❝ အနိမ့် သို့ ❞
( ၁ )
လူတို့ မည်သည် အကျပ်အတည်း နှင့် ရင်ဆိုင် ကြုံတွေ့ရတိုင်း ထွက်ပေါက် ကို ရှာ တတ်ကြသည် ။ စီးပွားရေး အလုပ်အကိုင် နှင့် ပတ်သက်၍ ဖြစ်စေ ၊ ကိုယ်ရေးကိုယ်တာ အချစ် ၊ အိမ်ထောင်ရေး နှင့် ပတ်သက်၍ ဖြစ်စေ ၊ အကျပ်အတည်း တစ်ခု ခု နှင့် ရင်ဆိုင် ရ လျှင် ထို အကျပ်အတည်း ကို မဖြေရှင်း နိုင် လျှင် ထွက်ပေါက် တစ်ခု ခုကို ရှာကြံ တတ်ကြသည် ။ အခိုက်အတန့် ခံစား နေရသော စိတ်ဒုက္ခ ဝေဒနာ ကို ခဏတာ ပြေပျောက်သော နည်း ဖြင့် ဖြေယူ တတ်ကြသည် ။
ဤသည် ကား သူရဲဘော ကြောင်သူ တို့ ၏ နည်းပင် ဖြစ်သည် ။
တချို့သောသူများ က ထွက်ပေါက် ကို ရှာ လည်း မရှာ တတ်ကြ ။ ရှာကြံတတ် သော် လည်း ထိုနည်း ဖြင့် မိမိ တို့ စိတ် ကို ဖြေဖျောက်ရန် မကြိုးစား လို ၊ ထိုသို့သော သူများ သည် တွေ့လာသမျှ ဒုက္ခ ကို အောင့်၍ ခံတတ်ကြသည် ။ နောက်ဆုံး မခံနိုင်သည့် အဆုံး ၌ ဆိတ် ကွယ်ရာ သို့ သွား၍ တစ်ယောက် တည်း ကျိတ် ငို တတ်ကြသည် ။
ဤသည် လည်း သူရဲဘော ကြောင်သူ တို့ ၏ နည်းလမ်း ပင် ဖြစ်ပေသည် ။ ဤသို့ သူရဲဘော ကြောင်သူများ ထဲ တွင် ကျွန်တော် လည်း အပါအဝင် ဖြစ်သည် ။ ထို့ကြောင့် ကျွန်တော် သည် ထွက်ပေါက် ရှာ၍ သည်နေရာ သို့ လာခဲ့ခြင်း ဖြစ်သည် ။ ကျွန်တော် သည် မိန်းမ လိုက်စားခြင်း အမှု ကို လည်း ပြုတတ်သူ မဟုတ် ၊ လောင်းကစား ၊ မြင်း ဖဲ စသည် တို့ နှင့် လည်း ကင်းကင်းရှင်းရှင်း နေလာခဲ့ သူ ဖြစ်သည် ။ တခြား အပျော်အပါး လည်း ဘာ တစ်ခု မျှ လိုက်စားတတ် သူ မဟုတ် ။ သို့သော် ကျွန်တော့် ၌ ထွက်ပေါက် တစ်ခု ခု လို နေသည် ။ ကျွန်တော် သည် ကြီးမားသော အကျပ်အတည်း ဘေးဒုက္ခ နှင့် ရင်ဆိုင် ကြုံတွေ့ နေရသူ ဖြစ်သည် ။ ထို အကျပ်အတည်း ဘေးဒုက္ခ ကို လည်း ကျွန်တော် ကိုယ်တိုင် မဖြေရှင်းနိုင် ၊ ဖြေရှင်းရန် နည်းလမ်း ကို လည်း ခုတိုင် ရှာ၍ မတွေ့သေး ။
တစ်ပါးသူ တို့ အတွက် ကိုယ့် အိမ် သာ လျှင် နတ်ပြည် တမျှ သာယာလှမည် ဖြစ် သော်လည်း ကျွန်တော့် အတွက် ကျွန်တော့် အိမ် သည် ငရဲပြည် ထက် ပူလောင် ခြောက်ခန်း လှသည် ။
လူတို့ မည်သည် သာယာ စိုပြည်သော နေရာ ၌ သာ လျှင် ချမ်းမြေ့စွာ ခိုလှုံ လိုကြ သည် ။ ရေကြည်ရာ မြက်နုရာ ကို သာ ရှာကြံ သွားရောက် နေထိုင် လိုကြသည် ။ ကျွန်တော် သည် လူ တစ်ယောက် ဖြစ်၍မို့ သာယာစိုပြည်သော နေရာ ၌ ခိုလှုံ လိုသည် ။ ပူလောင် ခြောက်ခန်းသော နေရာ ကို စွန့်ပစ် ၍ ရေကြည်ရာ မြက်နုရာ သို့ ရွှေ့ပြောင်း လိုသည် ။
ဤသည်ကား ကျွန်တော့် ရင် ထဲ မှ ခံစားချက် ဖြစ်သည် ။ ရင်တွင်း မှ ခံစားချက် ကို ကျွန်တော် ၏ အချုပ်အခြာ အာဏာပိုင် ဖြစ်သော ဦးနှောက် ထဲ သို့ အကြောင်း ကြား လိုက် သောအခါ ကျွန်တော် ၏ ဦးနှောက် က လုပ်ရဲသော သတ္တိ မရှိချေ ။
နောက်ဆုံး ဦးနှောက် ၏ အဆုံးအဖြတ် ကို မခံယူတော့ဘဲ နှလုံးသား ၏ အဆုံးအဖြတ် ကို ယူကာ ပူလောင် ခြောက်ခန်းသော နေရာဌာန ကို စွန့်လွှတ် လိုက်သည် ။ သို့ စွန့်လွှတ် လိုက်သော်လည်း ရေကြည်ရာ မြက်နုရာ ကို ကား ခုတိုင် ခရီး မဆက်နိုင်သေးချေ ။ ဆက် လျှောက်ရမည့် ခရီး ကို မျှော်ကြည့် လိုက် ပြန်တော့လည်း ပူပြင်းသော သဲကန္တာရကြီး ဖြစ်နေသည် ကို တွေ့ရသည် ။
ကျွန်တော် သည် အကျပ်အတည်း တစ်ခု ကို သတ္တိ ရှိရှိ ရင်ဆိုင် ဖြေရှင်းနိုင် သော် လည်း နောက် အကျဉ်းအတည်း တစ်ခု ကို မည်သို့ ဖြေရှင်းရမှန်း မသိချေ ။ သည်တော့ ကျွန်တော် ထွက်ပေါက် ရှာ ရတော့သည် ။ ထွက်ပေါက် ရှာ ပြန် တော့လည်း ဖဲ ၊ မြင်း ၊ မိန်းမ စသည် တို့ ကို ကျွန်တော် မလုပ်တတ် ။ လုပ်တတ်သည့် တိုင်အောင် လည်း မလုပ်လို ။ သည်တော့ ကျွန်တော် ၌ မမှန်ကန်သော ထွက်ပေါက် ကို ရှာသော နည်းလမ်း တစ်လမ်း သာ ရှိသည် ။ ထို့ကြောင့်လည်း သည်လမ်း ကို မမှန်မှန်း သိလျက် နှင့် ကျွန်တော် လိုက်ခဲ့ သည် ။
( ၂ )
ကျွန်တော်သည် အလွန် လက်ရိုး ကျ လွန်းသော လမ်း သို့ လိုက်ခဲ့ရလေပြီ ။ ဆိုင်ဝ ၌ ရပ်၍ ချီတုံချတုံ ဖြစ်မိသေးသည် ။ နောက် မျက်စိ မှိတ်၍ ဝင်ခဲ့သည် ။
ဆိုင်ထဲ ၌ ထိုင်မိသော အခါ ဘွိုင်ကု,လား အဘိုးကြီး သည် လူ နှင့် တူသော စက်ရုပ်ကြီး ကဲ့သို့ ကျွန်တော့် အနား ပြေး လာ ရပ်လိုက်သည် ။ ကျွန်တော် က အရက် တစ်ခွက် နှင့် ဆိုဒါ ကို မှာ လိုက်သည် ။ ခဏချင်း ပင် အရက်ဆိုဒါ ရေခဲ စပ်ပြီးသား ကျွန်တော့် စားပွဲ ပေါ် တွင် အသင့် ရှိနေတော့သည် ။ ကျွန်တော် က အရက်ခွက် ကို ကိုင် ၍ မှိတ်မျိုချ လိုက်သည် ။
အမှန်တော့ ကျွန်တော် သည် ထွက်ပေါက် ကို လိုက်ခဲ့သည် မှာ နှစ်ပရိစ္ဆေဒ ကြာမြင့် ခဲ့ပြီ ဖြစ်သည် ။ သို့သော် ကျွန်တော် သည် အရက် သောက်တိုင်း ပထမဆုံး ခွက် ကို ဆေးဝါး မျိုချ သလို မျိုချ တတ်သည် ။ အမှန်၌ ကျွန်တော် သည် အရက် ကို ကြိုက်၍ သောက်ခြင်း မဟုတ် ၊ နှလုံးငြိမ် ၊ ဘဝင်အေး ဆေး အဖြစ် နှင့်သာ သောက်ခြင်း ဖြစ်သည် ။ နှလုံးငြိမ် ဘဝင်အေးသည် ဆိုရာ၌လ ည်း သူ ရှိသည့် အခိုက်အတန့် ခဏမျှ သာ ဖြစ်သည် ။ အရက် သမား စကား နှင့် ပြောရ လျှင် ရေချိန် ရှိနေစဉ် သာ ရီတီတီ နှင့် ပျော်သလို ရှိနေတတ်၏ ။ တစ်နည်း အားဖြင့် ထွက်ပေါက် ရနေ၏ ။
ကျွန်တော် က နောက် တစ်ခွက် သောက်သော အခါ ဘွိုင်ကု,လား အဘိုးကြီး သည် အရက် နှင့် ဆော်ဒါ ကို စောစောက နည်းတူ လာချ ပေး ပြီးလျှင် ဆော်ဒါ ကို ဖွင့်ကာ အရက် နှင့် ရော လိုက်သည် ။
ဖန်ခွက် နှုတ်ခမ်းသား နှင့် ဆော်ဒါပုလင်း လည်ပင်း တို့ ထိခတ်သံ မှာ တချွင်ချွင် မြည်၍ သွားတော့သည် ။ သည်တော့မှ ကျွန်တော် အဘိုးကြီး ၏ လက် ကို သတိ ထား၍ ကြည့်လိုက် မိသည် ။ အဘိုးကြီး ၏ လက်များ သည် တဆတ်ဆတ် တုန်၍ နေသည် ။ မြွေမြွေ ချင်းတော့ ခြေ ကို မြင်ရသည် ။ အဘိုးကြီး သည် အရက် မသောက် ရ ၍ လက်တွေ တုန် နေရသည် ကို ကျွန်တော် ချက်ချင်း ပင် ဆုံးဖြတ် ၍ ရလိုက်သည် ။ ကျွန်တော် သည် သောက်မည် ပြုသော အရက်ဖန်ခွက် ကို ပြန်ချ လိုက်ကာ အဘိုးကြီး အား လှမ်း၍ မေး လိုက်သည် ။
“ အဘိုး နာမည် ဘယ်လို ခေါ်လဲ ”
“ အန်ထော်နီ လို့ ခေါ်တယ် ဆရာ ”
“ ခင်ဗျား အရက် သောက် တတ်တယ် မဟုတ်လား ”
“ သိပ် မသောက်တတ်ပါဘူး ဆရာ ”
ကျွန်တော့် ကို အန်ထော်နီ လိမ် ပြော မှန်း ရိပ်မိ လိုက်သည် ။ အမှန်တော့ သူ သည် ဖောင်စီးရင်း ရေငတ် နေသူ ဖြစ်သည် ။ အကောင်းစား အရက်များ ကို သောက်မည့်သူများ အတွက် ငှဲ့ ပေးရင်း သူ ကိုယ်တိုင် မှာ မသောက်ရဘဲ လက် တုန်နေသည့် သူ့ အဖြစ် ကို တွေးရင်း ကျွန်တော် သည် အလိုလို ခံစား လာရသည် ။ အန်ထော်နီ ၏ ဘဝ အတွက် ကိုယ်ချင်းစာ လာရသည် ။ သည် ခံစားချက် ဖြင့် ဘရန်ဒီ တစ်လုံး ထပ်၍ မှာ လိုက်သည် ။
ကျွန်တော် မှာသည့် အတိုင်းပင် အန်ထော်နီ သည် ခဏ နှင့် အရက်ပုလင်း ကို ယူ လာသည် ။ နောက်ထပ် ဖန်ခွက် တစ်လုံး နှင့် ရေခဲဆော်ဒါ အားလုံး မှာ လိုက်သည် ။ ကျွန်တော် မှာသော အရာများ စားပွဲ ပေါ် သို့ ပို့ပြီး လျှင် အန်ထော်နီ သည် ကျွန်တော် စားပွဲ မှ ခွါမည် ပြု လိုက်သည် ။
“ နေဦး အန်ထော်နီ ၊ ခင်ဗျား အရက် သောက်တတ်တယ် ဆိုတာ ကျွန်တော် သိနေပြီ ၊ ဒါကြောင့် ခင်ဗျား လက်တွေ တုန် နေတာ ၊ ရော့ ဒီ တစ်ခွက် ခပ်ပြင်းပြင်း သောက် လိုက်ဗျာ ”
ကျွန်တော် က ဖန်ခွက် နှင့် တစ်ဝက် မျှ ငှဲ့ ထားသော အရက် ကို အန်ထော်နီ လက် သို့ ပေး လိုက်သည် ။ အန်ထော်နီ က ထိတ်လန့်တကြား လက် ကာ ရင်း နောက်သို့ ဆုတ်သွားသည် ။
“ မသောက်ဘူး ဆရာ ၊ မသောက်ပါဘူး ”
“ ဘာလို့ မသောက်ရမှာလဲ အန်ထော်နီ သောက်လေ ၊ ဒါ ကျုပ် တိုက်တာပဲ ”
“ မဟုတ်ဘူး ဆရာ ကျွန်တော် ဒီ ဆိုင် မှာ အလုပ်သမား မဟုတ်လား ၊ အလုပ်သမား ဆိုတာ ဆိုင် မှာ သောက်ခွင့် မရှိဘူး ။ နောက် တစ်ခု ရှိတယ် ၊ ကျွန်တော် ဒီလို အဖိုးတန် အရက်မျိုး မသောက်ပါဘူး ”
သူ ၏ ရိုးသား မှန်ကန်သော စကားများ ကို ပြန်၍ မငြင်းနို င်သော်လည်း ကျွန်တော် စေတနာ ကို ကား ချုပ်တည်း၍ မရချေ ။
“ မရဘူးဗျာ ၊ ခင်ဗျား သောက်ရမယ် ၊ ခင်ဗျား သောက်စေချင်လို့ ကျွန်တော် တမင်တကာ မှာ ထားကာ ကဲ သောက်ပါဗျာ ၊ ခင်ဗျား သူဌေး ကို ကျွန်တော် အခွင့်တောင်း ပေးမယ် ”
ကျွန်တော် ဇွတ် ပြော တော့လည်း အန်ထော်နီ ကျွန်တော့် အား ငေး၍ ကြည့် နေ ရှာသည် ။ သူ့ မျက်လုံးများ သည် ငြင်းကွယ်လိုခြင်း လုံးဝ မရှိတော့ချေ ။ သူ သည် ဖွေးဖွေး ဖြူ နေသော မုတ်ဆိတ်မွေး အဖြူများ ကို လက်ဖြ င့် ပွတ်သပ်ရင်း တစ်စုံတစ်ခု ကို ခံစား နေဟန် ရှိသည် ။
“ ဆရာ ကျွန်တော့် ကို စေတနာ ရှိရင် ငွေ တစ်ကျပ် ပဲ ပေးပါ ၊ ဆရာ တိုက် တဲ့ အရက် က သုံးကျပ် လောက် တန် ပါတယ် ၊ ကျွန်တော် တစ်ကျပ် ယူပြီး ချက်အရက် ကို သောက် လိုက်ရင် လက်တုန်တာတွေ အားလုံး မရှိတော့ဘူး ဆရာ ”
သည် တစ်ကြိမ် တွင် ကျွန်တော် အလျှော့ ပေးရတော့မည် ဟု ဆုံးဖြတ် လိုက်သည် ။ ထို့ကြောင့် လည်း သူ တောင်းသော ငွေ တစ်ကျပ် သာ မက ကျပ်တန် နှစ်ရွက် ထုတ် ၍ ပေးလိုက်သည် ။
အန်ထော်နီ သည် သူ့ လက်ဖဝါး ကို မည်းပြောင် နေသော နဖူးပြင် တွင် ကပ် ၍ နောက်သို့ဆုတ်ကာ ဆိုင်တွင်း မှ ထွက်ခွာ သွား တော့သည် ။
ကျွန်တော် က အန်ထော်နီ မသောက်သော အရက်ခွက် အတွင်း သို့ ဆော်ဒါ နှင့် ရေခဲ ရော၍ မော့ လိုက်သည် ။ ဘဝ ဆိုသည် မှာ ကိုယ် နှင့် ဆိုင်နေရသော နေရာ မှ ဒဏ်ရာ ဒဏ်ချက် အပေါင်း နှင့် ရုန်းထွက် နေရခြင်းပါလား ဆိုသည် ကို စဉ်းစား မိ လိုက် သည် ။ ဖောင် လိုက်သူ တို့သည် ဖောင် စီးရင်း ရေငတ် တတ် ကြသည် ။ ထို့အတူပင် အထည်ချော ရက်သူ တို့ သည် မိမိ တို့ ရက်လုပ်သော အထည်များ ကို မိမိတို့ ကိုယ်တိုင် မဝတ်ဆင် နိုင်ကြ ၊ ထို့အတူပင် ထမင်းဟင်းလျာ တို့ ကို ချက်ပြုတ်သော ထမင်းချက် ၊ အစေခံ တို့ သည် လည်း မိမိ တို့ ချွေးပြန်အောင် ချက်ပြုတ်သော ထမင်းဟင်းလျာကောင်း တို့ ကို မစားကြရ ၊ အကြွင်းအကျန် လောက်သာ လျှင် စား ကြရသည် ။
ထို့ အတူပင် အန်ထော်နီ သည် နိုင်ငံခြား အရက် အကောင်းစားများ ကို သူများ အတွက် ငှဲ့ ပေး နေရ သော်လည်း သူ ကိုယ်တိုင် မူ တစ်စက် မှ မသောက်ရ သဖြင့် လက် များပင် တဆတ်ဆတ် တုန်၍ နေတော့သည် ။ သည် အဖြစ် ကို တွေးရင်း လောကကြီး ၏ မညီမျှမှု ၊ အချိုးမကျမှု ကို မကျေမချမ်း ဖြစ်လာ မိသည် ။
ကျွန်တော် သည် လည်း ဤသို့သော မညီမျှမှု ၊ အချိုးမကျမှု ဒဏ် ဖြင့် ခံစား နေရသူ ဖြစ်သည် ။ အချစ် အတွက် အသက် ပင် သေသေ ဟု ဆိုသူ က တကယ်တမ်း အဆုံးအဖြတ် ပေးရမည့် အချိန် ၌ ကျွန်တော့် ကို ငြင်းပယ် လိုက် လေသည် ။ ငြင်းပယ်သည့် အကြောင်း က လည်း ကျွန်တော့် ၏ နိမ့်ကျလှသော ဘဝ ကြောင့် ပင် ဖြစ်သည် ။
ကျွန်တော် နှင့် လက်ထပ် လျှင် သူ့ မိဘများ က သူ့ ကို စွန့်လွှတ်မည် ။ စွန့်လွှတ်မည့် အကြောင်း က ကျွန်တော့် ဘဝ နှင့် သူတို့ ဘဝ အဆင့်အတန်းချင်း ကွာခြားသည် ။ ထို အကြောင်းကြောင့် ကျွန်တော့် အား သူ့ မိဘများ က သမက် အဖြစ် အသိအမှတ် မပြုနိုင် ။ ထိုသို့ အသိအမှတ် မပြုနိုင် ၍ သူ့ နောက် သို့ လိုက်လျှင် သမီး ကို လည်း သမီး အဖြစ် မှ စွန့်လွှတ်မည် ။ သည် အ ဆုံးအဖြတ် သည် သူတို့ အတွက် အမှန်ဆုံးသော သမားရိုးကျ အဆုံးအဖြတ် ဖြစ်ပေမည် ။ ထို့ကြောင့် လည်း အသက် ပင် သေသေ ချစ်ပါသည် ဆိုလေ သော ချစ်သူ က သည် အဆုံးအဖြတ် ကို နာခံ၍ ကျွန်တော့် အား ဖယ်ကြဉ် လိုက်ခြင်း ဖြစ်သည် ။
သည် သဘောထား ဆုံးဖြတ်ချက် သည် ကျွန်တော့် အတွက် တအံ့တသြ ဖြစ်နေ ရတော့သည် ။ မယုံနိုင် အောင် လည်း ရှိတော့သည် ။
( ၃ )
ကျွန်တော် သည် ကိုယ့် အတွေး နှင့် ကိုယ် နစ်မြော နေစဉ် အန်ထော်နီ ပြန်၍ ရောက် လာသည် ။ ကျွန်တော် က လိုသော ရေခဲ နှင့် ဆော်ဒါ ကို မှာ လိုက်သည် ။ အန်ထော်နီ သည် ကျွန်တော့် ဘေး တွင် အသင့် ရပ်၍ နေသည် ၊ ခဏ ကြာလျှင် အပြင်ဘက် မှ လက်ခုပ် တီးသံ ကြား ရသည် ။ မြီးကောင်ပေါက် အရွယ် ဂါဝန်ဝတ် မိန်းကလေး တစ်ယောက် သည် အန်ထော်နီ လှမ်း ၍ ခေါ် နေသည် ကို မြင် လိုက်ရသည် ။
အန်ထော်နီ သည် ချက်ချင်းပင် ပြေးထွက် သွား တော့သည် ။ ကျွန်တော် က သူတို့ နှစ်ယောက် ကို လှမ်း၍ ကြည့် နေမိသည် ။ ကလေးမ က ခေါင်းခါခါ လည်ခါခါ ဖြင့် ပြော နေသည် ။ ခဏ ကြာ လျှင် အစ်ထော်နီ က သူ့ အိတ် ထဲ မှ တွန့်လိမ် နေသော ကျပ်တန် နှင့် အကြွေများ ကို ထုတ်ပေး လိုက်သည် ။ ကလေးမ သည် ပိုက်ဆံ ရသည် နှင့် တစ်ပြိုင်နက် ခုန်ပေါက် ထွက်ပြေး သွားတော့သည် ။
အန်ထော်နီ က ကလေးမ ကို မျက်စိ တဆုံး ကြည့်ပြီး ဆိုင်တွင်း သို့ ပြန် ဝင်လာ သည် ။ အန်ထော်နီ ကို ကျွန်တော် လှမ်း ကြည့် နေမိသည် ။
“ ဆရာ သူ လေ ကျွန်တော့် သမီး ပေါ့ ”
“ ဟေ ဒါ ခင်ဗျား သမီး ”
“ ဟုတ်တယ် ဆရာ ၊ သူ ကွန်ဗင့် မှာ နေတယ် ၈ တန်း ရောက်နေပြီ ”
အန်ထော်နီ က ရိုးရိုးသားသား ပြော သော်လည်း ကျွန်တော့် မှာ မယုံနိုင် အောင် ရှိတော့သည် ။
“ ခင်ဗျား သမီး ဆိုရင် ဘာလို့ အထဲ ဝင် မလာလဲ ၊ အဖေ တစ်ယောက် လုံး ကို အပြင် က နေ လက်ခုပ်တီး ခေါ်ရသလား ”
“ ဟုတ်တယ် ဆရာ ၊ ကျွန်တော် သူ့ ကို ပြောတယ် ၊ သူ ဒီ လာရ မှာ လည်း ရှက်တယ် ။ ကျွန်တော် ဒီမှာ အလုပ် လုပ် နေတာလည်း ရှက်တယ် ၊ သူ့ မိတ်ဆွေတွေ ကို ကျွန်တော် ဒီမှာ လုပ်တယ် မပြောဘူး ”
ကျွန်တော် သည် လက် ထဲ မှ ခွက် ကို တစ်ကြိမ် တည်း နှင့် ကုန်အောင် မော့ လိုက်သည် ။ ပြီးတော့ လည်း ကျသင့်ငွေ ကို ရှင်းပေးပြီး ပုလင်း ကို ဖော့ဆို့ နှင့် ပိတ် လိုက်သည် ။ နောက် အန်ထော်နီ ကို ငွေ တစ်ကျပ် ပေး လိုက်ပြီး မနေနိုင်၍ တစ်ခွန်း ထပ် မေးလိုက်သည် ။
“ ခုန ခင်ဗျား ပေးတဲ့ ပိုက်ဆံ က ဒီ ဆိုင် က ဘောက်ဆူး ရတဲ့ ပိုက်ဆံ မဟုတ်လား ”
“ ဟုတ်တယ် ဆရာ ၊ ဆရာတို့ လို တစ်မတ် ပေး ၊ တစ်ကျပ် ပေး တွေ ကို စုပြီး သူ့ မုန့်ဖိုး နဲ့ ရုပ်ရှင် ကြည့်ဖို့ ပေးရတယ် ”
ကျွန်တော် သည် ထိုင်ရာမှ ထ ၍ ဆိုင်တွင်း မှ ထွက် ခဲ့တော့သည် ။
ခုတော့ ကျွန်တော် လို ချင်သော အဖြေ ကို ရ လေပြီ ။ ချစ်သူ ကို ချစ်ပါသည် ဆို သော်လည်း ဘဝချင်း ကွာခြား ၍ မိဘ က သမီး ကို စွန့်သည် ။ သမီး က မိဘ ကို စွန့်သည် ။ ထို့အတူ ပင် သူများ သောက်ဖို့ အရက် ကို ငှဲ့ ပေး နေရ ရှာသော်လည်း ကိုယ်တိုင် မသောက် ရ ၍ လက်တွေ တုန် နေသည် ။ သည်လို တုန်နေသော လက် ဖြင့် သမီး ကို ကွန်ဗင့် ကျောင်း ၌ ထား ခဲ့သည် ။ သို့သော် သမီး က မူ သည် အလုပ် လုပ်ခြင်း ကို ရှက်သည် ။ အောက်ကျ သည် ဟု ထင်သည် ။ ထို့ကြောင့် ဆိုင် ထဲ သို့ ပင် ရောက်အောင် မလာ ၊ အဖေ ကို အပြင် မှ လက်ခုပ် တီး ၍ ခေါ်သည် ။
သည် အဖြစ် ကို မြင်၍ ကျွန်တော် အဖြေ ရ ခဲ့သည် ။ လောက ၌ လူတွေ သည် အနိမ့် သို့ မဆင်း လို ကြပေ ။ အနိမ့် သို့ မဆင်းရန် အတွက် လည်း သစ္စာတရား ၊ ကရုဏာတရား ကင်း တော့သည် ။
အမှန် ၌ အယောင်ဆောင် မေတ္တာ အရောင် သည် အမှိုက်အတန့် မျှ သာ ။ မေတ္တာ တရား ၏ အလင်းရောင် ကို ကား သူတို့ မသိကြတော့ချေ တကား ။
◾အောင်လင်း
📖 ဝတ္ထုတိုများ ပေါင်းချုပ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment