“ ဘယ်လိုနည်း နဲ့ ပဲ တွက်တွက် ကျွန်တော့် ကို သေလူ ဘဝ နဲ့ ပဲ တစ်ရွာလုံး က တွက်ထား ပြီး သားပါ ၊ ရှေ့ မှာ ဘာတွေ ဖြစ်ကြတယ် ဆိုတာ လည်း ကျွန်တော် ထွက် လာပြီး ကတည်း က ဘာဆို ဘာမှ မသိတော့ပါဘူး ၊ ကျွန်တော့် ဘဝ ကို သေလူ ဘဝ နဲ့ ပဲ ဘဝသစ် တစ်ခု ကို ဆက် သွား ချင်တာပါပဲ ၊ အဲဒါကြောင့် ရွာ နဲ့ အဝေးဆုံး ဖြစ်မယ် ထင်တဲ့ ဒီ အင်ကြင်းမြိုင်မြို့ ကို ကျွန်တော် ရွေးချယ်ခဲ့တာပါ ပဲ ၊ ကျွန်တော် ဒီ ဆိုင် မှာ ဘာပဲ လုပ်ရ လုပ်ရ အိပ်ဖို့ စားဖို့ အဆင် ပြေ ရင် ကျွန်တော့် ဘဝ လုံလောက်ပါပြီ ”
ဘသာ ၏ စကားလုံး များ က လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဒေါ်သီဝင်း ၏ နှလုံးသား ကို တိုက်ရိုက် ထိမှန် ခဲ့သည် ။ မျက်ဝန်းအိမ် သည် လည်း ဒေါ်သီဝင်း ၏ မူလ မျက်ဝန်း မဟုတ်တော့ ။ အနီ ဘက် သို့ ယိမ်း သွားသည် ။
“ ကိုဘသာ ကို မြင် ကတည်း က လူကောင်း တစ်ယောက် ဆိုတာ ကျွန်မ ရိပ်မိပါတယ် ”
“ ဆိုင် မှာ က ကလေး အလုပ်သမား များ တယ် ၊ ကိုဘသာ က ပဲ လူကြီး တစ်ယောက် အနေနဲ့ ကြီးကြပ် ပေးပါ ၊ အိပ်ဖို့ နေရာ အတွက် က တော့ ပြီးမှ ကျွန်မ စီစဉ် ပေးမယ် ၊ ဒါနဲ့ စကားမစပ် ... ကိုဘသာ ရဲ့ မိန်းမ နဲ့ ကလေးတွေ က ကော ”
“ ကလေး မရှိပါဘူး ၊ ကျွန်တော် သတိ ပြန် လည် လာတော့ ကျွန်တော် ပြန် စဉ်းစား ကြည့်တယ် ၊ ကျွန်တော် ဝမ်းရောဂါ သဘောမျိုး ဖြစ်ပြီး သေသလို ဖြစ်သွားတာ ”
“ မြော သွားတာ ဖြစ်မှာ ပေါ့ ”
ဒေါ်သီဝင်း ဝင် ထောက် ပေးလိုက်သည် ။
“ ဟုတ်ကဲ့ ... အဲဒီ သဘောမျိုး ပေါ့ ဗျာ ၊ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ပြုစု ပေးလိုက်လို့ သာ ကျွန်တော် ဒီ အခြေအနေ ပြန် ဖြစ်လာတာ ၊ ကျွန်တော် မသေဘူး ဆိုတာ ကျွန်တော့် သူငယ်ချင်း ငချိတ် တစ်ယောက် ပဲ သိ တယ် ၊ ရွာ နဲ့ အနီး ပတ်ဝန်းကျင် က လူ တွေ ကတော့ ကျွန်တော် သေသွားပြီ ပဲ ထင် သွားကြတာ ”
“ ရှင့် အဖြစ်မျိုး က လူ တစ်သောင်း မှာ တစ်ယောက် မဖြစ်ဘူး ၊ ရှိတော့ ရှိတယ် ... ရှားတယ် ပေါ့ ”
ဒေါ်သီဝင်း ကိုဘသာ မျက်နှာ ကို တစ်ချက် တစ်ချက် စိုက်ကြည့်မိသည် ။ အင်း ... ဟု ဖြည်းညင်းစွာ သက်ပြင်း တစ်ချက် ချ လိုက်သည် ။
••••• ••••• •••••
မကျင် အိမ်ရှေ့ ကွပ်ပျစ် ပေါ် တွင် တစ်ယောက် တည်း စဉ်းစား နေသည် ။
“ နေနိုင်လိုက်တာ ကိုဘသာ ရယ် ... ဒီလောက် ရက်တွေ ကြာ လာ တာတောင် အိပ်မက်ကလေး တစ်ချက် တောင် ပေးဘူး ၊ ရှင် မရှိ ကတည်း က ရွာ က လူ တွေ ကျွန်မ ကို ဝိုင်းပြီး အနိုင်ကျင့် သလို ခံစား ရတယ် ၊ အဆိုးဆုံး ကတော့ လူကြီး လုပ်တဲ့ လူ ရယ် ၊ ဒေါ်အေးသုန် ရယ် ၊ နတ်ဟောခ ကို နည်းတယ် ၊ ကျေးဇူး မသိတတ်ဘူး ဆိုပြီး တစ်ရွာလုံး လိုက် ပြောနေတယ် ”
မကျင် တစ်ယောက် တည်း စကား ပြော နေသည် ။ ဒီလို ပြောလိုက်မှ စိတ် ထဲ ပေါ့သွား သလို ခံစား ရသည် ။ မကျင် ဆက် တွေးသည် ။
“ ဒီ မိန်းမကြီး ... ငါ့ ယောက်ျား အရှိန် နဲ့ ဘယ်လို နာမည်ကြီး လာ သလဲ မသိဘူး ၊ ကိုဘသာခေါင်းစွဲ တဲ့ ... ရယ်တောင် ရယ်လိုက် ချင်သေးတယ် ၊ သူ က ဘယ်လို က ဘယ်လို ခေါင်းစွဲ ဖြစ်ရမှာ လဲ ၊ ခေါင်းစွဲ ဖြစ်ချင်း ဖြစ် ရင် ငါ က ဖြစ်ရ မှာ ပေါ့ ၊ ငါ နဲ့ အတူတူ အိပ် ပြီး မှ သေ တာ ၊ ဒီထက်ပဲ ခေါင်းစွဲရ ဦးမလား ၊ တစ်ကိုယ်လုံး တောင် စွဲထားသေးတယ် ”
မကျင် သူ့ အတွေး ကို သူ သဘောကျ လျက် ရယ် လိုက်သည် ။ ဆက် တွေး ပြန်သည် ။
“ ငါ လည်း ဟုတ်တိ ပတ်တိ ဘာမှ မလုပ်တတ် ၊ ရေရှည် စားဝတ်နေရေး က ရှိ သေးသည် ။ ကိုဘသာ မိဘ ဘက် မှ ရ ထားသော ဒီ ခြံဝိုင်းလေး ကို တစ်ခုခု အသုံးချ ရမည် ။ အရင်က မစည်ကား ခဲ့ သော ရွာ က အခု စည်ကား နေပြီ ။ လူ ပေါင်းစုံ က ကိုဘသာ သေဆုံးပုံ ကို အမျိုးမျိုး အဖုံဖုံ လာ မေးနေကြ တာ ။ တစ်နေ့ တစ်နေ့ ဖြေ နေရသည် မှာ မောသည် ။ မိမိ လက် ထဲ မှာ လည်း ရက် မလည် ဖြစ်တဲ့ ဝက်တွေ ရောင်း ထားတဲ့ ငွေကြေး ရော ၊ ကူငွေ ရော ဆို လျှင် မြိုးမြိုးမြက်မြက်လေး ရှိသည် ။ ဒါတွေ မပျောက် ပျက်အောင် ၊ တိုးပွား အောင် ငါ ဘာ လုပ်ရမလဲ ”
မကျင် အထပ်ထပ်အ ခါခါ စဉ်းစား ပြီး “ ဟုတ်ပြီ ” ဟု ဆုံးဖြတ်ချက် တစ်ခု ကို ချ လိုက် သည် ။
••••• ••••• •••••
ပန်းရန်အေးငွေ နှင့် မကျင် တပူးပူး တတွဲတွဲ ဖြစ် နေသည် ကို တစ်ရွာလုံး နီးပါး စိတ်ဝင်စား နေ ကြသည် ။ နှစ်ယောက်သား တကျိတ်ကျိတ် နှင့် ဘာတွေ တိုင်ပင် နေကြသည် ကို အသိချင် ဆုံး နှစ်ယောက် ကား လူကြီး အုန်းဆောင် နှင့် ခေါင်းစွဲ ဒေါ်အေးသုန် ပင် ။ သူလျှို ၊ ဒလန်များ လွှတ်၍ စုံစမ်း ခိုင်း နေကြသည် ။ သူတို့ လိုချင်သည့် အဖြေ ကား တိတိပပ ထွက် မလာ ။
မကျင် ကား မြို့ နှင့် ရွာ ကို လူးလာ ခေါက်ကာ သွား နေသည် ။ မကျင် ၏ အမူအရာ ကား အပြောင်းလဲကြီး ပြောင်းလဲ သွားသည် ။ စကား ကို မေး မှ သာ ပြောတော့သည် ။ မြေ နေရာများ ကို သူ ကိုယ်တိုင် အကွက် ချ သည် ။ ဘိလပ်မြေ ၊ အုတ် ၊ သဲများ ကို စု၍ ဝယ် ထား လိုက်သေးသည် ။ ခြံ ကို လည်း စနစ်တကျ ခတ် လိုက်သည် ။ မကျင် နတ်နန်း ကား တစ်ရွာလုံး မှာ အခမ်းနားဆုံး နှင့် အကြီးဆုံး ဖြစ်ခဲ့သည် ။ ကြိုတင် မှာယူ ထားသော နတ်ရုပ် ကား ရေထမ်း နေသော နတ်ရုပ်တု ။ ဆိုင်းဘုတ် ကို မြို့ မှ ပန်းချီဆရာ နှင့် အထူး မှာ ယူ ထားသည် ။ ဆိုင်းဘုတ် ကို ယူ လာ သည့် နေ့ က အဝတ် နှင့် အထပ်ထပ် ရစ်ပတ် ထားသည် ။ ဒီလောက် လျှို့ဝှက် ရ အောင် ဘာ ဆိုင်းဘုတ် ၊ ဘာ နာမည်တွေ ရေးထား တာလဲ ဟု တစ်ရွာလုံး က သိချင် နေကြသည် ။
မကျင် သဘောသဘာဝ က သ,တ်ချင် သ,တ် ၊ မပြောဘူး ဆိုသည့် သဘော ။ မကျင် ကျစ်လျစ် သိပ်သည်းစွာ လှုပ်ရှား နေသည် ။ တစ်စတစ်စ နှင့် မကျင် ၏ မြေဝိုင်း ပေါ် တွင် သူ့ နေရာနှင့် သူ ရုပ်လုံး ပေါ် လာသည် ။
၁ ။ အရှင်ကြီးဘသာ ရေချိုးခဲ့သည့် နေရာ ၊
၂ ။ အိပ်စက်ခဲ့သည့် နေရာ ၊
၃ ။ နောက်ဆုံး ထွက်တော်မူသည့် နေရာ ၊
ပန်းရန်အေးငွေ က လည်း လက်ရာ မြောက် လှသည် ။ မနက်ဖြန် ဆိုလျှင် ဆိုင်းဘုတ် တင်ပွဲ ကျင်းပမည် ။ စည်းရုံး လို့ ရမည် ထင်သည့် ရွာ မှ လူများ ကို သာ ရွေး ဖိတ်ထားသည် ။ တစ်ရွာလုံး က ကိုယ့် အလုပ် ထက် မကျင် ဆိုင်းဘုတ် တင်ပွဲ ကို အထူး စိတ်ဝင်စား နေကြသည် ။ ဟိုနေရာမှာ ကျိတ်ကျိတ် ၊ ဒီနေရာ ကျိတ်ကျိတ် နှင့် မကျင် ဆိုင်းဘုတ် တင်မည့် ကိစ္စ သာ အထူး သတင်း တစ်ပုဒ် ပမာ ထိပ်တန်း သတင်း ဖြစ်ခဲ့သည် ။
မနက်ဖြန် မနက် မကျင် ... ဘာတွေ အထူးအဆန်း လုပ်ပြဦး မလဲ။
••••• ••••• •••••
ကျေးလက် တွေ မှာ က ည ခုနစ်နာရီ လောက် ဆိုရင် မီးခွက် မှုတ်ပြီး အိပ် ကြ သည် ။ မနက် စောစောထ ၊ လယ်ယာ သွား သူ သွား ၊ ကိုင်း သို့ သွား သူ သွား ၊ လယ်ယာလုပ်ငန်းခွင် သို့ ဝင်ကြသည် ။ ည ၁၁ နာရီ ကျော်ကျော် လောက် ကျ တော့ တစ်ရွာလုံး အိပ်မောကျ နေကြ သည် ။ တကလှဲ့ တစ်ရွာလုံး ကို လှုပ်နှိုး လိုက်သည် ကား မြင်းခွာသံများ ။
ထ မကြည့်ရဲ ကြ။ အိပ်ရာ ထဲ ၌ သာ အသံ ကို စွင့်ပြီး နားထောင် ရင်း ထင်ကြေး အမျိုးမျိုးပေးနေ ကြသည် ။
မဟုတ်မှ လွဲရော ... ဒါ အရှင်ကြီး ကြွလာတာပဲ ဖြစ်မယ်။
တစ်ပါးတည်း တော့ မကဘူး ။ ရံရွေတော် တွေ ပါ ပါလာတယ် ထင်တယ် ။ မြင်းခွာသံတွေ က နည်းနည်း များ တယ် ။ မကျင် အိမ်နား ရောက် လျှင် မြင်းခွာသံတွေ ငြိမ် သွားသည် ။
မကျင် နာမည် ကြီး ချင်၍ အကြောင်း က ဖန်လာ သလား မသိ ။ မြင်း သုံးကောင် ။ မကျင် အိမ် မှာ မြင်းတွေ ကို ရေ ဝင် တိုက်သည် ။ သူတို့ သွားရမည် က တောင်ခြေရွာ ဝက်ကလေးကျေးရွာ က ရှင်ပြု ။ မနက် မှ သွားလျှင် မမီ မှာ စိုး၍ ညတွင်းချင်း မောင်း လာခြင်း ဖြစ်သည် ။ မကျင် က အကွက် ဝင် သွား သည် ။ ထို မြင်းများ နားပြီး ရေ သောက်တဲ့ ကိစ္စ ကို ကောင်းကောင်း အသုံးချ ရမည် ။ မြင်း များ ပြန် ထွက် သွားသော အခါ ...
“ မနက်ဖြန် နော် မနက်ဖြန် ... ဝင် ဖြစ်အောင် ဝင်ပါ ”
မကျင် အသံကား စူးစူးရှရှ ၊ တစ်ရွာ လုံး က ငြိမ်သက် နေချိန်မို့ မကျင် အသံ ကား ဟိန်းထွက် သွားသည် ။ မနက်ဖြန် ဆိုရင် ဆိုင်းဘုတ် တင်ပွဲ ရှိသည် ။ ကံ ကောင်း ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် မြင်း က ဒီ ည ကျ မှ ဒီ ရွာ က ဖြတ် သွားသည် ။ တစ်ရွာလုံး က တော့ မကျင် ဆိုင်းဘုတ် တင်ပွဲ အမီ အရှင်ကြီး ဘသာ တိတ်တိတ်ဆိတ်ဆိတ် နှင့် လူ မမြင်အောင် လာ သွားသည် ဟု တထစ်ချ ယုံကြည် လိုက်ကြသည် ။ မကျင် က တော့ ချော် လဲ ရော ထိုင်လိုက်သည် ။
“ ဒါ ပြောလို့ မဖြစ်ဘူး ”
ဆိုသည့် စကား တစ်လုံး ကို သာ အပိုင် ကိုင် ထား လိုက်သည် ။
••••• ••••• •••••
ဆိုင်းဘုတ် ကို အချိန်ကိုက် လုပ်၍ မောင်း ထု လိုက်သည် ။ မောင်းသံ နှင့် အတူ မကျင် ၏ အသံ ကား မူလ အသံ မဟုတ်တော့ ။ တစ်ယောက် ယောက် ဝင် ပူးနေသည့် အသံကြီး ဖြင့် ...
“ ခွာ နဲ့ ပြင်းပြင်း ပေါက် လိုက်စမ်းပါ ၊ ညဉ့်လယ် က ပေါက်တဲ့ မြင်းခွာ ထက် အသံ မလျော့စေနဲ့ ဟေ့ ”
“ ဟဲ့ ... ဖွင့်တော့ ”
ပန်းရန်အေးငွေ ဆိုင်းဘုတ် ပေါ် က ပိတ်နီစ ကို တဖြည်းဖြည်း ဖွင့် လိုက် သည် ။ ဆိုင်းဘုတ် ပေါ် လာသည် ။
“ မူလ ပထမ အရှင်ကြီး ဘသာ နတ် နန်းတော် ”
များ ပြားလှသော ရွာသူရွာသားများ က ဆိုင်းဘုတ် ကို ကြည့်ပြီး ငိုင် နေစဉ် မကျင် အသံ ကား စူးစူးရှရှ ပေါ်ထွက် လာ သည် ။
“ စီးပွား လာဘ်လာဘ တိုး ချင်ရင် လက်ခုပ် တီးကြဟေ့ ”
ဆိုင်းဘုတ်တင်ပွဲ ကို များပြားလှသည့် ပရိသတ်ကြီး က ကလေး လူကြီး မကျန် ဘုမသိ ဘမသိ နှင့် ရောယောင် ၍ လက်ခုပ် တီး လိုက်ကြသည် ။
“ ဖြောင်း ဖြောင်း ဖြောင်း ”
“ ဖြောင်း ဖြောင်း ဖြောင်း ”
ညဉ့်လယ် က ရွာလမ်းမ ပေါ် မြင်းခွာ သံ တဖြောင်းဖြောင်း ကြား ခဲ့သော ရွာသူရွာသားများ က မြင်းခွာသံ နှင့် မကျင် ဆိုင်းဘုတ်ပွဲ ဟာ တို့ ရွာ မှာ အထူးခြားဆုံး ပဲ ဟု မှတ်တမ်း တင်ခြင်း နှင့် အတူ မကျင် ကို သူ့ ယောက်ျား အရှင်ကြီး ဘသာ ကူညီ ပေးနေသည် ဟူသော အမြင် ကား တစ်ရွာလုံး ယုံကြည် လိုက် ကြလေသည် ။
ထို ယုံကြည်မှု နှင့် အတူ မကျင် နတ်နန်း သည် လည်း ကြီးကျယ် မြင့်မြတ် သွားကာ အမွှေးနံ့သာ များ ၊ အမွှေးတိုင် အနံ့များ က နတ်နန်း တစ်ပြင်လုံး ထုံမွမ်း သွားလေတော့သည် ။
အရှင်ကြီး ဘသာ ရေချိုးတော်မူသည့် နေရာ ၊ အိပ်စက်ခဲ့သည့်နေရာ ဟူသော ဆိုင်းဘုတ်နား က ရေအိုင်ကလေး နှင့် နောက်ဆုံး အရှင်ကြီး ထွက်တော်မူ သည့် နေရာများ ကို နတ်မေး လာသူ ပရိသတ် အပေါင်း က အမွှေးတိုင်များ ဖြင့် သောက ဒုက္ခများ ငြိမ်းအေး စေရန် ရည်ရွယ်၍ တိုင်တည်ကြသူများ လည်း တစ်နေ့တခြား များ ပြား လာခဲ့ကြသည် ။
••••• ••••• •••••
လူ တစ်ယောက် ဟာ ဘယ်လောက် ပင် ရိုးသား စေကာမူ ဆန့်ကျင်ဘက် လိင် ၏ မျက်လုံး နှင့် အမူအရာ ကို တော့ ရိပ်မိကြသည် က များ သည် ။ အရှင်လတ်လတ် ဘသာ ကား ဒေါ်သီဝင်း အပြင် ကို ကိစ္စ နှင့် ထွက်သွားသည့် အခါ တိုင်း ကောင်တာ ပေါ် တွင် ထိုင် နေ သည့် အဆင့် ရောက်သည် ။ ဘဝဟောင်း ကို ပြည်ဖုံးကား ချပြီးသည့် နောက်ပိုင်း ဘဝသစ် တွင် ကိုဘသာ ပျော်ပိုက် နေသည် ကတော့ အမှန် ။ ဖျော်ဆရာ မောင်စိုး တောင် ကိုဘသာ ကို မသိမသာ နောက်ပြောင် လာသည် အထိ ဖြစ် လာသည် ။
“ ကိုဘသာ ... ဆိုင်ရှင်မမ က ခင်ဗျား ကို ကြည့်တဲ့ အကြည့် က မရိုးဘူး နော် ”
“ သူ့ ပိုက်ဆံ ခိုးမယ် ထင်လို့ ကြည့်တာမျိုး ဖြစ်ပါလိမ့်မယ် ”
“ အဲဒီလို ကြည့်တဲ့ အကြည့်မျိုး မဟုတ်ဘူး ဗျ ”
“ ကျုပ် လို ကောင်မျိုး စဉ်းစား မလားဗျ ”
“ သူ က မုဆိုးမ ဗျ ... လင် သေတာပဲ သုံးနှစ် ကျော်ပြီ ၊ ကွက်လပ်ကလေးတော့ ဖြည့်ချင်မှာ ပေါ့ .. ဟဲ ဟဲ ”
“ တော်ပါ မောင်စိုး ရာ ... လက်ရှိ အလုပ်လေး တောင် ပြုတ်သွားပါဦးမယ် ”
“ ချိုပေါ့ တစ်ခွက် ”
“ မောင်စိုး ... အဲဒါတွေ နောက် မှ ပြော ၊ သောက်မယ့် သူ ရောက် နေပြီ ၊ သွား သွား... ချိုပေါ့ လိုက်ဦး ”
“ ကောင်းပါပြီ ဆိုင်ပိုင်ရှင်ကြီး ရယ် ”
“ တယ် ... ဒီ ကောင် ”
ဘသာ မောင်စိုး ကို လှမ်းကာ ဟောက် လိုက်ပေမဲ့ မောင်စိုး ပြောသွား သည့် စကား ကို ရင် ထဲ မှာ သဘောတော့ ကျသည် ။
ဘာတဲ့ ...
“ ဆိုင်ပိုင်ရှင်ကြီး ”
••••• ••••• •••••
ပန်းရန်အေးငွေ က ပန်းရန် အလုပ် လာ အပ်လျှင် မအား ဟု ပြော လွှတ်သည့် အခြေအနေ ဖြစ် သွားသည် ။ နတ်ကတော်ကြီး မကျင် နား က မခွာ တော့ ။ မကျင် ခိုင်းသမျှကို မညည်းမညူ လုပ်ပေးသည် ။ ကိုယ့် အိမ် တောင် ကိုယ် မပြန်တော့ ။ ကြာတော့ ပန်းရန်အေးငွေ က လက်ပစ်ကြေး နှင့် ပင် ပန်းရန် လုပ်စရာ မလိုတော့ ။ နတ် အလုပ် က မပင်ပန်းဘဲ နှင့် ဝင်ငွေ ဖြောင့်သည် ။ နတ်အထောက် တော် ပန်းရန်အေးငွေ အဖြစ် ပြောင်းလဲ သွားသည် ။
မကျင် ၏ ခြံ ထဲ တွင် နတ် မေးသူများ ၊ နတ် လေ့လာသူများ နှင့် ပြည့်နှက် နေသည် ။ မကျင် ၏ ဝင်ငွေ ကား တစ်နေ့ ထက် တစ်နေ့ ပင် ဝင်ငွေ ကောင်း နေသည် ။ ဒေါ်အေးသုန် ၏ ဝင် ငွေကား တစ်နေ့ ထက် တစ်နေ့ လျော့ကျလာသည် ။
နတ်ကတော် ဒေါ်အေးသုန် တော်တော် အစဉ်းစားရ ကျပ် သွားသည် ။ သူ ၏ ပျော့ကွက် ဟာကွက် ကို လည်း နောင်တ ရ နေသည် ။ မကျင် ဆိုသည့် ကောင်မ ဘယ်လို က ဘယ်လို စိတ်ကူး ပေါက် ပြီး မူလ ပထမနတ်နန်းတွေ ထ လုပ်တာပါလိမ့် ဟု တွေး မဆုံး ၊ ငေး မဆုံး ဖြစ်ခဲ့ ရသည် ။ သူ့ အိုင်ဒီယာ က ကိုယ့် ကို အကွက်ပေါင်း များစွာ ကျော်သွားသည် ။
ဟောချက် က ထားဦး ၊ သူ့ ခြံဝိုင်း ထဲ ဝင် သွားလျှင်ပင် နတ်မေးသူ အကြိုက် နတ်မေးသူ ငိုင် သွားအောင် ဖမ်းစား ထား နိုင်သည့် အပြင်အဆင် အခမ်းအနား က ဘာပဲ ဖြစ်ဖြစ် မကျင် ကို လေးစားရမည်။ မကျင် ဝိုင်း ရှေ့ တစ်ဝိုက် တွင် တောက်တိုမည်ရ ဈေး ဆိုင်တန်းများ က အစီအရီ။
အဆက်မပြတ် လူစည်ကား နေသည့် သဘော ။ မကျင် အိုင်ဒီယာ က ဒေါ်အေးသုန် သိ လျှင် ပို၍ ပင် လေးစား သွားမည်။
ထို ဈေးဆိုင်တန်းများ ကို မကျင် က ရောင်းရရ မရရ လူ စည်ကားဖို့ အတွက် အရင်းအနှီး ထုတ်ပေး ထားခြင်းပင် ။ ပတ်ဝန်းကျင် တင် မက ၊ မြို့ပေါ် အထိ သတင်း ပေါက်ရောက် သွားပြီး ကြေးရတတ်များ ပင် တကလှဲ့ရွာ သို့ ရောက် အောင် လာ ရသည် အထိ ဂုဏ် သတင်းကား သင်းပျံ့ ခဲ့သည် ။
မကျင် အကြောင်း များ ကို ခရေစေ့တွင်းကျ တွေးရင်း အိမ်ပေါက်ဝ တွင် ဒေါ်အေးသုန် ငေးငိုင် နေသည် ။ နောက်မှ ပေါက်တဲ့ ရွှေကြာ က ပွင့် လိုက်တာ ရဲရဲတောက် လို့ ဟု ဒေါ်အေးသန် တွေးရင်း နှင့် ခေါင်းလေး တညိတ်ညိတ် လုပ် နေသည် ။ သူ ၏ နတ်ဖောက်သည် များ လည်း မကျင် ဆီမှာ စုပြုံ တိုး နေ ကြသည် ။
“ နတ်ကတော် မကျင် ဖြင့် ဟောချက် များ က သွေးထွက်အောင် မှန်တယ် ၊ သူ့ ယောက်ျားအရှင် ကြီးဘသာ က ဘေး က နေ ဟော နေသလား မှတ်တယ် ”
ဟု နတ် လာ မေးကြသည့် ပြည်သူ အပေါင်း ၏ ထောက်ခံချက် ကား ကြောက်ခမန်း လိလိ ။ ဒေါ်အေးသုန် နည်းမျိုးစုံ ရှာ ကြည့်သည် ၊ မတွေ့ ။ နောက်ဆုံး မကျင် ကို လက်မြှောက် အရှုံးပေး ရမလို ဖြစ်နေပြီ ဟု ဒေါ်အေးသုန် တွေးရင်း ဝမ်းနည်း လာသည် ။ အသက်အရွယ် ကြီး လို့ ဘာမှ မလုပ်နိုင် မကိုင်နိုင် တဲ့ အချိန် မှာ ဒီ အလုပ်ကလေး က အိုစာ မင်းစာလေး ဟု တွေးတော မိခဲ့သည် မှာ မှားလေစွ ဟု လည်း ဆက်တိုက် တွေး လိုက်သည် ။ ဒီ အတိုင်း ထိုင် နေရင် ထိုင် နေတာပဲ အဖတ် တင်မယ် ။ စားဝတ်နေရေး က ရှိ သေးသည် ။ နောက်ဆုံး အခြေအနေ အရပ်ရပ် သိနိုင်ရန် မကျင် အိမ်ဘက် သို့ ဒေါ်အေးသုန် ခြေလှမ်း ပြင် လိုက်သည် ။ တစ်ချက် ရပ်ပြီး စဉ်းစား လိုက် သေးသည် ။ နောက်ဆုံး ဆုံးဖြတ်ချက် ချလိုက်သည် ။
“ အို ... လူ့အောက် ကျို့ လို့ မသေပါ ဘူး အေ ”
◾ဗေလုဝ
📖 ကြိုး နှင့် ချည်ထားသော ဗာရာဏသီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment