❝ ငွေစင်ပုလဲ ❞
နိုင်ငံခြားမျိုး နို့စားနွားမ ထွားထွားကြီးတွေ က နွားတင်းကုပ် ထဲ မှာ တန်းစီပြီး ရပ်နေ ကြတယ် ။ နွားတင်းကုပ် က အမိုး နိမ့်နိမ့် မို့ ခပ်မှောင်မှောင် ၊ အခင်း အုတ်သမံတလင်း က လည်း အင်္ဂတေတွေ ကွာတဲ့ နေရာ က ကွာ လို့ ၊ နို့ညှစ်သမားတွေ က အစိတ် သုံးဆယ် လောက် စီ တန်း ရပ် နေတဲ့ နွားမကြီးတွေ ရဲ့ ခြေချောင်းတွေ ကြား ကို ဝင် ပြီး တစ်ကောင် ပြီး တစ်ကောင် နို့ညှစ် ယူ နေတယ် ။
သူတို့ ကို ကြည့် ရတာ ပြိုင်ပွဲ တစ်ခု လို ပါပဲ ။ နို့ညှစ်သမားတွေ က နွား တစ်ကောင် ပြီး ရင် နောက် တစ်ကောင် ကို ပြောင်းပြီး ညှစ်တယ် ။ ညှစ် လို့ ရတဲ့ နွားနို့တွေ ကို ပုံးကြီး တစ်ခု ထဲ လောင်း ထည့် ထားတယ် ။ နို့ပုံးကြီး ကို အလုပ်သမား တစ်ယောက် က ခပ်သုတ်သုတ် မ ယူ သွားပြီး ဒစ်ဂျစ်တယ်ကတ္တား ပေါ် တင်တယ် ။ ဖျိုးဖျိုးဖျတ်ဖျတ် ပြောင်းလဲ သွား တဲ့ အလေးချိန် ဂဏန်းတွေ တည်ငြိမ် သွားတာ နဲ့ ရေးမှတ် သူ က မှတ် ၊ ကတ္တားပေါ် က နို့ပုံးကြီး ကို ဆွဲချ ပြီး အဆင်သင့် စောင့် နေတဲ့ ကားကလေး ပေါ် သွက်သွက်လက်လက် တင် တယ် ။ နို့ပုံးတွေ ကား ပေါ် မှာ ပြည့် တာ နဲ့ ငွေစင်ပုလဲ သဘာဝနွားနို့ အစစ် လို့ စာတန်း ချိတ်ထား တဲ့ နို့ကား က ပြိုင်ပွဲ မှာ တာလွတ် လိုက် သလို လှစ်ခနဲ မောင်းထွက် သွားတယ် ၊ ဈေးကွက် မှာ အလတ်ဆတ်ဆုံး နွားနို့ ရောင်း နိုင်ဖို့ အသော့ နှင် နေကြတာ ဖြစ်ပါတယ် ။
ကား တစ်စင်း ထွက်သွား တာ နဲ့ နောက် တစ်စင်း က ချက်ချင်း နေရာ ဝင် ယူတယ် ။ ရှေ့ မှာ တွေ့ခဲ့ရ သလိုပါပဲ နွားနို့ပုံးတွေ ဒစ်ဂျစ်တယ်ကတ္တား ပေါ် က ဆွဲချ ၊ ကား ပေါ် တင် ၊ ပြိုင်ပွဲဝင် တာလွှတ် သလို နို့ကား ထွက်သွား ။ နောက် ကား တစ်စီး ဝင် လာပြန် ။
နွားတင်းကုပ် ထဲ မှာ တုတ်တုတ်ခိုင်ခိုင် လူကြီး တစ်ယောက် က နို့ညှစ် တာတွေ လိုက် ကြည့် နေတယ် ။ သည် လူကြီး ပဲ ခဏ နေ တော့ နွားနို့ပုံးတွေ ချိန် တဲ့ ကတ္တား နား ရောက် လာတယ် ။ ခဏ နေ ပြန်တော့ နွားတင်းကုပ် ထဲ ကို သူ ရောက် နေ ပြန်တယ် ။
သူ က ငွေစင်ပုလဲ သဘာဝနွားနို့ အစစ် ထုတ်လုပ် ရောင်းချသူ ဦးတင်ဝင်း ဖြစ် ပါတယ် ။
ရန်ကုန် မြို့လယ် နဲ့ တော်တော် ဝေး တဲ့ လေးထောင့်ကန် ရွာကလေး မှာ ရှိ တဲ့ ငွေစင်ပုလဲ နွားမွေးမြူရေးခြံ ကို ပထမဦးဆုံး အခေါက် လိုက်သွားစဉ် က ဦးတင်ဝင်း ကို အရာထမ်း အင်ဂျင်နီယာကြီး တစ်ဦး ဖြစ် မှန်း ကျွန်တော် မသိပါ ။ သူ က နွားတွေ အကြား တိုးဝှေ့ သွားပြီး အလုပ်သမားတွေ နဲ့ လက်ပွန်းတတီး အလုပ် လုပ်တာ မြင်ရတယ် ။ သူ့ ပုံစံ က တကယ့် နွားခြံပိုင်ရှင် စစ်စစ် ပါ ။
ငွေစင်ပုလဲ ရုံးခန်း မှာ ထိုင်ပြီး စကားစမြည် ပြောကြ ချိန် မှာတော့ သူ က ပညာရှင် ဖြစ်နေ ပြန်တယ် ။ အင်တာနက် ထဲ က ရှာဖွေ ထားတဲ့ နွားနို့ နဲ့ ဆိုင်တဲ့ အချက်အလက် တွေ ၊ စင်ကာပူ မှာ ပညာသင် နေတဲ့ သူ့ သား လှမ်း ပို့တဲ့ နွားနို့ပညာရပ် စာအုပ်တွေ ၊ လေ့လာ ဖတ်ရှု ထားတဲ့ အသိပညာတွေ ကို အခြေခံပြီး နွားနို့ဗေဒ ကို သူ ရှင်းပြ တာ လေးစား ဖို့ ကောင်းတယ် ။
ဦးတင်ဝင်း ၊ သူ့ ဇနီး ဒေါ်ခင်သန်းဝင်း တို့ နဲ့ တစ်ခါတစ်ရံ ကျွန်တော် တွေ့တယ် ။ သူ့ နွားခြံ ရှိတဲ့ လေးထောင့်ကန်ရွာကလေး ကို လည်း နောက်ထပ် ကျွန်တော် ရောက် ပါတယ် ။ ရုန်းကန် နေရတဲ့ သူ့ ဘဝ ကို လည်း ကျွန်တော် သိခွင့် ရခဲ့တယ် ။
••••• ••••• •••••
ကျွန်တော့် ဇာတိ က မန္တလေး မြောက်ပြင် ၊ ထားဝယ်ရပ် ။ မိဘ က ဦးထွန်း ၊ ဒေါ်ကြည် ။ မိဘ ရဲ့ လုပ်ငန်း က တော့ ကျားပျံ ကိတ်မုန့်လုပ်ငန်း ဆိုပြီး တော့ မင်္ဂလာဆောင် ၊ အလှူတွေ ကို ကန်ထရိုက် လက်ခံ ပြီး လုပ် ပေးတာ ။
မင်္ဂလာဆောင် ဆိုရင် သတို့သား ၊ သတို့သမီး တွေ က ဖိတ်စာ ပဲ ရိုက် ။ ကျန်တဲ့ ကိစ္စ ကိတ်မုန့် တို့ ၊ မဏ္ဍပ် တို့ ၊ အသံချဲ့စက် တို့ ၊ ဆေးလိပ်တို့ အကုန် လုံး လုပ်တယ် ။ အလှူ ဆိုရင် လည်း ဒီလိုပဲ ။ ဆိုင်း က လွဲရင် အကုန် စီစဉ်ပေးတယ် ။
အဓိက အားဖြင့် အိမ် က ကိတ်မုန့် ဖုတ် တာ ဆိုတော့ အဖေ က ကျွန်တော် ဆယ်တန်း အောင် ပြီး ရင် အင်္ဂလန် လွှတ် ပြီး မုန့် ဖုတ်တဲ့ ပညာ သင် စေ ချင်တာ ။ ကျွန်တော် ဆယ်တန်း အောင်တော့ ရန်ကုန် စက်မှုတက္ကသိုလ် ကို သဘောကျ တာ နဲ့ တက်လိုက် တာ ပေါ့ ။ ၁၉၇ဝ ပြည့်နှစ် ကျ တော့ အထည်အလိပ် အင်ဂျင်နီယာဘွဲ့ ကို ကျွန်တော် ရတယ် ။ အဖေ မျှော်မှန်း သလို မုန့်ဖုတ် တဲ့ ပညာ တော့ မသင်လိုက်ရဘူး ။
၁၉၇၁ ခု က စပြီး မိတ္ထီလာ ချည်စက် မှာ လက်ထောက် အင်ဂျင်နီယာ အဖြစ် တာဝန် စ ပြီး ထမ်း ရတယ် ။ စိတ်လည်း ဝင်စားတော့ အပြင် အလုပ်တွေ ကို ကျွန်တော် တွဲပြီး လုပ်ခဲ့တယ် ။ မိတ္ထီလာ မှာ ကျွန်တော် ကြက် မွေးတယ် ။ စိုက်ပျိုးရေး တွေ လုပ်တယ် ။ နေကြာ ၊ ခရမ်းချဉ် ၊ သင်္ဘောပင် တွေ စိုက်တယ် ။ ဖြစ်တဲ့ ဟာ ဖြစ်တယ် ။ မဖြစ်တဲ့ ဟာ မဖြစ်ဘူး ။ ဝက် မွေးတယ် ။ နွား လည်း မွေးတယ် ။ မန္တလေး က နှင်းဆီပင် တွေ ဝယ်ပြီး နှင်းဆီခြံ လုပ်တယ် ။ ငါးခူ မွေးတယ် ။ ဝမ်းတွင်း က ပုဆိုး တွေ ယူ ရောင်းတယ် ။ မန္တလေးဆီစက် က ဆီတွေ ဝယ် ရောင်းတယ် ။ အလုပ် က တော့ အစုံပဲ ။ သူငယ်ချင်းတွေ ဆီ က ပိုက်ဆံ ကို သုံးကျပ်တိုး နဲ့ ယူပြီး ငွေ လို တဲ့ လူတွေ ကို လေးကျပ်တိုးနဲ့ တစ်ကျပ် စား ပြန် ချေးတယ် ။ စီးပွားရေး ကို တော့ တော်တော်လေး စိတ်ဝင်တစား လုပ် ခဲ့တာပါ ။
မိတ္ထီလာချည်စက် မှာ လုပ် နေတုန်း ပညာတော်သင် အရွေး ခံ ရတယ် ။ အီတလီ ကို ၁၁ လ သွား လိုက်ရတယ် ။ ၁၉၈၁ ခုနှစ် မှာ ချည်မျှင် နဲ့ အထည်စက် ကို စက်ရုံမှူး ဘဝ နဲ့ ပြောင်း ရတယ် ။ ဝမ်းတွင်း မှာ နေတုန်း နယ်သာလန် ကို ပညာတော်သင် လေးလ ထပ် သွား ရတယ် ။ ငါးနှစ် လောက် ဝမ်းတွင်း မှာ တာဝန် ထမ်းဆောင် ပြီး တော့ ရန်ကုန်ရုံးချုပ် ကို ပြောင်းရ ပြန်တယ် ။ အထည်ချုပ်စက်ရုံ လုပ်မယ် ဆိုတော့ အဖွဲ့ဝင် ၂ဝ ကို ဦးဆောင်ပြီး ကိုရီးယား ကို ပညာသင် သွားဖို့ အရွေး ခံရ ပြန်တယ် ။ ဒါပေမဲ့ နယ်သာလန် က ပြန် လာတာ တစ်နှစ် မပြည့်သေးလို့ ဆိုပြီး ကိုရီးယား မသွားရတော့ဘူး ။
ရန်ကုန် ရောက် ပြန် တော့လည်း ကြက် မွေးတယ် ။ မှို စိုက်တယ် ။ ကြွက်နားရွက်မှို တို့ ငွေနှင်းဖြူမှို တို့ ပေါ့ ။ ပဲခူး ဘက် မှာ လယ်တွေ ဝယ်ပြီး စပါး စိုက်တယ် ။ အရက်ချက် စက်ရုံ ထဲမှာ သူငယ်ချင်းတွေ နဲ့ အတူ ရှယ်ယာ ဝင် ပါတယ် ။ လုပ်ရင်း လုပ်ရင်း နဲ့ အရက်ချက်စက်ရုံ က ပျက် သွားတယ် ။
အရက်ချက်စက်ရုံ က မြေတွေ ကို ဝယ်ရင်း ဝယ်ရင်း နဲ့ ခြံကျယ်ကြီး ဖြစ်လာတယ် ။ ခြံကြီး ထဲ မှာ စပိုက်ဒါ သစ်ခွတွေ စိုက်တယ် ။ တိုးချဲ့စိုက်ရင်း အင်မတန် ပွင့် တဲ့ ဧပြီ ၊ မေ ဆို သစ်ခွပန်းတွေ တော်တော်ကြီး ကို ရောင်း ရတယ် ။ ရန်ကုန် အသောကဈေး သွားပြီး ပန်း ရောင်းတယ် ။
ကျွန်တော့် ခြံ နား မှာ မိသားစု က ကျွဲ မွေး နေတာ တွေ့ ရတယ် ။ လေ့လာကြည့် လိုက်တော့ လေးလ ထဲ နဲ့ သူ တို့ အရင်း ကျေ သတဲ့ ။ တွက်ကြည့် တော့ ၂၅ ရာခိုင်နှုန်း လောက် အကျိုးအမြတ် ရှိ နေတယ် ။ ကျွဲ ကို ကျွန်တော် မမွေးဖူးဘူး ။ မိတ္ထီလာ မှာ နေတုန်းက နွား ကို တော့ မွေးဖူးတယ် ။ သူ က လေးလ နဲ့ အရင်း ကျေ ရင် ကိုယ် က တစ်နှစ် နဲ့ အရင်း မကျေနိုင်ဘူးလား တွေးတယ် ။ ဒါနဲ့ ပိုက်ဆံ ချေး ပြီး နွား မွေးတယ် ။ မိတ္ထီလာ မှာ ကတည်း က ရင်းနှီးတဲ့ တပည့် မခင်မာအေး က လာ ကူညီ ပေးတယ် ။ နွားရှစ်တွဲ ( နွားမ နွားကလေး အတွဲ ) ဝယ် လိုက်တယ် ။
နွားနို့ စ ထွက်တော့ လေးထောင့်ကန် ရွာထိပ် က ကု,လားကြီး ကို သွား ရောင်း တယ် ။ ရေ လုံးဝ မရောဘဲ ရောင်းတာ ။ အဲသည် အချိန် မှာ ပေါက်ဈေး က နွားနို့ တစ်ပိဿာ တစ်ရာ ။ ရေ မရော တော့ ကု,လားကြီး က တစ်ပိဿာ တစ်ဆယ် ကြိတ် ပေးတယ် ။
ရွာထိပ် မှာ ပဲ နွားနို့ ရောင်းလို့ ကတော့ မကြီးပွားလောက်ဘူး ဆိုပြီး ဆိုင်ကယ် တစ်စင်း ကျွန်တော် ဝယ်တယ် ။ မြောက်ဥက္ကလာပ ၊ တောင်ဥက္ကလာပ ၊ ရန်ကင်း ၊ ကမာရွတ် ၊ တက္ကသိုလ်ဆေးရုံ လိုက် ပို့တယ် ။ အတော်ကလေး ရောင်း ရပါတယ် ။ သစ်ခွပန်း ရောင်း နေတဲ့ အသောကဈေး မှာ လည်း နွားနို့ ရောင်းတယ် ။
ကျွန်တော် က ဝန်ထမ်း အလုပ် တစ်ဘက် နဲ့ မို့ မနက် ကိုးနာရီ ၊ ကိုးနာရီခွဲ အမီ ရုံး တက် ရမယ် ။ မနက် သုံးနာရီ နိုးစက်ပေး အိပ်ရာ က ထပြီး ကျွန်တော် နေတဲ့ ရန်ကုန် ထဲ ကနေ လေးထောင့်ကန် ကို ကားကလေး နဲ့ သွားပြီး နွားနို့ သယ် တယ် ။ နွားနို့ သယ်ပြီး အာသောကဈေး သွားရောင်း ။ ကိုးနာရီ ထိုး တာ နဲ့ အမြန် ကား ပြန် မောင်း ပြီး ရုံး ထဲ ၉း၃၀ နာရီ မှာ ဝင် နိုင်အောင် ကြိုးစား ရတယ် ။
လေးထောင့်ကန် ရွာ ထဲ မှာ အကြော် ရောင်းတဲ့ အမျိုးသမီး တစ်ယောက် ရှိတယ် ။ ကျွန်တော် က မနက် လေးနာရီ မထိုးမီ ဝုန်းဝုန်း ဝုန်းဝုန်း ဆိုပြီး သူ့ အိမ် ရှေ့ က ကား ဖြတ် မောင်း ။ ခြံ ကို သွားတယ် ။ အဲသည် အချိန် မှာ သူ က ဘယ်လို တွေး သလဲ ဆိုတော့ ( ရယ်လျက် ) မြို့ ထဲ က သူဌေးတောင် မှ လေးနာရီ မထိုး ခင် ငါ့ အိမ် ရှေ့ က ဖြတ် သွား ပြီး နွားနို့ ရောင်းဖို့ ကြိုးစားသေးတာ ။ ငါ က ဘာကြောင့် အိပ်ရာ ထ ပျင်းရမှာလဲ လို့ အား တင်းပြီး အလုပ် လုပ် လိုက်တာ အဆင် ပြေ သွား သတဲ့ ။
ကျွန်တော့် သမီး နှစ်ယောက် နဲ့ တူမ က မြို့ထဲ က ရွှေဘုံသာလမ်း မှာ ACCA တက် နေတယ် ။ သူတို့ က ဘာသာတွေ မတူ တော့ ကြိုရတဲ့ အချိန်တွေ မတူဘူး ။ နေ့တိုင်း လိုလို အခေါက်ခေါက် အခါခါ မြို့ထဲ သွား ကြို ရတယ် ။ ဒါနဲ့ ကျွန်တော့် အမျိုးသမီး က ရွှေဘုံသာလမ်း ပတ်ဝန်းကျင် မှာ နွားနို့ ရောင်း ကြည့် ရရင် ကောင်း မလား ပြောတယ် ။ မှန်တဲ့ အတိုင်း ပြော ရရင် ကျွန်တော် က မြို့ ထဲ မှာ ရောင်းဖို့ သိပ် မရဲဘူး ။ ဒါပေမဲ့ စမ်းတာပေါ့ကွာ ဆိုပြီး နွားနို့ အချိန် အစိတ် ယူ သွားတယ် ။ လမ်းဘေး ဝဲ ယာ တိုက်တွေ လိုက် ဝေတယ် ။ တစ်ဝက် လောက် ပဲ ဝေ လိုက် ရတယ် ။ ကျန်တဲ့ တစ်ဝက် ကို ဝယ်လို့ ပါ သွားရော ။ နောက် ရက် ကျတော့ လည်း သည် အတိုင်းပါပဲ ။ သုံးရက်မြောက် နေ့ စ ရောင်းတော့ ပိဿာ အစိတ် ရောင်း ရတယ် ။ နောက် တဖြည်းဖြည်း နဲ့ တိုး တိုးသွားလိုက် တာ တိုကင် နဲ့ ရောင်းရတဲ့ အထိ ဖြစ် သွားတယ် ။
နွားနို့ကား ရောက် လာရင် တိုးဝှေ့ ဝယ် ကြတယ် ။ တစ်ဖက် က ငွေယူ တစ်ဖက် က နွားနို့ ပေး လုပ်တာ မနိုင်တော့ဘူး ။ ဒါကြောင့် နို့ မလာခင် ငွေ ယူပြီး တိုကင်တွေ ကြို ရောင်း ထားတယ် ။ နို့ရောင်း တော့ တိုကင် နဲ့ ထုတ် ပေးပေါ့ ။ ဒါလည်း အဆင် မပြေပါဘူး ။ တိုကင်တွေ ဝယ်စု ထားပြီး အများကြီး ရ သူ က ရ ၊ နွားနို့ မရလိုက် သူ က မရ ။ ဒါနဲ့ ငွေ ထပ် ရှာပြီး နွားတွေ ထပ် ဝယ်ပြီး ရောင်းခဲ့တာပေါ့ ။ အခုတော့ မနက် ကော ညနေ ပါ ဈေး ပေါင်းစုံ မှာ ကျွန်တော် နွားနို့ ရောင်း နေ ပါပြီ ။
မြို့ ထဲ မှာ နွားနို့ စ ရောင်း တော့ ပလက်ဖောင်း ပေါ် ချရောင်းတာ ။ အဆင် ပြေပြေ ရောင်းချင်တာ နဲ့ မဟာဗန္ဓုလလမ်း ကုန်ဈေးတန်း မှာ တိုက်ခန်း ငှား လိုက်တယ် ။ ဈေး က တော့ တော်တော် ပေးရ ပါတယ် ။ နွားနို့ ဆိုတာ လူ အများ အထင် သေး ခံရတဲ့ ပစ္စည်း ပေါ့ ။ လူတိုင်း က ရေ ရောတယ် သဘော ထား နေကြတာ ။ ကျွန်တော် က ရေ လည်း လုံးဝ မရောဘူး ။ ဆိုင် နဲ့ ကနား နဲ့ ရောင်းတာ ဆိုတော့ ဝယ်သူ က အချိန်မရွေး ဝယ်လို့ ရ ။ ပြော စရာ ရှိ ရင် လည်း ပြော လို့ ရ တာမို့ တော်တော်လေး ရောင်း ရတယ် ။
ကျွန်တော် မရောင်း ခင် ကတည်း က နွားနို့ ရောင်း နှင့် သူ တွေ ရှိပါတယ် ။ လုပ်ငန်းကြီး တွေ ပါ ။ သူတို့ က စူပါမားကက် ပဲ တင်ရောင်း ကြတယ် ။ ကျွန်တော် က တော့ လမ်းဘေး မှာ စားသုံးသူ လက် ထဲ တိုက်ရိုက် တွင်ကျယ် အောင် ရောင်း တယ် ။ လုံးဝ ရေ မရော တဲ့ သဘာဝ နွားနို့ အစစ် ကို ရောင်းတော့ လက်ခံ ကြတယ် ။ သံဈေး ၊ ပုဇွန်တောင်ဈေး ၊ အသောကဈေး ၊ သီတာဈေး ၊ လှည်းတန်းဈေး ၊ လှိုင် မြို့နယ် သံလမ်း ဘူတာရုံဈေး ၊ မြေနီကုန်း ၊ ကုန်ဈေးတန်း မနက် ညနေ ရောင်း တဲ့ နေရာ တွေ အများကြီး ရှိ လာတယ် ။ နော့သ်ပွိုင့် ရှော့ပင်းစင်တာ မှာ တစ်နေကုန် ရောင်း နေတယ် ။
သဘာဝနွားနို့ အစစ် အပြင် ပေါင်း လိုက်ပြီး ပိုးသတ် ထားတဲ့ နို့ ကို လည်း ကျွန်တော် စမ်းသပ် ထုတ်လုပ် နေ ပါပြီ ။
ကျွန်တော့် မှာ demand ( ဝယ်လိုအား ) နဲ့ supply ( ပစ္စည်း ရောင်းချပေးနိုင်မှု ) မမျှတ တဲ့ ကာလတွေ ရှိတယ် ။ ထုတ်လုပ် ရောင်းချသူ တစ်ယောက် ဟာ ဝယ်သူ ရှိရဲ့ နဲ့ ရောင်း မပေးနိုင်ဘူး ဆိုရင် တော်တော်ကြီးမား တဲ့ ပြစ်မှုကြီး လို့ ကျွန်တော် ခံစားရတဲ့ အတွက် ရွာ ထဲ က လူတွေ နဲ့ တိုင်ပင်ပြီး အဖက် သဘောမျိုး သူတို့ ကို စဘော်ငွေ ထုတ်ပေး ပြီး နွားတွေ မွေးတယ် ။ နွား ဝယ်နိုင် အောင် ငွေ ထုတ် ထုတ် ပေးတော့ နွားတွေ တိုး လာတယ် ။ နို့ လည်း ပို ရ လာတယ် ။ ကျွန်တော် ထုတ် ပေး ထားတဲ့ ငွေ ကို နွားနို့ဖိုး နဲ့ ခုနှိမ် ပြီး ဆပ်ရတော့ သူတို့ လည်း နွားတွေ တိုးပွား လာတယ် ။
ဂျပန်တွေ ရဲ့ လူမျိုး တစ်မျိုး တိုးတက်အောင် နွားနို့ တစ်ခွက် က မြှင့်တင်စေသည် ဆိုတဲ့ စကားလေး ကို ကြိုက်တာနဲ့ အခု ဆိုရင် မူလတန်းကျောင်း မှာ နွားနို့ အခမဲ့ တိုက် တဲ့ အလုပ် ကျွန်တော် လုပ် နေပါတယ် ။
တစ်ချိန် က အရက် ချက် လုပ် ရာ မှာ ကျွန်တော် ရှယ်ယာ ဝင် ပါခဲ့ဖူးတယ် ။ အရက် ရောင်း တာ နဲ့ နွားနို့ရောင်းတာ ဆန့်ကျင်ဘက် ပဲ ။ နွားနို့ ရောင်း တာ က နွားနို့ အရောင် နဲ့ အတူ ဖြူစင်တာ ပေါ့ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment