❝ လူရွှင်တော် ဦးထင်ပေါ် ❞
မန္တလေးမြို့ ၊ ချမ်းမြသာစည် မြောက်ရွာသစ် ရပ်ကွက် ထဲ ကို ဝင် သွား ကတည်း က ဆိုင်းသံ ၊ ဗုံသံတွေ ကြား နေရတယ် ။ ဒီ ရပ်ကွက် က သဘင်သည် တွေ အနေ များတဲ့ နေရာ ။ ကျွန်တော် တို့ က အငြိမ့် လူရွှင်တော်ကြီး ဦးထင်ပေါ် ရဲ့ အိမ် ကို သွားတာ ။
ဦးထင်ပေါ် ရဲ့ အိမ် က ဆောက်လက်စ နှစ်ထပ်တိုက် ။ ကျွန်တော် တို့ ရောက် သွားတော့ လူရွှင်တော်ကြီး က တိုက်ပေါက်ဝ က ထွက် ကြို နေတယ် ။
သူ့ အိမ် အဝင်အဝ တံခါး ထိပ် မှာ သရက်ရွက် လတ်လတ်ဆတ်ဆတ်
သုံးရွက် လောက် ကို ကြိုး နဲ့ ချည်ဆွဲ ထားတာ ကျွန်တော် သတိထား မိတယ် ။ ဗေဒင် ယတြာ အဆောင်အဖွဲ့ တွေ လား ။
ဦးထင်ပေါ် ကို ကျွန်တော် မေးတာ့ နေ့သင့် နံသင့် လုပ်ထားတာ တဲ့ ။ ဒီလို လုပ်ပြီးတဲ့ နောက်ပိုင်း မှာ သူ ကျန်းမာရေး ပို ကောင်းတယ် ။ စီးပွား ဖြစ်ထွန်း တယ် လို့ ဆိုတယ် ။
သူ့ အိမ် ဧည့်ခန်း မှာ ထိုင်ရင်း ဟိုဟိုဒီဒီ မျက်စိ ကစား ကြည့်တော့ ရေခဲသေတ္တာ ၊ အလှငါးမွေးကန်တွေ ကို မြင် ရတယ် ။ စီးပွားရေး သင့်တင့် တဲ့ လက္ခဏာ ။ အိမ်ရှေ့ခန်း ကွပ်ပျစ် မှာ တော့ အပ်ချုပ်စက် ၊ လုပ်လက်စ ရွှေချည်ထိုးထည်များ ၊ အလုပ် နဲ့ လက် မပြတ် လုပ် တတ်တဲ့ လက္ခဏာ ။ တိုက်ဦးခန်း နံရံ ပေါ် မှာ တော့ အဖြူအမည်း ဓာတ်ပုံ နှစ်ပုံ ၊ မိဘတွေ ရဲ့ ဓာတ်ပုံ ။ မိဘများ ကို အလေးအမြတ် ထားတဲ့ လက္ခဏာ ။
ကျွန်တော် က ဦးထင်ပေါ် ရဲ့ မိဘဆွေမျိုး အကြောင်း ကို မေးတယ် ။
“ အဖေ က နှဲဆရာ ဦးချစ်စိန် ၊ အမေ က တော့ အရပ်သူ ပါ ၊ ဒေါ်ပု ၊ အစ်ကို က ပတ္တလား ဆရာ ၊ အစ်မ က မင်းသမီး ”
ကျွန်တော် က သူ့ ဇာတိချက်ကြွေ နေရာ ကို မေးပါတယ် ။
“ မန္တလေး ၊ တရုတ်တန်း မှာ မွေးတာ ဗျ ”
“ မန္တလေး ၊ တရုတ်တန်း မှာ အိမ်လခ နှစ်ကျပ်ခွဲ နဲ့ နေရတာ ။ မြို့တော်သိန်းအောင် ဇာတ် ထဲ က မင်းသမီး ကယ်လီသန်း ရဲ့ အဖေ ဒိုးတီးဆရာ မန္တလာနှစ် နဲ့ ကျွန်တော့် အဖေ နဲ့ အိမ်လေး တစ်လုံး ငါးကျပ် နဲ့ မတတ်နိုင် လို့ နှစ်ယောက် ငှား နေ ရတာ ”
“ ဘယ် အရွယ် လောက် အထိ နေခဲ့ရတာလဲ ”
“ လေး ၊ ငါး ၊ ခြောက်နှစ် အထိ ၊ ကျောင်း နေတော့ မျက်ပါးရပ် က ဆရာမကြီး ဒေါ်စိမ်းရင် ကျောင်း ၊ လေးတန်း အထိ ကျောင်း နေခဲ့တာ ”
“ ကျောင်းသား တစ်ဝက် နဲ့ ဝင် က တာလား ”
“ ကျွန်တော့် ဦးလေး က လူရွှင်တော် ဦးချစ်ပီး ၊ ရွှေနန်းတင် ဇာတ် ထဲ သူ နဲ့ လျှောက် လိုက် နေတာ ။ လူရွှင်တော် ပညာ သင် ချင် လို့ လျှောက် လိုက်တာ ။ ဇာတ် ထဲ ဝေလေလေခန်း က ထွက်လိုက် လုပ် နေတာ ”
“ စင်ပေါ် မှာ စ သုံးတာ က ... ”
“ ရွှေလမ်း ငွေလမ်း ပြဇာတ် ထဲ မှာ ။ မင်းသား က သူ့ ဘဝ နောက်ကြောင်း ပြန် တော့ ကျွန်တော် က ကလေး မို့ ထွက် ရမှာ ။ မီး မှောင် တော့ ကျွန်တော် ထွက် ရမှာ ။ တိုင်ဖုံး ဘေး က စောင့် နေတာ ။ ထရော်လီ ခေါ် တာပေါ့ ။ ဘီး နဲ့ ကြိုး နဲ့ ဆွဲ ချတာ ။ ကျွန်တော့် ခြေမကြီး ဘီး က ကြိတ်ချ သွားရော ”
“ ဪ ”
“ ခြေမကြီး လန်ပြီး သွေးတွေ က ထွက်ရော ။ သရုပ်ဆောင် ရ မှာ က ငို ရမှာ ။ သဘာဝ က ကျ နေရော ”
ကျွန်တော်တို့ ရယ်ကြတယ် ။
“ နံနက် လင်း တော့ ကျွန်တော် စဉ်းစားတာပေါ့ ။ ဒီ ပညာ မသင် တော့ဘူး ။ ဒုက္ခ အကြီးအကျယ် ရောက်တယ် ။ ဒါနဲ့ ငမြာ က နေ မန္တလေး ပြန်ချ လာတယ် ”
“ အိမ် ရောက်တော့ ... ”
“ အဖေ က ဒီ အလုပ် မလုပ်နဲ့ ကွာ ။ ငါတို့ လည်း ဒီ အလုပ် လုပ်စား ရတာ ပင်ပန်းတယ် ။ ကြီး ရင် လည်း မဟုတ်ချင်ဘူး ။ စက်ချုပ် သင် တဲ့ ၊ ဆရာကြည် ရဲ့ ဆိုင် မှာ စက်ချုပ် သင်တယ် ”
“ အဆင်ပြေလား ”
“ နင်း တတ်ရုံ ပေါ့ ဆရာ ရယ် ။ မင်္ဂလာဆောင် မှာ သတို့သား အတွက် ပိုးလုံချည် ကို ဘယ် နဲ့ ညာ နဲ့ ယှက်ပြီး စက်နင်း လိုက်တာ ။ နင်း ပြီး ပြန် ခေါက် ၊ မီးကြွေ တိုက်ပြီး ဘူး ထဲ ပြန် ထည့် ၊ သတို့သား က မြင်းလှည်းကြီး နဲ့ ပြန် ရောက် လာပြီး ရန် လုပ်တာ ။ ကျွန်တော် က စက်နင်း ချ လိုက်တာ ။ ပုဆိုး နှစ်ဖက်လုံး ချုပ်သား ထဲ ပါ သွားပြီး ရှမ်းဘောင်းဘီ လို ဖြစ်သွားတာ ကိုး ”
ကျွန်တော်တို့ ရယ်မိကြတယ် ။
သတို့သား ခမျာ တော့ မင်္ဂလာပွဲ ဝင် ပိုးလုံချည် ကို ဝတ် မရဘဲ တော်တော် ဒုက္ခ ရောက်မယ် ။
“ ဆရာ က ဒါလေးမှ မသပ်မရပ် ဆိုပြီး စက်ဆိုင် က ထုတ်ပစ် လိုက်တာ ”
လူရွှင်တော် ရဲ့ ဘဝ အတွေ့အကြုံ က ရယ်စရာ လည်း ကောင်း ရဲ့ ။
“ အဲဒီမှာ ဘာမှ မလုပ်ဘဲ ဝပ်ရှော့ ( ပ် ) သင် သလိုလို ၊ ဟို ယောင်ယောင် ဒီ ယောင်ယောင် လုပ်နေ သေးတာ ။ တကယ်တော့ သဘင်ပညာ ပဲ သင်ချင် နေတာ ။
အဖေ က တကယ် လုပ် မှာ လားတဲ့ ။ လုပ်မယ် ။ ဒါဆို အပ် ပေးမယ် ။ သားသမီး ရှိတဲ့ ဆရာ အိမ် မှာ မအပ် နဲ့ ။ သူ့ သားသမီး ဗာဟီရ လုပ် ပေးရ တာ နဲ့ ပညာ ကို ကောင်းကောင်း သင်ရမှာ မဟုတ်ဘူး လို့ ။ ပြော ရ ရင်တော့ ငယ်ငယ် ကတည်း က လူရည် လည်တယ် ပြောရမှာ ပေါ့ ”
ကျွန်တော် ရယ်မိပါတယ် ။
“ ဒါနဲ့ လမ်း ၈၀ တာရဲတန်း က ခေတ်ဆန်းအငြိမ့် ပိုင်ရှင် ဦးသြဘာ ၊ ဒေါ်တင်အောင် တို့ ဆီ မှာ အပ် ပေးတယ် ။ အဲဒီမှာ သုံးနှစ် ၊ ဦးလေး ဦးချစ်ပီး က လည်း ဇာတ် ထဲ က ထွက်ပြီး ခေတ်ဆန်း ကို ရောက် လာတယ် ။ ဦးသြဘာ ၊ ဦးချစ်ပီး ၊ ကြယ်တစ်ပွင့်စံဟိန်း တို့ က က ကြတာ ”
“ ကိုယ်တိုင် ဝင် မကရ သေးဘူးလား ”
“ ခေါင်းဆောင် မင်းသမီး ထွက် တဲ့ အချိန် ရောက် မှ ထုတ်တယ် ”
အငြိမ့်သဘင် မှာ ခေါင်းဆောင် မင်းသမီး ကို အလွန်ပဲ အလေးအမြတ် ထားတာ ။ ခေါင်းဆောင် မင်းသမီး က ချိန် ရောက် မှ လက်သင် လူရွှင်တော်လေး ကို ထုတ်တာ ဘယ်လို ကြောင့် လဲ ။
“ သူတို့ မှာ မိန်း လူရွှင်တော် သုံးယောက် က ရှိပြီးသား ။ ကျွန်တော် က လက်သင် အပို ၊ ဦးဦးဖျားဖျား ရှေ့ မှာ ထုတ် လိုက်ရင် ကျွန်တော့် ကြောင့် ပျက်စီး မှာ စိုးရိမ်တာ ။ ကျွန်တော့် ကို ငဲ့ရတဲ့ အတွက် သူတို့ ပြက်လုံးတွေ ပြက် မှာ ၊ ခေါင်းဆောင် ကျ အရှိန် ရ သွားပြီလေ ”
“ စ က ခါ စ မှာ ကမောက်ကမ ဖြစ်ရတာတွေ လည်း ရှိမှာပေါ့ ”
“ ရှိတာပေါ့ ဗျာ ။ ပြက်လုံး အလွဲအချော်တွေ လေ ။ ကျွန်တော့် ဆရာ ဦးသြဘာ က နည်းနည်း မှ အတိမ်းအစောင်း မခံတဲ့ သူ ။ စရွေးစွပ် ဘန်ထစ်သမား လေ ၊ ချော် သွားရင် မကြိုက်ဘူး ။ စင် ပေါ် မှာ ကို ဓာတ်လုံးလက်စွပ်ကြီး ဝတ် တဲ့ လက် နဲ့ ခေါက်တာ ”
“ စိတ် မဆိုးဘူးလား ”
“ လူငယ် ဆိုတော့ နည်းနည်းတော့ အောင့် တာပေါ့ ။ ဒါပေမဲ့ စေတနာ ဆိုတာ သိ ပါတယ် ။ ပြည်သူပိုင်တွေ သိမ်းတဲ့ နှစ် က အင်းဝ မှာ ဘုန်းကြီးပျံ သွား ကတယ် ။ ဘတ် ( စ် ) ကားကြီး နဲ့ သွားတာ ။ ဘတ် ( စ် ) ကား ခုံအောက် မှာ ကျွန်တော့် အခန်း မရောက်သေးဘူး ဆိုပြီး ဝင် အိပ်တာ ။ ကျွန်တော်က နတ်ဝတ်ကြီး နဲ့ အိပ်ပျော် နေတာ ။ ကျွန်တော့် အခန်း ကျော် သွားရော ။ ဆရာ က ပြန် လွှတ်တာပဲ ”
ကျွန်တော်တို့ ရယ်ကြတယ် ။
“ ဇာတ် ကရမယ့် သူ က ထွက် မလာတော့ ကမောက်ကမ မဖြစ်ဘူးလား ”
“ ကားဆွဲ တစ်ယောက် ထွက် လိုက် ရတယ် ။ ကျွန်တော် က တော့ မပြန်ပါဘူး ”
“ အနုပညာသည် ဆိုတာ ငိုချင်ရက် နဲ့ ဇာတ်ကွက် ကို ထား ရယ်လိုက် ရတယ် ဆိုတာမျိုး ရှိကြတာပဲ ။ ကိုယ်တွေ့ တစ်ခု လောက် ပြောပြပါဦး ”
“ အမေ က မမာ နေတာ ။ ကျောက်ဆည် မှာ ကထိန် က နေတုန်း အမေ ပျက်စီး လို့ ညီတွေ က ဆိုင်ကယ် နဲ့ နောက် က လိုက်လာ ကြတာ ။ ကျွန်တော် က ဘာလို့ လိုက် လာတာလဲ မေးတော့ မင်း တို့ ပွဲ မကြည့်ရတာ ကြာလို့ လာ ကြည့်တာ တဲ့ ။ ကျွန်တော့် ကို အမေ သေတယ် မပြောဘူး ။ ကျွန်တော် သိ နေတယ် ။ အိမ် နား ကပ် က တာ တောင် သူတို့ လာ မကြည့်ဘူး ။ ကျောက်ဆည် အထိ လိုက် ကြည့် တော့ ကျွန်တော် ရိပ်မိနေပြီ ”
သဘင်သည် တစ်ယောက် ရဲ့ ဘဝ ကို ကိုယ်ချင်းစာ မိတယ် ။
“ နောက်တော့ မနေနိုင်လို့ မင်းတို့ အမေ ဆုံး လို့ လာတာ မဟုတ်လား ၊ မေးတော့ ဟုတ်တယ် တဲ့ ။ ဒါဖြင့်လည်း ပြီးအောင် တော့ စောင့်ကြကွာ ။ တစ်ဝက်တစ်ပျက် နဲ့ လိုက်လို့ မဖြစ်ဘူးလို့ ။ ပွဲသိမ်း မှ ပဲ ပြန်လိုက်ခဲ့တယ် ”
ကပ်လျက် အိမ် က ဆိုင်းအဖွဲ့ တီးလုံး တိုက် ရင်း တီးမှုတ် နေတဲ့ အသံ ကို လည်း ကြား နေရတယ် ။ ဆိုင်းသံ က လွမ်းစရာ ပြောစကား ကို နောက်ခံ တီးပေး နေ သလိုပါပဲ ။
“ အမေ့ ကို သင်္ဂြိုဟ်မယ့် နေ့ မှာ လည်း ပွဲ က လက်ခံ ထားပြီးသား ၊ ဇာတ်ဆရာ က တော့ မလိုက်ခဲ့ပါ နဲ့ ပြောတယ် ။ လူစား ထိုး ရ မှာမို့ ကျွန်တော် ကမယ် ။ ကြည့်တဲ့ သူ လည်း ကြည့်ကောင်း မှာ မဟုတ်ဘူး ။ အမေ လည်း ပြန် ရှင်မှာ မဟုတ်ဘူး ။ အဖေ သေ တော့လည်း ဝက်လက် က ပြန်ခဲ့ရတာ ။ သိတယ် ၊ သိသိကြီး နဲ့ ဒီ အလုပ် ကို လုပ်နေရတာပါ ”
ကျွန်တော် က စကား လမ်းကြောင်း ပြောင်း ပြီး အလုပ် လုပ်လို့ အကောင်းဆုံး ကာလ ကို မေးတယ် ။
“ ကျွန်တော့် အသက် ၃၀ လောက် တုန်း က အတွဲ လည်း ကောင်းတယ် ၊ ဒီပါ ၊ ချစ်စရာ ၊ ထင်ပေါ် အတွဲ လည်း ညီတယ် ၊ အငြိမ့် က လည်း ရတနာပုံ ဗျ ”
“ မန္တလေး အငြိမ့်သဘင် ရွှေခေတ် ကာလ ပေါ့ ”
“ ဟုတ်တယ်ဗျ ၊ အငြိမ့် ၃၆ ငြိမ့် အချိန် ပေါ့ ၊ ကိုယ်ရည်သွေး စကား ပြော ရ ရင် ကိုယ် က ရုပ် လည်း ရှိ တော့ ပြဇာတ်မင်းသား ဝင် က လိုက် ဆို လို့ ဝင် က ရ ပေမယ့် စိတ် က လူရွှင်တော် ဘက် ပဲ အားသန်တာ ”
ဦးထင်ပေါ် က ကျွန်တော်တို့ ကို လက်ဖက်ရည် တိုက်တယ် ။ သဘင်သမား အကြိုက် လက်ဖက်ရည် မို့ တော်တော် ကောင်းပါတယ် ။ သူ က တော့ သူ့ ဘဝ လမ်းကြောင်း ကို ပြန် ပြောပြနေဆဲ ။
“ ကျွန်တော့် ဒုတိယ ဆရာ က ဦးဖက်ကြီး ပါ ၊ လူရွှင်တော် အဖြစ် စင်ပေါ် တင် တာ ဦးဖက်ကြီး ၊ ဦးသြဘာ ဆီ သုံးနှစ် အပြည့် မှာ ဦးဖက်ကြီး က သူ့ သမီး ရွှေမင်းသမီး အငြိမ့် ထောင် တော့ ကျွန်တော် က ပိုက်ဆံ ရတဲ့ လူရွှင်တော် စာရင်း ဝင် ဖြစ် သွားတာပေါ့ ”
“ ညကြေး ဘယ်လောက် ရတော့ ဒီ လုပ်ငန်း က ရပ် လိုက်တာလဲ ”
“ ညကြေး တစ်သောင်းခွဲ ( ကျပ် ၁၅,ဝဝဝ ) ရတဲ့ အချိန် မှာ ရပ်တယ် ”
ဘာကြောင့် သူ ဆက် မက တော့တာလဲ ကျွန်တော် မေးပါတယ် ။
“ အဖွဲ့အစည်း ၃၆ ငြိမ့် က ယခု လေးငြိမ့် ပဲ ကျန် တော့တယ် ။ ၃၆ ငြိမ့် တုန်း က ပွဲ မရှားဘူး ။ ယခု လေးငြိမ့် မှာ ပွဲ မရှိတော့ အငြိမ့်ထောင် တွေ က ခြေထိုး ရှာ နေ ရတာ ၊ ကိုယ် က က ချင်တော့ ကြိုက်တဲ့ ကြေး လည်း မရဘူး ။ သွားရေး လာရေး က လည်း ပို ခက်ခဲတယ် ။ ခြောက်ဘီးကြီးတွေ နောက်ဖုံး ပါ ဖွင့်ပြီး မောက် နေအောင် တင် ရတာ ”
သဘင်သည်တွေ ကား မတော်တဆမှု ဖြစ်ရတဲ့ သတင်းတွေ ကို လည်း ကြားဖူး လို့ သူ့ အတွေ့အကြုံ ကို မေးတယ် ။
“ ရေဦး ဘက် သွား က တာ ၊ အဲဒီတုန်း က ရွှေဘို က နေ တာဘောင်ကြီး ပေါ် မောင်း ရတာ ၊ ည မှောင်မှောင် မောင်းတာ ။ ကားမောင်း တဲ့ ဒရိုင်ဘာ က တောပစ် ဝါသနာ ပါတယ် ။ သူ တောဝက် ပစ်တဲ့ အကြောင်း ပြောရင်း ကားမောင်း လာတာ ။ ကျွန်တော် က လည်း သူ့ ဘေး ထိုင် လိုက်တယ် ။
ပြောရင်း ပြောရင်း ကား ရှေ့ဘီးကြီး က ကျွတ်ပြီး ကား ရှေ့ လိမ့်သွားတာ ။ သူ က ဟိုမှာ မည်းမည်းမည်းမည်း နဲ့ တောဝက်ကြီး ဗျ တဲ့ ။ သူ က သာ တောဝက်ကြီး လုပ် နေတာ ။ ကား က တစ်ဖက် စောင်းပြီ ”
ကျွန်တော်တို့ ရယ်မိတယ် ။ အဲဒီ အချိန် က တော့ ဒါကို ရယ်နိုင်မှာ မဟုတ်ဘူး ။ သေဘေး မို့ ငယ်သံ ပါ အောင် အော်ကြမှာ ပါ ။ ကျွန်တော် က သူ့ အိမ် မီး လောင် တဲ့ အကြောင်း ကို ဆက် မေးတယ် ။
“ ကျွန်တော် ပေါ့တာ ။ အိမ် ကို သွယ် ထားတဲ့ ဆားဗစ်ဝါယာ ပေါက် နေတာ ။ အဲဒါကို ကျွန်တော် က တွေ့ကရာ ဝါယာ နဲ့ ဆက် ထားတာ ။ ဝါယာရှော့ ဖြစ်ပြီး အိမ် မီး လောင်တယ် ။ မီးလောင် တဲ့ အချိန် မှာ ကျွန်တော် က လားရှိုး ကို ပွဲ သွား က နေတယ် ။ အိမ် မီးလောင် တော့ အမျိုးသမီး ကို ဖမ်း သွားရော ”
တစ်ပူ ပေါ် နှစ်ပူ ဆင့်တာပဲ ။
“ အဲဒီ အချိန် က ကျွန်တော် သောက် တယ်ဗျ ။ မိန်းမ ကို ထောင်ဝင်စာ သွား တွေ့ ရတယ် ။ ကလေး သုံးယောက် က လည်း ရှစ်တန်း ၊ ကိုးတန်း တွေ ၊ နေရာ ထိုင်ခင်း က လည်း မီးလောင် ပြီးတော့ ကျွန်တော့် နေရာ ကို အစိုးရပိုင် ဆိုပြီး သိမ်း သွားတယ် ”
နှစ်ပူ ပေါ် သုံးပူ ဆင့် မှာပဲ ။
“ ဒါလောက် ဒုက္ခ ရောက် နေတဲ့ အချိန် ၊ ကျွန်တော် ဘာ အသိ ရ သလဲ ဆိုတော့ အကူအညီ ပေးချင်တဲ့ လူ က ကျွန်တော့် ပါးစပ် က အနံ့ ပါ နေရင် ပေး မှာ မဟုတ်ဘူး ။ ကျွန်တော် စဉ်းစားတယ် ။ ကိုယ့် အသိ နဲ့ ကိုယ် တောက်လျှောက် ဖြတ် ပစ် လိုက်တာ ”
ဦးထင်ပေါ် က သူ့ အသိစိတ် နဲ့ သူ အသောက်အစား ၊ လောင်းကစား ကင်းအောင် နေ ပြီး အလုပ် ကို ကြိုးစား လုပ်တာ မို့ ယခုအခါ ပြည့်ပြည့်စုံစုံ နေ နိုင်တာ တွေ့ ရပါတယ် ။
◾ကျော်ရင်မြင့်
📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment