Wednesday, October 4, 2023

အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို ( ၂ )


 

◾အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို

❝ မအိုမီ ၊ မနာမီ ၊ မသေမီ ... ❞

“ ခေတ်ပြိုင် ဝတ္ထုတိုများ ” စာအုပ် ကို စုဆောင်း ထုတ်ဝေ သူ မောရစ်ဘော်ဒင် ( Maurice Baudin . jr , ) စာအုပ် အမှာစာ တွင် ဝတ္ထုတို ပုံသဏ္ဍာန် နှင့် ပတ်သက်၍ ဤသို့ ရေးခဲ့ပါသည် ။

“ စာ ကို လေးလေးနက်နက် ဖတ်သူတိုင်း က ဝတ္ထုတို သဘော နှင့် ပတ်သက်၍ တိကျသော အနက် ဖွင့်ချက် ကို အငမ်းမရ လိုက် ရှာ နေကြပေလိမ့်မည် ။ ယခင် က မသိ သေး လျှင် ရှိစေ ၊ ယခု ဤ ဝတ္ထုတိုပေါင်းချုပ် ပါ ဝတ္ထုတိုများ ကို ဖတ်ပြီး သည့် နောက် တွင် ကား မရှိသော အရာ ကို ရှာနေ မိလေတကား ဟု သိလာလေအံ့ ။ တစ်စုံ တစ်ယောက် သူ က ပြောပြီ ဆိုပါစို့ ။ ဝတ္ထုတို ဆိုသည် မှာ စိတ်ကူးဖြင့် ဖန်တီးထားသော ၊ တစ်ခုတည်း သော ဇာတ် အချက်အချာ ရှိသော စာလုံးရေ ဘယ်နှစ်ရာ လောက် နှင့် ဘယ်နှစ်သောင်း လောက် အတွင်း ( ကိုယ့် ကိုယ် ကိုယ် သ,တ်သေသူ ၏ မှာတမ်း လောက် လည်း မတို ၊ ဝတ္ထုရှည် လောက် လည်း မရှည်ပေါ့လေ ) ရှည်လျားသော ဘာသော ၊ ညာသော နှင့် ပြောလိုက် လျှင် အဲဒီ လူ ပြောပြော သမျှ တစ်ခု မျှ သုံး မရ ။

ဝတ္ထုတို မှာ ရင့်ကျက်ဖို့ ဝေးစွ ။ အရွယ် မျှ ပင် မရောက်တတ်သေး ။ တစ်စုံ တစ်ခု ကို တိုင်းတာရန် ဆိုသည် မှာ တည်ငြိမ် နေ မှ တိုင်းတာ သတ်မှတ် ရ နိုင် စကောင်း သည် ။ ယခု သော် ကား ဝတ္ထုတို သည် ကြည့် နေရင်း ပင် ခု ပိန်လိုက် ၊ ခု ဖောင်းလိုက် ။ ခု ပြားလိုက် ၊ ခု လုံးလိုက် နှင့် ရှုံ့ချည် နှပ်ချည် ဖြစ် နေလေရာ အဘယ် မှာ လျှင် တိုင်းတာ သတ်မှတ် နိုင်ပါမည်နည်း ။

မဆိုစကောင်း တစ်နေ့ နေ့ ကျလို့ များ ဣန္ဒြေလေး ရ လာပြီ ဆို လျှင်တော့ ဝိဂြိုဟ် ဖွင့် လို့လည်း ရပြီ ၊ အရွယ် လည်း ရောက်ပြီ ။ အရွယ် ရောက် မှ တော့ ရင့်ကျက် လာ တော့မည် ။ ထိုအချိန် မတိုင်မီ မှာ တော့ ဝတ္ထုတို ဆတ်စလူး သည် ကော့ကော်ကန်ကား လုပ် နေဦးမည် မှာ မုချတည်း ။ ”

( မူရင်း စာရေးသူ ကိုယ်တိုင် က ခပ်မြူးမြူး ခပ်လှောင် လှောင် ရေးထား သဖြင့် တတ်နိုင် သမျှ သူ့ လေသံ မိအောင် ပြန်ဆို ထားခြင်း ဖြစ်ပါသည် ။ )

စာဖတ်သူ ။ “ လူမျိုးနော် ” ၏ ဝတ္ထု ကို ဖတ်ပြီး ပါ ပြီလား ။ ဖတ်ပြီး လျှင် ဝတ္ထုတို ပါ ပဲ ဟု ဘဝင် ကျ ပါသလား ။ စာဖတ်သူ က ဘဝင် ကျသည် ဖြစ်စေ ၊ မကျသည် ဖြစ်စေ ဝတ္ထုတို အဖြစ် နှင့် ပင် ရှုမဝ မဂ္ဂဇင်း တွင် ပါဝင်ခဲ့ ပြီး ပါပြီ ။

မည်သို့ပင် ဖြစ်စေ ဤ ‘ မအိုမီ ၊ မနာမီ ၊ မသေမီ ’ ဝတ္ထု ကို ဝတ္ထုတို အဖြစ် မယူဆ လျှင် ရသ စာတန်းငယ် ( အက်ဆေး ) အဖြစ် လည်း အရသာ ခံ နိုင်သည် ဟု ကျွန်တော် ဆိုချင်ပါသည် ။

သို့သော် ကျွန်တော် က တော့ ဝတ္ထုတို ဟု ပဲ ဘဝင် ကျကျ လက်ခံ ပါသည် ။ ယနေ့ မြန်မာဝတ္ထုတို များ တွင်  ကွက်စိပ် ဇာတ်ပြော ဝတ္ထုတိုများ လွှမ်းမိုး နေဆဲ ဖြစ် သော်လည်း ဤသို့သော ဉာဏ်သစ် ၊ ဟန်သစ် ဝတ္ထု တိုလေးတွေ တိုးပွား လာ နေကြောင်း ကို ကား သတိပြု သင့် ပါသည် ။

ဝတ္ထုတို တွင် ဇာတ်လမ်း အရေးမကြီး ဟု ဆိုသော် လည်း ပြောလို့ ဖြစ်ရုံ ဇာတ်လမ်း ပါးပါးကလေး တော့ ပါ နေ တတ်သည် ဟု ကျွန်တော် ဆို ခဲ့ပါသည် ။ ယခု လူမျိုးနော် ၏ ဝတ္ထု တွင် ကား ပြောအား မရှိလောက် အောင် ပင် ဇာတ်လမ်း က ပါးလွှာ နေသည် ကို တွေ့ ရပါသည် ။

ဝတ္ထု ပြောသူ မှာ မန္တလေး ဆေးတက္ကသိုလ် က ဆေးကျောင်းသားလေး တစ်ယောက် ဖြစ်ပါသည် ။ ဇာတ်လမ်း မှာ ဆေးကျောင်းသား မို့ ဆေးရုံ ပေါ် က လူနာတွေ ကို တွေ့ ရသည် ။ သမားတော် ဆရာဝန်ကြီး ကွယ်လွန်သည် ကို တွေ့ရသည် ။ ဘိုးဘွားရိပ်သာ တွင် သွားရောက် လုပ်အားပေး ရင်း လူအိုတွေ ကို တွေ့ ရသည် ။ ထို့ကြောင့် အိုနာသေဘေး ကို ထိတ်လန့် မိသည် ။ ဒုက္ခအပေါင်း တို့ နှိပ်စက်ခြင်း များလှသော ခဏတာ လူ့ ဘဝလေး အတွက် သံဝေဂ ရမိသည် ။ ထို့ကြောင့် တရားကျ ဘုန်းကြီး ဝတ်ပြီး တောထွက်သွား တော့သည် ။ ဤသို့ မထင် လိုက်ပါလေနှင့် ။ အဝတ်အစား လဲ ၊ ရေမွှေးလေး ဆွတ်ပြီး ချစ်သူ ရှိ ရာ “ သစ္စာဆောင် ” သို့ မော်တော်ဆိုင်ကယ်လေး နှင့် မြူးမြူးကြွကြွ ထွက်လာ ခဲ့တော့သည် ။ ဤသည် မှာ ဇာတ်လမ်း အကျဉ်း ဖြစ်ပါသည် ။

ဤ ဝတ္ထုတိုလေး နှင့် ပတ်သက်၍ ကျွန်တော် ကြိုက် သော အချက် ( ၄ ) ချက် ကို တင်ပြချင်ပါသည် ။

◾ ပထမ အချက် မှာ သည်းဖိုစေမှု ဖြစ်ပါသည် ။

လျှို့ဝှက်သည်းဖို ဟူသော စကား မှ သည်းဖို ဟူသော စကားလုံး ကို ယူ၍ သုံးလိုက်ပါသည် ။ လူသ,တ်တရားခံ ကို ဖော်ထုတ် ရသော သည်းဖိုမှုများ ၊ ဓားခုတ် ၊ တုတ်ရိုက် သည်းဖိုမှု များ ၊ ကောင်မလေး နဲ့ ကောင်လေးပေါင်း မှ ပေါင်းရပါ့ မလား ဟူသော သည်းဖိုမှုများ မှာ လျှို့ဝှက်သည်းဖိုမှုများ ဖြစ်ပါ သည် ။ စာရေးသူ က စာဖတ်သူ ၏ စိတ် ကို ကလိ ဆွ ပြီး မချင့်မရဲ ဖြစ်စေ လို သောကြောင့် တမင် လျှို့ဝှက် ထား ရသည့် သည်းဖိုစေမှုများ ဖြစ် ပါသည် ။

ဤဝတ္ထုတိုလေး တွင် တွေ့ ရသော သည်းဖိုမှု မှာ ထိုကဲ့သို့သော အကြမ်းစား သည်းဖိုစေမှုမျိုး မဟုတ်ပါ ။ ရှေးဦးစွာ ရောဂါသည်များ ၊ ဒဏ်ရာရသူများ ၊ သေသူများ ၊ အိုသူများ အကြောင်း ကို တစ်ခု နှင့် တစ်ခု အဆက်အစပ် မရှိ တင်ပြ သွားပါသည် ။ စာဖတ်သူ မှာ လည်း အဆက်အစပ် မရှိသော ပြကွက်များ ကြောင့် သူ ဘာ ပြောချင်လို့လဲ ၊ ဒါတွေက ဘာ လုပ်ရမှာလဲ ၊ ဘယ်လို အဆုံးသတ်မှာလဲ စသည် ဖြင့် အမှတ်မထင် စူးစမ်း စိုးရိမ် နေ မိသည် ။ တစ်စုံ တစ်ခု ကို မျှော်လင့် မှန်းထား နေသည် ။ ဤသို့လျှင် သိမ်မွေ့ သော သည်းဖိုမှု ၊ သိလိုမှု တို့ ကို ဖြစ်လာ စေပါသည် ။ လူသ,တ်တရားခံ ဘယ်သူလဲ ဟူသော သိလိုမှု ၊ သည်းဖိုမှု မျိုး နှင့် အဆင့် ကွာပုံ ကို တော့ စာဖတ်သူ သိပြီးဖြစ်၍ ပြောစရာ မလိုတော့ပါ ။

ဤကဲ့သို့ သည်းဖိုစိတ် နှင့် လိုက် လာသော စာဖတ် သူ ကို ကျေနပ် လောက်သော ဖြေရှင်းမှု နိဂုံး မပေး နိုင် လျှင် စာဖတ်သူ က ဒီကောင့် ဟာ က ဘာလဲဟ ၊ အူကြောင် ကြောင်နဲ့ ဟု ဆဲနေမည် မှာ သေချာ လှပါသည် ။ ထို့ကြောင့် ဤ ဝတ္ထုမျိုး ရေးသူ တို့ ၏ ဘဝ မှာ လည်း သည်းဖို ဘဝ ပင် ဖြစ်ပါ သည် ။ လျှို့ဝှက်သည်းဖို ဝတ္ထုများ တွင် စာဖတ်သူ ကျေနပ် လောက်သော အကြောင်းပြချက်များ နှင့် လူသ,တ်တရားခံ ကို ဖော်ထုတ် ပေး လိုက် နိုင်လျှင် သပ်ရပ်သော နိဂုံး ဟု ဆိုနိုင် ပါသည် ။ လူမျိုးနော် ၏ ဤ ဝတ္ထုမျိုး တွင် ကား စာဖတ် သူ ကျေနပ်စေ လောက်သော ဒဿန အမြင် တစ်ခု ခု ကို တင်ပြ နိုင်ရပါသည် ။ သို့မှသာ သပ်ရပ်သော နိဂုံး ဟု ဆိုနိုင် ပါသည် ။ ဘယ်သင်း က ပိုပြီး ခက်သည် ကို စာဖတ်သူ သိပြီး ဖြစ်ပါသည် ။

လူမျိုးနော် သည် သူ ၏ သည်းဖိုဝတ္ထု ကို သပ်ရပ်စွာ နိဂုံး ချုပ်နိုင်သည် ဟု ကျွန်တော် ယူဆပါသည် ။

◾ ဒုတိယ အချက် မှာ ဟာသ ဖြစ်ပါသည် ။

ရှေ့ပိုင်း တွင် ဗျာဓိ ၊ ဇရာ ၊ မရဏတွေ အကြောင်း မိုးမွှန် အောင် ပြောပြပြီး နောက် ရည်းစား ဆီ ကသောကမျော ပြေး သွားသည် ကို တွေ့ရသော အခါ ဪ ... ဒီကောင် နှယ် ၊ ပြော လိုက်တော့ မိုးလား ကဲလား ၊ ပြောင်းလဲ လိုက်ပုံ က လည်း မျောက် ခုန် သလိုပါလား ဟု ရှေ့နောက် မညီပုံ ကို တွေး ၍ ပြုံး လိုက်မိပါသည် ။

သို့သော် ကျွန်တော်တို့ က ကော သူ့ ထက် ဘာများ ထူးပါသနည်း ။ လူတွေ အားလုံး သူ လို ချည်း ပဲ မဟုတ်ပါလား ။ ဂျော့ဂျ်ဆန်တာယာနာ ပြောသော စကား ကို သွားပြီး သတိရ မိပါသည် ။

“ လောကကြီး သည် အမြဲတမ်း သူ့ ကိုယ် သူ ပုံတူ ရုပ်ပြောင် လုပ်ပြီး လှောင် နေသည် ။ ဟန်လည်း ဆောင် သည် ။ ဟန်ဆောင်မှု ကို လည်း သရော်သည် ။ မရှိသည် ကို ရှိဟန် ဆောင်ပြီး ဟန်တစ်လုံး ပန်တစ်လုံး လုပ် တတ်သည် ။ ထိုအချက် ကို ပင် ပြန်၍ စစ်ဆေးပြီး အမှန်ကို ဖော်ထုတ် ပြသ ပြန်သည် ။ ပြီးတော့ ဤသို့ ရှေ့ က ဖုံး ၊ နောက် က ဖော် ကိစ္စကြီး ကို ပြန်ပြီး ဖုံးဖုံးဖိဖိ လုပ်ကြ ပြန်သည် ။ ဤသို့ အား ဖြင့် အစဉ်အလာ အယောင်ဆောင်မှုကြီး သည် အမှန်တရား ၏ အထက် က လွှမ်းမိုး နေရကား အမှန်တရား ကို ရှာလေ သမျှ နေရာ တိုင်း တွင် ဤအစဉ်အလာ ဟန်ဆောင် မှုကြီး က ကန့်လန့်ခံ နေတတ်သည် ။ “ ဟာသ ” က ဤ အချက် ကို မြင်သည် ။ သို့သော် အစဉ်အလာ ဟန်ဆောင်မှု ကြီး က မသိကျိုးကျွံ ပြုလျက် ရှင်သန်နေမြဲ ဖြစ်နေသည် ။ ”

လူမျိုးနော် ၏ ဝတ္ထု သည် ဟာသ ဖြစ်ပါသည် ။ သို့သော် အဆင့်မြင့်သော ၊ နူးညံ့သိမ်မွေ့သော ဟာသ ဖြစ်ပါသည် ။ တဝါးဝါး ရယ်မော ရ သော ဟာသမျိုး တော့ မဟုတ်ပါ ။ ကျွန်တော် က တောမတ်စ်ကာလိုင်း လောက် မပြောတတ်ပါ ။ သူ ပြောတာ ဘယ်လောက် ကောင်းသလဲ နားထောင် ကြည့်ပါ ။

‘‘ အဆင့်မြင့် ဟာသ ဟူ သည် ဉာဏ်ကိစ္စ မျှ သာ မဟုတ် ၊ နှလုံးသား ကိစ္စ လည်း ဖြစ်သည် ။ ဤ ဟာသမျိုး သည် ကဲ့ရဲ့ရှုတ်ချမှုမျိုး မဟုတ် ။ သူ ၏ အနှစ်သာရ မှာ မေတ္တာ အရင်းခံ ဖြစ်သည် ။ ရယ်စရာ မဖြစ်စေတတ် ၊ တည်ငြိမ်သော အပြုံး ကို သာ ဖြစ်စေတတ်သည် ။ သို့သော် အဆမတန် ပိုမို နက်ရှိုင်းသည် ။ ”

လူမျိုးနော် သည် သူ့ ကိုယ် သူ လှောင် ပါသည် ။ ထို့နောက် ကျွန်တော့် ကို လည်း လှောင်ပါသည် ။ သို့သော် ကျွန်တော့် ကို ရှုတ်ချခြင်း မဟုတ်ပါ ။ သူ့ သရော် လှောင်ပြောင်မှု သည် မေတ္တာ တွင် မြစ်ဖျား ခံပါသည် ။ ထို့ကြောင့် ကျွန်တော် သူ့ ဟာသ ကို ကြိုက် ပါသည် ။

◾ တတိယ အချက် မှာ ဖြောင့်မတ် ရိုးသားခြင်း ဖြစ်ပါသည် ။

အဆင့်မြင့် ဟာသ တို့ မည်သည် နှလုံးသား မှ လာသည် ဟု တောမတ်စ်ကာလိုင်း က ဆိုခဲ့ကြောင်း အထက် တွင် ဖော်ပြ ခဲ့ပါသည် ။ ရိုးသားဖြောင့်မတ်မှု မရှိသော နှလုံးသား သည် အဆင့်မြင့် ဟာသ ကို ပေးနိုင်မည် မဟုတ်ပါ ။ ရှုတ်ချကဲ့ရဲ့ သော ဟာသများ သာ လျှင် လွှမ်းမိုး နေ ပါလိမ့်မည် ။ ဤသို့ ဆိုသောကြောင့် ထို ကဲ့ရဲ့ ရှုတ်ချသည့် ဟာသမျိုး ကို အောက်တန်း ကျသည် ဟု ကား မဆိုလိုပါ ။ သူတို့ သည် လည်း မလျော်ကန်သည် ကို ပြစ်တင် ရှုတ်ချခြင်း အားဖြင့် အမှန် ကို ရောက်စေ လိုသော နှလုံးသား ရှိသည် ဟု ကား ဆိုထိုက်သည် ဟု ကျွန်တော် အောက်မေ့ ပါသည် ။

လူမျိုးနော် ၏ ဝတ္ထု ကို ဖတ် နေရင်း ပင် သူ ခံစားမိ သမျှ ဖြောင့်မတ် ရိုးသားစွာ ပြော နေကြောင်း သိသာ နိုင်ပါ သည် ။ သူ ခံစားမိ သမျှ သံဝေဂ ရမိသမျှ ကို ဖြောင့်မတ်စွာ ထွက်ဆို သကဲ့သို့ သူ ၏ ရှေ့နောက် မညီမှု ကို လည်း ဖြောင့် မတ်စွာ ထွက်ဆို ပါသည် ။ သူ ၏ ဖြောင့်မတ်ရိုးသားမှု ကို ကျွန်တော် ကြိုက်ပါသည် ။

မိမိ ပြုမူ ခဲ့ သမျှ ကို “ ဘယ် အရွယ် က ဘယ်လို မှားခဲ့ တာ ၊ ဘယ် အရွယ် က ဘယ်လို မိုက်ခဲ့တာ ၊ ဘယ်တုန်း က ဘယ်လို ပွေ့ခဲ့တာ ” စသည် ဖြင့် အဖြစ်အပျက်များ ကို ဖြောင့်မတ်စွာ ပြန် ပြောခြင်း နှင့် ဤသို့သော လူ့ သဘာဝ အတွင်းစိတ် ကို ဖြောင့်မတ်စွာ ပြန် ပြောခြင်းမျိုး ကွာခြား ကြောင်း ကို စာဖတ်သူ သိပြီး ဖြစ်ပါသည် ။ သတိ မပြုမိသေး စေ ဦးတော့ နည်းနည်းလေး တွေး လိုက်လျှင် ချက်ချင်း သိလာ နိုင်ပါသည် ။

ဂျော့ဂျ်ဆန်တာယာနာ ပြောခဲ့ သလို ဟန်ဆောင် လောကကြီး ဖြစ်လေရာ မိမိ ကိုယ် ကို ပြန်လည် သုံးသပ်ချင် ယောင် ဆောင်သူ ၊ ရိုးသားဖြောင့်မတ်ချင် ယောင် ဆောင် သူ စာရေးဆရာများ ၊ ဝတ္ထုဆရာများ လည်း ရှိကြပါသည် ။ သို့သော် “ အနုပညာ စစ်စစ် တို့ မည်သည် နှလုံးသား ၏ နှလုံးသား မှ ပေါက်ဖွားခြင်း ဖြစ်လေရာ ” အစစ် နှင့် အတု ၊ ဟန်ဆောင်မှု နှင့် အမှန်တရား တို့ မှာ တဖြည်းဖြည်း ကွဲပြား လာမြဲ ဖြစ်ပါသည် ။

လူမျိုးနော် သည် ဤ ဝတ္ထု တွင် ရိုးသားဖြောင့်မတ် သည် မှာ အမှန် ဖြစ်သည် ဟု ကျွန်တော် ယုံကြည်ပါသည် ။ ထို့ကြောင့် ကျွန်တော် ကြိုက်ပါသည် ။

◾ စတုတ္ထ အချက် မှာ သူ၏ ရေးပုံ ရိုးသားခြင်း ဖြစ်ပါသည် ။ သူ သည် စကားလုံး အဆန်း ထွင်ခြင်း ကို ဂုဏ်ယူလျက် အက္ခရာများ ပေါ် ၌ ပျော်မွေ့နေ သူ မဟုတ် ၊ ရိုးရိုးပဲ ပြော၍ ရိုးရိုးပဲ ရေးသည် ။ သို့သော် လတ်ဆတ်သော အလင်္ကာ ၊ သစ်လင်သော သရုပ်ဖော်မှု တို့ ဖြစ်စေရန် ကား အားထုတ် သည် ၊ သို့သော် အဆန်း ထွင်ခြင်း မဟုတ် ၊ အတတ် ဆန်းခြင်း မဟုတ် ။ သူ ပြောချင်သော အကြောင်းအရာ ၊ သူ အမျှ ဝေ ချင်သော ဝေဒနာ ကို စာဖတ်သူ ထံ မပို မလို တိတိကျ ကျ ပေးပို့ နိုင်ရန် သာ ပဓာနထား၍ စကားလုံး ကို ရှာဖွေ သည် ။ အလင်္ကာ ကို ဖန်တီးသည် ။ သူ သည် စာ ကို ရေးခြင်း မဟုတ် ။ စိတ် ကို ရေးခြင်း ဖြစ်သည် ။ သူ သည် ပလွှားခြင်း မဟုတ် ၊ ပြစားခြင်း မဟုတ် ၊ ဝေဒနာ ကို အမျှဝေခြင်း ဖြစ်သည် ။ ဤ အချက် ကို ကျွန်တော် ကြိုက်ပါသည် ။

ဤသို့ ကြိုးပမ်းရာ တွင် သူ အောင်မြင်သည် ။ ဤသို့ နှယ် သူ မရေးတတ် လျှင် သူ့ ဝတ္ထု ကို မည်သူမျှ ဆုံး အောင် ဖတ်မည် မဟုတ် ။ အဆက်အစပ် မဲ့သော ၊ ဇာတ်လမ်း ဇာတ်ကွက် မဟုတ်သော ပြကွက်များ ဖြင့် စာဖတ်သူ ကို ဆွဲဆောင် ရာ တွင် သရုပ်ဖော်မှု အရေးအသား ဖြင့် ရသ ကို မဖန်တီး နိုင်လျှင် အောင်မြင်မှု မရနိုင်ပါ ။ ဇာတ်လမ်းဇာတ် ကွက် စိတ်ကူးခြင်း ၌ သာ ပျော်မွေ့ နေသော ဝတ္ထုဆရာများ အဖို့ ဤသို့သော အရေးအဖွဲ့မျိုး ကို ကြိုးပမ်းရန် ကိစ္စ ၌ သူတို့ ၏ ဦးနှောက်များ က ပျင်းရိ ထုံထိုင်း သွားတတ် ပါသည် ။

သူ ရေးပုံ ကို ကြည့်ပါ ။ ဆန်းတာ မပါဘဲ ၊ ထွင်လုံး မပါဘဲ ထိတ်လန့်ဖွယ် ဖြစ်အောင် စက်ဆုတ်ဖွယ် ဖြစ်အောင် ၊ သနားဖွယ် ဖြစ်အောင် ရေးဖွဲ့နိုင်သည်ကို တွေ့ရပါလိမ့် မည် ။ ဓာတ်ရောင်ခြည် ဖြင့် ကုသရသော ကင်ဆာ လူနာ များအခန်း သို့ ရောက် သွားသည် ။

      သည်လို အဆင့် ရောက် မှ တော့ လူနာများ ၏ အခြေအနေ က သိပ် ကို မကောင်းတော့ ရောဂါ က လည်း စ ဖြစ် သည့် နေရာ မှာ ငြိမ်ငြိမ် မနေတော့ ။ လူ့ခန္ဓာ ကိုယ် က အစိတ်အပိုင်း တော်တော် များများ ကို ဆိုးရွားစွာ ပျံ့နှံ့ ရောက်ရှိနေ လေပြီ ။

သားအိမ်ကင်ဆာ ၊ သားအိမ်ခေါင်း ထိပ်ဝကင်ဆာ ၊ ရင်သားကင်ဆာ ၊ အစာ ရေမျိုကင်ဆာ ၊ ပရောစတိတ် အကျိတ် ကင်ဆာ ၊ သိုင်းရွိုက် အကျိတ် ကင်ဆာ ။ အို ... များပဲ များလှတဲ့ ကင်ဆာတွေ လေ ။ စိတ်ပျက်စရာ ကောင်း လိုက်တာ ။

ကျွန်တော့် သူငယ်ချင်းမ တစ်ဦး ၏ ဦးလေး အဆုတ်ကင်ဆာရောဂါသည် ထံ မြန်မာ့ လူမှုရေး ထုံးစံ တစ်ရပ် ဖြစ်သော လူနာ သတင်းမေးရေး ကိစ္စ အတွက် သည် “ ကမ္မသကာစုံ ” သို့ ရောက်ရှိ နေခြင်း ဖြစ်သည် ။ သည် အခန်းတွင်း ရှိ လူနာ အားလုံး သည် အိပ်ရာ ထက် ဝယ် မျှော်လင့် ချက် အလင်းရောင် အားနည်းစွာ ဖြင့် စိတ်ပျက် တိတ်ဆိတ် လျက် လဲလျောင်း နေကြ သည် ။ ဟောက်ပက် နေသော မျက်တွင်း ချိုင့်နက် ထဲ မှ ရီဝေမှိုင်းပျ နေသော မျက်လုံး အစုံ တို့ သည် “ လောက ကို မဝံ့မရဲ စူးစမ်း ” နေကြသယောင် ။ အိတွဲတွန့် လိမ် ကောက်ကွေး နေသော “ ခြောက်သယောင်းယောင်း ” အရေပြားသည် ပိန်လှီ နေသော အရိုးငေါငေါ ပေါ် တွင် “ မစို့မပို့ ရှိသည် ဆိုရုံမျှ သာ ” ။ “ မာ တောင့်တောင့် ” သွေးပြန်ကြော အမျှင် အချောင်းများ ကို အရေပြား ပေါ်  တွင် “ အား မစိုက်ရဘဲ ” လွယ်လင့်တကူ မြင် နေ ရသည် ။

“ ဦးလေး ၊ သက်သာတယ် နော် ”

မျက်မြင် အခြေအနေ ကို မသိကျိုးကျွံ ပြု ၍ ကျွန်တော် သည် ပဋိသန္ဓာရ စကား ကို ခြောက်သွေ့ လေးလံစွာ ဆို လိုက် မိသည် ။

“ အေး ... မဆိုးပါဘူး ။ အရင် က ထက် စာရင် တော်တော်လေး သက်သာ လာတယ်ကွ ”

ဦးလေး ကို ကျွန်တော် တို့ က ကင်ဆာရောဂါ ဖြစ်သည် ဟု အသိပေး ပြောပြ မထား ။ အဆုတ် တွင် ကင်ဆာ မဟုတ်သော ရိုးရိုး အလုံး တစ်ခု ဖြစ်ပေါ် နေ ကြောင်း ၊ မြန်မြန် ပျောက်ကင်း အောင် ဓာတ်ရောင်ခြည် ကင် ရလိမ့်မည် ဖြစ် ကြောင်း လှည့်ပတ် ၍ ပြော ထားသည် ။ သူ ယုံသည် မယုံသည် က တော့ မတတ် နိုင်ပေ ။ ကျွန်တော်တို့ ကတော့ အသည်း နှလုံး ရှိသော လူသား တစ်ဦး အနေ အထား ၌ ရောဂါသည် ကို ခင်ဗျား မှာ အဆုတ်ကင်ဆာ ရောဂါ ဖြစ် နေတယ် ။ အလွန်ဆုံး နေရလှ ခြောက်လပဲ ဟု ဘယ် မှာ အမှန်အတိုင်း ပြောရက်ပါ မည်နည်း ။

လူ ဆိုသည် မှာ မျှော်လင့်ချက် ဖြင့် အသက် ရှင်သန် နေရှာသော သတ္တဝါ တစ်ခု ပင် မဟုတ်ပါလား ။ နှလုံးသားရေး မျှော်လင့်ချက် ၊ စီးပွားရေး မျှော်လင့်ချက် ၊ ပညာရေး မျှော်လင့်ချက် ၊ လူမှုရေး မျှော်လင့် ချက် အစရှိသည့် မျှော်လင့်ချက်ပေါင်း မြောက်မြားစွာ သည် လူကိုယ် ၏ နေရာ အနှံ့အပြား မှာ အမြဲလိုလို ပေါ်ပေါက် နေ တတ်ကြသည် ။ အကြီးမားဆုံး နှင့် ရှိသည် ဟု မထင်ရဘဲ ရှိနေသော မျှော်လင့်ချက် တစ်ခုကား ဆက်လက် အသက်ရှင် ရပ်တည် နေလိုခြင်း မျှော်လင့်ချက် ပင် ဖြစ် သည် ။ သည် အရေးကြီးဆုံး မျှော်လင့်ချက် တစ်ရပ် ပျောက်ကွယ် ပျက်ဆီးလု နီးပါး အခြေအနေမျိုး မှာ အခြား အခြားသော မျှော်လင့်ချက် အလတ်စား ၊ အသေးစား များ ကို မည်သူ က မက်မော တွယ်တာ တမ်းတ နေဦးမည် နည်း ။

•••••   •••••   •••••

အထက်ပါ ကောက်နုတ်ချက် တွင် ကျွန်တော် “ .... ” ဖြင့် ပြ ထားသော စကားလုံးများ ကို စူးစမ်း ကြည့်စေ ချင် ပါသည် ။ အထူးသဖြင့် စာဖတ်သူ သည် စာ ရေး လို သူ တစ်ယောက် ဖြစ် လျှင် ပို၍ သတိထား သင့်ပါသည် ။ တစ်ပါးသူ ဖန်တီး ထားသော အလှပစ္စည်း ကို မမြင် တတ်လျှင် မိမိ ကိုယ်တိုင် အလှပစ္စည်း ကို မဖန်တီး နိုင် ပါ ။ ( ဝတ္ထုတို ရေးလို သူ များ မှာ များသော အားဖြင့် လူငယ် များ ဖြစ် သောကြောင့် ကြုံတုန်း ကြုံခိုက် အကြံဉာဏ် ပေး စကား ဆိုလိုက်မိပါသည် ။ )

“ ကမ္မသကာစုံ ” ဟူသော စကား မှာ အလွန် ထိမိ ပေါ်လွင် လှပါသည် ။ သို့သော် မူလရင်းမြစ် မှာ ( Zone ) ဇုန် ဖြစ်ဟန် တူ ပါသည် ။ ဆရာဝန်များ ၊ ဆရာဝန်လောင်းများ အလွယ်တကူ ပြောခဲ့သော စကားလုံး ဖြစ်ဟန် ရှိပါသည် ။

အထက်ပါ ကောက်နုတ်ချက်ကလေး ကို ပင် ပြန် ဖတ် ကြည့်ပါ ။ ထို စကားလုံးများ ကြောင့် မည်သည့် ခံစားမှု ၊ မည်သို့သော ရသများ ပေါ်လာစေသည် ကို စစ်ဆေး ကြည့် သင့်ပါသည် ။ စိတ်ပျက် စက်ဆုတ်ခြင်း ( ဝိဘစ္ဆ ) ၊ ထိတ်လန့် စိုးရွံ့ခြင်း ( ဘာယာနက ) ၊ လူမမာ မေးသူ က ဖွင့် မပြောရက် ခြင်း ( ကရုဏာရသ ) စသည်တို့ ကို “ သိမ်မွေ့စွာ ” ခံစား လိုက်မိကြောင်း တွေ့ရပါလိမ့်မည် ။

ထို့အတူ ဆက်လက်၍ နာခြင်း ၊ သေခြင်း ၊ အိုခြင်း တို့ ကိုလည်း ရသ ပေါ်အောင် “ လူမျိုးနော် ” ရေးဖွဲ့ နိုင်ပါသည် ။ ထိုကဲ့သို့ ရေးဖွဲ့ နိုင်သော ကြောင့် လည်း စာဖတ် သူ ကို နိဂုံး တိုင် အောင် ဆွဲခေါ် နိုင်ခြင်း ဖြစ်ပါသည် ။

ဤသို့ စိတ် မသက်မသာစရာ ဘဝအနိဋ္ဌာရုံ တစ်ပြုံ တစ်ခေါင်းကြီး ကို ရေးဖွဲ့ပြီး နောက်ဆုံး အခန်း ဖွင့် လိုက်ပုံ ကို ကြည့်ပါ ။

အမြန်ဆုံး ရေမိုး ချိုး လိုက်သည် ။ နောက် ဆံပင် ကို သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင် ကျကျနန ဖြီး လိုက်သည် ။ အသားနားဆုံး ဖြစ်မည် ဟု ထင်သော အဝတ်အစားများ ကို ကိုယ် တွင် ရှုချင့် စဖွယ် ကောင်းအောင် ဝတ်ဆင် လိုက် သည် ။

အဘယ်မျှ အပြောင်းအလဲ မြန် လိုက်ပါသနည်း ။

အဘယ်မျှ သွက်လက် မြူးကြွ လိုက်ပါ သနည်း ။ ဝါကျတွေ က ကော အဘယ်မျှ “ ဆတ် ” လိုက်ပါသနည်း ။

ဤမျှ မကသေးပါ ။

စာရေးနည်း အတတ်ပညာ နှင့် ပတ်သက်၍ စာကြောင်းလေး တစ်ခု ကို သတိရ နေသည် ။ ဘယ် စာအုပ် ထဲ က လည်း မမှတ်မိတော့ပါ ။ The curtain must fall with the strongest note. ( ပြည်ဖုံးကား ကို အမြည်ဟည်းဆုံး သော ပတ်မချက်သံ နှင့် ပိတ်ရမည် တဲ့ ။ ) လူမျိုးနော် ၏ ပတ်မချက်သံ က -

“ မအိုမီ ၊ မနာမီ ၊ မသေမီ တွင် တော့ တော်လစတိုင်း ၏ ပျားရည်စက် ကို တရှိုက်မက်မက် လျှာ ဖြင့် လျက်နေ ရပေဦးမည် မဟုတ်ပါလား ။ ”

တော်လ်စတွိုင်း ၏ ပျားရည်စက် အကြောင်း ကို စာဖတ်သူ သိပြီး ဖြစ်သည် ဟု လူမျိုးနော် က ယူဆ ထား လိုက်သည် ။ ရှင်းပြ မနေတော့ ။ ရှင်းပြ နေ လျှင် လည်း ပတ်မ ချက်သံ ပျော့ သွား ပေလိမ့်မည် ။

ဝတ္ထုတို သဘောတရား ဆရာကြီး “ ရှောင်အိုဖော လိန်း ” ပြောဖူးသော စကား တစ်ခွန်း ကို သတိရ မိ ပါသည် ။ “ ဝတ္ထုတို ရေး လျှင် ပထမဆုံး နားလည် ထားရမည့် အချက် မှာ ပြောချင်သည့် အကြောင်းအရာ ကို တတ်နိုင် သမျှ သွယ်ဝိုက် ၍ ပြောပါ ။ လူပျင်း ပရိသတ် က တော့ ဆိုလိုရင်း ကို သိလိုက် ချင် မှ သိမည် ။ သို့သော် ဝတ္ထုတို ဆရာ က မူ သူ ၏ ပရိသတ် သည် မပျင်းရိ ၊ နိုးကြား နေသည် ဟု အစဉ် မှတ်ယူ ရမည် ။ ဤသို့မှ မဟုတ် လျှင် ဝတ္ထုတို ဆိုတာ ပေါ်လာစရာ မရှိတော့ ။ ” ( ဆရာကြီး က လျှာရှည် သော ဝတ္ထုတိုများ ကို ဝတ္ထုတို စာရင်း မသွင်း နှင့် ဟု ဆို လိုက် ပါသည် ။ )

လူမျိုးနော် ၏ “ မအိုမီ ၊ မနာမီ ၊ မသေမီ ” ဝတ္ထု ကို သုံးသပ် တင်ပြ ပြီးပါပြီ ။ နိဂုံး ချုပ်ရ လျှင် လူမျိုးနော် ၏ အရေး အဖွဲ့ လိမ္မာမှု ၊ တင်ပြပုံ လှပမှု ၊ မိမိ ကိုယ် ကို စူးစမ်းစစ် ဆေးမှု ၊ ရိုးသားဖြောင့်မတ်မှု တို့ ကြောင့် ဤ ဝတ္ထုတိုကလေး ကို ဖတ်ရသည် မှာ ဝိဘစ္ဆ မှ ဘာယာနက ၊ ဘယာနက မှ ကရုဏာ ၊ ကရုဏာ မှ ဟာသရသ သို့ ကူးပြောင်း လာပြီး နောက်ဆုံး တွင် သန္တရသ ဆီ သို့ တွန်းလွှတ် လိုက်သည် ဟု ယူဆ မိပါသည် ။

•••••   •••••   •••••

ကျွန်တော် ဝမ်းသာမိသည့် အချက်ကလေး တစ်ချက် ကို ပြောချင် ပါ သည် ။ လွန်ခဲ့သော ၁ဝ နှစ် ခန့် က ဆေး တက္ကသိုလ် ၂ မဂ္ဂဇင်း တွင် “ ဆေးပညာပေး ဝတ္ထုများ ’’ ဟူသော ဆောင်းပါး တစ်ပုဒ် ကျွန်တော် ရေး ခဲ့ဖူးပါသည် ။ ထို ဆောင်းပါး တွင် ဆေးပညာပေး ဝတ္ထု သုံးမျိုး ခွဲခြား ပြခဲ့ ပါသည် ။ ( ၁ ) ရောဂါဆန်းများ အကြောင်း ၊ ( ၂ ) ရောဂါဆိုး တို့ ၏ အန္တရာယ်များ အကြောင်း ၊ ( ၃ ) ဆရာဝန်ဘဝ ၊ လူနာ ဘဝ အကြောင်း တို့ ဖြစ်ပါသည် ။ အားလုံးသော ဝတ္ထု အမျိုးအစားများ မှာ လောက ကို စောင့်ရှောက်သော ဝတ္ထုများ ဖြစ်ပါသည် ။ သို့သော် တတိယ အမျိုးအစား မှာ အခက်ဆုံး ဖြစ်သည် ဟု ကျွန်တော် က ပြောခဲ့ပါသည် ။

ယခု ဤ ဝတ္ထုမျိုး ပေါ်ပေါက် လာပါပြီ ။

ထို့ပြင် လွန်ခဲ့သော ၁၅ နှစ် ကျော် ကျော် လောက် က ကျွန်တော် တဖွဖွ ပြောခဲ့ ဖူးသော စကား ရှိပါသည် ။ “ ဆရာဝန် စာရေးဆရာတွေ တစ်ပုံကြီး ပေါ်လာလိမ့်မယ် ။ ဆေးပညာပေး ကို ချည်း ရေးတာ မဟုတ်ဘဲ တကယ့် ရသ စာပေပညာရှင်တွေ ပေါ်လာလိမ့်မယ် ” ။ ဤသို့ ပြောခဲ့ခြင်း မှာ အခြား ကြောင့် မဟုတ်ပါ ။ စာပေ ဝါသနာ ပါသော ၊ မြန်မာစာ ၌ လည်း အထုံ ပါသော ကျောင်းသားပေါင်း များ စွာ ဆေးတက္ကသိုလ် သို့ ရောက် ကုန်ကြသောကြောင့် ဖြစ် ပါသည် ။

ယခု “ သဘင် မဂ္ဂဇင်း ” တွင် ကျွန်တော် ရေးခဲ့ သည် မှာ နှစ်လ ရှိပါပြီ ။ တိုက်တိုက်ဆိုင်ဆိုင် နှစ်လ လုံး တွင် ဆေး ၂ နှင့် မန္တလေး ဆေးတက္ကသိုလ် တို့ က ဆရာဝန် လောင်းများဟု ယူဆ ရသော ဝတ္ထုတိုသမားများ ဖြစ်နေ သည် ကို တွေ့ရ ပါသည် ။ တခြား ဆရာဝန် စာရေးဆရာ တွေ ဘယ်လောက် များ နေပြီလဲ မပြောတတ်တော့ပါ ။ ကိုယ့် ဟောကိန်းလေး မှန်ပုံ ပေါက် နေ၍ ဝမ်းမြူး သွားမိ ပါသည် ။

◾အောင်သင်း

📖 သဘင်မဂ္ဂဇင်း
      ဒီဇင်ဘာ ၊ ၁၉၈၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment