❝ မင်း မရှိလည်း ရပါတယ် ❞
နံနက် ၈ နာရီ ထပ်ခနဲ အရောက် ၊ စူးရှသော ဥဩသံ ထွက်ပေါ် လာလေ၏ ။
အလုပ်သမား ၂ဝ -၂၅ ယောက် ခန့် ကိုယ့် နေရာ ကိုယ် ရောက် ကုန်ကြလေပြီ ။
“ တင်ကလောင် တင်ကလောင် ၊ ရှီးရှီးရှဲရှဲ ၊ ဗြီးဗြီးဗြဲဗြဲ ၊ ဒရစ်ဒရစ် ၊ ဗျစ်ဗျစ် ၊ ဗရော ၊ ကလစ်ကလစ် ၊ ကျင်ကျင်ကျောင်ကျောင် ”
ဝပ်ရှော့ တစ်ခုလုံး သက်ဝင် လှုပ်ရှား လာလေပြီ ။ အသံ မျိုးစုံ ထွက် လာလေပြီ ၊ ဝယ်ဒလင် တို့ သံ ၊ နိုင်ငံခြား က အော်ခက်စထရော အသံ စုံတယ် ဆိုတာ သည် ဝပ်ရှော့ ကို မီပါ့မလား ။ ကျွန်တော့် သူငယ်ချင်း မောင်သောင်း ဝပ်ရှော့ ၊ တောင်ဒဂုံ စက်မှုဇုန် ၂ မှာ တွင်ခုံတွေ ထုတ်လုပ် နေတာ ၊ ခြွေလှေ့စက်တွေ ထုတ်လုပ် နေတာ ။ အစ က ဗဟန်း ဘက် မှာ လုပ် နေတာ ၊ စက်မှုဇုန်တွေ ဖွင့် ၊ မြို့ ထဲ က ထွက်ကြ ဆိုတော့ တောင်ဒဂုံ ၂ ကို
ရောက် သွားတာ ။
“ သူငယ်ချင်း ... ဟို ပိန်ပိန်ရှည်ရှည် အသားဖြူဖြူကောင် မမြင်ပါလား ကွ ၊ ဟိုတစ်ခါ ငါ လာတုန်းက တွေ့တယ်လေ ကွာ ၊ လုပ်ငန်း အရမ်း ကျွမ်းတယ် ဆိုတဲ့ လူကွာ ”
“ အာ ... မင်း မိုးပျံ ကို ပြော တာ ထင်တယ် ။ အခု သူ မရှိတောဘူးကွ ”
“ ထွက်သွားတာလား ၊ ထုတ်ပစ်တာလား ”
“ သူ့ ဘာသာ ထွက် သွား တာပါကွာ ၊ ငါ သူ့ ကို လခ အမြင့်ဆုံး ပေးထား တာပါကွာ ၊ ဒါတောင် မမြဲဘူး ဟ ”
“ အဲဒီ လူ အလုပ် အရမ်း ကျွမ်း ဆိုမို့လား ၊ မင်း ငါ့ ကို တစ်ခါ ပြော ဖူးတယ် ”
“ အလုပ် က တော့ တကယ့် ကို ကျွမ်းတာကွ ၊ အလုပ်ရုံ ပေါင်းလည်း နှံ့နေပြီ ၊ လူ နှစ်ယောက်စာ အလုပ် ကို တစ်ယောက် တည်း ပြီးအောင် နိုင်နိုင်နင်းနင်း လုပ်တဲ့ လူ ကွ ၊ လူတော် တစ်ယောက် ပဲ ၊ ပညာ အရမ်း ကောင်းတယ် ၊ ငါ တောင် လက်ဖျား ခါတယ် ၊ ဒါပေမယ့် ... ”
ရှေ့ မဆက်ဘဲ စကား ကို ဆ နေပြန်၏ ။
“ ဒါပေမယ့် ဘာဖြစ်သလဲကွ ”
“ ပညာ က တော်ပါတယ် ၊ ဒါပေမယ့် အကျင့် တန် တယ်ကွ ၊ အုပ်စု ဖွဲ့တယ် ၊
သွေးခွဲတယ် ၊ ချောက်တွန်း တယ်ကွ ၊ ငါသိ ငါတတ် ဆရာကြီး လုပ်ချင်တယ် ၊ ငါ နဲ့ သိပ် ကီး မကိုက်ပါဘူးကွာ ၊ ပညာ ကြောင့် သာ ကြည့် နေရတာ ”
“ အဲဒီ ပညာ ကို မက်လို့ပဲ ကွ ၊ အခြား အလုပ်ရုံ တစ်ခု က သူ့ ကို မျက်စိ ကျ သွားတာ ”
“ အခု အဲဒီ အလုပ်ရုံမှာ လား ”
“ နောက်ထပ် တစ်ရုံ တောင် ပြောင်း သွားပြန်ပြီ ၊ ခက်တာကွ ၊ သူ က
အရမ်း တတ် နေတော့ ပညာ ပြ ချင်တယ် ၊ သူ မရှိရင် အလုပ် ကို ရပ်ထားရ လိမ့်မယ် ၊ သူ့ ခြေသလုံး ဖက် လာလိမ့်မယ် ၊ ဒီလို ထင် နေတာကွ ၊ ငါ ကလည်း ရင့် နေပြီပဲ ကွာ ၊ တစ်နေ့ ဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ သိ ထားတော့ သူ့ ဆီ က ပညာတွေ ယူ ထား လိုက်တာပေါ့ ”
ဟုတ်လောက်တယ် ခင်ဗျာ့ ၊ ကျွန်တော့် သူငယ်ချင်း မောင်သောင်း ဆိုတာ က ၁၈ နှစ်သား လောက် ကတည်း က ဝပ်ရှော့ ထဲ ရောက် လာတာ ၊ အောက်သက် ကျေရုံ ဘယ် က မလဲ ၊ အမှုန့် ဖြစ် အရည်တောင် ပျော်ကျ သွားပြီ ၊ အသက် ၆ဝ ကျော် သွားပြီ ဗျာ ၊ နည်းတဲ့ လုပ်သက် မှတ်လို့ ၊ ဝပ်ရှော့ အလုပ်သမား ဘဝ ကနေ ကိုယ်ပိုင် အလုပ်ရုံ ထောင်ရုံ တင် မက သူ့ ဆီ က ပညာ တတ် သွားတဲ့ တပည့်တပန်းတွေ အလုပ်ရုံ ခွဲ ထောင် သွားကြတာ ၊ သူ ထောက်ပံ့ ကူညီ ပေး လိုက်တဲ့ အလုပ်ရုံတွေ ၂ဝ -၂၅ ထက် နည်းမယ် မထင်ဘူး ၊ သူ့ သွား ပညာ ပြ လို့ ဘယ် ရပါ့မလဲ နော ၊ သူ့ သွား ပြရင် ပညာကလေး ဖတ်ခနဲ ကောက်ပြီး အိတ် ထဲ ထည့် ထား လိုက်မှာပေ့ါ သူ က ။
“ သူ ထွက် သွားတော့ သူ ကိုင် ထားတဲ့ စက်တွေ ချောချောမွေ့မွေ့ လည်ပတ် ရဲ့လား ဟကောင် ရ ”
“ လည်ပတ်ပါတယ် ကွာ ၊ ငါ ကိုယ်တိုင် လည်း သင်ယူ ထား လိုက်တယ် လည်ရည် ပတ်ရည် ရှိတဲ ငါ့ တပည့် တစ်ယောက် ကို လည်း မသိမသာ သင်ယူ ခိုင်းထား လိုက်တယ်ကွာ ”
“ သူ က ချပ်ခနဲ အလုပ် က ထွက် သွားတော့ ဖတ်ခနဲ သူ့ နေရာ လူစား ဝင် လိုက် တာပေါ့ကွာ ”
မှန်ပါတယ် ခင်ဗျာ ။ ကုန်ထုတ်လုပ်ငန်း လုပ်နေတဲ့ လုပ်ငန်း ပိုင်ရှင်များ ဟာ အလွန် ဦးနှောက် ပြေး ရပါတယ် ၊ ကြိုမြင် ကြိုတွက် ထား ရပါတယ် ၊ လျင်နိုင် သမျှ လျင် ရပါတယ် ။ မောင်မဲ မလာလို့ အလုပ် ရပ်ထားရတာမျိုး ၊ မိဖြူ အလုပ် မဆင်းလို့ ဟာ သွားတာမျိုး မဖြစ်ရ လေအောင် လစ်လပ် သွားတဲ့ နေရာ မှာ လူစား ထိုးဖို့ အဆင်သင့် လုပ်ထား ရတာကလားဗျာ ။ အဲဒါကြောင့်လည်း ကျွန်တော့် သူငယ်ချင်း ဟာ နှစ်ပေါင်း ၄ဝ ကျော် အတွေ့အကြုံများ ကို အခြေခံ ထား သဖြင့် သူ့ အလုပ်ရုံ ရပ်ထားရသည် ၊ နားထားရသည် ဟု မရှိဘူး ခင်ဗျာ ။
“ သူ မရှိလည်း ငါ ရှိနေတာပဲ ကွာ ”
ကျွန်တော် သူ့ စကား ကို အလေးအနက် စဉ်းစား မိပါ၏ ။ အရည်အချင်း ပြည့် ခေါင်းဆောင် ရှိနေ သမျှ လုပ်ငန်း က လည်ပတ် နေမှာပါ ။ သူ့ ဆီ က နည်း ယူရပါ၏ ။ နမူနာ ယူရပါ၏ ။ အခု ကြည့်လေ ... တစ်စုံတစ်ယောက် အလုပ် က ထွက်သွား ရုံ နှင့် သူ့ အလုပ် ဘာမျှ မထိခိုက်ပါ ။ ဘယ်လောက် ကျွမ်းကျင်သူ ပဲ ထွက်ထွက် ။
“ ဟင်း ... ဟင်း ... မင်း မရှိလည်း ရပါတယ် ”
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment