Sunday, October 22, 2023

မေတ္တာ တစ်စက်


 ❝ မေတ္တာ တစ်စက် ❞


၁ ။


အခန်းထဲကို ဝင်လာတဲ့ မိန်းကလေး မျက်နှာ က အတော် ကို ပျက်ယွင်း နေပြီ ။ ကျွန်မ အိပ်ရာပေါ် လှဲနေရာ က ထ,လိုက်တယ် ။


မိန်းကလေး က ခုတင် ထောင့်စွန်းလေးမှာ ဝင်ထိုင်ရင်း သူမ လက်ထဲမှာ သူများ မမြင်အောင် ကွယ်ဝှက် ကိုင်လာတဲ့ အရာလေးကို ကျွန်မ ရှေ့ တိုးတိုးတိတ်တိတ် ကွယ်ပြ လိုက်တယ် ။


“ ဘုရား .. ဘုရား ”


ရင်ဘတ် ကို လက်နဲ့ ဖိရင်း ဘုရား တ လိုက်မိတယ် ။


စမ်းသပ် ကိရိယာလေးမှာ အနီကြောင်းလေး နှစ်ကြောင်း က အထင်းသား ။ စိတ်ထဲမှာ သေချာ နေ သလောက် ရှိပေမဲ့ မသေချာစေချင် ။


မိန်းကလေး က အသက် ၁၉ နှစ် ပဲ ရှိသေးတယ် ။ ကဲ ခုတော့ ဘယ်လို လုပ်ကြမလဲ ။ ပညာ က တစ်ပိုင်းတစ်စ သင်ယူမှု က တစ်ပိုင်းတစ်စ ၊ ဘဝ က အညွန့် တလူလူ ခုမှ စ,မလို့ ရှိသေးတယ် ။


ပညာရေး မှာ ကံခေလို့ ၊ ဆယ်တန်း မအောင်တော့လို့ မိန်းကလေး နဲ့ သင့်တော်တဲ့ ၊ ဝင်ငွေလည်း မဆိုး ၊ အောင်မြင်ရင်တော့ တစ်သက်တာ လုပ်စားလို့ ရတဲ့ ဆံပင် ၊ မိတ်ကပ်ဆိုင် မှာ သင်ယူဖို့ ရောက်လာပြီး ဒီ မိန်းကလေး ကို စနစ်တကျ သင်ပေးထားတာ ။ သူ ကိုယ်တိုင်ကလည်း စိတ်ပါလို့ တော်တော်လေး လုပ်တတ် ကိုင်တတ်နေပြီ ။


နောက်ထပ် မိတ်ကပ် အတွက် နောက် တစ်ပတ်ဆို စ သင်ပေးတော့မှာ ။ အဆောင်သူ ငယ်ငယ်ရွယ်ရွယ် အေးအေးဆေးဆေးနေတတ်ပြီး ဒီ မိန်းကလေးမှာ ချစ်သူရှိတယ် ။ ဆိုင်ကို လာလို့လည်း ကျွန်မ နဲ့ မိတ်ဆက် ပေးခဲ့တယ် ။ ရည်ရည်မွန်မွန် မဆိုးပေမဲ့ သိပ်ကို ငယ်ကြသေးတယ် လို့ ယူဆမိတယ် ။ ကောင်လေး ကလည်း နယ်ဘက်ကတဲ့ ။ ဒီမှာ English Speaking သင်တန်း လာ တက်နေတာ ။ တွဲရုံ တွဲ ၊ ချစ်ရုံ ချစ်ကြတယ်လို့ ကျွန်မ ရဲ့ ဒိတ်အောက် အတွေးအခေါ်ကြားမှာ သူတို့လေးတွေ ရဲ့ မူဝါဒနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ် ။ ဆိုင်မှာ ကောင်မလေး လေးယောက် ရှိတာမှာ အားလုံး နှစ်ဆယ် ဝန်းကျင်တွေ ။ စကား ပြောရာမှာလည်း စည်းမရှိ ၊ ဘောင်မရှိ အတော့်ကို ပွင့်လင်းတဲ့ Open ပုံစံတွေ ၊ တစ်ခါတစ်ခါ အိမ်ထောင်သည် ကျွန်မပင် လက်ဖျားခါ ရလောက်တဲ့ စကားများ ပါလာတဲ့အခါဆို ဆုံးမရတယ် ။ ဒါကလည်း ကျွန်မရှေ့ ရပ်သွား ပေမဲ့ သူတို့ အချင်းချင်း တော့ တွတ်ထိုး ပြောနေကြတာပါ ။


ဖုန်း ထဲ မှာ အားရင် ခေါင်းချင်း ဆိုင် ၊ ဖုန်းကို စည်းနဲ့ ကမ်းနဲ့ အချိန်နဲ့ ပေးသုံး ထားပေမဲ့ လစ်ရင် လစ်သလို သုံးစွဲ နေကြတာ ပါပဲ ။ နယ်က လူတွေ မို့ အ,တယ် မထင်လိုက်ပါနဲ့ ။ ဝန်ထမ်း လာ လျှောက်တဲ့ ထဲမှာ ဖုန်းသုံးစွဲခွင့် ပြုမှ လာ လုပ်နိုင်မယ် ဆိုတာ ပါသေးတယ် ။ အဓိက ရည်ရွယ်ချက်က သူတို့ မှာ ပျောက်နေတယ် ။ ကျန်တဲ့ သုံးယောက် လည်း ရည်းစား ကိုယ်စီ တွေနဲ့ပါ ။


ဒီ ကောင်မလေး က အငယ်ဆုံးလေး ။ ခုတော့ အစွာဆုံး ဖြစ်ပြီး မျက်ရည် တသွင်သွင် ရှိုက်ကြီးတငင် ငိုလို့ ။ ဒီတော့လည်း ဘာမှ မတတ်နိုင် ၊ ဖြေရှင်းရ တော့မှာပေါ့ ။ သူမ နာမည် က စံမဒီ တဲ့ ။ နာမည် က အပျံစား ။ အရွယ်လေး က အပျို ဖြစ်စ လှပလို့ ကောင်းနေတဲ့ တက်တဲ့ အရွယ် ။ ကိုယ့် ရှေ့မှာ ထမင်းမစားချင် ခဏခဏ အန် ကတည်းက သတိထား မိနေတာ ။ ဒီနေ့တော့ မနေနိုင်စွာ နေ ကောင်းရဲ့လားလို့ မေးမိရာ က မျက်ရည်စက်လက် နဲ့ ရင်ဖွင့် တော့တယ် ။


ရာသီ ပန်း မပွင့် တာ အစ က တော့ သူ့ ကောင်လေးက ဆေး တိုက်တယ် ။ သူလည်း သောက်ဖြစ်တယ် ။ နောက် အခါမှာ ရန်ဖြစ်ပြီး ချော့ရင်း ဆေးက ရယ်ဒီ မပါလာတော့ မသောက်ဖြစ် လိုက်တာ ။ မေ့ရာကနေ ခုတော့ ကိုယ်ကျိုး နည်းပါပြီပေါ့  ။


“ ကဲ ... စံစံ မငိုနဲ့တော့ အေ ၊ ငို နေလို့လည်း မထူးတော့ဘူး ၊ ညည်း ကောင်လေး ဘယ်သူ ... ”


“ ကိုရဲနောင် ”


“ အေး သူ့ ဆီ ကို ဖုန်းဆက် ။ ဒီကိစ္စ ကို သေချာ ပြောပြ ”


“ ဟုတ် ”


“ စိတ်အေးအေး ထား ပြော ၊ သူ တာဝန် ယူရတော့မယ် ”


“ ဟုတ် ”


“ ဆိုင်က မာလာ တို့ မေးရင် မျက်နှာမပျက်စေနဲ့ ။ အဲဒီ ညည်းဘဲ နဲ့ ရန်ဖြစ် ထားလို့ ငို ထားတာလို့သာပြော ။ စပ်စု မတွေ ၊ တော်‌နေ တစ်ယောက် တစ်ပေါက် နဲ့ မကောင်းဘူး ”


“ ဟုတ် ”


“ ဒီ ပစ္စည်းကို သေသေ ချာချာ သတင်းစာ နဲ့ ပတ်ပြီး ဟိုး အမှိုက်ပုံး အောက်ဆုံး ကို သေချာပစ် ၊ ကြားလား စံစံ ”


“ ဟုတ် အန်တီ ၊ ကိုရဲ ဆီ ဖုန်း ဆက်လိုက်မယ် ”


“ အေးအေး ဆက်လိုက် ပြီးရင် အန်တီ ပြန်ပြော ”


နောက်ဖေး တံခါး က နေ ထွက်သွားတဲ့ စံစံ ကို ကြည့်ရင်း သက်ပြင်း ချမိတယ် ။ ကိုယ်တိုင် လည်း သမီး နှစ်ယောက် မွေးထားတာ မို့ စိတ်ပူမိတယ် ။ ခုခေတ် က တကယ့်ကို မကောင်းတဲ့ ခေတ် ။ အရာရာ လွယ်ကူတဲ့ ခေတ်ထဲ ကျရောက်နေတော့ စက်ဘီး ဒေါက်ထောက် ရတာတောင် ခက်နေဦးမယ် ။ သမီး နှစ်ယောက် က တစ်ယောက် က ရှစ်တန်း တစ်ယောက် က ငါးတန်း မကြာခင် ဒီ အရွယ်တွေ ကို ဖြတ်သန်း လာရဦးမယ် ။ မိခင် သောက ဆိုတာ ဒါပဲ ။ စံစံ တို့ရဲ့ မိဘတွေ က ဘာမှ ဘာမှ သိနားမလည်တဲ့ မိဘတွေ ။ သမီးလေး တစ်ယောက် ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည် နိုင်အောင် ပို့ထားကြတာ ။ မိဘတွေကို မသနားကြဘူး ။


ဟို အုပ်စုက နည်းနည်း ကြီးတော့ စံစံ ထက်စာရင် လည်တယ် ။ သူတို့ ထဲ က သိပ် အပွန်းအပဲ့ ခံကြတာ မဟုတ်ဘူး ။ ကြီးပြင်းတဲ့ ပတ်ဝန်းကျင် လည်း ကွာ တာပေါ့လေ ။


စံစံ က ဖုန်းလေး ကိုင်ရင်း အခန်း ထဲ ဝင်လာတယ် ။


“ စံစံ ဘာတဲ့လဲ ၊ ကောင်လေး က ”


“ ဟုတ် သူလည်း အံ့ဩ သွားတယ် ။ သူ့ အမေ တို့ ဆီ ပြန်ပြီး ဒီကိစ္စ ပြောထား လိုက်မယ် ၊ လက်ထပ် ကြမယ်လို့ ပြောတယ် အန်တီ ”


“ အေး ... တော်သေးတာပေါ့  ။ သူ့ မိဘတွေ က ဘယ်မှာလဲ ၊ ဘာ စီးပွားရေး လုပ် ကြတာလဲ ”


“ မုံရွာ နယ်ဘက် က အန်တီ ၊ အထည် လုပ်ကြတာ ”


“ ဪ ... ဒါဆို မဆိုးပါဘူး ။ စံစံ ကံကောင်းမှာပါ ။ သူ က ဘယ်တော့ပြန်မှာလဲ ”


“ ဒီရက် အတွင်း ပြန် လိုက်မယ်တဲ့ ၊ အကျိုးအကြောင်း ဖုန်း ဆက်မယ်တဲ့ ”


“ အေး ... အဆင်ပြေမှာပါ ဒါဆို ၊ အန်တီ ကတော့ မင်္ဂလာဆောင် ရင် လာနိုင်မှာ မဟုတ်ဘူး ၊ လက်ဖွဲ့ တော့ ပေးရမှာပေါ့ ”


“ ရပါတယ် အန်တီ ”


“ ညည်း သင်တန်း ဆက် တက်စေချင်တယ် ”


“ ဆက်တက်မှာပါ အန်တီ ၊ ဒီ လုပ်ငန်း က စံစံ့ ဘဝ တိုးတက်ဖို့ပဲလေ ”


“ အေး ... အေး ယောက္ခမ က သူဌေး ဆိုတော့ နောက် ဆိုင်တွေ ဘာတွေ ဖွင့်ပေးတော့လည်း ကောင်းတာပေါ့ အေ ”


“ မမျှော်လင့်ပါဘူး အန်တီရယ် ၊ တစ်ခါမှလည်း မမြင်ဘူးတော့ တွေ့ရမှာ ကြောက်လိုက်တာ ”


“ ခု ချိန်ကျမှတော့ ကြောက်နေလို့ မရတော့ဘူး ၊ အနှေး နဲ့ အမြန် ပြေး တွေ့ရတော့မှာ ”


“ဟုတ် အန်တီရယ် ၊ အန်တီ စံစံ ကို ပစ်မထားပါနဲ့နော် ”


“ အေးပါ စံစံ ရယ်  ၊ ကဲ … မျက်နှာကြီး ကို ပေါင်ဒါလေး ဘာလေး ရိုက်လိုက်ဦး ၊ အန်တီ ပြန်တော့မယ် ။ သော့တွေ သေချာပိတ် ”


“ ဟုတ်ကဲ့ ”


အပြင်မှာ ဆံပင် ညှပ်နေတဲ့ မာလာ တို့ အုပ်စု ကို လည်း မှာပြီး အိမ်ပြန်လာခဲ့တယ် ။


°°°°°   °°°°°   °°°°°


အိမ် ရောက်တော့ သမီး နှစ်ယောက် ကို ထမင်း ကျွေး ၊ အိမ်က ခင်ပွန်း မောင်တော် ရောက်တော့ ထမင်း အတူ စား ၊ ဖုန်းကြည့် ၊ TV ခဏကြည့် ၊ စာအုပ် ခဏ ဖတ်ရင်း အိပ်ငိုက် လာတယ် ။ အိပ်သာ ငိုက်နေတာ တကယ်တမ်း အိပ်တော့ အိပ်လို့ မပျော် ။ စံစံ့ အကြောင်း ခေါင်းထဲ ပေါ်လာတယ် ။ စိတ် ထဲ မှာ အဆင်မှ ပြေပါ့မလား ဆိုတာကြီး တွေးမိနေတယ် ။ တကယ်လို့ အဆင် မပြေခဲ့ရင်ရော ဆိုတာကြီးက ဆက်တိုက် တွေးမိလာပြန်တယ် ။ စိတ် ထဲ မှာ တစ်ခုခု ဆိုတာကြီး ကို ခံစား မိနေတယ် ။


မောင့် ကို စံစံ့ အကြောင်း ပြောပြမိတယ် ။ မောင် က တော့ မထူးဆန်းတဲ့ ကြားနေကျ ဇာတ်လမ်း တစ်ပုဒ်ကို နားထောင်ရသလို ၊ ဘာခံစားမှု မှ မရှိသလို အင်း ၊ အင်း နဲ့ ခေါင်းညိတ်တယ် ။


“ မောင် စံစံ့ အကြောင်း က စိတ်ဝင်စားစရာ မကောင်းဘူးလား ”


“ ဟာ မောင် နားထောင် နေတယ်လေ ”


“ တအင်းအင်း နဲ့ ”


“ ဪ သဲရယ် ၊ ခုလို ဇာတ်လမ်းတွေက ပေါများ နေလွန်းလို့ မထူးဆန်း တော့တာတော့ အမှန်ပဲ ။ မောင် တို့ ၊ သဲ တို့ ခေတ်တုန်း က လို မဟုတ်ဘူး ။ သဲ ဆို ရည်းစား ဖြစ် တာတောင် မောင့် စက်ဘီး နောက် က ရိုးရိုးတောင် မလိုက်ရဲခဲ့ဘူး ။ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ သာ ဝေးသေး ။ ခုခေတ် လူငယ်တွေ က ဘီယာဆိုင် အတူ ထိုင်ကြ သလို ၊ ဆိုင်ကယ် နောက် က လူမြင် မကောင်းအောင် ဖက်ကြ ။ ဘယ်ဟာက လင်မယား ၊ ဘယ်ဟာက ချစ်သူ ရည်းစား စုံတွဲ မှန်း မသိ ၊ မခွဲခြား နိုင်တော့တဲ့ ခေတ်လေ ။ ခု သဲ ပြောတဲ့ စံစံ့ အကြောင်း က ဒိတ်တောင် အောက်နေပြီ ”


“ခု ကိုယ်တို့ ဇာတ်လမ်း ကိုသာ ခုခေတ် လူတွေ ကြားရင် အဆန်းတကာ့ အဆန်း ဖြစ်နေမှာ ။ သူ့ ပါး နမ်းရဖို့ မပြော နဲ့ လက် ကိုင်ဖို့ အခွင့်အရေး တောင် ဘယ်လောက် ကြာအောင် စောင့်ခဲ့ရလဲ ။ ဒီက မောင် မို့လို့နော် ။ ဒီကြားထဲ ယောက္ခမ က လည်း ဆိုး လိုက်တာ ”


“ ကြည့်စမ်း ၊ သူများ အမေ ကို ”


“ ဟုတ်တယ်လေ ၊ စံစံ တို့လို ဖြစ်ဖို့ နေနေသာသာ ၊ သူ့ သမီး ကို စေ့စပ် လက်ထပ် ပြီးတာတောင် အိမ်ပြန် လွှတ်တယ် ။ အဲဒါ မဆိုးဘူးလား ”


“ အမေ နဲ့က တစ်သက်လုံး အိပ် လာတော့ အမေ က အဲဒီနေ့ က မခွဲနိုင်လို့ပါ ”


မောင်ပြောမှ သတိရမိတယ် ။ မောင် နဲ့ လက်ထပ်ပြီး တာတောင် အမေ က တစ်ရက် နောက်ဆုံး သူ နဲ့ လာ အိပ်ခိုင်းတာ ။


“ ဟွန်း …. သူ့ မျက်နှာ မြင်ရဖို့ အိမ်ရှေ့က အခေါက် သုံးဆယ် လောက် တာယာ အပါးခံပြီး ကလင်သံ ပေးလည်း ထွက်မလာ ။ စံစံ တို့ ကတော့ လက်ချိတ် ပြီးတော့ ကို ဆိုင် ထဲ ဝင် လာတာ ဟုတ်လား "


“ ဟုတ်ပ မောင်ရေ ၊ ကျန်တဲ့ ကောင်မလေးတွေ ထဲ က နိုးနိုး ဆိုတဲ့ တစ်ယောက် က ဆို သူ့ ဘဲ ကို ခေါ်တာ ယောက်ျား တဲ့ ၊ ဟိုက လည်း ချစ်မိန်းမ တဲ့ ”


“ ဟိုက်ရှားပါး ”


“ ရင် လေးပါတယ် မောင်ရယ် ၊ သူတို့တွေ အားလုံးက ပွင့်လင်း လွန်းတယ် ။ ဘယ်သူ့မှ ယောက်ျား မယူရသေးဘဲ လူ ရှေ့လည်း ယောက်ျား လို့ ခေါ်ဖို့ မရှက်ဘူး ၊ ဝန်မလေးဘူး ”


“ သဲ နဲ့ တော့ အတော် ကွာတာပဲ ။ မောင် လို့ခေါ်ဖို့ တစ်နှစ် လောက် သင်ရတယ် ။ မောင် တို့လည်း သမီး မိန်းကလေးတွေ မွေး ထားတော့ စိတ်ပူတယ် ။ အနေအထိုင် ၊ အသွားအလာတွေ ဂရုစိုက်ပါ ။ ခေတ်ကြီး ရော ၊ လူတွေ ရော မကောင်းကြဘူး ။ မောင် တို့ တုန်း က ဆံမြိတ်လည်း မပြေဘူး ၊ ပန်းလည်း မကြွေဘူး ။ သီတင်းကျွတ် လို့ လက်ထပ်မယ် ဆိုရင် တကယ် လက်ထပ်ခဲ့ကြတာ ”


“ ဟုတ်တယ် မောင် ၊ တန်ဖိုးပေါ့ ။ နောက် စာအုပ် ၊ စာပေ နဲ့ ကြီးပြင်း ခဲ့ရတာလည်း ပါတယ် မောင် ရဲ့ ။ မေမေ က စာအုပ် ထဲ ကနေ ကို အမြဲ သင်ယူ ခိုင်းခဲ့တာ ။ ပတ်ဝန်းကျင် ကောင်း ဖြစ်ဖို့ လည်း လိုသေးတယ် ။ ဒါကြောင့် ကိုယ့် သမီးတွေ ကို စာပေ ရဲ့တန်ဖိုး သိဖို့ ငယ်စဉ် ကတည်း က လေ့ကျင့် ပေးနေတာ ”


ထို ည က မအိပ်ခင် မောင် နဲ့ စကားပြော ကောင်းတဲ့ ည ဖြစ်ခဲ့ပါတယ် ။


°°°°°   °°°°°   °°°°°


၂  ။


စံစံ ရဲ့ မင်္ဂလာဆောင် ဖိတ်စာလေး ကို မြင်ရတော့ စိတ်ထဲ ဝမ်းသာမိတယ် ။ တော်သေးတယ် ၊ ဘာ အထစ်အငေါ့ မှမရှိ အဆင်ပြေ သွားလို့ ။ မာလာ တို့ အုပ်စုက ကောက်ကာငင်ကာ မင်္ဂလာဆောင် သွားတဲ့ စံစံ ကို အံ့သြ နေကြတယ် ။ မုံရွာ ဘက်မှာ ဆိုတော့ ဘယ်သူမှ လိုက် မသွားဖြစ်ကြ ။ စံစံ လာရင် လက်ဖွဲ့ ပေးဖို့ အဆင်သင့် ထုပ်ပိုး နေကြတယ် ။ စံစံ ပြီးသွားတော့ သူတို့ ကို လည်း ဆိုဆုံးမရသေးတယ် ။ သူတို့ကတော့ မယူ သေးပါဘူး ။ ပညာ သင်ဦးမယ် ။ လူတမ်းစေ့ နေနိုင်အောင်လို့ ပြောကြတာပဲ ။


နိုးနိုး အဖြေ ကတော့ ခပ်ရှင်းရှင်းကြီး မို့ ဝိုင်းရယ်ကြပြီး မျက်လုံး တောင် ပြူး သွားတယ် ။


“ အန်တီ ရယ် ၊ ခုလည်း ယောက်ျား ယူတာ နဲ့ ဘာ ထူးလို့လဲ ။ မယူသေး ပေါင် ။ ယူပြီးရင်မှ သူတို့ အလုပ်ပို အဝတ်လျှော် ၊ မီးပူတိုက် ၊ ဟင်းချက်ကျွေးတွေ လုပ်နေရဦးမယ် ။ ခုဆို အချိန်တန် ခေါက်ဆွဲကြော် ဆို ခေါက်ဆွဲ ၊ ကြက်ဆီထမင်း ဆိုလည်း လာပို့ ၊ အကုန် လုပ်ပေးတာ ။ ယူလိုက်ရင် ခုလို ဇိမ်ကျမှာ မဟုတ်ဘူး ။ တွေ့ တော့ လည်း တစ်လ တစ်ခါပဲ ။ ဒီထက် ပိုပြီး တောင်းဆို လာရင် ဂျောင်း ၊ ဗိုက်ကြီးလို့ ယူရတဲ့ အဖြစ်မျိုး မဖြစ်အောင် ကာကွယ်ထားတယ် ။ အင်တာနက် က စာတွေ ဖတ်တယ် ။ ဟီး ... စိတ် မပူပါ နဲ့ အန်တီ ”


“ အေးပါ ... ကိုယ့် ဆိုင် က ကလေးတွေ ဆို တော့ ပြောရတာပေါ့အေ ၊ ညည်းတို့လေးတွေ လည်မှန်း သိပါတယ် ”


“ ဒီ ခေတ်ကြီး မှာ မလည်ရင် ကိုယ် ခံသွားရမယ် အန်တီ ရဲ့ ။ နိုးနိုး တို့က စည်းကမ်း ရှိပါတယ် ။ ကိုယ့် ဘဲ နဲ့ပဲ ၊ စပွန်ဆာ မတွဲဘူး ၊ စိတ် မဝင်စားဘူး ”


“ ဟုတ်တယ် အန်တီရဲ့ ၊ ဆွေ့ သူငယ်ချင်း တစ်ယောက် ဘဲ ရှိလျက်နဲ့ စပွန်ဆာ အဘိုးကြီး ဆွဲလိုက်တာ ပါးရှစ်စိတ် ကွဲပါရောလား ”


“ ဟမ် ... ပါး ရှစ်စိတ် ... ”


“ လူကြား ထဲ ဆိုင် ထဲ တင် ပါးကို မိန်းမ က ရိုက်သလို ဟော့သလို ရိုက်တာ ၊ ဘယ်ပြန် ညာပြန် ချတာ ပုံလျက်သား ကို လဲကျ သွားတာ ။ အဘိုးကြီး က ထွက်ပြေးရော ။ ပုဆိုးတောင် ကျွတ်မတတ် ဟားဟား ”


“ ကြောက်စရာပါလား ”


“ အမှန်တော့ သူ့ ကောင်လေး က ပထဝီ သိပ် မကောင်းဘူး လေ ။ ဒါကြောင့် ပထဝီ ကောင်းတဲ့ ဘိုးတော် ကို ကြွေပြတာ ”


“ အမ် ... ဘာလဲ ပထဝီ ဆိုတာ ”


“ အန်တီ ကလည်း ရေ လေ ကောင်းတာ ၊ ငဝိုင်း ကောင်းတာကို ပြောတာ ”


နိုးနိုး က လက်လေး အဝိုင်းလေး လုပ်ပြ မှ ပိုက်ဆံ ရှိတာကို ပြောမှန်း သိရတယ် ။ ဖေ့စ်ဘွတ်ခ် ထဲ မှာ ပါ ပါနေလို့ ခေး ၊ မွီး တို့လောက် သိပေမဲ့ ပထဝီ ဆိုတာတော့ ခုမှကို စ, ကြားဖူးတာ ။ တကယ့် ဟာတွေပဲ ။


“ အဲ့ မိန်းမ က ပထဝီ မက်တယ်လေ ၊ သိတယ် မဟုတ်လား "


ဒါဆို ငွေ မက်တယ်ပြောတာ ။


ကျွန်မ ပြုံးစိစိတောင် ဖြစ်ချင်သွားတယ် ။ မြန်မာစကားတွေ မပျက်စီးမှ နေရော ၊ ဘာတွေမှန်း ကို မသိတော့ဘူး ။ ကိုယ့် နာမည်ထဲ ကျော် မပါဘဲနဲ့ လည်း တကျော်ကျော် လုပ်နေတဲ့ သူငယ်ချင်း တစ်ယောက် လည်း အသက်ကြီး မှ အမြင် ကတ်စရာ ။


" အန်တီ စံစံ လက်ထပ်တာ ဒီလောက် မြန်တာ ရိုးရော ရိုးရဲ့လား မသိဘူးနော် ”


“ မသိပါဘူးအေ ၊ သူ့ ကောင်လေး က လိုချင်ပြီ နေမှာပေါ့ ”


“ ရဲနောင် ကတော့ မဆိုးပါဘူး ။ သူ့ မိဘတွေက မဆိုးဘူး ပိုက်ဆံ ရှိတယ် ”


“ နားမလည်လို့ မေဦး မယ် ၊ ရဲနောင် နာမည်ရင်း က အဂ္ဂနောင် လား ”


“ အေး ... ငါလည်း အဲဒါ ပြောမလို့ ၊ နာမည် က မိုက်တယ် လို့ ။ စံစံ ကလည်း ရဲနောင် ၊ ကိုရဲ လို့ပဲ ခေါ်တော့ မသိဘူး ”


“ အန်တီတောင် နာမည်ကို သေချာ မကြည့်မိဘူး ”


“ သူတို့ လက်ထပ် တာ မြန်လိုက်တာနော် ”


“ ကဲကဲ ... ဧည့်သည် ဝင်လာပြီ လူခွဲကြတော့ ”


“ ဟုတ်ကဲ့ ”


ဧည့်သည် ဆံပင်ညှပ်သူ ၊ ခေါင်းလျှော်သူတွေ စုပြုံ ကျလာတော့မှ အသီးသီး အသံ တိတ်ပြီး လုပ်ငန်းထဲ စိတ် ပြန် ရောက်သွားတယ် ။


°°°°°   °°°°°   °°°°°


၃ ။


ဒီနေ့ ဆိုင်ကို စံစံ ပြန်ရောက် လာတယ် ။ မှန်တံခါး အဖွင့် စံစံ ကို တွေ့တော့ အားလုံး ဝိုင်း အော်ဟစ် ဆူညံ သွားတယ် ။ လက်ဖွဲ့တွေ ကိုယ်စီ ပေးရင်း နိုးနိုး တို့ကတောင် စံစံ ကို အားကျကြောင်း ချီးမွမ်းပေးကြတယ် ။ လောလောဆယ် စံစံ တို့ နှစ်ယောက်လုံး မန်းတက္ကသိုလ် မဟာမြိုင် ကြားထဲက အိမ်ခန်း တစ်ခုကို သူ့ မိဘတွေ က နှစ်နှစ်စာ ငှားပေးလိုက်တယ် ။ စံစံ ဖို့ ဆိုင်ကယ်တစ်စီး အသစ် လက်ဖွဲ့ လို က်သေးတယ် ။ ဆံပင် ၊ မိတ်ကပ် သင်တန်း ကိုလည်း ပြီးဆုံးအောင် သင်ဖို့ တာဝန်ယူတယ်တဲ့ ။ မဆိုးဘူး စံစံ က ကျွန်မ ပေးတဲ့ မွေ့ရာခင်း ၊ ခေါင်းအုံးစွပ်တွေ ကို ဖြန့်ကြည့်ရင်း အားလုံး လက်ဆောင် အတွက် ကျေးဇူးတင်ကြောင်း ပြောတယ် ။ နေ့လယ် ကျွန်မ နားနေတဲ့ အခန်းထဲ စံစံကို တိတ်တိတ်လေး ခေါ်တွေ့ခဲ့တယ် ။


“ စံစံ အဆင်ပြေတော့ ဝမ်းသာတယ် ။ အန်တီ စိတ်ပူနေတာ ။ သူတို့ ဘက် က ဗိုက် ကိစ္စ ဘာ ပြောသေးလဲ ”


“ ဘာမှ မပြောပါဘူး ၊ သူ့ သား ကလည်း ပြောထား ပြီးပြီဆိုတော့ တစ်ခုပဲ ပြောတယ် ”


“ ဟင် ဘာပြောလဲ ”


“ သူ့ အမေ က စံစံ့ ကို အညှာ လွယ်တာကိုး တဲ့ ”


“ အိုအေ ... ဒါက စံစံ တစ်ယောက်တည်း အပြစ်မှ မဟုတ်တာ ။ သူ့ သား အပြစ်လည်း ပါတာပဲ ”


“ စံစံ အပြစ်ပါ အန်တီရယ် ဟင့် ... ဟင့်.. ဟီး .. ဟီး ”


“ အို ... စံစံ ဘာလို့ ငိုတာလဲ ၊ ဝမ်းမနည်းပါနဲ့ ။ သားရှင် ဆိုတော့ နိုင်သလို ပြောတာ မငိုနဲ့နော် ၊ ကလေး နဲ့ ဆိုတော့ ။ အဓိက ခုအဆင်ပြေတယ် မဟုတ်လား ၊ စံစံ နဲ့ ရဲနောင် ပြေလည်ရင် ပြီးတာပဲ ။ သူတို့ နဲ့ အတူ နေမှာမှ မဟုတ်တာ ”


“ မပြေဘူး အန်တီ ရဲ့”


“ ဟင် စံစံ ဘာတွေ မပြေတာလဲ ဟင် ”


“ ဟီး ... ဟီး ”


တဟီးဟီး နဲ့ ရှိုက်ကြီးတငင် ငိုနေတာမို့ အခန်းတံခါး ကို ဂျက် ( ချက် ) ချရင်း -


“ ကဲ စံစံ သမီး ဘာ ဖြစ်လာတာလဲ ။ အန်တီ ကို အကုန် ဖွင့်ပြောပြပါ ၊ ဒါမှ ကူညီလို့ ရမယ်လေ ”


“ စံစံ ကလည်း အန်တီ တစ်ယောက် တည်း ပဲ ပြောစရာ ရှိတာပါ ။ ဟို ရောက်တော့ သူ့ အမေ က ပြောတယ် ။ သူ့ သား က ငယ်သေးတယ် ။ စင်ကာပူ မှာ အလုပ် လုပ်ဖို့ မန္တလေး မှာ အင်္ဂလိပ်စာ စကားပြော တက်ခိုင်းထားတာ ။ ဒီနှစ်ကုန် ထွက်ဖို့လည်း အားလုံး လုပ်ထား ပြီးပြီ ။ နောက်ပြီး မုံရွာ မှာ လူကြီးချင်း သဘောတူပြီး မန္တလေး မသွားခင် ကတည်း က သမီးရည်းစား ဖြစ်နေတဲ့ သူ ရှိကြောင်း ပြောတယ် ။ အဲဒါတွေ အကုန်လုံးက အမှန်တွေပါ ။ ရင်တွေ နာ လို က်တာ အန်တီရယ်  ။ ဒါပေမဲ့ စံစံ ကို သူ လက်ထပ်မယ်လို့ ပြောတယ် ။ သူ့ မိဘ လက်မခံဘူး ”


“ ဟင် ဟုတ်လား ၊ သားသမီးချင်း ကိုယ်ချင်း မစာ "


ကျွန်မ ရဲ့ သိလိုစိတ်တွေက ပြင်းပြလာလေ ၊ စံစံ မျက်ရည်ပေါက်တွေက တလိမ့်လိမ့် ကျလေပါ ။


“ ဘယ်လိုမှ ပြော မရဘူး အန်တီ ။ စံစံ အရှက် မကွဲအောင် မင်္ဂလာဆောင် ပေးမယ် ။ ဒါပေမဲ့ သူတို့ သား နဲ့တော့ မဟုတ်ဘူး ”


“ အို ... ”


“ ဟုတ်တယ် ၊ အစစ အရာရာ စီစဉ်ပေးပါတယ် ။ သတို့သား က သူတို့ သား မဟုတ်တာက လွဲလို့ပေါ့ ”


“ ဒါဆို ရဲနောင် က ... ”


“ ရဲနောင် က အမေ ပြီးမှ ပြီး ရတဲ့ သား ပါ ။ သတ္တိ မရှိဘူး ၊ ကိုယ့် ဗိုက် ကို သူများ လက်ထဲ ထိုးပေးခဲ့တယ် ”


“ ဘယ်လို ... လူတွေမှ ဟုတ်ရဲ့လား ”


“ ဖိတ်စာထဲက အဂ္ဂနောင် ဆိုတာ သူတို့ အိမ် မှာ နေရတဲ့ ခိုင်းဖတ် ၊ သူ့ အဖေ မိတ်ဆွေ ရဲ့ သား ။ ဆွေမျိုး လည်း နည်းနည်း တော်တယ် ပြောတယ် ။ မိဘတွေ မရှိလို့ ခေါ် စောင့်ရှောက် ထားတာ ။ ဉာဏ်ရည် သိပ် မမီတဲ့ သူ တစ်ယောက်ပါ ။ စံစံ့ ဗိုက် အတွက် အရှက်ကာဖို့ အဂ္ဂနောင် နဲ့ မင်္ဂလာ ဆောင် ခဲ့ရတယ် ”


“ ဘုရား … ဘု ရား ၊ ဟင် ... အဲဒီ ရဲနောင် က ဘာလုပ်နေလဲ ။ ဒီအတိုင်း လက်ခံတယ်လား ”


“ အန်တီ အဲဒီ ရောက်တဲ့ အချိန်မှာ စံစံ လူတွေ အကြောင်းကို ပို သိခဲ့ရတယ် ။ ရဲနောင် က မန္တလေး ဘယ်တော့ မှ လာရတော့မှာ မဟုတ်ဘူး ။ သူ့ မိဘ က ဗိုက် ထဲ က ကလေးကိစ္စ ဘာမှ မပတ်သက်ဘူး ။ ဒီလို ကလေးမျိုး ရဲနောင် ထပ် မွေးနိုင်တယ် ။ ဒါကြောင့် ကလေး ဗန်းမပြနဲ့ တဲ့ ။ ငွေသိန်း ၂၀ ပေးတယ် ။ စံစံ ယူတယ် ။ မင်္ဂလာဆောင် တော့လည်း ရဲနောင် မရှိပါဘူး ။ တစ်နေရာ ကို ပို့လိုက်တယ် ထင်တယ် ။ ဘာစကား တစ်ခွန်း မှ တောင် ပြော မသွားပါဘူး ။ ဒီနှစ် ကုန်လည်း ထွက်မှာဆိုတော့ ပြန် မတွေ့နိုင်ပါဘူး ”


“ ရက်စက်လိုက်တာ ။ ဒါလေး လုပ်ပေးတာနဲ့ ပြီးရောလား ။ စံစံ အဂ္ဂနောင် ကို လက်ထပ်ခြင်း အပေါ် ဘယ်လို ခံစားချက်နဲ့လဲ အန်တီ သိချင်တယ် ”


“ စံစံ မှာ ရွေးစရာ လမ်းမှ မရှိတာ အန်တီ ။ မိဘတွေ အရှက် မကွဲဖို့ ဟန်လုပ်ပြီး သူတို့ သွေးသား ၊ ဗိုက် ထဲ က ကလေး အတွက် လက်ထပ်တာပါ ။ အဂ္ဂ အပေါ်မှာ အချုပ်အနှောင် သဘောမျိုး မကျရောက်စေချင်ဘူး ။ သူက ဉာဏ်ရည် အနည်းငယ် မမီပေမဲ့ လူသားဆန်တဲ့ စိတ် ရှိတယ် ။ စံစံ့အပေါ်မှာ အခုချိန်ထိ ရိုးရိုးသားသား စောင့်ရှောက် နေတယ် ။ ကိုယ်ဝန် အကြောင်း ဖွင့်ပြောတော့ အားလုံးကို လက်ခံတယ် ။ အဂ္ဂ ကိုလည်း သူတို့တွေ ပြောပြီးသား ဖြစ်မှာပါ ။ အဂ္ဂ က စံစံ့ ကို အရမ်း သနားတာပဲလို့ ပြောတယ် အန်တီ ”


“ အေးပါကွယ် ၊ ဘာပဲ ဖြစ်ဖြစ် စံစံ ပြောပြတာ နားထောင်တာနဲ့ ကို သူ ဟာ စိတ်ကောင်း ရှိသူ ဆိုတာ သိသာပါတယ် ။ စံစံ စေတနာ အကျိုးပေးမှာပါ ။ အချစ် ဆိုတာ တစ်ခါတလေတော့ လည်း ခပ်ကြမ်းကြမ်း ကျီစား တတ်တယ် ။ ခါးသီးတာ ကို နာတာနဲ့ ဖြေပါ ။ စံစံ ကလေးအတွက် အန်တီ တို့ ရှိတယ် ။ ဘာမှ စိတ်မပူနဲ့ "


“ ဟုတ်ကဲ့ စံစံ အားရှိပါတယ် ။ မွေးလာမယ့် ကလေးကို အဂ္ဂ နဲ့ အတူ စောင့်ရှောက်မှာပါ ။ အဂ္ဂ ကလေးပဲ ဖြစ်စေရမယ် ။ ရဲနောင့် သွေးသားတွေ မပါစေရဘူး အန်တီ "


" အေးပါ စံစံ ၊ ဘဝ အတွေ့အကြုံ တွေက သင်ခန်းစာ ပေးပါတယ် ။ သမီး ကောင်းချင်လို့ ဖြစ်လာတယ်ပဲ မှတ်ယူပါ ”


“ ညနေ သူ လာကြိုရင် အားလုံးနဲ့ မိတ်ဆက်ပေးမယ် ။ ကွယ်ဝှက်ထားစရာလည်း မလိုပါဘူး ။ စံစံ့ အကြောင်း ကို အားလုံး သိစေချင် တယ် ။ သူတို့လည်း သင်ခန်းစာ ရတာပေါ့ အန်တီ ”


“ အင်း ... ဟုတ်တာပေါ့ ”


ဘဝ အတွေ့အကြုံ တွေက စံစံ ရဲ့ အတွေးအခေါ် နဲ့ စိတ်တွေ ကို ပါ ပြောင်းလဲ လာစေတယ် ။ အမှန်တရား ဆိုတာ တစ်ခါတလေတော့ ခါးသီးလွန်းလှတယ် ။


°°°°°   °°°°°   °°°°°


၄ ။


ညနေ မှာ ဆိုင်ကယ် အသစ်လေးနဲ့ လာကြိုတဲ့ အဂ္ဂနောင် ဆိုသူနဲ့ စံစံ က မိတ်ဆက် ပေးတယ် ။ အသား ညိုညို ၊ အရည် ရှည်ရှည် ၊ အပြုံးလေး တစ်ခုကို ပိုင်ဆိုင်ထားပြီး စကား ပြောရင် ခေါင်းလေးစောင်းစောင်း ပြောတတ်တယ် ။ ယဉ်ကျေးတဲ့ လူငယ် ပုံစံ ဖြစ်ပြီး စံစံ ကို ရဲနောင် ထက်တောင် ဂရုစိုက်မှန်း သိသာလှတယ် ။


အားလုံးလည်း သိထားပြီးသားမို့ အဂ္ဂ အပေါ် ဖော်ရွေကြတယ် ။ အဂ္ဂ က စံစံ ကို ဂရုစိုက် စောင့်ရှောက်ပေးဖို့ မှာတယ် ။ ဉာဏ်ရည် မမီခြင်း ထက် ဆင်ခြင်တုံတရား ၊ စာနာမှု ၊ နားလည်မှု တွေနဲ့ ပြည့်နှက်နေတဲ့ အဂ္ဂ ကို အားလုံးက လေးစား နေမိတယ် ။


နှစ်ယောက်သား ဆိုင်ကယ် နဲ့ ထွက်သွားချိန် မှာ ကျွန်မ ရင်ထဲ ကျေနပ်ခြင်း မေတ္တာ တစ်စက် စီးဝင်သွားတယ် ။ အဂ္ဂ လွှမ်းခြုံပေးမယ့် မေတ္တာ တစ်စက် စံစံ ရရှိ ခံစားနိုင်ပါစေ ။


စံစံ ရဲ့ မထူးဆန်းပါဘူး ဆိုတဲ့ ဒီ ဇာတ်ကြောင်းလေး ကို ည ရောက်ရင် မောင့် ကို ပြောပြရဦးမယ် ။ မောင် ဘာတွေများ သုံးသပ်ပြီး ဘယ်လိုများ ပြန်ပြောမယ် ဆိုတာ နားထောင် ချင်စမ်းပါဘိ ။


အဂ္ဂ နဲ့ စံစံ ရာသက်ပန် ချောမွေ့စွာ ထာဝရ ပေါင်းဖက်နိုင်ကြပါစေလို့ စိတ်ထဲမှာ လေးလေးနက်နက် ဆုတောင်း ပေးလိုက်မိတယ် ။


◾ ချောအိမာန်  ၊ မန္တလေး  ၊


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      ဖေဖော်ဝါရီ လ ၊ ၂၀၁၃ ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment