Saturday, July 29, 2023

မိုးခါးရေ သောက်၍ မိုးခေါင်ခြင်း


 ❝ မိုးခါးရေ သောက်၍ မိုးခေါင်ခြင်း ❞


အကျင့်စာရိတ္တပြုပြင်ရေးဌာန မှ လူကြီးလူကောင်း ဦးထွန်းမြတ် သည် အရက်ခွက် ကို မြှောက်၍ ဆေး သောက် သလို တစ်ကျိုက်တည်း နှင့် မော့ လိုက်လေ၏ ။ သို့ မော့ပြီးသည် နောက်တွင် သူ သည် တစ်သက် နှင့် တစ်ကိုယ် မကောင်းမှု ကို မပြုလုပ်ခဲ့ဖူးသည့် အကြောင်း ပြန်ပြောင်း စဉ်းစား မိပြန်သည် ။


အကျင့်စာရိတ္တပြုပြင်ရေးဌာန မှ လူကြီးလူကောင်း တစ်ယောက် ပီသစွာ သူသည် အကျင့် စာရိတ္တ ကောင်းမွန်သူ တစ်ယောက် ဖြစ်ခဲ့၏ ။ ကံငါးပါး ကို လုံခြုံသူ တစ်ယောက် လည်း ဖြစ်ခဲ့၏ ။ သူ့ အတွက်ကြောင့် တိုင်းပြည် တွင် ဘယ်သော အခါမျှ မိုးခေါင် လိမ့်မည် မဟုတ်ကြောင်း ကို လည်း ကောင်းစွာ ယုံကြည်သူ တစ်ယောက် ဖြစ်၏ ။


သူ သည် သာသနာတော်အကျိုး ကို သည်ပိုးရွက်ဆောင်ခဲ့ သဖြင့် ဘွဲ့ထူးဂုဏ်ထူးများ  ၊ ရခဲ့သူ တစ်ယောက် လည်း ဖြစ်၏ ။ တရားဓမ္မ အရာ ၌ ကျွမ်းကျင်နိုင်နင်းသူ တစ်ယောက် ဖြစ်၍ လည်း သာသနာ့ရိပ်သာ တွင် နာမည်ကောင်း ရသူ တစ်ယောက် ဖြစ်၏ ။


ထို့ကြောင့် ဦးထွန်းမြတ် အား မင်းပိုင်း စိုးပိုင်း သူဌေးကုန်သည်ပိုင်း မှ ကြည်ညိုလေးစား ကြ လေသည် ။ ထိုသို့ ကြည်ညိုလေးစားခြင်း ခံ ရသလောက် လည်း အကျင့်သိက္ခာ ကောင်းသူ တစ်ယောက် ဖြစ်ပေသည် ။ သို့ရာတွင် ယခု တစ်ကြိမ် တွင် မူ ဦးထွန်းမြတ် သည် အရက်ခွက် ကို ကိုင် ၍ ဆေး သောက် သလို တစ်ကျိုက် တည်း နှင့် မော့ ချ လိုက်လေသည် ။ ဝန်ကတော်လေး ဒေါ်ကေသီခိုင် သည် ဦးထွန်းမြတ် အား နွဲ့ မူသော အပြုံး ဖြင့် ကြည့် နေရင်းမှ စားပွဲ ပေါ် တွင် တင် ထားသော စကော့ ဝီစကီအရက် ကို “ တစ်ပက် ” ပေး လိုက်ပြန်သည် ။ ပြီးမှ ဖောက်ပြီးသား အသင့် ရှိနေသော ဆော်ဒါ ဖြင့် ကျင်လည်စွာ ရောစပ် ပေး လိုက်သည် ။ ဦးထွန်းမြတ် သည် ဒေါ်ကေသီခိုင် အား တစ်ချက်မျှ  စိုက် ကြည့် လိုက် ရင်း သူ့ ရင်ပြင် တစ်အုံလုံး သည် ငလျင် လှုပ် သလို သိမ့်သိမ့်ခါ ၍ သွား လေသည် ။ ဒေါ်ကေသီခိုင် ၏ မျက်နှာပေး ၌ ဦးထွန်းမြတ် အား ကြည့် နေသော အကြည့် မှာ အမေရိကန် ဇာတ်ကားများ တွင် ဟိုတယ်မယ် အဖြစ် ပါဝင် ကပြတတ်သည့် ဇာတ်လိုက် မင်းသမီးများ ၏ မျက်နှာပေး မျိုး အကြည့် မျိုး နှင့် တစ်မျိုး တည်း တူ နေ၏ ။ ဦးထွန်းမြတ် သည် ဒေါ်ကေသီခိုင် အား ဆက်၍ မကြည့်ရဲတော့ချေ ။


အဆင်းတွင် ဘရိတ် မပါဘဲ လိမ့် ပြေးနေသော ကား ပေါ် မှ နေ၍ မိမိ သက်ဆင်း ကျရောက် ရတော့မည့် ချောက်ကမ်းပါးစောက် ကို မကြည့်ရဲသူ ကဲ့သို့ ဦးထွန်းမြတ် သည် ဒေါ်ကေသီခိုင် အား မကြည့်ရဲတော့ချေ ။ ထို့ကြောင့် ပင် သူ့ မျက်နှာ ကို လက်ဝါး ဖြင့် အုပ် ၍ ထား လိုက်သည် ။ ဒေါ်ကေသီခိုင် သည် ဦးထွန်းမြတ် အား ကနွဲ့ကလျ ကြည့် နေရင်း နေရာ မှ ထ လိုက်ပြီးလျှင် ဦးထွန်းမြတ် ထိုင် နေသော နှစ်ယောက် ထိုင် ဆိုဖာ အစွန်းတွင် တင်ပါးလွှဲ ထိုင် လိုက်ပြန်သည် ။ ဦးထွန်းမြတ် ၏ ရင်ပြင် တစ်ခုလုံး သည် မြေငလျင် တစ်ကြိမ် လှုပ်ခါ ၍ သွားပြန်သည် ။ ထို့ကြောင့်လည်း ဘရိတ်လွတ် နေသော ကား ကဲ့ သို့ ထိန်းသိမ်းခြင်း ကင်း တော့သည် ။ သူ့ စိတ် ကို တည်ငြိမ်ရန် ကြိုးစား ရ ပြန်သည် ။ ဦးထွန်းမြတ် သည် ငါးဆယ်ဝင် စားပွဲတင် ငွေ စီးကရက်ဘူး ထဲ မှ စီးကရက် တစ်လိပ် ကို ထုတ်၍ မီး ညှိ လိုက်သည် ။ မီးညှိ ၍ အပြီးတွင် စီးကရက် ကို တစ်ချက် မျှ ဖွာ ၍ လက် ထဲ မှ မီးတောက် နေ သေးသော မီးခြစ်ဆန် ကို ပြာခံခွက် ထဲ သို့ ထည့်မည် အပြု တွင် ဒေါ်ကေသီခိုင် ၏ မျက်နှာ သည် သူ ၏ မျက်နှာ နား သို့ တိုးကပ် ၍ လာ လေသည် ။ ဒေါ်ကေသီခိုင် သည် ဦးထွန်းမြတ် ၏ မျက်နှာ နှင့် ထိလုထိခင် ရှိပြီး မှ အခြောက်တိုက် တခစ်ခစ် ရယ် လိုက်ပြန်သည် ။ ဆိုဖာ အစွန်း တွင် ထိုင်နေ ရာ မှ သူ ၏ တင်သား အိအိညက်ညက်ကလေး ကို ဆိုဖာ အတွင်း သို့ လျှောဆင်း ချ လိုက်ပြန်သည် ။ သို့ လျှောဆင်း လိုက်သော အခါတွင် မူ ကေသီခိုင် ၏ အိစက်သော အတွေ့ သည် ဦးထွန်းမြတ် အား တငွေ့ငွေ့ ထိတွေ့  လာစေတော့သည် ။


ဦးထွန်းမြတ် သည် ကြောက်အား လန့်အား ဖြင့် အရက်ခွက် ကို ဆွဲယူ မော့လိုက်ပြန်သည် ။ သို့ မော့ပြီး မှ သူ သည် တစ်သက် နှင့် တစ်ကိုယ် မကောင်းမှု ဒုစရိုက် ကို မပြုခဲ့ဖူးကြောင်း ပြန်ပြောင်း စဉ်းစား လိုက် ပြန်သည် ။ ထိုသို့ စဉ်းစား မိ မှပင် သူ၏ မကျေချမ်းစရာ ကောင်းသော ကိုယ်ရေး ကိုယ်တာ ကိစ္စများ တစ်ခု စီ ပေါ်၍ လာလေသည် ။ အဆုံးတွင် မူ သူ   သည်အိမ် သို့ လာ၍ တစ်သက် နှင့် တစ်ကိုယ် မပြုလုပ်ခဲ့ဖူးခဲ့သော မိုက်မဲမှု ကို ပြုလုပ်ရန် လာခဲ့ခြင်း အား လည်း ပြန်လည် စဉ်းစား မိပြန်သည် ။ မိုက်မဲမှု ဆိုသည် မှာ ဦးထွန်းမြတ် လို လူ တစ်ယောက် အတွက် ပြုလုပ်ရန် လွယ်ကူသော အလုပ် မဟုတ်ပေ ။ ကျော်မကောင်း ကြားမကောင်း ဖြစ်မည် လည်း စိုးရ၏ ။ ကေသီခိုင် ၏ စိတ် သဘော ကိုလည်း သိနှင့် ဖို့ လို၏ ။ ကေသီခိုင် အား မည်သို့ ဆွဲဆောင်ရမည် ကို လည်း စဉ်းစား နေရင်း ဖြင့် အချိန် သည် တဖြည်းဖြည်း ကုန် ခဲ့လေပြီ ။


ယခုတော့ လည်း အရက် အရှိန် က သွေး ကို ကြွ လာစေသည် ။ အရက်ရှိန် ကြောင့် ထကြွ လာသော သွေးသား သည်လည်း သောင်းကျန်းစ ပြုလေပြီ ။


ကဲဟာ မထူးတော့ပါဘူး ဆိုသော စိတ်ထား သည် တစ်စစ ကြီးမား လာလေပြီ ။ နောက်ဆုံး တွင် မူ ဦးထွန်းမြတ် သည် ကေသီခိုင် အား ရဲရဲတင်တင်း ကြည့် လိုက်သည် ။ ကေသီခိုင် သည် ဦးထွန်းမြတ် ၏ အကြည့် ကို တုန်လှုပ်ခြင်း ကင်းမဲ့စွာ တခစ်ခစ် ရယ် လိုက်ပြန်သည် ။ ကေသီခိုင် ၏ အကြည့် သည် စိတ် ကို နိုးကြွစေသော သတ္တိ ကို ပေးစွမ်းလာသည် ။


“ ဒေါ်ကေသီခိုင် အတွက် ကျွန်တော် ဟာ ရယ်စရာ ဖြစ်နေသလား ခင်ဗျာ ”  


သည်တော့မှ ကေသီခိုင် သည် လူပြက် ပြက်လုံး သဖွယ် ပွဲကျအောင် ရယ် လိုက် ပြန်သည် ။ 


“ ခိုင် က ရော ဦးထွန်းမြတ် အတွက် ကြောက်စရာများ ဖြစ်နေသလား လို့ပါ ရှင် ” 


“ ကျွန်တော် ကြောက်တယ် ဆိုတာက တခြား ပါ ၊ အမှန်တော့ ကျွန်တော် ဦးဘကောင်း အပေါ် မကျေမချမ်း ဖြစ်နေတယ် ”  


ကေသီခိုင် သည် ဦးထွန်းမြတ် ၏ စကား ကို နားထောင်ရင်း မျက်လုံး က မှေး ၍ သွယ်တန်းသော မျက်ခုံးအစုံ ကို ပင့်ချီကာ ထား လိုက်သည် ။ ပြီးမှ မပွင့်တပွင့် အသံ ဖြင့် 


“ ခိုင် သိသားပဲ ၊ ဒါကြောင့် ဟိုနေ့ ည က ဦးထွန်းမြတ် ကို မှာ လိုက်တယ်မှုတ်လား ”  


ဟုတ်ပေသည် ။ ကေသီခိုင် ပြောပုံမှာ ရှင်းလင်း ပြတ်သားလှ၏ ။ ဦးထွန်းမြတ် သည် ဇနီးသည် ခင်အေးနွဲ့ ကို တစ်ည လိုက် ရှာစဉ်က ဦးဘသောင်း နှင့် သွား ကြသည် ဆိုသော သတင်း ကို ကေသီခိုင် ထံ မှ ရခဲ့၏ ။ ထိုအချိန် မှ စ၍ အသိ မိတ်ဆွေများ ပြောကြသည့် သတိပေးစကား ကို ယုံခဲ့၏ ။ အစက မူ အသိမိတ်ဆွေများ နှင့် ပင် စကား များခဲ့ရ၏ ။ ချစ်ဇနီး အား မတရား စွပ်စွဲ ပြောဆိုကြသည် ဟု အထင် ရှိကာ စေတနာကောင်း နှင့် ပြောဆို သတိပေး ကြသော မိတ်ဆွေများ ကို စိတ်လိုက်မာန်ပါ လုပ်ခဲ့ မိဖူး၏ ။ ကေသီခိုင် နှင့် တွေ့မှ ပင် ဤကိစ္စများ ဘူး ပေါ်သလို ပေါ် လာခဲ့၏ ။ သည်တော့မှလည်း မျက်စပ် တွင် ပိုး ဝင်မှန်း သိရ၏ ။ ထိုသို့ သိ ရပြန်တော့လည်း နဂါးမင်း ၏ စိတ် ဖြင့် အသေ ပေါက် လိုက်မည် ကြံစည် မိပြန်၏ ။ ထိုသို့ အသေ ပေါက် လျှင်လည်း နောက်ထပ် ရာဇဝတ်ဒဏ် ကို ကိုယ် သာ ခံရပေမည် ။ ပြီးတော့လည်း ဤ ကိစ္စမျိုး ကား အကောင်း ပြန်၍ ဖြစ်နိုင် သည်လည်း မဟုတ် ၊ ထွက်နေသော အပုပ်နံ့ ကို ဗြောင် ဖွင့်ပြခြင်းနှင့် သာ တူ တော့မည် ။ ထို့ကြောင့် လည်း ပေါက်ကွဲလာသော ဒေါသစိတ် ကို ကျိတ်၍ ထား လိုက်ရ၏ ။  


နောက်ဆုံးတွင် မူ ရန် ရန်ချင်း မတုံ့လျှင်း နှင့် ဆိုသော စကားကို ပယ်ရှားကာ လက်စားချေ ရေး စိတ် ဖြင့်သာ ကေသီခိုင် ထံ သို့ လာခဲ့ ဖြစ်၏ ။ ကေသီခိုင် က ပင် သည် ကိစ္စ ကို သူ ရှင်းလင်းပါရစေ ဟု ပြောကာ အိမ် သို့ မှာ ခဲ့၏ ။ မှာ ပုံ မှာ ဆန်း သည် ဟုလည်း ထင်မိ၏ ။ ည အချိန် လည်း ဖြစ်သည် ။ ပြီးတော့ လင်ယောက်ျား မရှိသည့် အချိန် လည်း ဖြစ်၏ ။ ရောက်ပြန်တော့လည်း အရက် နှင့် ဧည့်ခံ ပြန်၏ ။


ပြင်၍ မရနိုင်သော မိမိ ကိစ္စ အတွက် ကေသီခိုင် သည် မည်သို့ ပြေလည်အောင် ဖြေရှင်း မည်သို့ သိချင် လာ၏ ။ ထိုအခါတွင် မူ သည်း မခံနိုင်လောက်အောင် ဖြစ် လာမိ၏ ။ 


“ ကဲ ... ဒီကိစ္စ ကို ဘယ်လို ပြေလည်အောင် ဖြေရှင်း မလဲ ၊ အမှန်တော့ ဘယ်လို မှ ပြန်ပြီး ပြင်လို့ မရတဲ့ ကိစ္စပဲ ၊ ကျွန်တော် တစ်ခုပဲ မေး ချင်တယ် ၊ ရိုင်းတယ်တော့ မထင်နဲ့ ဗျာ ” 


ကေသီခိုင် သည် ဦးထွန်းမြတ် ၏ စကားကို ဘာမျှ ဖြေကြားခြင်း မရှိဘဲ ကျေနပ်စွာ ရယ်လိုက် ပြန်၏ ။ သူ ၏ တစ်ကိုယ်လုံး သိမ့်သိမ့်ခါ အောင် ရယ် နေရင်းမှ ဦးထွန်းမြတ် ၏ ပခုံး နှစ်ဖက် ကို ဆွဲကိုင် လှုပ်ရမ်း လိုက်ပြန်သည် ။


“ ရှင် ဟာ သိပ် ရိုးတဲ့ လူပဲနော် ၊ လူကြီးလူကောင်း လုပ်ဖို့ မကောင်းဘူး ။ ရှင် မေးတဲ့ မေးခွန်း က မေးစရာ ကို မလိုဘူး ။ ကဲ .. သိရဲ့လား ဆရာကြီး ရဲ့ ” 


ကေသီခိုင် သည် ဦးထွန်းမြတ် ပခုံး နှစ်ဖက် ကို ဆွဲယူ လှုပ်ခါရင်း အားမလို အားမရ ကြည့် နေသည် ။ ထိုသို့ ခါ နေရင်း မှ ဦးထွန်းမြတ် ၏ ရင်ပြင် ကို ထိကပ် ၍ ထား လိုက်ပြန်သည် ။ သည် တစ်ကြိမ်တွင် မူ ဦးထွန်းမြတ် သည် မုန်ယစ်သော ဆင်ရိုင်း ကဲ့ သို့  ချွန်း အုပ် ၍ မရတော့ချေ ။ ကေသီခိုင် ၏ လက်မောင်းအိုး အစုံ ကို ခပ်တင်းတင်း ဆုပ်ကိုင် လိုက်ရင်း 


“ ကျုပ် ချစ်တဲ့ မိန်းမ တစ်ယောက် ကို ခေါ်လာတဲ့ ယောက်ျား တစ်ယောက် ကို ကျုပ် ဘယ်လို လုပ် လက်စား ချေ ရမလဲ ၊ သူ့ အရှက် ကို ခွဲ ရမလား ၊ ကျုပ် မှာ အားလုံး လက်ဆုပ် လက်ကိုင် ရှိတယ် ။ ဒါမှ မဟုတ်ရင် သူ ကိုယ်ချင်း စာ တတ် လာအောင် ဘယ်လို သင်ခန်းစာမျိုး ပေးပြီး လက်စား ချေရမလဲ ဆိုတာလည်း ကျုပ်သိတယ် ”  


“ ခိုင် သိတယ် ဦးထွန်းမြတ် ၊ ရှင့် ဆီ မှာ ဓာတ်ပုံ နဲ့ တကွ ရှိတယ် ဆိုတာ လည်း ခိုင် သိတယ် ၊ဒီ ဓာတ်ပုံ ကို ဘယ်သူ ရိုက်ပေးတယ် ဆိုတာလည်း ခိုင် သိတယ် ၊ ဘာလို့ ရိုက်ပေးတယ် ဆိုတာတော့ ရှင် သိ မှာ မဟုတ်ဘူး ၊ ရှင့် ကို ခင်လို့ စေတနာ ရှိလို့ ရိုက်ပေး တယ်များ မအောက်မေ့ နဲ့ ၊ ဒီ ဓာတ်ပုံ ကို ကိုင်ပြီး  ခိုင့် ကို ချက်ကောင်း ယူ ဖို့ ရိုက်ထားတာ ။ ကဲ ... ရှင်းပလား ။ ခိုင် တို့ မှာ နာမည် နဲ့ အသက် ရှင် နေရတာ ၊ ဒါကြောင့် အရှက် ခွဲတဲ့ နည်း က လွဲ လို့ ကြိုက်သလို ရှင် ကျေနပ်အောင် လုပ်ပေးဖို့ ခိုင် တာဝန် ယူတယ် ။

ပြီးတော့ ရှင် တစ်ခု စဉ်းစား ကြည့် ၊ ရှင် မောင့် ကို အရှက် ခွဲ တော့ရော ရှင် လွတ်မလား ၊ ရှင် ရော  အရှက် မကွဲပေဘူးလား ။ အကျင့်စာရိတ္တ ပြုပြင်ရေးဌာန က လူကြီး တစ်ယောက် ဟာ သူ့ မိန်းမ ကို  သူ တောင် အကျင့် ကောင်း အောင် မပြုပြင်နိုင်ဘူး ဆိုတာ သတင်းစာတွေ က မရေးရဲဘူး မှတ် သလား ”  


 ဦးထွန်းမြတ် သည် ဘာမျှ မပြောနိုင်တော့ချေ ။ ခေါင်း ကို သာ အောက် စိုက်၍ ချ လိုက်လေသည် ။ ကေသီခိုင် သည် ဦးထွန်းမြတ် ၏ သောက်လက်စ အရက်ခွက် ကို ယူ၍ ပါးစပ် တွင် တေ့ ပေးလိုက်၏ ။ ဦးထွန်းမြတ် သည် ကေသီခိုင် ၏ မျက်နှာ ကို မော့၍ ကြည့်လိုက်ပြီးလျှင် အရက် ကို အကုန် သောက် လိုက်ပြန်သည် ။ ပြီးမှ ကေသီခိုင် ၏ ပြည့်ဖြိုးသော လက်မောင်းအိုး အစုံ ကို ဆုပ်ကိုင် လိုက်ရင်း 


“ ကျုပ် ခင်ဗျား ယောက်ျား ကို လက်စားချေ ရ မှ ကျေနပ်မယ် ၊ ဒါဟာ သူ့ ကို အကောင်းဆုံး သင်ခန်းစာ ပေးတာပဲ ၊ ကျုပ် ဘယ်လို လက်စားချေမလဲ ဆိုတာ ခင်ဗျား သိရဲ့လား  ဟင် ... ကျုပ် ဘယ်လို လက်စား ချေမယ် ထင်သလဲ ၊ ကျုပ် ခင်ဗျား ...”   


ကေသီခိုင် သည် ဦးထွန်းမြတ် ၏ ပါးစပ် ကို သူ ၏ သွယ်ပျောင်းသော လက်ကလေးများ ဖြင့် ကာ လိုက်ရင်း  ...  


“ တော်ပါတော့ ခိုင် နားလည် ပါတယ် ။ ခိုင် တို့ က ဒါလောက် သဘောထား မသေးပါဘူး ၊ ကဲ ... ယုံပလား ခိုင် ဒီထက် ဘာ ပြောရဦးမလဲ ”  


ကေသီခိုင် သည် ဦးထွန်းမြတ် ကို တွဲ၍ ရပ် လိုက်သည် ။ ယခု တစ်ကြိမ်တွင် မူ တစ်ယောက် နှင့် တစ်ယောက် ပါးစပ် မှ မပြောကြ သော် လည်း မျက်လုံးနက်ကလေးများ တွင် အဓိပ္ပာယ် အပြည့်  ရှိ နေကြ၏ ။ 


ကေသီခိုင် ၏ မျက်လုံး တွင် ထွက် နေသော  အခိုးများ က ဦးထွန်းမြတ် ၏ စိတ် ကို လွှမ်းမိုး လာကြသည် ။ သည်အခါ တွင် တစ်ယောက် ကို တစ်ယောက် အပြန် အလှန် ဖက် ထားလိုက် ကြသည် ။ ပြီးတော့လည်း အပြန် အလှန် နမ်းရှုပ် ကြပြန်သည် ။     


သည်နောက် တွင် မူ ကေသီခိုင် ၏ မျက်လုံး ထဲ တွင် “ ကဲလာ ...”  ဆိုသော အဓိပ္ပာယ် ကို ဖော်ပြလျက် ရှိ၏ ။ နှစ်ယောက် တွဲ ၍ အခန်းဘက် လှမ်း ကြပြန်၏ ။ အခန်းပေါက်ဝ သို့ ရောက်သည့် အခါ တွင် ဦးထွန်းမြတ် ခြေလှမ်းများ က တစ်ခဏ မျှ တုံ့ သွား၏ ။ ကေသီခိုင် က မူ ထို အခန်း တွင်း မှ ခုတင် ထက် တွင် ခြေပစ်လက်ပစ် လှဲ ချလိုက်၏ ။ ထို တခဏ ၌ ကေသီခိုင် ၏ ပြည့်ဖြိုးသော အလှ ဖြင့် ဦးထွန်းမြတ် အား ဖိတ်ခေါ် နေဟန် ရှိတော့၏ ။ 


ဦးထွန်းမြတ် သည် ကေသီခိုင် အား ကြည့်ရင်း တစ်စစ သောင်းကျန်း လာသော စိတ် ကို ဖိနှိပ် ချုပ်တည်း ထားရင်း မှ မကျေချမ်းနိုင်သော ဒေါသစိတ် ကို ပြန်၍ နှိုးဆွ လိုက်ပြန်သည် ။


သူ သည် သွေးသား သောင်းကျန်း ၍ မကောင်းမှု ဒုစရိုက် ကို ပြုလုပ်မည့် သူ မဖြစ်ရန် သူ့ စိတ် ကို သူ လှည့်စား လိုက်၏ ။


ဤနေရာ တွင် သူရဲကောင်း တို့ ၏ လက်စားချေ သော စိတ် ဖြင့် ပြုခြင်းသည် သာ လျှင် သူ ၏ အကျင့်စာရိတ္တ ကို ကာကွယ် နိုင်၏ ။ ထို့ကြောင့် သူ ပြုလုပ်မည့် မကောင်းမှု ဒုစရိုက် အတွက် ခိုင်လုံသော အကြောင်းပြချက် ကို လက်ကိုင် ပြုရပြန်၏ ။ သည်လို လက်စားချေ လိုက်ခြင်းဖြင့် ဦးဘကောင်း နောင် ကြဉ် လာပေမည် ၊ သူ ခံစားရ သလို ခံစား လာရမည် ၊ သည်အခါ တွင် ကိုယ်ချင်း စာ တတ်ပြီးလျှင် နောင် တွင် သည်လို မကောင်းမှု ကို ပြုရန် ဝန်လေးလာမည် ၊ သူ့ ဇနီး အတွက် လည်း သင်ခန်းစာ ရ နိုင်ဦးမည် ။


ဦးထွန်းမြတ် သည် ဤသို့သော စိတ်ကူး ဖြင့် အခန်းတွင်း သို့ ဝင်ရန် အား ယူလိုက်ပြန်သည် ။ ကေသီခိုင် က မူ ကိုယ် ကို လူးလွန့် လိုက်ရင်း ဦးထွန်းမြတ် အား မရောင့်မရဲ လှမ်း ၍ ကြည့် နေပြန်သည် ။


“ ကျုပ် တစ်ခုတော့ သိ ချင် သေးတယ် ၊ ခင်ဗျား ဟာ ကျုပ် မိန်းမ နေရာ မှာ ရှိပြီး ကျုပ် ဟာ ဦးဘကောင်း နေရာ မှာ ပြန် လိုက်ရင် ခင်ဗျား ယောက်ျား ဟာ ကျုပ် ထက် တောင် ခံစား နာကြည်း ရလိမ့်မယ် ထင်တယ် ” 


“ ရှင် ဘာလို့ ဒါတွေ လေကုန် ခံပြီး မေး နေတာလဲ ”  


“ မဟုတ်ဘူးလေ ဒီလို လူစားမျိုးတွေ ဟာ ကိုယ် ခံရတော့ ပိုပြီး နာကြည်းတတ် သလား လို့ပါ ။ ပြီးတော့လည်း ဒီလို နာကြည်း မှ ကျုပ် အတွက် ပိုပြီး ကျေနပ်စရာ ကောင်း မှာပေါ့ ” 


ကေသီခိုင် သည် တအား ရယ် လိုက်ရင်း ခေါင်းအုံး ကို ဆွဲ မွေ့ရမ်း လိုက်သည် ။ ပြီးမှ ဦးထွန်းမြတ် ၏ ထင်ကြေး ကို အဝေး သို့ လွင့်စေသော အဖြေ ကို ပေး လိုက်လေသည် ။


“ မောင့် ကို ရှင် အထင် မသေးပါနဲ့ ၊ ဒီ နေရာမျိုး မှာ မောင် က သဘောထား ရှင့် ထက် ကြီး တယ် မှတ်ပါ ။ ရှင့် မိန်းမ သတင်းမျိုး ကို မောင် ကြား လို့တော့ ခိုင့် အတွက် နည်းနည်း မှ စိတ် ကွက် မှာ မဟုတ်ဘူး ၊ အပြုံး တောင် မပျက်ဘူး ။ သူ က ခိုင့် ကို ပစ္စည်း ရှိ လို့ ယူတယ် ၊ ခိုင် က မောင့် ကို ရာထူး ရှိ လို့ ယူတယ် ၊ ဒါ့အပြင် ဘာမှ မရှိဘူး ၊ ကဲ ရှင်းပလား ၊ ကိုယ်တော်ဘုရား ရဲ့ ” 


ဦးထွန်းမြတ် သည် ခေါင်း ငိုက်စိုက် ကျ ရ ပြန်လေပြီ ။ သူ့ စိတ်ကူး သည် သဲထဲ ရေသွန် ဖြစ် ရပြန်လေပြီ ။ သည်အခါတွင် ဆင်ခြေ ပေး၍ မရသော မကောင်းမှု ဒုစရိုက် ကို သာ ပြုရမည့် အဖြစ်သို့ ရောက် ပြန်လေသည် ။


ကေသီခိုင် သည် မီးရောင်လဲ့လဲ့ အောက် တွင် ညဝတ်အင်္ကျီ ကို လဲ လိုက် ပြန်သည် ။ ဦးထွန်းမြတ် သည် ကေသီခိုင် ကို မကြည့်ရဲ တော့ချေ ။ အဆင်း တွင် ဘရိတ် မပါသော ကား ပေါ် မှ ကိုယ် ကျ ဆင်းရမည့် ချောက်ကမ်းပါး ကို မကြည့်ရဲ သူ ကဲ့သို့ ရှိ တော့သည် ။


အကျင့်စာရိတ္တ ပြုပြင်ရေးဌာန မှ လူကြီးလူကောင်း ဦးထွန်းမြတ် သည် ယခုအခါ တွင် အစိုး မရသော စိတ် ၏ အဟုန်မှ ရုန်းထွက်ရန် ကြိုးစား နေရင်း နောက်ဆုံး တွင် တစ်စုံတစ်ခု ကို တုန်လှုပ်စွာ ညည်းတွား လိုက်လေသည် ။ 


“ အင်း ... ခုချိန်ထိ ငါ ဟာ မကောင်းမှု ကို မလုပ်ဖူးသေးပါကလား ”  


◾အောင်လင်း 

     ( ၁၉၅၅ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။


.

No comments:

Post a Comment