❝ အဆန်းနော် လိုရာ ကွန့် နိုင်တဲ့ ❞
အခု ခေတ် လည်း မဟုတ်ဘူး ၊ မြန်မာပြည် မှာ လည်း မဟုတ်ဘူး ၊ ဟိုတုန်းက ဂျပန်ပြည် မှာ ပေါ့ ။ နာမည် အလွန် ကြီး ပြီး အောင်မြင် ကျော်ကြား တဲ့ ပန်းချီဆရာကြီး တစ်ယောက် ရှိခဲ့တယ် ။ ဒီ ဆရာကြီး က အောင်မြင် ကျော်ကြား လွန်း လို့ ဂျပန်ပြည် ကျွန်း အသီးသီး က တပည့် ခံချင်တဲ့ လူတွေ အများကြီး လာပြီး ဆရာကြီး ဆီ မှာ ပန်းချီ ပညာ သင်ကြတယ် ။ မြို့ပေါ် က တက် ကြတဲ့ ကျောင်းသားတွေ က လွဲလို့ အများစု က တော့ ဆရာကြီး ရဲ့အိမ် မှာ ကျောင်းအိပ် ကျောင်းစား နေကြရတာပေါ့ ။
ဆရာကြီး က သူ့ တပည့်တွေ ကို ပန်းချီပညာ စနစ်တကျ သင်ပေး ရှာတယ် ။ ပထမဆုံး ခဲ နဲ့ စ လေ့ကျင့် ရတယ် ။ အလင်း အမှောင် ၊ အပျော့ အမာ ၊ အနီး အဝေး တွေ တော်တော် ပိုင်နိုင် တတ်ကျွမ်း တော့ မှ စုတ်တံ ကိုင် ကြ ရတာလေ ။
စုတ်တံ ကိုင် ရပြီ ဆိုပေမယ့် လည်း ဆရာကြီး က အရာဝတ္ထု တစ်ခု ၊ အရုပ် တစ်ရုပ် ရေးပြီ ဆိုရင် ရှုထောင့် အမျိုးမျိုး က နေ အကြိမ်ပေါင်း များစွာ အရေးခိုင်း ၊ အဆွဲခိုင်း တတ်တယ် ။ အကြိမ်ပေါင်း ရာ နဲ့ ချီ ရေးရတာ ။ အကြိမ် ခုနစ်ရာ ၊ ရှစ်ရာ ရေးခိုင်း တတ် သတဲ့ ။ ဝါးပင် ဆိုရင် အပင် ခုနှစ်ရာ , ရှစ်ရာ ၊ ရွှေငါးလေး တွေ ဆိုလည်း အကောင် ခုနစ်ရာ ရှစ်ရာ ၊ မြင်းတွေ ၊ တောင်တွေ ၊ သစ်တောတွေ ၊ ပင်လယ်တွေ ရေး လိုက် ရတာ စုံလို့ စုံလို့ ။ တချို့ ဝီရိယ နည်းတဲ့ ကျောင်းသားတွေ က ဒီလို လေ့ကျင့်ရတဲ့ ဒဏ် ကို မခံနိုင်ကြဘူး ။ ဒါကြောင့် ကျောင်း က နေ ပညာ တစ်ပိုင်း တစ်စ နဲ့ ထွက်ပြေး ကြတယ် ။
ဒါထက် ပိုပြီး ကျောင်းသားတွေ စိတ်ညစ်ညစ် နဲ့ လေ့ကျင့်ကြ ရ တာ က တခြား ဟုတ်ပါရိုးလား ၊ ဆရာကြီး က ပန်းချီ ရေး ရာ မှာ လက်ရာ ကောင်း ပန်းချီကား ကောင်း တွေ ရဖို့ သမာဓိ အား ကောင်းဖို့ လိုတယ်လို့ ခံယူ ထားလေ တော့ သမာဓိ အား ကောင်း အောင် သမထ အားထုတ် ရတယ် ။ တပည့် တိုင်း မထိုင် မနေရ ၊ နံနက်တိုင်း တရား ထိုင် ရတယ် ။ သူ ကိုယ်တိုင် လည်း တပည့် တွေ နဲ့ အတူ လိုက် ထိုင် တယ်လေ ။
ကျောင်းသား အများစု က ဒီလို သမထ အားထုတ် ရတာကို စိတ်ပျက် ကြတယ် ။ စုတ်တံ ကို ချ ၊ လက်မြှောက် ထွက်ပြေး ကုန် ကြတယ် ။ ပြေးကြတာ ရွာ ကို ပြန်ပြေး ၊ မြို့ ကို ပြန်ပြေးကြတာလေ ။ တချို့ က လည်း ကျောင်း ပြေး ကြတာ ။ မပြေး ဖြစ်ကြတဲ့ ကျောင်းသား တချို့ က လည်း ဆရာကြီး ရဲ့ သင်ရိုး တွေ ကို အမူအရာ နဲ့ တစ်မျိုး ၊ မကြားတကြား နဲ့ တစ်နည်း ခနဲ့ကြ ၊ ဝေဖန် ကဲ့ရဲ့ ကြတယ် ။ ဆရာ ပဲ အရိပ် မြင် တာနဲ့ သိပြီးသား ပေါ့ ။
တစ်နေ့ ကျတော့ ထူးထူးခြားခြား အဖြစ်အပျက် တစ်ခု နဲ့ ကျောင်းသား တွေ ကြုံရတယ် ။ ဆရာကြီး က ဘာမှ မကြေညာပါ ဘဲ ကျောင်း ပန်းချီ ပညာသင်ခန်း ထဲ ကို ရောက် မလာဘူး ။ အရင်က တစ်ခါ မှ ဒါမျိုး သူတို့ တစ်တွေ မကြုံဖူးကြဘူး မဟုတ်လား ။ ဆရာကြီး အပေါ် လေးစား ချစ်ခင်တဲ့ တပည့်ရင်း တချို့ က အခြေအနေ သိရအောင် ဆရာကြီး ရဲ့ အခန်း ကို သွား ကြည့်တော့ ပန်းချီဆရာကြီး က သူ့ အခန်း ထဲ မှာ သမထတရား အားထုတ် နေပါရောလား ။
အစ က မှ ခပ် ပျင်းပျင်း ဖျင်းဖျင်း ကျောင်းသားတွေ က တော့ အံ့သြတာ က နည်းနည်းပျော် တောင် မှ ပျော်ကြသေးတယ် ။ ပန်းချီပညာ ကို အားကျိုးခနွဲ လိုက်စား ချင်ကြတဲ့ ကျောင်းသားတွေ က စိတ် ပူပြီ သွားသွား ချောင်း ကြည့် ကြတော့ ဆရာကြီး က တရား ထိုင်မြဲ ထိုင် နေတယ် ။ ဘယ် အချိန် က စပြီး တရား အလုပ် ကို လုပ် နေတာလဲ ။ ဘယ် အချိန် ထိ တရား ထိုင်မှာတဲ့ လဲ ။ သူတို့ အကြား မှာ တကယ့် ပဟေဠိကြီး တစ်ခု ဖြစ်နေရှာ တာပေါ့ ။ ဂရုတစိုက် ကြည့် ကြတဲ့ ကျောင်းသားတွေ က တော့ ဆရာကြီး နဲ့ နံဘေး က စဥ့်အင်တုံကြီး တစ်လုံး နဲ့ ဆရာကြီး ရဲ့ ရှေ့ မှာ ပြန့်ပြူး နေအောင် ဖြန့်ခင်း ထားတဲ့ ဆယ့်ငါးပေ ပတ်လည် လောက် ရှိတဲ့ ပိတ်ဖြူစကြီး ကို သတိထား မိကြတယ် ။ ဒါကြီး နှစ်ခု က လည်း သူတို့ ပဟေဠိ အထဲ ထပ် ထည့် ရမယ့် ပုစ္ဆာ အဆန်းတွေ ပဲ ပေါ့ ။
နေ့လယ်ပိုင်း သွား ကြည့်ကြ ပြန်တော့လည်း ဆရာကြီး က တရား ထိုင် လျက်ပဲ ။ ပန်းချီဆရာကြီး ရဲ့ တပည့်တွေ က တစ်ယောက် ပြီး တစ်ယောက် ခဏခဏ သွား ချောင်း ကြည့်နေ ကြ တာလေ ။
ထမင်း မစား ဟင်း မစား ထိုင် ရာ က မထ ဘဲ ဒီလို သမထအ လုပ် ကို အကြာ ကြီး လုပ် နေတဲ့ ပန်းချီဆရာကြီး ကို တပည့်ပျင်း တွေ က သူတို့ ဝေဖန် လိုက် လို့ ဆရာကြီး က သင်ရိုး ကို ပြင်တော့မယ် ထင်တယ် ၊ ဒါမှမဟုတ် ဆရာကြီး စိတ် ဖောက်ပြန် သွားတာ လည်း ဖြစ်နိုင် သတဲ့ လေ ။ ထင်ရာ မြင်ရာ တွေ စွတ်ရွတ် ပြောနေကြတဲ့ အထဲ မှာ ကျောင်းကြီး တောင် ပိတ်တော့ မလို လို တဲ့ ။
ညနေစောင်း တော့ ဆရာကြီး ရဲ့ ရှေ့မှာ ခင်း ထားတဲ့ ပိတ်ဖြူစကြီး ပေါ် မှာ လိမ္မော်ရောင်နေခြည်မျှင် တွေ က ဖြာကျ နေပြီ ။ ဆရာကြီး က သူ့ ရဲ့ မှိတ် ထားတဲ့ မျက်လုံးတွေ ကို ဖြည်းဖြည်းချင်း ဖွင့် လိုက်တယ် ။
လာပြီး ချောင်းကြည့် နေတဲ့ ကျောင်းသား တစ်ယောက် က သူတို့ ဆရာကြီး ရဲ့ ထိုင် ရာ က ထ တာလည်း တွေ့ ရော အဆောင် မှာ ကျန်ရှိ နေတဲ့ ကျောင်းသားတွေ ကို အမြန် ပြေး ခေါ်လို့ ကျောင်းသားတွေ အကုန်လုံး အပြေး အလွှား ရောက် လာ ကြတယ် ။
ပန်းချီဆရာကြီး က သူ့ ရှေ့ မှာ ပြန့်ပြူး ပြီး ဖြူဖွေး နေတဲ့ ပိတ်စကြီး ကို တည်ကြည် တဲ့ မျက်လုံးတွေ နဲ့ တွေတွေကြီး စိုက် ကြည့် နေရင်း သူ့ ကိုယ် မှာ ဝတ်ဆင် ထားတဲ့ ခါးစည်းကြိုး ကို အရင်ဆုံး ဖြေချွတ် လိုက်တယ် ။ ပြီးတော့မှ အပေါ်ပိုင်း ကိုယ်ရုံ ကို ချွတ်ပြီး ခါးစည်းကြိုး အနား ပုံချ ထား လိုက် တယ် ။ မျက်လုံး က တော့ ပိတ်စကြီး ကို အနှံ့အပြား ဖြန့်ကျက် ကြည့် နေ တယ်လေ ။ အဝတ်အစားတွေ တဖြည်းဖြည်း ချွတ် ရာ က မရိုသေ့ စကား နောက်ဆုံး ခါးဝတ် ဘောင်းဘီ ပါ ချွတ် လိုက်တော့ ပန်းချီဆရာကြီး မှာ လန်ကွတ်တီကလေး ပဲ ကျန် တော့ တာပေါ့ ။
တပည့်တွေ က တော့ မျက်လုံး အပြူးသား ၊ ပါးစပ် အဟောင်းသား နဲ့ တစ်ယောက် နဲ့ တစ်ယောက် မေးဆတ် ပြရင်း အဖြေညှိ မရတဲ့ ပဟေဠိ ကို ဖျစ်ညှစ် တွေးဆ ကြည့်နေ ကြတယ် ။
ပန်းချီဆရာကြီး က အနား မှာ ရှိတဲ့ စဉ့်အင်တုံကြီး ထဲ ကို တဖြည်းဖြည်း ဆင်းပြီး ထိုင်ချ ခါနီး မှာ ခန္ဓာကိုယ် မှာ နောက်ဆုံး ကျန် ခဲ့တဲ့ လန်ကွတ်တီ ကို ပါ ချွတ် ပစ်လိုက်ပြီး အင်တုံ ထဲ မှာ ဖျော်စပ် ထားတဲ့ အနက်ရောင် ဆေးမင်ရည်တွေ နဲ့ သူ့ ခန္ဓာကိုယ် တစ်ခုလုံး နေရာလပ် မကျန်အောင် စိမ်ပြေနပြေ ပွတ်သပ် နေလိုက်ပုံ က ရေပူစမ်း တစ်ခု မှာ ရေပူ စိမ် နေသလား လို့ အောက်မေ့ ရတယ် ။ ဒီလိုသာ ဆေးမင်နက်တွေ နဲ့ ပွတ်သပ် နေတာ အရောင် တလက်လက် ထွက် နေတဲ့ သူ့ မျက်လုံး က တော့ ပိတ်ဖြူစကြီး ကို စိုက်ကြည့် လျက်ပဲ ။
ဆံပင် က အစ ခြေဖျား အထိ ဆေးတွေ စိတ်တိုင်းကျ စိုရွှဲ နေတော့မှ စဉ့်အင်တုံ ထဲ က ဆရာကြီး အသာ ထ လိုက်တယ် ။ ခန္ဓာ တစ်လျှောက် ဆေးမင်ရည်တွေ အသွယ်သွယ် စီးကျ နေကြပြီး လက်မောင်း တွေ တံတောင် တွေ မေးစေ့ က ဆေးမင်စက် တချို့ က စဥ့်အင်တုံ ထဲ ကို တစ်ပေါက် ပေါက် နဲ့ ကျ ကုန်ကြတယ် ။ ဖြူဝင်း တဲ့ ဆရာကြီးရဲ့ အသားအရေ မှာ ဆေးမင်နက်တွေ ပေကျံ စွန်းထင်း နေပုံက ကြည့် တတ်ရင် အလွန် လှတဲ့ တောတောင် ရှုခင်း ကား လိုလို ၊ ရေတံခွန် တစ်ခု လိုလို ဖြစ် နေ တယ်လေ ။
သူ့ ခန္ဓာ ပေါ် က ဆေးမင်တွေ တဖြည်းဖြည်း စစ် သွား လိုက်တာ ဆရာကြီး လိုချင်တဲ့ ပမာဏ လည်း ရောက်ရော ပိတ်ဖြူကြီး ပေါ် ဆင်း တဲ့ပြီး ရှေ့ကျွမ်း ရော ၊ နောက်ကျွမ်း ရော ဘေး ဘယ်ညာ တစောင်း ကျွမ်းတွေ ခပ်သွက်သွက် လှိမ့် ထိုး ပါရောလား ။ နောက်ဆုံး ကျွမ်း တစ်ပတ် အပြီး မှာ ခုနက ချွတ် ထားတဲ့ အဝတ်အစားတွေ နား အံကျ ရောက် နေပြီလေ ။
ခုနက မည်းချိတ် နက်မှောင် နေတဲ့ ဆရာကြီး ရဲ့ ခန္ဓာကိုယ် က အခု တော့ စဉ့်အင်တုံ ထဲ မဆင်းခင် က အတိုင်းပါပဲလား ။ သူ့ အဝတ်အစားတွေ ကို ဆရာကြီး က တစ်ခုစီ အေးအေးဆေးဆေး သပ်သပ်ရပ်ရပ် ပြန် ဝတ် လိုက်တယ် ။ ခပ်ထူထူ ခပ်ထုံထုံ ကျောင်းသားတွေ က တော့ ဆရာကြီး ကို နားမလည် တဲ့ အကြည့် အံ့သြလန့်ဖျပ် တဲ့ မျက်လုံးတွေ နဲ့ ငေး နေ မိကြတယ် ။
ပန်းချီဆရာ အစွမ်းအစ လည်း ရှိ ၊ အရေး လည်း တော် ၊ ဆရာကြီး ရဲ့ စကား လိုက်နာကျင့်ကြံ ကြတဲ့ ကျောင်းသား တွေ လည်း ပါးစပ် အဟောင်းသား နဲ့ ပဲ ဖြစ်နေကြ သတဲ့ ။ သူတို့ ပါးစပ် အဟောင်းသား ဖြစ်နေကြတာ ခုန က ဖြူဖွေး ပြန့်ပြူး နေတဲ့ ပိတ်စကြီး ပေါ် မှာ ဘယ် ပန်းချီဆရာ မှ လက် နဲ့ လိုက် တုပ ရေးလို့ မရတဲ့ ဂျပန် နဂါးကြီး တစ်ကောင် ထင်ကျန်ရစ်ခဲ့လို့ ပါပဲ ။ အလိုလေး .. အသက်ဝင် လှ ပါ ကလား ။
ဒီ ဝတ္ထုလေး က မြန်မာ သာ မက ကမ္ဘာ က ပါ သိတဲ့ ပန်းချီဆရာ ၊ ဆရာ ပေါ်ဦးသက် ပြောပြ ဖူး တဲ့ ဝတ္ထုလေး ပါ ။ ကျွန်တော် သိပ် ကြိုက်တဲ့ ဝတ္ထုတို တစ်ပုဒ် ပေါ့ ။ ဒီ ဝတ္ထုလေး ကို ကျွန်တော့် ပါးစပ် က ခဏခဏ ပြောဖူး တာ နှစ် အတော် ကြာ အတူ နေခဲ့ကြဖူးတဲ့ မိတ်ဆွေ တွေ ရဲဘော် တွေ အသိ ပါ ပဲ ။ စိမ်းရောင်လွင် မဂ္ဂဇင်း အမှတ် ၂ ၊ ၂ဝဝဝ ပြည့် မေလထုတ် မှာ လည်း “ အနုပညာ မှော် သွင်းခဲ့သူ ” ဆိုတဲ့ ဆရာပေါ်ဦးသက် အမှတ်တရ အလွမ်း ဆောင်းပါး ရဲ့ တစ်နေရာ မှာ ဒီ ဝတ္ထု တစ်ခါ ဖော်ပြခဲ့ ဖူးတယ် ။
◾ညီပုလေး
📖 အဆန်းနော် လိုရာ ကွန့် နိုင်တဲ့
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment