ နှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေ သည် ။

အဘကံ ၏ သီချင်းသံ သည် သူ ၏ တယောသံ တွင် ဟီးလေးခို စီးနေသည် ။ သူ့ အနီး တွင် ထိုင် နေသော သောတရှင် သုံးဦး မှာ အရက်ခွက် ကို ပင် မေ့ နေကြသည် ။ ထိုအခိုက် ဟိုးလီးဒေး မှ ပေါ်ထွက် လာသော ကက်ဆက် စတီရီယို သီချင်းဂီတသံ သည် အဘကံ ၏ တယောသံ ကို တစ်ချက် တစ်ချက် လာ ဆောင့် နေလေသည် ။ 

ဟိုးလီးဒေးဟိုတယ် တွင် ဖွင့် ထားသော ကက်ဆက် ထံက “ ကက်ဆီယိုတုန်း ” နှင့် “ အော်ဂင် ” တို့သည် အဘကံ ၏ တယောပြားကလေး ကို လာ လာ ရန် ပြုနေကြသည် ။

ဟိုးလီးဒေး ဟိုတယ် တွင် နီယွန်မီးချောင်း လက်နေပြီး အိမ်အိုကြီး ၏ အောက်ထပ် ဆင်ဝင်ခန်း ထဲ တွင် ဆီမီးခွက် တောက် နေသည် ။

အဘကံ သည် နောက်ထပ် သီချင်း နှစ်ပုဒ် ၊ သုံးပုဒ် ဆို သေးသည် ။ အဘကံ ဆိုသော သီချင်းများ မှာ အားလုံး ပင် အနှစ် နှစ်ဆယ် ရှေးဟောင်း သီချင်း များ သာ ဖြစ်သည် ။ ခေတ်ပေါ် သီချင်း တစ်ပုဒ် မှ မပါ ။ သီချင်း သုံးလေးပုဒ် ဆို ပြီးသောအခါ အဘကံ ထိုင်ရာ မှ ထသည် ။

“ ကဲ ကျုပ် ကို ခွင့်ပြုကြဦး ”

အဘကံ သွားမည် ဟန် ပြင်သောအခါ သောတရှင် သုံးဦး သည် ငါးကျပ် စီ ထုတ် ပေးလိုက်ကြလေသည် ။ အဘ ကံ သည် ငွေဆယ့်ငါးကျပ် ကို အိတ်ထောင် ထဲ ထည့်ပြီး တခြား အခန်း ထဲ က ဝိုင်း တစ်ပိုင်း ရှိရာ သို့ ထွက်သွား လေသည် ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့လည်း နောက်ထပ် အရက် တစ်ပိုင်း နှင့် ခရမ်းချဉ်သီး နှစ်ပွဲ မှာပြီး သောက်နေ ကြပြန်လေသည် ။

   •••••   •••••   •••••   •••••

ညဉ့် သည် သူငယ် အရွယ် မှ လုလင် အရွယ် ရောက် လာပြီး အမှောင်ထု လည်း တစ်စ ထက် တစ်စ သိပ်သည်း ထူ ထပ်လာသည်  ။ သိပ်သည်းထူ ထပ်လာသော အမှောင် တွင် အုပ်ဆိုင်း ညိုမှိုင်း နေသော သစ်ရိပ်ဝါးရိပ်များ က အား ဖြည့် ပေးနေသဖြင့် အမှောင်ထု သည် ပို အားကောင်း နေ သည် ။ ဟောလီးဒေးဟိုတယ် တွင်း မှ မီးရောင် သည် အခက် အ လက် ရှင်သန် ကြီးထွား နေသည့် သစ်ပင် ဝါးပင်များ အုပ်ဆိုင်း ထားသဖြင့် တိမ်တိုက် အတွင်း ရောက် နေသော လ နှင့် သဏ္ဌာန် တူနေသည် ။

ဟိုးလီးဒေးဟိုတယ် သို့ လာကြသော ကိုယ်ပိုင်ကား များလည်း တစ်စီး ပြီး တစ်စီး ပြန် ထွက်သွားကြပြီး ဖိုးစိန် လမ်းပေါ်၌ လူသွားလူလာ အတော်ပင် ရှဲ သွားလေပြီ ။

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ လူသိုက် လည်း ခြံ ဝင်းကြီး ထဲမှ ပြန် ထွက်လာကြသည် ။ ကားလမ်းပေါ် ရောက်ပြီး မြောက်ဘက် အတန်ငယ် လျှောက်မိသွားကြ သောအခါ ကားလမ်း ပေါ် ၌ လူ တစ်စု ရုတ်ရုတ်သဲသဲ ဖြစ် နေသည်ကို ခပ်လှမ်းလှမ်း မှ မြင်ရ၍ ထိုနေရာသို့ အပြေး ကလေး သွား ကြည့်သည် ။

ထိုနေရာသို့ ရောက်သွားသော အခါ ကားလမ်း ပေါ် ၌ လူကြီး တစ်ယောက် လဲ နေသည်ကို တွေ့ရလေသည် ။ လဲ နေသော ထိုလူကြီး ကို အနီးကပ် ကြည့်ကြသည် ။

“ ဟာ ... အဘကံ ပါလား ၊ ဘယ်လိုဖြစ်တာလဲ မသိ ဘူး ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ လူသိုက် ထဲ မှ ပေါ် လာသည့် အသံ ဖြစ်သည် ။

“ ကား တိုက်သွားတာ ၊ ဟိုးလီးဒေး က ထွက် လာတဲ့ ကားတစ်စီး က တိုက် သွားတာ ”

“ ဖြစ်မှ ဖြစ်ရလေ အဘကံ ရယ် ” 

အဘကံ သတိ မေ့ နေသည် ။ သူ နှင့် တစ်လံကွာ လောက် ၌ ကား သူ့ တယောကလေး သည် ကျိုးပဲ့ ကြေမွနေ သည် ။ လွန်ခဲ့သည့် နာရီပိုင်း က သူ့ သီချင်းသံ ဖြင့် ဖြေဖျော် နေရှာသော အဘကံ သည် ယခု သတိ မေ့ နေပြီ ။ လွန်ခဲ့သော နာရီပိုင်း က ငြိမ့်ညောင်း သာယာသော အသံကလေး ပေါ်ထွက် နေသော တယောကလေး သည် ကြေမွ ပျက် စီးနေပြီး တဖြည်းဖြည်း လူ တွေ ထပ် ရောက်လာကြသည် ။

ဆယ်ယောက် ဆယ့်ငါးယောက် ဖြစ် လာသည် ။ ပါးစပ် ပေါက် များ လာသောအခါ စကားလုံး အရေအတွက် လည်း ပို များလာသည် ။

တစ်ယောက် တစ်ပေါက် ပြော ကြသည် ကို ဆက်စပ် ကြည့် လိုက်သောအခါ အတော်ကလေး ပြည့်စုံသော သတင်း တစ်ပုဒ် ဖြစ် လာသည် ။ 

အဘကံ သည် အိုးစု တွင် နေသည် ။ ညနေချိန်များ ၌ သူ နေသည့် အိုးစုအိမ်ကလေး မှ လမ်းလျှောက် လာပြီးလျှင် ဤ ခြံကြီး အတွင်း၌ ယမကာသမားများ အား သူ့ တယော ပြားကလေး နှင့် ဖြေဖျော် လေ့ ရှိသည် ။

သို့သော် အဘကံ သည် ဟိုးလီးဒေးဟိုတယ် တွင်း သို့ မူ မချဉ်းကပ် နိုင်ပေ ။ သူ ကျက်စားရာ နေရာ မှာ အိမ်အို ကြီး ၏ အောက်ထပ် က သိုင်းသမားများ ၏ ဘူမိနက်သန် ဖြစ်သည် ။

သိုင်းသမား ယမကာဆရာများ ကို ပေးသည့် ငွေ တစ်ကျပ် စ နှစ်ကျပ် စ ကို စုပေါင်း ယူပြီးလျှင် ဝိုင်းသိမ်း သည့် အခါ ၌ သူ့ အိမ် ရှိရာ အိုးစုသို့ လမ်းလျှောက် ပြန်လေ့ ရှိသည် ။

ယနေ့လည်း ဝိုင်း သိမ်းကြပြီ ဖြစ်၍ အဘကံ သည် ရသမျှကလေးများ ကို ပိုက်ပြီး သူ့ အိမ် ရှိရာ အိုးစု သို့ လမ်း လျှောက် ပြန် လေသည် ။

ထိုအခိုက် ဟိုးလီးဒေး ဟိုတယ် မှ ထွက်လာသော တိုယိုတာကား တစ်စီး က အဘကံ ကို တိုက်သွားခြင်း ဖြစ်လေသည် ။ ကားမောင်း လာ သူမှာ ချစ်သမျှ ကို တီးဝိုင်း ခေါင်းဆောင် ကျော်သက်နောင် ဖြစ်ပြီး သူ့ ဘေး တွင် ပါလာ သူမှာ စတီရီယိုအဆိုကျော် မာလာကေခိုင် ဖြစ်လေသည် ။

“ တိုက်သွားတဲ့ ကား က အဘိုးကြီး ကို ဆေးရုံ မပို့ဘူးလား ”

“ ဟင့်အင်း မပို့ဘူး ၊ မောင်း ထွက် သွားတယ် ”

ဝတ္ထုရေးဆရာ ဇမ္ဗူလုံးကျော် တို့ ကြည့် မနေနိုင်တော့ ပေ ။

“ ကဲ ဒီလို ကြည့်နေလို့ မဖြစ်ဘူး ။ အဘိုးကြီး ကို ဆေးရုံ ပို့ မှ ဖြစ်မယ် ”

ဟု ပြောနေစဉ်မှာ ပင် လေးဘီးအငှား တစ်စီး ဖြတ် မောင်းလာသည် ကို တွေ့ရ၍ ဖမ်း တားပြီးလျှင် အဘကံ ကို ဆေးရုံ ပို့လိုက်ကြ လေသည် ။

အဘကံ သည် သေမည်လား ၊ ရှင် မည် လား မသိ ရ ပေ ။ သို့ သော်လည်း သူ အလွန်တရာ
မြတ်နိုးသော တယောပြား နှင့် မူ အိုးစား ကွဲသွားရ ရှာလေပြီ ။

လူအုပ်လည်း ကွဲသွားသည် ။ ညဉ့် တဖြည်းဖြည်း နက် လာသည် ။ ဖိုးစိန်လမ်း ပေါ် ၌ ဖြတ်သွားဖြတ်လာ လူ တစ်ယောက် မှ မတွေ့ရတော့ ။ သို့သော် ကျိုးပဲ့ကြေမွနေသော တယောပြားကလေး မှာ မူ ဖိုးစိန်လမ်း ပေါ် ၌ ထို အတိုင်းပင် ရှိ နေလေသည် ။

◾ပါရဂူ

📖 ရနံ့သစ် မဂ္ဂဇင်း
      ၁၉၉၀ ၊ မတ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment