❝ ကျေးလက် ကွန်ပတ်စ် ❞
ဟောဒီ ရက် ကို စောင့် နေတာ ကြာလှပြီ ကွ ။ ဆရာ က စခန်း မှာ ပဲ နေခဲ့ပြီး ၊ ဆရာ မပါပဲ ငါတို့ ချည်း ဖီးလ် ပြန် ဆင်းရတဲ့ နေ့ ကို ပြောတာ ။ ဒီလို နေ့ ဟာ ဘယ်လောက် ပျော်စရာ ကောင်းတယ် ၊ လွတ်လပ်တယ် မှတ်သလဲ ။ မင်းတို့ နောက် မှ သိမယ်နော ။ အဲဒီကျမှ ကိုဇော်မော် ပြောတာ မှန်လှချည်လား ၊ ကိုဇော် ... ကိုဇော် ... နဲ့ တ,တတည်း တ နေရအုံးမယ် ။
ကြည့်စမ်းပါအုံး ၊ ပြန် ဆင်းရမယ့် ဧရိယာ က လည်း “ ထန်းနီးကန် ” တဲ့ ၊ ဆရာ့ ဆီ က ဒီ နာမည် ကြားလိုက်ရ ကတည်း က ဝမ်းသာ လိုက်တဲ့ ဖြစ်ခြင်း ။ အဲဒီ ရွာ က ထန်းရည် သိပ် ကောင်းတာကွ ။ ရိုးရိုး ထန်းရည် မဟုတ်ဘူး ။ ကျောက်ကုန်း ထန်းရည် ။ ကျောက်တုံးကျောက်သား တွေ ပေါ် မှာ ပေါက်တဲ့ ထန်းပင် က ယိုတာ ။ မကောင်းပဲ ရှိပါ့မလား ။
ဒီနယ် မှာ တော့ ထန်းနီးကန် ထန်းရည် က “ ဂျော်နီဝါကား ” ထက် နာမည် ကြီးတယ် ။ ငါတို့ အဖွဲ့ ကို မှ ဆရာ က ဒီ ရွာ ဘက် ပြန် ဆင်း ခိုင်းတယ်လို့ ။ စူဠလိပ် ရေထဲ လွှတ် လိုက် သလိုတော့ ဖြစ်ကုန်တော့ မှာ ပဲ ။
အင်း ... သောက်ရကံ ကြုံတော့ ... ။
ဟိုကောင်တွေ က လဲ ဖိုင်နယ်ကျောင်းသားတွေ ဖြစ်ပြီး ၊ ဒစ်ပ်အင်စထရိုက်ခ် ဆိုတဲ့ ကျောက်ပေါ်ထွက်ပိုင်း ရဲ့ အငိုက် နဲ့ ငိုက်မတ်ကြောင်း မှ မှန်အောင် မတိုင်း တတ် ဘူး ရယ်လို့ ။ အလကား ကောင်တွေ ၊ အဲ ... ကျေးဇူးရှင် တွေ ။ ဒီကောင်တွေ ကျေးဇူး ကြောင့် ငါ တို့ ထန်းရည် ပွဲတော်ကြီး နွှဲပျော်ရ တော့မယ် ။ ငှက်ခါးတောင် တွေ ၊ ပုစွန်ဆိတ်ခုန်တွေ မျက်လုံး ထဲ မြင်ယောင် နေတယ် ။ ဟို အကောင်တွေ ဘုန်းကြီး လို့ သက်ရှည် ကြပါစေဗျား ။ ဒါပေမယ့် တခုတော့ သတိထား ကြနော် ။
ဆရာ က ဒီ ဧရိယာ ကို သိပ် နှံ့စပ်တာ ။ သိပ် ကျွမ်းတာ ။ ဒီ ဧရိယာ မှာ သူ့ ဖီးလ် ခဏ ခဏ ဆင်းဘူးတယ် ကွ ။ ဟိုကောင်တွေ တိုင်းထွာ လာတာ မှားမှန်း ဆရာ က ဖီးလ်ဒေတာ စာအုပ် ကြည့် တာနဲ့ သိတယ် ။ ဒါကြောင့်မို့ မြေပုံ ပေါ် အမှတ်အသား မတင်သေးပဲ ၊ ငါတို့ တခါ ပြန် တိုင်း ခိုင်းတာ ၊ ဆရာ့ ကို ဖြီး လို့ အိယောင်ဝါး လုပ်လို့ တော့ မရဘူး ။
အင်း ... သွားရမယ့် ခရီး က တော့ ခပ်ဝေးဝေး ပဲ ၊ ပင်ပန်းမှာတွေ ၊ နေပူမှာတွေ အသာ ထား ၊ ဆရာ ခိုင်း တာတွေ အယင် ပြီး အောင် လုပ် ။ အဲဒီ လုပ်ငန်း ပြီး တာ နဲ့ နေပူပူ နဲ့ ငါတို့ နဲ့ ကျောက်ကုန်း ထန်းရည် နဲ့ တော့ တွေ့ကြပြီပေါ့ကွာ ။ တကယ် ၊ ပွဲကြီးပွဲကောင်း တပွဲ တော့ နွှဲရတော့မယ် ဟေ့ ။ သောက် ယင် တော့ ကိုယ့် လစ်မစ် နဲ့ ကိုယ် သောက် ကြနော် ။ သိပ်လဲ ရုပ်ပျက်ဆင်းပျက် မဖြစ်ကြစေနဲ့ ။ ဟိုအကောင်
တွေလဲ မသိစေနဲ့ ။ ဆရာ ပါ ရိပ်မိသွား ၊ သိသွား လို့ ကတော့ မင်းတို့ မလွယ်ဘူး ။ အိပ်ယာလိပ် ချက်ခြင်း လိပ်ပီး ပြန်ရမယ် သာ မှတ် ။ ဒီကိစ္စ ပါမောက္ခ နား အထိ ရောက်သွား နိုင်တယ် ။ ဒါဆို မိုး မီးလောင်ပြီ ။ ဘာကွ ...
မပူစမ်းပါနဲ့ ၊ ငါ တယောက် လုံး ပါ ပါတယ် ။ ခရု မှာ လဲ အဆန် နဲ့ လူ မှာ လဲ အကြံ နဲ့ ပါကွ ။ ဒီမှာ တွေ့လား ၊ ဟောဒီ ဘရန်တမ် ကွန်ပတ်စ် ရှိနေ သရွေ့ ရွှေ မရှား ၊ ငွေ မရှား ကောင်းစားဖို့ ရှိတယ် မှတ်ပါ ။ မင်းတို့ သိတာ ဒီ ကွန်ပတ်စ် နဲ့ ကျောက်တွေ ရဲ့ အငိုက် နဲ့ ငိုက်မတ်ကြောင်း တိုင်း တာတို့ ၊ ပထဝီ တောင်မြောက် ပြမယ် တို့ လောက် သိတာ မဟုတ်လား ။ ငါ့ လက် ထဲ က ဘရန်တမ် ကွန်ပတ်စ် က ငါတို့ ကို ထန်းရည်တွေ အလကား သောက်ရအောင် လုပ်ပေးမှာ ကွ ၊ အလကား မရတောင် ဈေးပေါပေါ နဲ့ တဝကြီး သောက်ရမယ် ဟေ့ ။ ပြောပါပကော အကြံ နဲ့ ပါဆို ၊ တောသူ တောင်သား ဆိုတာ ... ၊ အင်း ... ငါတို့ ပြုသမျှ ပါပဲ ကွာ ၊ သနားစရာ တော့ အကောင်းသား ။
မနှစ်တုန်း က “ အနီးစခန်း ၊ သုံးတောင် ” ဧရိယာ ဘက် ဖီး လ် ဆင်းကြတုန်းက ၊ “ ဇီးပင်ကြီး ” ဘူတာ မှာ ပိန္နဲသီးတွေ ရောင်းနေတဲ့ အဒေါ်ကြီး တယောက် ကို တွေ့ တယ် ။ မွှေး လိုက်တဲ့ ပိန္နဲသီး တွေ ကွာ ။ အနံ့ ကို အီ နေတာပဲ ။ ပိန္နဲနံ့ ကြောင့် ဆာ နေတဲ့ ဗိုက် တောင် ပို ဆာ လာသလိုပဲ ကွ ။ သူ့ အသီးတွေ ထဲ က သိပ် မွှေးတဲ့ အသီးကြီး တလုံး ကို ဘရန်တမ် ကွန်ပတ်စ် နဲ့ ထောက် တဲ့ ပြီး ဒီ ကလကျွတ် ( ကု,လားကျွတ် ) သီးက ဘယ်လောက်လဲ လို့ မေးတော့ ပိန္နဲသီးသည် အဒေါ်ကြီး က ကွန်ပတ်စ် ကို ကြည့်လိုက် ၊ ငါ့ ကြည့် လိုက်နဲ့ ။ အံ့ဩ နေလိုက်တာ မင်း တို့ မြင် စေချင်တယ် ။
သူ့ စိတ် မှာ ဒီ ကရိယာ က ရိုးရိုး ပိန္နဲသီး နဲ့ ကလကျွတ် ကို အမျိုးအစား ခွဲတဲ့ ထူးဆန်းတဲ့ စက် လို့ လဲ ထင် နေသလား မသိဘူး ။ သူ့ ပိန္နဲသီးတွေ ထဲ မှာ လဲ ကလကျွတ် က ဒီ တလုံး ထဲ ပဲ ပါတာ ထင်ပါရဲ့ ။ အဲဒါကို ငါ က ဒက်ထိ မှန်အောင် ပြောချ လိုက်တော့ ဖြုံ သွား မှာပေါ့ ။ ငါ ကလည်း တကယ်တော့ ကလကျွတ် မှန်း သိလို့ တော့ မဟုတ်ဘူး ။ စွတ်ရွတ် ပြော ချ လိုက်တာ ၊ ကံကောင်းချင် တော့ ကြက်ကန်း ဆန်အိုး တိုး သွားတာပေါ့ ။ တကယ်လို့ အဲဒီ အသီး က ကလကျွတ် မဟုတ်ဘူး ဆိုလည်း တမျိုး လှည့် ပတ် ပြောပစ်လိုက် အုံးမှာပဲ ။ အဒေါ်ကြီး က အံ့ဩသံကြီး နဲ့ ငါးကျပ် ပါ လူကလေး ရယ် တဲ့ ။ သူ အံ့ဩနေပုံ ကို မင်းတို့ မြင်စေချင်တယ် ။ တကယ် ဟား ရ တယ် ကွာ ။ ငါ ဖြင့် မရယ်မိ အောင် ဘရိတ် မနည်း အုပ်ထား ရတယ် ။ ငါ က ကွန်ပတ်စ် ကိုင် ထားတဲ့ လက် ကို အသာကလေး လှည့် ပေးလိုက်တော့ သံလိုက် အိမ်မြှောင် အညွှန်း က သုည ကို ပြ နေတာပေါ့ ။ အဒေါ်ကြီး ငါးကျပ် ဆို များပါတယ် ပေါ့ ။ ဟောဒီမှာ ကြည့် ပိန္နဲသီး က အဆန် သိပ် မပါဘူး ။ အမျိုး လဲ သိပ် ကောင်းပုံ မရဘူး ။ ချိုမယ့်ပုံ လည်း မပေါ်ဘူး ။ စက် ထဲ မှာ သုည ပြနေတယ် တွေ့လား လို့ ခပ်တည်တည် နဲ့ လှိမ့်လိုက်တာ ။ ငါ့ လက် ထဲ က ဘရန်တမ်ကွန်ပတ်စ် ကို ပဲ အံ့ဩ နေ တာလား ။ ငါတို့ ခါး က ဘူမိဗေဒသုံး တူ တို့ ဓားမြှောင် တို့ ကို လန့် လို့လား ။ စစ်ခြေနင်းကြီး တွေ ၊ ဂျင်းဘောင်းဘီတွေ က ခန့် လွန်း လို့လားတော့ မသိဘူး ။ ငါ ဆစ်တဲ့ သုံးကျပ် နဲ့ ရ လာခဲ့တယ် ။ ငါ ထင်တယ် ။ အဲဒီ အသီးမျိုး “ ကျင်ကနိုင် ” တို့ “ အောင်ချမ်းသာ ” တို့ “ ကျောက်ဖျာဒိုး ” တို့လို ကားလမ်း နံဘေး က ဆိုင်တွေ မှာ ဆိုယင် အနည်းဆုံး ရှစ်ကျပ် တဆယ် လောက်တော့ ရောင်းမယ့် အသီးကြီး ၊ အစ က တော့ အလကား စား ရအောင် နှပ်ချအုံး မလို့ပဲ ။ အဒေါ်ကြီး ကြည့်ပြီး သနား လာ တာ နဲ့ သုံးကျပ် ပေး ပစ်ခဲ့တယ် ။ ကောင်း လိုက်တဲ့ အသီးကြီး ကွာ ။ ချို လိုက်တဲ့ အမျိုး ၊ တခါမှ ဒီလောက် ကောင်းတဲ့ အမျိုး ကို မစားဖူးဘူး ။ ငါးကျပ် မ က တန်တယ် ကွ ။ ငါတို့ တဖွဲ့လုံး ကို ဝအီ သွားတာပဲ ။ အဲဒါ ဟောဒီ ဘရန်တမ်ကွန်ပတ်စ် ရဲ့
တံခိုးပဲ ။ အခုလည်း ...
••••• ••••• •••••
သူတို့ အဖွဲ့ လာနေတာ ကျုပ် ခပ်လှမ်းလှမ်း ကတည်း က မြင်တယ် ။ တဖြည်းဖြည်း နဲ့ လည်း နီး လာရော ကျုပ် ဖြင့် ဝမ်းသာ လိုက်တာ ။ ဘယ်သူတွေ ရှိရ မတုန်း ။ ဘူမိဗေဒ ကွင်းဆင်း လာကြတဲ့ ကျောင်းသားတွေ ပေါ့ ။ သူတို့ အဖွဲ့ က အားလုံး ခြောက်ယောက် မှတ်တယ် ။ ကျုပ် တဲ ကို လာတာပဲ ဖြစ်ပါစေလို့ ဆုတောင်း မိတယ် ။ သူတို့ နဲ့ စကားစမြည် ပြောချင် နေတာ ကြာလှပြီ မဟုတ်လား ။ မြို့ က သတင်း ပလင်းတွေ လည်း ကြားရ ၊ တက္ကသိုလ် အကြောင်းတွေ လည်း သူတို့ ဆီ က နားထောင် ရ တာပေါ့ ။
ဟိုး ... အရင်နှစ် က ဒီကို လာ ကြတဲ့ ကျောင်းသားတွေ ဆိုယင် ကျုပ်တို့ နဲ့ ခင်သွား လိုက်ကြတာ ၊ စာတွေ အပြန်အလှန် ရေးကြ ၊ သာမှုနာမှု ဖိတ်စာတွေ ပို့ကြနဲ့ ။ ဘယ်လောက် ပီတိ ဖြစ်စရာ ကောင်း သတုန်း ။ ကျုပ် ဖြင့် သူတို့ ဒီလို လာယင် ပျော်လို့ ၊ ကျေနပ်လို့ ၊ သူတို့ ပြန်ယင် လွမ်း ကျန်ခဲ့ရတာ ။ သူတို့လို ကျောင်းသားတွေ ဆိုယင် အထင် ကြီးကြ ၊ လေးစား ကြတာ ကျုပ် မှ မဟုတ်ပါဘူး ၊ တရွာလုံး က ပါပဲ ။
ကျုပ် က တော့ စာနာစိတ် ပိုမိတယ် ။ အခု ကျုပ် ဆုတောင်း ပြည့်တယ်ဗျ ။ သူတို့ ကျုပ် ထန်းတဲ ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာကြတယ် ။ နို့ပေမယ့် စကားစမြည် ပြောကြည့်တော့ စိတ် မချမ်းသာ လိုက်တာဗျာ ။ ဟို ... အသားဖြူဖြူ ထောင်ထောင်မောင်းမောင်း ကောင်လေး လက် ထဲ မှာ သံလိုက်အိမ်မြှောင် တခု ပါ လာတယ် ။ အဲဒီ ကောင်လေး က ထန်းရည် ရှိသလား အပေါင်းအသင်း တဲ့ ။ ကျုပ် က နဂို က မှ သူတို့ ကို စိတ်ဝင်စား နေတဲ့ သူ ၊ သဒ္ဓါ ပေါက် ပြီးသား မဟုတ်လား ။ ရှိတယ်ပေါ့ ။
ဒီ ကောင်လေး က ထန်းပင်တွေ ကို သံလိုက်အိမ်မြှောင် နဲ့ ထောက် ကြည့်လိုက် ၊ ထန်းပင် ကို ခပ်တည်တည် နဲ့ မော့ ကြည့်လိုက် လုပ်တယ် ။ သူ နဲ့ ပါ လာတဲ့ ကောင်လေးတွေ က တော့ မျက်စိမျက်နှာ ပျက်လို့ ။ မြူအိုးတွေ ကို သံလိုက်အိမ်မြှောင် နဲ့ ကပ်ပြီး တိုင်းလိုက် နဲ့ လုပ်ပြီး အပေါင်းအသင်း ရဲ့ ထန်းရည် က အမျိုး သိပ် မကောင်းပါလား ၊ ဘာတွေများ ရော ထားသေးလဲ ၊ ဒီ စက် ထဲ မှာ ကြည့်ပါအုံး တဲ့ ။
ပထမ တော့ ကျုပ် လည်း ကြောင် သွားတာပေါ့ ။ နောက်တော့ သူ လုပ်ပုံကိုင်ပုံ တဖြည်းဖြည်း နားလည် လာတယ် ။ စိတ် ထဲ မှာ လည်း တော်တော် မြင်ပြင်းကပ် သွား မိတယ် ။ ဝမ်းလည်း နည်း မိတယ် ။ လေ တိုက်လို့ အမှုန်အမွှား နည်းနည်းပါးပါး ပါ တာပါ ။ ဘာမှ မဖြစ်နိုင်ပါဘူး ။ ဘာမှ လည်း ရော မထားပါဘူး လို့ အကျိုးသင့် အကြောင်းသင့် ပြော ပြရတယ် ။ အစ ကတည်း က သူတို့ နဲ့ ကျုပ် က မိတ်ဆွေ ဖြစ်ချင် နေတာ ၊ ကိုယ် က တတ်နိုင် သလောက် ကျွေးမွေး ချင်တဲ့သူ မဟုတ်လား ။ ပိုက်ဆံတွေ ဘာတွေလည်း ယူဖို့ စိတ် မကူးပါဘူး ။ သူတို့ ထန်းရည် သောက် ကြတာ ကို အသာ ပဲ ထိုင် ကြည့် နေလိုက်တယ် ။ ကောင်လေးတွေ ထန်းရည် သိပ် သောက်ဖူးပုံ မရဘူး ။ သူတို့ အထဲမှာ ဟို ဖြူဖြူ ထောင်ထောင် မောင်းမောင်း ကောင်လေး က အဆိုးဆုံး ။ သင်းကွဲကလေး ။ သောက် လိုက်တာ က တကွပ်ကွပ် နဲ့ ။ သောက်တာ ရိုးရိုး သောက်သွား ယင် ဘာ အကြောင်းလဲ ဗျာ ။ အခုတော့ နောက်ထပ် ပေး တဲ့ တမြူ ကို သံလိုက်အိမ်မြှောင် နဲ့ တိုင်း ကြည့်ပြီး ဒီ အိုး က ပို ညံ့ သေးသတဲ့ ။
ကျန်တဲ့ ကလေးတွေ က သူ လုပ်ပုံကိုင်ပုံ ကို ကြည့်ပြီး စိတ်ပျက် နေကြပုံပဲ ။ ဒီ ကောင်လေး က နောက် တဆင့် တက်ပြီး အမြည်း ရော မရှိဘူးလားတွေ ၊ ဘာတွေ လုပ် လာတယ် ။
ကျုပ် က ထန်းရည် ရောင်းစားတဲ့ လူ ၊ အမြည်း ရောင်းတဲ့ လူ မှ မဟုတ်ပဲ ။ ထန်း တက်ပီး ထန်းလျက် ချက် နေတဲ့ ဥစ္စာ ၊ ဘယ် က လာ အမြည်း ရှိရမလဲ ၊ သူတို့ တောင် မှ ဘကြီးကျော် တို့ မှာ ထားလို့ အလျဉ်ကလေး နဲ့ တနေ့ သုံးလေးမြူ လောက် တည် ထားတဲ့ ထန်းရည် ကို သောက်ရတာ ဥစ္စာ ။ ကျုပ် ဘာမှ မပြောပဲ အစ အဆုံး ငြိမ် နေ မလို့ ပါ ပဲ ။ နို့ပေမယ့် နောက်နောင် ကျ ယင် ဒီလိုပဲ မသိ နားမလည်တဲ့ ထန်းသမား တွေ ရဲ့ ရိုးသားဖော်ရွေမှု ကို လူလည် လုပ်မှာ ၊ အမြတ် ထုတ်မှာ ၊ အတင့် ရဲ လာမှာ စိုးရသေးတယ် မဟုတ်လား ။
သူတို့ ကောက် လာတဲ့ ကျောက် နမူနာခဲတွေ ထဲ က ကျောက်ဖြစ် ရုပ်ကြွင်းကလေး တချို့ ပါလာတာ တွေ့တော့ ကျုပ် စိတ် ထဲ မှာ တမျိုးပဲ ။ ဒီလို ကျောက်ဖြစ်ရုပ်ကြွင်း တွေ ကို ကျုပ် သိပ် သဘောကျတာ ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ ဟာလေးတွေ လေ ။
သူတို့ ကောက်လာတဲ့ ရုပ်ကြွင်းတွေ ထဲ က တကောင် ကို တော့ ကျုပ် ကောင်းကောင်း သိတယ် ။ ပို သေချာအောင် သူတို့ ကို ဒါ က “ ဘရက်ခီအိုပေါ့တ် ” မဟုတ်လား လို့ မေး လိုက်တော့ ၊ ကျုပ် ပါးစပ် က အင်္ဂလိပ် လို ထွက်လာ လို့လား ၊ ဘာလား တော့ မသိဘူး ။ ဒီ ကောင်လေးတွေ နည်းနည်း လန့်ပြီး အံ့ဩ သွားပုံ ရတယ် ။ ကျုပ် နေပုံ ၊ ထိုင်ပုံ ၊ ဝတ်ပုံ ၊ စားပုံ ၊ ကျုပ် လုပ် နေတဲ့ အလုပ် နဲ့ ဒီ စကားလုံး နဲ့ ဘာ ဆိုင်လို့လဲ လို့ ထင်ချင် လည်း ထင်ကြ လိမ့်မယ် ၊ မင်းတို့ ရဲ့ ဖီးလ်လီဒါ ဆရာ က ဘယ်သူလဲ လို့ လည်း ထပ် မေး လိုက်သေးတယ် ။ ကွင်းဆင်း အဖွဲ့ခေါင်းဆောင် ဆရာ လို့ မသုံးတော့ဘူး ... သေသေချာချာ ကို ဗိုလ်လို ပြော ပစ်လိုက်တာ ။ ပြောကျင့် မရှိ လို့ ကျုပ် အသံထွက်ကြီး က ဘယ်လို နေတယ်တော့ မသိဘူး ။ နို့ပေမယ့် အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ပြောချ လိုက်တာပဲ ။ သူတို့ ဆရာ ဦးမြေဖြူ ကို ကျုပ် ကောင်းကောင်း သိ တာပေါ့ ။ မျက်မှန်ထူထူ နှုတ်ခမ်းထော်ထော် နဲ့ ဆရာ ။ သိပ် ဟုတ်တာပေါ့ ။ ကျုပ်တို့ ဒေသရဲ့ “ ကျောက်ပညာ“ နဲ့ မဟာသိပ္ပံဘွဲ့ ယူခဲ့တဲ့ ဆရာ ပဲ ။ သူ့ ကျမ်း အတွက် ကျုပ်တို့ ရွာ မှာ အကြာကြီး နေ သွား တည်း သွား တဲ့ ဆရာ ၊ ပီးတော့ ကျုပ် ဆရာရင်း ။ ဆရာရိုး ၊ ဆရာအေး ၊ ဆရာမှန် ၊ ဆရာဖြောင့် ကြီး ပါ ။
ဒီ ကောင်လေးတွေ ဦးမြေဖြူ တပည့် ဆိုတာ ယုံနိုင်စရာတောင် မရှိဘူး ။ ' ထန်းနီးကန် ' က ဆရာ့ တပည့် ဖိုးသံစိမ်း နဲ့ တွေ့တယ် လို့ ပြော လိုက်ပါကွာ ။ ရွာ က မိတ်ဆွေတွေ နဲ့ ဆရာ့ တပည့် က ဆရာ ကိုယ်တိုင် လိုက် မလာလို့ စိတ်ဆိုး နေကြတယ် လို့ လည်း ပြော လိုက်ကြအုံး ။ မင်းတို့ မပြန်ခင် ငါ့ ဆရာ ကို လာ ကန်တော့ယင်း ထန်းလျက် လက်ဆောင် လာ ပေးရအုံးမယ် လို့ လည်း မှာ လိုက်တယ် ။ ကျုပ် နောက်ဆုံး နှစ် မှာ သင် ရတဲ့ ဗမာပြည် ရဲ့ ထရဗေဒ တချို့ မှတ်မိ သလောက် ပြန်ပြီး သူတို့ နဲ့ နှီးနှော ကြည့်မိတယ် ။ ကျုပ် လည်း သိပ် မမှတ်မိပါဘူး ။ နည်းနည်းပါးပါး မှတ်မိ တာပါ ။ ဗမာပြည် ရဲ့ ထရဗေဒတွေ က ပဲ ပြောင်း ကုန် သလားတော့ မသိဘူး ။
ကောင်လေးတွေ လည်း စမ်းတဝါးဝါး နဲ့ စကား ပြောလို့ ကို မကောင်းတော့ဘူး ။ အိုးနင်းခွက်နင်း ဖြစ် ကုန်ကြ ၊ မျက်စိ မျက်နှာ ပျက်နဲ့ ၊ ထ ပြန်ကြမယ် တကဲကဲ ။ ခုနက သံလိုက်အိမ်မြှောင် တကိုင်ကိုင် လုပ်တဲ့ ကောင်လေး ရဲ့ မျက်နှာ ကို မြင်စေ့ချင် တယ်ဗျာ ။ ထန်းသီး လောက် ကျန်တော့ တာ ၊ လူ မိတဲ့ မျက်နှာ နဲ့ ။ ဒီလို ကျတော့ လည်း သနားစရာကလေး ပါ ။ မယူပါဘူး ဆိုတာ ကို ပိုက်ဆံ ဇွတ်ပေးပြီး ပြန် သွားကြ လေရဲ့ ၊ ဟောဒါ သူတို့ ပေးသွားတဲ့ ကျပ်တန် အနွမ်းလေးတွေ ပေါ့ ။ ဒါတောင် ကျုပ် ဘာကြောင့် ပညာ တပိုင်းတစ နဲ့ တက္ကသိုလ် က ထွက် ခဲ့ရတယ် ဆိုတာ သူတို့ သိ မသွားကြဘူး ။
အင်း ... အကြောင်းစုံများ သူတို့ သိ သွားယင်တော့ ။
◾ညီပုလေး
📖 ရှုမဝ မဂ္ဂဇင်း
အောက်တိုဘာ ၊ ၁၉၈၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment