❝ မအိုမီ ၊ မနာမီ ၊ မသေမီ ··· ❞
( ၁ )
တစ်ခန်းလုံး တွင် ရှိ လူနာများ ကို မြင်တွေ့ နေရသည် မှာ နည်းနည်းမျှ စိတ်ချမ်းသာစရာ မကောင်း ။ သည် အခန်း က ကင်ဆာရောဂါသည်များ ချည်း သတ်သတ် ထားသော အခန်း ဖြစ်သည် ။ ခွဲစိတ်ကုသသောနည်း ၊ ဆေးဝါးဖြင့် ကုသနည်း အစရှိသည်တို့ ဖြင့် ကုသ၍ သက်သာမှု ၊ ပျောက်ကင်းမှု လုံးလုံးလျားလျား မရရှိသော လူနာများ ကို နောက်ဆုံး မျှော်လင့်ချက် အနေ နှင့် ဓာတ်ရောင်ခြည် ပေး၍ ကုသသည် မဟုတ်လား ... ။ သည်လို အဆင့် ရောက် မှ တော့ လူနာများ ၏ အခြေအနေ က သိပ် ကို မကောင်းတော့ ။ ရောဂါ က လည်း စ ဖြစ်သည့် တစ်နေရာ တည်း မှာ ငြိမ်ငြိမ် မနေတော့ ။ လူ့ ခန္ဓာကိုယ် က အင်္ဂါ အစိတ်အပိုင်း တော်တော်များများ ကို ဆိုးရွားစွာ ပျံ့နှံ့ ရောက်ရှိ နေလေပြီ လေ ... ။
သားအိမ်ကင်ဆာ ၊ သားအိမ်ခေါင်း ထိပ်ဝကင်ဆာ ၊ ရင်သားကင်ဆာ ၊ အစာရေမျိုကင်ဆာ ၊ အစာအိမ်ကင်ဆာ ၊ ပရောစတိတ်အကျိတ်ကင်ဆာ ၊ သိုင်းရွိုက် အကျိတ်ကင်ဆာ အို ... များပဲ များပြားလှတဲ့ ကင်ဆာတွေ လေ ။ စိတ်ပျက်စရာ ကောင်း လိုက်တာ ။
ကျွန်တော် သည် အမှတ်မထင် တွေးတော မိသော အတွေးမျှင်စလေး မှ ဆက်ကာ ကင်ဆာ ဆိုသော မကောင်း ဆိုးဝါး ကို အော့နှလုံးနာစွာ ရွံမုန်း စက်ဆုပ် နေ မိလေ သည် ။
ကျွန်တော့် သူငယ်ချင်းမ တစ်ဦး ၏ ဦးလေး ။ အဆုတ်ကင်ဆာ ရောဂါသည် ထံ မြန်မာ့ လူမှုရေး ထုံးစံ တစ်ရပ် ဖြစ်သော လူနာ သတင်းမေး ကိစ္စ အတွက် သည် “ ကမ္မသကာစုံ ” သို့ ရောက်ရှိ နေခြင်း ဖြစ်သည် ။ သည် အခန်း အတွင်း ရှိ လူနာ အားလုံး သည် အိပ်ရာ ထက် ဝယ် မျှော်လင့်ချက် အလင်းရောင် မှိန်ဖျော့ အားနည်းစွာ ဖြင့် စိတ်ပျက် တိတ်ဆိတ်လျက် လဲလျောင်း နေကြလေသည် ။ ဟောက်ပက် နေသော မျက်တွင်းချိုင့်နက်များ ထဲ မှ ရီဝေမှိုင်းပျ နေသော မျက်လုံး အစုံတို့ သည် လောက ကို မဝံ့မရဲ စူးစမ်း နေကြသယောင် ၊ အိတွဲတွန့်လိပ် ကောက်ကွေး နေ သော ခြောက်သယောင်းယောင်း အရေပြား သည် ပိန်လှီ နေသော အရိုးငေါငေါ ပေါ် တွင် မစို့မပို့ ရှိသည် ဆိုရုံမျှသာ ။ မာတောင့်တောင့် သွေးပြန်ကြော အမျှင်အချောင်းများ ကို အရေပြား ပေါ် တွင် အား မစိုက်ရဘဲ လွယ်လင့်တကူ အတိုင်းသား မြင် နေရသည် ။
“ ဦးလေး ... သက်သာတယ် နော် ”
မျက်မြင် အခြေအနေ ကို မသိကျိုးကျွံ ပြု၍ ကျွန်တော် သည် ပဋိသန္ဓာရ စကား ကို ခြောက်သွေ့ လေးလံစွာ ဆို လိုက်မိသည် ။
“ အေး ... မဆိုးပါဘူး ၊ အရင်က ထက် စာရင် တော်တော်လေး သက်သာ လာတယ်ကွ ”
ဦးလေး ကို ကျွန်တော်တို့ က ကင်ဆာရောဂါ ဖြစ်သည် ဟု အသိပေး ပြောပြ မထား ။ အဆုတ် တွင် ကင်ဆာ မဟုတ်သော ရိုးရိုးအလုံး တစ်ခု ဖြစ်ပေါ် နေကြောင်း ၊ မြန်မြန် ပျောက်ကင်းအောင် ဓာတ်ရောင်ခြည် ကင်ရလိမ့်မည် ဖြစ်ကြောင်း လှည့်ပတ် ၍ ပြော ထားသည် ။ သူ ယုံသည် မယုံသည် တော့ မတတ်နိုင်ပေ ။ ကျွန်တော်တို့ ကတော့ အသည်းနှလုံး ရှိသော လူသား တစ်ဦး အနေအထား ၌ ရောဂါသည် ကို ခင်ဗျား မှာ အဆုတ်ကင်ဆာ ရောဂါ ဖြစ်နေတယ် ။ အလွန်ဆုံး နေရလှ ခြောက်လ ပဲ ဟု ဘယ်မှာ အမှန် အတိုင်း ပြောရက်ပါမည်နည်း ။
လူ ဆိုသည် မှာ မျှော်လင့်ချက် ဖြင့် အသက် ရှင်သန် နေရရှာသော သတ္တဝါ တစ်ခု ပင် မဟုတ်ပါလား ။ နှလုံးသား ရေး မျှော်လင့်ချက် ၊ စီးပွားရေး မျှော်လင့်ချက် ၊ ပညာရေး မျှော်လင့်ချက် ၊ လူမှုရေး မျှော်လင့်ချက် အစရှိသည့် မျှော်လင့်ချက် ပေါင်း မြောက်မြားစွာသည် လူ့ကိုယ် ၏ နေရာ အနှံ့အပြား မှာ အမြဲလိုလို ပေါ်ပေါက် နေတတ်ကြသည် ။ အကြီးမားဆုံး နှင့် ရှိသည် ဟု မထင်ရဘဲ ရှိနေသော မျှော်လင့်ချက် တစ်ခုကား ဆက်လက် အသက်ရှင် ရပ်တည် နေလိုခြင်း မျှော်လင့်ချက် ပင် ဖြစ်သည် ။ သည် အရေးကြီးဆုံး မျှော် လင့်ချက် တစ်ရပ် ပျောက်ကွယ် ပျက်စီးလု နီးပါး အခြေအနေမျိုး မှာ အခြား အခြား သော မျှော်လင့်ချက် အလတ်စား ၊ အသေးစားများကို မည်သူ က မက်မောတွယ်တာ တမ်းတ နေဦး မည်နည်း ။
တွေးရင်း တွေးရင်း မှ နာခြင်းတရား ကို စိတ်နှလုံး ဝယ် မုန်းတီးစက်ဆုပ် လာမိသည် ။ အကယ်၍သာ နောင် တစ်ချိန် ချိန် ၌ သည်လို အနေအထားမျိုး မှာ များ ကျွန်တော် ရောက်ရှိ နေခဲ့လျှင် ခံစားရသော ဝေဒနာ က လည်း မသေရုံ တမည်လေး တိုး၍ တိုး၍ ဆိုးရွား လာမည် ။ အသက်ကလေး က လည်း ခန္ဓာကိုယ် မှ မထွက်ခွာသည် ဆိုရုံလေး ယဲ့ယဲ့မျှင်မျှင်လေး ဖုတ်လှိုက် ဖုတ်လှိုက် ရှိနေမည် ။ ကဲ ... ဘယ့်ကလောက်များ ဆိုးရွား စိတ်ကုန်စရာ ကောင်း လိုက်ပါသလဲ ။
ဦးလေး နှင့် နာရီဝက် ခန့် စကားစမြည် ပြောဆိုပြီး နောက် ဆေးရုံ မှ ကျွန်တော် ထွက်လာခဲ့မိသည် ။ လမ်း ၃၀ ပေါ် တွင် ဂျပန်နိုင်ငံ လုပ် စက်တပ်ယာဉ်မျိုးစုံ တို့ သည် အရှေ့ နှင့် အနောက် ဥဒဟို ပျော်ရွှင် သွက်လက်စွာ ပြေး လွှား နေကြသည် ။ ငွေလမင်း နှင့် ယုဇန လက်ဖက်ရည်ဆိုင် တို့ တွင် အလကား တိုက် နေသည့် အလား လူများ စည်ကား များပြား နေ၏ ။ အမျိုးသမီး စားပွဲထိုး ငယ်ငယ်လှလှ များစွာ သည် ဖန်တီး ထားသော အပြုံးပန်းများ ကို မျက်နှာ ပေါ် ဝယ် သပ်သပ်ရပ်ရပ် ပန်ဆင်ထားကြသည်ပဲ ။
( ၂ )
“ ဒီ ရောဂါ ကတော့ ဒီလိုပါပဲ ၊ အပြတ် ပြောလို့ မရဘူး ၊ တစ်ခါတစ်ခါမှာ မြန်မြန်ဆန်ဆန်ကြီး ပြန် ကောင်းလာ တတ်တယ် ။ တစ်ခါတလေ ကျတော့ လည်း တစ်ဖြည်း ဖြည်းချင်း ပြန်ပြီး ကောင်းလာ တတ် ပါတယ် ၊ ဘာမှ စိတ် မပူနဲ့နော် ”
အမှန်တရား ကို လိုအပ်စွာ ဖြင့် ဖုံးကွယ်ရင်း ပါးစပ် မှ ချောမောသော စကားများ ကို ပြောရင်း အားပေး နေ မိသည် ။ ကျောင်းနေဖက် သူငယ်ချင်းဟောင်း တစ်ဦး ခရီးသည်တင် ကား တစ်စီး တွင် စီးနင်းလိုက်ပါ လာရာ မှ ကားချင်း တိုက်မိ ပြီး ဒဏ်ရာ ရရှိခဲ့သည် ။ သိပ် ကြီးကြီးကျယ်ကျယ် ဒဏ်ရာ တော့ အပြင်ပန်း အနေ နှင့် မတွေ့ရ ။ အတွင်းဒဏ်ရာ အနေ နှင့် ကျောရိုးဆစ်များ ကို ခိုက်မိရာ မှ ခါးပိုင်း ရှိ ကျောရိုးနဗ် ကြောကြီး တုံးတိ ပြတ်သွားခဲ့သည် ။ ခြေထောက်များ ၊ ပေါင် များ လုံးဝ မလှုပ်ရှားနိုင် ။ အတွေ့အထိ ကို မသိရှိတော့ ။ ဆီး အလိုအလျောက် သွား ၍ မရတော့ ။ ဆီးပိုက် တပ်ထား ရသည် ။ ဝမ်း လည်း အလိုအလျောက် သူ့ ဘာသာ သူ သွား၍ မရတာ့ ။ ဝမ်းချူ ပေး မှ သွားနိုင် တော့သည် ။ ရှင် လျက် နှင့် သေ နေရသော ဘဝ လေ ။
နာခြင်းတရား သည် လွန်မင်းစွာ မှ ထိတ်လန့် ကြောက်မက်ဖွယ်ရာ ကောင်းပါတကား ။ မိမိ ကိုယ်တိုင် ကလည်း ကျန်းမာလန်းဆန်း နေမည် ။ ကျန်းမာပျော်ရွှင် နေ သော လူသားများ နှင့် လည်း ဆက်ဆံ တွေ့မြင်နေရသည် ဆိုလျှင် လူ သည် ကျန်းမာ၍ ရောဂါဘယ ကင်းရှင်း နေခြင်း ၏ တန်ဖိုး ကို မေ့လျော့ပစ်ပယ် ထား တတ်သော သဘော ရှိကြသည် ။ မကျန်းမာ မှ ၊ ရောဂါဘယ တစ်ခု ခု ကပ်ငြိ မှ ခြေ မကိုင် မိ ၊ လက် မကိုင် မိ ဖြစ်တတ်ကြသည် မဟုတ်ပါ လား ။
အသက် ရှင်သန်လျက် ရှိနေပါလျက် နှင့် သေနေသူ တစ်ယောက် လို ဘာမျှ မလုပ်နိုင် မကိုင်နိုင် ဖြစ်ရုံ မက မိမိ ကြောင့် အခြား လူများ အလုပ်ပျက် ၊ အကိုင်ပျက် ဖြစ်နေ ရသော ဘဝ တွင် အဘယ်သူ သည် ပျော်ပိုက် နေရက်ပါ မည်နည်း ။
သူငယ်ချင်း သည် အားယူ၍ ကျွန်တော့် ကို ပြုံးပြ လိုက်၏ ။ လက်ရှိ အနေအထား ကို တမင်တကာ ဥပေက္ခာ ပြု၍ ပြုံး နေ ရသောကြောင့် အပြုံး သည် ပီပီပြင်ပြင် သပ်သပ်ရပ်ရပ် ဖြစ်ပေါ် မလာ ။ အပူအပင် သောက ဗျာပါဒ ကင်းစင် ကာလများ မှ ပျော်ရွှင်လန်းဆန်းစွာ ရှိခဲ့သော သူငယ်ချင်း ၏ ကြည်နူးပြုံးများ သည် ဒုက္ခ နတ်မိစ္ဆာ ထံ တွင် ယစ်ပူဇော် လိုက်ရပြီပေါ့နော် ။
ရင်ထဲ ဝယ် အာမခံချက် မရှိသော လူ့ ဘဝ ကို တွေးမိ ကာ အားငယ် မိ သလိုလို ဖြစ်လာသည် ။ ဘုရားရှင် ဗုဒ္ဓ မြွက် ကြား ခဲ့သော ဘဝ ကံကြမ္မာ အတိုင်း ဖြစ်ပျက် ပြောင်းလဲနေ သော အညတရ လူသားတို့ ဘဝ ပါလား ။ စိတ်ပျက်စရာ ကောင်း လိုက်တာ ။
( ၃ )
မျက်စိအထူးကု ဆရာဝန်ကြီး သည် အိပ်ရာ ထက်ဝယ် ငြိမ်သက် တိတ်ဆိတ်စွာ လဲလျောင်း နေသည် ။ အိပ်ပျော် နေခြင်း တော့ မဟုတ်ပါ ။ သို့သော် ထာဝရ မနိုးသော အိပ်ခြင်းဖြင့် အိပ်ပျော်နေခြင်း ဟု ဆိုပါက ဆိုနိုင်ပါသည် ။ အိပ်ခြင်း ဖြင့် အိပ်ပျော်နေခြင်း ဟု ဆိုပါက ဆိုနိုင်ပါသည် ။
လောဘ ၊ ဒေါသ ၊ မောဟ ၊ သောက အဝဝ တို့ သည် မျက်နှာ မှ ထွက်ပြေး ပျောက်ကွယ် နေလေပြီ ။ ပကတိ ခံစားချက် ကင်းမဲ့ နေသော မျက်နှာထားသည် အထင်းသား ပေါ်လွင် ထင်ရှား နေ၏ ။
ဦးနှောက်သွေးကြော ပိတ်ဆို့မှု ရုတ်တရက် ဖြစ် ပေါ်လာရာမှ ကောက်ကာ ငင်ကာ အသက် ပျောက် ခဲ့ရ သည်ဆိုပဲ ။ ကွေးသော လက် မဆန့် မီ ၊ ဆန့်သော လက် မကွေး မီ ဆိုသော စကားသည် သွေးထွက်စွာ မှန်ကန်လှပါ ပေ၏ ။
ခံစားရသော ဒုက္ခများ နှင့် ခံစားရသော သုခများ တို့ သည် ဆရာကြီး နှင့် လုံးလုံးလျားလျား မပတ်သက်တော့ပြီ များ စသည် စသည် ပေါ့ ။ ကျန်ရစ်ခဲ့သူ မိသားစု မှာ ကား ပရိဒေဝမီး အကြီးအကျယ် တောက်လောင် လျက် ရှိ၏ ။ မို့နေသော မျက်ခွံ များ ၊ ရှိုက်သံ နှောသော စကားပြောသံများ ၊ ငေးငေါင် နေ သော အသွင်သဏ္ဌာန်များ ၊ ပူဆွေး နေသော မျက်နှာထား မှီခိုအားထားရာ ၊ ချစ်ခင်လေး စားရာ လူသား တစ်ဦး ဆုံးရှုံးပျက်စီးခြင်း အတွက် ကျန်ရစ် ခဲ့သူ မိသားစု သည် အဘယ်မှာ မဝမ်းနည်း ၊ မကြေကွဲဘဲ နေပါအံ့နည်း ။
သည်လို နှင့် တစ်ဦး ပြီး တစ်ဦး ၊ တစ်ယောက် ပြီး တစ် ယောက် လူ့ လောကကြီး ကို နှုတ်ဆက် ထွက်ခွာသွားရ မည် မဟုတ်ပါလား ။ သည် အတွက် ကျွန်တော်တို့ တစ်ဖြုတ် သာ ပူဆွေး ဝမ်းနည်းနိုင်ကြ၏ ။ သေသူ အတွက် တရား နှင့် ဖြေသိမ့်ကာ ကျန်ရစ် ခဲ့သူများ ၏ စားဝတ်နေရေး ကို တစ်ဖန် ပြန်လည် လုံးပန်း ကြရသည်ပဲ ။ ထို့ကြောင့် လည်း သေသော သူ ကြာ လျှင် မေ့ ကြရသည် ပေါ့ ။
ကိုယ် က သူများ ကို မေ့သွား သလို ကိုယ့် ကို လည်း ကိုယ် မရှိသော အခါ ကျန်ရစ်သူများ က မေ့ သွားကြမည် မှာ ဓမ္မတာ ပင် မဟုတ်ပါလား ။ သည် အတွက် အရေးတယူ လုပ်ကာ ဝမ်းနည်း ပူဆွေးစရာ လိုပါသလား ... ။
လူတိုင်း လူတိုင်း သည် ကိုယ့် ဘဝ နှင့် ကိုယ် ၊ ကိုယ့် အကျိုးပေး နှင့် ကိုယ် ၊ ကိုယ့် ကုသိုလ်ကံ နှင့် ကိုယ် သာလျှင် ဖြစ်ကြ ပျက်ကြ ရသည်ပဲ ။ ဖော်ပြ၍ မရနိုင် လောက်အောင် ကြီးမားလှသော အနန္တ စကြဝဠာကြီး ထဲ တွင် လူသား တစ်ဦး အနေဖြင့် ရရှိ ထားသော အခန်းကဏ္ဍ သည် အင်မတိ အင်မတန် သေးငယ် ကျဉ်းမြောင်း လှပါ၏ ။ သို့တမူ အတ္တတည်း ဟူသော ဘီလူးကြီး စီးနေမှု ၊ ပူးနေသောကြောင့် ကျွန်တော်တို့ လူသားတိုင်း လိုလို သည် မိမိ ကိုယ် မိမိ လက်ရှိ အနေအထား ထက် ပိုပိုမိုမို ထင်ထား ၊ တွက်ထား တတ်မိကြသည် မဟုတ်ပါလား ။ သူ့ အတ္တ နှင့် ငါ့ အတ္တ တို့ အားပြိုင် ရင်ဆိုင် မိရာ မှ ပဋိပက္ခ အရွယ်အစား မျိုးစုံ ၊ အသွေး အရောင် မျိုးစုံ ၊ အသွင်သဏ္ဌာန် မျိုးစုံ တို့ သည် မလိုလား အပ်စွာ ရှင်သန်ပေါက်ဖွား လာရခြင်း ဖြစ်ပေသည် ။
ကျွန်တော် သည် ဆရာကြီး ၏ ကြွင်းကျန် ရစ်သော ဥတုဇ ရုပ်ကလာပ် ကို ရှုရင်းမှ ကျွန်တော့် ကိုယ် ကျွန်တော် လူတတ်ကြီး လုပ်ကာ အတွေးဒဿနများ ကို ဖြန့်ကျက် တွေးတော နေမိလေ၏ ။ ( ကျွန်တော် ၏ အတ္တ တစ်ခု ပင် ဖြစ်ပေတော့သည် ။ )
( ၄ )
နှင်းလွှာပါးပါး အောက် တွင် မန္တလေးတောင်တော် သည် အစွမ်းကုန် လှပနေ၏ ။
ကျွန်တော် သည် ဘိုးဘွားရိပ်သာ မှ နေ၍ မန္တလေး တောင် ၏ အလှအပ မျက်စိပသာဒ ဖြစ်ဖွယ်ရာများ ကို လှမ်း မျှော် ငေးမောနေမိ၏ ။ အဘိုးအိုကြီး တစ်ဦး အဖြစ် ၊ မှီခိုအား ထားရာ မရှိသူ တစ်ဦးအဖြစ် ၊ ဘိုးဘွားရိပ်သာ သို့ ကျွန်တော် ရောက်ရှိ နေခြင်းတော့ မဟုတ်ပါ ။ ဘိုးဘွားရိပ်သာ သို့ သန့်ရှင်းရေးလုပ်အားပေး ရန် မန္တလေး ဆေးတက္ကသိုလ် ကျောင်းသူကျောင်းသားများ တကူးတက ရောက်ရှိ နေကြ ခြင်း ဖြစ်ပါသည် ။
ဘိုးဘွားများ နားနေ လဲလျောင်း ရာ အဆောင် ၊ ထမင်းစား ရာ အဆောင် ၊ ဘုရားဝတ်ပြု ရာ အဆောင် ၊ ရိပ်သာ အဝင်အထွက် လမ်းများ ကို သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက် ပြီးစီးစဉ် သကာလ ခေတ္တ ခဏ နား နေမိ၏ ။
တွန့်လိပ် နေသော ပါးရေ ၊ နားရေ ၊ မှုန်ရီဝေသီနေ သော မျက်လုံး ၊ တုန်ယင်နှေးကွေး နေသော လှုပ်ရှားမှု ၊ အထင်းသား မြင်တွေ့ နိုင်သော ခြောက်သယောင်းယောင်း အရေပြား ပေါ် မှ မှည့်နက် အစက်အပြောက်များ အစရှိ သည် တို့ ကို ကိုယ်စီကိုယ်င ပိုင်ဆိုင်ထားကြသော အဘိုး အဘွားများ သည် လေးနက် တည်ငြိမ်သော အသံတို့ ဖြင့် တညီတညာ ဝတ်ပြု နေကြ၏ ။ ကနွဲ့ကလျ တိုက်ခတ် နေ သော မန္တလေးတောင် ဘက် ဆီမှ လာသည့် လေညင်းနု သည် ငွေရောင်ဆံစများ ကို ကလူကျီစယ် သွားနေ၏ ။
နောင် အနှစ် လေးဆယ် လောက် တွင် သည်လို နေရာမျိုး သို့ ကျွန်တော် မရောက်နိုင် ဟု မပြောနိုင်ပါ ။ အနည်းဆုံး တော့ သည်လို အိုမင်းမစွမ်း အနေအထား မျိုး မှာ သေမင်း ခေါ်ချိန် ကို ငံ့လင့်နေရင်း ဘဝ ကို စိတ်ကုန်စွာ ကုန်ဆုံး ပစ် နေရမည် ဖြစ်ပေသည် ။ တွေးရင်း တွေးရင်း မှ အိုခြင်းတရား ကို ထိတ်လန့် ကြောက်ရွံ့ လာမိ၏ ။ မိမိ ကိုယ် မိမိ အစိုး မရရုံ မက မိမိ ကြောင့် လည်း သူ တစ်ပါး အပေါ် ဝန်ထုပ်ဝန်ပိုးကြီး တစ်ခု လို ဖြစ် နေရသော ဘဝမျိုးတွင် မည်သို့ ပျော်ပိုက် နေစိမ့်ရက် ပါမည်နည်း ။ အိုခြင်းတရား ၊ အိုမင်းမစွမ်း အဖြစ်များ သည် လူ့ လောကကြီး မှာ မရှိခဲ့ လျှင် အဘယ်မျှ ကောင်း လိုက်ပါမည်နည်း ။
မနေနိုင်တော့သော ကြောင့် စိတ် တွင် ခံစားဖြစ်ပေါ် လာသော အတွေးများ ကို အုတ်ခုံ ပေါ် တွင် ထိုင် နေသော သူငယ်ချင်း ဖြစ်သူ အား ဖွင့်ဟ ပြောဆို မိလိုက်၏ ။
“ အေးကွာ လူ့ ဘဝလေး ကို ရတုန်းရခိုက် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ နဲ့ ကုန်ဆုံး လွန်မြောက် ရ ရင် သိပ် ကောင်းမှာပဲနော် ... ၊ လူတွေ မွေးလာကြ ၊ ကြီးထွားလာကြ ၊ ပညာသင်ကြ ၊ ကြင်ယာစုံကြ ၊ မျိုးဆက် သစ်တွေ ပေါ်ထွန်းလာကြ ၊ နောက် သတ်မှတ်ထားတဲ့ လူ့ သက်တမ်း တစ်ခု မှာ ကွန်ပျူတာ ရဲ့ အလှည့်ကျ ရွေးချယ်မှု နဲ့ အိုခြင်း ၊ နာခြင်း တရားတွေကို မတွေ့ကြုံရဘဲ သေဆုံး ပျောက်ကွယ်သွားကြရရင်ကို လူ့ ဘဝကြီး ဟာ သိပ်ကို နေပျော်လှပါပြီကွာ ၊ ခုတော့ ရသခိုက် လူ့ဘဝ ကာလငယ်လေး မှာ စံစားရတဲ့ သုခ ထက် ခံစားရတဲ့ ဒုက္ခ တွေ က မနှိုင်းယှဉ်သာ လောက် အောင် များပြား လွန်းတာ ပဲနော် ”
ကျွန်တော် ၏ ဆွေးနွေးချက် ကို သူငယ်ချင်း က ဖြည့်စွက်၍ ထောက်ခံ ဆွေးနွေး လိုက်ပါ၏ ။
ထိုအခိုက် မန္တလေး တောင် ဘက် ဆီ မှ ပျံ့လွင့်လာ သော “ သံသရာ ခရီးသည် ” တေးသီချင်း တစ်ပိုင်း တစ်စ သည် ကျွန်တော် ၏ နားစည် အမှေးပါး ကို တိုးတိုးညင်သာ ရိုက်ခတ် နေ၏ ။
“ × × × လူတွေသာ ဒုက္ခနဲ့သာ ကင်းခဲ့ကြရင် xxx ဘယ်ပုံ ဘယ်လောက ရောက်မှာလဲ လူတွေ သာ အနိစ္စနဲ့ သာ ဝေးခဲ့ကြရင် x x x ဘယ်ဆီကို သွားရ တော့မှာလဲ xxx ဒီကမ္ဘာ မှာ ဒီလူဟာ တစ်ယောက် တည်း သံသရာဟာ မဆုံးနိုင်အောင်ပဲ xxx
( ၅ )
အမြန်ဆုံး ရေမိုး ချိုး လိုက်သည် ။ နောက် ဆံပင် ကို သပ်သပ်ရပ်ရပ် လှလှပပလေး ဖြစ်အောင် ကျကျနန ဖြီး လိုက်သည် ။ အသားနားဆုံး ဖြစ်မည် ဟု ထင်သော အဝတ်အစားများ ကို ကိုယ်တွင် ရှုချင့်စဖွယ် ကောင်းအောင် ဝတ်ဆင် လိုက်သည် ။ ရေမွှေး အနည်းငယ် မသိမသာ ဆွတ်ပြီး နောက် အဆောင် အောက် တွင် ရပ်ထားသော “ စီဘီ ၁၂၅ ” ဟွန်ဒါဆိုင်ကယ် ကို သစ္စာဆောင်ဆီ သို့ ဦးတည် မောင်းနှင် လာခဲ့သည် ။ မျက်စိ ထဲ တွင် ကြော့ကြော့မော့မော့ နှင့် ဝတ်ဆင် ထားသော ချစ်သူ ၏ ရွှေလည်တိုင် ဖော့ရိုး ကျိုး လုမတတ် မျှော် နေမည့် မျက်နှာငွေလ ရွှင်ပျပျ ကို မှန်းဆ မြင်ယောင် နေ မိ၏ ။
မအိုမီ ၊ မနာမီ ၊ မသေမီ တွင်တော့ တော်လ်စတွိုင်း ၏ ပျားရည်စက်များ ကို တရှိုက်မက်မက် လျှာ ဖြင့် လျက် နေရပေဦးမည် မဟုတ်ပါလား ။
◾လူမျိုးနော်
📖 ရှုမဝ မဂ္ဂဇင်း
နိုဝင်ဘာ ၊ ၁၉၈၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment