Sunday, October 22, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၄ )


 ဒေါက်တာဦးကြည် 

M.B.B.S ( Rgn; )


ဘသာ သူ့ ကို ချစ်သော ဆရာဝန်ဦးကြည် ၏ ဆိုင်းဘုတ် ကို ခပ်လှမ်းလှမ်း မှ မယောင်မလည် လှမ်း ကြည့် လိုက်သည် ။ ဘသာ ထို ဆိုင်းဘုတ် ကို ကြည့်ပြီး အတွေး နယ် ချဲ့ ကြည့် လိုက်သည် ။ ဆရာ ဦးကြည် အား အကူအညီ တောင်း ရ မည်။ ဆရာ သည် သူ့ ကို အကူအညီ ပေး နေကျ ဖြစ်သည် ။ အကျိုး အကြောင်း အလုံးစုံ ဆရာ့ ကို ရှင်းပြ မည် ။ ပြဿနာ ပေါင်းစုံ ကို ဆရာ ဖြေရှင်း ပေးနိုင်မည် ဟု ဘသာ ယုံကြည်သည် ။ လူနာများ မပြတ်သည် မို့ ဘသာ အလိုက်သိစွာဖြင့် လူ ရှင်းသည် ကို စောင့်ဆိုင်း နေ လိုက်သည် ။


ထမင်း စားချိန်မို့ လူနာများ ကျဲ သွား သည် ။ ဘသာ လည်း ဆေးခန်း ထဲ ဝင် ပြီး ခုံတန်းလျား ၌ အသာ ယို့ယို့လေး ထိုင် နေ လိုက်သည် ။ စာရေးမလေး က ယဉ်ယဉ်ကျေးကျေးလေး လှမ်း မေး လိုက် သည် ။ 


“ ဆရာ နဲ့ ပြ မလို့ လား ”


“ ဟုတ် ဟုတ်ကဲ့ ”


“ အထဲ မှာ လူနာ တစ်ယောက် ရှိနေလို့ ခဏ စောင့်နော် ၊ စာအုပ် လုပ် ဖူးလား ၊ နာမည် နဲ့ အသက် ”


ဘသာ ကြောင်အမ်းအမ်း ဖြင့် ...


“ ဟို ဟို ... ဆရာ့ တပည့် ပါ ၊ ဆရာ နဲ့ တွေ့ချင်လို့ ပါ ”


“ ဪ ဪ ”


ဟု စာရေးမလေး လည်း သူ့ အလုပ် သူ ဆက် လုပ် နေသည် ။ အထဲ မှ လူနာ တစ်ယောက် တအင်း အင်း ညည်းသံ ထွက် လာသည် ။ ဘသာ လည်း အခန်း ထဲ သို့ လိုက်ကာ ကို အသာအယာ ဖွင့် လိုက်သည် ။ 


“ ဆရာ ”


ဘသာ အသံ တိုးတိုး ဖြင့် ခေါ် လိုက် သည် ။ ဆရာဦးကြည် စာ ငုံ့ ရေး နေရင်း မှ ...


“ ဘာဖြစ်လဲ ခုတင် ပေါ် တက် ” 


ဘသာ လည်း ခုတင် ပေါ် ကို တက် ထိုင် နေလိုက်သည် ။


“ ကဲ ... ဘာဖြစ်တာ ၊ ဟာ ... ဘသာ ဘသာ ”


ဆရာဝန်ဦးကြည် လိုက်ကာ ကို အတင်း ဆွဲဖွင့်လျက် ထွက်ပြေး သွားသည် ။


“ ဆရာ ဆရာ ”


ဘသာ လည်း အပြေး လိုက်သည် စာရေးမလေး လည်း ဘုမသိ ဘမသိ ဖြင့် ...


“ ဆရာ ဘာဖြစ်လို့လဲ ဟင် ” 


“ သရဲ ဟေ့ သရဲ ”


ဘသာ အခန်း ထဲ မှ အထွက် စာရေးမ လည်း ဘသာ ကို ကြည့်ပြီး လန့်အော် ထွက်ပြေး သွား သည် ။


တိုက်ခန်း နှင့် ဆေးခန်း တွဲ နေ တာမို့ ဆရာဝန်ဦးကြည် လည်း သူ့ တိုက်ပေါ် သို့ အတင်း ပြေး တက်သည် ။ စာရေးမ လည်း သူ့ ဆရာ နောက် သို့ အတင်း ပြေး တက်သည် ။ ဆရာဝန် ဦးကြည် နောက် လှည့် ကြည့်လျက် ...


“ ဟဲ့ ကောင်မလေး ... ငါ့ အခန်း ထဲ မလိုက်လာနဲ့ လေ ”


“ အောင်မယ်လေး ဆရာ ရယ် ... ဆရာ က သရဲ ထက် တော့ ပို ကြောက်ဖို့ မကောင်းပါဘူး ”


ဘသာ အခြေအနေ မှန် ကို သိသွား သည် ။ ဆက် လိုက်၍ ရှင်း မပြ လိုတော့။ ဝမ်းနည်းကြေကွဲ စွာဖြင့် ...


“ ဆရာရယ် .. ဆရာ တောင် ကျွန်တော့် ကို နား မလည်တော့ဘူး ဆိုတော့ ကမ်းကုန် သွားပါပြီ ဆရာ ”


ဘသာ လမ်းမဘက် ထွက်၍ မျက်နှာ မူ လိုက်သည် ။


ဦးတည်ရာ ...


 •••••   •••••   •••••


“ ဟဲ့ မကျင် ... ရက် မလည် မချင်း ဒီ ငွေတွေ ကို ငါ ထိန်းထားရမှာ ပဲ ” 


“ ထိန်းတော့ ထိန်းပေါ့ ရှင် ၊ ငွေ ဘယ်လောက် ရှိတယ် ဆိုတာတော့ ကျွန်မ က မယား ပဲ ... သိထား သင့် တာပေါ့ ”


လူကြီး ကိုအုန်းဆောင် ကျွဲမြီး တို သွားသည် ။


“ နင် ငါ့ ကို စာရင်း စစ် နေတာလား ၊ နင့် ပိုက်ဆံ နှစ်ပဲတစ်ပြား မပြောနဲ့ တစ်ရွာလုံး ရဲ့ ပိုက်ဆံ ငါ့ လက် ထဲ မှာ တစ်ပြားတစ်ချပ် မှ မလျော့စေရဘူး ”


“ ရှေ့က လူကြီး လည်း အဲဒီလို ပြောပြီး ပြုတ် တာပဲ ”


“ ဟဲ့ မကျင် ... နင့် စကားတွေ က လွန် လာပြီ နော် ၊ ရက် မလည်သေး လို့ ငါ ပြောနေတာ ”


“ မသာ မှ မရှိတော့ တာ ၊ ရက် ဘယ် နေရာ သွား လည်မလဲ ” 


မကျင် လှည့် ထွက်လာ ခဲ့သည် ။ မကြား လောက် သည့် နေရာ ကျ မှ ... 


“ အဲဒီ ပိုက်ဆံတွေ နဲ့ ရှင့် ရက်လည် ကျ မှ လုပ် ၊ သေနာကောင်ကြီး ၊ လူကြီး လုပ် ချင်တာ ငွေတွေ လိမ် ချင်လို့  ၊ အန်ထွက် ပါစေတော် ၊ ကိုဘသာ အစ်မ ရန် က အေးပြီး လူကြီး ရန် က လာ ပြန်ပြီ ၊ နေပေစေဦး သေနာကြီး ... ဒီည ကိုဘသာ အရှင်ကြီး ကို တိုင်တည်ပြီး စီးတော် မြင်း နဲ့ တိုက်သ,တ်ခိုင်းမယ် ”


မကျင် အိမ် ကို မပြန်သေးဘဲ ဒေါ်အေးသုန် အိမ်ဘက် သို့ မျက်နှာ မူ လိုက်သည် ။ ကိုအုန်းဆောင် လည်း လူယုံတော် တစ်ယောက် ကို လွှတ်၍ မကျင် နောက် သို့ လိုက်ခိုင်း လိုက် လေသည် ။


“ မကျင် .. မလာစဖူး အလာ ထူး လှချည်လား ”


“ ပြောစရာ ရှိလို့ ဒေါ်အေးသုန် ရေ ”


ဆိုပြီး ဇာတ်လမ်းစုံ ရှင်းပြ လိုက်လေ တော့သည် ။


“ ဒီ ပိုက်ဆံ က သူ နဲ့ ဘာ ဆိုင်လို့ လဲ ၊ ဒါ သက်သက်မဲ့ လူလည် လုပ်တာ ၊ လူကြီး ဆိုတဲ့ အမျိုး အစား က မူးရ မူးစား မတ်ရ မတ်စား ပဲ ၊ ဒီ ကိစ္စ နင် မပူနဲ့  ၊ အရှင်ကြီး ဘသာ ဆီ ငါ တိုင်တည်မယ် ... လာလာ ”


ဆိုပြီး အိမ်ရှေ့ သို့ မကျင် ကို ခေါ်သွား သည် ။ အိမ်ရှေ့ ရောက်တော့ ဘယ် အချိန် က ဆောက် ထားမှန်း မသိသော ဝါးနတ်ကွန်းလေး ၊ “ အရှင်ကြီးဘသာ ” ဟု လည်း ရေးထားပေးသည် ။ ဒေါ်အေးသုန် အသံကျယ်ကြီး ဖြင့် ...


“ ကြည့်နေတော် မမူပါနဲ့ အရှင်ကြီး ကြောင့် အရှင်ကြီး အတွက် ပူဇော်ပသသော လက်ပစ် ကြေး များစွာ ကို အဂတိ လိုက်စား သော် လည်းကောင်း ၊ ခြစားခြင်း သော် လည်းကောင်း ၊ လာဘ်ပေး လာဘ်ယူ သော် လည်းကောင်း သိရှိပါ က တစ်ပတ် အတွင်း သွေးပွက်ပွက် အန်၍ ငွေတော်များစွာ ကို အရှင်ကြီး လူ့ ဘဝ က တော်စပ်ခဲ့ ဖူးသော ဇနီးမယား မကျင် ဆီ ကို ရင်းနှီး စားရအောင် အမြန် ဆုံး ရောက်အောင် ပို့ဆောင် ပေးတော်မူပါ အရှင်ကြီး ဘသာ ရှင့် ၊ တပည့်တော်မ ရိုသေစွာ လျှောက်ထား ပါသည်  ၊ တပည့်တော်မ ကို လည်း ဒီထက် နာမည် ကြီး အောင် ကူညီ စောင့်ရှောက်တော် မူပါ ၊ အရှင် ဘသာနတ်မင်းကြီး ရှင့် ”


“ ကဲ ... တစ်ပတ် အတွင်း ညည်း ဆီ ကို ဥစ္စာရင်း မှန် ပြန်လာ လိမ့်မယ် ၊ ဟဲ့ မ ကျင် ... ညည်း အောင်မြင် ရင် တော့ ဒီ နတ်နန်း ကို အုတ်နတ်နန်း လုပ်ပေးရ မယ် ... ကြားလား ”


“ စိတ်ချစမ်းပါ ဒေါ်အေးသုန်ကြီး ရယ် ၊ တစ်ပတ် အတွင်း သာ ရ ပါစေ ၊ နတ်နန်း ကို စိန်စီပစ် လိုက်မယ် ”


မကျင် ကတိ ပေးပြီး ပြန်လာခဲ့သည် ။ လမ်း တစ်လျှောက် မှာ မကျင် စဉ်းစား ကြည့်သည် ။ သူ့ ယောက်ျား က နတ် နန်း လုပ်ရတဲ့ အဆင့် တောင် ဖြစ်သွားပြီ လား ၊ တကယ်ကော နတ် ဖြစ် သွားတာလား။


မကျင် ခေါင်း တစ်ချက် ကုတ် လိုက် ပြီး သူ့ အိမ် ဘက် သို့ ခပ်သွက်သွက် ဆက် လျှောက် လာခဲ့ သည် ။


 •••••   •••••   •••••


“ ကျွန်တော် မကျင် နောက် ကို ခပ်လှမ်းလှမ်း က နေ မယောင်မလည် လိုက် သွားပြီး ၊ သူ တစ်ချက် တစ်ချက် လှည့် ကြည့်ရင် ကျွန်တော် ကိုဖိုးဆိတ် ခြံ နား ကို ပြေး ကပ်တာ တစ်ကြိမ် ၊ ရွာလယ် လမ်းကွေ့ ရောက် တော့ မကျင် မယောင်မလည် နဲ့ နောက် ကို တစ်ချက် လှည့် ကြည့်တယ် ၊ ဒေါ်သန်းခင် ခြံ နား ကို တစ်ကြိမ် ကျွန်တော် ပြေး ကပ်ပြီး .. ”


“ ဟေ့ကောင် ... လိုရင်း လုပ်ကွာ ၊ မင်း ပုန်းတာတွေ ကပ်တာတွေ ငါ မလိုချင်ဘူး ၊ လိုရင်း ပြော ”


“ ဟုတ်ကဲ့ ... လိုရင်း ပြောပါ့မယ် ၊ မကျင် ဒေါ်အေးသုန် အိမ် ရောက် ၊ အိမ် ရှေ့ ထွက် ၊ နတ်ကွန်း ၌ တိုင်တည် ၊ ခြ စား ၊ အဂတိ ၊ လာဘ်ပေးလာဘ်ယူ ရှိက တစ်ပတ်အတွင်း သွေးပွက်အန်သေ ” 


“ ဘာ နတ်ကွန်း လဲ ”


လူကြီး ကိုအုန်းဆောင် အနည်းငယ် တုန်လှုပ် သွားသည် ။ 


“ အရှင်ကြီးဘသာ နတ်ကွန်း ”


“ ဟေ ... အေး အေး ၊ မင်း သွားတော့ ၊ မကျင် ရဲ့ လှုပ်ရှားမှု ကို မျက်ခြည် မပြတ် ကြည့်ထား ... ကြားလား ” 


“ ဟုတ်ကဲ့ ” 


အထောက်တော် ပြေးဆင်း သွားသည် ။ တိုက်ဆိုင်မှုလား ၊ သို့တည်းမဟုတ် နတ် ကိုင် လိုက်သည် လား မပြောတတ် ။ ကိုအုန်းဆောင် ၏ သား အကြီးကောင် ကိုယ်တွေ ချစ်ချစ်တောက် ပူနေသည် ဟု ဇနီး ဖြစ်သူ က စောစောကလေး တင် လာ ပြောထားသည် ။


ကိုအုန်းဆောင် စဉ်းစားရ ကျပ်နေသည် ။ ငွေတွေ က လည်း ကိုယ်ရေး ကိုယ်တာ သုံး ထားလို့ လက်လွန် နေသည် ဘသာနတ် က ကိုင် လိုက်ပြီလား မပြောတတ် ။ ကိုအုန်း ဆောင် ချွေးပြန် လာ သည် ။ အိမ်ခြေ ၁၀၀ ကျော် ရှိသည့် တကလှဲ့ရွာ တွင် အိမ်တိုင်း လိုလို အိမ်ရှေ့ တွင် အရှင်ကြီး ဘသာ နတ်နန်းများ က အပြိုင်အဆိုင် ။ ငွေကြေး တတ်နိုင်သူများ က အုတ် နှင့် နတ်နန်း လုပ်ထား ကြသည် ။ ပန်းရန်ဆရာ အေးငွေ လည်း နားရသည် မရှိ ။ ပတ်ဝန်းကျင် ရွာများ က ပင် နတ်ကတော် ဒေါ်အေးသုန်ကြီး ဆီ အုပ် လိုက် အုပ်လိုက် လာ မေးကြသည် ။ 


ဒေါ်အေးသုန် အိမ် ဘေး က ကိုသန်းကြီး က မုန့်ဆို င်နှင့် အသုပ်ဆိုင် ခါတော်မီ ပြေး ထောင် ထား သည် ။ သူ လည်း တော်တော် ရောင်း နေရသည် ။ အချို့ နတ်နန်းတွင် ရေထမ်းထမ်းပိုး နှင့် ရေပုံးနှစ်ပုံး ပုံတူလေး လုပ် ထားကြ သည် ။ ရွာ ထဲ မှာ လည်း လူစိမ်းတွေ က ခြေချင်း လိမ် နေသည် ။ သိုက်ဆရာ ၊ အောက်လမ်းဆရာ ၊ ဘိုးတော် လိုလို ပုံစံ တွေ က လည်း ဒု နှင့် ဒေး ။ အချို့ ဘိုးတော် တွေ ဆိုလျှင် ... ဘသာ အလောင်း ထားခဲ့ သည့် မြေနေရာ မှ မြေကြီး ကို ပင် တူးဆွ ယူ နေ ကြသည် ။ ဘသာ သတင်း က နည်းမျိုးစုံ ကြား နေ ရသည် ။


“ တော့် သား က အပူ မကျဘူး ၊ မြို့ ဆေးရုံ တင် မှ ဖြစ်မယ်ထင်တယ် ” 


“ အေးပါ .. ငါ ကြည့် စီစဉ်လိုက်ပါ့မယ် ”


လူကြီး ကိုအုန်းဆောင် ဆက် စဉ်းစားသည် ။ ငြိမ်းခင်ကြီး စုန်းပူး သလိုလို ၊ နတ်ပူး သလိုလို ဖြစ်တုန်း ကလည်း ဒေါ်အေးသုန်ကြီး အရှင်ကြီး ဘသာနတ် ဝင် စီးပြီး ထုတ်ပစ် လိုက်တာ ချက်ချင်း ထွက် သွားသည် ။ ဒေါ်အေးသုန်ကြီး ငြိမ်းခင်ကြီး ကို နား နား ကပ် ပြီး ဘာ ပြောလိုက်တယ် မသိ။ ထို ကိစ္စ ပြီး ကတည်း က ဒေါ်အေးသုန်ကြီး တစ်ဟုန်ထိုး နာမည် ကြီး သွားသည် ။ အခု ဆိုရင် အချိန် နှင့် တောင် နတ် ဟော နေရသည် မကျင်ကြီး ငါ့ ကို နတ် နှင့် တိုက် နေပြီလား ။ သူ့ ငွေကြေး နှင့် ပတ်သက်ပြီး မကျေနပ်မှန်း သိ သည် ။ ငါ က ကံ မြင့် နေလို့ ဘာမှ မဖြစ် တာ ၊ ကံ နိမ့် သည့် ငါ့ သား ထိ သွားပြီ လား ။ လူကြီး ကိုအုန်းဆောင် အိမ်ရှေ့ ဘက် သို့ ငေးကြည့် နေရင်းမှ ... 


တိုင်မှာ ချိတ် ထားသော လွယ်အိတ် ကို လှမ်း ယူ လိုက်သည် ။


 •••••   •••••   •••••


“ ကိုအုန်းဆောင် ... ရှင့် စာရင်းတွေ က လည်း မဟုတ်မဟတ်တွေ များ နေ တယ် ၊ ကူငွေစာရင်း က လည်း လာ ကူ ထားတဲ့ ရွာတွေက ငွေတွေ လည်း မပါဘူး ”


“ ဟဲ့ မကျင် ... အဲဒါ စာရင်း အကုန်ပဲ ၊ မကျေနပ် လည်း ငါ မတတ်နိုင်ဘူး ၊ နင့် ကို ငါ ပြော ထားမယ် နော် ... ငါ့ ကို နတ်တိုက် သလိုလို စုန်းတိုက် သလိုလို တော့ မလုပ်နဲ့  ၊ ငါ က တရားဥပဒေ နဲ့ အညီ လုပ်မှာ ပဲ ”


“ ကိုဘသာ ရေ ကြည့် မနေပါနဲ့  ... ဟီးဟီး ”


ကိုအုန်းဆောင် ခြေလှမ်း တုံ့ သွားသည် ။


မကျင် မှန်းထားသည့် ငွေကြေး ကား မှန်းချက် မကိုက် ။ သို့သော် ကိစ္စ အဝဝ ကို ဒေါ်အေးသုန် ဆီ အစီရင် ခံ ရမည်။ ငွေကြေး အဆမတန် ကွာဟ နေသည် ကို မကျင် တော်တော် မကျေမနပ် ဖြစ်နေ သည် ။ အာမခံ ထားသော နတ်ကွန်းအုတ် အတွက် လည်း ငွေ ပေး စရာ ရှိ၍ ဒေါ်အေးသုန် အိမ် ဘက်သို့ ထွက် ခဲ့သည် ။


ဒေါ်အေးသုန် အိမ် ရှေ့ မှာ လူ စည်ကား နေသည် ။ လှူ တဲ့ လူ များ လာ၍ လား မသိ ပိတ်အနီများ က တလူလူ နှင့် အဝေး က ပင် လှမ်း မြင်နေရသည် ။ ဒေါ်အေးသုန် နတ်ကွန်း နားရောက်တော့ မကျင် မျက်စိမျက်နှာ ပျက် သွားသည် ။ သေမယ့် လူကြီး ကို ဒေါ်အေးသုန်ကြီး နတ်ဟော နေသည် ။ ဘယ်အချိန် က ရောက် နေပါလိမ့် ဟု မကျင် တွေးလိုက် သည် ။ မကျင် ဒေါ်အေးသုန် မြင်သာ အောင် အယောင် ပြ လိုက်သည် ။ ငွေ ကို လည်း လက် က မသိမသာ ပြ ထားသည် ။ ဒေါ်အေးသုန် သဘောပေါက်သည့် အထာ ဖြင့် ခေါင်းညိတ် ပြ လိုက်သည် ။


“ ဟဲ့ ... နင် အမှားတွေ ကျူးလွန် ထား ပါလား ၊ အရှင်ကြီး တော်တော် စိတ်ဆိုး နေတယ် ၊ တစ်အိမ်သားလုံး ကျန်းမာရေး ဂရုစိုက် ဟဲ့ ၊ ငါ မြင်နေတယ် ”


“ နည်းနည်းပါးပါး တောင်းပန်လို့ မရဘူးလား ”


ကိုအုန်းဆောင် နည်းနည်း ဈေးဆစ် ကြည့်သည် ။


“ နတ် က တောင်းပန်တိုင်း ကျေနပ်ရအောင် လူ မဟုတ်ဘူး ဟဲ့ ”


ကိုအုန်းဆောင် ချွေးပြန် သွားသည် ။ ထို ချွေးများ သည် ငွေ အလွဲသုံးစား လုပ် ထားသော ချွေး များ ဟု နတ်ကတော် ရိပ်မိ လိုက်သည် ။


“ ငါ မြင်နေတယ် ငါ မြင်နေတယ် ဟေ့ ” ဟု ပြောပြီး “ ဖြောင်း ဖြောင်း ” ဆိုပြီး လက်ချောင်း ရိုက်သံများ ဖြင့် ပြီးဆုံး သွားပြီး ဒေါ်အေးသုန် ခွေကျ သွားသည် ။ ဝိုင်းဝန်း ယပ်ခတ် ပေးကြသည် ။


နတ်ကတော် ဒေါ်အေးသုန် အနားယူ ချိန် ဟောချက် ထုတ်သည့် အချိန်တွင် ..


“ တစ်ပတ် တောင် မနေပါဘူး ၊ ဟောချက်တွေ က ကောင်းလိုက်တာ ၊ နာရီ ပိုင်း ပဲ ခြားတယ် ၊ ငွေတော့ လာ ပို့ပါရဲ့ ၊ ဖြတ်တောက် လှီးဖြတ် ထား လိုက်တာ အရိုး အရင်း ပဲ ရ လိုက်တယ် ၊ ကျွန်မက တော့ ကတိ အတိုင်းပဲ နတ်နဲ့ နဂါး မ လှည့်စားနဲ့ တဲ့  ၊ ငွေ သုံးသောင်း ကန်တော့ ပါတယ် ... နတ်နန်း အတွက် နတ်နန်း အတွက် ”


ပြောပြီး ဒေါ်အေးသုန် လက် ထဲ သို့ ထည့် လိုက်သည် ။ ဒေါ်အေးသုန် က လက် အမူအရာ ဖြင့် နတ်နန်း ပေါ် တင် ခိုင်း လိုက်သည် ။ ပတ်ဝန်းကျင် လူများ လည်း ငြိမ် သွားကြသည် ။


 •••••   •••••   •••••


ငချိတ် အတော်ပင် မူး နေပြီ။ ငချိတ် စိုက်ကြည့် နေသော အသစ်စက်စက် နတ်စင်လေး ကို အသေအချာ စိုက် ကြည့် နေသည် ။ အရင့် အရင် က လည်း ငါ ဒီဆိုင် မှာ ပဲ သောက်တာ ။ ဒီနတ်စင် ကို မမြင်ဖူးပါဘူး ။ ငချိတ် ဒယီးဒယိုင် ဖြင့် ထ ပြီး နတ်စင်နား ချဉ်းကပ် သွား သည် ။ အရက်ဆိုင် ပိုင်ရှင် မိပုန်း က ငချိတ် ၏ အမူအရာ ကို အကဲခတ် နေရင်း မှ မသိမသာ အနား ကပ်သွားသည် ။ ငချိတ် မိပုန်း ကို လှည့် ကြည့်ပြီး ... 


“ မိပုန်း ... ဒါ ဘာလဲ ”


“ အရှင်ကြီးဘသာ နတ်နန်း လေ ”


“ ဘာ ... အရှင်ကြီးဘသာ နတ်နန်း ၊ နင်တို့ တော်တော် ရူးတာပဲ ၊ ဘာ အရှင်ကြီး မှ မဟုတ်ဘူး  ၊ ငါ မပြောဘဲ နေ မလို့ ပဲ ၊ နင်တို့ တစ်ရွာလုံး ရူး ကုန် ပြီ ၊ ဘသာ က မသေဘူး ဟ ”


မိပုန်း မျက်လုံး ပြူး သွားပြီး ... 


“ ငချိတ် ...နင် ပြန်တော့ ပြန်တော့ ၊ ပေါက်ပန်းလေးဆယ်တွေ မပြောပါနဲ့ ၊ ငါ ဒုက္ခ ရောက် အောင် မလုပ်ပါနဲ့ ၊ အရှင်ကြီး စောင့်ရှောက် ထားလို့ ငါ အဖမ်းအဆီး လွတ် နေတာပါ ... ပြန် ပြန် ငချိတ် ”


ငချိတ် လာလမ်း ပေါ် ရောက် သွားသည် ။ မိပုန်း အိမ် ဘက် ယိုင်ထိုးထိုး ဖြင့် တစ်ချက် လှည့် ကြည့်ပြီး ...


“ တစ်ရွာလုံး ရူးကုန်ကြပြီ ၊ မရှိတဲ့ နတ် ကို တွေ့ရာ နာမည် တွေ ပေးပြီး လျှောက် ကိုးကွယ်နေကြ တာ ၊ ဘသာ ရေ ... မင်း အဖြစ် က တော့ ရယ်ရတယ် ၊ မင်း က နေရင်း ထိုင်ရင်း ... 

အရှင်ကြီးဘသာနတ် တဲ့ ကွ ၊ ဟား ဟား ဟား ”


 •••••   •••••   •••••


“ ဒါ အင်္ဂလိပ် အခက် ဗမာ့ အချက် ပဲ ” 


“ မင်း ဟာ က လွတ်လပ်ရေး မရသေး တဲ့ ခေတ် ပြန်သွားဦး မလို့ လား ” 


ကိုသောင်းထွန်း စကား ကို ဖိုးစံပ က မသိမသာ ကန့်ကွက် လိုက်သည် ။


“ မဟုတ်ဘူး လေဗျာ ... ခုဆိုရင် အုန်းဆောင် နဲ့ မကျင် ပြဿနာ ၊ တာရိုး လုပ်တုန်း က ရွာ ထဲ က ကောက်ခံ ထား တဲ့ ငွေတွေ စာရင်း ဖျောက် ပစ်လိုက် တာ ၊ အဲဒီ အုန်းဆောင် ရဲ့ အခက် ဖြစ်နေချိန် မှာ ဒါတွေကို ရွာ က လူတွေ ဝိုင်း လက်မှတ် ထိုး တိုင် လိုက်ရင် အုန်းဆောင် ပြုတ်ပြီပေါ့ဗျ ” 


“ ဒီကောင် လည်း လူလည် နော် ၊ လျှော့ တော့ မတွက်နဲ့  ၊ လူကြီးတွေ ကို အသေ ပေါင်းထားတာ ၊ တော်တော့် ကို ဖြုတ်ယူရမှာ ” 


“ ဒီ အချက် က တော့ ဒီ ကောင် ပြုတ်ဖို့ လုံလောက် နေပါပြီ ဦးလေးစံပ ရယ် ”


တစ်ချိန်လုံး ငြိမ် နေသည့် ကိုအေးကြီး က ...


“ သောင်းထွန်း ထင်မြင်ချက် လည်း မဆိုးဘူး ဦးလေးစံပ ရဲ့  ၊ ခု ဆိုရင် သူ့ သားကြီး က လည်း ဆေးရုံ တင်ရ မလို ဖြစ်နေ ၊ နွား တစ်ကောင် လည်း ဘာ ရောဂါမှန်း မသိဘူး ... နေ့လား ညလား ပဲ ၊ ဒီကောင် ခု ရက်ပိုင်း အတွင်း တော်တော် အကျပ် ရိုက် နေတယ် ၊ မကျင် က လည်း

ငွေရေးကြေးရေး ကိစ္စ နဲ့ တစ်ရွာလုံး လိုက် ပြောတာ နှံ့ နေတာပဲ ”


“ ဟေ့ကောင်တွေ ...တိုက် ရင် လည်း ပြုတ် အောင် တိုက် ၊ မစို့မပို့ တော့ သွား မလုပ်နဲ့  ၊ ဒီကောင် က ကလိမ်ကကျစ် ပညာ တော်တော် တတ်တယ် ၊ အဓိက က သောင်းထွန်း ၊ မင်း ရွာက လူတွေ ကို လက်မှတ် ထိုး ခိုင်း ၊ အဓိက တိုင်ရမယ့် အလုပ် က ဒါပဲ ၊ လက်ရှိ မှာ မကျင် က တော့ သူ ပထမဆုံး ထိုး မှာ ကျိန်းသေတယ် မောင် ”


ဟု ပြောပြီး ဖိုးစံပ သောင်းထွန်း အိမ် ပေါ် က ဆင်း သွားလေသည် ။


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment