Thursday, October 5, 2023

ထွက်ပေါက်


 

❝ ထွက်ပေါက် ❞

အမှန်တော့ ကိုမင်းမောင် ဆိုတဲ့ လူ ဆီ ကို ရည်ရွယ်ဘဲ နဲ့ ရောက် သွားတာပါ ။

သွားတုန်း က အသုဘ ပို့ သက်သက် ။ ဆရာကြီး ဦးဘဂျမ်း အသုဘ ကို သူငယ်ချင်း တင်မောင်ဦး ကား နဲ့ လိုက်သွားခဲ့တာ ။ ထိန်ပင် မှာ အသုဘ ကိစ္စ ပြီးတော့ တင်မောင်ဦး က လှိုင်သာယာ ဘက် ရောက်တုန်း ရောက်ခိုက် သူ့ နှမ ဝမ်းကွဲ နဲ့ ယောက်ဖတော် ကို မတွေ့တာကြာ လို့ ခဏ သွား တွေ့ချင်တယ် ဆိုတာ နဲ့ သူ့ နောက် လိုက်သွားရင်း ဆုံခဲ့ကြတာ ။

သူတို့ အိမ် က ထိန်ပင် သုသာန် က နေ တော်တော်လေး သွားရသေးတယ် ။ ( ၁၅ ) မိနစ် လောက် ကို ထပ် မောင်း ရသေးတယ် ။ ဒီတော့ မှ ရောက်တယ် ။ ရောက်တော့ အိမ်လေး က မဆိုးပါ ဘူး ။ အုတ်ညှပ် အိမ် အသစ်လေး ။ ခြံ က တော့ ကျယ်တယ် ။ ဒါပေမဲ့ တစ်ခြံလုံးကတော့ ပစ္စည်းပစ္စယတွေ နဲ့ ရှုပ်ယှက်ခတ် နေ တာပဲ ။

တောင်းတွေ ရော ၊ ပလုံးတွေ ရော ၊ သံစည်ပိုင်း ပြတ်တွေ ရော ၊ ဂုန်နီအိတ် အထုပ်တွေ ရော  ၊ မီးသွေး မီးဖိုကြီးတွေ ရော ၊ ဆီပွက်ပွက်ထ နေတဲ့ ဒယ်အိုးကြီးတွေ ရော ၊ ဖြူဖြူ ဖြူဖြူ အဖတ် တွေ ကို ပန်းထဲ ထည့် နေလှန်း ၊ အခြောက်ခံ ထားတဲ့ စင်တွေ ရော ၊ အလုပ် လုပ်ကိုင် နေကြ တဲ့ လူတွေ ရော ။

ကား ရပ်ပြီး ကျွန်တော်တို့ နှစ်ယောက် ခြံ ထဲ ဝင် လာတာ ကို လှမ်း မြင်လို့ အိမ် ထဲ က ပြေး ထွက် လာပြီး ကြိုဆိုတာ က တင်မောင်ဦး နှမ ။ ပြီးတော့မှ သူ က သူ့ ယောက်ျား ကို လှမ်းခေါ်တယ် ။ ဒယ်အိုး တွေ ကြား က တင်မောင်ဦး ယောက်ဖ က သံယောက်မ ကို လက် ကချပြီး လက်သုတ်ပိုင်း နဲ့ လက်သုတ် ရင်း ကမန်းကတန်း ထွက် လာတယ် ။ မျက်နှာ မှာ ချွေးတွေသံတွေ ၊ အိုးမည်းတွေ နဲ့  ။ ဝတ် ထားတဲ့ ပုဆိုး နဲ့ စွပ်ကျယ် ချိုင်းပြတ် မှာ လည်း ဆီတွေ ပေ လို့  ။ တင်မောင်ဦး က မိတ်ဆက် ပေးတယ် ။ သူ့ နှမ နာမည် က သင်းသင်းတဲ့ ။ ယောက်ဖ နာမည် က ကိုမင်းမောင် တဲ့ ။ အာလူးကြော် လုပ်ငန်း လုပ်တယ် တဲ့ ။ ကျွန်တော့် ကို ကျတော့ ဂျပန် ပြန် အလုပ်လက်မဲ့ ဝဏ္ဏလွင် တဲ့ ။ ဂျပန်ပြန် အလုပ်လက်မဲ့ ဆိုတဲ့ ဂုဏ်ပုဒ် ကို တကူးတက ဖြည့် ထည့် ပြောတယ် ။

အလုပ်လက်မဲ့ ဆိုတဲ့ အသုံးအနှုန်း ကြောင့် ကိုမင်းမောင် က ကျွန်တော့် ကို အားနာ သလို တစ်ချက် လှမ်း ကြည့်တယ် ။ ကျွန်တော် က ကိစ္စ မရှိပါဘူး ၊ ရပါတယ် ဆိုတဲ့ သဘော နဲ့ ရယ်ပြ လိုက်တယ် ။

အမှန်တော့ ကျွန်တော် က လည်း ဂျပန် က ပြ န် လာပြီး ကတည်း က ဘာ အလုပ် မှ မရှိ လို့ တင်မောင်ဦး ရှေ့ မှာ မကြာခဏ တညည်းညည်း တညူညူ လုပ်နေခဲ့မိတာ ကိုး ။ စိတ်ညစ်ညစ် နဲ့ အရက် သောက်ပြီး သူ့ ပဲ ဂျီကျ နေခဲ့ မိတာ ကိုး ။ သူ ပြော လည်း ပြောစရာ ပေါ့ ။

ကျွန်တော် တို့ လေးယောက်သား သူ တို့ အိမ် ဧည့်ခန်း မှာ ကော်ဖီ သောက်ရင်း ၊ အာလူးကြော် ဝါးရင်း စကား ထိုင် ပြောဖြစ်ကြတယ် ။

စကား ပြောရင်း နဲ့ သိလာတာ က ကိုမင်းမောင် ရော ၊ သင်းသင်း ရော နှစ်ယောက်စလုံး က ဘွဲ့ ရတွေ ပဲ ။ ကိုမင်းမောင် ဆိုရင် မဟာသိပ္ပံ ကျမ်း ပြုတဲ့ ။ အိမ်ထောင် ကျပြီး ကတည်း က ဒီ အာလူးကြော် လုပ်ငန်း ကို လုပ် လာတာ အခု ဆို သုံးနှစ် လောက် ရှိပြီတဲ့ ။ အဆင်ပြေတယ် တဲ့ ။

အဆင်ပြေတယ် ဆိုတဲ့ စကား ကြား တော့ ကျွန်တော် နည်းနည်း အံ့သြ သွားတယ် ။ ကျွန်တော် ဂျပန် က ပြန်ရောက် ကတည်း က လူ တော်တော် များများ နဲ့ တွေ့ ခဲ့ပါတယ် ။ တွေ့ခဲ့ သမျှတော့ “ အလုပ် အကိုင်လား ... မကောင်းပါ ဘူးဗျာ ” ဆိုတဲ့ လူ နဲ့  ၊ “ အလုပ် မဖြစ်တာ ကြာပြီ ကော ” ဆိုတဲ့ လူ နဲ့  ၊ “ ခုချိန်က ဘာမှ ကို လုပ်ကိုင် စားသောက်လို့ မရတာဗျ ” ဆိုတဲ့ လူ တွေ နဲ့ ချည်း ကြုံခဲ့ရတယ် ။ အဆင်ပြေတယ် ဆိုတဲ့ စကား ဘယ်သူ့ ဆီ က မှ မကြားခဲ့ရဘူး ။ ကိုယ့် အသိုင်းအဝိုင်း က မကျယ်ဝန်း တာလည်း ပါ မှာ ပေါ့ ။ အခု ကိုမင်းမောင် နဲ့ တွေ့တော့ မှ ပဲ ... ။

ဒါပေမဲ့ဗျာ ....

အဆင်ပြေတယ် ဆိုတဲ့ လူ ရဲ့ မျက်နှာ မှာ ချွေးတွေ နဲ့  ၊ အိုးမည်းတွေ နဲ့ ၊ အဝတ်အစား မှာ လည်း ဆီချေးတွေနဲ့ ။

“ ကျွန်တော် လည်း အိမ်ထောင် မကျခင် က တော့ နိုင်ငံခြား ထွက် ဖို့ ကြိုးစား ခဲ့သေးတယ်ဗျ  ” တဲ့ ။

ကိုမင်းမောင် က ထုတ်ပြောတယ် ။

အင်းလေ ... ဟုတ်မှာ ပေါ့ ။ လူငယ် လူရွယ် တိုင်း ကတော့ အပြင် ထွက် အလုပ် လုပ်ချင်တဲ့
လူတွေ ချည်း ပါပဲ ။ မထွက်ချင်တဲ့ သူ ရယ်လို့ မရှိပါဘူး ။

“ တစ်ခေါက် နှစ်ခေါက် ကြိုးစားတာ ... အဆင် မပြေတာနဲ့ ပဲ လက်လျှော့ ပြီး ဒီ အလုပ် ကို ဇောက်ချ လုပ်လိုက်တာ ”

သူ က တော့ သူ့ ဆုံးဖြတ်ချက် မှန်လေဟန် နဲ့ ပြောလိုက်တာပါပဲ ။

ပြီးတော့ ကိုမင်းမောင် က ဒီ အာလူးကြော် အလုပ် ကို သူ ဘယ်လို အပင်ပန်း ခံပြီး စတင် လုပ်ကိုင် ခဲ့ရပုံတွေ ကို ပြောပြတယ် ။ ဘယ်လို ကြော်တယ် ၊ ဘယ်လို လှော်တယ် က အစ ၊ ဘယ်လို ရောင်းတယ် ၊ ဘယ်လို ဖြန့်တယ် အဆုံး ပေါ့ ။ လင်မယား နှစ်ယောက် တစ်နိုင် တစ်ပို င် လုပ်ခဲ့ရာ က အခုလို အလုပ်သမား ကိုးယောက် ၊ ဆယ်ယောက် လောက် ငှားပြီး လုပ်လာ ရတဲ့ အထိ ပေါ့ ။ သူ ကတော့ စိတ်အား ထက်ထက် သန်သန် နဲ့ ပြောပြ နေတာပဲ ။

“ ကုန်ပစ္စည်း ထုတ်လုပ်ရောင်းချ တော့မယ် ဆိုရင် ဝယ်လိုအား ကို အဓိက ထား စဉ်းစားရ တယ်ဗျ ... ဘယ်လို ပစ္စည်းမျိုး ကို စားသုံးသူ ကြိုက်သလဲ .. ဘယ်လို ပစ္စည်းမျိုး က စားသုံး သူ အများ စု ဝယ်ယူ စားသုံး နိုင်သလဲ ပေါ့ .. အခု ကျွန်တော် လုပ်တဲ့ အားလူးကြော် ဆို တာ အလွှာ ပေါင်းစုံ က လူတွေ စားကြတယ် ... သူဌေး လည်း စားတယ် ၊ ဆင်းရဲသား လည်း စား တယ် ... လူကြီး လည်း စားတယ် .. ကလေး လည်း စားတယ် ... သက်သတ်လွတ် စားတဲ့ ပုဂ္ဂိုလ် လည်း အားပေးတယ် ... အရက်သမား လည်း ကြိုက်တယ် ... လူကုံထံ အရက်ဝိုင်း မှာ အာလူးကြော် က မပါမဖြစ် သလိုဘဲ အရက်ပုန်းဆိုင် တွေ မှာ လည်း အာလူးကြော် တို့ ပဲကြီးလှော် တို့ က အရမ်း ရောင်းရတယ်ဗျ ... လူတွေ က အာလူးကြော် ကို သရေစာ လို ၊ အမြည်း လို ၊ ဟင်းလျာ လို .. စားကြတာ ကိုး... ကျောင်းတိုင်း ကျောင်းတိုင်း က မုန့်စားတန်း တွေ ကို ကြည့် အာလူးကြော်ထုပ်လေးတွေ ရှိတယ် ... တိုလီမိုလီ တွဲလောင်း တွဲလောင်း ချိတ် ရောင်းတဲ့ အိမ်ဆိုင်တွေ ကို ကြည့် အာလူးကြော်ထုပ် ရှိတယ် ... နောက်ဆုံး စူပါမားကတ် ကုန် တိုက်ကြီးတွေ အထိ ကြည့်ဦး ... အစားအသောက်တ န်း မှာ အာလူးကြော် တင် မရောင်းတဲ့ ကုန်တိုက် ဆိုတာ မရှိဘူး .... အဲဒီတော့ ရောင်းရ မှာ မပူရတော့ဘူးပေါ့ ဗျာ ... ပြီးတော့ သူ က အထား ခံတဲ့ ပစ္စည်း ... ပုပ်ကုန် မဟုတ် ဘူး ... ဒီတော့ အလေအလွင့် လည်း နည်းတာ ပေါ့ .. အဓိက ကတော့ဗျာ ... အရင်းအနှီး သိပ် မများ ဘူး .. ခေါင်းသိပ် မစားဘူး ... အပင်ပန်း ခံနိုင်ရင် ခံနိုင် သလောက် အကျိုး ရှိတယ် ... ဒါ နဲ့ ကျွန်တော် လုပ်ဖြစ်သွားတာပါ ”

တင်မောင်ဦး က ကျွန်တော့် မျက်နှာ ကို မသိမသာ လှမ်း ကြည့်ရင်း အကဲခတ် တယ် ။ ကျွန်တော် များ စိတ်ဝင်စား မလားလို့ ပေါ့ ။

ကျွန်တော် အသာ ပြုံး နေ လိုက်ပါတယ် ။ ကျွန်တော် ရင်ခံ နေတယ် ။ ကျွန်တော့် မှာ ပိုက်ဆံ သာ သိပ် မရှိတာ ဂျပန်ပြန် ဆိုတဲ့ ဂုဏ် လိုလို ၊ မာန လိုလို ၊ ဘဝင် လိုလို ရင် ထဲ မှာ တစ်ခု ခု ခံနေ တယ်ဗျ ။

  •••••   •••••   •••••

ကျွန်တော် စိတ်ညစ်ရင် အခုလို ပဲ အဘိုးလေး ဦးအောင်ဘ တို့ အိမ်လေး မှာ နားအေး ပါးအေး လာ နေလေ့ ရှိတယ် ။

ကျွန်တော် က အရင် ကတည်း က အိမ် နဲ့ သိပ် အဆင် မပြေဘူး ။ အိမ် နဲ့ စိတ်ဆိုးရ င် လည်း အဘိုးလေး တို့ ဆီ ပဲ ပြေးခဲ့တာပဲ ။ အဘိုးလေး က ကျွန်တော့် ကို သိပ် ချစ်တာကိုး ။ ကျွန်တော် ဆယ်တန်း အောင် ပြီးတော့ အဘိုးလေး တို့ အိမ် ကနေ တက္ကသိုလ် တက်ခဲ့တယ် ။ ဘွဲ့ ရပြီး သင်္ဘော လိုက်ဖို့ လုပ်ရင်း ယောင်ချာချာ ဖြစ် နေ တဲ့ အချိန်မှာ လည်း အဘိုးလေးက ပဲ မငြိုမငြင် ကျွေးမွေး စောင့်ရှောက် ခဲ့တာ ။ ကျွန်တော် သင်္ဘော တက်ခွင့် ရ တော့မှ အဘိုးလေး ဝဋ်ကျွတ် တော့တယ် ဆိုပါတော့ ။

ကျွန်တော် လိုက်တဲ့ သင်္ဘော ကမ္ဘာ တစ်ပတ် ပတ် ပြီး ယိုကိုဟားမား ဆိပ်ကမ်း ကပ် တော့ အဖော် ကောင်း တာ နဲ့ ကျွန်တော် ဆင်း နေခဲ့တယ် ။ ဂျပန် မှာ ငါးနှစ် ကြာ သွားတယ် ။ ဟိုမှာ ရှိ နေတုန်း က အဘိုးလေး တို့ ဆီ ကျွန်တော် ငွေလေး မဖြစ်စလောက် သုံးခါ လား ၊ လေးခါ လား ပို့ ဖူး ပါတယ် ။ အဖေ တို့ အမေ တို့ ဆီ လည်း ပို့ တစ်လှည့် ၊ မပို့ တစ်လှည့် ပါ ပဲ ။ ဟိုမှာ ကျွန်တော် သိပ် မခြိုးခြံ မချွေတာခဲ့ဘူး ။ ကောင်းကောင်း နေတယ် ။ ကောင်းကောင်း စားတယ် ။ ကောင်း ကောင်း သုံးတယ် ။ ဂျပန်တွေ အထင်သေး တာ မခံချင် လို့ ။

အခုမှ ကျွန်တော် နောင်တ ရ မိတယ် ။ ကျွန်တော် တရား မဝင် နေထိုင်မှု နဲ့ အဖမ်း ခံရ ပြီး မြန်မာပြည် ပြန် ရောက် တော့ ကျွန်တော့် လက် ထဲ ငွေ သိပ် များများ စားစား ပါ မလာတော့
ဘူး ။ အဖေ တို့ အမေ တို့ ဘဝ ဟာ လည်း ထူးပြီး တိုးတက် လာတာ မတွေ့ရဘူး ။ သား တစ်ယော က် ဂျပန် ရောက် တယ် သာ ဆိုတယ် ။ အခြေအနေ က ဒုံရင်း ဒုံရင်း ပဲ ။ အဘိုးလေး တို့ အိမ် ကို ရောက် တော့ ကျွန်တော် ပိုပြီး တောင် စိတ် မကောင်း ဖြစ်ရတယ် ။

အဘိုးလေး တို့ ၊ အဘွားလေး တို့ ဆိုတာ အရမ်း ကို အို သွားကြပြီ ။ အဘိုးလေး တို့ လိုပဲ အဘိုးလေး ရဲ့ အိမ်လေး ဟာ လည်း အတော့် ကို အို သွားပြီ ။ ကျွန်တော် မသွားခင် က ပျဉ်ထောင် အိမ် မလတ်တလတ်လေး ဟာ ခုတော့ ဟို နေရာ က ပေါက် ၊ ဒီ နေရာ က ကွာ နဲ့ တော်တော် ဟောင်းနွမ်း နေပြီ ကော ။

ကျွန်တော် သာ ဟိုမှာ ရှိစဉ်က အသုံးအဖြုန်း မကြီး ဘဲ စုဖြစ် ဆောင်းဖြစ် ခဲ့ရင် အဘိုးလေး တို့ အိမ် ကို ကောင်းကောင်း ပြန် ပြင်ဆောက် ပေး နိုင်တာပေါ့ ။ ကျွန်တော် လည်း အပြန် ငွေထုပ်ကြီးကြီး ပိုက်ပြီး ကြီးကြီးမားမား လုပ်ငန်း တစ်ခုခု ကို လုပ်ဖို့ စဉ်းစား နိုင်တာ ပေါ့ ။ မှားလိုက်တာ ဗျာ ။

“ သားရေ ... ထမင်း စားတော့မလား .. ဘွားလေး ပြင်လိုက်ရတော့မလား ”

ဪ ... အဘွားလေး က တော့ ကျွန်တော့် အပေါ် ဝတ္တရား မပျက် ၊ မေတ္တာ မပျက် ဂရုစိုက် တုန်း ပါပဲလား ... “ မဆာသေးဘူး ဘွားလေး ” လို့ ပြောပြီး ကျွန်တော် အိမ်ပြင် ကို ငေးမြဲ ငေး ပါတယ် ။

ကျွန်တော် လေ ငွေ ကို လွယ်လွယ် ရှာနိုင်တုန်း က သိပ် တန်ဖိုး မထားခဲ့ဘူး ။ အခု ရှာဖို့ ဖွေဖို့ ခက်ပြီ ဆို မှ ငွေ ကို အသည်းအသန် လိုချင်နေတယ် ။

တကယ်တော့ ကျွန်တော် ပြန် ရောက် ကတည်း က အလကား တော့ မနေခဲ့ပါဘူး ။ ဘာအလုပ် လုပ်ရမလဲ လို့ အမြဲ ကြံဆ နေ ခဲ့တာ ပါ ။

ပထမဆုံး ဂျပန်ပြန် အများစု ကျက်စားရာ ဖြစ်တဲ့ ကားဝ ယ်ရောင်း လောက ကို ဝင် တိုးကြ ည့် သေးတယ် ။ ခွက်ခွက်လန် ရှုံးတဲ့ လူ နဲ့  ၊ ပိုက်ဘောကြီး မိလို့ ဒုက္ခ ရောက်နေတယ် ဆိုတဲ့ လူ နဲ့  ၊ ဂျပန် မှာ သုံးနှစ် လုံးလုံး အပင်ပန်းခံ ရှာထား သမျှ ဒီ ကား တစ်စီး နဲ့ ဘဝ ပျက်ပါပြီ ပြောတဲ့ လူ နဲ့ ချည်း ဆုံခဲ့ရ တယ် ။ ကားတွေ က အထက်ကား ရော ၊ အောက်ကား ရော ဈေးတွေ အကုန် ပြုတ်ကျ နေ တာကိုး ။ “ ကား လောက ပျက် နေပြီ ... ဝင် လာဖို့ စိတ် မကူးနဲ့ ”  လို့ အကြံ ပေးတဲ့ သူငယ်ချင်းတွေ ရဲ့ စကား အတိုင်း ကျွန်တော် အသာ နောက်ဆုတ် ခဲ့ရပါတယ် ။

စားသောက်ဆိုင် ဖွင့် ထားတဲ့ ကိုခင်မောင်ဝင်း နဲ့ လည်း သွား တွေ့ ခဲ့ပါသေးတယ် ။ ဂျပန် မှာ တုန်း ကတော့ သူ က ဖိုခေါင်း ။ အချက်အပြုတ် ကောင်း လို့ သူဌေး က လက် မလွှတ်နိုင်ဘဲ လခ ကောင်းကောင်း ပေးထားတဲ့ သူ ။ ခုတော့ သူကို ယ်တိုင် သူဌေး လုပ်ပြီး ဆိုင် ကို စီမံကွပ်ကဲ နေတာ ။ သူ နဲ့ တွေ့ ပြန်တော့ ..

“ ထင် သလောက် မကိုက်ပါဘူး သူငယ်ချင်း ရာ ... မင်း စဉ်းစားကြည့် ... အခန်းငှား ချည်း တ စ်လ လေးသိန်းခွဲ ၊ အလုပ်သမားခ ၊ အခွန်အခ ၊ အထွေထွေ စရိတ်တွေ နုတ် လိုက်ရင် ဘာမှ မကျန် တော့တာပါ ... အခန်းငှားခ ကို တစ်လ တစ်ကြိမ် ပေး ရရင် တော်သေးတယ် .... ခုဟာ က တစ်နှစ်စာ ( ၅၄ ) သိန်း လုံးခနဲ ကြို ပေးရတာ မောင် ... ဒါ တော်တော် ဆိုးတာပဲ .. နောက်ပြီး ဆိုင် က လူ လည်း သိပ် မဝင်ပါဘူး ကွာ ... အခန်းစာချုပ် ပြည့် ရင် တောင် ဆက် လုပ်သင့် ၊ မလုပ်သင့် စဉ်းစားရဦးမယ် ” တဲ့ ။

ဂျပန်စာ ၊ ဂျပန်စကားပြော သင်တန်း ဖွင့် ထားတဲ့ မြင့်မြင့်ခိုင် တို့ သတင်း တော့ ကြားပါတယ် ။ သူတို့ ကျတော့ မဆိုးဘူး ။ အောင်မြင်တယ် တဲ့ ။ အေးလေ ... သူတို့ ကတော့ ဂျပန်စာ ကို ဟိုမှာ စနစ်တကျ သင်ခဲ့ကြတဲ့ သူတွေ ကိုး ။ ကျောင်းဗီဇာ နဲ့ ဂျပန် ဝင် ၊ ကျောင်း တစ်ဖက် အလုပ် တစ်ဖက် နဲ့ ဂျပန် မှာ လေးနှစ် လောက် သောင်တင် ခဲ့သူတွေ ဆိုတော့ ဒီမှာ စာကောင်းကောင်း ပြန် သင်နိုင်တာပေါ့ ။ ကျွန်တော် က တော့ ဘယ် ကျောင်း မှ လဲ မနေဖူးဘူး ။ ဘယ် သင်တန်း မှ လဲ မတက်ဖူးဘူး ။ အလုပ်ခွင် မှာ နား အကြား နဲ့ ဂျပန် စကား ကို ချောက်ချီးချောက်ချက် တတ်ခဲ့တာ မို့ ဘယ်လို လုပ် ကျောင်း ဖွင့်ပေးလို့ ရ မှာ လဲ ။ ကိုယ်တတ်ထားတဲ့ ဂျပန်စကား အကျိုးအပဲ့တွေ ကို ဘယ် သူ့ ကို မှ လက်ဆင့် မကမ်းချင်ပါဘူး ။

မှော်ဘီ ဘက် မှာ ဝက်မွေး နေတဲ့ ကိုအောင်လင်းကြီး ဆီ လည်း ရောက်ခဲ့သေးတယ် ။ သူ က တော့ စမ်းသပ် လုပ်ကိုင်ဆဲ ကာလ မို့ ဘာမှ မ ပြောနိုင် သေးဘူး တဲ့ ။ ဝက်တုပ်ကွေး မဖြစ်ရင် တော့ အဆင်ပြေ တန် ကောင်းပါရဲ့ လို့ ရယ် ရင်း ပြောတယ် ။ ဒါပေမဲ့ဗျာ ကျွန်တော် နဲ့ တော့ ဖြစ်မယ် မထင်ပါဘူး ။ ဘာသာတရား ကို ထဲထဲ ဝင်ဝင် မလိုက်စားဖူးပေမဲ့ အကုသိုလ် တော့ ကြောက်တယ်ဗျ ။ ဝက်ကလေး တွေ ကြည့်တော့ ချစ်စရာ ၊ ဝက်မကြီး ကြည့် ပြန်တော့ သနားစရာ ။ အို .... ကျွန်တော် လုပ်လို့ မဖြစ်ပါဘူး ။

ဒီကြားထဲ ချဲဒိုင် ကို င်ဖို့ အကြံ ပေးတဲ့ လူ က ရှိ သေးတယ် ။ သန်းဇော်လေ .. သန်းဇော် ။ ဂျပန် မှာ တုန်း က မြင်း အရမ်း လောင်းတဲ့ ကောင် ပေါ့ ။ သူ့ ကို တော့ “ တော်ပါကွာ .. ထောင်ထမင်း ထောင်ဟင်း မစားပါရစေနဲ့ ” လို့ ပြော လွှတ် ရတယ် ။

အဆွယ် ကောင်း လို့ ကျောက်ပန်းတောင်း နား က ငါးရှန်တောင် ရေနံ တူးတဲ့ လုပ်ငန်း ထဲ တော့ ရှယ်ယာ ပါ လိုက်သေးတယ် ။ နှမ ရဲ့ ယောက်ျား ကိုရွှေယောက်ဖ က အပြော ကောင်း တာ ကိုး ။ အခု ငါးရှန်တောင် ရေနံမှော် မှာ ရေနံစိမ်းတွေ အရမ်း ထွက် နေတယ်တဲ့  ။ တစ်နေ့ ကို ပီပါ ( ၆၀၀ ) ၊ ( ၇၀၀ ) လောက် ကို ရတာ တဲ့ ။ ရေနံမှော် လုပ်ခွင့် ရထားတဲ့ ကုမ္ပဏီကြီး က သူ ကိုယ်တိုင် လည်း ရေနံ တူးသလို တခြား လုပ်ချင် တဲ့ သူတွေ ကို လည်း ( ၁၅ ) ပေ ပတ်လည် ကျင်းနေရာတွေ ရောင်းပေး နေသတဲ့ ။ အဝီစီတွင်း တူး သလို အင်ဂျင်စက် ကလေး တွေ နဲ့ တူးရတာ တဲ့ ။ အဲဒီ တွင်းလေးတွေ က ကံ ကောင်းရင် တစ်နေ့ ကို ရေနံ တစ်ပီပါ ၊ နှစ်ပါ လောက် တောင် ထွက် သတဲ့ ။ ရသမျှ ရေနံ ကို ဝေးဝေးလံလံ လည်း သွားရောင်းစရာ မလိုဘူး တဲ့ ။ ကုမ္ပဏီ က အကုန် ပြန် ဝယ်လို့ အဆင်ပြေ တယ်တဲ့ ။ အခု ဆိုရင် ကုမ္ပဏီ က ကျင်းပေါင်း ( ၄၀၀၀ ) ကျော် လောက် တောင် ရောင်းပြီး နေပြီ တဲ့ ။ မြန်မာ တစ်ပြည်လုံး က လူတွေ ဆင်းချ လာ လို့ ငါးရှန်တောင် မှာ ပွဲတော်ကြီး ကို ဖြစ်နေပြီ တဲ့ ။ မှော် ထဲ လည်း ယောက်ဖ ကိုယ်တိုင် ဆင်း လုပ်မှာ ပါတဲ့ ။ တစ်ဦးတည်း ငွေ မနိုင်လို့ အကူအညီ တောင်းတာပါ တဲ့ ။ ငွေ ထည့်ရုံ ထည့်ပြီး အကျိုးအမြတ် တစ်ဝက် ပေးမှာ ပါတဲ့ ။

ပြောတာ တော့ မစားရ ဝခမန်း ပဲ ။ ကျွန်တော် လည်း ရှေး က တွင်းရိုးတွင်းစား သူဌေး ဆိုတာ ကြားဖူး ထားတာကိုး ။ သူဌေး ဖြစ် ၊ ခွေး ဖြစ် ရှယ်ယာ ဝင် ပါ လိုက်တာ ။ အို ... ဘာ ပြော ကောင်းမလဲ သုံးလ အတွင်း ငွေ သိန်း ( ၃၀ ) လောက် ပျောက် သွားပါ လေရော ဗျာ ။ ဖြစ် တာက ကျွန်တော် တို့ ရတဲ့ ပထမ တစ်ကျင်း က လုံးဝ မအောင်ဘူး ။ ဒါနဲ့ ထွက် နေတယ် ဆိုတဲ့ တူးလက်စ နောက် တစ်ကျင်း ကို ဈေး ပိုပေးပြီး ဝယ် လိုက်တာ မှာ ကိုယ့် လက်ထဲ လည်း ရောက် ရော လုံးလုံး ကို မထွက်တော့ဘူး ။ ဘယ် ထွက် ပါ့မလဲ ။ နောက်မှ သိရတာ က ကျင်းပိုင်ရှင် က သူ့ ကျင်းထဲ ရေနံတွေ တိတ်တိတ် ဝယ် လောင်း ထည့် ပြီး သူ့ ကျင်း အောင်ပါတယ် ဆိုပြီး လိမ် ရောင်း သွားတာကိုး ။ သင်ခန်းစာတွေ တစ်လှေကြီး ရ လိုက်ပါတယ် ။

အရင်းအနှီး စိုက်ထုတ် လုပ်ကိုင် ရတဲ့ အလုပ်တော့ ကျွန်တော် လန့် သွားပြီ ။ ဒါကြော င့် ဝန်ထမ်း ပဲ လုပ်ရင် ကောင်းမလား ဆိုပြီး သတင်းစာ က ခေါ်တဲ့ ကုမ္ပဏီ အလုပ် တစ်ခု ဝင် စုံ စမ်း ကြည့်တယ် ။ ကျွန်တော် ... ရထားတာ က ရိုးရိုးသိပ္ပံဘွဲ့ ဆိုတော့ ဝင်ဝင်ချင်း တစ်လ သုံး သောင်းခွဲ ရမယ် တဲ့  ။ အလုပ်ချိန် က မနက် ( ၈ ) နာရီ က နေ ညနေ ( ၅ ) နာရီ အထိ တဲ့ ။ တစ်လ မှ နှစ်ရက် နားခွင့် ရမယ် တဲ့  ။ ဟင်း ... ။

ဖြစ်နိုင်ရင်တော့ နိုင်ငံခြား ပဲ တစ်ခေါက် လောက် ပြန် ထွက်ချင်တယ် ။ ဒီတစ်ခါ ဆိုရင်
တော့ လိမ္မာပါပြီ ။ အသုံး မကြမ်းတော့ဘူး ။ လက် မဖွာတော့ဘူး ။ စနစ်တကျ စုဆောင်းတော့မ ယ် ။ အင်း ... ပြောမဲ့ သာ ပြောတာ ။ ဂျပန်ဗီဇာ ရဖို့ ဆိုတာ က လည်း လူ့ ဘဝ ရခဲ သလို ခဲယဉ်း ပါ ဘိခြင်း ။ သင်္ဘော တက် ပြီး ဂျပန် ဆိပ်ကမ်း ခုန်ဆင်း ဖို့ က လည်း အရင် လို မလွယ်တော့ဘူး ။ တအား ကျပ်နေပြီ တဲ့ ။ ပို ဆိုးတာက ဂျပန် မှာ အိုးဗာစတေး ကို ပိုက်စိပ်တိုက် ဖမ်းနေတဲ့ ကိစ္စ ပဲ ။ မလေးရှား လောက် ထွက် ရင်တော့ ဖြစ်နိုင်တယ် ။ ဒါပေမဲ့ မလေးရှား မှာ က ဂျပန် လောက် ပိုက်ဆံ မရဘူး ။

ဟာ .. စိတ်ညစ် ပါတယ် ။ စဉ်းစားရတာ ခေါင်းတွေ ပူနေပြီ ။ ဘာ အကြံဉာဏ် မှ လဲ မထွက်ဘူး ။ ဘာ လုပ်ရမှန်းလဲ မသိဘူး ။ ဘာ အလုပ် မှ ပဲ မရှိဘူး ။ ဟူး .. ။

“ သားရေ ... မိုး မပက်ဘူးလား .. မင်း ရှေ့က ပြတင်းပေါက် ကို ပိတ် လိုက်လေ ”  

အဘွားလေး က လှမ်း အော်ပြီး သတိပေး မှ ကျွန်တော် အတွေးတွေ လွန်ရာ က သတိ ပြန်ရ လာ တယ် ။ ဪ .... မိုးတွေ လေတွေ ကျစ ပြု နေပြီ ကော ။ ကျွန်တော့် ရှေ့ က ပြတင်းပေါက် ရော ၊ ကျန်တဲ့ ပြတင်းပေါက် တွေ ရော ၊ တံခါးပေါက်တွေ ကို ရော အကုန် လိုက် ပိတ် လိုက်ပါတယ် ။

အဘိုးလေး တို့  ၊ အဘွားလေး တို့ က အသက် ကြီးပြီ ဆိုတော့ အအေး ကြောက်ကြတ
ယ်လေ ။

တစ်အိမ်လုံး ရှိရှိ သမျှ ပြတင်းပေါက် တွေ ၊ တံခါးပေါက် တွေ အကုန် ပိတ် လိုက်တဲ့ အတွက် အိမ် က နည်းနည်း မှောင် သွားတယ် ။

အဘိုးလေး တို့ အိမ် က မှန်ပြတင်းပေါက်တွေ က ဖုန်တက် နေလို့ မကြည်လင် လှတော့တာ လည်း ပါတာပေါ့ ။

တစ်ခါလောက် တော့ ဒီ မှန်ပြတင်းတွေ ကို ရေစို အဝတ် နဲ့ သုတ်ပေး ဦးမယ်လို့  စဉ်းစား နေ တုန်း ခေါင်း ပေါ် မှာ ဖလပ် .. ဖလပ် ဆိုတဲ့ အသံ ကြား လို့ မော့ကြည့်လိုက်တော့ စာကလေး တစ်ကောင် ။

ဘယ်အချိန်တုန်း ကတည်း က အိမ် ထဲ ဝင် နေလဲ မသိ ။ တံခါး တွေ ၊ ပြတင်းပေါက် တွေ ပိတ် လိုက် တဲ့ အတွက် အိမ် ထဲ ပိတ်မိ နေတဲ့ သတ္တဝါလေး ။

သူ့ ခမျာ မျက်နှာကြက် နား ကပ် ပျံပြီး ကြောက်အား လန့်အား နဲ့ ထွက်ပေါက် ကို ရှာ နေ
တယ် ။

ဟို မှန်ပြတင်း ဝင် တိုးလိုက် ၊ ထွက် မရလို့ မျက်နှာကြက် ဆီ ပျံ တက်လိုက် ၊ ဒီ မှန်ပြတင်း ဝင် တိုးလိုက် ၊ ထွက် မရလို့ မျက်နှာကြက် ဆီ ပျံ တက်လိုက် ၊ နောက် မှန်ပြတင်း တစ်ပေါက် ဆီ ဝင် တိုးလိုက် ၊ ထွက် မရလို့ မျက်နှာကြက် ဆီ ပျံ တက်လိုက် ။

ကျွန်တော့် ခေါင်းပေါ် မှာ ဟိုဘက် ပျံ လိုက် ၊ ဒီဘက် ပျံ လိုက် နဲ့ ယောက်ယက်ခတ် နေတာ အကြာကြီး ။

ကျွန်တော် လည်း သူ ဘာ လုပ်မလဲ လို့ ကြည့် ကောင်းကောင်း နဲ့ ကြည့် နေလိုက်တယ် ။ ဆယ်မိနစ် လောက် အိမ် မျက်နှာကြက် နား ကပ် ပျံပြီး ထွက်ပေါက် ကို မရပ်မနား ရှာ နေတဲ့ စာကလေး ဟာ ထွက်ပေါက် မတွေ့တော့ ဘာ လုပ်တယ် ထင်လဲ ။

အောက်ဘက် ကို နိမ့်ဆင်း လာတယ် ။ ပြီးတော့ ကြမ်းပြင်နား တစ်လျှောက် လှည့်ပတ် ပျံ တယ် ။ နှစ်ပတ် ၊ သုံးပတ် လောက် ပတ် မိပြီး မကြာပါဘူး ။ ကြမ်းပြင် နဲ့ တစ်မိုက် အကွာ လောက် နံရံ မှာ သစ်သား ဆွေး ပြီး ပဲ့ထွက် လို့ အပေါက်လေး ဖြစ် နေတဲ့ နေရာ ကို တွေ့သွား ပြီး အဲဒီ အပေါက် ကနေ လျှောခနဲ ထွက်သွား ပါလေရော ဗျာ ။

ဟာ ... ကျွန်တော် သိပ် အံ့သြသွားတယ် ။

အရမ်း လည်း သဘောကျ သွားတယ် ။

ပျံ့လွင့် နေတဲ့ အတွေးစတွေ ကို တစ်နေရာတည်း စုစည်း လိုက်တယ် ။

ခေါင်း ထဲ မှာ လင်းခနဲ ဖြစ်သွားတယ် ဗျာ ။

ဟုတ်တယ် ... ဟုတ်တယ် ။ ထွက်ပေါက် ဆိုတာ အပေါ် မှာ ချည်း ရှိတာ မဟုတ်ဘူး  ။ အော က် က နေ လျှိုထွက် လို့ ရ ရင်လည်း အဲဒါ ထွက်ပေါက် ပဲ ။ လိုရင်းက ထွက်လို့ ရဖို့ ပဲ မဟု
တ်လား ။

အင်း .. ကျွန်တော် ကိုမင်းမောင် နဲ့ တစ်ခါ လောက် ထပ် သွား တွေ့ကြည့်ဦး မှ ပါပဲ ။

◾မနှင်းဖွေး

📖 ရွှေအမြုတေ မဂ္ဂဇင်း
      မေလ ၊ ၂၀၀၈

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment