❝ အကျိုးဆောင် ဘ ❞
မန္တလေးမြို့ သည် မြန်မာပြည် အထက်ပိုင်း တွင် စီးပွားရေး အချက်အချာ ကျသော မြို့ကြီး ဖြစ်ပါသည် ။ ဘ သည် မန္တလေးမြို့ ၏ မြို့လယ် မှာ အလုပ်ခန်း ဖွင့် ထားသည် ။ သတင်းထောက် လည်း လုပ်ခဲ့ဖူးသော ကြောင့် ဘ မှာ လူစုံ သိပြီး နေရာ စုံ ရောက်ခဲ့သူမို့ “ အကျိုးဆောင်လုပ်ငန်း ” ကို ဖွင့်ထားခြင်း ဖြစ်ပါသည် ။ ဘ မှာ အလုပ် မလုပ်ရ လျှင် မနေနိုင်သူ ။
ဘ အား ကူညီ လုပ်ကိုင် ပေးနေသူများ မှာ ဦးသာဝ ၊ ဦးပေတလူ ၊ ဦးစံဗျော တို့ ဖြစ်သည် ။ ဦးပေတလူ နှင့် ဦးစံဗျော မှာ သက်ကြီး လူရွှင်တော်ကြီးများ ဖြစ်၍ ဦးသာဝ မှာ ရှေ့နေကြီး တစ်ဦး ဖြစ်ပါသည် ။ ပျော်ပျော် နေတတ် သော စရိုက် ကြောင့် သူတို့ လေးယောက် တွဲ ဖြစ်သည် ။ ဘ ၏ ရုံးခန်း မှာ သူတို့ အမြဲ ဆုံနေကျ ။
“ ဘ ”
“ ဘာလဲ ”
“ ဟိုမယ် အဘိုးကြီး တစ်ယောက် တော့ မင်း ဆိုင်းဘုတ် ကို သေသေချာချာ ဖတ်နေပြီ ”
“ ထွက် ပြောလိုက်ကွာ ၊ အောင်သွယ် လုပ်ငန်း မလုပ်ဘူး လို့ ”
“ ဘာလို့ ပြောရမှာလဲ ၊ အစ ကတည်း က မင်း ဆိုင်းဘုတ် မှာ ရှင်းရှင်းလင်းလင်း ရေး ထားဖို့ ကောင်းတာပေါ့ ။ ဟောဟော ဝင် လာပြီ ”
ဘ က ဝင်လာသူ အဘိုးကြီး ကို အကဲခတ် ရင်း -
“ ကြွပါခင်ဗျ ထိုင်ပါ ။ ကျွန်တော် နဲ့ တွေ့ရင် အားလုံး ပြေလည်သွားပြီ လို့ သဘော ထားလိုက်ပါ ။ လုပ်ငန်း ကြီးကြီး သေးသေး အားမနာပါ နဲ့ ။ ပွင့်ပွင့် လင်းလင်း သာ ပြော ၊ လမ်းထိပ် က အကြော်သည် ဒေါ်ဘုမ ရဲ့ ဘယာကြော် ကောင်း ကြောင်း ဆိုရင် ကျုပ် တို့ ကြော်ငြာပေး လိုက်တာပဲ ။ ခုဆို အောင်မြင် နေပြီ ။ တွေ့ခဲ့တယ် မဟုတ်လား ။ ကားတွေ ကားတွေ နဲ့ လာပြီး တန်းစီ စောင့် ဝယ်ရတာ ”
“ ဟင့်အင်း မတွေ့ခဲ့ပါဘူး ”
ဘ က မျက်စောင်းထိုး ကြည့် လိုက်သည် ။ ဦးစံဗျော က -
“ သူ ဘယ် တွေ့မှာလဲ ဘ ရယ် ၊ ဒီ အချိန် ဆို ရင် ကုန်ပြီ ”
ဧည့်သည် အဘိုးကြီး က သူတို့ အား ပြူးကြောင်ကြောင် နှင့် ကြည့်သည် ။ ဘ က -
“ ကဲ ပြော ၊ လုပ်ငန်း ကြော်ငြာချင်တာလား ၊ ရှေ့နေ ငှားချင်တာလား ၊ ဆရာဝန် တွေ့ ချင်တာလား ၊ ဘာ ကိစ္စ အကျိုးဆောင် ပေးရမလဲ ”
ဧည့်အဘိုးကြီး က -
“ ဒီ ဆိုင်းဘုတ် နဲ့ နှစ်ခန်း ကျော် မှာ ဒေါ်မယ်မမော်ဒယ် သင်တန်း ရှိတယ် ဆိုလို့ ဝင် မေးတာပါ ။ လက်ျာဘက် က နှစ်ခန်းကျော် လား လက်ဝဲဘက် က နှစ်ခန်းကျော် လား မသိလို့ ”
ဘ က စိတ်မရှည်စွာ ဖြင့် ထ အော် လိုက်သည် ။
“ ဟိုဘက် ၊ ဟိုဘက် ”
“ ဖွီ - စောစောစီးစီး ဟန် မတည့်လိုက်တာ ၊ အဲဒီ မော်ဒယ်သင်တန်း ဖွင့် ထားတဲ့ မော်ဒယ်ဝူးမင်းကြီး ကို တော့ ဆိုင်းဘုတ် ချိတ် ဖို့ သတိပေး ဦး မှ ပဲ ”
“ စိတ်ရှည်စမ်းပါကွာ ၊ မင်း ရဲ့ အရည်အသွေး တောက် ပြောင်ဖို့ အတွက် လေ့ကျင့် နေရတယ်လို့ သဘောထား ၊ ဟော - ဟော လာပြန်ပြီ တစ်ယောက် ။ ဒီတစ်ခါ လာတာက တော့ ခပ်ငယ်ငယ် ပဲ ”
“ အင်း ဒါမျိုးဆို ဗီဒီယိုမင်းသား လုပ်ချင်တာ တို့ စီးရီး ထုတ်ချင်တာ တို့ ဖြစ်တတ်တာပဲ ”
လူငယ် က အခန်း ထဲ ဝင် လာပြီး -
“ ဘ ဆိုတာ ”
“ ငါပဲ ကွ ၊ ပြော ဘာ လုပ်ချင်သလဲ ၊ ဘယ် လုပ်ငန်း အကြောင်း သိချင်သလဲ ၊ ဘာ အကျိုးဆောင် ပေးရမလဲ ”
“ ဟို - ဟို ကျွန်တော် က လိပ်ခေါင်း .. ”
“ ဘာဖြစ်လဲ ပြော ရှင်းရှင်းပြော ကုပေးတာလား ၊ ကုချင်တာလား ”
“ ဟိုး ... ကုချင်တာပါ ”
“ မနာမကျင် မခွဲမစိတ် အသက်သာဆုံး နဲ့ မြန်မြန် ပျောက်မယ့် နေရာ ကို ညွှန်ရမယ် ဆိုရင် တစ်ရာ ”
“ ဟုတ်ကဲ့ ပေးပါမယ် ”
လူငယ် က ငွေတစ်ရာ ကို ရိုသေစွာ ထုတ်ပေး လိုက်သည် ။ ဘ က ဖိုင် တစ်ခု ကို ဖွင့်၍ လိပ်စာ တစ်ခု ကို ရှာကြည့် လိုက်ပြီး -
“ လမ်းသုံးဆယ် ကို သွား ၊ ဒီ လမ်း တည့်တည့်ပဲ ညာဘက် ဘေး မှာ ”
လူငယ် က ထွက်သွားသည် ။ ဘ က တယ်လီဖုန်း ကို ကောက်ကိုင် လိုက်ပြီး -
“ ဝှီး ခုမှပဲ ဈေးဦး ပေါက်တော့တယ် ၊ ဆေးဆရာ ဆီက ထပ် တောင်းရဦးမယ် ။ ဟဲလို ဟုတ်ပါတယ် ။ ဘ အကျိုး ဆောင်ကပါ .... ”
ဦးသာဝ က ဘ ကို ကြည့်ပြီး -
“ မင်း သာ ရှေ့နေ လို တရားသူကြီး လို ဖြစ် ရင်တော့ ဒုက္ခပဲ ”
ဘ က ပြုံးနေသည် ။
“ ဘ ရှိပါသလား ”
“ ရှိပါတယ် ဝင်ခဲ့ပါ ဘာကိစ္စပါလိမ့် ”
“ တီဗီ မှာ ကုန်ပစ္စည်းလေး တစ်ခု ကြော်ငြာချင်လို့ ။ ဘယ်လို ကြော်ငြာရမလဲ ။ ဘယ်သူတွေ ငှားရမလဲ ၊ အစ အဆုံး တာဝန်ယူ ပေးဖို့ အပ်ချင်တာပါ ”
“ ရပါတယ် ဘာ ကုန်ပစ္စည်းများ ပါလိမ့် ”
“ ငါးပိ ပါ ။ ကျွန်တော့် ရဲ့ ငါးပိ က လုံးဝ မနံဘူး ၊ ပြီးတော့ မငံဘူး ။ သွေးတိုး ရှိ တဲ့ လူတောင် အဝ စားလို့ ရပါတယ် ။ အလွန် ချိုပါတယ် ။ ဘယ်လောက် ထိ အရသာ ရှိသလဲ ဆိုရင် ဆိမ့်ချိုပြီး ကရောင်းနို့ဆီ လောက် ကို အရသာ ရှိပါတယ် ”
ဦးစံဗျော က မျက်လုံးပြူး ကြည့်ကာ -
“ ငါးပိ မှ ဟုတ်သေးရဲ့လား ”
“ အဲ - အဲဒါ ပေါ့ ။ ပြဿနာ က ။ ငါးပိ လို့ မထင်ကြတော့ လို့ ငါးပိ မှန်း သိအောင် ကြော်ငြာချင်တာပါ ။ တချို့က တော့ ကျွန်တော့် ငါးပိ ကို လက်ဖက်ရည် ဖျော် သောက်ဖို့ လာ ဝယ်ကြတယ် ။ ငါးပိ လက်ဖက်ရည် ပေါ့ ”
ဦးပေတလူ က ဦးသာဝ ကို လှမ်း ကြည့်သည် ။ ဦးသာဝ က သူ့ ခေါင်း လက်ညှိုး ထိုး ပြကာ လက်ခါသည် ။ ဘ က -
“ ငါးပိ ကို နံလည်း နံအောင် ငံလည်း ငံအောင် လုပ်နိုင်မှ ကြော်ငြာပါလား ကွာ ။ ချို နေတဲ့ ငါးပိတွေ နဲ့ ဟင်း ချက် စား ရ ရင်လည်း အကုန် ဂျပန်ဟင်းတွေ ဖြစ်ကုန်လိမ့်မယ် ”
သို့နှယ် လူစုံ အလုပ်စုံ လာ တတ်ပါသည် ။ ဘ ၊ ဦးပေတလူ နှင့် ဦးစံဗျော တို့ လက်ဖက်ရည် သောက်သွား ရန် ဟန်ပြင် နေစဉ်မှာပင် ဖွားစွာ က ဝင် လာ ပြန်၏ ။
“ အဘွားကြီး ကွ ”
“ နံပါတ် လေးဆယ် ပဲ ။ ဆိုက်တူ ကိုက်တူ ”
“ ငြိမ် ”
ဖွားစွာ က စားပွဲ ရှေ့ မှာ ရပ် လိုက်ပြီး
“ အကျိုးဆောင် တာဝန်ခံ က ဘယ်သူလဲ ”
“ ကျုပ် ပါ ”
“ တိုက် တစ်ခြမ်း ငှားချင်လို့ ”
“ ဘယ်နေရာ က ပါလိမ့် လိပ်စာ ပြောပါဦး ”
“ လိပ်စာ နောက်မှ ပြောမယ် တိုက်ပိုင်ရှင် ရဲ့ သဘော ထား ကို အရင် ပြော ချင်တယ် ။ အကြောင်း မသိဘဲ ငှား နေပြီး ကာ မှ ပြဿနာ မဖြစ်ချင်လို့ ”
“ ဟုတ်ကဲ့ အဲဒါ သင့်လျော် ပါတယ် ။ ငှားသူ လည်း စိတ်ချမ်းသာ ထားသူ လည်း စိတ်ချမ်းသာ ဖြစ်တာပေါ့ ။ ပြောပါဦး အိမ်ရှင် ရဲ့ သဘောထား က ”
“ ကျုပ် က အလွန် ဆိုးပါတယ် ။ စိတ် သဘောထား ချင်း မတိုက်ဆိုင် လို့ ကျုပ် ရိုက်တာ နဲ့ အိမ်ငှား ကိုးယောက် ခေါင်းကွဲ ပြီးပြီ ။ လေးချက် ချုပ်ရတာ တစ်ယောက် ။ သုံးချက် ချုပ်ရတာ က နှစ်ယောက် ပါတယ် ”
“ လက်သံ ပြောင် လှချည်လား ”
ဖွားစွာ က အသံ လာရာ ဖက် လှည့် ကြည့်လိုက်သည် ။ ဦးစံဗျော က ပြုံးပြပြီး ဦးပေတလူ က မျက်ခုံး ပင့် ပြသည် ။ ဦးသာဝ က -
“ ငါ တော့ အလုပ် ရတော့မယ် ထင်တယ် ”
ဖွားစွာ က ဘာမျှ မပြောတော့ပဲ သူ့ လက်ကိုင်အိတ်ကြီး ကို ဖွင့် ကာ အိတ် ထဲ မှ တုတ်လုံးတိုလေး ကို ထုတ်ပြီး စားပွဲ ပေါ် တင် လိုက်သည် ။ အားလုံး ငြိမ်သွားသည် ။ ဘ မှာ မျက်လုံး ပြူးသွား၏ ။
“ ကျုပ် ဆက် ပြောမယ် ။ ပထမ သုံးလ ပဲ ငှားမယ် ။ အဲဒီ သုံးလ အတွင်းမှာ တစ်ယောက် သဘော တစ်ယောက် က သိပြီး ကျေနပ်တယ် ဆိုမှ ဆက် ငှားဖို့ ကိစ္စ စဉ်းစားမယ် ။ အရေးပေါ် မကျေနပ်စရာ တွေ့ လာရင် အချိန်မရွေး အိမ်ရှင် က နှင်ထုတ်ခွင့် ရှိမယ် ။ သုံးလစာ ကြို ပေးထားရမယ် ။ ဆယ်ရက် နဲ့ မကျေနပ်လို့ နှင်ထုတ် လည်း အဲဒီ ငွေ အဆုံးပဲ ။ လူမနေဘဲ အိမ်လခ ပေးမယ့် အိမ်ငှားမျိုး ဆို ပိုပြီး သဘောကျတယ် ”
“ အင် ”
“ ဘာ အင်တာလဲ ၊ ကုန်ပစ္စည်း ထားချင်သူ တို့ ၊ ရုံးခန်း ဖွင့်ချင်သူ တို့ ကို ပြောတာ ။ အဲ - လခ ဘယ်လောက် ရရ နိုင်ငံခြားသား ဆိုရင် မငှားဘူး ”
“ ဟုတ် - ဟုတ် သဘော ပေါက်ပါပြီ ။ ကြိုးစားပြီး ရှာပေးပါ့မယ် ။ အကျိုးဆောင်လုပ်ငန်းအတွက် ခံစားခွင့် က ”
“ လခ ရဲ့ ဆယ့်ငါးရာခိုင်နှုန်း ရမယ် ”
“ လခ က ”
“ တစ်လ ငါးသောင်း ပို ပေးသူ ရှိရင် ပိုပေးသူ ကို ငှားမယ် ”
“ လိပ်စာလေး ပေးလို့ ရပြီလား“
“ ပေးမယ် .... မှာ ”
ဖွားစွာ စကားဆုံးသည် နှင့် ခြေလှမ်း မာမာ ဖြင့် ထွက် သွားသည် ။
ဖွားစွာ အပြင် ရောက်သည် နှင့်
ဦးသာဝ က
“ ငါ သိပြီ ”
“ မင်း အိမ်နား က ပဲ ”
“ ဟုတ်တယ် ဧရာမ ခြံကျယ်ကြီး တိုက်ကြီး ကို က သိန်း ရာဂဏန်းကြီးကြီး တန်တယ် ။ ရဲတိုက်ကြီး ကျ နေတာပဲ ”
“ နောက်တော့ ဘာ သိ သေးသလဲ ”
“ သိပ်ချောတဲ့ ကောင်မလေး တစ်ယောက် ရှိတယ် ။ သူ့ မြေး ထင်တယ် ”
“ နောက် ရော ”
“ အလုပ်သမားတွေ ခြံစောင့်တွေ တော့ ရှိတယ် ”
“ ပြီးတော့ ရော ”
“ ဒါပဲ သူတို့ က ပတ်ဝန်းကျင် နဲ့ ကင်းကင်း နေတယ် ”
ဦးသာဝ စကားဆုံးသည် နှင့် ဘ က ရွှီကနဲ လေချွန် လိုက်ကာ တယ်လီဖုန်း ဂဏန်းများ ကို နှိပ် လိုက်သည် ။ ဦးပေတလူ နှင့် ဦးစံဗျော က -
“ ငါ ထင်တယ် ”
ဘ က ပြုံး နေသည် ။
“ ဟဲလို ကိုကို လား ၊ ဘ ပါကွ ၊ မင်း ညီ ရော ရှိသလား ၊ အေး ကောင်းတယ် ။ ငါ လိပ်စာ တစ်ခု ပေးမယ် ။ မင်းတို့ အဲဒီ တိုက် သွားငှား ဟေ့ အေး ပြောမယ်လေ ။ နက်ဖြန် မှ သွားရမယ် ။ လိပ်စာ က ... ဘာ မင်းတို့ သိတယ် ဟုတ်လား ။ ပြောစမ်းပါဦး ၊ ဘယ်လို ပတ်သက်လို့ သိတာလဲ .. ဟင် .. အင်း ... အဲဒီ ကောင်မလေး နဲ့ ကျောင်းနေဖက် ပေါ့ ၊ ကောင်းတယ် ။ သူ က မင်း မသိဘူး ။ မင်းတို့ က သာ သိ နေတာ ။ ခွေးကောင်တွေ ဘိုးအေတူ ဆို အပြော ခံ ရရင် ငါ နာမည် ပျက် တော့မယ် ။ ကောင်မလေး လှရင် သိလိုက်တော့ တာ ပဲ ၊ ကဲ - ကဲ စကားကျော ရှည်မနေ နဲ့ ငါ က ဘာ လုပ်ရမယ် ဆိုတာ ပြောရင် မင်းတို့ က ဘာ ဖြစ်စေချင်လို့ ဆိုတာ သိရမှာပေါ့ ။ အေး ဒါပဲ ၊ မင်းတို့ သွားရင် မာစီဒီး ကား ယူသွားနော် ဟဲဟဲ ”
ဘ က တယ်လီဖုန်း ကို ချပြီး အားရပါးရ ပြုံး လိုက်သည် ။
••••• ••••• •••••
“ စန္ဒီ လာဦး ”
“ ဖွား ”
“ ကျုပ် ပြောမယ့် စကား ကို သေသေချာချာ နားထောင်ပါ ။ ကျုပ် သင့်လျော်မယ် ထင်လို့ စီစဉ်တာ ကို လက်ခံပါ ။ ကျုပ် ရဲ့ အစီအစဉ် က ကပျက်ယပျက် ဖြစ်အောင်တော့ မလုပ်လိုက်
ပါနဲ့ နော် ”
“ ဖွားရယ် ”
“ ဒီမယ် ကျုပ် အစီအစဉ် က ဘာ မှား နေလို့ စိတ်ပျက်တဲ့ လေသံ နဲ့ ညည်းညူပြ ရတာလဲ ။ ကျုပ် ပြောမယ် ၊ ကျုပ် တိုက် ကို သူဌေး မှ ငှားနိုင် မှာ ဖွတ်ကျား ဆိုရင် အနား တောင် သိနိုင်မှာ မဟုတ်ဘူး နော် ။ ဒီတော့ လာ ငှားမယ့် လူ ဟာ ဖြူဖြူမည်းမည်း ၊ ပုပုဝဝ ၊ ငယ်ငယ် ကြီးကြီး စိတ်ကူး မလွဲလိုက်လေ နဲ့ ။ သည်းခံ နိုင်မယ့် သူ ၊ သဘော ကောင်းမယ့် လူ ၊ အသိဉာဏ် ရှိမယ့် လူ ဖြစ်ဖို့ပဲ ။ ကျုပ် စီစဉ်ပြီးသား ဒါပဲ ”
မာစိမ်းကားကြီး သည် ငြိမ့်ငြိမ့်လေး ရွေ့လျားနေပါသည် ။
“ ညီညီ ”
“ ပြော ”
“ မင်း စန္ဒီ ကို ချစ်ရေး ဆိုဖူးသလား ”
“ ဆိုဖူးတာ ပေါ့ ”
“ အဲဒီတုန်းက ဘာ ပြောလဲ ”
“ ကျောင်း ပြီး မှ စဉ်းစားမယ် တဲ့ ”
ကိုကို နှင့် ညီညီ တို့ အတွေး ကိုယ်စီ ဖြင့် တိတ်ဆိတ်
သွား ပြန်သည် ။ အတော်လေး ကြာ မှ -
“ အဲသလို ဆိုရင်တော့ ခု ကိစ္စ ကို မင်းပဲ လှုပ်ရှား ပေတော့ ”
“ ကျေးဇူးတင်ပါတယ် ကိုကို ”
ကိုကို က လက်ဝါး ဖြန့် ပြ လိုက်သည် ။ ညီညီ က ကိုကို ၏ လက်ဝါး ကို ရိုက် လိုက်ပြီး လက်သန်း ကို ထောင်ပြ လိုက် သည် ။
ခြံဝင်း ထဲ သို့ မာစီဒီးကားကြီး မောင်း ဝင် လာ ကတည်း က စန္ဒီ ၏ ရင်မှာ တဒိတ်ဒိတ် ခုန် သွားသည် ။ စန္ဒီ သည် ဟန်မပျက် ပန်းပင် ကို ရေလောင်း နေ လိုက်သည် ။ ကားကြီး က စန္ဒီ ဘေး မှာ ရပ် သွားသည် ။ စန္ဒီ လှည့် ကြည့်လိုက်သည် ။
“ ဟင် ကိုညီ ”
“ ဝမ်းသာပါတယ် စန္ဒီ ၊ ကျွန်တော့် ကို မမေ့သေးလို့ ”
“ စန္ဒီ လေစိမ်း မတိုက်တတ်ပါဘူး ”
“ ကျောင်း ပြီးပြီနော် ”
စန္ဒီ ပြုံး လိုက်မိသည် ။
“ စန္ဒီ ”
“ ရှင် ”
ထိုစဉ် ဖွားစွာ က တိုက်တံခါးဝ မှာ ပေါ်လာပြီး -
“ ဟဲ့ တိုက် ငှားမလို့ လာတဲ့ ဟာတွေလား ”
ကိုကို က ကပျာကယာ ကားပေါ် မှ ဆင်း လိုက်ပြီး -
“ ဟုတ်ပါတယ် ခင်ဗျ ”
“ ဟုတ်တယ်ဆို တိုက် ထဲ လာမှပေါ့ ၊ ရှေ့တင် ရပ် နေရသလား ”
ညီညီ က မျက်လုံး ပြူး ပြသည် ။ စန္ဒီ က လျှာထုတ် ပြပြီး ပန်းပင် ကို ရေလောင်း နေလိုက်သည် ။ ကိုကို နှင့် ညီညီ တို့ တိုက်တွင်း ဧည့်ခ န်းသို့ ရောက်သော အခါ -
“ ဘ က ဖုန်း ဆက် ထားပါတယ် ၊ ကုမ္ပဏီ ဖွင့်ဖို့ ငှားချင်တယ် ဆိုတာ ”
“ ဟုတ်တဲ့ ကျွန်တော် တို့ပါပဲ ၊ ဖွား တောင်းဆို ထားတဲ့ စည်းကမ်းတွေ ကို လည်း ပြောပြပြီးသားပါ ။ ရိုးရိုးသားသား ကိုယ့် အလုပ် ကိုယ် လုပ်မယ့်သူတွေ အတွက် အဲဒီ စည်းကမ်း တွေ ကို တင်းကျပ်တယ်လို့ မမြင်ပါဘူး ၊ အဲ လစာ ကိစ္စတော့ ဖွား နဲ့ ပဲ ပြောပါ တဲ့ ”
“ လစာ က မင်းတို့ က ဘယ်လို ပေးမယ် ၊ ဘယ်လောက် ပေးမယ်လို့ စဉ်းစားသလဲ ”
“ ဖွား ပြောပါ ခင်ဗျာ ”
“ မင်းတို့ နိုင်တဲ့ နှုန်း ကို ပြောပါဦး ၊ နီးစပ်ရင် ထားရ မှာပေါ့ အဆောက်အအုံ အနေအထားက တော့ မင်းတို့ မျက်မြင်ပဲ ။ တစ်ခြမ်း ဆိုပေမဲ့ မင်းတို့ လုပ်ငန်း အတွက် အဆင်ပြေ သလို သုံးခွင့် ပြုမှာပါ ။ ဖုန်း လည်း သုံးလို့ ရမယ် ”
ဖွားစွာ စဉ်းစား လိုက်ပြီး -
“ တစ်သိန်း ပေးပါလား ”
“ မလုပ်ပါနဲ့ ဖွားရယ် ၊ ကုမ္ပဏီ လုပ်ငန်း လည်ပတ်ပြီ ဆိုရင် တစ်သိန်း ပေးပါ့မယ် ။ အစမ်း ထားတဲ့ သုံးလ တော့
ခုနှစ်သောင်း ပဲ လုပ်ပါ ”
“ မင်းတို့ နေ မှာ က ”
“ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် တည်း နေ မှာပါ ။ စားတော့ ဟိုတယ် မှာ ပဲ စားမယ် ၊ အစ်ကို က အင်ဂျင်နီယာ ပါ ။ ကျွန်တော် က တော့ နိုင်ငံခြား ကို ရွှေချည်ထိုး နဲ့ လက်မှုပညာပစ္စည်းတွေ တင်ပို့တဲ့ အလုပ် လုပ် ပါတယ် ”
“ ဘယ်နှစ်ခါ ပို့ ပြီးပြီလဲ ”
“ ဒေါ်လာ တစ်သောင်းဖိုး တစ်သုတ် ပဲ ပို့ရပါသေး တယ် ။ ကျွန်တော်တို့ တိုက် က ပြင်ဦးလွင် မှာပါ ။ လုပ်ငန်း အဆင်ပြေ ဖို့ ကျတော့ မန္တလေး မှာ နေမှ ဖြစ်မှာမို့ ”
ဖွားစွာ သည် ကျေနပ် သွားသည် ။ ကိုကို နှင့် ညီညီ ကို ငှားဖြစ် သွားပါလေပြီ ။
••••• ••••• •••••
ဆယ်ရက်ခန့် ကြာသော်
“ ဟိုက် ”
ကိုကို သည် ညီညီ ရေး ထားခဲ့သော စာ ကို ဖတ်ရင်း မျက်လုံး ပြူး သွားသည် ။
ကိုကို ...
ကိုကို ဒီ စာ ကို ဖတ်နေချိန် မှာ ကျွန်တော် နဲ့ စန္ဒီတို့ ဝေးတစ်နေရာ ရောက် နေပါပြီ ။ အခြေအနေ အဖြစ်မှန် အားလုံး ကို ကျွန်တော် ပြောပြပါမယ် ။ ဒီလိုပါ ...
ကိုကို မှာ စာ ကို ဆုံးအောင် မဖတ်နိုင်တော့ပါ ။ တိုက် ထဲ မှ ရေးကြီးသုတ်ပျာ ပြေးထွက် ခဲ့သည် ။
“ ဟာ ကားပါ ယူသွားတာ ကိုး ”
ခုမှတော့ ဘာမျှ မတတ်သာတော့ ။ ဘ ထံ အမြန်ဆုံး ရောက်ရန် ကြုံသလို ချီတက် ခဲ့ရတော့သည် ။
“ ဟေ တကယ်ပဲလား ကွ ”
ဘ ထံ ရောက်၍ ပြောပြလိုက်သည် နှင့် ဘ မှာ ပါးစပ် ဟောင်းလောင်း ဖြစ် သွားသည် ။ ကိုကို က -
“ ဟုတ်လို့ ထွတ် တောင် ပြေးကြပါပြီ ဆိုမှ ။ အဲဒီ တိုက်ကြီး က နောက် သုံးလ ဆိုရင် အပ်ရတော့မှာ ရောင်းပြီး သား ။ ဝယ်တဲ့ လူ နိုင်ငံခြား က မရောက်သေး လို့ ။အဲဒါကြောင့် ဖွားစွာ က သူ့ မြေး ကိုငွေ ရှိတဲ့ လူ နဲ့ နီးစပ်အောင် ကြံ လိုက် တာ ။ ဘ က ဖွားစွာ ဆင်တဲ့ အကွက် ထဲ တန်း ဝင် သွားတာ ”
“ တောက် ဒါကို ဟိုကောင် က မသိဘူးလား ”
“ သိတယ်လေ ၊ ကောင်မလေး က အားလုံး ဖွင့် ပြောပြ လိုက်တော့ ကောင်မလေး ကို သနားချစ် ချစ်သွားပြီး စောစောစီးစီး လစ်ပြေးကြတော့တာ ။ ဒါတွေ ဘ သိသွားရင် တားမှာ စိုးလို့ တဲ့ ”
ထိုစဉ် ဦးသာဝ ရောက် လာသည် ။
“ ဘာတွေ ဖြစ်နေတာလဲ ကွ ”
“ ဟိုကောင် ညီညီ ဖွားစွာ ရဲ့မြေး ကို ခိုး ပြေးပြီ ”
“ ဟီးဟီး ”
“ ဘာ ဟီး ဟီး လဲ ”
“ ခုမှတော့ ပြောရတော့ မှာပေါ့ ၊ ဖွားစွာ က မင်း ရဲ့ အခြေအနေ ရော မင်း ရဲ့ အကျင့်စရိုက် ရော ငါ့ ကို အရင် လာမေး တာကွ ။ အဲဒီလို မေးပြီး မှ မင်း ဆီ အလုပ် လာ အပ်တာ ။ မင်း အကြောင်း နည်းနည်း ပြောပြတာ နဲ့ ငါ့ ကို တစ်ထောင် ကန်တော့ သွားတယ်လေ ။ မင်း ကိုပြန် မပြောပါနဲ့ ဆိုပြီး ”
ဘ သည် သူ့ နဖူး သူ လက်ဝါး နှင့် ရိုက်လိုက် လေတော့ သတည်း ။
◾ကံချွန်
📖 ကလျာ မဂ္ဂဇင်း
ဩဂုတ် ၊ ၁၉၉၉
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment