Friday, October 20, 2023

ကြိုး နှင့် ချည်ထားသော ဗာရာဏသီ ( ၂ )


 ကိုဘသာ အလောင်း ကို ရွာပြင် ထုတ် လိုက်ကြသည် ။ မစန်းတင် နှင့် မကျင် အပြိုင် အလွမ်း သယ်ကြသည် ။ မစန်းတင် ၏ ရင်တွင်း ခံစားချက် ကို အသံကုန် ဟစ်အော်ပွဲ လို့ တောင် အမည် ပေး လို့ ရ သည် ။


“ မောင်လေး ... သူတော်ကောင်းကြီး ‌ရေ .. မင်း မျက်နှာ နဲ့ လာ လိုက်တဲ့ ကူငွေတွေ မနည်းတော့ ဘူး ၊ မောင်လေး ... မင်း အပေါ် ကို တင်လွှမ်း ထား တဲ့ ပုဆိုး နဲ့ အင်္ကျီ ကို ကြည့်ပါဦး ၊ မင်း မိန်းမ မိန်းမလည် အကြီးအကျယ် ခြယ်လှယ် နေပြီ မောင်လေးရေ ” 


မကျင် အလှည့် ...


“ ကိုဘသာ .. ရှင် နဲ့ ကျွန်မ နဲ့ က အကြင်လင်မယား နော် ၊ ရှင် လက်တွဲ ဖြုတ် သွားပေမဲ့ ကျွန်မ လက် က တွဲလျက်ပါ ကိုဘသာ ရယ် ၊ ကူငွေ တွေ ကို မက်တဲ့ လူ က ရှိသေးတယ် ၊ ရှင် က ကျွန်မ အပြင် မယား တစ်ယောက် ရှိသေးတာပဲ ”


“ သေလို့ ပြောတဲ့ စကားပါ မောင်လေး ရယ် ၊ လက်တွဲ မဖြုတ်ဘူး ဆိုရင် ခေါင်း ထဲ ဝင်ပြီး မောင်လေး လက် ကို လာ တွဲပါလို့ ထ ပြော လိုက်လေ ၊ လူ ကြား ကောင်းအောင် ငိုနေတာဟေ့ ၊ မောင်နှမ ချင်း ပေးစားတာ သူတို့ ဘက် မှာ ရှိလို့ ဟေ့ ”


ရွာပြင် မို့ တစ်ယောက်စ နှစ်ယောက်စ ရပ် ကြည့်နေကြသည် ။ ထို နှစ်ယောက် က တော့ ရန်စောင် ဆဲ ။ အငို ကို အစောင်းအချိတ်လေးတွေ နှင့် ။ သူတို့ နှစ်ယောက် က တော့ တစ်ယောက် နှင့် တစ်ယောက် မတည့်ပေမဲ့ စည်းကမ်း တော့ ရှိကြသည် ။ တစ်ယောက် ငို လျှင် တစ်ယောက် က ရပ်ပေး ထားကြသည် ။


မနက်ပိုင်း တစ်ချက်တော့ အပြင်းအထန် အပြိုင် ငို လိုက်ကြသည် ။ ညဘက် ကျ တော့ ရွာပြင် ကို လာ မငိုရဲ ကြတော့ ။ မနက်ပိုင်း အငို ပြိုင်ပွဲ က တစ်စ တစ်စ နှင့် ရွာ ထဲ မှာ လူသိ များ သွားသည် ။ တကယ့် ဇာတ်ပွဲ ပမာ ။ မသိမသာ ဟို အပင် အောက် က ကြည့် လိုက် ၊ ဒီ အပင် အောက် က ကြည့်လိုက် နှင့် မိုးတိုးမတ်တတ် ကြည့်သူ လည်း ရှိ သည် ။ အားနာ လို့ မယောင်မလည် နှင့် ခပ်လှမ်းလှမ်း က ရပ် ကြည့် သူလည်း ရှိသည် ။


ဘယ်လိုပဲ ဖြစ်ဖြစ် ကိုဘသာ နံနက်ခင်းတေးသံသာ ကတော့ မြိုင်ဆိုင် သွားသည် ။ မစန်းတင် က အငို ပိုင်သည် ။ တဘက်လေး ပခုံး ပေါ် တင် ပြီး ...


“ မောင်လေး ... မောင်လေး အိပ်ရာ က နိုးပြီလားဟင် ”


ထိုသို့ အစချီ လိုက်သည် ။ မကျင် က ခေါင်းပတ်ပတ်လည် ကို တဘက်စောင်လေး နှင့် ဖုန် ခါ နေ သည် ။ မစန်းတင် ဆက် သည် ။


“ စကားမစပ် ... မနေ့ညက ညနေပိုင်း က မင်း ကို အင်မတန် ခင်တဲ့ ချစ်တဲ့ ဆရာဝန် ဦးကြည် လာ သွားတယ် ၊ ငွေ သုံးသောင်း လည်း ကူ သွားတယ် မောင်လေး ၊ မင်း အိမ် မှာ စကား ထိုင် ပြောသွား တာ တော်တော် ကြာပါတယ် မောင်လေး ရယ် ၊ ဖိုးစားကြီး ဆိုလား ဖိုးမှတ် ကြီး ဆိုလား သူ လည်း လာ တယ် မောင်လေး ရဲ့ ၊ သူ က တော့ စုစပ်ပြီး ကူ လာတဲ့ နှစ်သောင်းခွဲ ၊ ဒီခေတ် မှာ ဒီလောက် ကူငွေ ရတာ အရေးပိုင် တောင် မရပါဘူး မောင်လေး ရယ် ၊ မင်း ရဲ့ စန်း မင်း ရဲ့ စေတနာတွေ ကြောင့် ဟေ့ မောင်လေး ရဲ့ ၊ ဟီး ဟီး ... မင်း ကို မှီပြီး ချမ်းသာ သွားမယ့် လူတွေ ကို အစ်မ မြင်နေတယ် မောင်လေး ရေ ၊ ဒီ ငွေ တွေ နဲ့ နောက် ကောင်တော့ ကောင်းစားတော့မယ် မောင်လေး ရေ ... ဟီး ဟီး ”


မကျင် ၏ ဂုဏ်သိက္ခာပိုင်း ကို ထိပါး လာ ပြီမို့ မကျင် လက် နှင့် အခေါင်း ကို ဘုန်းခနဲ ပုတ်လိုက် သည် ။ ကြည့်နေ ကြသော ပရိသတ်များ နောက် ကို တစ်လှမ်း ဆုတ်သွားကြသည် ။


“ ကြားလား ကိုဘသာ ... ပြောနေ တာ ကြားလား ၊ သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ်နော် ၊ ရှင် ရှင်း ... ရှင် က ဒီလိုပဲ ငြိမ်ပြီး ကြည့်နေ တယ် ပေါ့ ၊ အခု ရှင် ဘယ်နေရာ က ရပ် ကြည့် နေတယ် ဆိုတာ ကျုပ် မြင်တယ် ” 


မစန်းတင် ၏ အရှိုက် ကို တည့်တည့် မှန် လိုက်ခြင်း ပင်။ မစန်းတင် ကျီးကန်း တောင်းမှောက် လိုက် ကြည့်သည် အခေါင်းဘေး မှ မသိမသာ တဖြည်းဖြည်း ဆုတ် လာသည် ။ ရွာ ဘက် ကို အခြေအနေ မကောင်း လျှင် သုတ်ခြေတင် တော့မည် ။ မစန်းတင်က သရဲ အင်မတန် ကြောက်သော ကြောင့် ဖြစ်သည် ။ ပွဲကြည့်ပရိသတ် က လည်း သို့လော ၊ သို့လော ဖြစ်လာသည် ။ 


“ မကျင် တကယ်ပဲ သူ့ ယောက်ျား ကို မြင်နေပြီလား ဟေ့ ”


တချို့က ကိုယ့် ဘေး ကို ကိုယ် ပြန် ကြည့်သည့် အနေအထား ဖြစ်လာသည် ။ ကလေး ပါသူများ ကတော့ ဣန္ဒြေမပျက် ပြန်သွား ကြသည် ။ 


“ ကိုဘသာ ”


မကျင် ဆောင့်ပြီး အော် လိုက်သည် ။ မစန်းတင် လိပ်ပြာလွင့် မတတ် ဖြစ် သွားသည် ။


“ ရက်လည် မှ ဘဝ ခြားမှာ ပါ ကိုဘသာ ရယ် ၊ အခု ရှင် နဲ့ ကျွန်မ ဘဝ မခြား သေးပါဘူး ၊ ကျွန်မ အနား ကို လာစမ်း ပါ ... လာစမ်းပါ ”


မစန်းတင် ပြေးလေတော့သည် ။ ပရိသတ် လည်း မရှိတော့ ။ မကျင် တစ်ယောက် တည်း ၊ မကျင် ကန်သင်းရိုး ပေါ် တွင် ထိုင် လိုက်သည် ။ မစန်းတင် ၏ ပျော့ကွက် ဟာကွက် ကို တစ်ချက်တည်း နှိုက်မိ သွားခြင်း ပင်။ မကျင် တစ်ချက် ပြုံး လိုက်သည် ။


  •••••   •••••   •••••


ရက် ကြာလာသည် နှင့်အမျှ ဘသာ အသုဘ သည် လည်း တစ်စတစ်စ စည်ကား သိုက်မြိုက်လာ သည် ။ တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် ဘသာ ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ ဖူးသော မိတ်ဆွေ အများ လည်း နှစ်ယောက် တစ်တွဲ ၊ အုပ်လိုက် တစ်တွဲ ရောက်ရှိ လာကြသည် ။


တကလှဲ့ လူကြီး ကိုအုန်းဆောင် လည်း အိမ် ပြန်ရသည် မရှိတော့ ။ အသုဘ အိမ် တွင် ကူငွေ ကောက်ခံရေး ၊ စီမံခန့်ခွဲရေး နှင့် အလုပ် ရှုပ် နေ တော့သည် ။


မစန်းတင် ၏ မဟာဗျူဟာများ လည်း ကျဆုံး သွားပြီမို့ မကျင် ကို ငြိမ်းချမ်းရေး အလံ ထောင်ပြရသည် အထိ ဖြစ် လာသည် ။ မကျင် ကား အကြားအမြင် ရ ပုဂ္ဂိုလ် သဖွယ် ကိုဘသာ ဘယ်မှာ ရှိနေသည်  ၊ ဘယ် ရောက် နေသည် ကို ပင် မစန်းတင် ရှေ့ တွင် လို သည် ထက် ပို ပြောသည် မို့ မကျင် ကို မ စန်းတင် မလှန်နိုင်တော့ ။


မကျင် ကိုဘသာ အတွက် ပန်းကန် ထဲ တွင် ထမင်းဟင်းများ စုထည့် နေသည် ကို တွေ့ နေရ သည် ။ မစန်းတင် ကြား အောင် မကျင် အသံမြှင့် လျက် ...


“ အစ်မ မောင် က မနက် စောစော ထမင်းကြမ်း ပဲ ကြိုက်တာ အစ်မ ရဲ့ ၊ ဘူးသီးကြော် နဲ့ ငါးပိရည် ကောင်းကောင်း လေးနဲ့ များ ဆိုရင် တပြုံးပြုံး နဲ့ စားတာ အစ်မ ရဲ့ ၊ ဘူးသီးကြော် က လည်း မနေ့ ကတည်း က မှာ ထားတာ ၊ ခုထိ ရောက် မလာဘူး ၊ စောင့် မနေတော့ပါဘူး ၊ ကိ ဘသာ ဆာ နေရော့မယ် ... သွားမှ ” 


ဟု ခပ်ခါခါလေး ထွက် သွားသည် ။


မစန်းတင် စိတ် ထဲ တွင် အောင့်သက်သက် နှ င့်။ မျက်နှာ ကို တော့ လူ အများ ရှေ့ မို့ ဟန် မပျက် ။ အလွမ်း မျက်နှာ နှင့် အတတ်နိုင်ဆုံး ဟန်ဆောင် ထား လိုက်သည် ။ မကျင် ၏ ခနဲ့ တဲ့ တဲ့ ပြောဆို လှုပ်ရှား ပုံ ကို မနှစ်မြို့ သော်လည်း မကျင်နှင့် စင်ပြိုင် လိုက် ငိုဖို့ မစန်းတင် မှာ အင်အား မရှိတော့။ ကြောက်စိတ် က လွှမ်းမိုး ထားသည် မို့ မကျင် ပြုသမျှ နု ရမည့် ဘဝ ။ ရှိတဲ့ အင်အား ဖြင့် တော့ အလစ် ဆန့်ကျင် လိုက် သည် ။


“ မောင်လေး ရေ ... တို့ မောင်နှမ နှစ်ယောက် စလုံး မကျင် ပြုသမျှ နုရမည့် ဘဝ ရောက်နေပြီ မောင်လေးရေ .. ဟီးဟီး ”


ကြက်သွန် လှီးနေသော ရွာ ထဲ မှ အပျို တစ်ဦး လန့် ပြီး လက် ကို ဓားထိ သွားသည် ။


“ တောက် ... သေနာမကြီး က လည်း ငိုတာ တိုးတိုး မငိုဘူး ၊ သေမယ့် အတိုင်း ပဲ ၊ ငိုရင်း နဲ့ အသက် ထွက်ပါစေ တော် ”


ကျန်အပျိုများ ဝိုင်း ရယ်လိုက်ကြသည် ။


“ ဟား ဟား ဟီးဟီး ”


 •••••   •••••   •••••


မကျင် ကိုဘသာ အခေါင်း ရှေ့ တွင် ခပ်နွဲ့နွဲ့လေး မတ်တတ် ရပ်လိုက်သည် ။ ယူ လာသော ထမင်းပန်းကန် ကို အခေါင်း ပေါ် တင် လိုက်သည် ။ တဘက်ကလေး ကို လည်ပင်း ကို တစ်ပတ် ပတ် လိုက်ပြီး ...


“ ကိုဘသာ ရေ ... နှစ်ကိုယ်ကြား လေး ပြောလိုက်ရဦးမယ် ၊ တကလှဲ့ ရွာ မှာ တော့ အသုဘ ထဲ မှာ စံပြ ပဲ ကိုဘသာ ရေ ၊ ဝက် လေးကောင် ကျွေးရတယ် ဆိုတာ ကိုဘသာ ကြားဖူးလား ၊ ခုတော့ လက်တွေ့ပဲ တော် ရေ ၊ ရွာ မျက်နှာဖုံး ၊ ဦးသီလ အသုဘတောင် ဝက် နှစ်ကောင် ပဲ ကျွေးရတာ ၊ တစ်ရွာလုံး ကတော့ ရှင့် အသုဘ ကို ဟိုးဟိုးကျော် အသုဘ တဲ့ ကိုဘသာ ၊ ကူငွေတွေ ကို လူကြီး ကိုအုန်းဆောင် အကုန် သိမ်းထားတယ် ၊ ကျွန်မ ကို လည်း မပြ ၊ ဘယ်လောက် ရပြီ ဆိုတာ လဲ မပြောဘူး ၊ ဒီ လူကြီး က တော့ ယုံရ ပါတယ် နော် ၊ လူကြီး ဆိုရင် ခပ်လန့်လန့် ပဲ ကိုဘသာရေ ၊ ကဲ ကိုဘသာ ... ကျွန်မ စကား ပြောတာ ကြာ သွားတယ် ၊ စား လည်း စားဦး ” 


“ ဂလုံ ဂလွမ် ”


ဟူသော အသံ ကို မကျင် ကြား လိုက် ရသည် ။ မကျင် မျက်နှာ ပျက်လျက် တင် ထားသော ပန်းကန် အခေါင်း ထဲ ကျသွားသည် ကို သိလိုက်သည် ။ မကျင် စိတ်ထဲ မသန့်တော့ ။ သွေးပျက် သွား သည် ။ လက်များ တုန် လျက် မရဲ တရဲ ဖြင့် ကျ သွားသော ပန်းကန် ကို လက် နှင့် လှမ်း နှိုက်ရင်း မသိမသာ အခေါင်း ထဲ သို့ ငုံ့ ကြည့် လိုက်သည် ။


“ ဟာ ”


မကျင် ပါးစပ် အဟောင်းသား ဖြစ် သွားသည် ။ အခေါင်း ထဲ တွင် ကိုဘသာ မရှိတော့ ။ ထမင်း ပန်းကန် လည်း အခေါင်း ထဲ တွင် ပြန့်ကျဲ လျက်။


“ ကိုဘသာ မရှိတော့ဘူး ... ကိုဘသာ မရှိတော့ဘူး ”


မကျင် ရွာ ဘက် သို့ ဒုန်းစိုင်း လျက်။ 


“ ကိုဘသာ မရှိတော့ဘူး ... ကိုဘသာ မရှိတော့ဘူး ”


ကူငွေစာရင်း လုပ်နေသော လူကြီး ကိုအုန်းဆောင် စာရင်းစာအုပ် နှင့် ငွေများ ကို လွယ်အိတ် ထဲ အတင်း ထိုးထည့် လျက် ပျာယာခတ် သွားသည် ။ မစန်းတင် က တော့ နေစရာ မရှိတော့ ၊ လူငယ်များ နှင့် ရွာလူကြီး အချို့ လည်း ရရာ လက်နက်များ ဆွဲလျက် အခေါင်း ရှိ ရာ ရွာပြင် သို့ ပြေးထွက် သွားသည် လူစု မိကြပေမဲ့ အနား သို့ တစ်ဦး တစ်ယောက် မှ မကပ်ရဲ ။


“ ဟေ့ ... ရွာ ထဲ မှာ လူမိုက် လုပ်နေတဲ့ လူတွေ ဒီနေရာ မှာ ဘာဖြစ်လို့ ချောင် ကပ် နေကြတာလဲ ... ရှေ့ ထွက် လေကွာ ”


လူမိုက်ဖိုးလုံး အသံ လာရာ ဘက် သို့ တစ်ချက် ငဲ့ ကြည့်လိုက်သည် ။ သူ့ ကို ဦးတည် ပြောနေမှန်း လည်း သိသည် ။ သို့သော် ... ဒီနေရာ မှာ ရူးချင်ယောင် ဆောင် နေလိုက်သည် က အန္တရာယ် ကင်းမည် ကို သိသည် ။ သို့သော်  ရွာသားတွေ ရှိန် အောင်တော့ အနည်းငယ် ရဲစွမ်းသတ္တိ တော့ ပြဖို့ လိုအပ်မည် ကို ဖိုးလုံး တွေးလိုက်သည် ။


“ ကျား ”


ဟု အသံနက် ဖြင့် အော်လျက် လူအုပ် ထဲ မှ အတင်း တိုးဝှေ့ လျက် ပြေးထွက် သွားသည် ။ ကြောက်စိတ် အရှိန်ကြောင့် ကန်သင်းရိုး နှင့် တိုက်မိပြီး ရှေ့ ကို ဝမ်းလျားထိုး လဲကျ သွားသည် ။ လူအုပ်ကြီး က ရယ်ချင်ပေမဲ့ အသံတိတ် ဖြင့် အုပ် ရယ် လိုက်ကြသည် ။


“ ဟေ့ ... မင်း က ဘသာ ၊ ငါ က ဖိုးလုံး ၊ တကလှဲ့ ရွာသားချင်း ပဲ ၊ ဘယ်သူ ဘာကောင် ဆိုတာ တွေ့ပြီဟေ့ ” 


လူမိုက် ဖိုးလုံး မိမိ ကိုယ် မိမိ အားတင်းလျက် တုတ် ကို ပြန် ကောက် လျက် ဘသာ အလောင်း ရှိရာသို့ တစ်ဟုန်ထိုး ပြေးထွက် သွားသည် ။ အနား ရောက်တော့ ကိုယ်ရှိန်သတ် လိုက်သည် ။ တုတ် ကို တင်းတင်းဆုပ်လျက် အခေါင်း နား သို့ တစ်လှမ်းချင်း ချဉ်းကပ် သွားသည် ။ ဖရိုဖရဲ ဖြစ်နေ သော အခေါင်း ကို သတိထား မိသည် ။ အခေါင်း ထဲ သို့ ငုံ့ကြည့် ဖို့ တစ်ချက် ပဲ လို တော့သည် ။


လူအုပ်ကြီး က လူမိုက် ဖိုးလုံး ကို မျက်တောင်မခတ် စိုက် ကြည့် နေကြ သည် ။ လူမိုက်ဖိုးလုံး ၏ ထွက်ပေါ် လာ မည့် အသံ ကို နားစွင့် နေကြသည် ။


ဖိုးလုံး တုန်တုန်ယင်ယင် ဖြင့် အခေါင်း ထဲသို့ ငုံ့ ကြည့်လိုက်သည် ။ လူအုပ် ထဲ မှ  ...


“ ဖိုးလုံး ဘာတုံးဟေ့ ”


ဖိုးလုံး အမှတ်တမဲ့ ထွက်ပေါ်လာ သည့် အသံကြောင့် လန့်ပြီး အခေါင်း ပေါ် လက်ထောက် မိ လျက်သား ဖြစ်ပြီး ကြောက်စိတ် ကြောင့် အခေါင်း ရော လူ ရော ပြိုလဲ သွားသည် ။ ဖိုးလုံး ကုန်းရုန်း ထပြီး ...


“ ငါ ... သား က လည်း တိုးတိုး ခေါ်ပါ ကွ ၊ ဘ ဘ ဘသာ မရှိတော့ဘူး ဆိုတာ ဖိုးလုံး အတည်ပြုတယ် ”


ရွာသားတွေ ရွာဘက် သို့ တစ်ဟုန်ထိုး ပြေးကြသည် ။ အားလုံး စုပြုံ ပြေးသည် မို့ အားလုံး အလဲလဲ အပြိုပြို ။ 


“ ငါ့ ကို စောင့်ပါဦးကွ ”


ဖိုးလုံး အော်ပြီး လူအုပ်ကြီး နောက် အပြေး လိုက်သည် ။ ဖိုးလုံး ပုဆိုး ကား အခေါင်းနား ၌ လဲ စဉ် က ကျကျန် ခဲ့ပြီး အောက်ခံ ဘောင်းဘီ အတို ဖြင့် အသက် လု ပြေး တော့သည် ။


 •••••   •••••   •••••


“ ငချိတ် ” 


“ ညကြီး အချိန်မတော် ရွာ ထဲ မှာလည်း ဘသာ တစ်လောင်း ပဲ ရှိတာ ဘယ်သူများ ပါလိမ့် ”


ငချိတ် ပြောပြော ဆိုဆို မီးခွက် ယူပြီး အမှောင်ဘက် သို့ ခပ်တွေတွေ နှင့် မီးခွက် နှင့် လှမ်းကြည့် လိုက်သည် ။ 


“ ဘယ်သူတုံးဟေ့ .. ငချိတ် သင်္ချိုင်း မှာ နေ လာတာ အံသွား သုံးချောင်း တောင် မရှိတော့ဘူး ၊ ခြောက်လား နောက်လား လာ မလုပ်နဲ့ ၊ အရှိန် ပျက်တယ် ”


“ ငချိတ် ... ငါ ပါ ”


တစ်ဖက် က အသံ ကား တိုးညင်းလွန်းသည် ။


ငချိတ် တစ်ချက် ရယ် လျက် ...


“ ဟား ဟား ဟား ... ငချိတ် ကို ဒီ အပေါက်မျိုး လာ မချိုးနဲ့  ၊ သရဲ ကို ပြန် ကုပ်ချိုး တဲ့ ငချိတ် နော် ၊ မယုံဘူးလား ... မယုံရင် ဟောဒီ ပတ်ဝန်းကျင် မှာ ရှိတဲ့ သရဲတွေ ကို မေးကြည့် ... အေ့ ”


ငချိတ် လေချဉ် တက်ပြီး အရက် တစ်ခွက် ငှဲ့ပြီး အပြင်း မော့ချ လိုက်သည် ။ 


“ ငချိတ် ... ငါ ပါ ဘသာ ပါ ”


“ ဟား ဟား ဟား. ... မင်း ကို မြေ မြှုပ်ဖို့ နှစ်ရက် ပဲ လိုတော့တယ် ၊ စောစောစီးစီး မြေကြီး ထဲ ဝင်ချင် လို့ လား ၊ ဘသာ ဘသာ .. ငချိတ် လို ကောင်မျိုး ကို မှ လာပြီး သွေးတိုး စမ်း နေ တာကိုး ... ဟား ဟား ”


ငချိတ် ဟက်ဟက်ပက်ပက် ရယ်ပြီး အရက် တစ်ခွက် ကို ကိုင် လျက် အသံ လာရာဘက် သို့ မျက်နှာ မူ လိုက်သည် ။ ဘသာ ဘယ် လို မှ ပြော မရသည့် အဆုံး အမှောင် ထဲ မှ ထွက် ၍ လူလုံး ထွက် ပြ လိုက်သည် ။


“ ငချိတ် ... ငါ ပါ ဘသာ ပါ ”


ငချိတ် အရက်ခွက် လွတ်ကျ သွား သည် ။ ထ ပြေးမည့် ဟန် လုပ် လိုက် သည် ။


“ ငချိတ် ... ငါ မသေပါဘူး ၊ တကယ် ပါ သူငယ်ချင်း ရာ ”


“ ဘသာ ... ငါ့ ကို အဲဒီလောက်ကြီး တော့ မလုပ်ပါနဲ့ သူငယ်ချင်း ရာ ၊ ငါ လည်း သွေး နဲ့ ကိုယ် သား နဲ့ ကိုယ် ပါ ၊ ကြောက် ကြောက်စိတ်တော့ ရှိတာပေါ့ ကွာ ၊ မင်း ... မင်း တကယ် မသေဘူး နော် ”


“ ရေ တစ်ခွက် ပေးကွာ ”


ငချိတ် ရေ တစ်ခွက် လှမ်း ပေးပြီး ခပ်လှမ်းလှမ်း က နေ ...


“ ဘသာ ... ဘယ်လို ဖြစ်တာလဲ သူငယ်ချင်း ရာ ” 


“ ငါ့ အကြောင်း က တော့ ပြောရင် လည်း လူတွေ ယုံဖို့ တော်တော် ခက် လိမ့်မယ် သူငယ်ချင်း ... ငါ့ ကံ ပေါ့ကွာ ” 


ဘသာ ကြေကွဲစွာ ပြောရင်း ခေါင်း ငိုက်စိုက် ကျ သွားသည် ။


  •••••   •••••   •••••


“ ငါ သတိ ပြန်လည် ဝင်လာတော့ ပိန်းပိန်းပိတ် နေတဲ့ အမှောင် ထဲ မှာ ၊ ဘေး ပတ်ဝန်းကျင် ကို လက် နဲ့ စမ်း ကြည့် လိုက်တော့ သစ်သား ဆိုတာ ငါ သိလိုက်တယ် ။ အားယူ ပြီး ငုတ်တုတ် ထ ထိုင် လိုက် တော့ ငါ့ ခေါင်း ပေါ် မှာ သစ်သားပြား ၊ ငါ့ ခေါင်းပေါ်က သစ်သားပြား ကို လက် နဲ့ အားယူပြီး ဖွင့် လိုက် တော့ ငါ စ မြင် လိုက်တာက ပထမဦးဆုံး ကောင်းကင်က ကြယ်တွေ ၊ ဘေးဘီ ကို ငဲ့ ကြည့် လိုက်တော့ ငါ ရွာပြင် ကို ရောက်နေပြီ ဆိုတာ သိလိုက်ရတယ် ငချိတ် ”


ဘသာ အသံ တစ်ချက် တိမ် ဝင်သွားသည် ။


ဆွေးဆွေးမြည့်မြည့် နှင့် အမှောင်ဘက် သို့ ငေးကြည့် နေသည် ။ ငချိတ် လည်း ဘသာ ကို ငေးကြည့် နေ ရင်းမှ သောက်ဖို့ တောင် မေ့ သွားသည် ။


“ ငါ မသေဘူး ဆိုရင် တစ်ရွာလုံး ယုံ မှာ မဟုတ် သလို ပတ်ဝန်းကျင် ရွာတွေ လည်း ယုံမှာ မဟုတ်ဘူး ။ အထူးသဖြင့် ငါ သေပြီ ဆိုပြီး ထုံးစံအတိုင်း လုပ်နေ ကြတဲ့ ငါ့ မိသားစု ငါ့ ရဲ့ မိတ်ဆွေသင်္ဂဟ သူ တို့ ဘယ်လိုလုပ် ယုံကြမှာ လဲ ။ ငါ့ ဘဝ က ဆုပ် လည်း စူး စား လည်း ရူး ဘဝ ပါ ငချိတ် ရာ ”


ဘသာ ကြေကြေကွဲကွဲ ငိုချ လိုက် သည် ။ အသည်းမာ တဲ့ ငချိတ် လည်း မျက်ရည်များ ဝဲလျက် အတိမ် သံ ဖြင့် ... 


“ မင်း ... မင်း အိမ်ဘက် ကို ဝင်ခဲ့သေးလား ”


“ ဝင်တာပေါ့ သူငယ်ချင်း ရာ ”


ပြောရင်း ဘသာ မျက်ရည်များ ကျ လျက် ။ ထို့အတူ သံမဏိ အသည်း ပိုင်ရှင် သင်္ချိုင်းစောင့် ငချိတ် မှာ မျက်ရည် မဆည်နိုင်တော့။


ဘသာ က ဆက်၍  ... 


“ အလောင်းစင် ပေါ် က ဆင်း ရတာ တော်တော် မလွယ်တာပါ သူငယ်ချင်း ရာ ၊ အား က လည်း မရှိ ၊ ဝရုန်းသုန်းကား ပါပဲ ၊ တော်သေးတာပေါ့ ... ညဉ့် က လည်း နက်နေလို့ ။ အခေါင်း ကို တော့ ငါ စနစ်တကျ ပြန် လုပ်ခဲ့ပါတယ် ၊ အဲ ဒါနဲ့ ငါ အိမ်ဘက် ကို သွားပြီး အမှောင် ထဲ မှာ အရိပ်အခြည် ကို ကြည့် နေတော့ ငါ့ နာမည် ခေါ် ခေါ်ပြီး ရိုက် နေကြတဲ့ ဖဲဝိုင်းက လည်း တချိမ့်ချိမ့် ၊ ဖိုးလုံး ဘယ်လောက် မူး နေလဲ မသိဘူး ... ဖဲဝိုင်း က ထ လာပြီး ဒယိမ်းဒယိုင် နဲ့ ငါ့ ဘေး နား မှာ အပေါ့ လာ သွားသေးတယ် ။ ငါ့ တောင် ဝင် တိုက်သွားတယ် ၊ ဖဲဝိုင်း က လည်း စည် လိုက်တာ သူငယ်ချင်း ရာ ” 


“ ငါ ကြား တာကတော့ အကောက် ရ ဖို့ ပဲ တဲ့  ၊ အနိုင်အရှုံး က အဓိက မကျဘူး တဲ့ ပြောနေကြတာ ပဲ ၊ ဒုတိယ ည က ငါ တောင် မယောင်မလည် နဲ့ ရောက်သွား သေးတယ် ။ အရက်ဖိုးလေးများ ရမလား ဆိုပြီး ကြားဝင် ထိုးသေးတယ် ။ ကံကောင်းလို့ ရှိတာလေး တောင် ပါ တော့ မလို့  ၊ ဒါနဲ့ မင်း အခု ဘာ ဆက် လုပ်မယ်လို့ စိတ်ကူးလဲ ”


ဘသာ အတန်ငယ် တွေးပြီး ... 


“ ငါ မသေပါဘူး မြောသွားတာပါ လို့ ပြောလည်း ဘယ်သူမှ ယုံမှာ မဟုတ် ဘူး ၊ အခေါင်း ထဲ မှာ ငါ မရှိတော့ဘူး ဆို ရင် တောင် လူတွေ ဘယ်လောက် စိတ် သောက ရောက်ကြမလဲ ၊ သို့လော သို့လော တွေ နဲ့ ငါ့ မိသားစု နဲ့ ငါတို့ ရွာ အလုပ် ရှုပ် ဦးမယ် ၊ ငါ .. အဲဒါတွေ ကို တွေး တွေးပြီး ဘာဆက် လုပ်ရမှန်း တောင် မသိတော့ဘူး ”


“ ဘသာ ... ငါ လည်း ငါ့ ဦးနှောက် အဲဒီလောက် မကောင်း လို့ သင်္ချိုင်း ဇရပ် မှာ နေ နေရတာ ပေါ့ကွ ၊ ငါ့ အထင်တော့ မင်း ဇာတ်မြှုပ် မှ ဖြစ်တော့မယ့် ဘဝ ပဲ ၊ ငါ ကတော့ အဲဒီလို ပဲ မြင်တယ် ” 


“ မှန်တယ် သူငယ်ချင်း ၊ ငါ လည်း အဲဒီ လိုပဲ တွေးတော့ တွေး ထားတယ် ၊ မင်း ဆီ မှာ ကြာကြာ နေလို့ လည်း မသင့်တော်ဘူး ၊ တစ်နည်း မဟုတ် တစ်နည်းတော့ ရွာ က လူတွေ ငါ့ ကို မြင်သွား မှာ ပဲ ၊ ဘဝ အသစ် တစ်ခု ပြန် စ မှ ကို ရ တော့မယ့် အနေအထား ပဲ ငချိတ် ရေ ”


◾ဗေလုဝ 


📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment