❝ တူနှစ်ကိုယ် ❞
ညနေ လေးနာရီ ထိုးလုပြီ ဆိုလျှင် အဆောင် ရှိ မိန်းကလေး တိုင်း လိုလို ရုံးစု ရုံးစုဖြင့်လှုပ်လှုပ်ရှားရှား ဖြစ်လာရ စမြဲ ပင် ။ တချို့က ချစ်သူလာ တွေ့မှာ မို့ ... တချို့က ညနေခင်း မှာချစ်သူ နှင့် ကြည်နူးသာယာဖို့ ... တချို့ က ခြေခင်းလက်ခင်း သာချိန်မှာ သက်သက် ကို လမ်းလျှောက် ဖို့ ... တချို့က မုန့်စား ၊ လက်ဖက်ရည် သောက် ထွက်ဖို့ ... အားလုံးမှာ က အကြောင်းပြချက် ကိုယ်စီ နှင့်ပင် ။ အဲဒီအချိန်မှာ အိပ်ခန်း တွင်း အောင်းပြီး နေချင်တဲ့ သူဆိုတာ က တော့ မရှိသလောက် ရှားပါး လှ ပါသည် ။ ထို့ကြောင့် ပင် မသစ္စ္စာ က တမျိုး ထူးဆန်းသော ရှားပါး မိန်းကလေး ဖြစ်လာရခြင်းပဲ ဖြစ်ပါလိမ့်မည် ။
••••• ••••• •••••
မသစ္စာ တို့ အဆောင် ၏ ညနေ လေးနာရီ သည် သိပ် အေးချမ်းသော ကြည်နူးသာယာဖွယ် ကြီးတော့ မဟုတ်ပါ ။ အဆောင် ရှေ့ရှိ အတော် ကျယ်ပြောသော
မြက်ခင်းပြင်ကြီး က သာ စိမ်းစို နေ၍ နေရောင် အောက် မှာ လက်လက်ပြေးကာ အေးဟန်အေးရိပ် ရှိပြီး ကောင်းကင် မှာ မူ နေ က ညှိုးရိပ်ပင် မသမ်းသေးဘဲ ရှိနေတတ်သည် ။သို့ပေမဲ့အဆောင် ခြံဝင်း ဥယျာဉ် အတွင်း မှာ မူ သရက်ပွင့် တို့ ထုံဝေသည့် သရက်ပင်အုပ်အုပ်ကြီး ၏ အရိပ် တို့ ဖြင့် အေးရိပ် ရှိပြီး အဆောင် ရှေ့ လမ်းမကြီး ပေါ် တွင် လည်းပိတောက်ပင်တန်း ကြောင့် အေးမြ ပါသည် ။ ထို့ကြောင့်ပင် ပူလောင်ရိပ် မကုန်နိုင်သေးသည့်ထို လေးနာရီ ဝန်းကျင် သည် မြို့ပြ ထက် မှာ ထက် စာလျှင် တော့ မသစ္စာ တို့ အဆောင် ရှိ ရာ တက္ကသိုလ် ကျောင်းဝင်း နေရာလေး မှာ တော့ အေးမြ ငြိမ်သက်သည် ။ သာယာသည် ဟုဆိုရမည် ဖြစ်ပါသည် ။ ပြီးတော့ ထို အချိန်သည် မသစ္စာ တို့ အဆောင်သူ အားလုံး ညနေခင်းရေချိုး ပြီးစ ... မွှေးပျံ့ လှပသန့်ရှင်း ကြည်စင် နေတတ်ရာ ထို ညနေခင်း က စိတ်ကြည်လင် ချမ်းမြေ့ ဖွယ်ရာ အမှန်ပဲ ဖြစ်လေသည် ။
••••• ••••• •••••
ညနေ လေးနာထိုး ဖို့ ဆယ်မိနစ် လောက် အလိုတွင် မသစ္စာ ၏ အခန်း ဖေါ် မေစီ ၏ “ နှစ်ကိုယ်ကြင် တဲ့ ... အကိုလင် ရဲ့ .. ပျိုခင်နွဲ့ ... မျှော်တဲ့ ... လေးနာရီ ” ဟူသော သီချင်း ညည်းသံ ကို ကြားရမြဲ ပင် ၊ မသစ္စာ က “ မေစီ က လည်း ကွယ် လင် မှမဟုတ်ဘဲ နဲ့မဆိုပါ နဲ့ ” ဟု တား လျှင် မေစီ က ပြုံးစစဖြင့် “ အိုး ... တစ်နေ့ ကျ ဖြစ် လာမှာပဲဟာ ” ဟုပြန် ပြော တတ်၏ ။ မေစီ က မျက်နှာတပြည့်စာ ကြည့်မှန်ကလေးကို ကြည့်လို့ပဲ မဝနိုင် ။ထို အချိန် မှာ တော့ မေစီ က သူ့ ရဲ့ ဒိုရူး ( Dohru ) မိတ်ကပ် ကို အသုံးမချဘဲ ရှင်မတောင် သနပ်ခါးတုံး ကို သာ နာနာ သွေး ကာ ခြေလက် ပါ မကျန် ဖုန် နေအောင်လူး တတ် ၏ ။ ပြီးတော့ နေ့တိုင်းလိုလို ပင် ပြုံးတုံ့တုံ့ မျက်နှာလေး ဖြင့် “ ကိုမောင် က ရှင်မတောင် သနပ်ခါးနံ့ ရရင် အမော ပြေတယ် တဲ့ ” ဟု ခပ်တိုးတိုးလေး ရေရွတ်ဟန်ဖြင့်ပြော တတ် သေး၏ ။ မေစီ အဲလို ပြောသည့် အခါတိုင်း မသစ္စာ ကတော့ မငြီးငွေ့ဘဲ
မေစီ့ မျက်နှာလေး ကို အမြဲ ငေးမိရ တတ်သည် ။အဲသည် အချိန်လေး မှာ မေစီ့အပြုံး ဟာ တွေ့ဖူး သမျှ မှာတော့ အလှဆုံး နဲ့ အရှင်သန်ဆုံး ပဲ ဟုလည်း အမြဲ တွေး မိရသည် ။ထိုအခါ ... မေစီ ၏ ချို့ယွင်းချက် ဟု သူမ အမြဲ ယူဆမိ ရသည့် ချစ်သူ ယောက်ျားလေး အပေါ် မျက်နှာသာ ပေးမှု ကို မသစ္စာက အပြစ် ဟု မမြင်မိဘဲ ခွင့်လွှတ် လိုက်မိ ရတတ်သည် ။
တကယ်တော့ မသစ္စာ က ချစ်သူရည်းစား မထားဖူး သော်လည်း အချစ် ကို နားလည်ခံစား နိုင်သူ ၊ အချစ်များ အပေါ် ကိုယ်ချင်းစာ နာတတ်သူပါ ။ ဒါကို ဘယ်သူ သိမလဲ ။ သို့ပေမဲ့ တစ်ချိန်တည်း မှာပဲ မသစ္စာ က အချစ်ကြီး ချစ်နိုင် သူများ ( သို့မဟုတ် ) ချစ်ခွင့်ရကြ သူများ အပေါ် မနာလို မုန်းထား ရှိ နေသည် ကို ရော ဘယ်သူ သိနိုင်မလဲ ။
ခက်သည် က မသစ္စာ က ကိုယ့် ကိုယ် ကို သိမြင်သော မိန်းမ ဖြစ်နေခြင်း ပင် ။
••••• ••••• •••••
မသစ္စာ မှတ်ထား သလောက် တော့ အဆောင် ၏ ဧည့်ချိန်တွေ မှာ ၊ အဆောင် ရှေ့ဥယျာဉ် ထဲ မှာ ထိုင်စကားပြော ကြသော စုံတွဲ က ခုနစ်တွဲ ရှိပြီး ၊ လမ်း လျှောက် လေ့ ရှိသော စုံတွဲ က ခြောက်တွဲ ရှိသည် ။ ပြီးတော့ သူမ တို့ အဆောင် မှ လှမ်း မြင်ရသည့်စားသောက်တန်း ( Canteen ) မှာလက်ဖက်ရည် သောက်ရင်းစကား ပြောသော စုံတွဲ ကသုံးတွဲ ရှိသည် ။ အားလုံးပေါင်း အဆောင် မှာ ရည်းစား ကို ညနေတိုင်း မျှော်စောင့် သော ကျောင်းသူများ က ၁၆ ယောက် ရှိသည် ။ ရည်းစား မရှိသေးသော ကျောင်းသူများ က တော့ညနေခင်း လမ်းလျှောက် ပေါ့ ။ ကင်တင်း ထိုင်ပေါ့ ။ အဆောင် မှာ နေကျန်သူ ဟူ၍ စာဂျပိုး ရှစ်ယောက် နှင့် မသစ္စာ သာ ရှိမြဲ ဖြစ်သည် ။မသစ္စာ ကတော့ ညနေခင်း လေးနာရီ မှ စ၍ ရေ ချိုး သော ကျောင်းသူတစ်ယောက်ဖြစ်သည် ။ အဲသည် အချိန်မှာ ဆိုလျင်စာဂျပိုး ရှစ်ယောက် မှလွဲ ၍ အခြားသော ရေချိုးသူ ၊ထမင်းစားသူ မရှိတတ်ပေ ။ မသစ္စာ ကသာ စာဂျပိုး လည်း မဟုတ်ပါဘဲ နှင့်အဲသည် အချိန် မှာ မှ ရေချိုးတာ ။ ပြီးလျှင်တော့ ရည်းစား နှင့်သွားတွေ့မည့် မေစီ ထက်နည်းနည်းမှ မလျော့ သော အတိုင်းအတာ လောက် မွှေးပျံ့ ဖုံးလွှမ်းသည့်သနပ်ခါး တို့ ဖြင့်ကိုယ့် ကိုယ် ကို ခြယ်သ၏ ။ ကြည့်မှန် ထဲမှာ ကိုယ့် မျက်လုံးတွေ ကိုကိုယ့် ဘာသာ ကိုယ်ပြန် စိုက်ကြည့် မိ လျှင်တော့ ထိုအချိန်မျိုး မှာ ကိုသန့်စင် ကို သတိရ လာမြဲ ဖြစ်သည် ။သူ က မသစ္စာ ရဲ့မျက်လုံးတွေ အောက် မှာချမ်းမြေ့ သတဲ့ ။ မသစ္စာလည်း ချမ်းမြေ့ ခဲ့ တာပါပဲ ။ ဒါပေမဲ့ ချမ်းမြေ့ ခဲ့တာ တစ်ခုထဲ နဲ့ တော့ ဘဝ မှာ ( အထူးသဖြင့် ချစ်သူ စုံတွဲဘဝ မှာ ) မပြည့်စုံနိုင်ဘူး ထင်သည် ။ ( ဒါနဲ့ပဲ .. ကိုသန့်စင် ကို သူမ ငြင်း ခဲ့ရတာ ) ။ ဒါပေမဲ့ တချို့ညနေတွေ မှာ ... အဆောင် ကို သူ လာလို့ ဥယျာဉ် ထဲ မှာစကား ထိုင် ပြောရသည် ကို တော့မသစ္စာ က စိတ် ချမ်းသာ ရ ပါသည် ။ ဘဝ ထဲမှာ လှောင်ပိတ် ကျဉ်းကျပ် နေရ သမျှ အတွက် အမော ပြေ စရာ လေပြေလေညှင်းကလေး ကို တစ်ချက် ရှူရှိုက် လိုက်ရ သလိုပေါ့ ။ဘာပဲ ဖြစ်ဖြစ် ... ကိုယ့် ကို ချစ်ခင် တန်ဖိုး ထား ပါသည် ဆိုသော လူ တစ်ယောက် ရဲ့ရှေ့ မှာ နေ ရတာ အား တမျိုး ရှိတာတော့ အမှန်ပဲ ဖြစ်သည် ။ အနည်းဆုံး က တော့ကိုယ့် ဘက် မှ ရပ်တည် ပေးမည့် လူ တစ်ယောက် ရှိလာတာပဲ မဟုတ်လား ။ အဲသည် ကိုသန့်စင် ကြောင့် ပဲ မသစ္စာ က ညနေခင်း တွေ မှာသနပ်ခါး မွှေးကြိုင်ခြယ်သလို့အဆင်သင့် ရှိ ခဲ့တာ ။ ကိုသန့်စင် က ညနေ ငါးနာရီ လောက် မှ လာ တတ်ပြီး
ခြောက်နာရီ ထိုးတိတိ လောက် မှာ ထ ပြန် တတ်သူမို့ မသစ္စာ က ခပ်အေးအေးပဲ လေးနာရီ ထိုးကာ မှ ရေ ချိုးတော့တာ ... အလှ ပြင်တော့တာ ။ တကယ်လို့ ကိုသန့်စင်ရောက် မလာတော့ ကော ... တဲ့ ။
••••• ••••• •••••
ညနေ လေးနာရီခွဲ ဆို အဆောင် ရဲ့ မျက်နှာစာ ဘယ်ဘက် ထောင့်စွန်း မှာ ရှိတဲ့ သူမ ၏ အခန်းရှေ့ စင်္ကြံ မှာ သူမကိုယ်တိုင် ချ ထားသည့် ထန်းပက်လက်ကု,လားထိုင် မှာထိုင်နေပြီ ။သူတို့ အဆောင် က လူသွားလမ်း နှင့် နီးပြီး အဆောင် ၏ မျက်နှာစာ က အုတ်ဝရံတာ မဟုတ်ဘဲ သံဇကာကွက် ဖြင့်သာ အပြည့် ကာရံ ထားသည်မို့ အဆောင်စင်္ကြံ မှာ ရှိသောလူတိုင်း ကိုရှင်းရှင်းလင်းလင်း မြင်ရနိုင်သည် ။အဆောင် ပေါ် ရှိလူက လည်း ပတ်ဝန်းကျင် မြင်ကွင်း ကို ရှင်းရှင်းလင်းလင်း မြင်ရသည် ။ညနေတွေ မှာ အဆောင် ရဲ့ ဒုတိယထပ် မျက်နှာစာ စင်္ကြံ ပေါ်မှာ .. ထန်းပက်လက်
ကု,လားထိုင် တွင်ထိုင် နေသော မသစ္စာ ကို ကြည့်ရသည် မှာ အိပ်မက်ဆန်လှသည် ဟု ကိုသန့်စင် က ပြောဖူးသည် ။ မသစ္စာ က တော့ သိပ်ကို သက်သောင့်သက်သာ ရှိ တာပါပဲ ။ ထန်းပက်လက်ကု,လားထိုင် ရဲ့ ခေါင်းမှီတန်း ပေါ် ခေါင်းကို ခပ်မော့မော့ မှီလျက်ကြည့် လျှင် ဖြင့် အဆောင် ၏ အရှေ့တောင်ဘက် မလှမ်းမကမ်း မှာ ရှိသည့်
စားသောက်တန်း မှ လူတွေ ၊ သူတွေ ကို ပင် မြင်ရ သေးသည် ။မသစ္စာ တော့ ဥယျာဉ် ထဲ ဆင်းရတာ ထက် ၊ လမ်းလျှောက် နေရတာ ထက် ၊ ကင်တင်းသွား ထိုင်ရတာ ထက် ခုလို ထိုင် ကြည့် နေရတာကို ပဲ ဘယ်လို မက်မောမှန်း မသိပေ ။ ကိုသန့်စင် ရောက် လာခြင်း ၊ မလာခြင်း ကလည်း အရေး မကြီးတော့ ... ။ ကိုသန့်စင် ရောက် မလာသော ညနေတွေ မှာ တော့ သက်သောင့်သက်သာ နိုင်လှစွာသော အမူအရာဖြင့် ထန်းပက်လက်ကု,လားထိုင် မှာ ထိုင်ရင်း ငေးသီ နေသော မျက်လုံးများ နှင့် ၊တခါတရံ ချိုမြိန်စွာ ပြုံးတတ်သော မျက်လုံးများ ဖြင့် ၊ တခါတရံ ကြေမွသော မျက်လုံးများ ဖြင့် အနီးဝန်းကျင် ရှိ စုံတွဲတို့ ကို ငေးနေသည့် မသစ္စာ ကို တကယ့် ကို အိပ်မက် ဆန်စွာ
တွေ့ကြရမြဲ ဖြစ်သည် ။
••••• ••••• •••••
ရေမိုး ချိုးပြီး ၊ သနပ်ခါး မွှေးထုံ လိမ်းပြီး Essence ဆပ်ပြာရည်နံ့ မွှေးထုံသည့်
အဝတ်လတ်လတ် တို့ နှင့် လဲလှယ် အပြီး မှာ တော့ မသစ္စ က For men ဟု သေချာ ညွှန်းဆို ထားသည့် Eternity ရေမွှေး ကိုသူ ၏ လည်တိုင် မှာ နှစ်နေရာ လောက် ဆွတ်မြဲ ဖြစ်သည် ။ သူ့ စိတ် ထဲ မှာတော့အဲသည် Eternity က ကိုသန့်စင် ၏ ကိုယ်ပွား ဟု ပင်ထင်သည် ။ ကိုသန့်စင် က အဲသည် ရေမွှေး ကို အမြဲသုံး သူ မဟုတ်လား ။ ပြီးမှ ... သရက်ပွင့်နံ့ တို့ သိသိသာသာ ဝေ့ဝဲပျံ့လွင့်သည့်အဲသည် နံရံကပ်ကု,လားထိုင် ရှိရာ မှာလာ ထိုင်သည် ။ညနေ ငါးနာရီ မတိုင်မီအထိ တော့ မသစ္စာ က သူ့ ကို မျှော်မိသည် ။ တမင်မမျှော် လို သော်လည်း အလိုလို ပင် မျှော်မိ လျက်သား ဖြစ်အောင် မျှော်ကျင့် ရ နေခဲ့ပြီ ။သူ ရောက် လာ လျှင် တော့ အဆောင်ရှေ့ လမ်းသွယ်လေး ရဲ့ ထိပ်ဆီ သူရောက်လာသည် ကို လှမ်း မြင်လိုက် ကတည်း က ပင် မသစ္စာ က အိပ်ခန်း ထဲ ပြန်ဝင် ၊မှန်ရှေ့ မှာ ဆံပင် ကို တစ်ချက် နှစ်ချက် သပ် ပြီး အောက်ထပ် မှသူငယ်ချင်း တချို့ လှမ်းမအော် ခင် သူ့ ကို ဆီးကြို နှုတ်ဆက် ဖို့ အဆောင်ဝင်းဝ ကိုရောက် နှင့် အောင် သွားမြဲ ဖြစ်သည် ။ ပြီးတော့ အဆောင် ရဲ့ ဘယ်ဘက်ခြမ်း က ဥယျာဉ် ထဲ မှာ ရှိသော ပုဏ္ဏရိပ်စည်းရိုး နှင့် ကပ်လျက် ခုံတန်း မှာ ထိုင်လို့ ။
ကိုသန့်စင် ပြောလေ့ ရှိသော စာပေရေးရာတွေ .. ဘဝ ကို တစ်ယောက် တည်း ရင်ဆိုင် ရတာ ထက် နှစ်ယောက် ရင်ဆိုင် ရတာ က ပို ကောင်းတယ် လို့ အထောက်အထား ခိုင်ခိုင်လုံလုံ နဲ့ ပြောပြတာတွေ ကို နားထောင်မည် ။တခါတခါ တော့လည်း သူ ပြောတာတွေ ကို မကြားဘဲ ၊ သူမ တွေးချင် ရာ တွေ အကြာကြီး တွေး နေမိတာတွေ လည်း ရှိ တတ် သည် ။တခါတခါ ကျတော့ ကိုသန့်စင် က ခေါင်း ကို ညင်ညင်သာသာ ခါယမ်း ကာ “ ကျနော် သိတယ် .. မသစ္စာ ကျနော့် ကို မချစ်ဘူး ဆိုတာ ။ ကျနော် က တကယ်တော့
ရူး နေတာပဲ ၊ ကျနော် ဟာ ကိုယ့် အနာဂတ် ကိုလည်း မသိတဲ့ ကောင် ပါ ” ဟု ပြောပြန်သည် ။ပြီးတော့ လည်း “ တနေ့ နေ့ ကို တော့ ကျနော် မျှော်နေပါရစေ နော်မသစ္စာ ” လို့ လည်း မပြီးဆုံး နိုင်သော ဇာတ် ကို ဆက် ချင် ပြန်သည် ။ သည် နေရာမှာ အတ္တ ကြီး သော မသစ္စာ က တော့ ဇာတ်မျော ထဲ မှာ အသာ စီး နေရာမှ နေ နေရခြင်း အတွက် ပျော်စရာ
ကောင်းသည် ဟု ခံစားရသည် ။ကိုသန့်စင် မလာသော နေ့ တွေ မှာ တော့ မသစ္စာက ကိုယ့် စိတ် ကို ပုံသွင်း ထိန်းချုပ်မှု မလုပ်တော့ ဘဲ လွင့်ချင်သလောက် လွင့် ဖို့သာ လွှတ်ထား လိုက် တော့သည် ။ အဲသည်
အခါ မှာ တော့ မသစ္စာ ၏ ဟန်ဆောင် ဖုံး ထားသော ပင်ကို စိတ် တို့ က တကယ်ပဲ ရွက်လွှင့် တော့သည် ။ ရွက်လွှင့် သော စိတ်တို့ ၏ ဦးတည်ရာ ကား ချစ်သူ စုံတွဲ များ သာ ဖြစ်သည် ။
••••• ••••• •••••
အဆောင် ပေါ် မှ စီး ကြည့် လျှင် မြက်ခင်းပြင်ကျယ် တပြောကြီး ။ ပြီးတော့ အဲဒီ မြက်ခင်း ရဲ့အစပ် အနားသတ် မှာ တော့ စာသင်ဆောင် တချို့ ။စာသင်ဆောင်တွေ ရဲ့ ဘေး လမ်းသွယ် က မြက်ခင်းပြင်ကျယ် ထဲ ကို ဖဲ့ ဝင်ကာ သူမတို့ အဆောင် ထံ ရောက်လာသည် ကိုမြင် နိုင်သည် ။ သည်တော့ အဆောင် ပေါ် မှ ကြည့်ရင်း ဖြင့် အဆောင် ညနေခင်း ဧည့်ချိန် တွေ မှာ အလျှိုလျှို ထွက်သွားကြသည့် ချစ်သူစုံတွဲ အားလုံးလိုလို ကို မြင်နိုင်သည် ။
အများအားဖြင့် လည်း ထို စုံတွဲ တို့ က ထိုမျှသော နယ်နိမိတ် ၊ ဧရိယာ ကိုကျော် မသွားကြောင့် လည်းဖြစ်သည် ။မသစ္စာ ၏ စိတ်တို့ က မြင်ကွင်း တလျှောက် လိုက်ပါသည့် အခါ ... မကြာခဏ စိတ်ကောက် နေလေ့ ရှိတတ်သော နီထွေး နှင့် ကျော်ကျော်သက် တို့ စုံတွဲ ၊ အမြဲ ချစ်ခင်ယုယစွာ အချိန်ပေါင်း များစွာ ကို တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ
သုံးပစ်လေ့ ရှိသော ထားထား နှင့် နေလင်း တို့ စုံတွဲ ၊ တစ်ယောက် နှင့် တစ်ယောက် သူငယ်ချင်း တွေ လို နင် ၊ ငါ ရိုက်ကာ ပြော သော်လည်း တခါမှရန်ဖြစ် စိတ်ကောက် တာ မတွေ့ဖူးသည့် ချော နှင့် သီဟတို့ စုံတွဲ ၊တစ်ယောက် ကိုတစ်ယောက် အားပေး ကာ အခုလိုရည်းစား ဘဝ ကတည်း က ဘဝ ကို ရင်ဆိုင်ရုန်းကန် နေကြရသော မာလာ နှင့် ဖေလတ် တို့စုံတွဲ ၊အနောက်တိုင်း ဆန် ကာ ပွင့်လင်းလွတ်လပ်သလောက်ရည်းစား လည်း များသည့်မေစီ က သူ နှင့် ကျမှ အချစ်စစ် ကို တွေ့ပါသည်ဟု ကြွေးကြော်ရပါသည့် ဉာဏ်ဦး နှင့်မေစီ တို့ စုံတွဲ တို့ ကို အထူးသဖြင့် မြင် နိုင်သည် ။ ထို စုံတွဲ တို့ က အလွန်ဆုံး ကျောင်းစာသင်ဆောင် လှေခါးထစ်တွေ မှာ ထိုင်ရုံ ထက် ပို၍ ဝေးဝေး သွားလေ့ မရှိရာ ... မသစ္စာ ၏ မျက်လုံး ရှေ့သို့ အလိုအလျောက် ရောက် လာတော့သည် ။
အဲသည် စုံတွဲတို့ ကို မျှော်ငေးရင်း မသစ္စာ က နီထွေး စိတ်ကောက်သည် ကိုမျက်ရည် တလည်လည် ဖြင့်ချော့ရင်း ပြေလည် သွားတော့ ပျော်မဆုံးဟန် မခွဲနိုင်မခွာနိုင်ဟန်အပြည့် ရှိသည့် ကျော်ကျော်သက် ကို ကြည့်ကာ ရင်ခုန်သည် ။ ထားထား နှင့် နေလင်း တို့ ၏ သာယာ ကြည်နူးဖွယ် အချစ် ၌ မွေ့လျော်သည် ။ ချော နှင့် သီဟ လိုအရာရာ တိုင်ပင် လို့ရသော သူငယ်ချင်း ဆန်သည့် အချစ် ကို သဘောကျသည် ။မာလာ နှင့်
ဖေလတ် လို လည်း ဘဝ ကို ရင်ဆိုင်ရဲ ချင်သည် ။ ပြီးတော့မေစီ နှင့် ဉာဏ်ဦး လိုအရာရာ ကိုပြီးမြောက် ကျော်ဖြတ် ပစ် လိုက် နိုင်သည့် အရူးအမူး အချစ် မျိုးကို လည်းကြုံတွေ့ဖူး လိုသည် ။တကယ်တော့ ထို စုံတွဲတို့ က မသစ္စာ ၏ အိပ်မက်များ သာ ဖြစ်သည် ။လက်တွေ့ မှာ လည်း မသစ္စာက အိပ်ရာ မှ နိုးထ သည့် အခါ အိပ်မက်တို့ ကို ပြီးဆုံးဖြေဖျောက် ပစ်လိုက်ရသူ ပဲ မဟုတ်လားလေ ..... ။
••••• ••••• •••••
မသစ္စာ က ဘဝ ကို ကြောက်ရွံ့သူ ဖြစ်သည် ။ သို့ပေမဲ့ ယင်း ကို ကိုသန့်စင် ကတော့ မသိပေ ။ ကိုသန့်စင် သည် သူ့ ကို မသစ္စာ ဘာကြောင့် ငြင်းဆန် နေသလဲ ၊ ဘာကြောင့်ခေါင်း မညှိတ် သလဲ ဆိုတာ ကို အဖြေ ရှာ မရပေ ။ စဉ်းစား ကြည့်တော့ ကိုသန့်စင် နှင့်မသစ္စာ က မတူမတန် စရာ ၊ မလိုက်ဖက် စရာလည်း မရှိပြန် ။ ကိုသန့်စင် နှင့် မသစ္စာ က လိုက်ဖက် ၍ ပင် နေပေ သေးသည် ။ ကိုသန့်စင် သည် လည်း မသစ္စာလို ပင်နယ် ကျောင်းသား ။ လူလတ် တန်းစား ၊ ဝန်ထမ်းသားသမီး ။ ကိုယ့်အား ကိုယ်ကိုးနေရ သူ များ ။ တနည်းအားဖြင့် စိတ်ချလက်ချ လက်တွဲ နိုင်သည့် အရည်အသွေး လည်း ပြည့်သူချင်း ပဲ ။ ဒါပေမဲ့ မသစ္စာ တွေး သလို ဆိုရင်တော့ ကိုသန့်စင် က မသစ္စာ ကိုနား မလည်နိုင်သေး သူ ။ အကဲ မခတ်တတ်သေးသူ ။ အထူး သဖြင့် တော့ ကိုသန့်စင် က လောက ထဲ မှာ ရိုးလွန်းသူဖြစ် နေခြင်းပင် ။ မသစ္စာ အမြင် အရ တော့ ဒီ လောကကြီး က ရိုးသား နေဖို့ မကောင်း သော ကြောင့် ရိုးသား နေလို့ မဖြစ် ။ ထိုအခါ ဒီ လောက ထဲ
တသက်လုံး နေထိုင် သွားဖို့ရာ မှာ သူမ ကို ဦးဆောင်နိုင်သည့် ထက်မြက် ပါးနပ်သော ယောက်ျား သာ လိုအပ်သည် ဟု ယူဆ လေသည် ။
ပြီးတော့ မသစ္စာ က ဘဝ ထဲမှာ တစ်သက်လုံး ရုန်းကန်ပင်ပန်း ခဲ့ရခြင်း တို့ ဖြင့်နှစ်ဆယ့် နှစ်နှစ် လုံးလုံး နေခဲ့ရသူ မို့ ကိုယ့် ကံကြမ္မာ ကိုယ်ဖန်တီးရမည့် နောက်ပိုင်း
သက်တမ်းများ ကို တော့ အေးအေးသက်သာဖြင့်သာ ဖြတ်သန်း လို တော့သည် ။ ထိုအခါမသစ္စာ က ဘဝ ထဲမှ ထွက်မသွားနိုင်သေးခင်အချိန်ကလေး အတွင်းမှာ တော့ ဒုက္ခကိုကြောက်သူသာ ဖြစ် တော့သည် ။
အခန်းဖေါ် မေစီ က တော့ မသစ္စာ ဟာ ခုလောက် ခေါင်း အေးအေး အမြင် ရှင်းရှင်းထားတတ်သူ ဖြစ်လျက် ... အသည်းနှလုံး ထက် ဦးနှောက် ကို ဦးစား ပေး နိုင်သူ လည်း ဖြစ်လျက် ... ဘဝ ကို လောကဓံ ဆိုတာ ကို ထိုမျှ ကြောက်ရွှံ့ နေခြင်း မှာ အပြစ် ဟု ဆိုသည် ။
မသစ္စာ က တော့ မေစီ့ ကို ခပ်ပြုံးပြုံးဖြင့် ပင် ... “ အင်းပေါ့ လေ ... မေစီ က တော့ ပြောမှာပေါ့တခါမှ မဆင်းရဲဖူးခဲ့ပဲ ကိုး ” ဟု မှတ်ချက်ချသလို ပြော တတ်သည် ။ “ အဲလိုဦးနှောက် ကိုဦးစားပေး လို့လည်း ကျိန်းသေ ဆင်းရဲဒုက္ခ ကြုံရမယ်လို့ သိတဲ့ ကိစ္စမျိုးတွေ ကိုရှောင် နိုင်တာပေါ့ ” ဟု ဆက် ပြော ပြန်လျှင်လည်း မေစီ က ခေါင်းတညိတ်ညိတ် ဖြင့်ထောက်ခံရ ပြန်သည် ။
တကယ်လည်း မသစ္စာ က ခုထိ တိုင် အသည်းနှလုံး ကို ဖုံးကွယ် လိမ်ညာ ထား နိုင်ဆဲ ။ လိုသလို အသုံးချ ၍ ရ နေဆဲပဲ ဖြစ်သည် ။မသစ္စာ က ချစ်သူစုံတွဲများ ကို ပြုံးယောင်ပြုံးတုံ့ငေးနေ ဆဲ မှာ ပင် အကွာအဝေးပေါင်း များစွာ ကို ကျော်ဖြတ် ကာ အများကြီး တွေးမြင်ပစ် လိုက်သူ ပေ ပဲ ။ ကြည်နူးရွှင်ပြ နေသော ချစ်သူ တစ်စုံကို ကြည့်ရင်း မှ ပင် အဲဒီစုံတွဲ နေရာ မှာ သူမ နှင့် အတူ ကိုသန့်စင် ကို ပါ အစားထိုး ကြည့်တာ ။ အဲဒီအခါ ... အိမ်ထောင်ရေး နယ်ပယ်တွင်း ရှိ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ ကို မြင်တော့တာ ။
အိမ်ထောင်သည် ဘဝ မှာ သူမ နှင့် ကိုသန့်စင် က ဘွဲ့ရ ပညာတတ် ဆိုတော့ လည်း
ပညာတတ်မာန် က ကြီးမည် ။ သူများ ကို အောက်ကျ မခံ ။ သူများ အောက်ကျို့ရမည့်အလုပ်မျိုး မလုပ်နိုင် ။ ကိုသန့်စင် က ပို ဆိုးလိမ့်မည် ။သူ က သူ့ ပညာ မှာ တော်သည့် လူဖြစ်သည့် အပြင် ၊ မာန က လည်း ကြီးပေ့ ဆိုသည့် အစား ထဲ က ။ “ ကိုယ့်ပညာ ကို တစ်နည်းနည်း နဲ့ စော်ကား လို့က တော့ ငုံ့ခံ နေစရာ အကြောင်း မရှိဘူး ” ဟူသော စကားမျိုး ကို
သူ့ ထံ မှ မကြာခဏ ကြားခဲ့ရဖူးသည် ။သည်တော့ ကိုသန့်စင် နှင့် သူမ တို့ သည် သူမ တို့ ၏ မိဘများ လို ပဲ ရိုးကုပ်စွာ ဆင်းရဲသော ဝန်ထမ်းမိသားစုမျိုး သာ ဖြစ်လာလိမ့်မည် ။ ပြီးတော့
ကိုသန့်စင် က မောင်နှမ ငါးယောက် ထဲ မှာ သား အကြီးဆုံး လည်း ဖြစ် ပြန်သည် ။
ခက်သည် က မသစ္စာ ကိုယ်တိုင် မောင်နှမ ငါးယောက် ထဲ မှာ သမီးဦးဖြစ် နေသည့် အတွက်သားဦး သမီးဦး တို့ ၏ ငဲ့ညှာရမှု ၊ ထောက်ပံ့ရမှု တို့ ကိုသဘော ပေါက် သည် ။ထို အတွေးတို့ ကို တွေးမိတိုင်း ပင် မသစ္စာ က သက်ပြင်း မှုတ် ကာ မျက်စေ့ စုံမှိတ်လျက် ခေါင်းခါ ပစ် လိုက်ရမြဲ ဖြစ်သည် ။ အတွေး ၌ ပင် ထို ဘဝ ကိုထိတ်လန့်၏ ။ ကိုသန့်စင် တို့ ယောက်ျား တွေ က တော့ မိန်းမ တွေ ဂုဏ် မက်သည် ဟု သာ စွပ်စွဲ မှာ ပေါ့ ။ သို့ပေမဲ့ အောင်မြင်သော အိမ်ထောင်ရေး တစ်ခုအတွက် ငွေကြေး ဆိုတာ အခြေခံ လိုအပ်ချက်ပဲမဟုတ်လား ။
ချစ်သူတွေ အိမ်ထောင်ဖက်တွေ ဖြစ်ကြ ပြီးမှ တော့ ငွေကြေး အတွက်ရန်ဖြစ် ကြရတာ ရှက်စရာ ကောင်းသည်မို့ ဒါကို မသစ္စာ က ရှောင်ရှားလိုသည် ။ ဒါပေမဲ့
ရှောင်ရှားဖို့ လည်း ခက်မှာ သေချာသည် ။ ထိုအခါ ... မသစ္စာ က ထိုသို့ပြဿနာ ရှိနိုင်သည့် သူ ကို ချစ်သူ အဖြစ်ပင် မပတ်သက် လို တော့ပေ ။ နှစ်ဦး နှစ်ဖက်
အကျိုး ရှိသော ဆုံးဖြတ်ချက် ဟု လည်း ထင်သည် ။ မလိုအပ်ပါဘဲ ရန်သူ လည်း
မဖြစ်လိုတော့ပေ ။ ကိုသန့်စင် ကို ငြင်းဖြစ်သည့် အဓိက အကြောင်း က ဒါပဲ ဖြစ်သည် ကိုမသစ္စာ က တော့ ဝန်ခံရဲ ပါသည် ။
မေစီ တို့ က တော့ “ မသစ္စာ က အချစ် ကို တန်ဖိုးမထားဘူး ” ဟု ဆိုသည် ။ စင်စစ်တော့မသစ္စာ က မှ အချစ် ကို တကယ် တန်ဖိုးထားသည် ဟု ကိုယ့် ဘာသာ ယုံကြည်သည် ။
ကြည့်လေ ... အချစ် ကို တန်ဖိုး ထားလို့ပဲ ၊ အချစ် ရဲ့ ပုံသဏ္ဍန်လေး ပျောက်ပျက်
မသွားအောင် လို့ ပဲ အဲဒီ အချစ် ဆိုတာ ကို အင်မတန် လှည့်ဖျားတတ်သော ၊
ပူလောင်ပြင်းပြခြင်း တို့ များပြားသော အိမ်ထောင်ဘဝ ဆိုတဲ့ နွံ ထဲ ဆွဲခေါ် မထည့် လို တာပေါ့ ။အချစ် ... ဆိုတာ ကို သီးသီးသန့်သန့်လေး ... ပြီးတော့ ၊ ဟိုး ခပ်မြင်မြင့် မှာ သာ ကိုးကိုးကွယ်ကွယ် ထား ချင်သည် ။
အိမ်ထောင်ရေး ဘဝ ဆိုတာထဲ မှာတော့ စဉ်းစား ချင့်ချိန်ခြင်းတွေ ၊ တန်ဖိုး ဖြတ်နိုင်မှုတွေ နှင့် သာ တည်ဆောက် လိုသည် ။
မသစ္စာ က တော့ ရင့်မာသည် ဟု ပင် ဆိုဆို ... ။ မိန်းမ တစ်ယောက် ဘဝ မှာယောက်ျား တစ်ယောက် ကို လက်ထပ် ယူ လိုက်ရတာ ဟာ ကိုယ့် ဘဝ ကို အကုန်ပေး လိုက်ရခြင်း ဖြစ်သည် မို့ ယောက်ျား တစ်ယောက် ၏ ကိုယ်ပိုင်ကျွန် ပဲ ဖြစ်သွားသည် ဟုထင်သည် ။သို့ ဆိုလျှင် အဲသလောက် ပေးဆပ်နိုင်ဖို့ တန်ရာတန်ဖိုး တော့ လို ချင်သည် ။ထိုနေရာ မှာ တန်ဖိုး သတ်မှတ်ပုံခြင်း က တော့ မိန်းမ တစ်ယောက် နှင့် တစ်ယောက်ကွဲပြား နိုင်သည် ပေါ့ ။ မသစ္စာ အတွက်ကတော့ အဲဒီ ခင်ပွန်းလောင်း ၏ ကိုယ့် အပေါ် အချစ် သစ္စာ ရှိမှု နှင့် ငွေကြေးက တန်းတူ ကျစွာ တန်ရာတန်ဖိုး ဖြစ်နေသည် ။ ယင်းအတွက်“ ကိုယ့် ကိုယ် ကို ငွေကြေး နှင့် လဲလှယ်သူ ” သို့မဟုတ် အရိုင်းဆုံး ... ကြေးစား နှင့် ပင် နှိုင်းနှိုင်း ၊မသစ္စာက သူမ ၏ ဆုံးဖြတ်ချက် ကို မှန်သည် ဟုသာ ယုံကြည်သည် ။ကိုယ့် ရဲ့ ဘဝ ရုန်းကန် ပင်ပန်းခဲ့ရသမျှ ကိုယ့် သားသမီးတွေ ကို တော့ ပြည့်စုံစေ ချင်သည် ။
တူနှစ်ကိုယ် ... တဲအိုပျက် မှာ နေရ နေရ အရေးမကြီး သော် လည်း တူနှစ်ကိုယ် မက ၊ သားသမီး တွေ ရှိလာ လျှင် တော့ ထို သားသမီးတို့ အတွက် ... ဆိုတာ ကို ငဲ့သင့်ပြီ မဟုတ်လား ။ မသစ္စာ က အဲသည် အထိ တွေးသည် ။ ဘာလို့ဆို ကိုယ်တိုင် မပြည့်မစုံ ဖြင့်ကြီးပြင်းခဲ့ခြင်း ဒဏ်ရာ ရထားသူ မဟုတ်လား ။
သည်တော့ မေစီ က ပြောသည် ။ “ အဲလိုတွေးတာ မင်း ကိုသန့်စင် ကို တကယ် မချစ်သေး လို့ပါ ။ တကယ် ချစ်ရင်တော့ အဲဒီအယူအဆ အားလုံး ဟာ ပြောင်းပြန် တွေ ဖြစ် သွားမှာပဲ ” တဲ့ ။ မသစ္စာကတော့ ငြင်းလည်း မငြင်း ၊ဝန် လည်း မခံဖြစ်ပါ ။ ဒါဟာ သိပ်အရေး ပါတဲ့ ကိစ္စ လည်းမဟုတ်ဘဲ ။ တခါကတော့ ကိုသန့်စင် ရှေ့မှာ“ အိမ်ထောင်ရေး ဘဝ ရဲ့အဓိက ရန်သူ ဟာ ဖေါက်ပြန်မှု ပဲ လို့ ကျမ ထင်တယ် ... ။ ပြီးတော့ ငွေကြေး ချမ်းသာ လွန်း တာရယ် .. ငွေကြေး ချို့တဲ့ လွန်းတာရယ် ။
အိမ်ထောင်ရေး ဖေါက်ပြန်မှု ဆိုတာ မှာ ငွေကြေး ချမ်းသာမှ မှ မဟုတ်ဘဲ ။ ဒီတော့အခြေအနေ တိုင်း မှာ လင်သား ရဲ့ ဖေါက်ပြန်ခြင်း ကို ခံရနိုင်တဲ့ မိန်းမ ဘဝ မှာငွေကြေး ပြည့်စုံ နေတာ က မှ ခံသာဦးမယ် ထင်တာပဲ ။ အနည်းဆုံး တော့ .. ဖဲလေး ရိုက် လိုက် ၊ဗွီဒီယို ကြည့် လိုက် ၊တီဗွီဂိမ်း ဆော့လိုက် ၊ ပစ်ကနစ် ( Picnic ) ထွက်လိုက် နဲ့ နေနိုင်တာပေါ့ ။ဆင်း များ ဆင်းရဲ ရင် တော့ တော်တော် ချောင်ပိတ် ခံရတာမျိုး ဖြစ်မှာ ။ ထမင်း ငတ် တာ ပူ ရ ... လင် ဖေါက်ပြန်တာ အတွက် စိတ်ဆင်းရဲရ ... သားသမီးတွေ မပြည့်မစုံ နေရလို့စိတ် ပူလောင်ရ နဲ့ လေ ... ” ဟု ပြောတော့ ကိုသန့်စင် က သူမ ကျေနပ် လက်ခံ နိုင်လောက် သော နှစ်သိမ့်စကားမျိုးပြန် မပြောနိုင်ခဲ့ ။ ခပ်ငူငူငိုင်ငိုင် ပဲ နေ နေခဲ့သည် ။ နောက် အတော်ကြီး ကြာမှ လေသံတွန့်ဆုတ်ဆုတ် ဖြင့် “ မဖေါက်ပြန်တဲ့ ယောက်ျား လည်း ရှိပါတယ် ” ဟု ဆို၏ ။ “ ကျမ က အဆိုးဆုံး ကို တွေးထားရတာ ပေါ့ ” ဟု သူမ က ပြန် ဖြေတော့ လည်း “ ဆင်းရဲတာ ကို ချစ်သူ နဲ့လက်တွဲ ရင်ဆိုင်ရင် ကော ” ဟု မေးပြော ပြောသည် ။ “ ဘဝ ကို ကျမ ကံ မစမ်းရဲ တော့ဘူးကိုသန့်စင် ” ဟု ပြော လျှင် လည်း သူ က မျက်နှာ တစ်ချက် ပျက်ကာ သူမ ကိုမျက်နှာချင်း မဆိုင်ဘဲနှင့် “ တကယ် တော့ မသစ္စာ ကို ကျနော် က တခြားသာမန် မိန်းမ တွေ လို ထင် မထားခဲ့ဘူး ” ဟု ခပ်မာမာ လေသံ တမျိုး ဖြင့် ပြော လေသည် ။
“ ကျမ ကိုငွေ မက်တယ်လို့ ပြောချင်တာ မဟုတ်လား ကိုသန့်စင် ။ ဟုတ်ပါတယ် ... ကျမ ငွေ မက်တာ ပါပဲ ။ ဘာလို့ဆို ကျမ တို့ မိန်းမတွေအတွက် က ဘဝ မှာအဆင် မပြေ စရာ ဖြစ်လာရင် ... ရှင်တို့လို အရက် သောက် .. ဘောလုံးပွဲ သွား .. ကြေးစားမိန်းမ ဆီ သွား .. အဲလို ထွက်ပေါက် မျိုးတွေ ဘာ တစ်ခု မှ မရှိဘူးလေ ။ ကျမ ပြောခဲ့ပြီးပါ ပကော ” သည် အခါ မှာ တော့ သူ က သက်ပြင်း တစ်ချက် ရှိုက်ကာ ခေါင်း ကို လေးလေး ခါယမ်း၏ ။
မသစ္စာ က တော့ ထူးပြီး မခံစားချင်တော့ပါ ။ ခံစားခဲ့ရတာ များပြီ မဟုတ်လား ။
••••• ••••• •••••
တကယ် ဆိုတော့ မသစ္စာ တို့ဘဝ က လင်သား တစ်ဦး မဖြစ်မနေ လိုအပ်သည့် ဘဝ တော့မဟုတ်ပေ ။ တစ်ခုတော့ ရှိမည် ။ အိမ်ထောင်ပြု မှ ကိုယ့် အခြအနေ တိုးတက်မည် ဆိုလျှင် တော့ လင်သား တစ်ဦး လိုအပ်သည် ပေါ့ ။ ထိုသို့ မဟုတ်ဘဲ အိမ်ထောင် ပြုပြီး မှဆုတ်ယုတ် နေဆဲ ဆိုလျှင် တော့ မသစ္စာ က မိသားစု ထဲမှာ ပဲ တစ်ယောက် တည်းနေ သွားတာ ကောင်းသည် ဟု ရွေးချယ် လို ပါသည် ။
စင်စစ်တော့ မသစ္စာ က ကိုယ့် အပေါ် စွဲလန်း ချစ်မက်သည့် ၊ ပစ္စည်းဥစ္စာ လည်း ပြည့်စုံသည့် ယောက်ျား တစ်ယောက် ရဖို့ မျှော်လင့်ခြင်း က နည်းနည်းတော့ စိတ်ကူးယဉ် ဆန်ပါသည် ။မသစ္စာ က မိန်းမလှ မှ မဟုတ် ဘဲ ။ မိန်းမ တစ်ယောက် ဟာ လှ ရင် လှ ၊မလှရင် တော် မှ ဆိုလျှင် တော့ မသစ္စာ က အနည်းငယ် ထူးချွန်သည် ဟု ဆို နိုင်သော ဂုဏ်ဒြပ် မျှ နှင့် သာ ပြည့်စုံပါလိမ့်မည် ။
ဒါတွေကို မသစ္စာ က အတွင်း ကျကျ နားလည် ထားပါ၏ ။
ထိုအခါ ... မသစ္စာ က
အချစ် ဆိုတာ ကိုအိပ်မက် လိုပဲ စိတ်ကူးယဉ် မက် ကာ လက်တွေ့ ဘဝ ကို မေ့လျက် ... နေ့ရက်တွေ မှာ နေပျော် ရ တော့သည် ။ ချစ်သူစုံတွဲ များစွာ ကို အားကျ ၊ မနာလို ၊နှစ်လို ၊ဝန်တိုခြင်း များစွာ တို့ လွန်ဆွဲ သော်လည်း ၊ အတက် အကျ တို့ဖြင့် အသက် ဝင်သော ထို ရက်များ ထဲ မှာ မသစ္စာ ပျော်နေ တတ်ပြီ ဖြစ်ပါသည် ။
••••• ••••• •••••
သို့နှင့်ပင် ... နေ့စဉ် ညနေတွေ မှာ မက် နေကျ အိပ်မက် ကို မက် ယူဖို့ ကိုသန့်စင် ကို မျှော်စောင့် ၊ ချစ်သူစုံတွဲများ ကို ကြည့်ငေး ၊ အတွေးများ နှင့် အနာဂတ် ခရီး ကိုဆီးကြို သွား ၊ ပြီးတော့ ၊ ပျော်လိုက် .. ငိုလိုက် ... နာကျင်လိုက် ... ကြေကွဲလိုက် .. ရန်စောင်လိုက် ... မာန်တက်လိုက် ဖြင့် မသစ္စာ က တော့ စိတ်ကူးယဉ်တွေ ကို ပျိုးမြဲ ပျိုးနေ မိ တော့သည် ။
◾မေငြိမ်း
၉၄ ၊ မတ်လ ၊
📖 ရှေ့ပြေး မဂ္ဂဇင်း
အတွဲ ၃ ၊ အမှတ် ၁
၁၉၉၄ ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment