Sunday, July 30, 2023

ပန်းမွေ့ရာ ရွှေကော်ဇော


 ❝ ပန်းမွေ့ရာ ရွှေကော်ဇော ❞


‘‘လှိုင်း ကိုက်ပြန် တိမ်လိပ်နှင့် ဖဲချိတ်ကမှ မဝတ်ဆင် ။

ရပ်ကြီးသူ ဖြူဖြူလတ်ကယ် ၊ ကုန်းစပ်နှင့်ယှဉ် ကုန်းစပ်ဆင်မို့ ယဉ်တာလား ၊ နဂိုယဉ်မို့ ယဉ်တာလား 

ရွှေခါးတော်ညိုဆိုင်နှင့် 

ငွေခါးတော်ညိုဆိုင်နှင့်

မတူနိုင် အနေခြားတယ် ၊ မိုးကျနတ်လား ”တဲ့ ။ 


အဲဒါ အဲဒါ သူ ဖြူလတ် ကို မြှောက်တာ ၊ သက်သက် သိလား ၊ ဖြူလတ် သိသားပေါ့ ၊ အဲဒီ နေ့ က ဖြူလတ် သူ လာမယ် လို့ လည်း မထင်ပါဘူး ၊ မျှော်လည်း မမျှော်ပါဘူး ၊ ဧည့် လာတယ် လို့ ( ဒီလုံး တို့ ဖြူလတ် တို့ မြန်မာဆန်ဆန် ခေါ်ထား တဲ့ ) မော်လမြိုင် က ဒေါ်လီ လာ ပြော တော့ ဝတ် နေကျ အဝတ် နဲ့ ပဲ ဆင်း တွေ့ လိုက်တော့ ... ဟယ် တော့ , သူ ။ 


သည်လိုမှန်း သိ ဖြူလတ် အဝတ် လဲ မလာရလား ၊ နံ့သာ မမှုန်ခဲ့ရလား ။ ဧည့်ခန်းဝ ရောက်တော့ မှ ၊ သူ့ မြင်တော့ မှ ဘယ် ပြန်လို့ ဖြစ်တော့မလဲ ။ ဒါတောင် သူ က ဖြူလတ် ရဲ့ အင်္ကျီဖြူ ဘလောက်စ် လက်တို မာဆရိုက် ပန်းရောင်လွင် လွင်လေး ကြည့်ပြီး ဖဲချိတ် မဆင်ဘဲ ယဉ် သတဲ့ ။ ဟွန်း ၊ သူ ပို နော် ၊ သူ ပို ။


“ မဖြူဖြူလတ် က ခုလို ရိုးရိုး ဆင် လဲ ယဉ်တာပဲလား ” တဲ့ ။ ဖြူလတ် ဖြေပါဘူး ။ ဧည့်ခန်းဝ က ခန်းစီးစ ကို ဆုပ်ကိုင် ပြီး ငြိမ် နေတယ် ။


“ ကျွန်တော် လာ တာ ဖြူဖြူလတ် အံ့ဩ နေ သလား ” တဲ့ ။ ဘာလို့ မှန်း မသိဘဲ ဒီ ခေါင်း က လည်း လေ ခါလိုက် မိတယ် ။


“ မအံ့သြဘူး ဟုတ်လား ၊ ကိုယ် လာမယ် ဆိုတာ ဖြူလတ် သိနေလား ၊ ကိုယ် လဲ ဖြူလတ် သိနေမယ် လို့ သိ နေတာပဲ"


ဘာ စကားလဲ လေ ။ ဝေ့ဝေ့လည်လည် နဲ့ ။ ပြီးတော့ ကိုယ် တဲ့ ။ ဖြူလတ် တဲ့ ။ တစ်ထိုင်တည်း ပြောင်း သွားလိုက် တာ ။ ဖြူလတ် ဘာမှ မပြောတတ်ပါဘူး ။ ငုံ့ နေမိလို့ မြင်မိ မြင်ရာ သူ့ ခြေထောက် ကို ပဲ စိုက်ကြည့် နေတယ် ။ ကတ္တီပါ ဖိနပ် အနက် မှာ သူ့ ခြေချောင်းလေးတွေ က ဝင်း နေတာပါပဲ နော် ။ ခြေသည်းတွေ က လည်း ပန်းနုရောင် ပြေး လို့ သူ ဘယ်လောက် ငြိမ်းငြိမ်း နေရလဲ ဆိုတာ ပြနေတာပဲ ။


“ မနေ့ က တွေ့ ကတည်း က ဖြူလတ် နဲ့ ထပ် တွေ့ချင် နေ တာ ၊ ဒီ စနေ ဖြူလတ် ခင်မော် တို့ အိမ် လာမယ် ဆိုတာ သိ … သား နဲ့ အဲဒီ စနေနေ့ အထိ စောင့် လို့ မရတာ နဲ့ ခု ထ လာခဲ့ ရတာ ”


ပို မှ ပိုပဲ ။ အင်ဂျင်နီယာ ဆိုပေမယ့် သူ စကား တတ် သားပဲ နော် ။


“ ကျွန်တော့် ကို ဘာမှ မပြောတော့ဘူးလား ဖြူလတ် ” လို့ သူ က မေး မှ ဟင် ... ဆို ဖြူလတ် ခေါင်းထောင် မိတယ် ။ ပြောတော့ ပြောချင် တာပါပဲ ။ ဘာ တွေ ပြောရမှန်း မသိဘူး ။ ဘာအကြောင်း မှ လည်း မရှိပဲနဲ့ ။ အရေး ထဲ ဂျစ်တူး ရယ် ၊ သူ့ နောက် က ခန်းဆီး နား ကနေ ဖြူလတ် ကို လာလာ ၊ လျှာ ထုတ် ပြလိုက် ၊ ကရော်ကရော် လုပ် ပြလိုက် နဲ့ ၊ ကောင်မ သိပ် ဆိုးတာပဲ သူများ ဆို လိုက် လိုက် စ,နေတာပဲ ။ ဖြူလတ် လည်း ပြောမိ ပြောရာ ပြော ထည့်လိုက်တယ် ။


“ မမမော် တို့ နေကောင်း ရဲ့လား ၊ အန်တီမာ ကော ” 


သူ က ပြုံးတယ် ၊ ဖြူလတ် လည်း ပြုံး ရတယ် ။ ပြုံးမှာပေါ့ ။ မမမော် ရော ၊ အန်တီမာ ရော မနေ့ကလေး တင် ဖြူလတ် နဲ့ တစ်နေကုန် နေ လာခဲ့တာ ။ သူ လည်း ရှိသားပဲ ။ သူ က ဘာတွေမှန်း မသိ ။ မရေမရာတွေ ပြောပြန် ရော ။ ဖြူလတ် က နားထောင်သမား ။ ‘ ဘွားသွယ် ’ ငယ်ငယ်တုန်းက ပုံ ပြော သလို သာ ၊ အင်း ... လိုက်ပစ် ချင်တယ် ။ သူ မို့ သိလား ။ နောက် ပြောစရာ ကုန် လို့လား ။ ဧည့်နှင်ဘဲလ်သံ ကြောင့် လား ၊ သူ ထ , ပြန် သွားတယ် ။


“ စနေနေ့ ခင်မော် တို့ အိမ် လာမှာနော် ” တဲ့ ။ ဖြူလတ် တော့ ခေါင်းညိတ် ထည့် လိုက်တာပဲ ။ သူ ဆင်းသွား တော့ ဟို လှေကားရင်း အခန်းတွေ က မိစပ်စုတွေ ပြူတစ် ပြူတစ် နဲ့ ဝိုင်း ငမ်း နေကြသေးတယ် ။


ရှက်တာ နဲ့ ဖြူလတ် လိုက် မပို့ပါဘူး ။ ဒါပေမဲ့ ဧည့်ခန်း က နေ ရပ်ကြည့် လိုက် နေမိတယ် ။ ကား အဖြူကြီး နာမည် လည်း ဖြူလတ် မသိပါဘူး ။ သူ မောင်းထွက် သွား တာ ငြိမ့် လို့ ။


ဖြူလတ် အခန်း ပြန် ဖို့ ခေါင်းပြန် လှည့်တော့ .... 


“ ဟေး ” အများကြီး ပဲ ။ ဝိုင်းအော် လိုက်ကြတာ ၊ ဘယ်တုန်းကများ ဖြူလတ် နောက် ရောက် နေကြ လည်း မသိဘူး ။


‘‘လန့် လိုက်တာဟယ် ၊ နင် တို့ နော် ”


“ ဘာ လန့် နေတာလဲ ဖြူလတ် ၊ နင် ခုထိ ရင်ခုန် မပြေသေးဘူးလား ... မှန်း ’’


တစ်ယောက် ကပြောတော့ နောက် တစ်ယောက် က …


“ ဟုတ်ပါရဲ့ ဖြူလတ် နင် Tachycardia ( နှလုံးခုန် မြန် ) ရ နေတယ် ”


နောက် တစ်ယောက် က


“ အေးဟဲ့ ၊ Heart sound ( နှလုံးခုန်သံ ) ကလဲ လပ် - ဒပ် - လပ် - ဒပ် မဟုတ်ဘဲ ကလစ် ကလစ် ၊ အချစ် အချစ် တဲ့ ၊ Stetho ( နားကြပ် ) မပါဘဲ လဲ ကြားရတယ် ”


“ နင် တို့ နော် အတော် ဝါသနာ ကြီးကြ ” လို့ အော်ပြီး အခန်း ဘက် အတင်း ပြန်တော့ ဖြူလတ် သူငယ်ချင်းမတွေ က ရယ် ကျန်ရစ် ခဲ့တယ် ။ သူငယ်ချင်း အကောင်း စားမတွေ ။


•••••   •••••   •••••


“ ချစ်တဲ့ သူငယ်လေ ၊ သူငယ်ချင်းကောင်း ယောက်မတို့ လေ  ၊ ပန်ရပါလို ပန်ရလျှင်လည်း ၊ ပန်းများသခင် ဂေါ်သဇင် ဟု ပင်ဆင့်ပေါက်သည့် ရွက်မြှောက်ရိုးတံမှသာတဲ့ ”


အဲလို အဲလိုပဲ ဖြူလတ် တော့ ပြောပြော နေတတ် တယ် ။


“ ကြင်ရပါလို ကြင်ရလို လည်း ရေမြေ့ သခင် အရှင် စက်ရင်း ၊ ရွှေတိုက်တော် မှာ စာရင်း သွင်းသည် ။ ခြင်းခြင်း တောက်တဲ့ လူ မှ သာ တဲ့ ”


 “ တို့ ကြိုက်တဲ့ လူကျ ကြည့်ဟေ့ ၊ ရုပ်ရော ၊ ပညာ ရော ၊ ဥစ္စာရော ၊ အချစ်ရော အားလုံး စုံ တဲ့ ခြင်းခြင်းတောက် မှ ဟဲ့ ” လို့ ဖြူလတ် အပြော ကြီး ခဲ့ဖူးတာ သူတို့ သိ တယ် ။ ဘာရယ် တော့ ဟုတ်ပါဘူး မာန နဲ့ ပြော လိုက်တာ ။ မိနိုင် ပေါ့ ။ သူ့ လူ ဘွဲ့ ဘယ်နှစ်ခု ရတယ် ။ ဘာတယ် လာကြွား တုန်းက ပြောလိုက်တာ ။ သက်သက် မခံချင်လို့ ။ မိနိုင် က အကြွားမ ။


ဒါကို သူတို့တွေ က မှတ်ထားကြတယ် ။ မနေ့ က သူ လာတယ် ။ ကားဖြူကြီး လည်း စီး လာတယ် ။ ရုပ် က လည်း ဖြောင့် မှ ဖြောင့် ။ နောက် ဖြူလတ် ဘယ် ယောက်ျား နဲ့ မှ ဧည့်ခန်း မှာ မထိုင်ဖူးတာ သိတော့ သူတော့ မဟုတ်ခါ မှ မဟုတ်ခါ ပဲ ဆို ၊ ဖြူလတ် ကို ဝိုင်း မေး နေ ကြတယ် ။


“ ဟေ့ ငါ ဘာက စ ပြောရမလဲ ၊ နင် တို့ လေသံချည်းပဲ ” 


“ ဖိုးမြင့် နင့် ကို ဖြူလတ် က ပြော နေတယ် ၊ နင် အစောက လေလည် လိုက်သေးသလား ၊ နင် ကလဲ အကျင့် ကို မဖျောက်ဘူး ” လို့ အမူ က စ,တော့ မြင့်မြင့်နွယ် က အမူ့  ကျော ကို လိုက် ထုနေတယ် ။


“ တော်ကြစမ်းပါ ၊ ဖြူလတ် သူ့ မောင်တော် အကြောင်း စ,ပြောတော့မယ် ” တဲ့ ။ ကာလသမီးခေါင်း ရွှေစာ က ဟန့် လိုက်တော့ မှ ငြိမ်တယ် ၊ ဒါကြောင့်လည်း သူ ဒီ ဘွဲ့ ရ ထားတာ ။


“ ပြောဟေ့ ၊ နာမည် က စ,ပြော ၊ ကို ဘယ်သူ ” 


“ ကိုမောင်မြတ်စိုး ”


“ မောင် ဆို လဲ မောင် ၊ ကို ဆို လဲ ကို ပေါ့ ၊ နင့် ဟာ က ကို ရော မောင် ရော ”


ဖြူလတ် က ကပျာကယာ ငြင်း လိုက်တယ် ။ 


“ ငါ့ ဟာ မဟုတ်ပါဘူး ”


“ အေးပါ ၊ နင့် ကို ဘယ်သူက စွပ်စွဲသေးလို့လဲ ” 


“ ပြီးရော ... ပြီးရော ၊ ကိုမောင်မြတ်စိုး ဆိုတာ က သူ့ အမေ က ဒီ အတိုင်း မှည့်ထား တာ ရှင်တို့ ရေ ”


“ ထားပါ ၊ ထားပါ ၊ အလုပ်အကိုင် သို့မဟုတ် အတန်း ”


“ သူ ဘွဲ့ရ ပြီးပြီ ၊ စက်မှုအင်ဂျင်နီယာ ပဲ ”


“ ပိုင်ပဟေ့ ၊ ဖြူလတ် တို့ကတော့ တကယ့် မောင်ပိုင် ပဲ ”


“ အဘွားကြီး ၊ ညည်း ဘာ စကား ပြောတာလဲ ၊ ငါ နော် ငို လိုက်မှာ ”


“ အောင်မယ်လေး ၊ ငိုတော့ မငိုပါနဲ့ ၊ အကယ်ဒမီ လဲ မပေးသေးပါဘူး ၊ ချော့မယ့်သူ လဲ မရှိပါဘူး’’


“ ကဲပါကွယ် ၊ မစကြပါ နဲ့ ၊ ဖြူလတ် ဆက်ပြော ၊ မိဘ က ဘာ အလုပ် လုပ်လဲ ”


“ ဦးငွေစိုး ၊ အငြိမ်းစား ”


“ ဖလား ... ဖလား ... ဒါမှ တကယ့် ဖလား ” 


“ အေး အဲဒီ ဖလား ယူပြီး နင် ပိုက်ဆံ လိုက် တောင်းချေ ”


ဖြူလတ် တော့ စိတ်ညစ်တာပဲ ။ တစ်ယောက် တစ် ပေါက်နဲ့ ။ ဒါပေမဲ့ စိတ်ညစ်သလား ဆိုတော့ လည်း ဒီ လောက် မဟုတ်ပါဘူး ။ တစ်မျိုးပဲလေ ။ ကျေတော့ ကျေနပ် မိသား ။ သူ့ အကြောင်း ပြောရတာ ။ ဖြူလတ် မှာ တစ်ဂုဏ် တက် သလိုပဲ ။ ဖြူလတ် ဆီ လာ နေတာ အစုတ်ပလုပ် မဟုတ်ဘူးဟဲ့ လို့ လည်း သူတို့ သိအောင် ပေါ့ ။


“ နေတာ က အင်းယားလမ်း မှာ ”


“ တော်ပါပြီ ၊ ဒီလောက် ဆို လုံလောက်ပါပြီ ၊ ခုလို ဖြူလတ် သတင်းစာ ရှင်းလင်းပွဲ လုပ်တာ ကျေးဇူး တင်ပါ တယ်’’


“ ကောင်မတွေ ၊ သူများ အကြောင်း ကွယ်ရာ သားပုပ်လေလွင့် မပြောကြနဲ့ နော် ၊ ဖြူလတ် အကုန် မှန် တာ ပြောပြထားတာ’’


“ စိတ်ချ ၊ မေတို့ က တော့ ဘယ်တော့မှ သားပုပ် လေလွင့် မပြောတတ်ဘူး ၊ ပြောတတ်တာ က ဒီ က ပုဝိုင်း ’’ 


“ ဘာ ”


ပုပုဝဝ နဲ့ ဖိုးဝရုပ်လေး လို ချစ်ဖို့ ကောင်းတဲ့ မိန်းကလေး က ထ အော် လိုက်တယ် ။


“ မှန်တာ ပြောတာ ပုဝိုင်း ၊ နင် မနာ နဲ့ ”


“ ဟဲ့ ... ငါ့ နာမည် မဖျက်နဲ့ ၊ ငါ ဒါမျိုး ဘယ်တော့ မှ မလုပ်ဘူး ”


“ အဟုတ်ပါ ၊ နင် သွားတိုက်ဆေး ကုန် နေလို့ သွား မတိုက်တာ ၃ - ၄ ရက်ရှိပြီ ။ စနေနေ့ ဗိုလ်ချုပ်ဈေး သွား မှ ဝယ်မယ် ဆို ”


ပုဝိုင်း က ပြောသူ ကို လိုက် ရိုက်တယ် ။ စ သူ က စပြီး အခန်း ထဲ က ထွက်ပြေးတယ် ။ လိုက် သူ က လိုက် ။ ဒီလိုနဲ့ အခန်း ထဲ လူ ရှင်း သွားရော ။


ခုမှပဲ ဖြူလတ် အေးအေးဆေးဆေး နေရ တော့ တယ် ။ ဖြူလတ် မျက်စိ မှိတ် လိုက်တော့ သူ ... သူ ဖြူလတ် မျက်ခွံ ထဲ မှာ ဝင် နေတယ် ။ တကယ်ပဲ ၊ တကယ်ပဲ ။ 


•••••   •••••   •••••


သူ က လာနေ ကျ ဖြစ်တော့ မလာရင် ပဲ ဖြူလတ် စိတ် ထဲ ဘာလိုလို တော့ ဖြစ်မိသား ။ ဘာရယ်တော့ မဟုတ်ပါဘူး ။ ကြာတော့ ဖြူလတ် သူ့ ကို မျှော်တဲ့ အကျင့် ရ လာတယ် ။ တစ်ခါတစ်ခါ သူ နဲ့ ဖြူလတ် တို့ ( သီတာဆောင် ) ကို ပတ်ဝိုင်း ထားတဲ့ ကတ္တရာလမ်း မှာ လမ်းလျှောက် ဖြစ် ကြတယ် ။ တစ်ခါတစ်ခါ လည်း လေယာဉ်ကွင်း ဘက် လမ်း လျှောက် ကြတယ် ။ သူ့ ကား တော့ ဖြူလတ် တို့ ဘယ်တော့မှ တက် မစီးပါဘူး ။ ဖြူလတ် လည်း မာန နဲ့ ပဲ ။


သူ က လည်း လမ်းလျှောက် ရင် တည်တည်ငြိမ်ငြိမ် ပါပဲ ။ ခုထိ တော့ သူ ဘာမှ ဖြူလတ် ကို မပြောသေးပါဘူး ။ တစ်နေ့ နေ့ ပြောလာမှာ ပဲ လို့ ထင်တယ် ။ ကောင်းတယ် လေ ၊ စကား မလွန်ခင် တစ်ယောက် တစ်ယောက် နားလည် အောင် လေ့လာကြရသေးတာပေါ့ ။


တချို့ သူငယ်ချင်းတွေ က “ ဖြူလတ် နင်တို့ အတွဲ သိပ် လိုက်တာပဲ ဟယ် ” လို့ အားပါးတရကြီး ပြော ကြရင် ဖြူလတ် အရင်လို ခါးခါးသီးသီး မငြင်းတော့ဘူး ။ ရင် ထဲ မှာ လည်း အေးဆင်း သွားတာပဲ ။ ဘာပဲဖြစ်ဖြစ် သူ တစ်ခု ခု ပြော လာရင် တော့ ဖြူလတ် အညှာ မလွယ်ပါဘူး ။ စဉ်းစား ဦးမယ် ။ ငယ်သေးတယ် ။ ပညာ သင်ပါရစေပေါ့ ။ ဒီလောက် တော့ ပြောရဦးမှာ ပဲ ။ ဟုတ်တယ် ၊ ဖြူလတ် က ခုမှ ( တ ) နှစ် ထဲ ရောက်စ ရှိသေးတာ ။ ဆေးပညာ မာရသွန် ( ၇ ) နှစ် ခရီး အတွက် တစ်ဝက် ပဲ ရှိ သေးတယ် ။ ရှေ့ဆက် လျှောက် ရ ဦးမှာ ။ တစ်ခု ရှိသေးတယ် ။


သူ နဲ့ ဖြူလတ် သိရတာ က အန်တီမာ တို့ ၊ မမမော် တို့ အိမ်မှာ သိရတာ ။ မမမော် တို့အိမ် ဆိုတာ က ဖြူလတ် ဆေးကျောင်း ရောက်ပြီး ကတည်း က စားအိမ် နေအိမ် ပဲ ။ အန်တီမာ တို့ က လက်ရှိ ရာထူးကြီး နဲ့ ဆိုတော့ အတော် မြင့် တဲ့ အနေအထား က ပါပဲ ။ ဖြူလတ် ကို လည်း သူတို့ ကား နဲ့ အဆောင် ကို လာ လာ ခေါ်နေ ကျ ။ ဖြူလတ် အဖေ က အန်တီမာ့ ခင်ပွန်း ရဲ့ အသက်သခင် လို့ ပြောဖူးတယ် ။ ဖက်ဆစ် တော်လှန်ရေး ကာလ က ဖြူလတ် အဖေ အဲဒီတုန်း က တော်လှန်ရေး ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ အန်တီမာ့ ခင်ပွန်း ကို ကယ်ထား ပေးဖူးသတဲ့ ။


အဆောင် က တော်တော်များများ လည်း ဖြူလတ် ကို အန်တီမာ့ တူမ လို့ ထင် နေကြတာပဲ ။ သူ့ ကို တောင် မမမော် က “ ကိုစိုး ဒါ ခင်မော့် ညီမလေး ၊ အမ်စီတူး က ပေါ့ ၊ သာ့ဒ်အမ်ဘီ ” လို့ မိတ်ဆက် ပေးတယ် ။ သူ က တောင် အဲဒီ နေ့ က မမမော် ကို “ ခင်မော် တို့ များ ဒီလောက် လှတဲ့ ညီမချောလေး ရှိ တာတောင် တို့ ကို ခုမှ ပြောတယ် ” လို့ စသွား သေးတယ် လို့ မမမော် က ပြန် ပြောတယ် ။


ဟို တစ်ပတ် သူ လာ လို့ စိန်ပန်းတော ကို ဖြတ်ပြီး လမ်းလျှောက် နေတုန်း သူ က မေးတယ် ။


“ ဖြူလတ် ၊ ခင်မော့် ညီမလေး ဆိုတာ ဝမ်းကွဲ ပေါ့ နော် ”


ဖြူလတ် က ငြိမ် နေတယ် ။ ဘာ ပြောရမလဲ စဉ်းစား နေတုန်း ...


ခင်မော် က “ ဖြူလတ် က တစ်ဝမ်းတည်း ကွဲတယ် လို့ ပြောတယ် ၊ ဖြူလတ်တို့ က ဆင်ကြီး အမျိုးတွေ ဆိုတော့ ကိုယ် တို့ တောင် ခပ်လန့်လန့်ပဲ ”


“ ရှင် ... ” 


“ ဪ ...  ၊ ဆင်ကြီး ရဲ့ တူမ ဆိုတော့ ခပ် ကြီးကြီး ထဲ က မို့ မာနများ ကြီး မလားလို့ပါ ” 


“ မ ... မ ... မဟုတ်ပါဘူး ”


“ အေးပါ ၊ ခုတော့ ဖြူလတ် ဖော်ရွေတာ ကိုယ် သိပြီပဲ ”


“ မဟုတ်ဘူး ၊ မဟုတ်ဘူး ၊ ဖြူလတ် ပြောတဲ့ … မဟုတ်ဘူး ဆိုတာ ဒါကို ပြောတာ မဟုတ်ဘူး ၊ ဟိုလေ ... အို ... ”


ဖြူလတ် ပြောရ ခက် နေတုန်း ...


“ ခင်မော် ကတော့ သူ့ ညီမလေး ကို သိပ်ပြီး ချီးမွမ်း တာပဲ ၊ စာတော်တာ ၊ ချောတာ ၊ လှတာ ၊ လိမ္မာတာ ၊ သိလား ဖြူလတ် ”


“ မမမော် က လဲ လေ ... ”


“ မမမော် က လဲ မလေနဲ့ လေ ၊ ညီမလေး က လဲ တကယ်ဟုတ် နေတော့ ကြွားချင်စရာပေါ့ ”


ဖြူလတ် သူ ပြောတာတွေ မကြား တစ်ချက် ၊ ကြား တစ်ချက် ပါပဲ ။ သူ ဖြူလတ် ကို အထင်တကြီး ရှိနေတယ် ဆို တာတော့ သေချာပါပြီ ။ ဖြူလတ် ရှင်းပြချင်တယ် ။ အို ... ရှင်း လည်း မနေပါဘူး ။ မရှင်းချင် ပါဘူး ။ မတော် ထိုင်နေ အကောင်းသား ၊ ထသွား မိ မှ ၊ မမမော် ကို ကျေးဇူး တင်ရမလား ။ ကျေးဇူး တင်တယ် ဆိုတာက မမမော် ဖြူလတ် ကို ချစ်လွန်းတာ ကို လား ။ ဟို ဟို ... အို ... အို ဘာပဲ ဖြစ်ဖြစ် မမမော် ဟာ သူ့ ညီမ ဆိုတဲ့ ညီမ ကို အကောင်းစား ထဲ ကပဲ ဖြစ်စေ ချင်မှာပေါ့ ။ သူ လည်း ပညာတတ် ပဲ လေ ။


ဘာပဲဖြစ်ဖြစ် ဖြူလတ် ခုမှ တစ်ခု ခု ကို စိုးရိမ် မိ တယ် ။ ဖြူလတ် ဆီ သူ ဒီလို အမြဲလာ မှ နေပါ့မလား ။ တစ်နေ့နေ့ တစ်ခု ခု ပြောရင် ဖြူလတ် ဖြူလတ် ဘာ ပြောရမလဲ ။ စိတ် ထဲ တကယ်ပဲ မမမော် နဲ့ ညီအစ်မ ဖြစ်လိုက် ချင်တယ် ။ အရင်း အရင်းကြီး အန်တီမာ သမီးလေး ပေါ့ ။ ကံများရယ် ။ ဘယ်လောက် ကောင်းလိုက် မလဲ ။


“ အောင်မယ်လေး ဟ ၊ အိမ် က ကား နဲ့ လူကများ စတိုင်ပင် ထုတ် နေရသေးသလား ”


ဖြူလတ် ထောက်ပံ့ကြေး ထုတ် နေတုန်း ခပ်တိုး တိုး အသံ တစ်ခု ကြားလိုက် ရတယ် ။ ဆတ်ခနဲ လှည့် ကြည့် လိုက်တော့ အတန်း ထဲ က ဟာတွေ ။ ပါးစပ်တွေ က ပြုံးစိစိ နဲ့ ။ ဘယ် ပါးစပ် က ထွက် လိုက်တဲ့ စကား လည်း ဆိုတာ မတွေးတတ်ဘူး ။ ဖြူလတ် ငွေ ရတော့ ရေတွက် ကြည့်ပြီး လှည့်ထွက် ခဲ့တယ် ။ ဒီမှာ အသံ တစ်ခု ကို ထပ် ကြားရတယ် ။ 


“ ကီမိုနို တစ်ထည်စာ ရလဲ နည်းသလား ကွာ ” တဲ့ ။


ပြန် ပြောနေရင် ရန် များမယ် ။ ပြီးတော့ ငွေစာရင်း ဌာန ရှေ့ မှာ ပဲ မမမော် တို့ ကားကလေး အဆင်သင့် စောင့် နေတယ် ။ ဒီနေ့ ဗိုလ်ချုပ်ဈေး သွားဖို့ မမမော် နဲ့ ပြောထား ပြီး သား ။ မမမော် က ကားနီနီလေး ကို ကျင်လည်စွာ မောင်းရင်း မင်္ဂလာဒုံ က ထွက်ခဲ့တော့ ဖြူလတ် ဖြူလတ် စိတ်ထဲ ရေတွက် နေတယ် ။ ဒီ ရ၅ ကျပ် နဲ့ အရိပ်ပန်း တစ်ကိုက် ရယ် ။ တက်ထရွန်ပွင့်ရိုက် လုံချည် တစ်ထည် ရယ် ၊ ရပါ့မလား ။ အပေါ်  နဲ့ အောက် ဆင်တူ ချုပ်ဖို့ တက်ထရွန်ပွင့်ရိုက် ချည်း ဝယ်ရ မလား ။


အဆောင် ရှေ့ က ဖြတ် လိုက်တော့ ( ၉ ) ကားမှတ်တိုင် မှာ အဆောင် က ကောင်မတွေ တစ်သီကြီး ရပ် နေတာ တွေ့ ရတယ် ။ ဆွဲခြင်းတွေ ၊ ဘက်အိတ်တွေ နဲ့ ။


မမမော် က သူတို့ နား ရောက် တော့ ကား ကို လျှော့ မောင်း ပေးတယ် ။ ဖြူလတ် က ပြတင်း က အသာ ခေါင်း ပြူရင်း ...


“ ဟေ့ တို့ အိမ် ပြန် မလို့ မြို့ ထဲ တော့ ရောက် မယ် ၊ လိုက် ချင်ရင် ခု လေးယောက် တော့ ဆံ့ သေးတယ် ’’ လို့ ခပ်ပြုံးပြုံး ပဲ ဖိတ်ခေါ် လိုက်တယ် ။ အရသာ ၊ အရသာ ကားပေါ်က နေ ခေါ်ရတဲ့ အရသာ ဟာ တယ် ချိုမြပါလား ။ 


ဘယ်သူမှ တက် မလိုက်ကြဘူး ။ သူတို့ အုပ်စုတွေ အဖွဲ့တွေ နဲ့ သွားကြမှာကိုး ။ “ နေဟဲ့ ” လို့ စိတ် ထဲ က ရေရွတ် လိုက်မိတယ် ။ ကိုယ် တစ်ယောက် သာ အုပ်ကွဲ တဲ့ သိုးမည်း ဖြစ် နေလား ။ အို ... သူတို့ က နယ် က ဟာတွေ ၊ ရန်ကုန် မှာ ဘယ်လို အိမ် က ကား နဲ့ ပြန် နိုင်မလဲ ။ ဖြူလတ်  သာ ...


•••••   •••••   •••••


တနင်္ဂနွေနေ့ က အန်တီမာ ယတြာ ချေ ခိုင်းလို့ မမမော် နဲ့ ဖြူလတ်  ၊ အာဖရိကန် ဒေစီပန်းနီနီ ၊ နှင်းဆီဖြူဖြူတွေ ဝယ်ပြီး ရွှေတိဂုံဘုရား သွားတယ် ။ ဗြုန်း ဆို တော်လှန် ရေးပန်းခြံ အလွန် မှာ တင် ကား က ပျက် သွားတယ် ။ ကြုံ ကြိုက်ပုံ က သူ့ ကားဖြူဖြူကြီး ရှေ့တူရူ က မောင်းလာတာ တွေ့ရတယ် ။ မမမော် ကို “ ဘာ အကူအညီ ပေးရမလဲ ခင်မော် ” လို့ သူ က ပြောတော့ မမမော် က


“ ကိစ္စ မရှိဘူး ၊ ခင်မော် ဟိုနား က အသိ အိမ် ဝင်ပြီး အိမ် ကို ဖုန်း ဆက် လိုက်မယ် ။ ခက်တာ က ဒီ ပန်းတွေ ပဲ ၊ အဲ ... ဖြူလတ် ရေ ညီမ ပဲ ဘုရား သွားကပ် လိုက်တော့ နော် ၊ မမမော်  ဒီမှာပဲ ကားစောင့် နေရစ်မယ် ၊ ကိုစိုး … ညီမလေး ကို လိုက်ပို့လိုက်ပါ ဟယ် ၊ ဖြူလတ် မာမီ မှာ တဲ့ ထောင့် မှာ ကပ်နော် ၊ အင်္ဂါထောင့် လေ ၊ မှတ်မိတယ် မဟုတ်လား ၊ ဘာဆုတောင်းရမယ် ဆိုတာ မာမီပြောတုန်း က ဖြူလတ် ကြား လိုက်သားပဲ ၊ ကဲ သွားတော့ ” ... လို့ တစ်ဆက်တည်း ပြော လိုက်တယ် ။


ဖြူလတ် ဘာမှ ပြန် မပြောရသေးခင် ပဲ သူ့ ကား တံခါး က ပွင့် လာတယ် ။ ဖြူလတ် လည်း တစ်ချက် တုံ့ နေ ပြီးမှ တက် လိုက်ခဲ့တယ် ။


ဘုရား ပေါ် မှာ ဖြူလတ် ဝတ်ပြု နေတုန်း အမယ် ၊ သူ က ပါ ရောယောင် ဝင် ထိုင်ပြီး ရှိခိုး နေ လိုက်သေး ။ ဖြူလတ် ဖြူလတ် ပန်း စိုက်မယ် လို့ ထ တော့ သူ က ဖြူလတ် လက် က ပန်း ကို ဆုပ်ကိုင် ယူ လိုက်တာ ဖြူလတ် လက် ပါ ပါသွားလို့ ဖြူလတ် ကပျာကယာ ရုတ် လိုက်တယ် ။


ကား ဆီ ကို စောင်းတန်း တစ်လျှောက် က ဖြတ်ဆင်း ခဲ့တော့ တချို့တွေ က လှည့်ကြည့် လှည့်ကြည့် လုပ် သွား တယ် ။ ဖြူလတ် ရင် ဖိုရသား ။


သူ က “ ဖြူလတ် ရေ ဇီးကွက်ရုပ်လေးတွေ ယူ မလား ” လို့ မေးရင်း ပြောရင်း ပဲ စောင်းတန်း က ဆိုင် တစ်ဆိုင် ကို ဝင် သွားတယ် ။ ဖြူလတ် လည်း ဝင် ရပ်လိုက် ရတယ် ။ လင်းကွင်း ၊ အိုးစည် ၊ ပယင်းပုတီး ၊ ရုပ်ပွားတော် ၊ ဖိုးဝရုပ် ၊ ဆင်ရုပ် ၊ မြင်းရုပ် ၊ ပစ်တိုင်းထောင် ၊ မင်းသား မင်းသမီးရုပ် ၊ အို ... စုံနေတာပဲ ။ 


သူ က ဖြူလတ် ကို မင်းသား မင်းသမီး စုံတွဲရုပ် ကလေး ဝယ်ပေးပြီး -


“ ရော့ ... ယူထား ၊ ကိုကြည်သာ့ လက်  ဆောင် ” လို့ ပြောတယ် ။ 


သိလား ။ အဲဒါ ကတ္တီပါ ဖိနပ်စီး ထဲ က မြတ်မွန် နဲ့ မြတ်လေး အရုပ် လျှောက် ဝယ်တာ ကို ပြောတာ ။ သူ က တော့ အေးအေးဆေးဆေး ပဲ ။ ဖြူလတ် စိတ် ထဲ မမမော် ကို မြင်ယောင် နေတယ် ။


“ ဟာ ... ဒီ အရုပ်ကြီး လှ လိုက်တာ ၊ ဘယ်လောက်လဲ ” 


အဖြူရောင် ကိုယ်ထည် ပေါ် မှာ အနီရဲရဲ ၊ အနက် ၊ အဝါရောင်တွေ နဲ့ တောက်ပစွာ ရေးခြယ် ထားတဲ့ စက္ကူ နွားရုပ်ကြီး ကို သူ ဈေးဆစ် နေတယ် ။ နွားရုပ်ကြီး က တစ် တောင် လောက် မြင့်တယ် ။ မြန်မာ့လက်မှုပညာ စက္ကူရုပ် ပေမို့ ကြည့် ရတာ ကျက်သရေ ရှိတယ် ။


သူ က နွားရုပ်ကြီး ပိုက်ပြီး ရှေ့ က ဆင်း တော့ ဖြူလတ် မလှမ်းမကမ်း က လိုက်ခဲ့တယ် ။ ကား ကို ကန်တော်မင်ပန်းခြံ ဘက် က လှည့်ထွက်ခဲ့တယ် ။ လမ်းမ ပေါ် မှာ လူ တစ်တန်းကြီး လမ်းကူး နေတာ တွေ့ လိုက် ရတယ် ။ ခပ်ငယ်ငယ် ဦးပဉ္ဇင်း တစ်ပါး သူ့ နောက် က ဗန်းမော် တဘက်ခေါင်းပေါင်းဖြူ နဲ့ အဘိုးကြီး တစ်ယောက် ၊ အဘိုးကြီး ခါး ကို ဆွဲ ထားတဲ့ အဘွားကြီး ၊ အဘွားကြီး လက် ကို ဆွဲထားတဲ့ ဆံရစ်ဝိုင်း နဲ့ အပျို မဖြစ် တဖြစ် ကောင်မလေး က ဂျပန်ဖိနပ် ကို လက် နဲ့ ကျစ်ကျစ် ပါအောင် ကိုင်ပြီး ကျီးလန့် စာစား လမ်းမ ပေါ် က ကားတွေ ကို ကြည့် နေတယ် ။ ဖြူလတ် တို့ ကား နဲ့ ထိပ်တိုက် မို့ သူ က ကား ကို နှေး လိုက်တယ် ။ ဖြူလတ် စိတ် ထဲ လမ်းမလယ်ခေါင် မှာ ဖိနပ် ကိုင်ပြီး စုံ ရပ်နေတဲ့ အပျိုမလေး ကို ကြည့်ပြီး ရယ်ချင် လာ တယ် ။ သူ က လည်း ဖြူလတ် ကြည့် တဲ့ ဆီကို ကြည့် ရင်း ပြုံး ပြတယ် ။


အပျိုမလေး တစ်ဖက် လမ်း ကို ရောက်တော့ မှ ဖြူလတ် စိတ် ထဲ တစ်ခု ခု ကို အလန့်တကြား အမှတ်ရ သွား တယ် ။ “ ဟမ်း ” လို့တောင် ယောင် ထွက် လိုက်တယ် ။ သူ က “ ဘာလဲ ဖြူလတ် ” လို့ အရေးတယူ မေး တော့ ဖြူလတ် မျက်နှာ မှာ ပူထူ သွား သလိုပဲ ။ “ ဟို ... ဟို ... ကား တိုက်မိမှာ စိုးလို့ ” လို့ ပြော လိုက်တော့ .. 


“ တောသားတွေ ဘုရားဖူး တက် လာရင် ဒီလိုပဲ တစ်သီတစ်တန်းကြီး နဲ့ ကွ ” လို့ ပြောတယ် ။


သူ့ လေသံ ကို ဖြူလတ် နားထောင် ဖြစ်အောင် ဂရု စိုက် နားထောင်တယ် ။ အမှန်ကို ပြော နေတာလား ၊ ပျက် ရယ်ပြု လိုက်တာလား ၊ ဖြူလတ် မခွဲတတ်ဘူး ။


ဖြူလတ် မျက်စိ ထဲ မှာ ဗန်းမော် တစ်ဘက် နဲ့ အဘိုးကြီး ၊ ဂျပန်ဖိနပ် ကိုင်ထားတဲ့ အပျိုမလေး ၊ တစ်လှည့် စီ မြင် မြင်နေတယ် ။ တစ္ဆေ လို ပဲ လား ။ ပြော ရင်တော့ ရသား ပဲ ။ ဖြူလတ် ကို ခြောက်လှန့် နေတယ် ။ သူ့ နှုတ်ဖျား က တောသားတွေ တောသားတွေ ဆိုတဲ့ စကား က လည်း ဟောဒီ ကားဖြူလေး ထဲ က ထွက် မသွားဘဲ ဘောင်ဘင် ခတ် နေတယ် ။


စိတ် အိုက် လာ လို့ ကားတံခါး ကို ဖြူလတ် ဆွဲ ဖွင့် လိုက် ရတယ် ။


•••••   •••••   •••••


မမမော် နဲ့ ဈေး ဝယ် ထွက် ၊ ဘုရား သွား ၊ နောက် ညနေ ကျ အဆောင် ပြန် ခဲ့တော့ သူငယ်ချင်းတွေ က ဆီး ပြောတယ် ။


“ ဟေ့ ... ဖြူလတ် ၊ မောင်မယ်စုံ နှစ်ပါးညီသွား မယ် ၊ ဘုရားဖူးပါစို့ ရဲ့’’


ပြောပြောဆိုဆို သီချင်း ဆိုရင်း အပျော်အပြက် ကပြတယ် ။


“ ဘာတွေလဲ ၊ အရူးမတွေ ” လို့ ဖြူလတ် တည်တည် နဲ့ ဟောက် လိုက်တော့ -


“ ဒါတွေပေါ့ ၊ ဒါတွေပေါ့ ၊ ဒါတွေ သက်သေပေါ့ ” 


သူတို့ က ဖြူလတ် လက် ထဲ မှာ ပိုက် ထားတဲ့ နွားရုပ် လှလှကြီး ကို သက်သေ ပြ လိုက်တယ် ။ ဒီတော့မှ ဖြူလတ် က


“ ကွာ ၊ အိမ် က ကား ပျက်လို့ သူ လိုက်ပို့တာပါ ” လို့ အရှက်ပြေ ပြော လိုက်တယ် ။ “ အိမ် က ကား ” ဆိုတဲ့ စကား ဘာလို့ ထွက်သွား မှန်း ဖြူလတ် မသိလိုက်ဘူး ။ ဖြူလတ် စိတ် ထဲ မမမော် တို့ အိမ် ဟာ ဖြူလတ် အိမ် လို့ပဲ ထင် ထင် လာတယ် ။ ဖြူလတ် အိမ် ကို ဖြူလတ် မေ့ နေတယ် ။


“ ဟဲ့ ... ဒါနဲ့ ဖြူလတ် ၊ နင့် ကို စနေနေ့ ညနေ က ဧည့်သည် တစ်ယောက် လာပြီး တွေ့တယ် ”


“ မဟုတ်ပါဘူး ၊ မစပါနဲ့ ၊ တနင်္ဂနွေနေ့ က တွေ့တော့ သူ ဘာမှ မပြောပါလား ”


“ အဲဒီက ပြောတာ ဖြူလတ် ၊ မြင်းဖြူစီး မောင်တော် မဟုတ်ဘူး ရှင့် ၊ အဘိုးကြီး တစ်ယောက် ” 


“ ဟုတ်လား ” ဖြူလတ် တွေ သွားတယ် ။


“ နင့် မတွေ့လို့ အဆောင်မှူး ဆီ မှာ နင့် ပေးဖို့ ဆိုပြီး ပစ္စည်း တစ်ခု အပ် သွားတယ် ”


ဖြူလတ် အဆောင်မှူး အခန်း က ပြန် လာ တော့ စာအိတ် တစ်လုံး ပါလာတယ် ။ ဖြူလတ် မဖတ်သေးဘဲ ရင်ထဲ ခုန် နေတယ် ။ ဘုရား ဘုရား ။ အဲဒီ အဘိုးကြီး ဆို တာ ဟို ... ရွှေတိဂုံဘုရား ခြေရင်း လမ်း ပေါ် မှာ ကူး နေ တဲ့ အဘိုးကြီး ပဲ ဖြစ်မှာပဲ ။ တော်ပါသေး ရဲ့ ။ ငါ နဲ့ တွေ့ပြီး များ စကား ထိုင် ပြောမိလို့ သူများတွေ မြင် ကုန်ရင် အောင် မယ်လေး … ကံ ကြီးပေလို့ ။ အဖေ က လည်း ပြောထား သား နဲ့ ဖြူလတ် ဆီ ငွေ ပို့ ရင် စာတိုက် က ပဲ ပို့ပါ ဆိုတာ ။ 


ဖြူလတ် စာအိတ် ကို ဖွင့် လိုက်တော့ ငွေတစ်ထပ် ကို တွေ့တယ် ။ အားလုံး ငါးကျပ်တန် တွေ ချည်းပဲ ။ အားလုံး ဟာ သစ်သစ်လွင်လွင် မဟုတ်ဘဲ ခေါက်ရိုး ကျိုးပြီး စုတ် ပြတ် နေတယ် ။ နွား တစ်ကောင် ဆွဲ ထားတဲ့ လယ်သမားကြီး က မျက်နှာ ကို လက် နဲ့ နေ ကာ ရင်း အဝေး ကို မျှော်ကြည့် နေတယ် ။ ဖြူလတ် လန့် သွားတယ် ။ စားပွဲ ပေါ် က နွားရုပ် ကြီး ကြည့် လိုက်တယ် ။ ဦးချိုထောင်ထောင် အရောင်လွင် လွင် နဲ့ လှ မှာပေါ့ ။ သူ က အရုပ် ကိုး ။


ဟိုး ... လယ်ကွက် ထဲ က နွားတွေ ကို ဖြူလတ် မြင် ဖူးသလား ။ သိပ် မြင်ဖူးတာ ပေါ့ ။ ခုလို ဘယ် ပြောင်ပါ့ မလဲ ။ ရွှံ့ညွန်တွေ လူးကျံ လို့ ၊ မျှော့တွေတွယ်လို့ ။ မောလွန်း လို့ နှာခေါင်းဖျား မှာ လေ ကို တရှူးရှူး မှုတ်ထုတ် နေတယ် ။ အို ... စိတ်ညစ်စရာ ။


ဖြူလတ် ဘာပဲ ဖြစ်ဖြစ် အဖေ့ ကို ကျေးဇူး တော့ အတင် သား ။ အဖေ သာ ငွေ မပို့ ရင် ဖြူလတ် လက် ထဲ တစ်ဆယ် သာ ကျန် တော့တယ် ။ စနေနေ့ က ထုတ်တဲ့ စတိုင်ပင် လည်း ပြောင်ပြီ ။


ဒါပေမဲ့ ဒီ တော က လူကြီးတွေ နဲ့ လူကြုံ ပေးတာ မျိုးတော့ ဖြူလတ် မကြိုက် ။ အဖေ က လည်း ဒါလောက် တော့ သိဖို့ ကောင်းတယ် ။ ဖြူလတ် ဒီမှာ ဘယ်လို အဆင့် အတန်း ၊ အဲ အခြေအနေ နဲ့ နေရတယ် ဆိုတာ ၊ ပတ်ဝန်းကျင် က ဖြူလတ် ကို ဘယ်လို လက်ခံ ထားကြတယ် ဆိုတာ အဖေ့ ကို စာ ရေးပြီး ထပ်ပြော ထားရ ဦးမယ် ။ ငွေ ကို ရေပြီး မှ ထပ် ထွက် လာတဲ့ စာလေး တစ်စောင် ကို တွေ့ ရ တယ် ။ စာကတော့ ခဲ နဲ့ ရေး ထား တာပဲ ။ 


သမီး ငြိမ်းရင်

        အဖေ ကိုရင်စံဗျော တို့ ရန်ကုန် တက်တာ နဲ့ ကြုံလို့ ပို့ လိုက်တယ် ။ သမီးလေး စာအုပ် ဖိုးတွေ က ဈေး ကြီး လှတယ် ။ ဈေးကြီး ပေး ဝယ်ရမယ့် စာအုပ်တွေ ထဲ က အဖိုး ပို တန်တဲ့ ပညာယူခဲ့မယ် လို့ အဖေ ထင်တယ် ။       

        စာအုပ်ဖိုး ဆိုရင် မနှမျောပါနဲ့ သမီး ရယ် ။ တတ်နိုင်သလောက် ဝယ်သာ ဝယ်ပါ ။ သမီး မခြိုးခြံရပါဘူး ။ အဖေ ခြိုးခြံ မှာ ပေါ့ ။ 

       အခု ဆောင်း ဝင်တော့ သမီး အမေ လည်း ရင်ကျပ် ပြန် ထ လာပြီ ။ သမီး တစ်ခါ က ဝယ် ပို့တဲ့ အနီရောင် ဆေးရည် နဲ့ တည့်တယ် ပြောတယ် ။

       ရှေ့လ ကျောင်း ပိတ်ရင် သမီး ကျောင်း မှာ စာကျက် နေမယ် လို့ စာ ရလို့ အိမ် မပြန်နိုင်လည်း စိတ်အေးအေး နေပါ ။ ပညာ တတ်အောင် သာ လုပ် ၊ အိမ် အတွက် စိတ် မပူပါနဲ့ ။

       လယ် ထဲ မှာ လည်း မြေပဲတွေ နုတ် နေရပြီ ။

     သမီး ကျန်းမာပါစေ ။       

      ပညာတတ်ပါစေ


               အဖေ 

                ဝဲအိုင်ရွာ


ဖြူလတ် လက် ထဲ က “ ဖြူပြာသူဇာ ” ဆိုတဲ့ အပ်ချုပ်ဆိုင် တံဆိပ် နဲ့ အိတ် အပြာလေး ခုတင် အောက် ကို လျှောကျ သွားတယ် ။ အထဲ က ဖော့ခရစ် နံ့သာရောင်လေး က ကြမ်းပြင် ပေါ် ကို ပြူထွက် လာတယ် ။ ဖြူလတ် မျက်စိ ရှေ့ မှာ တော့ နွားရုပ်ကြီး ဟာ နားရွက် ခတ် နေ သလိုပဲ ။


အမေ့ ချောင်းဆိုးသံ ဆို့ကျပ်ကျပ် ကို ကြား လာရ တယ် ။ ဖြူလတ် ရင် ထဲ လည်း ဆို့ကျပ် လာတယ် ။ စားပွဲ အံဆွဲ ထဲ က အိပ်ဆေး တစ်လုံး သောက်ပြီး အဝတ် ပင် မလဲတော့ဘဲ အချိန်မဟုတ် ဖြူလတ် အိပ်ပစ် လိုက်တယ် ။


•••••   •••••   •••••


နောက် နေ့ တွေ မှာ သူ မအား လို့ မလာဖြစ်ဘူး လို့ ဖုန်းဆက် ပြောတယ် ။ စနေနေ့ မှ လာခဲ့မယ် တဲ့ ။


စနေနေ့ ရောက် တော့ သူ လာ မှာပဲ ။ သည် တစ်ခါ သူ လာရင် ဖြူလတ် ကို သူ တွေ့ မှာ မဟုတ်ဘူး ။ နောက် သူ တွေ့ချင်တယ် ဆိုရင် လည်း လာပေါ့လေ ။ မတွေ့ချင် တော့ မလာနဲ့ ပေါ့ ။ ဖြူလတ် သူ့ ကို သတိရ ပါတယ် ။ မျှော်လည်း မျှော်ပါတယ် ။ ဒါပေမဲ့ သူ လာချင် မှ လာပါ ။ သူ သည် အပတ် စနေနေ့ ညနေ လာရင် ပေးဖို့ ဖြူလတ် စာ တစ်စောင် တော့ ရေးခဲ့ မှ ။


ကိုစိုး 

         ဖြူလတ် ဒီနေ့ ပဲ ရွာပြန် သွား ပါတယ် ။ အမေ နေ မကောင်းဘူး ပြော တယ် ။ နောက် အပတ် ကျောင်း ပိတ်ရင် ဖြူလတ် ဝဲအိုင် ပဲ ပြန် တော့မယ် ။ အိမ် မှာ မြေပဲတွေ နုတ် နေရပြီ တဲ့ ။ စာ လည်း ကျက် ၊ အနား လည်း ယူ ၊ မြေပဲ လည်း နုတ် ရင်း ဖြူလတ် တော မှာ ပဲ နေတော့မယ် ။ ဖြူလတ် တနင်္လာ နေ့ ပြန်လာမယ် ။

               ဒါပါပဲ 

 ဖြူလတ် ( ခေါ် ) မငြိမ်းရင် 

            ဝဲအိုင်ရွာ ။


 ရွာ က ပြန် ရောက်ပြီး အဆောင် မှာ တစ်ပတ် သာ နေရမယ် ။


သည် ရက် မှာ တွေ့ချင် သေးတယ် ဆိုရင် လည်း သူ လာပေါ့ ။


ဖြူလတ် နဲ့ သူ နဲ့ တွေ့ ရဖို့ က “ သူ လာဦး မှာ ၊ မလာတော့ မှာ ” ပေါ် မှာ မူတည် နေတယ် လေ ။ “ ဖြူလတ် မျှော် ၊ မမျှော် ” ပေါ် မှာ မူ မတည်ပါဘူး ။


မဟုတ်ဘူးလား နွားရုပ်လေး ရယ် ။ 


သူ မလာတော့ဘူး ဆိုရင်ကော တဲ့ ။ 


အိုင်ချင်း ထဲ က စာပိုဒ် ကို ဖြူလတ် ညည်း ချင်တယ် ။


“ မောင်ကလေးငယ် မောင်မလာသည် ...

မလာ က လည်း နှမကြီးမှာ ဝမ်းမနည်း ” ရယ် လို့ လေ ။ 


◾ကိုချမ်း ( ဆေး - ၂ )


📖 စန္ဒာ မဂ္ဂဇင်း 

      အောက်တိုဘာ ၊ ၁၉၈၃


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment