Friday, October 6, 2023

မြကြိုး ခိုင်ခိုင်


 ❝ မြကြိုး ခိုင်ခိုင် ❞


ဖြူခံ မှာ ရွှေလျှံသားလို့ 

နယ်ခြား က မြကြိုးကိုင် ။


   သံတော်ဆင့် ဆောမြို့စား ဦးစီ


( က )


တလော က တော မှ ကြီးတော် တစ်ယောက် နေထိုင် မကောင်း ဖြစ်နေကြောင်း သတင်း ကြား ရသဖြင့် စားသောက်ဖွယ်ရာ အချို အချဉ်ကလေးများ ဝယ်၍ သင်္ဘော ဆိပ် သို့ ဆင်း ကာ ရွာ ပြန်မည့် လူကြုံ ရှာ ရင်း မထွေးရီ နှင့် မမျှော်လင့်ဘဲ ဆုံ မိ ကြလေသည် ။


မတွေ့ကြသည် မှာ ဆယ့်ငါးနှစ် ခန့် ကြာခဲ့ပြီ ဖြစ်သ ဖြင့် ဝမ်းပန်းတသာ နှုတ်ဆက် ကြရသော်လည်း သူ့ အသံ သည် လည်းကောင်း ၊ ကျွန်တော့် အသံ သည် လည်းကောင်း ဆို့နင့်၍ မူ မမှန်ကြသည် ကို သတိ ထား မိသည် ။


အိမ်ထောင် အကြောင်း ၊ ကလေးများ အကြောင်း ၊ အလုပ်အကိုင် အကြောင်း ၊ ရွာ အကြောင်း များ ကို သောင်းပြောင်းထွေလာ ပြောဆို မေးမြန်းကြပြီးသော အခါ ကျွန်တော် က ပေး လိုသည့် ပစ္စည်းများ ကို သူ နှင့် ပင် ပေး လိုက်၍ ပြန် လာခဲ့လေသည် ။  


အသက်ကလေး ရ လာပြီ ဖြစ်၍ လည်းကောင်း ၊ အိမ်ထောင့် တာဝန် ကို ထမ်းဆောင် နေရ၍ လည်းကောင်း ၊ အလှ တို့ လျော့ရဲကုန်ကြ ပြီ ဖြစ်ပေမဲ့ သူ့ ကရုဏာ မျက်လုံး တို့ က မူ မပြောင်းလဲကြသေး ။ ယခင်က လိုပင် ကျွန်တော့် ကို ညှို့ ယူ ဆဲ ၊ ဖမ်းစား ဆဲ ဖြစ်ပါ၏ ။


အိမ် အပြန်လမ်း တစ်လျှောက် လုံး ပင် ဘတ်စ်ကား ပေါ် ၌ သူငယ်ချင်း လည်း ဖြစ် ၊ ငယ်ချစ်ဟောင်း လည်း ဖြစ် ရှာ ပေမဲ့ ကျွန်တော် နှင့် ပေါင်းခွင့် မကြုံခဲ့ရသော မထွေးရီ ၏ အကြောင်း ကို ရင် တခုန်ခုန် ဖြင့် ကျွန်တော် ပြန်လည် တွေး တော လာ ခဲ့မိပါတော့သည် ။


     •••••   •••••   •••••   •••••


( ခ )


ကျွန်တော် နှင့် မထွေးရီ တို့ သည် ဧရာဝတီမြစ်ကမ်း နဖူး ပေါ် ရှိ ကျေးရွာကလေး တစ်ရွာ ဝယ် အတူ ကြီးပြင်းလာခဲ့ ကြသော ငယ် သူငယ်ချင်းများ ဖြစ် ကြပါသည် ။ ကျွန်တော် တို့ ရွာကလေး မှာ တောမြို့ကလေး တစ်မြို့နှင့် ကိုးမိုင်ကွာ ဝေး၍ နောက် တစ်မြို့ နှင့် အနောက်ဘက် ကမ်းပါး ဝယ် တည် ရှိပါသည် ။ ဧရာဝတီမြစ် ၏ အရှေ့ဘက် ကမ်းပါးဝယ် တည်လေသော အခြား မြို့ကလေး တစ်မြို့နှင့် ဆိုပါမူ လှမ်း ၍ ကြည့်မြင်နိုင်သော အကွာအဝေး တွင် တည်ရှိ ပါသည် ။


ယဉ်ကျေးမှု သည် မြစ်ဝှမ်းဒေသများ ၌ စတင် တည် သည် ဟု သမိုင်းဆရာ အဆူဆူ က တီးဂရစ် နှင့် ယူဖရိတ်မြစ် နှစ်သွယ် ကြား ရှိ မေဆိုပိုတေးမီးယား ကို သက်သေ ထူ၍ ပြ ကြသော် ဧရာဝတီမြစ် ကမ်း ပေါ်ရှိ ကျွန်တော်တို့ ရွာကလေး သည် ယဉ်ကျေးမှု ထွန်းကားသည့် ရွာကလေး ဟု ယူဆ ရ မည် ဖြစ်ပါ၏ ။ သို့ရာတွင် ကျွန်တော် တို့ ရွာကလေး သည် ယဉ်ကျေးသင့် သလောက် မယဉ်ကျေးနိုင်ပါ ။ ခေတ် အဆက်ဆက် က ပေယျာလကံ ဝ ကွက်၍ ချန် ထားခြင်း ကို ခံခဲ့ရသည် ဖြစ်၍ မူလတန်းကျောင်းကလေး တစ်ကျောင်း ပင် ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့သောကြောင့် ဖြစ်ပါသည် ။


ကျွန်တော် နှင့် ရွယ်တူ သူငယ်ချင်း အားလုံးလောက် ပင် ဘုန်းကြီးကျောင်း ၌ စာ  သင်၍ သေစာ ရှင်စာ တတ် လျှင် မြက်ရိတ် ၊ နွားကျောင်း အလုပ် လုပ်ရင်း အချိန် ကုန်ရသည် သာ ဖြစ်ကြသည် ။ ကျွန်တော် သာ လျှင် ကကြီး ခကွေး ကို တစ်မနက် ဖြင့် အကုန် ရသဖြင့် ဘုန်းတော်ကြီး က ကျွန် တော့် အဖေ ကို ခေါ်ကာ “ ဒကာကြီးသား ချွန်မယ် ။ မြို့ကျောင်း မှာ ထားနိုင်အောင် ကြိုးစား ” ဟု စေခိုင်းလေ၍ ရွာ တစ်ဖက်ကမ်း ရှိ မြို့ကလေး မှ ကျောင်း တွင် နေခဲ့ရသော ကြောင့် စာတတ်ပေတတ်ကလေး ဖြစ် လာခဲ့ရလေသည် ။ ထို ကျောင်း မှ အလယ်တန်း အောင်သော် ရန်ကုန် ရှိ ကျောင်း တစ်ကျောင်း ဝယ် အထက်တန်းပညာ ကို သင် ၊ ထိုမှ တစ်ဖန် တက္ကသိုလ်ပညာ ကို တစ်ဝက် တစ်ပျက် သင် နိုင်ခဲ့သဖြင့် ကုသိုလ် ကောင်း သူ ဟု ဆိုရတော့မည် ။


ကျွန်တော် ရန်ကုန် သို့ ရောက်စ အလယ်တန်းပညာ ဆက်လက် သင်ကြားနေချိန် က ဆယ့်သုံးလေးနှစ် အရွယ် မလည်မဝယ် ဖြစ်ပေမဲ့ ကျွန်တော် အထက်တန်းစာမေးပွဲ ဖြေဆို ၍ ရွာ သို့ ပြန်ချိန် ဝယ်ကား ကျွန်တော် သည် ဆယ်ကျော်သက် အရွယ်ပေမဲ့ ကြင်ဘက် ကို ရှာ ချင်နေသော အသိစိတ် တို့ ကိန်းဝပ် စ အချိန် ရောက် ပေပြီတည့် ။  


လစ်ဟင်းသော နှလုံးသား အတွင်း ၌ သိုထားရန် သဏ္ဌာန် တစ်ခု ကို ရှာနေချိန်၌ ကျွန်တော့် နှလုံးသား ဝယ် ပထမဆုံး အရိပ် ထင်လာသူကား မထွေးရီ ပင် ဖြစ်ပါ၏ ။


မထွေးရီ နှင့် ကျွန်တော် တို့ သည် ကစားဖော်များ ဖြစ် ကြပေမဲ့ ယခင့် ယခင်များ က အမှုမဲ့ သာ နေ ခဲ့မိပါ၏ ။ ထိုနှစ် က ကျွန်တော် ရွာ ပြန် ရောက်၍ နွှဲ ခဲ့ရသော သင်္ကြန်ပွဲဝယ် သူ့ ကို တွေ့ ရသောအခါတွင်မှ ကျွန်တော့် ရင်ဝယ် ကိန်းအောင်း နေခဲ့သော ချစ်ညှောက်ကလေး သည် အညွန့် လူ ၍ လာခဲ့သည် ဟု ဆိုရ ချေတော့မည် ။


ကျွန်တော် က သာ အရွယ် ရောက်စ ဆိုပေမဲ့ မထွေးရီ က မူ အပျိုကြီးဖားဖား ဖြစ်၍ တွေ့နေကျ ဆံရစ်ဝိုင်း နှင့် မဟုတ်တော့ ဘဲ အုတ်လုံး သွင်း စ ပင် ဖြစ်နေပေပြီ ။ ထိုနှစ် သင်္ကြန် တစ်ရက် ဝယ် အုတ်လုံးသွင်း၍ တစ်ပတ်လျှိုကလေး ထုံး ထားသော မထွေးရီ အား သူ ရေခပ်ဆင်းရာ သို့ လိုက် သွားပြီး သူ ရွက် လာသော ရေအိုး ကို လု ယူ ကာ လောင်း ချလိုက်သော အခါ သူ က “ အို ဟယ် ”  ဟု ရှက်ရွံ့ စွာဖြင့် ပြုံး ပြ ပြီး နောက် ကျွန်တော့် ကို မနာအောင် လက်သီး ဆုပ်ကလေးများ ဖြင့် ချစ်စဖွယ် ထု ရှာ၏ ။ ထို နေရာ ၊ ထို အချိန် မှ စ၍ပင် ကျွန်တော် မထွေးရီ အား ချစ်မိသည် ဟု မှတ် ထားမိပါသည် ။


သို့ရာတွင် ကျွန်တော် သည် ချစ်ရေး ဆိုရဲလောက် အောင် သတ္တိ ရှိသူ မဟုတ်ရကား ချစ်ရေး မဆိုဖြစ်ခဲ့ ။ တွေ့ လျှင် ပြုံးကြ ။ တစ်ဦး ကို တစ်ဦး တိတ်တခိုး ကြည့်ကြ လောက် နှင့်သာ ရှိ ခဲ့ပါသည် ။ သည်လိုနှင့် ကဆုန်ညောင်ရေသွန်းပွဲ ကို သူ နှင့် အတူ နွှဲပြီး တက္ကသိုလ်ဝင် အောင်သဖြင့် တက္ကသိုလ် သို့ ဆက် တက်ရန် ရန်ကုန် သို့ ပြန်ခဲ့ရပါသည် ။


တစ်ချိန်လုံး ကောင်း လာခဲ့သည် ဟု ဆိုရမည့် ကျွန်တော့် ကုသိုလ်ကံ သည် အဆိုး တစ်ချက် ရုတ်တရက်ကြီး ဝင် လာသည် ဟု ဆိုရမည်လား မပြောတတ် ။ ကျွန်တော် စာမေးပွဲ မှ မဖြေလိုက်ရမီ ကျွန်တော့် ဖခင် ရွာ ၌ ဆုံး လေ သည် ။


ကံလေရူး က တစ်ချက်သာ မွှေ့ လိုက်ရသည် ဟု ဆိုရပေမဲ့ ခံ ရသူ ကျွန်တော့် ခမျာ မသက်သာလှပါ ဟု ညည်း တွားရမည် သို့ ပင် ။ ထို နှစ် က ကျွန်တော် စာမေးပွဲ ကျ၏ ။ အမေ သည် အဖေ ၏ လက်ငုတ်လက်ရင်း မြေယာများ ကို နိုင် နင်းအောင် လူများ နှင့် လုပ်ကိုင် နေနိုင်သည် ဖြစ်သော်လည်း အမေ့ ချွေးနဲစာ နှင့် ကျောင်း ဆက် မနေလိုသော ကျွန်တော် သည် ရုံး တစ်ရုံး တွင် အလုပ် ဝင် ၍ လုပ်ကိုင်၏ ။ ကျွန်တော့် ဝမ်း ကို ကျွန်တော် ကျောင်း ၍ အမေ့ ထံ သို့ ပို့ ခဲ့ရလေ သည် ။


ကျွန်တော် စာရေးဘဝ နှင့် ကျင်လည် နေ၍ တစ်နှစ် ခန့် အကြာ တွင် အမေ သည် ကျွန်တော့် ကို တွေ့ရန် ဆို၍ ရန်ကုန် သို့ လိုက်လာ၏ ။ အမေ နှင့် အတူ မထွေးရီ တို့ သား အမိ လည်း ဘုရား ဖူးရန် ပါ လာ ခဲ့လေသည် ။ သူတို့ အားလုံး ပင် ကျွန်တော် ထမင်းလခ ပေး စားနေရာ ကျွန်တော့် အစ်မဝမ်းကွဲ အမေ့ တူမ အရင်း အိမ် တွင် တည်း ကြ၏ ။


သူတို့ တည်းခို နေစဉ် အတွင်း ကျွန်တော် သည် မထွေးရီ တို့ အား ဘုရားမျိုးစုံ လိုက်၍ ပို့၏ ။ အဘွားအို နှစ်ဦး က ရုပ်ရှင် ကြည့်သည် ကို ကလေးကလက် နိုင်သည် ဟု ထင်သောအခါ မထွေးရီ ကို ကျွန်တော် က ရုပ်ရှင်များ ပြရ ၏ ။ ရုပ်ရှင် တို့ ဝယ် မင်းသမီး နှင့် မင်းသား ပွေ့ဖက်ခန်းများ ရောက် လာလျှင် ကျွန်တော် သည် မထွေးရီ ကို စောင်းငဲ့ ကြည့် ကာ ရင်ခုန်ရမြဲ ဖြစ်၏ ။ မထွေးရီ ၏ မျက်လုံးများ ကို မှောင်နေ၍ ကျွန်တော် မမြင်ရသော်လည်း သူ လည်း ကျွန်တော့် နှယ် ရှိလိမ့်မည် ကို ကျွန်တော် သိနေပါသည် ။ သို့ရာ တွင် ကျွန်တော် ဆိုသည့် ကျွန်တော် သည် မထွေးရီ ၏ လက်ကလေး ကို သော်မျှ မကိုင်ခဲ့ရ ။


ထိုနောက်တွင် ကား ကျွန်တော့် ဘာသာ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခု ကို ချ ထားပြီး ဖြစ်သည် ။ ဆုံးဖြတ်ချက် မှာ မထွေးရီ ကို ချစ်ခွင့် ပန် ရန် ပင် ဖြစ်၏ ။


အမေ ရောက် စ က ပြော စကားများ အရ အစိုးရ သည် ရွေးကောက်ပွဲ နီးလာပြီ ဖြစ်၍ မဲ တောင်းရန် လိုအပ်လာပြီ ဖြစ် ရကား ခေတ် အဆက်ဆက် ပေယျာလကံ ဝကွက်၍ ချန်ရစ် ထားခဲ့သော ကျွန်တော် တို့ ရွာကလေး တွင် မူလတန်း ကျောင်း ဖွင့် ပေးတော့မည် ဟု သိထားလေရကား ကျွန်တော် မထွေးရီ ကို ချစ်ခွင့်ပန်၍ ဟန်ကျ ပါက ရွာ မှာ ပင် ပြန်၍ ကျောင်းဆရာ လုပ်ကာ မထွေးရီ နှင့် ရာသက်ပန် ရိုး မြေကျ နေတော့မည် ဟူ၍ လည်း စိတ်ကူး ယဉ် ထားပြီး ဖြစ် လေသည် ။


ကျွန်တော် သည် ဆုံးဖြတ်ချက် အတိုင်း မထွေးရီအား ပေးရန် အတွက် စာတစ်စောင် ကို ရေး ရလေသည် ။ သူတို့ ပြန်ကြမည့် နေ့ နံနက် သင်္ဘော သို့ လိုက် ပို့ရာတွင် ကျွန်တော် က သိကျွမ်းသော သင်္ဘောစာရေး နှင့် နေရာထိုင်ခင်း များ စီစဉ်၍ အဘွားအို နှစ်ယောက် နှင့် ပစ္စည်းများ ကို နေရာ ချပြီးသော အခါ မထွေးရီ အား သင်္ဘော အောက်ထပ် သို့ ခေါ်ချခဲ့လေသည် ။


“ ဘာ ပြောမလို့လဲ ”  


မထွေးရီ က တုန်လှုပ်နေသော အသံဖြင့် ကျွန်တော့် ကို မေးလေသည် ။


“ ငါ စာ တစ်စောင် ပေး လိုက်ချင်လို့ ”  


ကျွန်တော် က စာ ကို သူ့ အား ထုတ် ပေးလိုက်သည် ။ 


“ ဘာစာလဲ ”  


“ ရည်းစားစာ ၊ ငါ့ အဆက် ဆီ ကို ပေး လိုက်ချင်တာ ”  


ကျွန်တော် က ပြုံးစေ့စေ့ဖြင့် ပြန် ပြောလိုက်သည် ။


တုန်လှုပ် နေဟန် ၊ ရှက်သွေးဖြန်း နေဟန် ရှိသော မထွေးရီ ၏ မျက်နှာကလေး သည် တစ်မျိုးတစ်မည် ပြောင်း လဲသွားသည် ကို ကျွန်တော် တွေ့ရလေသည်ဖြစ်၍ စိတ် ထဲ တွင် ထင့်ခနဲ ဖြစ် ရလေသည် ။


“ ဘယ်သူလဲ ။ ငါ ဘယ်သူ့ ကို ပေး ရမှာလဲ ” 


“ နင် ဖတ်ကြည့်လေ ။ ဖတ်ကြည့်ရင် သိမှာပေါ့ ”  


“ အို .. နင် ကလည်း ပြောပါဟယ် ၊ ငါ မဖတ်ချင်ဘူး ” 


သူ နှင့် ကျွန်တော် အချီအချ ပြော နေစဉ်ပင် သင်္ဘော က ထွက်ရန် ဥဩ ဆွဲလေသည် ။ ထို့ကြောင့် ကျွန်တော် က နေ့လယ် ကတည်း က သူ့ ကို ပေးရန် စကော့ဈေး ( ဗိုလ်ချုပ် ဈေး ) မှ ဝယ်ယူထားသော ကတ္တီပါပန်းကလေး ကို သူ့ လက်တွင်း သို့ အတင်း ထည့် ပေးရင်း ...


“ ရော့ ... ဒီမှာ နင် ဖို့ လက်ဆောင်  ၊ စာ ကိုလည်း ဖတ် ဖြစ်အောင် ဖတ် ကြည့် ။ ဘယ်သူ့ကို ပေးရမလဲ ဆို နင် သိ လာ လိမ့်မယ် ။ ကဲ ... အပေါ် ပြန် တက်ကြမယ် ။ သင်္ဘော က ထွက်တော့ မှာ ” 


ကျွန်တော် က သူ ဘာမျှ ပြန် မပြောနိုင်မီ ရှေ့ မှ အပေါ် ထပ် သို့ တက် လာသည် ။ မထွေးရီ သည် ခေါင်းငိုက်စိုက် ချ ကာ မရေရာသော မျက်နှာထား ဖြင့် နောက် မှ လိုက်လာ ရှာ သည် ။  


ကျွန်တော် က အမေ့ အား ဦးချ ကန်တော့၍ အမေ့ ဆုတောင်း စကားများ ကို နာခံပြီးသော အခါ သင်္ဘော ပေါ် မှ ဆင်း လာခဲ့လေသည် ။ ကျွန်တော် ဘောတံတား ပေါ်ရောက် လျှင် ပင် သင်္ဘော က ကမ်း မှ ခွာ လေသည် ။


 ( ဂ )


မထွေးရီ အား စာ ပေးပြီး နောက် သူ့ ထံ မှ ပြန်လာရန် ရှိသော စာ ကို ကျွန်တော် မောအောင် မျှော် ရလေသည် ။


မကြာလှပါ ။ စာ တစ်စောင် ကို ငယ်သူငယ်ချင်း တစ်ဦး ဖြစ်သော ကု,လားခေါ် စိန်အုန်းကြီး ရန်ကုန် အလာ တွင် ကျွန်တော် ရ လေသည် ။ ကျွန်တော် သည် မျှော်လင့်ခြင်း ကြီးစွာ ထားကာ တုန်ယင်သော လက်များ ဖြင့် ဖွင့်ကာ စာ ကို ဖတ်မိလေသည် ။


မညီမညာ မဝိုင်းစက်သော လက်ရေး ၊ သတ်ပုံမမှန် ကာရန် မကျသော အရေးအသား တို့ ဖြင့် ရေးသားသည့် မထွေးရီ ၏ စာ ကို ဖတ် လိုက်ပြီးချိန်၌ ကျွန်တော့် တွင် ရှိနေသ မျှသော စိတ်ဓာတ် နှင့် အင်အား ဟူသမျှကို ထို စာ က နှုတ် ယူ၍ သွား ဘိသကဲ့ သို့ ကျွန်တော် နွမ်းယိုခွေယိုင် သွားရပါ တော့သည် ။


စာ ထဲ တွင် မထွေးရီ က သူ့ ကို မိဘများ က ကျွန်တော့် သူငယ်ချင်း သာအေး နှင့် နေရာ ချထားရန် သဘော တူ ထား၍ လည်းကောင်း ၊ သူ ကိုယ်တိုင် က လည်း သာအေး ၏ အချစ် ကို လက်ခံပြီး ဖြစ်နေ၍ လည်းကောင်း ၊ မောင် လို နှမ လို ၊ သူငယ်ချင်း လို သာ သဘော ထားရန် ပြောကြား ထား လေသည် ။  


ကျွန်တော့် မှာ “ ဒါကြောင့် ငါ သူ့ ကို စာ ပေးစဉ် က မျက်နှာ ပျက်နေ ရှာသည်ပင် ” ဟု ကျွန်တော် စိတ် ထင့် ခဲ့ရ သည် ကို ပြန်လည် ၍ သတိ ရ မိတော့သည် ။


ကျွန်တော် သည် တက္ကသိုလ်ပညာ ကို ပင် သင်ဖူး၍ ရန်ကုန် လို မြို့ပေါ် တွင် နေခဲ့ရသဖြင့် သာအေး ထက် ပိုမို အမြင်ကျယ်သည် ဟု ဆိုနိုင်ပေမဲ့ အချစ်ရေး တွင် ကား သာအေး နောက် မှ မြင် တတ်လေသည် ဟု ကျွန်တော့် ကိုယ် ကျွန်တော် အပြစ် တင် မိလေတော့သည် ။ ကျွန်တော် မချစ်တတ် မီ ကပင် သာအေး သည် ချစ်တတ် ခဲ့လေသည်တကား ။


မထွေးရီ တည်း ဟူသော အဖြူခံ ဝယ် ကျွန်တော် က ရွှေလျှံ ကို သား ချင်ပေမဲ့ မထွေးရီ က နယ်ခြား တွင် ကြိုး ကို ခိုင်ခိုင် တည်း လာသော အခါ၌ ကျွန်တော် သည် ရွာ ကို ပြန်၍ ကျောင်းဆရာ လုပ် ရေး ဟူသော စိတ်ကူးယဉ် ဗိမာန် ကို ပါ ဖျက်ဆီး ပစ် လိုက် ရပါတော့သည် ။ နောက် သက်ကြီး တက္ကသိုလ် သို့ တက်ကာ ဆက်လက် ၍ ပညာ ရှာ ရင်း စိတ် ကို ဖြေ ရပါသည် ။  


ထိုနှစ် မိုးဦးကျစ တွင် မထွေးရီ တစ်ယောက် သင်ဖျာ ကုန် ကူးရင်း ရန်ကုန် သို့ ရောက် လာပြန်သည် ။ သူ သည် ကျွန်တော်တို့ ထံတွင် မတည်း ၊ သူတို့နှင့် သားချင်း တော် သည့် အိမ် တွင် တည်းခို လေသည် ။


ကျွန်တော် က မျက်နှာ ပူပူ ရှိသည်နှင့် သွား၍ မတွေ့ခဲ့ ။ သို့ရာတွင် တစ်နေ့ မိုးသဲသဲ ရွာ နေစဉ် မထွေးရီ တစ်ယောက် ကျွန်တော် နေ ရာ အိမ် သို့ ပေါက် ချလာလေသည် ။ သူ့ ခေါင်း တွင် ကျွန်တော် ဝယ်ပေးခဲ့သော ကတ္တီပါပန်းကလေး ကို ပန် ထားလေသည် ။  


“ ရောက်တယ် ကြား တာတောင် လာ တွေ့ဖော် မရဘူး ” 


သူ က ခရီး ရောက် မဆိုက်ပင် ကျွန်တော့် ကို အပြစ် ဆို လေသည် ။


“ မအားလို့ပါ ဟယ် ” 


ကျွန်တော် က အေးအေးစက်စက် ပြန် ဖြေလေသည် ။


“ ခု ငါ ပြန်တော့ မလို့ လာ နှုတ်ဆက်တာ ။ ဒီ ည သင်္ဘောဆိပ် ဆင်း အိပ်မလို့ ” 


“ ဟုတ်လား အေးပေါ့ ”  


“ ည သင်္ဘော ကို လာ ဦးမလား ”  


“ အားရင် လာခဲ့မယ် ”  


“ အား မှ လား ၊ လာဖြစ်အောင် လာ ခဲ့နော် ” 


ကျွန်တော် က ခေါင်း ညိတ် လိုက်သည် ။ သူ က အိမ် ပေါ်ပင် မတက်ဘဲ နှုတ် ဆက်၍ ပြန်သွား လေတော့သည်  ။


ထိုနေ့ ည က ကျွန်တော် သည် သင်္ဘောဆိပ် သို့ မဆင်း ဖြစ်ခဲ့ ။ ဆင်း ရန်လည်း မလိုအပ်တော့ပြီ မဟုတ်ပါလား ။


သို့ရာတွင် သူ့ ခေါင်း တွင် ပန် လာခဲ့သော ကျွန်တော့် လက်ဆောင် ပန်းကလေး အတွက် မူ စိတ် တွင် တစ်မျိုး ဖြစ်ရ သေးသည် ။


( ဃ ) 


သည်လို နှင့် တစ်နှစ် ခန့် အကြာ တွင် မထွေးရီ တစ်ယောက် သာအေး နှင့် အိမ်ထောင် ကျ သွားကြောင်း ကြား ရ လေသည် ။


မထွေးရီ တို့ မင်္ဂလာ ဆောင်ပြီး တစ်လခန့် အကြာ တွင် စိန်အုန်းကြီး ရန်ကုန် သို့ တစ်ခေါက် ရောက် လာပြန်သည် ။ ဤ တစ်ခေါက် တွင် ကား စိန်အုန်း သည် ကျွန်တော့် သူငယ်ချင်း အနေဖြင့် လာသည် မဟုတ်တော့ ။ မကြာမီ က ကျွန်တော့် နှမဝမ်းကွဲ ခင်ညွန့် နှင့် လက်ထပ် ပြီး ကြပြီး ဖြစ်၍ ယောက်ဖ အနေ ဖြင့် လာ ခြင်း ဖြစ်လေသည် ။


စိန်အုန်း က ကျွန်တော့် ဆီ တွင် တည်း ၍ ကျွန်တော် နှင့် အတူတူ အိပ် လေရာ ထိုနေ့ ည က ရွာ အကြောင်း ထွေရာလေးပါး ပြော ကြရင်းက ရွာ ရှိ မူလတန်းကျောင်း ကလေး အကြောင်း ရောက် သွား ကြလေသည် ။ ဤ တွင် စိန်အုန်းကြီး က ...


“ အေးပေါ့ မြင့်ဦး ရာ ။ နောက် ဆိုရင်တော့ မင်း နဲ့ ထွေးရီ နဲ့ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းမျိုး တို့ ရွာ မှာ မဖြစ်နိုင်တော့ဘူးပေါ့ ကွာ ။ ကလေးတွေ အကုန်လုံး စာ တတ်ကြတော့ မှာ မဟုတ် လား ”  ဟု လေးလေးပင်ပင်ကြီး ပြော ချ လိုက်လေသည် ။


ဤတွင် ကျွန်တော် ပျာပျာသလဲ မေး လိုက်မိလေ သည် ။


“ ဟင် ... ငါ နဲ့ ထွေးရီ နဲ့ ဇာတ်လမ်း ဟုတ်လား ။ မင်း ဘာကို ဆိုလိုတာလဲ ” 


စိန်အုန်း က နေရာ မှ ထကာ အကွက် မပေါ်တော့သော သူ့ လွယ်အိတ်ဟောင်း အတွင်းမှ တစ်စုံတစ်ခု ကို နှိုက် ယူ လိုက်သည် ။ ထွက် လာသည် ကား ကျွန်တော် ထွေးရီ ကို ပေးခဲ့သည့် ကတ္တီပါပန်းကလေး ပင် ဖြစ်လေသည်  ။


ကျွန်တော် က စိန်အုန်း ကို နားမလည်သော အကြည့် ဖြင့် ကြည့် ရလေသည် ။


“ အေး ... မင်း ဘာမှ နားမလည်ဘူး မဟုတ်လား ။ မင်း နားလည်အောင်  ၊ ရင် လည်း နာရအောင် ရှင်းပြမယ် ” 


ဤသို့ ဆိုကာ ဖြစ်ပုံပျက်ပုံ အလုံးစုံ ကို ပုံပြင် သဖွယ် ဇာတ် ခင်း၍ ပြ လေသည် ။  


ကျွန်တော် သည် မထွေးရီ နှင့် သူငယ်ချင်း ဖြစ်ခဲ့ပေမဲ့ မထွေးရီ စာ မဖတ်တတ် ရှာ သည် ကို ကျွန်တော် မသိခဲ့ ။


ကျွန်တော် က “ ဘယ်သူ့ ကို ပေးရမယ် ဆိုတာ ဖတ် ကြည့်လျှင် သိလိမ့်မယ် ” ဟု ဝေ့လည်လည် အဓိပ္ပာယ် ဖြင့် ပြော၍ ပေး လိုက်သော စာ ကို ပိုက်ကာ မထွေးနိုင် မအန်နိုင် နှင့် မထွေးရီ တို့ ရွာ သို့ ရောက် လေသည် ။


အဓိပ္ပာယ် မရှင်းသော စာ ကို မထွေးရီ က သူ နှင့် အရင်းနှီးဆုံး လည်း ဖြစ် ၊ စာ လည်း အတန်ကလေး တတ်သော မသူဇာ နှင့် ကျွန်တော် တို့ က ခွေးမ ဟု ခေါ်လေသော မစာအု တို့ ကို ပြလေသည် ။ မသူဇာ သည် ကျွန်တော့် ကို တစ်ဖက်သတ် စွဲလန်း ကာ စာရေးကြီးကတော် ဖြစ် ချင် နေသူ ဖြစ်ရ ကား စာ ကို မြင်လျှင် မိုးကြိုးထိပ်မှန် ဖြစ် တော့သည် ။ စာ မှာ ကျွန်တော် က မထွေးရီ သို့ ပေးသော စာ ဖြစ်ကြောင်း ကို ကား မထွေးရီ အား ဖတ် ပြခဲ့ကြ၏ ။ သို့ရာတွင် ကျွန်တော် ၏ အချစ် ကို လက်ခံပါ ကြောင်း စာ တစ်စောင် ရေး ပေးရန် မထွေးရီ က အကူအညီ တောင်းသော အခါတွင် ကား မထွေးရီ နှင့် ကျွန်တော် တကယ် နီးစပ် သွားမည် ကို မလိုတမာ ရှိ သည် နှင့် မသူဇာ က ကျွန်တော် ဖတ်ခဲ့ရသော စာ ကို ရေး ၍ ပေးခဲ့လေသည် ။  


အကြောင်းကို မသိသော ကျွန်တော် က မထွေးရီ ကို အထင် မှား မိ သလို သူ ရန်ကုန် သို့ နောက် တစ်ခေါက် လာ စဉ် က အထင် မှား နေသဖြင့် အေးစက်စက် လုပ် နေကာ သူ့ ကို သင်္ဘောဆိပ် တွင် ဆင်း ၍ မတွေ့ခဲ့သော ကျွန်တော့် အား မထွေးရီ က စိတ် ခု ခဲ့လေသည် ။


ရိုးသားရှာသော မထွေးရီ သည် ကျွန်တော့် အပြုအမူ ကို မသူဇာ နှင့် မစာအု တို့ အား ပြော ပြလေလျှင် ကျွန်တော် သည် ရန်ကုန် တွင် စာရေးမချောချော ၊ ကျောင်းသူလှလှကလေးများ နှင့်တွေ့နေ၍ ဖြစ်ရမည် ဟု သာသာထိုးထိုးက လေး တွန်းကြတိုက်ကြ လေတော့သည် ။ တစ်ဖက် မှ လည်း ထွေးရီ ကို တစ်ဖက်သတ် ချစ်နေရှာသည့် သာအေး နှင့် ဆွယ်၍ ပေးခဲ့ကြသည် မှာ ညားသည် အထိ ပင် ဖြစ် တော့သည် ။


“ မိန်းမ ဆိုတာ မင်း နှမ ခင်ညွန့် က အစ အပေါက် အစပ် က များ သား မဟုတ်လား ။ တလော ကတော့ သူဇာ နဲ့ စာအု တို့ ဘာ ဖြစ်တယ် မသိပါဘူးကွာ ၊ ရန် ဖြစ်ကြရော ဟေ့ ။ အဲဒီတော့ မှ စာအု က မင်းတို့ ကိစ္စ မှာ သူဇာ ကလိန် ကျ ထားတာတွေ ထွေးရီ ကို သွား ပြောတာကိုး ၊ ထွေးရီ က ခင်ညွန့် ဆီ လာပြီး ငိုပြောလို့ ဒါတွေ သိရတာ ” 


ကျွန်တော် သည် စိန်အုန်း လှမ်း ပေးသောကတ္တီပါပန်း ကလေး ကို ကိုင်ရင်း ငိုင် နေမိပါသည် ။ ကျွန်တော့် အသည်း နှလုံး တစ်ပြုံလုံး ကျွန်တော့် လည်ချောင်း တွင် တစ် ၍ နေ သည် ဟု ထင် ရလောက်အောင် လည်း ဆို့နင့် နေမိပါသည် ။


“ ငါ ရန်ကုန် လာမယ် ဆိုတော့ ထွေးရီ ဟာ ငါ့ ဆီလာ တယ် ။ အဲဒီ ပန်းကလေး မင်း ကို ပေးလိုက်ပါ တဲ့ ။ သူ လည်း မျက်ရည်တွေ ဝဲ လို့ ကွာ ။ သူ ငယ်ငယ် က စာ မသင်ခဲ့တာ သိပ် ကံဆိုးတာပဲ တဲ့ ပြော သေးတယ် ”   


စိန်အုန်း က ပြောလက်စ စကား ကို ဆက် ပြောနေခဲ့ ပါ၏ ။ ကျွန်တော် ကား မကြား တစ်ချက် ကြား တစ်ချက် နှင့် ဖြစ်ခဲ့သည် ။


“ ထွေးရီ ဟာ ချီးမွမ်းစရာ ကောင်းတယ် ။ သူ လေ သူဇာ နဲ့ စာအု တို့ ကို အပြစ် မတင်ဘူး ။ သူ စာ မသင်ခဲ့ရတာ ကို ပဲ အပြစ် လို့ မြင်တယ် ” 


“ တော်ပါတော့ ကွာ ၊ တော်ပါတော့ ” 


ကျွန်တော် က နာကြည်း လွန်းသဖြင့် အော် ပစ်လိုက် မိလေသည် ။ အံ့အားသင့်စွာ ကျွန်တော့် ကို လှမ်း ကြည့် လိုက်သော စိန်အုန်း ၏ မျက်လုံး အစုံ သည် မျက်ရည် တို့ ဖြင့် ပြည့် နေသော ကျွန်တော့် မျက်လုံးများ ကို မြင်သော အခါ ၌ ကရုဏာရိပ်များ လွှမ်း သွားသည် ကို မျက်ရည်များ ကြားမှ ကျွန်တော် မသဲမကွဲ မြင် လိုက်ရလေသည် ။


“ အေး .. မသူဇာ ဆိုတဲ့ ကောင်မ က အခုတလော မင်း တို့ အိမ် မှာ ချည်း ပဲ ဟေ့ ။ မင်း အမေ ကို နင်း ပေး နှိပ် ပေး ရတာနဲ့ ၊ အိမ် အလုပ်တွေ လုပ် ပေးရတာနဲ့ ။ ခင်ညွန့် က တောင် ဒီကောင်မ ထွေးရီ လင် ရပြီး ကတည်း က ကျုပ် ကို ယောင်းမ ယောင်းမ နဲ့ နားကြားပြင်း တယ် ကပ်တယ် နဲ့ ပြော နေတယ် ကွ ။ မင်း သတိ ထားဦး ” 


စိန်အုန်း ရွာ ပြန် သွား၍ အတန် ကြာလျှင်ပင် အမေ့ ထံ မှ ကျွန်တော့် ထံ သို့ စာ တစ်စောင် ရောက် လာပါ၏ ။ ထင်သည့် အတိုင်း မသူဇာ နှင့် ကျွန်တော့် အား နေရာ ချထား ချင် ကြောင်း မေးမြန်းသော စာ ပင် ဖြစ် လေသည် ။  


ကျွန်တော် က “ မချစ် မနှစ်သက်သော သူ နှင့် တစ် သက်လုံး အတူ မနေပါရစေနဲ့ အမေရယ် ” ဟု အကြောင်း ပြန် လိုက်ရပါသည် ။


( င ) 


အိမ်သို့ ပြန် ရောက်သောအခါ ကျွန်တော် သည် ဇနီးသည် မသိအောင် သိမ်းဆည်း ထားမိသော မထွေးရီ ၏ ကတ္တီပါပန်းကလေး ကို ထုတ် ကြည့် မိပါသည် ။ ပန်းကလေး ၏ အနီရောင် က ဖျော့ လေပြီ ။  


သို့ရာတွင် မထွေးရီ နှင့် ကျွန်တော့် ဇာတ်ကြောင်း က မူ ကျွန်တော် ၏ အာရုံ ဝယ် မှေးမှိန်သွားခြင်း မရှိသေးပါ တကား ။


ထို့နောက် ကျွန်တော် သည် မှတ်တမ်းစာအုပ် ကြား တွင် ရှိသော ရွာ မှ စိန်အုန်း ပို့ လိုက်သည့် ကျွန်တော်တို့ ရွာ အလယ်တန်းကျောင်း ဆောက်ရန် အတွက် အလှူ ထည့်ဝင် သူများ စာရင်းကလေး ကို ပြန်လည်၍ ဖတ်ရှု ကြည့်မိပါ သည် ။


ထို စာရင်းဝယ် ကျွန်တော် က ငွေ တစ်ရာ ထည့်ဝင်ခဲ့ ၏ ။ မထွေးရီ နှင့် သာအေး တို့ လင်မယား က ငွေ သုံးရာ ထည့် ဝင် ထားလေသည် ။


မထွေးရီ သည် သူ အမွေ ရသော နွားတစ်ကောင် ရောင်းရငွေ အားလုံး ကို ကျောင်း ရန်ပုံငွေ အဖြစ် လှူဒါန်းခဲ့ သည် ဟု ကျွန်တော် ကြား ရလေသည် ။


မထွေးရီ သည် သူ့ အဖြစ်မျိုး နောက်ထပ် မဖြစ်စေလို ဟန် ကို ပြခဲ့လေခြင်း မှာ ထင်ရှားတော့သည် ။ ကျွန်တော် သည် အလှူငွေရှင်းတမ်း နှင့် ကတ္တီပါပန်း နွမ်း ကို ကိုင် ထားရာမှ မှတ်ချက် တစ်ခု ချမိပါသည် ။


မထွေးရီ တည်း ဟူသော အဖြူခံ ဝယ် ကျွန်တော် က ရွှေလျှံ ကို သားချင်ခဲ့ပေမဲ့ ကျွန်တော် တို့ ချစ်သူနှစ်ဦး ၏ ကြားဝယ် မြကြိုး တစ်ပင် က ခိုင်မာစွာ ခြားခဲ့လေသည် ။


ထို မြကြိုး ကို မထွေးရီ က ခြားခဲ့ခြင်း မဟုတ် ။ ကျွန်တော် က ကာခဲ့ခြင်း မဟုတ် ။ ဤ ဇာတ်လမ်း ဝယ် လူကြမ်းမကလေး ဖြစ်သူ မသူဇာ က တား ခဲ့ ၊ ခြား ခဲ့ လေခြင်း ဟု လည်း ကျွန်တော် မမြင်ပါ ။


မထွေးရီ အား စာ သင်ခွင့် မပေးခဲ့သည့် ကျွန်တော် နှင့် မထွေးရီ တို့ မွေးဖွားကြီးခဲ့ ရသော မလွတ်လပ်သေးသည့် ကိုလိုနီခေတ် နှင့် တိုင်းပြည်တိုးတက်ရေး ထက် အာဏာ ရရေး ၊ အာဏာ တည်မြဲရေး ကို သာ ရှေ့တန်း တင် ရင်း ကလိန် ကျ ချင်တိုင်း ကျ ခဲ့ကြသော လူတစ်စု တို့ နှင့် တည်ချ ပေးခဲ့သော စံနစ် တို့ က ခြား ခဲ့လေ သည့် မြကြိုးမျှင် သာ ဖြစ် လေသည် ။


ထို ခေတ် နှင့် စနစ် တို့ ကို မထွေးရီ တစ်ယောက် သူ့ အသိ ၊ သူ့ အမြင် နှင့် ဆန့်ကျင် နေရှာ သလို ကျွန်တော် လည်း ကျွန်တော့် အမြင် ၊ ကျွန်တော့် အသိ နှင့် ကျွန်တော့် နေရာ မှ ဆန့်ကျင် လေ မှ သာလျှင် တာဝန် ကျေ မည် ဖြစ်တော့သည် တကား ။


◾တက္ကသိုလ် မောင်မေတ္တာ


📖 သွေးသောက်မဂ္ဂဇင်း

      ၁၉၇၀ ၊ ဇူလိုင် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment