❝ တိမ်ပန်းချီ နှင့် ကဗျာဆရာ ❞
( ၁ )
လူတို့ ၏ အနူးညံ့ဆုံးသော စိတ်ဓာတ်ကား ငြိမ်းချမ်းရေး ကို ရှာဖွေမှုပင်တည်း ။
ရှေး လူရိုင်းခေတ် ကလည်း ငြိမ်းချမ်းရေး ကို ရှာဖွေခဲ့၏ ။ ယဉ်ကျေးသော ခေတ်အခါတွင် ပစ္စုပ္ပန်ဘဝ ၏ ငြိမ်းချမ်းရေး ကို သာမက တမလွန် ဘဝ ၏ ငြိမ်းချမ်းရေး ကိုပင် ရှာဖွေခဲ့သည်မဟုတ်ပါလား ။
အချို့က ကောင်းကင်ဘုံကို တွေ့ ရှိကြသည် ။
အချို့က နိဗ္ဗာန်ဘုံကိုတွေ့ရှိကြသည် ။
ကောင်းကင်ဘုံ ကို တက်လှမ်းရန် ကြိုးစားသူများ ရှိ သလို နိဗ္ဗာန်ဘုံ ကို ကူးမြောက်နိုင်ရေး အတွက် ကျင့် ကြံအားထုတ်သူများလည်း ရှိကြပေသည် ။
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ကို လိုချင်ရှာသော လူထု ၏ ဆန္ဒကား ပြင်းပြလှပါတကား ။
သို့သော် လက်ရှိ ပစ္စုပ္ပန်လောက ၏ ငြိမ်းချမ်းရေး ကိုပင် မရရှိနိုင်ကြသေးသော သူများမှာ ဤကမ္ဘာမြေ အပြင်တွင် အနှံ့အပြား ရှိနေကြလေသည် ။ ထို ထဲတွင်
ကျွန်တော် ကိုယ်တိုင်လည်း ပါဝင်လျက် ရှိနေသည် ။ တွေး ၍ ကြည့်သော် ဝမ်းနည်းစရာ ကောင်း၏ ။ စိတ်ဝင်စား ဖွယ်ရာလည်း ကောင်း လှတော့သည် ။
ငြိမ်းချမ်းရေး ကို ရှာဖွေနေပါလျက် မငြိမ်းချမ်းသော အခြေအနေ သို့ တွန်းပို့နေသည်များ ကလည်း ရှိနေသေး သည် မဟုတ်ပါလား ။
( ၂ )
ကိုကိုးကျွန်း အကျဉ်းထောင် ဝယ် ပျင်းရိဖွယ် ကောင်းသောနေ့များက ကျွန်တော့်အား ဖိစီးလျက်ရှိချေသည် ။
ကျွန်တော် သည် အိပ်ဆောင်ဘေး သဲမြေပြင်ပေါ် တွင် နှီးကြောဖျာ တစ်ချပ် ကို ခင်းပြီး အိပ်ဆောင်နံရံ ကို ခေါင်း မှီထားကာ လှဲ နေမိ၏ ။ မျက်စိ အာရုံကား အခြား တစ်ဖက်ရှိ အိပ်ဆောင် ၏ ခေါင်မိုးဆီ သို့ လည်းကောင်း ၊ ခေါင်မိုး ကို ကျော်နေသော အုန်းပင် ၏ အလက်အရွက် များ ၊ အသီးအပွင့်များဆီသို့ လည်းကောင်း ရောက်နေ တော့၏ ။
“ ဟောဒီအုန်းပင်ကလေး တစ်ပင်ဟာ တခြား အပင်တွေ ထက် ထူးထူးခြားခြား လှနေတာကို တွေ့ရတယ် ”
အိပ်ဆောင် နံပါတ် ( ၅ ) ၏ အရှေ့ဘက်ရှိ သံဆူး ကြိုးတန်း အပြင်ဘက် တွင် အုန်းပင်များ စီတန်းပေါက် နေ၏ ။ အုန်းလက်တစ်ခု စီ တစ်ခု စီ ပေါ်တွင် ပြွတ်သိပ်ပြီး တင်နေသော အုန်းသီးခိုင်များ သည် ဤဒေသ ၏ အုန်း ဖြစ်ထွန်းမှု ကို ဖော်ပြနေသကဲ့သို့ ရှိနေလေသည် ။ အုန်း တစ်ပင် လျှင် အလုံး ၅၀ ၊ ၆၀ မှ ၂၀၀ ကျော် ထိ သီးနေ သော အခိုင်ကြီးများ ကို တွေ့ရ၏ ။ ထို အုန်းပင်များ အကြား မှ ထူးခြားသော အုန်း တစ်ပင် ကို စူးစိုက် ကြည့်ရင်း ကျွန်တော် သည် ထို အုန်းပင် ၏ လှပခြင်း ကို ပြော လိုက်မိလေသည် ။ ကျွန်တော် နှင့် ဘေး ချင်း ယှဉ်၍ လဲလျောင်းနေသော မိတ်ဆွေ သည် ပြည်မ ဆီ မှ လွင့်ပါးလာသော မိုးတိမ်များ ကို ကြည့်နေရာမှ ကျွန်တော် ပြောပြလိုက်သော အုန်းပင် ကို ရှာဖွေနေလေ သည် ။
“ ဟောဒီ လက်ဝဲဘက် အစွန်ဆုံး တစ်ပင်ရဲ့ ဒီဘက် က အပင်ပေါ့ ”
ကျွန်တော် က သဲကွဲစေရန် .. ထပ် ပြောလိုက်လေသည် ။
“ အုန်းပင်ချင်းများ အတူတူပဲဗျာ ။ ထူးခြားပြီး လှ တယ်လို့များ ရှိသေးသလား ”
ထိုမိတ်ဆွေ သည် ကျွန်တော် ၏ စကား ကို လက်မခံ နိုင်သည့် အမူအရာဖြင့် ပြောနေ၏ ။
“ ကျွန်တော် တော့ ဒီ အုန်းပင်ကလေး ကို နေ့တိုင်း ပဲ အမှတ်တရ ကြည့်မိတယ် မိုးတွင်း တုန်း က မိုးရွာ ထဲ မှာလဲ ကြည့်ဖူးခဲ့တယ် ၊ လေပြင်း တိုက်နေတဲ့ ကြားထဲမှာ ရပ် တည်နေခဲ့တာ ကိုလည်း ကြည့်ခဲ့ဖူးတယ် ။ အခု မိုးကုန် ပြန်လို့ ဆောင်း ဝင်လာပြန်တော့လည်း ကြည့်ရသေးတာ ပဲ သူရဲ့ အုန်းလက်တွေ ဖြာပြီး ထွက်နေပုံဟာ အမြဲတမ်း ဒီလိုပဲ ရှိနေခဲ့တာပဲ ”
ကျွန်တော်က ဤသို့ ထပ်ပြောသောအခါ မိတ်ဆွေ သည် ထို အုန်းပင် ကို ပြန်၍ ကြည့်လိုက်လေသည် ။
“ ဘာလဲ ... ဟို အုန်းလက်ထိပ်ဖျားတွေ ညွတ်ပြီး နေတာကို ပြောတာလား ”
“ အား ... ဟုတ်တာပေါ့ ဗျ ၊ ကဲ .. ခင်ဗျားတောင် အခုတစ်ခါပြန်ကြည့်တော့ တခြား အုန်းပင်တွေ ထက် ထူးတာ ကို တွေ့ရပြီ မဟုတ်လား
”
ကျွန်တော် ၏ စောစောက ပျင်းရိနေသော စိတ်များ သည် လွင့်စဉ်သွားပေတော့သည် ။ ကျွန်တော် ပထမ စကား စ၍ပြောစဉ်က ကျွန်တော် ၏ ပြောပြချက်ကို လက် မခံချင်သော မိတ်ဆွေ သည် ယခု ကျွန်တော့် ဘက် သို့ လုံးဝ မပါသည့်တိုင်အောင် တိမ်းညွှတ်၍ လာနေပေပြီ ။
“ တခြား အပင်တွေလည်း ... ဒီလိုပါပဲဗျာ သိပ်မထူး လှပါဘူး ”
မိတ်ဆွေ က ဤကဲ့သို့ ပြောလိုက်သောအခါ ကျွန်တော် ၏ စိတ် မှာ လှုပ်ရှားရလေသည် ။ သူ သည် ကွဲပြား ခြားနားချက် ကို မြင်ပြီးကာမှ သိပ် မထူးပါဘူး ဟု ပြော ဆိုပြန်ခြင်းသည် ပေါ့ပေါ့ဆဆ နိုင်လွန်းလှသည် ဟု ယူ ဆမိပါသည် ။ မိတ်ဆွေ အနေနှင့် စိတ်ဝင်စား လို၍ သာ ဤသို့ ပြောသည်ဟု ထင်သည် ...... ကျွန်တော့် အမြင်တွင် ကား ကွေးညွတ်နေသော အုန်းလက်ကလေးများ ၏ ပျော့ပျောင်းမှု ကို စိတ်ဝင်စားပေသည် ။ သံဆူးကြိုးဝိုင်း အပြင်ဘက်တွင် ရှိသော အုန်းပင်ခပ်များများ ကို လှမ်း ကြည့်လိုက်လျှင် လေးဖက်လေးတန်လုံး မှာပင် မြင်ရပေသည် ။ အုန်းလက်တံ ၏ ဘေး တစ်ဖက်တစ်ချက် တွင် ပါးလွှာသော အုန်းရွက်များ ညီညာစွာ ဖြာထွက်လျက် ရှိနေပြီး လက်တံ ၏ အရင်း သည် ကောင်းကင် သို့ ထောင် တက် လျက် ရှိ၏ ။ အစွန်ဆုံး အပိုင်းသည် သေးသွယ်ပြီး နုနယ် ပျော့ပျောင်းသဖြင့် အနည်းငယ် အောက်ဘက်သို့ ပြန် ကွေးနေ၏ ။ ရင့်၍ ကွာကျလုလု အုန်းလက်များ မှာ အောက်သို့ ငိုက်စိုက်ကြီး တွဲလောင်း ဆွဲလျက်ရှိနေလေ သည် ။
ကျွန်တော် မြင်ရသော အုန်းပင်ကလေး ၏ အုန်း လက်တံ ကွေးညွတ်ပုံမှာ အခြား အပင်များ ထက် ပို၍ ကွေးညွတ်လျက် ရှိလေသည် ။ အုန်းလက်ထိပ်ဖျား အစွန် ဆုံး ဆီ တွင် ကြိုးစ ဖြင့် ချည်နှောင်ပြီး ပင်မ ဘက် သို့ ဆွဲ ညွတ်ထားသည် လား ထင် ရအောင် ဝိုက်၍ ညွတ်ကျနေ လေသည် ။ အလှအပ ကို ရှာဖွေရန် ခဲယဉ်းလှသော အကျဉ်းထောင် အတွင်း ဝယ် အုန်းပင်ကလေး ၏ ထူးခြားသော လက်တံများ ကို ကြည့်ကာ အလှအပ တစ်ခုအနေ ဖြင့် ယူဆမိပါသည် ။
“ ခင်ဗျားရဲ့ ... ကဗျာဉာဏ် ကွန့်မြူးဖို့ အတွက်ဆို ရင်တော့ ဒီ အုန်းပင်လေး ရဲ့ အလှဟာ ... အရေးတကြီး ပြောစရာ တစ်ခု ဖြစ်နေမှာပေါ့ ။ ဒါပေမဲ့ အခုလို အကျဉ်းခံ ရပြီး တစ်ကျွန်း ပို့ခံထားရသလိုဖြစ်နေတဲ့ ဘဝမျိုးမှာတော့ ဒါလောက် ထိအောင် စိတ်ကူး ယဉ်နေတာမျိုး ကို ... ကျွန် တော် မကြိုက်ပါဘူး ”
မိတ်ဆွေ ဖြစ်သူ က လှဲနေရာမှ ထ ထိုင်လိုက်ပြီး .. သူ ၏ သဘောထား ကို တင်ပြသကဲ့သို့ ပြောလာလေ သည် ။
“ ကျွန်တော် ကတော့ အလှအပ ခံစားတတ်မှ ဆိုးဝါး တာ ကို ပိုပြီး မြင်တတ်မယ်လို့ပဲ ယူဆတယ် ..... ငြိမ်းချမ်းရေး အရသာ ကို ခံစားတတ်ရင် စစ်အန္တရာယ် ကို ပိုပြီး ရွံမုန်းလာမယ် မဟုတ်လား ဒီလိုဘက် က လည်း တွေး ကြည့်ဖို့ လို ပါလိမ့်မယ် ”
သူ သည် ကျွန်တော် ၏ ပြန်လည် ပြောဆိုချက်များ ကို နားထောင်ရင်း သူ ၏ လက်ညှိုး တစ်ချောင်းဖြင့် သဲ ပြင်ကို ခြစ်လျက်ရှိနေသည် သဲပြင်ပေါ်တွင်ကား ၊ ဝလုံး များ ကြက်ခြေခတ်များ မျဉ်းကောက်များ ဖြင့် ရှုပ်ထွေးစွာ ဖြစ်ပေါ်နေ၏ ။ အတန်ကြာမှ သဲပြင် တွင် ရေးခြစ်နေ သော လက် ကို ရုပ်လိုက်ပြီး ...
“ အလှအပ ထဲ မှာ ချည့် နစ်မြုပ်နေပြီး ဆိုးဝါးတဲ့ အကျဉ်းသား ဘဝ ကို မေ့ သွားမှာစိုးလို့ပါ ”
ဟူသော သတိပေးစကားမျိုး ကို ပြော လိုက်လေသည် ။
“ ခင်ဗျား စိုးရိမ်တတ်တာက ကျွန်တော် အလှအပထဲ မှာ နစ်မြုပ်တာ ထက် တောင် ဆိုး နေပြီလို့ ကျွန်တော် ထင်တယ် ... ကျွန်တော် က မလှုပ်မရှားဘဲ ဒီနေရာမှာ ချည်းပဲ ထိုင်ပြီး အလှအပ ကို ခံစားနိုင်မှာတဲ့လား ၊ ဟော နောက် နာရီဝက်လောက် ကြာရင် အိပ်ဆောင်တံခါး လာ ပိတ်တော့မယ် ဒီအခါမှာ ကျွန်တော့် ဘဝ မှာ မလှုပ်ရှားဘဲ နေလို့ ရမလား ၊ လှုပ်ရှား ရတော့မှာပေါ့ အုန်းပင် ရဲ့ အလှ အပ ကို ကျောခိုင်း ရတော့မှာပေါ့ ပြီးတော့လည်း အကျဉ်းထောင် တစ်ခု အတွင်း မှာ အကျဉ်းသား ဘဝ ကို မေ့ နေတဲ့ လူတွေ ဟာ ... ဘယ်လို လူတွေလဲ ဆိုတာ ခင်ဗျား ပြန်ပြီး စစ်ဆေးကြည့်ရင် ပေါ် လာပါလိမ့်မယ် ၊ ကျွန်တော် ကတော့ ပြော မပြချင်ဘူး ”
မိတ်ဆွေရော ကျွန်တော် ပါ အိပ်ဆောင် မပိတ်မီ လမ်း လျှောက်ရန် အတွက် ထ ကြလေသည် ။
( ၃ )
အိပ်ဆောင်ဘေး မှ မဉ္ဇူပန်းကလေးများ သည် နီရဲ စွာ ပွင့်အာနေကြပေပြီ ။သံဆူးကြိုး အကြားတွင်လည်း အစာ ရှာနေသော ပင့်ကူများ သည် အိမ်ဖွဲ့နေကြပြီဖြစ်၏ ။ အနောက်ဘက် ပင်လယ်ပြင် ပေါ်ရှိ ကောင်းကင်ပြင် တွင် ကား တိမ်ရောင်စုံများ ယှက်သန်း နေလေသည် ။
သူ နှင့် ကျွန်တော် သည် အိပ်ဆောင် ကို ပတ်၍ လျှောက်ရင်း မိုးတိမ်မိုးသားများ ကို လှမ်း မျှော်ကြည့်ကြ သည် ။ တိမ်နိမ့်များ မှာ ပုစွန်ဆီရောင် တစ်ဝက် ခရမ်းရောင် တစ်ဝက် ရောစပ်ထား၏ ။ အောက်ခြေတွင် မူ ညို မည်း စ ပြုပေပြီ ။ မိုးကောင်းကင် အမြင့် မှ မိုးတိမ်မှာ အပြာ နုရောင် တိမ်ပါးကလေးများ ဖြစ်၍ ကောင်းကင်ပြာ နှင့် ရောစပ်လျက် ရှိသည်ဟု ထင် ရလေသည် ။
ပင်လယ်ပြင် နှင့် ကပ်လျက်ရှိသော ညိုမည်းနေ သော တိမ်ထု မှာ သိပ်သည်းလျက် ရှိ၏ ။ သို့သော်လည်း တစ် နေရာတွင် ဂူပေါက်ဝ ကဲ့သို့ ဟင်းလင်း ပွင့်နေ၏ ။ ထို တိမ်ပေါက် ဝ မှ ထိုးထွက်လာသော နေရောင်ခြည် တန်း မှာ မီးမောင်းကြီး ကို ထိုးထားဘိသကဲ့သို့ဖြစ်၏ ။ ထို မီးမောင်း ၏ လှပခြင်း ကို အသေအချာ စူးစိုက်ကြည့် လေသောအခါ မီးမောင်းများ မှာ တစ်ခု သာမက ၄ ခု ဖြစ် လျက် ရှိနေသည်ကို တွေ့ရ၏ ။ မီးမောင်းကြီး ၏ အလင်း
ရောင် ထိပ်ဖျားဘက် တွင် ရှိနေသော လှိုင်းကြက်ခွပ် ကလေးများ နှင့်တူသည့် တိမ်လွှာကလေးများ မှာ မီးခိုးရောင် တဝက် နှင့် အဝါရောင် တစ်ဝက် ရောစပ်နေ၏ ။ သို့သော် အဝါရောင် သက်သက် လည်း မဟုတ်ဘဲ အနီ ဘက်သို့ ကူးနေသော အဝါရောင်ဖြစ်လေသည် ။
ဤ အချိန်တွင် ကိုကိုးကျွန်း ၏ ကမ်းခြေစပ် တွင် ဝိုင်းပတ် နေသော ကျောက်စိမ်းသား ၏ အရောင် နှင့် တူသော ပင်လယ်ရေ သည် လည်းကောင်း ဟိုအဝေး မှ နက်ပြာရောင် ထနေသော ပင်လယ်ရေ သည် လည်းကောင်း အရောင် မတောက်နိုင်တော့ဘဲ မှေးမှိန်ပြီး မည်းနက်သော အရောင် သာလျှင် တပြင်တည်း ဖြစ်ပေါ်လျက်ရှိနေလေပြီ -
“ ကြည့်စမ်းဗျာ ၊ ဒီကနေ့ဖြစ်ပေါ်နေတဲ့ မိုးတိမ်တွေ ဟာ ဘယ်လောက် လှသလဲလို့ ”
ကျွန်တော် ၏ မိတ်ဆွေ က မိုးတိမ်များ ၏ ရောင်စုံ ချယ်သော အလှ ကို ကြည့်ကာ ပြော လိုက်ခြင်းဖြစ်၏ ။
“ အေးဗျာ ... ကျွန်တော် လည်း အဲဒါကို ကြည့်နေမိ တာပဲ ကျွန်တော်တို့ ပြည်မမှာ မြင် ရတဲ့ တိမ် ရဲ့ ရှုခင်း နဲ့ အများကြီး ကွာတာပဲ ဒီလို တိမ်ရောင်စုံတွေ တောက် နေပုံ နဲ့ အနေအထားဟာ ပင်လယ်ပြင်ကျယ် ထဲ က ကျွန်းကလေး ရဲ့ ထူးခြားတဲ့ သဘာဝ ကို ဖော်ပြနေသလိုပဲ ”
နိမ့်လျက်ရှိသော မိုးတိမ်မည်း တွင် ရွှေရောင် အနား ကွပ် ကို မြင်ရ၏ ။ ရောင်စုံခြယ်သော တိမ်စဉ်များ ၏ အရောင် သည် လည်း တဖြည်းဖြည်းချင်း ပြောင်းလဲလျက် ရှိနေလေ သည် ။
“ ကြည့်စမ်း ၊ ဟို ... ပင်လယ်ကမ်းစပ်မှာ ကလေး လေးတွေ ကစားနေတာ တွေ့လား ဟို ခပ်လှမ်းလှမ်းက အုန်းပင်တွေ ရဲ့ အကြား မှာလေ ”
ကျွန်တော် သည် လမ်းလျှောက်ရာမှ ရပ်လိုက်ရင်း ပင်လယ်ကမ်းစပ်ဆီ သို့ ညွှန်ပြမိလေသည် ။ ကျွန်တော် ၏ မိတ်ဆွေ မှာ အရပ် အနည်းငယ် ပုသဖြင့် သံဆူးကြိုး တန်းပေါ် တက်ပြီးလျှင် ကြည့်လေသည် ။
“ ဒီလိုရောင်စုံခြယ်နေတဲ့ မိုးတိမ်ရယ် အဝှမ်းကျယ် တဲ့ ပင်လယ်ပြင်ရယ် ကမ်းစပ်မှာ ဆော့မြူးနေကြတဲ့ ကလေးတွေ ရယ် ဒါတွေ မြင်ရတော့ စိတ်ချမ်းမြေ့စရာပါပဲဗျာ ”
ကျွန်တော် က ကျွန်တော် ၏ စိတ်ခံစားချက် ကို ထုတ် ဖော်ရလေသည် ။
“ ပင်လယ် ထဲ က တိုက်ခတ်လာတဲ့ လေ လည်း ထည့် ပြောပါဦးဗျာ ”
ကျွန်တော် ၏ မိတ်ဆွေက ပင်လယ်လေ ကို အားပါး တရ ရှုရှိုက်ရင်း ပြောလေသည် ။
“ ကျွန်တော် က မျက်စိအာရုံ နဲ့တွေ့တာကို ပြော လိုက်တာပါ ထိတွေ့ရတဲ့ စက္ခုအာရုံ သောတအာရုံ တွေပါ ပြောရမယ် ဆိုရင် ခင်ဗျား ပြောတဲ့ ပင်လယ် ထဲ က တိုက်လာတဲ့ လေ နဲ့တင် မပြီးပါဘူး ၊ ကမ်းစပ် ကို တဖြုန်း ဖြုန်း ရိုက်နေတဲ့ လှိုင်းဂီတသံတွေ ကိုပါ ထည့်ပြောရ လိမ့်မယ် ”
သူ သည် ကျွန်တော် ၏ ပြောပြချက်ကို နားထောင် ရင်း ပြုံး လေသည် ။
“ ပင်လယ်ပြင် က ရယ်မောတယ် ၊ လှိုင်းတွေ က သီ ချင်း ဆိုပြီး က ကြတယ် ၊ လေ ကတော့ ငိုနေတယ် လို့ စာဖွဲ့ တတ်တဲ့ ကဗျာဆရာ ကို တော့ ကျွန်တော် က တုပြိုင်ပြီး မပြောလိုပါဘူးဗျာ တစ်ခုတော့ ရှိတယ် ၊ အလှအပ ကို ခံစားတဲ့ နေရာမှာ လူတိုင်း ခံစားတတ်တယ် ဆိုတာကို တော့ ခင်ဗျား သိဖို့ လိုမယ် ထူးခြားတာကတော့ ခင်ဗျား တို့ စာရေးဆရာ ၊ ကဗျာဆရာ အစ ရှိတဲ့ အနုပညာရှင်တွေ ကတော့ ခံစားရချက် ကို စွဲလမ်းဖွယ် ဖြစ်အောင် တခြားသူတွေ ကို တစ်ဆင့် တင်ပြနိုင်ကြတယ် ”
သူ ၏ ပြောပြချက် ကို ငြင်းပယ်ရန် မလိုပါ ပေ ... သို့သော် အစဦးစွာ ပြောသော စကားလုံးများ အတွက်မူ ကျွန်တော် က ရှင်းလင်းရန် လိုအပ်သည် ဟု ယူဆပေသည် ။
“ ပင်လယ်ဟာ မရယ်ဘူးလား ၊ လှိုင်းတွေဟာ မက ကြဘူးလား ၊ ပြီးတော့ လောကကော မငိုဘူးလား ၊ ဒါနဲ့ ပတ်သက်လို့ ဒီလို ရေးတဲ့ စာရေးဆရာ ကို တချို့က သရော်ကြတာ တွေ့ဖူးတယ် ၊ ဒါတွေဟာ ခံစားချက် ကို ဖော်တာပဲ ဇာတ်ကောင် ဖြစ်သူက ပျော်ရွှင် နေရင် ပင်လယ် ဟာ ရယ် မှာပဲ ဇာတ်ကောင် က ပူဆွေးနေတယ် ဆို ရင် ပင်လယ် ဟာ ငို မှာပဲ အလကား နေရင်း ပင်လယ် က ရယ်တာ မဟုတ်ဘူး ၊ ငိုတာ မဟုတ်ဘူး စိတ် ခံစားမှုနဲ့ ဆီလျော်အောင် သဘာဝ ကို ပြောင်းလဲ ပုံသွင်း ယူလိုက် တာပဲ သဘာဝ ပတ်ဝန်းကျင်က စိတ် ကို ပြောင်းလဲပစ်နိုင် သလို စိတ်ခံစားမှု နဲ့ နက်ရှိုင်းမှု ကလည်း သဘာဝ ကို တစ်မျိုး တစ်မည် ပြောင်းလွဲပြီး ထင်မြင်လာစေတယ် ဆို တာ ကို သဘော ပေါက်ရင် ဒီလို ရေးသားတာတွေကို လက်ခံရမှာပဲ ”
မိတ်ဆွေ သည် ပြုံးရယ်ကာသာ နားထောင်နေ၏ ။ ကျွန်တော် သည် သူ က တစ်စုံတစ်ရာ ငြင်းချက် ထုတ် မည် ကို စောင့်စားနေသေး၏ ။
“ ဒီ ရှုခင်း ရဲ့ အဓိပ္ပာယ် ကို ဘယ်လို ဖော်မလဲ ”
“ ဘယ် ရှုခင်းလဲ ”
ကျွန်တော် က မရှင်းသဖြင့် ပြန် မေးရလေသည် ။
“ အခု ကျွန်တော်တို့ ကြည့်နေကြတဲ့ မိုးတိမ်ရောင်စုံ ၊ ပင်လယ်ပြင် နဲ့ ကမ်းစပ် မှာ ကလေးတွေ ဆော့နေတဲ့ ရှုခင်း ကို ပြောတာ ”
“ ဒီ ရှုခင်းကတော့ လွတ်လပ်မှု နဲ့ ငြိမ်းချမ်းမှု ကို ဖော်ပြနေတာပဲ ”
ကျွန်တော် က ပင်လယ်ပြင် သို့ ကြည့်ရင်း ... ဖြေ လိုက်လေသည် ။ ။
“ အင်း ... ဟုတ်တယ် ၊ ဒီ ရှုခင်း ကို မြင် ရတော့ စိတ် ချမ်းသာတယ် ၊ စိတ်ဓာတ် အသစ်တွေ ဖွံ့ဖြိုးလာတယ် ။ ဒါပေမဲ့ ကျွန်တော် တို့ ရဲ့ ဘဝ ကတော့ ဆန့်ကျင် ဘက်ပဲ ”
သူ သည် ပြောရင်း သက်ပြင်း တစ်ချက် ချလိုက် သည် ။ ကျွန်တော့် မိတ်ဆွေ နှင့် ကျွန်တော် သည် သဘာဝ အလှ ကို ခံစားနေကြသည် ။ ခံစား၍ ရရှိသော အဓိပ္ပာယ် ကို လည်း ဖော်ထုတ်နေကြသည် ။ သို့သော် သူ နှင့် ကျွန်တော် သည် နှစ်ဦး စလုံး ပင် အကျဉ်းသမား ဘဝ ကို ရောက် ရှိနေရလေသည် ။
“ ဒါပေမဲ့ ကျွန်တော်တို့ ဟာ အပြင်ဘက် မှာ လွတ်လပ်မှု နဲ့ ငြိမ်းချမ်းမှု ကို မြတ်နိုးကြသလို အကျဉ်းသား ဘဝ နဲ့လည်း ဒါတွေကိုမျှော်ကိုးပြီး မြတ်နိုးနေကြတာပဲ မဟုတ်လား ... ”
ကျွန်တော် ၏ စကား အဆုံးမှာပင် အိပ်ဆောင် ပိတ် ရန် ခေါ်သောအသံ ကို ကြားလိုက်ရသဖြင့် ကျွန်တော် တို့ နှစ်ဦး သည် ရှုခင်းသာ မှ ခွဲခွာလိုက်ပြီး အိပ်ဆောင် ထဲ သို့ ဝင် လိုက်ရလေသည် ။
အကျဉ်း ၏ နေ့ တစ်နေ့ ကား ကုန်ဆုံး သွားပြန်ချေပြီ တကား ။
၂၂ - ၁ - ၆၀ ၊ နံနက် ၆ နာရီ ၊ ၃ မောင်း
အခန်းနံပါတ် ( ၃၇ ) ၊ တိုက်ထောင်နံပါတ် ( ၂ ) ။
◾တင်စိုး
📖 ကိုကိုးကျွန်းဝတ္ထုတိုများ ၊ ၁၉၆၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment