Saturday, October 14, 2023

ငယ်သူငယ်ချင်း


 ❝ ငယ်သူငယ်ချင်း ❞


မနေ့ ည က စိတ်ကူး ကြောင့် ကျော်ထွန်း ခေါင်းငုံ့ လျှောက်ရင်း တွေး လာတယ် ။ ရယ်စရာ တစ်ခု လည်း တွေးမိသေးတယ် ။ ခေါင်းငုံ့ လျှောက် လာတဲ့ အတွက် တစ်ခု ခု ကောက်ရ နိုင်တယ် လို့ ။ မနေ့ ည က စိတ်ကူး ဆိုလို့ ဆန်းဆန်းပြားပြား တော့ မဟုတ်ပါဘူး ။ သူ့ အလုပ် နယ် ပြောင်းဖို့ အကြောင်း ရှိလာလို့ပါ ။


ဒီတစ်ခါ ကန်ကြီးကုန်း ဘက် ပြောင်း ရရင် အဲဒီမှာ ရင်ရင်မြ ရှိတယ် ။ သူ ငယ်ငယ် က ကြိုက် ဖူးတယ် ။ ကြီးကြီးကျယ်ကျယ် စွဲစွဲလမ်းလမ်းကြီး တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ကြိုက်ခဲ့ဖူးတယ် ။ ရင်ရင်မြ စီး လာတဲ့ စက်ဘီး နဲ့ လည်း အတိုက် ခံရဖူးတယ် ။ သူ က အတိုက် ခံရပေမယ့် ရင်ရင်မြ က ဒူး ကွဲ သွားတယ် ၊ ငိုတယ် ၊ သူ့ ကို စိတ် ဆိုးတယ် ။ ကျော်ထွန်း က တောင်းပန်ရတယ် ။


ရင်ရင်မြ က သူ့ ဒူး သူ လှန် ကြည့်တော့ ကျော်ထွန်း လည်း စိုးရိမ်တကြီး ကိုင် ကြည့် မိတယ် ။ ရင်ရင်မြ က ရှက်ပြီး သူ့ ကို တွန်းလှဲ ပစ်ရင်း ကျိန်ဆဲ ပြန်တယ် ။ နောက် အိမ် လည်း အတိုင် ခံရတယ် ။ ဘယ်လောက် အဖြစ် ဆိုး ခဲ့ရသလဲ ။ အဲဒါနဲ့ မပြီးသေးဘူးနော် ။ နောက်ထပ် လည်း အိမ် လာ အတိုင် ခံရသေးတယ် ။ ရင်ရင်မြ ဒူးခေါင်း ကို မြင်ဖူးပါတယ် လို့ ကျော်ထွန်း က လျှောက် ပြောတယ် ဆိုပြီး လာ တိုင် တာပဲ ။ အဲဒါကို တော့ ကျော်ထွန်း ဝမ်း အနည်းဆုံး ပဲ ။


ရင်ရင်မြ ဒူးခေါင်း ကို သူ အနီးကပ် မြင်ဖူး တာ မှန်တယ်လေ ။ ဒါပေမဲ့ သူ ဘယ်သူ့ ကို မှ ပြော မပြပါဘူး ။ ဘာလို့လဲ ဆိုတော့ ရှင်းနေတာပဲ ၊ ရင်ရင်မြ ကို သူ က ကြိုက် နေတာပဲ ။ ရင်ရင်မြ အရှက်တကွဲ အကျိုးနည်း ဖြစ်အောင် သူ က ဘာလို့ ပြောရမလဲ ။ ဒီကိစ္စ က သူ အလွန် အမြတ်တနိုး ထားတဲ့ ကိစ္စပါ ။ ရင်ရင်မြ ဒူးခေါင်း ကို မြင်ဖူးရုံ ဘယ်ကမလဲ ၊ အမှတ်မဲ့ ရုတ်တရက် လက် နဲ့ ကိုင်တောင် ကြည့် လိုက် သေးတာပဲ ။ ဒါကလည်း အခွင့်အရေး ယူတာ မဟုတ်ပါဘူး ။ ရည်ရွယ်ချက် လည်း မရှိပါဘူး ။


ရုတ်တရက် ခြေ မကိုင်မိ လက် မကိုင်မိ ၊ ဘာ လုပ်လို့ ဘာ လုပ်လိုက်မှန်း မသိ ဆိုတဲ့ သဘာဝ မျိုးလေ ။ ဒါပေမဲ့ ချက်ချင်း ဆိုသလိုပဲ ရင်ရင်မြ တွန်းပစ် လိုက်ပြီး ကျိန်ဆဲ ခံခဲ့ရတာပါ ။ ဘာပဲဖြစ်ဖြစ် ရင်ရင်မြ ကို စိတ်ဝင်စား နေမိတဲ့ ကျော်ထွန်း အဖို့ မှာ တော့ မမေ့နိုင်တဲ့ ကိစ္စ ပါ ။ ခဏ ခဏ ပြန်ပြန် တွေးမိတဲ့ အဖြစ်အပျက်ကလေး ပါ ။ ဒါပေမဲ့ အဲဒီ နေ့ က စပြီး ရင်ရင်မြ ဟာ ကျော်ထွန်း ကို ရှက်ရွံ့မုန်း ဆိုတာ လို ဖြစ်သွားခဲ့တယ် လို့ ပြော ကြတယ် ။ အဲ ... နေဦး ၊ ကျော်ထွန်း က ရင်ရင်မြ ရဲ့ ဒူးခေါင်း ကို မြင်ဖူးပါတယ် လို့ လည်း ကြွား နေပါတယ် ဆိုတာ နဲ့ ပတ်သက်လို့ က ဒါက တခြား ၊ အဲဒါက မိတူး လက်ချက် ။


မိတူး ဆိုတာ က ကျော်ထွန်း ကို မုန်း နေတာ ။ ဘယ်လောက် ဆန်းသလဲ ဆိုတာ ပြောပြဦးမယ် ။ အမှန်က မိတူး က ကျော်ထွန်း ကို ကြိုက်တာ ။ ကျော်ထွန်း က သူ့ ကို မကြိုက်ဘူး ၊ စိတ် မဝင်စားဘူး ။ အဲဒါကြောင့် မိတူး က ကျော်ထွန်း ကို မုန်းနေတာ ။ အဲ ... အဲ သူ့ လက်ချက်လေ ။ ရင်ရင်မြ ကို သွား ပြောတာ လည်း သူပဲ ။ ကျော်ထွန်းက ရင်ရင်မြ ဒူးခေါင်း ကို မြင်ဖူးပါတယ်လို့ လျှောက် ကြွားနေပါသတဲ့ လေ ။ ဒီတော့ ရင်ရင်မြ ဆိုတာ က  လည်း ရှစ်တန်း ကျောင်းသူကလေး မဟုတ်လား ။ ဘာ ရှည်ရှည်ဝေးဝေး စဉ်းစား နေတတ်မှာလဲ ။ ကျော်ထွန်း အိမ် တက်တိုင် တာပေါ့ ။ တိုင်တာ မှ ငိုကြီးချက်မ နဲ့ တိုင်တာ ။


ကျော်ထွန်း အဖေ ကိုဘကျော် ဆိုတာ က ရပ်ထဲ ရွာထဲ မှာ သိက္ခာ သမာဓိ နဲ့ နေတာ ။ သြဇာတိက္ကမ လည်း ရှိတယ် ။ ခုတော့ ကိုယ့် သား က ခုလို အောက်တန်း ကျ တဲ့ စကားမျိုး ပြောတယ် ၊ ဘာတယ် ကြား ရတော့ ဘာမပြော ညာမပြော နဲ့ အနား မှာ ရှိတဲ့ ကျော်ထွန်း ကို နားရင်း တီးထည့် လိုက်တာ ၊ ဆေးတိုက်မှာ ခြောက်ချက် ချုပ် ယူရ တယ်လေ ။ ရိုက်တာ က တော်တော်ပါ ၊ ကျော်ထွန်း ခေါင်း က လည်ထွက် သွားပြီး အိမ်တိုင် နဲ့ ပစ် ရိုက် မိလို့ နားထင် မှာ ကွဲ သွား တယ်လေ ။ ရင်ရင်မြ ရှေ့ မှာ တင် ကျော်ထွန်း နားထင် က သွေးတွေ ဖြာခနဲ ထွက် သွားတာ ။ ရင်ရင်မြ လည်း လန့် အော်ပြီး အိမ် ပေါ် က ဆင်း ပြေးတာပဲ ။


ကျော်ထွန်း နေ ကောင်းလို့ ကျောင်း ပြန် တက်တော့ ရင်ရင်မြ မရှိတော့ဘူး ။ သူတို့ မိသားစု အလုပ် နဲ့ နယ် ပြောင်းရလို့ တဲ့ ။ ကျောင်း ထွက် သွားပြီ ။ ကိစ္စ မရှိပါဘူး ၊ ကျော်ထွန်း က လည်း ရင်ရင်မြ ကို တော်တော်လေး လန့် နေပါပြီ ။ ဒီကြား ထဲ မှာ မိတူး က အခွင့်အရေး ယူပြီး ကျော်ထွန်း နား ကပ် ဖို့ ကြိုးစား သေးတယ် ။ ဒါပေမဲ့ မရပါဘူး ။ မိတူး ချောက် တွန်းတဲ့ ကိစ္စ ကို ကျော်ထွန်း က သိနေခဲ့တာပဲ ။


အမှန်က တော့ ကျော်ထွန်း ဟာ ရင်ရင်မြ ကို လန့် သွားတာပါ ။ မေ့ သွား တာလည်း မဟုတ်ပါဘူး ၊ မုန်း သွားတာလည်း မဟုတ်ပါဘူး ။ နောက်ပြီး အမြဲ တွေး နေလို့လည်း မဖြစ်ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ အတွက် မျှော်လင့်ချက် မှ မရှိတာပဲ ။


ခုဆို ပို ဝေးသွားပြီ ။ မြစ်ဝကျွန်းပေါ် ဘက် ပြောင်းသွားကြတာ တဲ့ ။ တစ်ခု တော့ ရှိတယ် ၊ ရင်ရင်မြ မရှိတော့ပေမဲ့ ကျော်ထွန်း သူငယ်ချင်းတွေ က ရော ကျော်ထွန်း ကို ခဏခဏ စ ကြတယ် ။ ဒီတော့ လည်း ဘယ်လိုလုပ် မေ့ လို့ ရမလဲ ။ ပြီးတော့ အဝေးရောက် နေတဲ့ ရင်ရင်မြ အကြောင်း ၊ ရင်ရင်မြ သတင်း က လည်း သူ့ ဆီ ကို ရောက် ရောက် လာ တတ်တယ်လေ ။ တိုက်ဆိုင်မှု လို့ ပဲ ပြောရမလား ၊ သတင်း က သိပ် ပြတ် လှတယ် မရှိဘူး ။


ကျော်ထွန်း မန္တလေး ဆရာအတတ်သင် ကောလိပ် တတ်တော့ ရင်ရင်မြ က ရန်ကုန် ကန်ဘဲ့ က ဆရာအတတ်သင်သိပ္ပံ မှာ ဆိုပဲ ။ ကဲ .. ။


ကျော်ထွန်း ဟာ ရင်ရင်မြ ကို မမျှော်လင့်တော့ တာ အမှန်ပါ ။ တစ်ယောက် နဲ့ တစ်ယောက် ကတောက်ကဆတ် ဖြစ်ခဲ့ဖူးကြ တာ က လည်း ရှိတယ် ။ အနေ က လည်း ဝေးနေကြပြီး ၊ ဒီ ကြားထဲ မှာ လည်း ဆယ်နှစ်ဆယ်မိုး တစ်ယောက် နဲ့ တစ်ယောက် တစ်ခါ မှ ပြန် မတွေ့ကြဘူးလေ ။ အဲ စောစောက ပြော သလို ရင်ရင်မြ ရဲ့ သတင်း က တော့ ကျော်ထွန်း ဆီ ရောက် ရောက်လာတယ် ။ ဒါကလည်း ကျော်ထွန်း ကို နောက်ချင် ပြောင်ချင် ကြ လို့လေ ။ စေတနာကောင်း နဲ့ မဟုတ်ကြပါဘူး ။


တစ်ခု ထူးခြားတာ က ကျော်ထွန်း ဟာ မိန်းမချော မိန်းမလှတွေ အလွန် ပေါတဲ့ မန္တလေး ဆရာအတတ်သင်သိပ္ပံ မှာ နေခဲ့ ပေမဲ့ ဘယ် အမျိုးသမီး ကို မှ စိတ် မဝင်စားခဲ့တဲ့ ကိစ္စ ပဲ ။ ဒီ နောက်လည်း ဒီလိုပါပဲ ။ ကျောင်းဆရာလေး ဖြစ် လာတော့လည်း မိန်းမလှ မိန်းမချော တွေ တွေ့ တာပါပဲ ။ နောက်ပြီး အမျိုးတွေ ကတစ်ဆင့် စပ်ကြ ဟပ်ကြ တာတွေ လည်း ရှိပါတယ် ။ ကျော်ထွန်း သုံးဆယ် သာ ကျော် လာတယ် ။ ချစ်ရမယ့် သူ မရှိခဲ့ပါဘူး ။


ဒီလို ဆိုတော့ ရင်ရင်မြ ကို မျှော်လင့် နေလို့လားလို့ ဆိုပြန်တော့ လည်း ဒီလို လည်း မဟုတ်ပြန်ဘူး ။ သူ့ ဟာ က သူ့ ဘဝ မှာ တစ်ခါ လန့်သွားပြီး မမေ့နိုင် အောင် ဖြစ်နေတဲ့ သဘောပဲ ။


ပြီးခဲ့တဲ့ နှစ် က တော့ အတော် ရယ်စရာ ကောင်းတဲ့ အဖြစ် နဲ့ ကြုံရတယ် ။ ဒီလိုလေ ။ ကျော်ထွန်း စီး လာတဲ့ စက်ဘီး နဲ့ သူနာပြုဆရာမလေး တစ်ယောက် ကို တိုက် မိတယ် ။ သူနာပြုဆရာမကလေး က ဘာမှ သိပ် မဖြစ်ပါဘူး ။ ကျော်ထွန်း က ဒူး ကွဲ သွားတယ်လေ ။ အဲဒီမှာ သူနာပြုဆရာမကလေး က ကျော်ထွန်း ရဲ့ ဒူးခေါင်းကို အနီးကပ် စစ်ဆေး ကြည့်ရှုရုံတင် မကဘူး ၊ သန့်စင်အောင် စပရစ် နဲ့ သုတ် ၊ ပိုးသတ် ၊ ဆေးထည့် ၊ ပလာစတာကပ် ၊ အကုန် လုပ်ပေးတာပဲ ။ အဲဒီ အချိန်မှာ ကျော်ထွန်း ရင်ရင်မြ ကို သိပ် သတိရ မိတာပေါ့ ။


သူနာပြု ဆရာမကလေး က ကျော်ထွန်း ရဲ့ ဒူးခေါင်း ကို အနီးကပ် မြင်ဖူးကြောင်း လည်း လျှောက် ကြွား မနေခဲ့ပါဘူး ။ ကျော်ထွန်း ကြံကြံဖန်ဖန် တွေးပြီး တစ်ယောက် တည်း ကြိတ် ပြုံးမိသေးတယ် ။


နောက် တစ်ခု ပြောရဦးမယ် ။ ကျော်ထွန်း က ရော အဲဒီ သူနာပြုဆရာမလေး ကို စိတ်ဝင်စား သွားရော့လား ဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး ။ သူနာပြုဆရာမလေး ဟာ တော်တော့် ကို ချောပါတယ် ။ ဒါပေမဲ့ ကျော်ထွန်း စိတ် မဝင်စားမိပါဘူး ။ ဘယ် ဝင်စားမလဲ ။ ရင်ရင်မြ အကြောင်း တွေး မိ နေတာကိုး ။


ထားပါ ။ ထူးခြားတာ က ဘာလဲ ဆိုတော့ ကျော်ထွန်း ညီ စိန်ထွန်း က အဲဒီ သူနာပြုဆရာမကလေး ကို ကျော်ထွန်း စက်ဘီး နဲ့ တိုက်မိတဲ့ အကြောင်း ကို သိ သွားတယ် ။ စိန်ထွန်း က ဒီတုန်း က မိတ္ထီလာ မှာ ဒေသန္တရ ကျန်းမာရေးမှူး လုပ် နေတာ ။ အဲဒီမှာ ရင်ရင်မြ က လည်း ရှိတယ် ။ စိန်ထွန်း က တကယ့် လူရှုပ်ပဲ ။ သူ့ အစ်ကို သူနာပြု ဆရာမလေး ကို စက်ဘီး နဲ့ ဝင် တိုက် မိတဲ့ အကြောင်း ၊ သူ ဒူး ကွဲ သွားကြောင်း ၊ သူနာပြုဆရာမကလေး က ကျော်ထွန်း ရဲ့ ဒူးခေါင်း ကို အနီးကပ် ကြည့်ရုံတင် မကဘဲ ရဲရဲတင်းတင်း ကိုင်တွယ် ဆေးထည့် ပေးရတဲ့ အကြောင်း ၊ ဒါပေမဲ့ ဆရာမကလေး ဟာ ကျော်ထွန်း ရဲ့ ဒူးခေါင်း ကို အနီးကပ် မြင်ဖူးပါတယ် လို့ အရပ် ထဲ လည်ပြီး မကြွားကြောင်း ရင်ရင်မြ ကို သွား ပြောသတဲ့ လေ ။


ရင်ရင်မြ ဆိုတာ က အရင်က လို ရှစ်တန်း ကျောင်းသူလေး လည်း မဟုတ်တော့ဘူး လေ ။ စိန်ထွန်း ပြောပြတော့ ခွက်ထိုးခွက်လန် ရယ် လိုက်တာတဲ့ ။


တစ်လ လောက် နေတော့ ကျော်ထွန်း ဆီ ကို ရင်ရင်မြ က စာ ရေးလိုက်တယ် ဆိုပဲ ။ စိန်ထွန်း ပြောပြလို့ သိရတဲ့ အကြောင်းတွေ ကို ပဲပေါ့ ။ ကျော်ထွန်း ဟာ တော်တော် အံ့သြ သွားတယ် ။ ရင်ရင်မြ ဟာ သူ ထင် သလို မဟုတ်ပါလား ။ ငယ်ငယ် က အကြောင်းတွေ ကို သူ ထင်သလို စိတ်ဆိုးမာန်ဆိုး မဟုတ်တော့ပါလားပေါ့ ။


သူ့ စိတ်တွေ အတော် သက်သာ သွားတယ် ။ တစ်နေ့ မဟုတ် တစ်နေ့ ၊ တစ်နေရာ ရင်ရင်မြ နဲ့ တွေ့ ရင် ရယ်ရယ်မောမော ရဲရဲတင်းတင်း ဆက်ဆံ နိုင်ပြီပဲ ။


နေဦး ။ ရင်ရင်မြ စာ ထဲ မှာ ပါတဲ့ အကြောင်း တချို့ ကို ပြောပြဦးမယ် ။ ရင်ရင်မြ ဒူးခေါင်း ကွဲရတဲ့ အဖြစ် က ၁၉၅၃ - ၅၄ မန္တလေး မှာ လေ ။ ဒီတုန်းက ခေတ် က တစ်မျိုး ၊ အထူးသဖြင့် အညာ ဆိုတာက အရှက်အကြောက် သိပ် ကြီး ကြတာ ။ ကျောင်း အားကစားပွဲ တွေ မှာ မိန်းကလေးတွေ ဟာ အပြေး ပြိုင် တာပဲ ဖြစ်ဖြစ် ၊ ဘာပဲ ဖြစ်ဖြစ် ဒူးပေါ် ပေါင်ပေါ် ဖြစ်အောင် ဘောင်းဘီတို ဝတ်တာတို့ ဘာတို့ မရှိဘူးလေ ။ မတော်တဆ ဒူးပေါ် ပေါင်ပေါ်  ဖြစ်ကြ ရတယ် ဆိုရင် အလွန် ရှက် တတ်ကြတာ ။


၁၉၆ဝ ဝန်းကျင် ရောက် လာပြီး ရင်ရင်မြ ရန်ကုန် ဆရာအတတ်သင်သိပ္ပံ တက်တဲ့ အချိန် ၊ ကျော်ထွန်း မန္တလေး ဆရာအတတ်သင်သိပ္ပံ တက်တဲ့ အချိန် ကျတော့ ခေတ် က တော်တော် ကို ပြောင်း သွားပြီ ။ အားကစား လုပ်တဲ့ မိန်းကလေးတွေ အားလုံး ဘောင်းဘီတို ဝတ် ကုန်ကြပြီ ။ ဒီ ကိစ္စတွေ က ဘာမှ မဆန်းတော့ဘူး မဟုတ်လား ။ အဲ ... အဲဒီ အကြောင်းတွေ ကို ရင်ရင်မြ က ကျော်ထွန်း ဆီ ရေးတဲ့ စာ ထဲ မှာ ထည့် ရေးလိုက်တယ် ။ သူ ကိုယ်တိုင် လည်း ဘက်စုံ လှုပ်ရှားမှုတွေ မှာ ပါရင်း ဘောင်းဘီတို အကြိမ်ကြိမ် ဝတ်ခဲ့ဖူးပြီ ဖြစ်တဲ့ အကြောင်း ၊ တစ်ချိန်က ကျော်ထွန်း ကို စိတ် ဆိုးပြီး ၊ ရှက်ပြီး တိုင်ခဲ့ တောခဲ့ မိတဲ့ အတွက် ရယ် မိကြောင်း ။ ခုလည်း တစ်ပါတည်း တောင်းပန် လိုက်ပါကြောင်း ။ ဟိုး အရင် က လည်း စိတ်ဆိုးတာ ထက် ရှက်ရမ်းရမ်း မိသာတာ ဖြစ်ပါကြောင်း ၊ မိတူး ချောက် တွန်းတာ ကို ယုံ မိလို့ နောက် တစ်ကြိမ် ကျော်ထွန်း အိမ် လာပြီး တိုင်တော့ ကျော်ထွန်း နားရင်း အရိုက် ခံရ လို့ ခြောက်ချက် ချုပ် ယူရလောက် အောင် ၊ သွေးတွေ ဖြာခနဲ ထွက်သွား လောက်အောင် ခံ လိုက်ရတဲ့ မြင်ကွင်း ကို သူ တော်တော် နဲ့ မေ့လို့ မရပါကြောင်း ၊ ဘာညာ ပေါ့လေ ။ ဟာသလေးတွေ နှောပြီး တရင်းတနှီး ရေးလိုက် ရှာတာပါ ။ တကယ်တမ်း ကျတော့ ငယ်သူချင်းတွေ မဟုတ်လား ။ ပြီးတော့ ခု အချိန် မှာ ဆရာ ၊ ဆရာမတွေ လည်း ဖြစ် နေကြပြီလေ ။ ပွင့်ပွင်လင်းလင်း လည်း ပြောရဲ ဆိုရဲ ကြပြီလေ ။


ကျော်ထွန်း က လည်း ချက်ချင်း ဆိုသလိုပဲ ရင်ရင်မြ ဆီ စာ ပြန် လိုက်ပါတယ် ။ သူ ရင်ရင်မြ ကို ဘယ်တုန်း က မှ စိတ် မဆိုးခဲ့ဖူးပါကြောင်း ၊ သူငယ်ချင်း ကို နားလည်ပါကြောင်း ၊ ဘာညာပေါ့ ။


ဒီတော့ ရင်ရင်မြ ဆီ က စာ တစ်စောင် ရောက် လာ ပြန်တယ် ။ ကျော်ထွန်း သူ့ ကို စိတ် မဆိုးခဲ့ဘူး ဆိုတာ ကို မယုံကြောင်း ၊ ဘာပြုလို့လဲ ဆိုတော့ ကျော်ထွန်း ရေးတဲ့ စာဟာ အလွန် တို နေတဲ့ အတွက် စဉ်းစားစရာ ဖြစ်နေကြောင်း ။


ကျော်ထွန်း က လည်း သူ စာရှည်ရှည် ရေးချင်လှပါကြောင်း ၊ ဒါပေမဲ့ ဘာ ရေးရမှန်း မသိ၍ တို သွားရတာ ဖြစ်ကြောင်း ချက်ချင်း စာ ပြန်တာပဲ ။


အဲဒီမှာ ရင်ရင်မြ ဆီ က စာရှည်ကြီး တစ်စောင် ရောက် လာ ပြန်တယ် ။ ကျော်ထွန်း စာရှည်ရှည် ရေးမယ် ဆိုရင် အကြောင်းအရာ မရှားပါးကြောင်း ၊ ငယ်သူငယ်ချင်းများ ဆယ့်လေးငါးနှစ် ကွဲကွာ နေကြတဲ့ အချိန်တွေ မှာ ဘာတွေ လုပ် နေကြသလဲ ၊ ဘာ အတွေ့အကြုံတွေ နဲ့ တွေ့ကြရသလဲ ၊ ဘယ်လောက် တိုးတက်ခဲ့ကြသလဲ စသဖြင့် ရေး နိုင်ကြောင်း အကြံ ပေးရင်း သူ့ အဖြစ်အပျက် တော်တော်များများ ကို ရေးထည့် လိုက်တယ် ။


ခက်တာက ကျော်ထွန်း သိပ် သိချင်တဲ့ ကိစ္စတွေ က တစ်စွန်းတစ်စ မှ ပါ မလာဘူး ။ စာ ထဲ မှာ မပါပေမဲ့ ကျော်ထွန်း သူ့ ဟာ သူ သိထားတဲ့ အကြောင်း တစ်ခု တော့ ရှိပါတယ် ။ အဲဒါကတော့ ရင်ရင်မြ တစ်ယောက် အိမ်ထောင် မကျသေးဘူး ဆိုတဲ့ အကြောင်း ပါ ပဲ ။


ရင်ရင်မြ ကို သာ ပြော ရတာပါ ၊ ကျော်ထွန်း ကိုယ်တိုင် သူ့ ဘဝ သူ့ အတွေ့ အကြုံတွေ ကို စာရှည်ကြီး ရေးတဲ့ အခါ မှာ လည်း သူ့ အချစ်ရေး ၊ သူ့ နှလုံးသားရေး အခြေအနေတွေ ကို ထည့် မရေးဖြစ်ပါဘူး ။ ယုတ်စွအဆုံး သူ လည်း ခုထိ လူပျိုကြီး ဘဝ ပါပဲ ဆိုတာ တောင် ထည့် မရေးလိုက်ပါဘူး ။


ကန်ကြီးကုန်း ကို ကျော်ထွန်း ပြောင်း ခဲ့ရတော့ ရင်ရင်မြ က အများကြီး ကူညီပါတယ် ။ ငယ်သူငယ်ချင်း နှစ်ယောက် အချိန် အကြာကြီး ကွဲကွာ နေပြီး မှ ပြန် ဆုံကြရတာ ဆိုတော့ အတော်ကြီး ကို ဝမ်းသာစရာပါပဲ ။


သုံးလေးငါးရက် နေတော့ ကန်ကြီးကုန်း မှာ ကျော်ထွန်း တော်တော် နေသား ကျ လာတယ် ။


ရင်ရင်မြ က ပဲ ကျော်ထွန်း ကို ထူးခြားတဲ့ စကား တစ်ခွန်း စ ပြောတယ် ။ မိတူး တစ်ယောက် သူနာပြုဆရာမ လုပ်ရင်း ကချင်ပြည်နယ် ဘက် ရောက် နေကြောင်း ၊ အပျိုကြီး ဘဝ နဲ့ အရိုးထုတ်တော့မယ် လို့ သူ့ ဆီ စာ ရေးကြောင်း ၊ ကျော်ထွန်း နဲ့ ပတ်သက်လို့ သူ ငယ်ငယ် က ရူးရူးမိုက်မိုက် နဲ့ ချောက်တွန်းခဲ့ မိတာ ကို ဝန်ခံထား ရှာကြောင်း ၊ တစ်သက်လုံး ယူကျုံး မရ ဖြစ်ခဲ့ရကြောင်း မိတူး ရေးတဲ့ စာလေး ကို ပါ ထုတ် ပြတယ် ။


ခြောက်လ လောက် နေတော့ ကျော်ထွန်း က ရင်ရင်မြ ကို မိဘ စုံရာ နဲ့ တောင်းရမ်း လက်ထပ် လိုကြောင်း ကြောက်ကြောက် နဲ့ ဖွင့်ပြီး ခွင့်တောင်းတယ် ။


အဲဒီတော့ ရင်ရင်မြ က ကျော်ထွန်း လက်မောင်း ကို တရင်းတနှီး ထု ရိုက်ရင်း ခွက်ထိုးခွက်လန် ရယ် လိုက်တာ ။ ကျော်ထွန်း တောင် အတော် လန့် သွားသေး သတဲ့ ။ ကျော်ထွန်း လန့် သွားရင် မျက်နှာ က လည်း သိသိသာသာ ပျက် သွား တတ်တယ်လေ ။ ရင်ရင်မြ က သူငယ်ချင်းကြီး အကြောင်း ကို သိပ် သိ တာပေါ့ ။ ဒါနဲ့ ကပျာကယာ ပြော လိုက်ရရှာ သတဲ့ ။


ကျော်ထွန်း က သာ သဘော တူမယ် ဆိုရင် သူ က ပဲ မိဘစုံရာ နဲ့ တောင်းရမ်း လက်ထပ်ပါရစေ လို့  ။


ဆယ့်ငါးနှစ် လောက် အတွင်း လူမှုရေး ပြောင်းလဲမှုတွေ က မြန်တယ် နော ... ။


◾ဝင်းဖေ


📖 ကလျာ မဂ္ဂဇင်း

      ၁၉၉၀ ၊ စက်တင်ဘာ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment