Saturday, July 29, 2023

မိန်းမပျို နှင့် ပင်လယ်


 

❝ မိန်းမပျို နှင့် ပင်လယ် ❞

တစ်ခါတုန်း က ပင်လယ် ကို အင်မတန် ချစ်တဲ့ မိန်းမပျိုကလေး တစ်ဦး ရှိ သတဲ့ ။ သူ ဟာ အမြဲတမ်း ပင်လယ်ကမ်းခြေ ကို သွားပြီး ပင်လယ် ရဲ့ သဘာဝ အလှ ကို ချီးမွမ်း လို့ မကုန်နိုင်အောင် ရှိနေတယ် တဲ့ ။ သူ့ ရဲ့ လှပတဲ့ နှုတ်ခမ်း က ပင်လယ် ကို ချီးမွမ်း ထောပနာ ပြုတဲ့ တေးသီချင်း တွေ ကို သာ သီဆို လေ့ ရှိတယ် တဲ့ ။

မိုး မသောက် မီ က ပဲ မိန်းမပျိုကလေး ဟာ ပင်လယ်ကမ်းခြေ ကို ရောက် နေပြီး ပင်လယ် ထဲ က နေမင်းကြီး ပြုံးပြုံးရွှင်ရွှင် နဲ့ ထွက် လာတာ ကို ကြည့်လို့ မဝဘူး တဲ့ ။ သည်လို နေမင်းကြီး ထွက် လာတာ ဟာ မွေးခါစ ကလေးကလေး မိခင် ရဲ့ရင်ခွင် က နိုးလာပြီး ပြုံးပြ သလိုပဲ လို့ မိန်းမပျို ရဲ့ စိတ် ထဲ မှာ ထင်တယ်တဲ့ ကွယ် ။

ညနေချမ်း မှာ ဆိုရင် ပင်လယ် လှိုင်းကလေးတွေ ဟာ ရွှေရောင် တစ်လက်လက် နဲ့ ရှိ နေတာ ကို မိန်းမပျိုကလေး ရဲ့ စိတ် ထဲမှာ တော့ သည် ရွှေရောင် တောက်ပ နေ တဲ့ လှိုင်းကလေး တွေ က သူ့ ကို ပဲ ကပြ နေ ကြသလိုပဲ တဲ့ ကွယ် ။ အဲဒီ အခါများ မှာ သူ ကလည်း တေးသီချင်းတွေ နဲ့ ဆိုင်းချက် ညီအောင် လိုက် ဆို ပေးရှာ သတဲ့ ။

တစ်ခါတစ်လေ မှာ ပင်လယ် ဟာ ကြောက်လန့် စိုးရွံ့စရာ ကောင်းတဲ့ အသံကြီး ပြုပြီး ပင်လယ်မုန်တိုင်း ဆင် နေ ပေမယ့် မိန်းမပျိုကလေး က ထွက် မပြေးဘူး တဲ့ ။ ဒါကိုပဲကြည့် ပြီး ကျေနပ် နှစ်သိမ့် နေတယ်တဲ့ ကွယ် ။

မိန်းမပျိုကလေး အဖို့ မှာ တော့ ပင်လယ် ဟာ နွေ ရော ၊ မိုး ရော ၊ ဆောင်း ရော အမြဲတမ်း ချစ်စရာ ကောင်းနေတယ် တဲ့ ။

သည်လို နေ့တိုင်း ပင်လယ်ကမ်းခြေ ကို လာဖန် များ တော့ ပင်လယ်ကမ်းခြေ မှာ နေတဲ့ တံငါသည်ကလေး နဲ့ တွေ့ပြီး မေတ္တာကြိုး ယှက်သွယ် မိကြရော တဲ့ ။ မိန်းမပျိုကလေး နဲ့ တံငါသည်ကလေး ဟာ ပင်လယ် ကို အသိ သက်သေ ထားပြီး ချစ်မေတ္တာ စိုက်ထူ ကြတာပေါ့ ကွယ် ။ မိန်းမပျိုကလေး အဖို့ ပင်လယ် ဟာ အရင့် အရင်အချိန်တွေ က ထက် ပိုပြီးတော့ ချစ်စရာ ကောင်းလာ တယ် တဲ့ ။ ဘာကြောင့်ဆို သည် ပင်လယ် က သူ့ ချစ်သူ နဲ့ တွေ့ အောင် ဖန်တီး ပေးတာ ကိုး ကွဲ့ ။

သည်လိုနဲ့ နေ လာ ကြတာ တစ်နေ့ တော့ ကွယ် ။ တံငါသည်ကလေး ဟာ ပင်လယ် ထဲ မှာ လေမုန်တိုင်း မိ ပြီး ရေနစ် သေဆုံး သွားရှာ သတဲ့ ။

မိန်းမပျိုကလေး ဟာ သူ့ ချစ်သူ ကို ပင်လယ် က ဝါးမျို သွားတာ ခံရတော့ ပူဆွေး ပြီး ကျန်ခဲ့တယ် တဲ့ ။ သူ ဟာ ပင်လယ်ကမ်းခြေ က အိမ် ကို တောင် မပြန်တော့ဘဲ ညကြီးမိုးချုပ် လည်း ပင်လယ်ကမ်းခြေ မှာ ရှိနေ သတဲ့ ။ မိန်းမပျိုကလေး ရဲ့ နှုတ် က လည်း တတွတ်တွတ် နဲ့ အချိန် ရှိ သရွေ့ ပြော နေ သတဲ့ ။ တစ်ခါ က သူ အင်မတန် ချစ်တဲ့ ပင်လယ် ကို ချီးမွန်း ထောပနာ ပြုတဲ့ သီချင်းတွေ ဆို နေတာ တော့ မဟုတ်ဘူးတဲ့ ။

ဘာတွေ တတွတ်တွတ် ပြော နေတာလဲ ဆိုရင် ပင်လယ် ကို ကျိန်ဆဲ နေတာတဲ့ ကွယ် ။

◾မောင်ဘုန်းလွင်

📖 ရှုမဝ မဂ္ဂဇင်း
       ၁၉၅၆ ၊ နိုဝင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment