Thursday, October 19, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၁ )


 

တကလှဲ့ရွာ က ဘသာ ကို လှည့်စား လိုက်သည် လား ။ ဘသာ က ပဲ တကလှဲ့ ရွာ ကို လှည့်စား လိုက်သည် လား မသိ ။ ဘသာ သေပြီ ဆိုသည့် သတင်းကား တောမီးပမာ ။ ရွာနီးဝန်းကျင် မှ ရွာ လူကြီး များ နှင့် ကာလသားများ က အုပ်လိုက် အုပ်လိုက် ရောက်ချ လာကြသည် ။

ဘသာ အသုဘ မှာ ကျေးရွာတွေ အပြိုင်အဆိုင် လုပ် သလို ဖြစ်နေကြတော့ တကလှဲ့ ရွာသူကြီး ကိုအုန်းမောင် မနေသာ တော့ ။ ငါ့ ရွာသား တယ် မိတ် များ လှချည်လားပေါ့ ။

ခရောင်းပြင် ရွာလူကြီး ကိုမြသန်း က

“ ကဲ ကိုအုန်းဆောင် ... ကျုပ်တို့ ခရောင်းပြင်ရွာ ကတော့ သာရေးနာရေး အသင်းအဖွဲ့ ဆိုတာ ရှိတယ်။ ခင်ဗျားတို့ ရွာ မှာ လည်း ရှိမှာ ပေါ့ ။ ခုနစ်သောင်း ဗျာ ၊ ကျုပ်တို့ ရွာသား မဟုတ်ပေမဲ့လို့ ဘသာ ဟာ ကျုပ်တို့ ရွာသား နဲ့ မခြားပါဘူး ဗျာ ၊ သာရေးနာရေး ဆိုရင် အသံ ကြား တာ နဲ့ ဘသာ ရေထမ်း ထမ်းပိုး ရေနှစ်ပုံး နဲ့ ရောက် ရောက်လာတယ် ၊ သူ့ စိတ်ဓာတ် ကို ဂုဏ်ပြုတာ ဗျ။ ကဲ နာရေး ကို ဘယ်သူ ကောက်ခံသလဲ ဈာပနကော်မတီ မရှိဘူးလား ၊ ကျုပ်တို့ ခရောင်းပြင်ရွာ က ခုနစ် သောင်းဗျာ ”

ခရောင်းပြင် ကိုမြသန်း က တော့ သူ့ ရွာ မှာ လည်း နာမည် ကြီးသည် ။ လူပု စိတ်တို ။ ပြောလျှင် ပြတ်ပြတ် ပြော တတ်သည် ။ စကား ကို အပိုအလို မရှိ။

ခရောင်းပြင်မြသန်း အပြောအဆို ကို တကလှဲ့ လူကြီး ကိုအုန်းဆောင် က သိပ် အစာ မကြေချင်။ အမှန်စင်စစ် က ရွာ၌ သာရေးနာရေး အသင်းအဖွဲ့ မရှိ ။ ရွာချင်း ယှဉ် ရင်တော့ ရှိချင်ယောင် ဆောင်ရတော့ မှာ ပေါ့ ။ ကိုအုန်းဆောင် ပတ်ဝန်းကျင် ကို အကဲခတ် လိုက်ပြီး လူကြီး လေသံ ဖြင့် ...

“ အင်း ... ခက်တာက ... ကျုပ် လက်ထက် ကျ မှ သာရေးနာရေးအဖွဲ့ ကို စ ဖွဲ့ရတာဗျ ၊ ရှေ့က လုပ်ခဲ့ တဲ့ လူကြီး တွေ က အမြော်အမြင် အရမ်း နည်းကြ တာ ၊ ဟဲ့ မကျင် ... စာအုပ် နဲ့ ဘောပင် ယူခဲ့စမ်း ၊ ဒီမှာ ကူငွေတွေ စ မှတ်ရ တော့ မှာ ”

မကျင် က မျက်စိသူငယ် နားသူငယ် နှင့် ...

“ ဦး ဦးအုန်းဆောင် ... ကျွန်မ မှာ မရှိဘူး ”

“ တယ် ... ဒီ မကျင် ... လူ သေပြီ ဆိုရင် ကူငွေ ဆိုတာ မလွဲမသွေ လာ တော့ မှာ လေ ဟာ ၊ ကြို ဝယ်ထားမှ ပေါ့ ဟ ၊ ကဲ ကဲ ... စာအုပ် နဲ့ ဘောပင် မရှိရင် စိတ် နဲ့ ပဲ မှတ်ထား ၊ ခရောင်းပြင် ခုနစ်သောင်း လို့ ”

  •••••   •••••   •••••

အမှန်စင်စစ် ငွေခုနစ်သောင်း ဆိုတာ မုဆိုးမ ဘသာ ကတော် လတ်လတ်ဆတ်ဆတ် ကား ကိုင်ဖူးတာ မဟုတ် ။ ဒီ တစ်ရွာ ထဲ က ခုနစ်သောင်း ဆိုတော့ ကျန် ရွာတွေ က အများကြီး လာကြဦး မှာ ဟု မကျင် စိတ်ထဲ ဖျတ်ခနဲ တွေး လိုက်သည် ။

“ ကိုဘသာ ငါ့ ယောက်ျားကြီး ကောင်းရာ သုဂတိ လားပါစေ တော် ၊ ရှင့် အစွမ်းအစ က သေ မှ ပေါ်လာတာပါလား ”

မကျင် ညှိုးငယ်သော မျက်နှာလေး ဖြင့် ထောင့်လေးတစ်ထောင့်မှာ ထိုင်ပြီး ဆင့်ကဲ ဆင့်ကဲ တွေးနေ လိုက်သည် ။ ထိုစဉ် စူးစူးဝါးဝါး အသံနက်ကြီး တစ်ခု က အိမ်ရှေ့ မှ ဝုန်းခနဲ ပေါ်လာသည် ။ မကျင် ထွက် ကြည့်လိုက်သည် ။

“ မောင်လေး ဘသာ ရေ ... သေတာတောင် အကြောင်း မကြားဘူး ၊ အစ်မ က မနေနိုင်တော့ လာရတော့တာပေါ့ ကွယ် ၊ ရေ ကို ကြိုး နဲ့ ခုတ်ရင် ပြတ်ချင် ပြတ်မယ် ၊ မောင်နှမ ဆိုတာ ကမ္ဘာ တည် သရွေ့ ဘယ် ပြတ်ပါ့မလဲကွယ် ... ဟီး ဟီး ဟီး ”

လူကြီး ကိုအုန်းဆောင် မှ ...

“ ဟဲ့ မကျင် ... ဘယ်က မိန်းမ လဲ ၊ ငို တာ ကျက်သရေ မရှိဘူး ၊ တိုးတိုး ငို ခိုင်း စမ်း ”

“ ကိုဘသာ အစ်မ လို့ ပြောတာပဲ ၊ ကိုဘသာ ရှိတုန်းက တစ်ခေါက် မှ မလာဖူး ပါဘူး ၊ ခုမှ ရောက် လာတာ ”

“ ဘာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် တိုးတိုးတိတ်တိတ် ငို လို့ ကြို ပြောထား ၊ ဒီမှာ ဘသာ အသုဘ က အလုပ် ရှုပ် ရတဲ့ ကြား ထဲ ”

“ ဟုတ် ဟုတ်ကဲ့ ”

“ ဟဲ့ မကျင် ... မောင်လေး ဘယ်အချိန် က ဘယ်လို ဖြစ်ပြီး ဘာ ရောဂါ နဲ့ ဆုံးတာလဲ ၊ ငါ့ ကို ပြောစမ်းပါဦး ”

မကျင် လည်း စိတ်ပေါက်ပေါက် နှင့် ..

“ မြင်တဲ့ အတိုင်းပဲ ... ရောဂါ က အခု ထက်ထိ အမည် ရှာ လို့ မရသေးဘူး ”

ဘသာ အစ်မ စမ်းတင် က မကျင် အဖြေ ကို သိပ် မကျေနပ် ။

“ ဟဲ့ ... ကိုယ့် ယောက်ျား ဘာ ရောဂါ ဖြစ်တယ် ဆိုတာ တောင် မသိရအောင် ညည်း က ဘာလုပ် နေလို့ လဲ ”

မကျင် ဝုန်းခနဲ ထ ရပ် လိုက်သည် မျက်နှာ ကို စူးစူးဝါးဝါး ကြည့် လျက် ...

“ ဟဲ့ စမ်းတင် ... သေ မှ လာ လွမ်း မနေနဲ့  ၊ မသေခင် မောင်လေး ဆိုပြီး တစ်ခေါက် လာဖူးလို့ လား ၊ အပိုတွေ လာ လုပ်မနေနဲ့ ”

မစမ်းတင် က လည်း ဝုန်းခနဲ ထ ရပ်လျက် ...

“ နင် မိုက်ရိုင်းလှချည်လား ခွေးကျင်မ ၊ လင် သေလို့ ကူငွေတွေ ရတော့မယ် ဆိုပြီး မာန် တက် နေတာလား ... ဟင် ”

တကလှဲ့ ကိုအုန်းဆောင် အသံ လာ ရာ ဘက်သို့ တစ်ချက် ငဲ့ ကြည့်ပြီး ..

“ ဟေ့ ဟေ့ ... မသာအိမ် လာပြီး ဘာတွေ ဖြစ်နေကြတာလဲ ၊ အကုန် အချုပ် ထဲ ရောက်ချင်လို့ လား ၊ တကလှဲ့ အုန်းဆောင် ဆိုတာ မကြားဖူးကြဘူး ထင်တယ် ”

သမီးယောက်မ နှစ်ယောက် ကုပ်သွားကြသည် ။

“ အားလုံး နားထောင်ကြ နော် ... အုန်းဆောင် နာရေး မှာ အာဏာ မသုံးချင်ဘူး ”

  •••••   •••••   •••••

အမှန်စင်စစ် အဲဒီ ကာလ သေဆုံးသူ က ကိုဘသာ ကား လူထူးလူဆန်း ဟု ခေါ်ဆိုနိုင်သည် ။ မသေဆုံးမီ က မိသားစု အရေး ဘယ်လောက် အရေး ကြီးကြီး ရေထမ်းပုံး နှစ်ပုံး နှင့် ထမ်းပိုး ကို ကောက်ဆွဲပြီး အသံချဲ့စက် အသံ ကြားရာ ဘက် သို့ ပြေး လေ တော့သည် ။ သာရေး ပဲ ဖြစ်ဖြစ် ၊ နာရေး ပဲ ဖြစ်ဖြစ် ဖြစ်ချင် ရာ ဖြစ် မဖြစ် မနေ လိုအပ်သည် က တော့ ရေ ပဲ။ စဥ့်အိုး များ  ၊ ရေအိုးများ ကို ဘယ်သူ့ ကို မှ မ ပြော ။ အရမ်း မော တဲ့ အချိန် ပဲ ခဏ နားသည် ။ ပြီးရင် ဆက် ထမ်းသည် ။ ဘယ်ရွာ မှ မရွေး ။ အနီး ပတ်ဝန်းကျင် ရွာများ ၌ စကား တစ်ခွန်း တွင် ကျယ် လာခဲ့လေသည် ။

“ ဘသာ ရှိရင် ရေ ရှိတယ် ”

ဇနီးသည် မကျင် က လည်း အသံချဲ့စက် အသံ ကို ကြာ တော့ ကြောက် ကြောက်လာသည် ။ တစ်ခါ အငယ်ကောင် အပြင်းဖျား တာ ကို ပစ် ပြီး ရေလှည့်ရွာ က ဆရာဝန်ဦးကြည် အလှူ မှာ ရေ ကုသိုလ် သွား လုပ် နေသည် ။ ပြန် လာတော့ မိန်းမ ဖြစ်သူ က ဆူအောင့်အောင့် လုပ်တော့ ဇနီး ဖြစ် သူ ကို ချော့မော့ ပြောဆို သည့် စကားလုံး များ က သင်းသည် ။

“ မိန်းမ ရယ် ... ငါတို့ က သူများ လို အလှူကြီး အတန်းကြီး မပေးနိုင်တော့ တစ်နိုင် တစ်ပိုင် ရေကုသိုလ်လေး လုပ်ရ တော့ ရေအကျိုး ဆယ်ပါး ဆိုတာ တော်တော် ဆုတောင်း ပြည့်ပါတယ်ကွာ ”

အခုတော့ လင် ဖြစ်သူ ပြောခဲ့သည့် စကားများ က သွေး ထွက်အောင် မှန် နေသည် ။ တကယ် ဆုတောင်း ပြည့်ခဲ့ လေပြီ ။ ကိုဘသာ သေပြီး နှစ်ရက် မြောက် နေ့ တွင် ပင် ကူငွေ ကား တစ်သိန်းကျော် ရ နေပေပြီ ။

ဆက်တိုက် ဝင်နေသော ကူငွေများ စွာ ကို မျက်စောင်း ထိုး နေသူကား ဘသာ အစ်မ နှင့် ဘသာ ဦးလေး ။

ကိုဘသာ ၏ ဦးလေး ဦးစိန်မောင် က ...

“ ဟဲ့ ငါ့တူမကြီး .. ကူငွေတွေ ကို စာရင်း အတိအကျ မှတ် ထားနော် ၊ ငွေ တွေ မလေစေနဲ့ ”

မကျင် ကိုဘသာ ကို ကြည့်ရင်း ရှိုက်ငို နေရာ မှ ...

“ ဒီမှာ ဦးလေး .. ကိုယ် နဲ့ ဆိုင်တဲ့ စကားပဲ ကိုယ် ပြောပါ ၊ အဲဒီ ကူငွေတွေ ကို ဘာမှ မျက်လုံး ပြူး မျက်ဆန်ပြူး နဲ့ လိုက် ကြည့်နေစရာ မလိုဘူး ။ ဦးလေးတို့ နဲ့ လည်း ဘာမှ မဆိုင်ဘူး ”

မကျင် ဗြောင်ချဲ ပြီ ။ သည်းခံတာ များ လှပြီ မို့ ထိပ်တိုက် ရင်ဆိုင် လိုက်သည် ။ ကိုဘသာ အစ်မ က တစ်စခန်း ထ ပြန်သည် ။

“ ဟဲ့ကောင်မ ... ညည်း တစ်ယောက်တည်း ပိုင်တယ် မထင် နဲ့ ၊ အဲဒီ ဦးလေး က ကွယ်လွန်သူ ဘသာ ရဲ့ ဦးလေး အရင်း ခေါက်ခေါက် ၊ ငါက အစ်မအရင်း ခေါက်ခေါက် ဟဲ့ ”

“ ခုချိန်မှာ အခေါက်တွေ အသားတွေ လာ မပြောနဲ့  ၊ ရက် မလည်ခင် ထ ပြန်လို့ လည်း ရတယ် ၊ ဘယ်သူမှ ဆွဲ မနေဘူး ။ ဘယ့်နှယ်တော် ... သေသူ ရဲ့ ပါးစပ် ထဲ က ပိုက်ဆံ ကို အမွေ လာခွဲတဲ့ လူတွေ က ရှိသေးတယ် ”

“ ဟဲ့ကောင်မ .. အမွေ ခွဲတာ မဟုတ် ဘူး  ၊ ရပိုင်ခွင့် ရပိုင်ခွင့် ဟဲ့ ”

လူကြီးအုပ်စု အိမ်ရှေ့ ရောက်မှ အသံများ ရှဲ သွားကြသည် ။ ကိုဘသာ အစ်မ မှ အသံနက်ကြီး ဖြင့် လူကြီးတွေ ကို မသိမသာ ကြည့်ရင်း မှ ...

“ မောင်လေးရေ ... တရား ကို နတ် စောင့် သလို ကူငွေ ကို လူကြီးတွေ စောင့်ပါတယ်ကွယ် .. ဟီး ဟီး ”

လူကြီး ကိုအုန်းဆောင် သဘောကျသွားသည် ။

“ သူ ငိုတာ သဘာဝ ကျတယ် ဗျ ”

   •••••   •••••   •••••

“ ဈာပနကော်မတီ တော့ ဖွဲ့ရလိမ့်မယ် ဗျ ”

လက်ဆည်ကံ လူကြီး ကိုမောင်မောင် က သူ ၏ အမြင် ကို တင်ပြသည် ။ ကိုမောင်မောင်က ဒီ အနီးအနား ရွာ တစ်ဝိုက် တော့ အားလုံးထက် စာ တတ် သည် ။

“ ဈာပနကော်မတီ ဖွဲ့ရင် ရန်ပုံငွေ တော့ လိုလိမ့်မယ်ဗျ ”

တကလှဲ့ လူကြီး ကိုအုန်းဆောင် က ဘုမသိ ဘမသိ ဖြင့် ဝင်ပြောသည် ။

ရန်ပုံငွေ စကားကြောင့် မကျင် မျက်နှာ တစ်ချက် ပျက်ပြီး လူကြီးဝိုင်း သို့ တဖြည်းဖြည်း ချဉ်းကပ် လာသည် ။ စိတ် ထဲ မှာ လည်း  ...

“ ဘုရား ဘုရား ... ကူငွေ ထဲ က တော့ မသုံးပါစေနဲ့ ဘုရား ”

စကားပြော ပြတ်သော ခရောင်းပြင် လူကြီး ကိုမြသန်း မှ  ...

“ ခင်ဗျား က လည်း ဘာတွေ ဝင် ပြော မှန်း မသိဘူး ၊ ကိုမောင်မောင် ပြောတဲ့ အဓိပ္ပာယ် က ကိုဘသာ ရဲ့ အသုဘ ကိစ္စ ကို ဈာပနကော်မတီ ဖွဲ့ရမယ်လို့ ပြော တာဗျ ၊ ဘာ ရန်ပုံငွေ ကို လိုမှာ မို့ လို့ လဲ ... ဒါပဲ လိုတယ် ၊ ဒါပဲ လိုတယ် ”

ဟု လက်ညှိုး နှင့် ခေါင်း ကို ထိုးပြ လိုက်သည် ။

မကျင် အလုံး ကျသွားသည် ။ ကိုဘသာ အစ်မ မစန်းတင် က ဒီလို နေရာမျိုး မှာ အကွက် ဝင်ပြီ အထင် နှင့် ...

“ ရန်ပုံငွေ လိုရင်လည်း မောင်လေး ရ ထားတဲ့ ကူငွေတွေ က နည်းတာ မှ မဟုတ်တာ ၊ သုံးလို့ ရတာပဲ ဥစ္စာ ၊ ကျွန်မ သဘော က တော့ “ ပစ္စယောဟော တု ” ပဲ ကြိုက်တယ် ”

တကလှဲ့ လူကြီး ကိုအုန်းဆောင် မှ ခုနက ကျ သွားသော သိက္ခာ ကို ခွင် ဝင် တုန်း အဖတ်ပြန် ဆယ် လိုက်သည် ။

“ ခင်ဗျား က ဘယ်သူတုံး ၊ ဘာ သိလို့ ဝင် ပြော နေတာတုံး ၊ ဒီမှာ မြေ ကျဖို့ ကိစ္စ လူကြီးတွေ မှာ ခေါင်း ဘယ်လောက် စား နေလဲ ဆိုတာ ၊ စကား ကို သိမှ ဝင် ပြော ဗျ ၊ ဒါ တကလှဲ့ရွာ ၊ အလကားရွာ မဟုတ်ဘူး ”

“ အရည်မရ အဖတ်မရ လျှောက်ပြော မနေကြပါနဲ့ ဒေါ်စန်းတင် ရယ် ၊ ဒါ လူကြီး တွေ စီစဉ်ရ မယ့် ကိစ္စပါ ၊ ကိုဘသာ ယောက်ျား ရေ ... ကောင်းရာ ဘုံဝ က နေ ရှင့် အစ်မ ကို ဒီ အိမ် ထဲ က အမြန်ဆုံး သာ ဆွဲ ထုတ်လိုက်ကြပါတော့ ”

“ ဟဲ့ ကောင်မ .. ညည်း ဘာပြောတာလဲ ”

အခြေအနေ အရမ်း တင်းမာနေ ပြီမို့ လူကြီးများ က အချိန်မီ ဝင် တား၍ အာဂန္တု ရန်ပွဲ ခေတ္တ ငြိမ်း သွားသည် ။ သို့သော် တစ်ယောက် နှင့် တစ်ယောက် ကတော့ မျက်နှာချင်း ဆိုင်လို့ မရ ။ နောက်ဆုံး နာရီဝက် ခန့် လူကြီးများ ခေါင်းချင်း ဆိုင်ပြီး ကိုဘသာ ၏ ဈာပန ကို ခုနစ်ရက် ထား ရန် သဘောတူ လိုက် ကြသည် ။ ရွာ ၏ ထုံးစံ က တော့ သုံးရက် နဲ့ အပြီး ဖြတ် ၊ မြေမြှုပ် မီးရှို့။ ထို အစဉ်အလာ တစ်ရပ် ကို ကိုဘသာ အသုဘ က ရိုက်ချိုး ပစ်လိုက်သည် ။

လူကြီးများ ၏ ဆုံးဖြတ်ချက် က မှန်သင့် သလောက် မှန်သည် ။ ခုနစ်ရက် ထားခြင်း ဖြင့် မသိသေးသည့် သူ လည်း သိ မည် ၊ ဖဲဝိုင်း အကောက် များများ ရမည် ၊ ကူငွေ များများ ရလျှင် ကိုဘသာ အသုဘ ဒီ တစ်နယ်လုံး အစည်ဆုံး ဖြစ် မည်။ စီစဉ်သူ ဘယ်သူတွေလဲ ဟု မေး လျှင် ထိုလူကြီး သုံးယောက် ၏ နာမည် သည် လည်း တစ်မုဟုတ် ချင်း ကျော်ကြား သွားမည် ။ ဒါတွေ အားလုံး ဟာ ကိုဘသာ မသာ ခုနစ်ရက် ထားခြင်း ၏ အကျိုးရလဒ် များ ပင် ဖြစ်သည် ။

တကလဲ့ ရွာသူ ရွာသားတွေ က တော့ လူကြီးများ ၏ ဆုံးဖြတ်ချက် ကို ၇၀ ရာခိုင်နှုန်း ထောက်ခံ ကြသည် ။ လူကြီး မျက်နှာ ကြောင့် မဟုတ် ၊ ကိုဘသာ ၏ မျက် နှာကြောင့် ပင် ဖြစ်သည် ။

   •••••   •••••   •••••

ကိုဘသာ အစ်မ မစန်းတင် တိုက်ကွက် ပြောင်းလိုက်သည် ။ မကျင် ကို ထိပ်တိုက် အပြစ်မပြော တော့ ။ လာ သည့် လူ ကို ဒိုင်ခံ ဧည့်ခံသည် ။ မျက်ရည်လေးစမ်းစမ်း က တော့ မိုးလင်းတာ နဲ့ လုပ်နေကြ သည် ။ အသံ ကလေးကလည်း ကွဲအက်အက် ။

“ ဒီ ရွာကလား ဟင် ”

မစန်းတင် အသံ က ။

“ အစ်မ က ”

“ မောင်ဘသာ ရဲ့ အစ်မ ပါ ကွယ် ၊ ဒီ မောင်နှမလေး နှစ်ယောက် ရှိတာ မောင်လေး က အစောကြီး ထွက်ခွာ သွားတော့ ဘယ်လို ဖြေရမှန်းတောင် မသိတော့ပါ ဘူးကွယ် ”

“ ဪ ဪ ... ကိုဘသာ ရဲ့ အစ်မ ကိုး ၊ ရွာ ကို လာခဲတယ် နော် သိပ်မတွေ့လို့ ”

“ သိပ်မတွေ့ဆို ... ဟွန်း ဟွန်း ”

မစန်းတင် က မကျင် ဘက် သို့ မျက်စောင်း ထိုး ပြလိုက်သည် ။ ပြီးမှ ဆက်၍  ...

“ မောင်နှမ နှစ်ယောက် ရဲ့ ချစ်ကြင်နာမှု ကို သွေးခွဲ တဲ့ သူ ပေါ့ကွယ် ၊ သူ့ အိမ် ကို မောင်ဘသာ ရဲ့ အမျိုးတွေ တစ်ယောက် မှ မလာရဘူး တဲ့ ၊ အမျိုးမျိုး သွေးခွဲ တဲ့ မိန်းမ ပါ အေ ၊ ခုတောင် အသုဘ ကိစ္စ မို့ လာ ရတာ ၊ လာသမျှ ဧည့်သည် တွေ ကို ငါးပိရည် ဆားရည် ပါ ၊ ရောက် ကတည်း က ဟင်းကောင်း ချက်မကျွေး တာ ၊ စားချင်လို့ ပြောတာ မဟုတ်ပါဘူး ၊ ရလိုက်တဲ့ ကူငွေတွေ က လည်း မြင်မကောင်းဘူး ၊ အရမ်း စေတနာ ယုတ်တဲ့ မိန်းမ ၊ ရုပ် နဲ့ လိုက်ပါတယ် ညီမ ရယ် ”

ရွာခံ မိပုန်း က မကျင် ကို ပဲ လိုက် ကြည့်နေသည် မို့ မကျင် စိတ် ထဲ က သိပ် မသင်္ကာချင် ။ အတူ ထိုင်နေတာ လည်း ရန်ဘက် မစန်းတင်နှ င့်မို့ မကျင် မသင်္ကာတော့ ။ ဟန် မဆောင်နိုင်တော့ ဘဲ မကျင် ပေါက်ကွဲသံ ထွက်လာသည် ။

“ ကဲ ကဲ .. အသုဘ လာရင် ရိုးရိုး သားသား နဲ့ လာကြပါ ၊ ဟိုလူ့ စောက်တင်း ပြော သလို ဒီလူ့ စောက်တင်း ပြော သလိုတော့ မလုပ်ကြနဲ့ နော် ၊ မကျင် ပေါက်ကွဲရင် မလွယ်ဘူးနော် ”

မကျင် ပြောပြောဆိုဆို အိမ်နောက်ဖေးဘက် သို့ ထွက်သွားသည် ။ မိပုန်း မျက်မှောင် တစ်ချက် ကြုတ် သွားသည် ။

“ မကျင် ဘယ်သူ့ ကို ပြောသွားတာလဲ အစ်မ ”

“ ဘယ်သူ ရှိရမှာ လဲ ညီမကြီး ရယ် ... ညည်း နဲ့ ကျုပ် ပဲ ရှိတာ ”

မကျင် မြွေပွေး ကို တုတ် နဲ့ သွား ထိုး လိုက် သလို ဖြစ်သည် ။ မကျင် လည်း သိသည် ။ တကလှဲ့ ရွာ က မိပုန်း ဆိုတာ ဆတ်ဆတ်ကြဲ ၊ ရှေ့ က ထမ်းဆောင် သွားခဲ့သော ရွာလူကြီး ကို တောင် ပါး တက် ရိုက်သည့် မိပုန်း ။ မိ ပုန်း ဝုန်းခနဲ ထ လိုက်သည် ။ မစန်းတင် က ဟန်ဆောင် ပန်ဆောင် တောင်းပန် လိုက်သေးသည် ။

“ ညီမလေး .. ရန် ကို ရန်ချင်း မတုံ့ နှင်းပါနဲ့ ကွယ် ၊ သူ့ အကုသိုလ် သူ သွားပါလိမ့်မယ် ”

မိပုန်း အိမ်နောက်ဖေး ဘက် သို့ ခပ်သွက်သွက် လိုက် သွားသည် ။ မိပုန်း လိုက်လာမှန်း သိလျှင် မကျင် လူကြီး ကိုအုန်းဆောင် ရှိရာသို့ သွားပြီး စကား မရှိ စကား သွား ရှာသည် ။

“ ဦးအုန်းဆောင် ... ထမင်း စားမယ်လေ ”

“ ခုနလေးတင် စားပြီးပြီ လေ ၊ ဘာတွေ လာပြောနေတာလဲ ”

“ ဪ .. ဟုတ်ကဲ့ ဟုတ်ကဲ့ ”

မကျင် ခပ်သွက်သွက် ထွက်ပြီး ကိုဘသာ ၏ အလောင်းဘေး တွင် သွား ထိုင် နေ လိုက်သည် ။ မျက်ဝန်း က ဂနာမငြိမ် ။ မိပုန်း ကို သာ အလစ် မပေးဘဲ မသိမသာ လိုက် ကြည့်နေသည် ။ မစန်းတင် ဆိုသည့် မိန်းမ ကို လည်း အစိမ်းလိုက် ဝါး စား ချင်နေသည် ။ မြန် မြန်သာ ရက်လည် လိုက်ပါတော့ ။

“ ဟင်း ... ရက်လည် တဲ့ နေ့ ကျ မှ ကို ဘသာ မြေကျ ပြီး မှ ငါ နဲ့ တွေ့မယ် မစန်းတင် ရေ ”

ဟု စိတ် ထဲ မှာ အံတကြိတ်ကြိတ် နှင့် တွေး နေသည် ။

မိပုန်း အနား ကပ် လာသည် ။ မကျင် က လည်း ဒီလို အချိန်မှာ ထိပ်တိုက် မတွေ့ချင်၍ ရွှေပြည်အေး လမ်း ကို ခင်း လိုက်သည် ။

“ ဟဲ့ မိပုန်းကြီး ... စား ပြီးပြီလား ”

“ ကျုပ် က ဘယ်တုံးက မသာအိမ် မှာ စားဖူးလို့ တုံး ”

မိပုန်း ဘုကန့်လန့် လိုက်တော့ မကျင် မိပုန်း ၏ ဒေါသ ရေချိန် ကို ခန့်မှန်း မိ သွားသည် ။ တိုက် ကွက် ထပ် ပြောင်းသည် ။

“ မိပုန်း ရယ် ကြည့်ပါဦး ... ကိုဘသာ အိပ် နေတဲ့ အတိုင်း ပဲ ”

“ မသာ က မသာ ပဲ ... အိပ်တာတွေ နိုးတာတွေ လုပ် မနေနဲ့ ၊ ညည်း ခုနက ဘယ်သူ့ ပြောသွား တာလဲ ”

မကျင် သဘောပေါက် သွားသည် ။

“ ဘယ်သူ့ ကို ပြောရမှာ လဲ မိပုန်း ရယ် ... ငါ့ ယောက်မ ကို ငါ ပြောတာပါ ၊ အိမ် ပေါ် စ ရောက် ကတည်း က အမျိုးမျိုး ဒုက္ခ ပေးနေတာ မိပုန်း ရယ် ၊ ငါ တော်တော် သည်းခံပါတယ် ၊ ညည်း စိတ် နဲ့ သာ ဆိုရင် အဲဒီ မိန်းမ တကလဲ့ မှာ နောက် တစ်လောင်း ပဲ ”

မိပုန်း ကို မသိမသာ ပို့ လိုက်သည် မို့ မိပုန်း ဒေါသ ပြေလျော့ သွားသည် ။

“ ဒါဆိုလည်း ပြီးရော ”

မိပုန်း လှည့် ထွက်သွားသည် အခေါင်း ရိုက်နေသော ဘက် သို့ တစ်ချက် ကြည့်ပြီး သူ့ အိမ်ဘက် သို့ ပြန်ရန် မျက်နှာ မူ လိုက်သည် ။ မစန်းတင် က အကျိုးအကြောင်း သိချင်သည် မို့ မိပုန်း နား သို့ မယောင်မလည် နှင့် ကပ်လာသည် ။

“ ညီမ .. ညီမ ကို ဘာ ပြောလိုက်လဲ ”

“ သိချင်ရင် သွားမေး ”

ခပ်ဆောင့်ဆောင့် ပြောပြီး မိပုန်း ထွက် သွားသည် ။ ဒါမျိုးတို့ က တော့ စန်းတင် တို့ ကို ဘယ် ရ မလဲ ။

“ ဒီ တစ်ယောက် မအောင်မြင် ရင် လည်း နောက် တစ်ယောက်ပေါ့ ၊ ဟင်း .. တစ်ယောက် မဟုတ် တစ်ယောက် တော့ မုချ အောင်မြင်ရ မှာ ပေါ့ ခွေးကျင်မ ရယ် ”

ဟု မစန်းတင် သူ့ အတွေး နှင့် သူ ပျော် နေသည် ။

◾ဗေလုဝ

📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment