Tuesday, October 10, 2023

ဒီစိတ် နှင့် ဒီအရွယ်


 ❝ ဒီစိတ် နှင့် ဒီအရွယ် ❞  


ကျွန်တော် သည် ဇာတိ ဌာနေ မွေးရပ်မြေ သို့ ပြန် ရန် ကွမ်းခြံဘူတာကြီး သို့ ရောက်ခဲ့သည် ။ ရန်ကုန် - ပြည် သွား အမြန်ရထား သည် နာရီပြန် တစ်ချက် တိတိ မှာ ထွက်မည် ဖြစ်သော်လည်း ကိုယ်ပိုင်ကား ဘယ်တော့ မှ စီးနိုင်မည်လဲ ဟု စိတ်ကူး မျှ ထည့်နိုင်သူ မဟုတ်၍ ကြိုကြိုတင်တင် ၁၁ နာရီခွဲ က အိမ် မှ ထွက် ခဲ့ရာ ငါးပိသိပ် ငါးချဉ်သိပ် ပြည်သူ့ဘတ်စ်ကား ကို စောင့် နေစဉ် သုံးဘီးကား အဆင်သင့် သဖြင့် နှစ်ကျပ်ခွဲ လောက်တော့ အပို ကုန်ချင် ကုန်ပါစေတော့ ဟု စွန့်ခြင်းကြီး တစ်ပါး ဖြင့် ဘူတာကြီး သို့ ၁၂ နာရီ တွင် ရောက်ခဲ့တော့ ၏ ။ သွားမည့် ရထား က တွဲ မျှ မထိုး သေးပေ ။


ကျွန်တော် သည် တစ်ယောက် တည်း သယ်ယူရန် လွယ်ကူ သော လက်ဆွဲအိတ်ကလေး နှစ်လုံး ဖြင့် ဘူတာကြီး စင်္ကြံ အတွင်း ခုံ တစ်ခု မှာ သွား ထိုင်နေသည် ။ “ အင်း ... လိုက် ပို့မယ့် လူ မရှိ ၊ ငါ့ တစ်ယောက်တည်း ပါလား ဟ ” ယင်း ၌ ရှေးယခင် ခေတ်ဟောင်း ကို ပြန်ပြောင်း စဉ်းစားမိ သည် ။


ကိုသန်းဆွေ တို့ ၊ ကိုမိုးဝေ တို့ ၊ သွားလေသူကြီး တို့ ရှိလေသေးသူ ကိုမင်းရှင်ကြီး တို့ ဤ သုံးယောက် ကား ကျွန်တော် နှင့် အရင်းနှီး ဆုံး သော သောက်ဖော်ကြီးများ ဖြစ်၏ ။ နေ့စဉ် လိုလို ကျွန်တော် တို့ သည် အတူတကွ တွေ့ဆုံ ကြ၏ ။ ပင်ရင်း ဌာနကား တာဝှာဘား ဖြစ်၏ ။ တစ်ယောက် ယောက် က အစ ပြု ကာ တယ်လီဖုန်း ဖြင့် ချိန်း လိုက်၏ ။ ကျွန်တော် နှင့် သန်းဆွေ ရှိတတ်သည် က ရှုမဝ ၊ မိုးဝေ က စုံထောက်မဂ္ဂဇင်းတိုက် ၊ သို့မဟုတ် ဘလူးစကိုင်းဘား ၊ မင်းရှင် က ( အဲသည် တုန်း က ) အသံလွှင့် ရုံ ၊ ( သောတရှင်မဂ္ဂဇင်း ကိုင် တုန်း ... )


ထိုခေတ် ၌ ကျွန်တော်တို့ သည် ကိုယ့် အိတ် ထဲ ပိုက်ဆံ ရှိတာ မရှိ တာ ကို မစဉ်းစား ၊ သည် အဖော် တစ်သိုက် တွေ့ဆုံကြ ဖို့သာ အရေး ကြီး ၏ ။ တွေ့ လျှင် တစ်နည်း တစ်ဖုံ ဖြစ်ကြသည် သာ ။


ကျွန်တော်တို့ အထဲ၌ အထူးချွန်ဆုံး မှာ မိုးဝေ ဖြစ်၏ ။ သူ သည် ဘာသာပြန် မှီးရေးသမား ဖြစ်လေရာ အင်္ဂလိပ်စာအုပ် ကို ကိုင်ကာ အရက် သောက် နေရင်း လည်း စာ ရေးနိုင်သူ ဖြစ်၏ ။ စက္ကူ နှင့် စာအုပ် သာ ပါခဲ့ ၊ ပိုက်ဆံ တစ်ပြား မှ မပါဘဲ နှင့် အရက်ဆိုင် ထဲ ဝင်ထိုင် ၊ ရေး ရင်း သောက် ၊ တစ်ဖောင် စာ လောက် ပြီးလျှင် သူ့ တပည့်ကြီး အောင်ကျော် ကို မိုးဝေ ရေး နေသည့် ဝတ္ထုတိုက် သွား ပို့ ခိုင်း ၊ အပြန် မှာ ပိုက်ဆံ ပါ လာခဲ့၏ ။


ဒုတိယ ထူးခြားသူ မှာ မင်းရှင် ဖြစ်၏ ။ သူ က လခ လည်း ကောင်း သည် ၊ သောတရှင် မဂ္ဂဇင်းလည်း ကိုင်ရသည် ဖြစ်၍ သူ့ အိတ် ထဲ မှာ ငွေ မပြတ် ရှိ၏ ။ သို့သော် သူ သည် မမူးခင် မှာ ပိုက်ဆံ ရှိသမျှ ထုတ် မပြ သေး ဘဲ “ ကျွန်တော့် တော့ ဒါပဲ ရှိတယ်ဗျ ” ဟု ပြောပြီး ငါးကျပ်တန် ၊ ၁၀ တန် လောက် သာ ပထမ ထုတ်၏ ။ “ အေး  လည်း .. ဒါလည်း ဖြစ်ပါ တယ် ” ဟု ကျွန်တော် တို့ က ပြောပြီး စ သောက်ကြ၏ ။ တစ်လုံး လောက် ကုန်ပြီ ဆိုတော့ ကျွန်တော် တို့ မှာ လည်း ပိုက်ဆံ မရှိတော့ဘူး ဟု ညည်းညူ ကြ၏ ။ ဒီတော့ မင်းရှင် သည် သူ့ အိတ် ထဲ က ပိုက်ဆံ တွေ အထပ် လိုက် ထုတ် လာ၏ ။ သို့သော် နှုတ် က “ ဟောဒီမှာ တော့ ရှိတယ်ဗျာ ၊ ဒါပေမဲ့ သောတရှင် မဂ္ဂဇင်း က ပိုက်ဆံတွေ ဗျ ၊ ကျွန်တော် သုံးလို့ မဖြစ်ဘူး ” 


ဒီတော့ ကျွန်တော် က “ ဒါဖြင့် သန်းဆွေ ကို ချေး လိုက်ကွာ ၊ သန်းဆွေ က ရှုမဝ က ရတော့ ပြန်ဆပ် ပေါ့ ၊ ဒါမှ မဟုတ်ရင် သောတရှင် ကို ဝတ္ထုတို ရေး ပေးလိုက်ကွာ ၊ ဟုတ်တယ် မဟုတ်လား ” 


သန်းဆွေ က ပြုံးစိစိ နှင့်ခေါင်းညိတ်တော့ မင်းရှင်က “ တကယ် နော် ... ၊ ဒါပေမဲ့ များများတော့ မပေးနိုင်ဘူး ၊ ၁ဝ ပဲ ” ဟု ဆိုခြင်းဖြင့် ကျွန်တော် တို့ အသေး တစ်လုံး မှာ ကြ ပြန်၏ ။ ဒါလေး ကုန်ပြန် တော့ လည်း ကျွန်တော် တို့ မဝကြ သေး ၊ ဒီအခါ မှာ ကျွန်တော် က ချေး ပြန်၏ ။ ထို့နောက် မိုးဝေ က ချေး၏ ။ ယင်းသို့ ဖြင့် ကျွန်တော် တို့ လေးငါးဆယ် ဖိုး သောက် ပစ် လိုက်ကြသည် ။ ယင်း၌ ကျွန်တော် တို့ က မင်းရှင် ပိုက်ဆံ ကို ညာ သောက်ကြသည် ဟု ထင်ဖွယ် ရှိနေသည် ။ မဟုတ်ပါ ၊ ကျွန်တော် တို့ ၌ ပိုက်ဆံ ရှိသော အခါ၌ မင်းရှင် ကို အကြောင်း ကြား လိုက်၏ ။ တာဝှာ ဘား မှ နေရင်း ညနေ ၃ နာရီ ကျော်ကျော် သူ ရုံးဆင်း ခါ နီး လောက် သူ ရှိ ရာ အသံလွှင့်ရုံ သို့ ဖုန်း ဆက် လိုက်၏ ။


“ ဟေ့ မင်းရှင် ၊ တို့ တော့ ဝိုင်း စ နေပြီ ၊ အေး ... သန်းဆွေ ရော မိုးဝေ ရော ပေါ့ .. လာခဲ့ကွာ မြန်မြန် ” 


သို့နှင့် သူ နာရီဝက် အတွင်း ရောက် လာသည် ။ ကျွန်တော် တို့ ထောင် ထား နှင့် သော အကြီး တစ်လုံး ကုန်သော အခါ ... 


“ ကဲ .. မင်းရှင် က နောက် တစ်လုံး မှာ ကွာ ” 


သူ့ အင်္ကျီအိတ် တွေ ပုတ်ခါ ပြ ၍ ...


“ ဟာ ... ကျွန်တော့် မှာ ပိုက်ဆံ မရှိဘူး ဗျ ၊ ခင်ဗျားတို့ က ခေါ် လို့ လာ တာပဲ ၊ တကယ်ပါ .. ကျွန်တော့် ရှိရင် ဘယ်တုန်း က ငြင်းဖူး လို့ လဲ ”  


“ ဟုတ်ပါတယ် ၊ မောင် ရင့် တော့ ယုံပါတယ် ၊ ကဲ ... သန်းဆွေ က မှာ ကွာ ” 


“ ဟာ ... ကျွန်တော့် မှာ လည်း မရှိဘူးဗျ ” 


သည်တော့ ကျွန်တော် က သန်းဆွေ အိတ် ထဲ မှ နှိုက်ထုတ် လိုက် ၍ 


“ ကဲ .. ဒါက ပိုက်ဆံ မဟုတ်လို့ ဘာလဲ ” 


“ ဟာ .. ဒီ ငွေလေး ၁ဝ က အရင် မင်းရှင် ဆီ က ချေး ထားတာ ပြန် ဆပ် မလို့ပါဗျာ ၊ ရော့ ရော့ ... ၊ ကိုမင်းရှင် ခင်ဗျာ့ ပိုက်ဆံ ”  


တစ်ဖန် ကျွန်တော် က မိုးဝေ သို့ 


“ ဒါဖြင့် မိုးဝေ က မှာ ကွာ ”  


“ ဟာ ... ဟာ ကျွန်တော့်မလဲ ဟောဒီမှာ မင်းရှင် ကို ဆပ်ဖို့ ငွေ ၁၀ ပဲ ပါတယ် ဗျ ၊ ရော့ ရော့ ... ၊ ကိုမင်းရှင် ခင်ဗျာ့ ပိုက်ဆံ ”  


ယင်း ၌ မင်းရှင် က လည်း လူပါး ပဲ ၊ ရိပ်မိပြီ ။ 


“ အဲ ... အဲ ... ခင်ဗျား တို့ လုပ်ပုံ ကျွန်တော် သိပါပြီ ဗျာ ”  


“ အယ် ... ဟုတ်ပါတယ် ၊ တို့ မင်းရှင် က ပိုက်ဆံ ရှိရင် ဘယ်တော့ မှ မငြင်းဘူး ကွ ” 


ယင်းသို့ လျှင် ကျွန်တော် တို့ သည် နေ့စဉ် လိုလို တွေ့နေ ကျ ၊ သောက်နေ ကျ ဖြစ် လေတော့ တစ်ယောက် ယောက် က ရက် အတန်ကြာ ခရီး သွားမည် ဆိုလျှင် ဘူတာ သို့ လိုက် ပို့နေကျ ဖြစ်၏ ။ ပို့သည့် အကြောင်း ရင်း မှာ လည်း ထိုစဉ် အခါ မှာ ဘူတာကြီး တွင် မီးရထားဟိုတယ် ရှိလေရ ကား ခရီးသွား သူ သည် အိတ် ထဲ ပိုက်ဆံ ပါမြဲ ဖြစ်သည် နှင့် အညီ တစ်စားပွဲ တော့ သောက်ပွဲ ကျင်းပခဲ့ရသော ကြောင့် ဖြစ်၏ ။


ဪ .. ယခုတော့ သန်းဆွေ နဲ့ မိုးဝေ လည်း မရှိတော့ပြီ ၊ မီးရထား ဟိုတယ်ကြီး လည်း မဖွင့်တော့ပြီ ၊ မင်းရှင်ကြီး နဲ့ ကျွန်တော် လည်း သောက်ခေါင်း ကွဲ သွားလေပြီ ။ ရန်ကုန်မြို့ က အရက်ဆိုင်တွေ ပြည်သူပိုင် သိမ်း ၍ ပိတ်ပြီး နောက် ပိုက်ဆံ အရင် ပေး ... ခွက်ထိုး ခွက်ခံ စနစ် နှင့် ပြန် ဖွင့် လိုက် ကတည်း က ကျွန်တော်တို့  သောက်ခေါင်း ကွဲသွားကြခြင်း ဖြစ်သည် ။ သန်းဆွေ ကား ၁၉၆၄ ခုနှစ် တွင် သေ၍ ယင်း ခေတ် ကို ကြုံ မသွားရပေ ။ မိုးဝေကြီး ကား ၁၉၆၆ ခုနှစ် မှ ကြွ သဖြင့် ချက်အရက် ပင် တန်းစီ သွားခဲ့ ဖူးသေးပေသည် ။


ကျွန်တော် သည် ဤ အကြောင်းတွေ ပြန်ပြောင်း တွေးရင်း ခပ် ညောင်းညောင်း ရှိလာသည် နှင့် ထိုင်ရာ မှ ထခဲ့၍ ယခင် ဟိုတယ်ခန်းမ ဆီ သို့ လျှောက်ခဲ့သည် ။ BAR ENTRANCE အရက်ခန်း ဝင်ပေါက် ဟူသော ယင်း အင်္ဂလိပ်စာ က တော့ တံခါးပေါက် နား မှာ ရှိနေပါသေး၏ ဗျား ။


“ နန်းတော်ကြီး ဆောက်ရဲ့ သား နဲ့ တစ်ယောက် က မှ လည်း မတွေ့ ရတယ် ၊ ရွှေနန်းရှင် ရယ် ” ဆိုဘိ သို့ “ ဟိုတယ်ကြီး အထင်းသား နဲ့ တစ်ပုလင်း မှ လည်း မတွေ့ ရတယ် ၊ သေစမ်းချင်တယ် ” ဟု အော်လိုက် ချင် မိပါ၏ ။ ဟိုတုန်း က ဆိုလျှင် ရထား ထွက် ဥသြ မပေးမချင်း ကျွန်တော် တို့ လူသိုက် ဒီ စားသောက်ခန်း ထဲ မှာ ပေါ့ ၊ နောက် ရထား ပေါ်အထိ လိုက် ကြ ၍ ရထား ထွက် မှ ခုန်ဆင်း ကြ၏ ။ ပြီးတော့ လက်ကလေး တွေ ဝေ့ကာ ယမ်းကာ ပေါ့ ... ။


ယခုတော့ အမြန်ရထား တို့ တွင် လိုက်ပို့ သူမှာ ရထားနား မသီရ ၊ သံဆန်ခါ အပြင်ဘက် က သာ နေရ၏ ။ အချို့ “ ခွဲရမှာ သဲမြညှာ ” တို့ မှာ အကျဉ်းသား နှင့် စကား ပြောရသည် နှယ် ၊ ရထားတွဲ ထိုးသည် မှာ လည်း ထွက်ရန် နာရီဝက် အလို မှ သာ ။


ဟော ၁၂ နာရီခွဲ ခန့် ၌ မောင်မင်းကြီးသား တွဲထိုးခေါင်း က နောက် ပြန် တွန်း ၍ ဝင် လာပါပြီ ။ သံဆန်ခါ အပေါက်ဝ မှ လူများ စုပြုံ တိုးကြိတ် ဝင် ကြသည် ။ အချို့ ပစ္စည်း တို့ကို စစ်ဆေးကြည့် သေးသည် ။ သည် ရထား မှာ ကြိုတင်လက်မှတ် နှင့် တွဲနံပါတ် ၊ ခုံနံပါတ် ပါပြီး ဖြစ်၍ ကျွန်တော် က လူ ပါး သွားမှ ခပ်အေးအေး ပဲ ဝင် ပါသည် ။


အင်း ကျွန်တော့် တွဲနံပါတ် ( ၄ ) ခုံနံပါတ် ( ၅၂ ) ဖြစ် နေရာ ကျွန်တော့် ရှေ့တည့်တည့် ခုံနံပါတ် ( ၅၃ ) က ယခုခေတ် အခေါ် ဆယ်ကျော်သက်ရွယ် မှ နှစ်နှစ် ၊ သုံးနှစ်မျှ ကျော် ဦးမည့် ကောင်မကလေး တစ်ယောက် တစ်ဦး တည်း ထိုင် နေသည် ဖြစ်ရာ သူ့ မှာ အဖော် မပါ ဟု တွက်ရ ပေသည် ။ မကြာမီ ၌ ကျွန်တော် တို့ ခုံနံပါတ် လေးယောက် မျက်နှာချင်းဆိုင် ဖြစ်သော ( ၅၁ ) ၊ ( ၅၄ ) တို့ အခြားသူ များ ရောက် လာသည် ။


စင်စစ် မီးရထား နှင့် ခရီး သွားလျှင် ကျွန်တော် သည် ပြတင်းပေါက် နှင့် ကပ်လျက် ရထား ရှေ့ဘက် ကို မျက်နှာ ပြုကာ ကိုယ် ကို လေတိုး ခံရ သော ယခု ကောင်မလေး ထိုင် နေသည့် နေရာမျိုး ကို ကြိုက် သည် ။ သို့သော် ရထားလက်မှတ် ယူ ရာ မှ အစီအစဉ် နံပါတ် အတိုင်း ကျတတ် သည် ။ ဒါပေမဲ့ ဒီလို ပြည် နှင့် ရန်ကုန် အကြား မှာ သာယာဝတီ ၊ လက်ပံတန်း ၊ ကြို့ပင်ကောက် ၊ ပေါင်းတည် လေးဘူတာ သာ ရပ်သော အမြန် ရထား တွင် လူ အင်မတန် နည်း တတ်သည် ။ တိုးလျှိုပေါက်တွဲ တွေ မှ တစ်နေ ရာရာ ၌ ခုံလွတ်တွေ ရှိနေ တတ် သဖြင့် ရထား ထွက် ၍ နောက်ထပ် လူမလာ တော့ ဘူး သေချာတော့ ကြိုက်ရာ နေရာ သွား ထိုင်မည်ဟု ကျွန်တော် စိတ်ကူး ထား၏ ။


သို့ဖြင့် ရထား ထွက်၍ ငါးမိနစ် မျှ အကြာ ကျွန်တော် နေရာ ရှာတော့ မည် ဟု ဟန် ပြင်စဉ် အကြောင်း က တိုက်ဆိုင်ချင် လာတော့ ကောင်မလေး က ... 


“ ဦးလေး ... ကျေးဇူးပြုပြီး ကျွန်မ နဲ့ နေရာချင်း လဲ ထိုင်ပါလား ရှင် ၊ ကျွန်မ က ရင်ဘတ် လေ တိုး တာ မခံနိုင်ဘူး ” 


သည်တော့ ကျွန်တော် က ရွှင်လန်းစွာ ...


“ ဟာ အဆင်သင့်ပဲ ဟေ့ ၊ ငါ က နင့် နေရာမျိုး သဘော ကျ နေတာ ”  


ကျွန်တော်တို့ နေရာချင်း ပြောင်း ထိုင် ကြပြီး နောက် တစ်ယောက် တစ်ယောက် ဘယ် သွားမလဲ မေးကြသည် ။ သူ က ...  ကြို့ပင်ကောက် တဲ့ ။ 


ထို့နောက် ကျွန်တော် တို့ စကား မဆက်ကြတော့ ပေ ။ သူ က ပထမ ခုံ အောက် မှ သူ့ ပစ္စည်းထုပ် ကို ယခု ခုံ အောက်သို့ ရွှေ့သည် ။ ပြီးလျှင် ခုံပေါ် တက် မတ်တတ် ရပ် ၍ စင်ပေါ် ရှိ ကင်းဘတ်စ်အိတ် ထဲ မှ စာအုပ် အချို့ ကို ယူသည် ။ ယင်းသို့ သူ့ ကိုယ်လက်လှုပ်ရှား နေပုံ ကို ကြည့် နေ ရာ မှာ ကျွန်တော့် စိတ် ထဲ ကဗျာ ဉာဏ် ဝင်လာသည် ။


ဆယ့်သုံးနှစ်အရွယ် ၊ 

ပျိုပျံသင်စပေမို့ 

နွဲ့လုံးကျစ်သွယ် ၊ 

ကိုယ်ဟန်သွယ်က ပြပြီပေါ့ 

နဂိုရ်သဏ္ဌာန်ယဉ် 

အလှ မှာ တဲ့ မှုန်နံ့သာခြယ် 

အို ... စံတင် ပြရရင်ဖြင့် ဥမ္မာနှယ် .. ။


ဟဲ ... ဟဲ နောက်ဆုံး တစ်ကြောင်း ကတော့ လွန် သွားပြီဗျို့ ၊ ဘယ့် နှယ်ဗျာ မဖြစ်စလောက် အရွယ် မရောက် တရောက် အဖူးအညှောက် ရှိသေးတာလေး ကို အလှထွဋ်ချာ မယှဉ်သာသည့် ဥမ္မာဒန္တီ စံမမီ နဲ့ သွား နှိုင်းလို့ မသင့်လျော်ဘူးပေါ့ ခင်ဗျာ ။ သို့သော်လည်း ... ကဗျာ ဆိုတာ ကာရန် ခေါ်ရာ ပါ တတ်တယ် မဟုတ်လား ၊ ကဗျာ စပ်ဖူးသူတိုင်း သိကြပါ တယ် ။ သည်နောက် သည် ကောင်မလေး မဂ္ဂဇင်း စာအုပ် ဖတ် နေတာ ကြည့် ပြီးတော့ လှိုင်ထိပ်ခေါင်တင် ရဲ့ တေးထပ် ကျွန်တော့်ခေါင်း ထဲ ဝင် လာ ပြန် တော့တယ် ။


အပျိုဖော် ရွယ်မစေ့ခင်က 

ငယ်ဓလေ့ဂေါရီ 

ဘယ်အလေ့လောကီကို 

ဇောမသီခင်က

စံပယ်ခက် နှစ်စုံပင်မှာ

မငုံခင်တုန်းက အစ

ပန်းဒွါရ ဆင့်စီငယ် 

မပွင့်မီကာလ 

ကျင့်ဝသီဇာဂနဲ့ 

ခါပထမ အရွယ် 

ငယ်သွားကြွေမလဲခင်က 

မေအမြဲချစ်ဖို့ကြံရွယ် 

ကလေးစိတ် ဓာတ်မပြယ်

ခပ်ငယ်ငယ် စာမတတ်ခင်က

ကညာနတ်တောင်းဆုပွေလီ 

ကောင်းမှုစေတီ

စိတ်မှန်းနဲ့ မေ ကျောက်ချီသည် 

သွေဖောက်ပြီ နိုင်ဘူးဖျာ့လေး ။  ။


စေ့စေ့ တွေး တော့ ရေးရေး မကဘူး ၊ ထင်းထင်းကြီး ပေါ်လာ သနော် ။ ဒီ ကဗျာ အဓိပ္ပာယ် ကတော့ တစ်တစ်ရစ်ရစ်ကြီး ပဲ ။ ကဲ ... မရွှေ လှိုင်ထိပ်ခေါင်တင် ဟာ က “ ငယ်သွားတွေ ကြွေမလဲခင်က ၊ မေအမြဲချစ်ဖို့ ကြံရွယ် ” ဆိုတာ က မလွန်ဘူးလား ခင်ဗျာ ။ သူ လည်း ကာရန် ရ တိုင်း ဖိ ကြိတ် လိုက်တာနဲ့ တူ ရဲ့ ။ ငယ်သွား ဆိုတာ ငါးနှစ် ၊ ခြောက်နှစ် အရွယ် မှာ လဲ တာ ဗျာ ။ ဒီ အရွယ်မ ရောက်ခင် က ပဲ ဆိုတော့ ... သူ့ ချစ်လင် ညု ရာ မှာ ပို သွား ထင်ပါရဲ့ ။ သို့သော် တစ်ခု တော့ရှိရဲ့ ။ သူ့ ဘဝ အတွက် ကြည့်တော့ သူ ဟာ နန်းတွင်းသူ ခင်ဗျာ ၊ အချစ် ရေယဉ်ကြော မှာ သာ မျောပြီး “ ချစ်သမျှ ကို ”  စသည့် ပတ်ပျိုးတွေ ရေး နေ တဲ့ မိခင် နန်းမတော် မမြလေး ခန်း ဆောင် မှာ ကြီး ရတော့ သူ ဟာ လူမှန်း သိ အမှတ် ရ ကတည်း က သည် အချစ် စိတ် မှာ ပဲ တည် နေတယ် လို့ ယူသော် ရတန်ကောင်း ရဲ့ ။


သူ့ ဘဝ အတွက် ကြည့်ရင် ဖြင့် ဣန္ဒဝံသနန်းတွင်း အချစ်ဝတ္ထုကြီး ကို ရေးခဲ့တယ် ။ “ စိန်ခြူးကြာညောင် ဘောလယ်တွေ ရေးခဲ့တယ် ။ နောက်ဆုံးမှာ ...


မြင်မြင်ရာ သင်္ခါရပေမို့

ဘဝကိုတဲ့ ငြီးငွေ့ဖွယ် ။ 

ကြည်မမွေ့နိုင်ဘူ့

ပြည်လေ့ကို တန်ပါပေါ့ 

ဂန္ဓမာ မာလာပြန့်မှာ 

တောသန့်တော့မယ် ။ 


မသေရုံ ရွှေဘုံထီးမှာပေါ့

သစ်သီးနဲ့ ပွဲတော်တည်မယ် 

ဖန်ခြယ်တဲ့ဝတ်လဲ ။ 


မြိတ်ရစ်ကယ်မြိုင် 

အုပ်လုံးစံပယ်ကြိုင်တဲ့ 

မြကေခိုင် မင်ရည်လဲ့ကို 

သိမ်းမဲ့ကြံဆဲ ။  ။


ဒါဟာ တကယ် တရား ရတာ တော့ မဟုတ်ဘူး ခင်ဗျာ့ ။ သည်လို တရား ရ ရင်ဖြင့် ကောင်းရဲ့လို့ သံဝေဂ ဖြစ်ဟန် တူပါရဲ့ ။ သူ့ ဘဝ အတိုချုပ် ကြည့် တော့ အချစ် နဲ့ သာ ဗျာပါပွေ သွားရှာတယ် ။ ဒါပေမဲ့ ဘာပဲ ဖြစ်ဖြစ် သူ့ ကဗျာတွေ ကို ကျွန်တော် တို့ ရ လိုက်တာပဲ ။ ကဲ .... “ ငယ်သွားတွေ ကြွေမလဲခင်က ” နေပြီး “ မြကေခိုင် မင်ရည်လဲ့ ကို သိမ်းမဲ့ကြံဆဲ ” အထိ တွက်ကြည့် တုန်း ... သည် ကြားထဲ ဘာတွေများ ဖြစ်ခဲ့သလဲ လို့ သူ့ ကဗျာ တွေ ဟာ သူ့ ဘဝ ကို ပြသွားတာပဲ ။


သည်နေရာမှာ ငယ်သွားတွေ ကြွေမလဲခင် က ပဲ သည် စိတ်မျိုး ပေါ်နိုင် မပေါ်နိုင် ဆိုတာ ကို အမျိုးသမီး စာရေးဆရာမများ ဖြစ်တဲ့ ခင်နှင်းယု တို့ ၊ ယုဝတီမာလာသိန်း တို့ ၊ ခင်ဆွေဦး တို့ က အမျိုးသမီး ဆိုင်ရာ ကို ရှင်းဖို့ ကောင်းတယ်ဗျ ။ ကျွန်တော် တို့ ယောက်ျား ဘက် ဆိုင်ရာ ဆိုရင် ဖြင့် ကျွန်တော် ဟာ ငယ်သွား တွေ လဲ ပြီး ပါပြီ ။ ၁၀ နှစ်သား လောက် ရှိ မှ လင်မယား လုပ်တမ်း ကစား တတ် ပါတယ် ခင်ဗျာ ။ သည်လို ကစား တော့ ရင် ကျွန်တော် နဲ့ ရွယ်တူ ကောင်မလေးတွေ ပဲ ။ ဒါပေမဲ့ တစ်ယောက် တစ်ယောက် ချစ်တဲ့ စိတ် ၊ နောက် ကြီးတော့ ယူမယ် ဆိုတဲ့ စိတ် လုံးဝ မပါပါဘူး ။ ဘာကြောင့်လဲ ဆို ခု ကစားပြီး တော်ကြာ ရန် ဖြစ်ချင် ဖြစ်ကြ တာ ကိုးဗျ ။


စင်စစ်တော့ လည်း လင်မယား လုပ်တမ်း ကစား တဲ့ စိတ် လွန်မြောက် တော့ မှ လည်း အချစ်စိတ် ပေါ်တယ် လို့ ထင်ပါတယ် ။ သည်လို အရွယ် နဲ့ စိတ် အကြောင်း တွေးရင်း နဲ့ ကျွန်တော် အခုန ဖော်ပြ ခဲ့ တဲ့ မီးရထား ပေါ် မှာ ကျွန်တော့် ရှေ့ ခုံ ထိုင် နေတဲ့ ကောင်မလေး ကို ကြည့်မိ ပြန်တယ် ။


သူ့ အရွယ် ဟာ အပျိုဖော် ဝင်သေး ဟန် မတူဘူး ။ အသက် ၁၂ နှစ် ၊ ၁၃ နှစ် လောက်ပဲ ခန့်မှန်း ရပါတယ် ။ အဝတ်အဆင် ကတော့ ခေတ်ဆန်ဆန် ကြော့ကြော့မော့မော့လေး ပါပဲ ။ သူ့ ခေါင်း က ဆံပင် မှာ ဖွတ်မြီးလေး နှစ်ချောင်း ထိုးပြီး နောက်တွဲ ချ ထားပါတယ် ။ ခု ခေတ် မိန်းကလေးတွေ ဟာ ဒီ အရွယ် မှာ သည်လို ဆံပင်ရှည် ထား ရင် ထား ၊ မဟုတ်ရင် ဆံတို လည်ရစ်ကလေးတွေ ပဲ များ ကြတယ် ။


ဟိုယခင် ကျွန်တော်တို့ ငယ်စဉ် ခေတ် က ဆိုရင် ဒီ အရွယ် ဟာ ဆံရစ်ကလေး ရှိသေးတာ ပဲ ဗျ ။ ဆံတောက် ချ တောင် နားရွက် နောက် က မကောက်ရ သေးဘူး ။ နားရွက် တစ်ဝက် လောက် ရှေ့ နဖူးပြင် က ဆံယဉ်စ ထက် လက် နှစ်သစ်လောက် ပဲ ။ ဒါဟာ အပျို မဖြစ်သေးဘူး ဆိုတဲ့ သင်္ကေတ ။ အဲ .. ဆံတောက်ကြီး ဖားဖား ချ ရင် ဖြင့် အပျို ဖြစ်ပြီ ။ အုပ်လုံး သွင်းပြီ ဆိုရင် “ ကျွန်မ လင် ယူနိုင်ပါပြီ ” လို့ ကြေညာတာ ပါပဲ ခင်ဗျာ ။


သဟာ နှင့် ကျွန်တော် က ကိုယ့် ရှေ့ခုံ ထိုင် နေတဲ့ ကောင်မလေး ကို သူ့ အရွယ် နဲ့ လိုက်အောင် ရှေးယခင် ခေတ် က ဆံရစ်ဝိုင်းလေး နဲ့ ဆံတောက်ကလေး လက် နှစ်သစ် လောက် ချ ကြည့်လိုက်တယ် ဗျို့  ။ လား ... လား .. ကျွန်တော့် မျက်စိ ထဲ မှာ ကျွန်တော် ၁၂ နှစ် သား အရွယ် က စိတ်ကူး ယဉ်ခဲ့ ဖူးတဲ့ ‘ ညွန့်ညွန့် ’ ဆိုတဲ့ ကောင်မလေး ပေါ်လာတယ် ဗျ ။


 •••••   •••••   •••••


“ ကျင်မောင် ”  


“ ဘုရား ...” 


“ ဝက်သားဟင်း နဲ့ ထမင်း စားရအောင် လိုက် မလား ”  


“ တင်ပါ ” 


“ သွား အဝတ်လဲ ချေ ” 


ကျွန်တော် ဦး သုံးကြိမ် ချပြီး အိမ် သို့ သုတ်ခြေ တင် တော့သည် ။ ‘ ကျင်မောင် ’ မှာ ကျွန်တော် ၏ ငယ်နာမည် ဖြစ်သည် ။ ‘ ကျင်ဆွေ ’ မှာ ကျွန်တော် ရန်ကုန် ရောက် မှ ‘ တင်ဆွေ ’ မည်သော သူငယ်ချင်း တစ်ယောက် ၏ နာမည် နှင့် နဘေထပ် ပြောင်း ယူခြင်း ဖြစ်သည် ။ ဒါနဲ့ နောက် ကလောင် နာမည် “ သော်တာဆွေ ”  ဖြစ် လာသည် ။


ကျွန်တော် ငယ်စဉ်က ရွာ က ဘုန်းကြီးကျောင်းတွင် နေရ ပါသည် ။ ဘုန်းကြီးကျောင်း ဆိုသော်လည်း ကျွန်တော် တို့ ခေတ်မှာ ဘုန်းကြီး စာ မသင်ရ တော့ပါ ။ ခုနစ်တန်း အထိ သင်၍ လောကဓာတ်ကျောင်း ဟု ခေါ် နေ ပါပြီ ။ ဘုန်းကြီး ကြီး က ကျောင်းအုပ်ကြီး ဖြစ်ပါသည် ။ သူ့ လက်အောက် က ကျောင်းဆရာ သုံးယောက် ရှိပါသည် ။ ဘုန်းကြီးကြီး ကတော့ ဘာမျှ မသင်တော့ ပါ ။


ယင်း ခုနစ်တန်းကျောင်း ကို ကျောင်းဆရာ သုံးယောက် တည်း နှင့် နိုင် ပါသည် ။ ထိုခေတ် က ကျောင်း နေသူ အလွန် နည်း ပါသည် ။ သူငယ်တန်း နှင့် ပထမတန်း လောက် တွင်သာ ဆယ့်လေးငါးယောက် မျှ ရှိ ၍ ဒုတိယတန်း လောက် က စပြီး နည်း လာသည် ။ လေးတန်း ၊ ငါးတန်း မှာ လေးငါးယောက် မျှ ရှိတော့သည် ။ ဒါတောင် ကျွန်တော် တို့ ရွာသား ချည်း မဟုတ်ပါ ။ နံဘေး ပတ်လည် ဝန်းကျင် ရွာများ က လာ နေ၍ ဖြစ်ပါသည် ။ ထိုစဉ်က ကျွန်တော် တို့ ရွာ မှ ကျွန်တော် နှင့် အတူ ခုနစ်တန်း အထိ ပညာလိုက် သင် နိုင်သူ မှာ တစ်ယောက် တည်း ရှိပါသည် ။ သို့သော် သူ့ ခမျာ ခုနစ်တန်း အောင် ၍ ကျွန်တော် မြို့ ကျောင်း ကူးသောအခါ သူ မလိုက်နိုင် တော့ပါ ။


အကြောင်း မှာ ထို ခေတ်  က ကျွန်တော်တို့ ရွာသူရွာသားများ သည် အလွန် ဆင်းရဲကြ၏ ။ အိမ်ခြေ ၃ဝဝ လောက် ရှိသော ရွာကြီး ၌ အိမ် ၅၀ လျှင် တစ်အိမ် လောက် သာ လယ်ပိုင်ရှင် ရှိ တော့၏ ။ သို့သော် များများ စားစား ပိုင်ရှင်များ မဟုတ်ကြ ။ ချစ်တီးဒဏ် ခံပြီး ဖြစ်ကြ၍ တစ်ရှဉ်း လုပ် နှစ်ရှဉ်း လုပ် ပိုင်ရှင် မျှ ဖြစ် တော့၏ ။ ကျန် လူများ ကား အားလုံး လယ်ကူလီ များ တည်း ။ ယခု တော်လှန်ရေးအစိုးရခေတ် လို စိုက်ခ ပျိုးခ လက်ငင်း မရကြ ဘဲ စပါး ပေါ်ပေး မျှ ဖြစ်၍ စပါးပေး တင်းတိုး တို့ အောက် တွင် “ ဆင်းရဲ လှ တစ်သက် လူမသေ ကြွေးချည်းပဲ ” ဆောင်ပုဒ် နှင့် နေရသူများ ဖြစ်၏ ။


ယင်း၌ ကျွန်တော် က အနူတော လူချော တည်း ။ လယ်ဧကလေး အနည်းငယ် မျှ ရှိသော လယ်ပိုင်ရှင် ၏ သား ရုပ်ရည်လေး လည်း သနား ကမား ရှိ၍ ဘုန်းကြီး ကြီး ၏ အချစ်တော် ဟု ယူသော် ရ၏ ။ ဘုန်းကြီး ကြီး က ဘယ် သွားသွား ကျွန်တော့် ကို ခေါ်လေ့ ရှိ၏ ။


‘ ကျင်မောင် ’  ၊ ‘ ဘုရား ’ ၊ ‘ ဝက်သားဟင်း နဲ့ ထမင်း စားလိုက်မလား ’ ဆို ကတည်း က ဘုန်းကြီးကြီး ဘယ် သွားတော့မည် ကို ကျွန်တော် သိပြီ ဖြစ်ပါသည် ။ ပေါင်းတည်မြို့ နှင့် ကျွန်တော်တို့ ရွာ သည် သုံးမိုင် ဝေး ပါ သည် ။ ဤ အကြား တစ်မိုင်ခွဲ မျှ တွင် ‘ လက်ပံပင်စု ’ ခေါ်သော အရပ် ရှိ၏ ။ ယင်း လက်ပံပင်စု က ကျွန်တော့် မိဘများ လို ပဲ လယ်ပိုင်ရှင်များ ဖြစ်ကြသော ဦးဘိုးဆင့် ၊ ဒေါ်မယ်မြင့် တို့ အိမ် သို့ ဘုန်းကြီးကြီး သည် တစ်လ လျှင် တစ်ခေါက် နှစ်ခေါက် လောက် သွား လည်လေ့ ရှိ ပါသည် ။ ဤ အိမ် က လည်း ပြောလည်း ပြောလောက်ပါ ပေရဲ့ ။ ကျွန်တော် နှင့် ဘုန်းကြီးကြီး သွားတိုင်း သွားတိုင်း ပဲ ဝက်သားဟင်း နှင့် ဝက်ရိုးဟင်းချို နှင့် ဆွမ်း ကပ် လေ့ ရှိပါ၏ ။


ထို ခေတ်က ကျွန်တော် တို့ မြန်မာပြည် တွင် ဝက်သားဟင်း သည် ဟင်းတကာ ဟင်း ထဲ တွင် နာမည် အရဆုံး ဖြစ်ပါ၏ ။ ဝက်သားဟင်း နှင့် ထမင်း ကျွေး သော အလှူ သည် ထိပ်တန်း ထဲ က ဖြစ်၏ ။ ထို့ကြောင့် ‘ ဝက်သားတုံးကြီး ဒူးခေါင်းလောက် သူများ စားတာ မြင်ဖူးပါရဲ့ ’  ဟူသော ဘာ ကာရန် မှ မမိသည့် သံချပ် ပင် ခေတ်စား ခဲ့ ပေသည် ။ ယခု ခေတ် မှာ တော့ ‘ ဆီရှား ဝက်သား ဖိကြိတ် ’ ဟု ဝက်သား နာမ် နိမ့် ရပါ၏ ။ ဪ ... သင်္ခါရတွေ ကိုး ခင်ဗျာ့ ။ ထို့ကြောင့် ဝက်သားဟင်း နှင့် ထမင်း ကြိတ်ရမယ် ဆို နိပ်ပလေ ပေါ့ ။ ဝက်ဆီလေးများ ဆမ်း စားရ အဟမ်း ... အဟမ်း ... ။


ဘုန်းကြီးကြီး နှင့် ကျွန်တော် သည် ဤ အိမ် သို့ နံနက် ၉ နာရီ ခန့် တွင် သွားလေ့ ရှိပါ၏ ။ ကျွန်တော် က နောက် မှ ဘုန်းကြီးကြီး ၏ သားရေ လွယ်အိတ် ကို လွယ်၍ ထီးကြီး ထမ်း လိုက် ရ၏ ။ ဘုန်းကြီးကြီး သည် သင်္ကန်း ကို ရုံ ၍ မိမိ ရှေ့ လေးတောင် မျှ ထက် မပိုသော စက္ခုဣန္ဒြေ ဖြင့် ကြွတော် မူ၏ ။ တောဘုန်းကြီး သည် အလွန် တန်ခိုး ကြီး ၏ ။ တောသား တို့ သည် ဘုန်းကြီး ကို အလွန် ရိုသေကြ၏ ။ လမ်း မှာ တွေ့ကြ လျှင် ဘုန်းကြီးကြီး ကို အရိပ် လွတ်အောင် ရှောင်ပြီး ပုဆစ်တုပ် ထိုင်၍ ဝတ်ချ ကြ၏ ။ ဘုန်းကြီး လွန် သွားမှ ထိုင် ရာ က ထ ကြရ၏ ။ ဘုန်းကြီးကြီး သည် မည်သူ မည်ဝါလဲ ဟု တော့ မျက်စိ စောင်း၍ ကြည့် တတ်၏ ။ သို့သော် ဘာ တစ်ခွန်းမျှ မပြောချေ ။ ကျွန်တော်တို့ ဘုန်းကြီးကြီး သည် လမ်း ၌ ရပ်ပြီး လူ တို့ နှင့် စကား ပြောလေ့ မရှိပေ ။


သို့ဖြင့် ကျွန်တော်တို့ သည် ကိုးနာရီခွဲ သာသာ လောက်မှာ ဦးဘိုးဆင့် တို့ အိမ် သို့ ရောက် ကြ၏ ။


ဟာ ... တစ်အိမ်သားလုံး ပျာယာခတ်ကရော ။ ဦးဘိုးဆင့် ကိုယ်တိုင် က ဗီရို ထဲ က ပုဆိုးခေါက် ကို ထုတ် ၍ ဘုန်းကြီးကြီး ခြေတော် သုတ် ပေး၏ ။ ဒေါ်မယ်မြင့် က သင်ဖြူး ခင်း ၊ ကော်ဇော ခင်း ၊ ခေါင်းအုံး ချ ၊ ကွမ်းအစ် ၊ ထွေးခံ ပြင်၏ ။ သူတို့ ၏ သမီးလေး ညွန့်ညွန့် က မိခင် ကို ကူညီ ပေး၏ ။ တစ်ဦးတည်း သော သမီးလေး ၊ ရုပ်ကလေး က ချောပါဘိ .. ။


အဲသည်တုန်း က ဒီ ကောင်မကလေး ဟာ ကျွန်တော် နဲ့ ရွယ်တူ လောက် ပါပဲ ။ အဲသည် ခေတ် အလျောက် ၊ အဲသည် အရွယ် မှာ ဆံရစ် ဆံတောက်ဝိုင်းလေး နဲ့ ။ ကိုယ်လုံးကိုယ်ပေါက် က လည်း အခု ရထား ပေါ် မှာ တွေ့နေတဲ့ ကောင်မလေး နဲ့ တူပါ ဘိ ။ နောက် မကြာမီ အပျိုချော ဖြစ်တော့မည် ဆို တဲ့ ပုံသဏ္ဌာန် ၊ သို့မဟုတ် အခုလို ... ။


“ ဆယ့်သုံးနှစ်အရွယ် ပျိုပျံသင်စပေမို့ ၊ နွဲ့လုံးကျစ်သွယ် ကိုယ်ဟန် သွယ်က ပြပြီပေါ့ ။ နဂိုရ်သဏ္ဌာန်ယဉ်အလှမှာတဲ့ မှုန်နံ့သာခြယ် ” ဆိုတဲ့ ကာရန်မျိုး တော့ ကိုယ်တိုင် မဖတ်တတ် သေးဘူး ။ သို့သော် .... “ ဆံရစ်ဆံတောက်ကလေးဟာမို့ ၊ အချစ်အညှောက်သွေးတွေ ဝင်ကာ စွက်ပါလို့ ၊ ခင်ကညာကိုလေ ... ကြင်နာချက်ကယ်ကြောင့် ၊ ခုတင် မှာ ထင်ရာဖက်တယ် ၊ နွမ်းလျက်ခွေ ”  ဟူသည့် ဒဂုန်မဂ္ဂဇင်းကြီး မှာ ပါသော ကဗျာမျိုး တော့ အလွတ် ကျက်တတ် နေပါပြီ ။


ဟုတ်ပါသည် ။ ကျွန်တော် ၁၂ နှစ်သား က ဒီလို ရွယ်တူ ကောင်မလေး ကို စိတ်ကူးယဉ် တတ်နေပါပြီ ။ မှန်တာ ပြောရရင် ကိုးနှစ် ၊ ၁၀ နှစ်သား လောက် လင်မယား လုပ်တမ်း ကစား တတ် သည့် အရွယ် က လွန် လျှင် ကျွန်တော့် တစ်သက်တာ မှာ ပထမဦးဆုံး သမီးရည်းစား အချစ်စိတ် နဲ့ စိတ်ကူးယဉ် မိတာ ဟာ အဲသည် ညွန့်ညွန့် ပါ ပဲ ခင်ဗျာ ။ သူ့ ဘက် က ဘယ်လို ရှိမယ်တော့ ကျွန်တော် မသိခဲ့ပါဘူး ။ သူ နဲ့ ကျွန်တော် ဟာ စကား တစ်ခွန်း မျှ လည်း မပြောခဲ့ပါဘူး ။ အဲ ... တစ်ခါတော့ မှတ်မှတ်ရရ ခင်ဗျား ... အရိုက် ခံ လိုက် ရပါတယ် ။ ညနေစောင်း ကျွန်တော် နဲ့ ဘုန်းကြီး ကြီး က သူတို့ အိမ် က အပြန် ၊ သူ က ဝင်းခြံ အပေါက်ဝ နား ပန်းခြုံလေး ဘေး ထိုင်ပြီး အလီပေါင်း ကျက် နေတယ် ... ။


၁၇ တစ်လီ ၁၇

၁၇ နှစ်လီ ၂၄

၁၇ သုံးလီ xxx


ဆိုရုံ ရှိသေး ၊ ကျွန်တော် က ဖြတ်ပြီး ၅၁ လို့ ဆို လိုက် မိတော့ ကျွန်တော့် ခြေသလုံး ပေတံ နဲ့ ခုတ် လိုက်တာဗျာ လူ့ ကို ပူထူ သွား တာပဲ ။ ဘုန်းကြီးကြီး က လည်း ရှိ နေတော့ ကိုယ့် မိုက်ပြစ် နဲ့ ကိုယ် ဘာမျှ ပြန် မပြောဝံ့ဘဲ လစ်ခဲ့ ရတယ် ။


 •••••   •••••   •••••


ယင်းသို့ သူကလေး ကို ကြည့်ရင်း ဖြင့် ကိုယ် ၏ ရှေးဟောင်း နှောင်း ဖြစ်ကလေး တွေ တွေး ရင်း မီးရထားကြီး သည် လှိုင်ထိပ်ခေါင်တင် ၏ မိခင် နန်းမတော် မမြလေး တို့ ရဲ့ ဇာတိ နယ်မြေ ဥက္ကံသုံးဆယ် အပျိုတွေ ပေါ တဲ့ လှိုင်ဘောလယ် ဆိုတာ ကျော်ဖြတ် ခဲ့ပြီး သာယာဝတီမင်းသား စံ ခဲ့ရာ သာယာဝတီမြို့ ဘူတာ ဆိုက် ... နောက်ပြီးတော့ လက်ပံတန်း ၊ ထို့နောက် ကြို့ပင်ကောက် လည်း ရောက် ကရော ကောင်မလေး ဟာ ပြတင်း ပေါက် က ခေါင်းပြူ တဲ့ပြီး ...


“ သမီး ဒီမှာ မေမေ .. သမီး ဒီမှာ ” 


မျက်မှန် နဲ့ ဝဝဖိုင့်ဖိုင့် အဒေါ် တစ်ယောက် ကျွန်တော်တို့ တွဲ နား ရောက် လာတယ် ။ ကျွန်တော့် မြင် တော့ ...


“ ဟင် ကိုကျင်မောင် ”  တဲ့ ။


ကျွန်တော် က သူ့ မသိ သလို ဖြစ်နေတော့ သူ က ပဲ စကား ဆက်ပြီး “ ကျွန်မ ကို တော့ ဘယ်မှတ်မိတော့မလဲ လေ ... အဖေ အမေ နာမည် ပြောမှ သိတော့မှာပဲ ။ လက်ပံပင်စု က ဦးဘိုးဆင့် ၊ ဒေါ်မယ်မြင့် .. ” 


သည်တော့မှ ကျွန်တော် က “ အား ... မညွန့်ညွန့် ဟုတ်ပြီ ၊ ဒါက သမီး နော် ... ဒါကြောင့် ကျွန်တော် က ဒီ ကလေးမ မြင်တော့ ငယ်ငယ် က ဆံရစ်ကလေး နဲ့ မညွန့်ညွန့် ကို သတိရ နေတာဗျ ” 


“ ဟင် .. ဟုတ်ရဲ့လား ၊ အခု ကြီး တဲ့ ရုပ်တော့ နည်းနည်း မှ မမှတ်မိတော့ ဘူး ပေါ့ ” 


“ ဟင့်အင်း ... ဘယ်လိုမှ ဆက်လို့ မရပါဘူး ။ မညွန့်ညွန့် က တော့ ကျွန်တော့် မှတ်မိတယ် နော် ” 


“ ယောက်ျား ရုပ် က မိန်းမတွေ လောက် မပြောင်းဘူး ။ နို့ပြီး ကိုကျင်မောင် လူပျိုပေါက် က လည်း ပေါင်းတည်ကျောင်း သွားတော့ ကျွန်မတို့ အိမ်ရှေ့ က ဖြတ်ဖြတ် သွား နေတာပဲ ။ အင်း ... ခုတော့လည်း ဆံပင်တွေ တောင် ဖြူစ ပြု ပြီပဲ ။ ကိုကျင်မောင် အသက် ဘယ်လောက်ရှိပြီလဲ ”  


“ အဲ ... ခုနပဲ သတိရ လို့ တိုက်တိုက်ဆိုင်ဆိုင် အလီပေါင်း နဲ့ ပြောပြရမှာပဲ ။ ၁၇ တစ်လီ ၁၇ ၊ ၁၇ နှစ်လီ ၁၄ .. ၊ ၁၇ သုံးလီ xxx ပေတံ နဲ့ တော့ မခုတ်လိုက်ပါနဲ့ ဗျာ ... ” 


“ ကြည့်စမ်း ကြည့်စမ်း .. ကိုကျင်မောင် ဒါကို သတိရသေးတယ် ဟုတ်လား ” 


“ ဟုတ်ကဲ့ ” 


အမြန်ရထား တို့ မည်သည် တစ်ဘူတာ မှာ ကြာကြာ မရပ်ပါ ။ 


ဘဝသံသရာ .. တဲ့ ရှည်လျားထွေပြား မနေမနား တစ်သွားတည်း သွား ကြတာ ။


◾ သော်တာဆွေ 


📖 လူ့ဘုံခန်းဝါ ဘဝသရုပ်ဖော် ဝတ္ထုတိုများ ၊ ၂ဝ၁၆


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment