❝ ရည်းစား သူခိုး ❞
မြတင် နှင့် လှကျော် သည် နှစ်ယောက်သား တိုင်ပင် လျက် နေကြ၏ ။ ၄င်းတို့ တိုင်ပင်သော အကြောင်း မှာ အခန်း နှစ်ခု ကို တစ်ခုတည်း ဖြစ်အောင် ပေါင်းစပ် ၍ အဘယ် ကို မျှ မပြောင်းဘဲ အတည်တကျ နေနိုင်ဖို့ရေး ဖြစ်လေ၏ ။
၄င်းတို့ အခန်းများ မှာ လှေကား တစ်ခု တည်း ရင်ဆိုင် သဖြင့် အစိတ် စီ ပေး၍ နေကြရာ အကြောင်း သင့်၍ တစ်ပေါင်း တည်း ဖြစ်ကြချေ က အတွင်း ၌ ရှိသော ပျဉ်ထောင် ကို ခွာ ရုံဖြင့် ကျယ်သော အခန်းကြီး တစ်ခု ဖြစ်ဖို့ ရှိလေ၏ ။
မြတင် မှာ မိဘ မရှိ ။ မော်လမြိုင်မြို့ မှ လာရောက်ပြီး မိန်းမ အဖော် တစ်ယောက် နှင့် အတူ နေလျက် ဇာထိုး ပန်းထိုး အချုပ်အလုပ် များ ကို သင်၍ နေသူ ဖြစ်လေ၏ ။
ထို အလုပ် ကို သင်ပေးသူ မှာ ဘိလပ်ပြန် အမျိုးသမီး တစ်ယောက် ဖြစ်ရာ ထို အတတ်များ ကို ကောင်းစွာ တတ် လာသော နေ့ ၌ အလုပ်ကြီး တစ်ခု ကို တည်ထောင်ရန် ကြံစည်ခြင်း ဖြစ် လေ၏ ။
သို့ သင်ကြား နေခိုက် မှာ အဖော် မိန်းမပျို မှာ မကျန်းမာ သဖြင့် မိမိ ၏ အရပ် သို့ ပြန် သွားရာ မြတင် မှာ တစ်ယောက် တည်း ကျန်၍ နေခြင်း ဖြစ်၏ ။ သို့ နေသည့် အတွင်း လှကျော် သည် မျက်နှာချင်းဆိုင် အခန်း သို့ ရောက်၍ လာ သဖြင့် ချစ်ကျွမ်း ဝင် ကြရာ အပေါ် ယံ အကျွမ်းဝင်ခြင်း သည် နှလုံး သို့ ထိ ရောက်လျက် မြတင် မှာ မိမိ ၏ အဖော် ပြန်၍ မလာ သဖြင့် စရိတ် အကုန်အကျ နည်းသော နေရာ သို့ ပြောင်း ဖို့ ကြံစည်သော အကြံ ကို ပင် ဖျက်လျက် အိန္ဒိယတိုင်းသူ နှစ်ယောက် သုံးယောက် ကို မြန်မာစာ သင်ပေးခြင်း ဖြင့် အိမ်လခ ကို ပေးနိုင်အောင် ကြိုးစား ၍ နေ လေ၏ ။
“ ခက်တယ် မြ ရယ် ။ နှစ်ခန်း ဆိုရင် ငါးဆယ် ကျ မှာပဲ ။ အရှည် သဖြင့် ပေးနိုင်ရင် တော်ပါရဲ့ ။ မြ မှာ လဲ တပည့်တွေ ဆက်လက်ပြီး ရ မှ ဖြစ်မှာ ။ မရရင် အခက်သားပဲ ” ဟု ပြောလေ၏ ။
“ သည်အတွင်း မှာ ကိုလှကျော် ကော အလုပ် မရနိုင်ဘူးတဲ့လား ”
“ မရသေးမီ အတွင်းမှာ ရ သလို စိတ်ကူးလို့ ဘယ် ကိုက် မလဲ ။ ယောက်ျား ဖြစ်ရက် နဲ့ မိန်းမ လုပ်စာ ကို မှီခို ရ မှာလဲ အခက် သားပဲ ။ သည် အိမ်ရှင် သား က သူငယ်ချင်း ကျောင်းနေဘက် မို့ ပေးထားလို့ နေရတာပါ ။ မတော်တဆ သူ့ အဖေ က ဆင်း ဆိုရင် ဆင်း ရမှာပဲ ။ အလုပ် က အလွန် ရှားတာပဲ ။ ပုံသေ စိတ်မ ချရသော် လည်း အလုပ် တစ်ခု ကို မရသေး သမျှ အတည်တကျ ဖြစ်ဖို့ အခက်သားပဲ ။ ဟင် ... ဒါထက် မြ တစ်ခါမှ လက်ကောက် ဝတ်တာ မမြင်ရပါ ကလား ။ သည် လက်ကောက် ဘယ်တုန်း ဝယ်သလဲ ”
ဟု ပြတင်းပေါက် မှ ဝင်သော နေရောင် တွင် ပြိုးပြိုးပြက်ပြက် အရောင် ထွက်သော လက်ကောက် ကို ကြည့်လေ၏ ။
ထိုအခိုက် မြတင် ထံ လာနေကျ ဖြစ်သော အောက်ထပ် က အသိ မိတ်ဆွေ မိန်းမကြီး ဒေါ်လှမယ် ရောက်၍ လာရာ ။ မြတင် လက်ကောက် ကို ဖြုတ် ၍ ပြရာ ဒေါ်လှမယ် နှင့် လှကျော် နှစ်ယောက် သား ကြည့်ပြီး စိန်များ ကို ကြည့်လျက် ချီးမွမ်းကြလေ၏ ။
ဒေါ်လှမယ် ။ ။ “ စိန် အစစ်ပဲ ။ တူမ နဲ့ အင်မတန် တော်တာပဲ ။ အခု အခါ မှာ ဝတ်နိုင်သူ အင်မတန် ရှားတာပဲ ။ ဓာတုဗေဒတွေ ကို သုံးနေကြရတာပဲ ။ တော်တော် တန်လိမ့်မယ်နော် ”
လှကျော် ။ ။ “ အစစ် ဆို သုံးထောင် ထက် ဘာ နည်းမလဲ ။ ပြောစမ်းပါဦး မြ ရဲ့ ။ ဘယ်တုန်းက ဝယ် လိုက်တာလဲ ။ မမြ ... သည်လောက် ချမ်းသာမှန်း မသိပါကလား ”
“ ကျွန်မ ဘာ ဝယ်နိုင်မလဲ ။ ကျွန်မ အရီး တရုတ် သူဌေးကတော်ကြီး တစ်ယောက် ရန်ကုန်မှာ ရှိတယ် ။ မုဆိုးမကြီး အင်မတန် စစ်စီလို့ ကျွန်မ မသွားဘူး ။ ငယ်ငယ် က တော့ ကျွန်မ ကို သိပ် ချစ်တာပဲ ။ မသေမီ မှာ ပစ္စည်းများ လူလိမ်လို့ ကုန် သတဲ့ ။ တစ်နေ့က ကျွန်မ တို့ အသိ စိန်ပွဲစား ဒေါ်အုံးမြ လာပြီး ပေး တယ် ။ အရီး က ကျွန်မ ကို ပေးဖို့ မသေမီ က သူ့ ကို အပ်သွား သတဲ့ ။ အခုမှ ကျွန်မ ကို ရှာ တွေ့လို့ ပေးတာ ။ ဒေါ်အုံးမြ လက် ထဲ မှာ သုံးလ နီးနီး ကြာ သတဲ့ ။ သေတာလဲ ကျွန်မ မသိရဘူး ။ ကျွန်မ ရန်ကုန် ရောက် နေမှန်း အရီး ကြားတယ် ထင်ပါရဲ့ ။ သေသေချာချာ မသိပါဘူး ”
လှကျော် သည် လက်ကောက် ကို သေသေချာချာ ကြည့်ပြီး
“ ပေး ... သာပြီး စိတ်ချတဲ့ နေရာမှာ ထားမယ် ။ ဒီမှာ စိတ် မချရဘူး ”
“ အမယ် ... ဘာပြုလို့ စိတ် မချရမှာလဲ ။ ကျွန်မ မှာ ဒါ ရှိမှန်း ဘယ်သူမှ မသိဘူး ။ အရီး ကို အထင် လွဲမိတဲ့ အတွက်ကြောင့် သည် လက်ကောက်ကို မြင်တိုင်း သတိရအောင် ကျွန်မ နဲ့ မခွဲမခွာ ဘဲ အမြဲ ကျွန်မ ဆီမှာ ထားဖို့ စိတ်ကူး ထားပါ တယ် ”
ဒေါ်လှမယ် ။ ။ “ ဒါလဲ ဟုတ်ပါရဲ့ ။ နို့ပေမယ့် မိန်းမသားချည်း တစ်ယောက် တည်း ဆိုတော့ ... ”
“ ကိုလှကျော် ဟိုဘက်ခန်း မှာ ရှိတယ် ။ အဒေါ်တို့ လဲ အောက် မှာ နေတယ် ။ သည်ဘက် ခန်း ကလဲ ဟိုက်ကုတ်စာရေးကြီး လင်မယား လူကောင်း တွေ ။ ဘာ စိုးရိမ်စရာ ရှိမှာတုန်းအဒေါ် ”
“ ဒါလဲ ဟုတ်ပါရဲ့ ။ သို့သော်လဲလေ လူ ဆိုတာ ”
“ ကျွန်မ အိမ် မှာ သာ တစ်ခါတစ်လေ ခဏတဖြုတ် ဝတ် မှာပါ ။ အပြင် ထွက်ပြီး မကြော်ငြာပါဘူး ”
"ကျွန်မ အိပ်ရာ မွေ့ရာ ထဲ မှာ ထားရင် ဘယ်လူ လာ သိမလဲ ။ ဒါထက် အချိန်တော်ပြီ ကျွန်မ သွားရဦးမယ် ”
ဟု ပြော ရင်း လက်ပတ်နာရီ ကို ကြည့်ပြီး ထိုင်ရာ မှ ထလေ၏ ။
မြတင် ၏ စိတ် ၌ ထို လက်ကောက် ကို ထုခွဲပြီး အရောင်းအဝယ် တစ်ခု ခု လုပ်ရင်း မိမိ ချစ်သူ မောင်လှကျော် နှင့် အတည်တကျ ဖြစ်ဖို့ ကို စိတ်ကူး လျက် မိမိ အလုပ်သင် သော နေရာ သို့ သွားလေ၏ ။
နောက် နှစ်လ လောက် ကြာလျှင် တတ်မည် ။ ထိုအခါ အချုပ်အလုပ် ဆိုင်ရာ အလုပ်ဆိုင် တစ်ခု ဖွင့်မည် ဟု စိတ်ကူး၍ နေ လေ၏ ။
ထို အကြံ ကို လှကျော် အား ပြော၍ မပြသေးပေ ။ လှကျော် အဘယ်လို လူ ဖြစ်သည် ကို သာ၍ သေချာအောင် စောင့်ဆိုင်း ၍ နေလေ၏ ။
ထိုနေ့ ညနေ အခန်း သို့ ပြန်၍ ရောက်သော အခါ လက်ကောက် ကို ရှာ ၍ မတွေ့တော့ပေ ။ အထား မှား လေသလား ဟု တစ်ခန်းလုံး ကို မွှေနှောက် ၍ ရှာလေ၏ ။ မတွေ့သော အခါ လှကျော် အခန်း ကို ကြည့်ရာ သော့ခတ် ထားသည် ကို တွေ့ သဖြင့် ဒေါ်လှမယ် ၏ အခန်းကို ဆင်း၍ မေးလေ၏ ။
ဒေါ်လှမယ် က လည်း များစွာ စိတ် မကောင်းသော အမူအရာ နှင့် မည်သူမျှ ဝင်ထွက် ၊ တက်ဆင်း သည်ကို မတွေ့ရကြောင်း ပြော လေ၏ ။
ဒေါ်လှမယ် ၏ ယောက်ျား က လည်း မမြတင် အခန်း နဲ့ ရင်ဆိုင်ခန်း က မောင်ရင် တစ်ယောက် ပဲ နှစ်ကြိမ်သုံးကြိမ် တက် ဆင်း သွားလာတာ မြင်ရတာပဲ ။ သော့ခလောက် မှာ သော့ခတ် သံ လိုလို ကြားရတာပဲ ဟု ပြောလေ၏ ။
မြတင် မှာ များစွာ အတွေးရ ကြပ်လျက် မိမိ ၏ အခန်း ကို ပြန်၍ တက် ပြီး စဉ်းစား၍ နေလေ၏ ။
ဒေါ်လှမယ် ကား ဧကန် ခိုးမည့် လက္ခဏာ မရှိ ။ လှကျော် လည်း ခိုးမည် မဟုတ် ။ သူခိုး မဟုတ်နိုင် ဟု စဉ်းစား လေ၏ ။ ပျောက်သည့် အတွက် နှမြောခြင်း ထက် အတွေးရ ခက်ခြင်း က ပိုမို ဝန်လေး၍ နေလေ၏ ။
ထိုအတွင်း လှကျော် မှာ ခါတိုင်းနှ င့် မတူသော မျက်နှာ ထား နှင့် မောကြီးပန်းကြီး ရောက် လာလေ၏ ။ ဘာဖြစ်လို့ မြ မှိုင် နေသလဲ ဟု မြတင် ကို စိုက်ကာ ကြည့်ရှု မေးလေ၏ ။
“ ကျွန်မ စိန်လက်ကောက် ပျောက်သွားတာ ဘယ်သူ ခိုးသလဲ မသိဘူး ။ ကိုလှကျော် များ ... ”
“ ယူတဲ့ လူ ကို သိတယ် ”
ဟု ပြောရင်း ထိုင် လေ၏ ။
“ ဘယ်လူလဲ ”
“ ဘယ်သူ ရမလဲ ။ သည်လူပေါ့ ”
ဟု ပြောကာ ရှပ် အင်္ကျီအိတ် ထဲ မှ အထုတ် ကို ထုတ်ယူ၍ ပြလေ၏ ။
မြတင် မှာ အတိုင်းမသိ အံ့သြလျက် လက်ကောက် များ ကို လှမ်း ယူလေ၏ ။
“ ဖြည်းဖြည်း ကိုင် ၊ မှိန် ကုန် ... ”
“ ဘာဖြစ်လို့လဲ ”
“ အစစ် မဟုတ်ဘူး သည် က ဓာတုဗေဒ ။ ပြင်သစ် ဘန်ကောက်စိန် ။ အလုပ် ကို အကြီးအကျယ် လုပ်သူမို့ မနေ့ က မြင်လျှင် မြင်ချင်း တကယ့် စိန် မဟုတ်ကြောင်း သိပါတယ် ”
“ သိရင် ဘာဖြစ်လို့ မပြောသလဲ ”
“ ပြောရင် စိတ် မကောင်း ဖြစ်မှာ စိုးလို့ မပြောဘဲ နေ တယ် ။ အခု အစစ် ရ ပါပြီ ”
ဟု ပြောကာ တစ်ဖန် အိတ် ထဲ မှ အထုပ် တစ်ခု ကို ထုတ်၍ ပြ ပြန်လေ၏ ။
“ ယှဉ် ကြည့်စမ်း မခြားနားဘူးလား ”
“ လက်ကောက်ပုံ တော့ ထပ်တူပဲ ”
“ အဲဒါမှ အစစ် ။ အဲဒါမှ သုံးထောင်ကျော် တန်တာ ”
“ ဘယ်ကဟာ လဲ ”
“ မြ ပြောတဲ့ စိန်ပွဲစား အကြောင်း ကို သိတာ ကြာလှပါပြီ ။ ဒီလို လုပ်တတ်တယ် ။ မြ ရဲ့ အရီး က သည် အစစ် ကို ပေးတာ ။ သူ က အတု လုပ်ပြီး အစစ် ကို ရောင်းစားပြီး အတု ကို မြ ကို လဲပေးတာပါ ။ လုပ်တဲ့ ပန်းထိမ်ဖို က ပဲ အစစ် ကို ဝယ်ယူ လိုက်တယ် ။ အခု မနည်း ခြိမ်းခြောက်ပြီး ပြန် ရအောင် လုပ်ခဲ့ရတယ် ။ ပုလိပ် ကို တိုင်ချင် ရင် တိုင်ဦး ။ မိန်းမကြီး ရော ပန်းတိမ်ဆရာ ရော ထောင် ကျမှာပဲ ”
“ အမယ်လေး ပြန် ရမှ ဖြင့် ဒုက္ခ မရှာချင်ပါဘူး ။ သည် အတု ကို မြ ဝတ်လို့ ရ ပါသေးတယ် ။ အစစ် ကို သိမ်းထားတာပေါ့ ”
လှကျော် က ငွေစက္ကူ တစ်ရာတန် နှစ်ချပ် ကို ထုတ်၍ ပေး လေ၏ ။
“ ဒါဘာလဲ ”
“ ဒါ ပုလိပ် မတိုင်လို့ ပန်းတိမ်ဆရာ က ပေး လိုက်တာ ”
“ ဒါ ကိုလှကျော် ကို ကျွန်မ ပေးရင် ဘာလုပ်မလဲ ”
“ မင်္ဂလာ ဆောင် ဖို့ စရိတ် လုပ်မှာပေါ့ ”
“ ဘယ်လူ နဲ့ မင်္ဂလာ ဆောင်မလဲ ”
“ ဘယ်လူ ရှိသေးသလဲ မြရယ် ”
ဟု ပြောကာ ပွေ့ယူ လေ၏ ။
“ မြ ကို မြင်ပြီး ၊ မြ အကြောင်း ကို တမင် သိချင်လို့ သည် အခန်း ကို ငှားပြီး လာ နေတာပါ ။ စိန်ရောင်ကြည် စိန်ကုမ္ပဏီ သူဌေး ဦးလှကျော် ဆိုတာ တခြား မဟုတ်ပါဘူး ။ သူဌေးကတော်လေး ရဲ့ ”
ဟု လှကျော် က ပြော လေ၏ ။
◾ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
အတွဲ ( ၁ ) ၊ အမှတ် ( ၃၀ )
၂၇ ရက် ၊ ဧပြီ လ ၊ ၁၉၃၄ ခု
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment