( ၉ )
သာဓု ရေး ခဲ့သော ရုပ်ရှင် လောက မှ စား နေကျ ကြောင်ပါး တို့ ၏ ( ငွေကြေး အပိုင်စီးပုံ နည်း ပရိယာယ် များ ) နှင့် ပတ်သက်၍ စ,လုံး ရေးသား စ,ခဲ့လျက် ဆက် ရေး ရန် ရှိ သည် တွင် ...
ထိုနေ့ ...
ရုပ်ရှင်မိတ်ဆွေ တစ်ဦး ရောက် လာပြီး ...
“ ဆရာ ၊ ကျွန်တော်တို့ ခု ရိုက်မယ့် ကား မှာ မင်းသမီး တစ်လက် အသစ် တင် မယ်လို့ ရည်ရွယ် ထားပါတယ် ”
သာဓု က ခေါင်းညိတ် လိုက်သည် ။
“ အဲဒါ ဆရာ ကတော့ အသစ် တင် နေကျမို့ နည်းလမ်းကလေးများ ညွှန် ကြား ကူညီပါလို့ ... အဲဒါ ... ”
သာဓု စာရွက်အလွတ် တစ်ရွက် လှမ်း ယူပြီး အောက်ပါ အတိုင်း ရေးပြ လိုက်၏ ။
“ ဟေ့ ... ခု မင်းပြောတဲ့ ကူညီပါဆို တဲ့ ကိစ္စက ( ပညာ ) ကွ ၊ အလကား ၊ မ ကူညီနိုင်ဘူး ၊ ဉာဏ်ပူဇော်ခ ပေးရမယ် ”
“ ဗျာ ... ”
သူ့ ပါးစပ် မှ ထွက်လာသော ( ဗျာ ) ဆိုသည့် အသုံး ပျောက် သွားသည့် တိုင်အောင် ပါးစပ် အဟ မပျက် ။ ဟမြဲ ပင် ဟ လျက်သား ၊ အံ့အား သင့် နေသည် ။
သာဓု တို့ မြန်မာ အပေါင်းသည် အကြံဉာဏ် ကို အခမဲ့ တောင်း တတ် ကြသည် ။ လှူဖွယ် ပစ္စည်း ကဲ့သို့ သဘော ထားပြီး စေတနာ ဗရပွ ဖြင့် ပေးစေချင်ကြသည် ။
ဤ အယူအဆ ၊ ဤ စနစ် ၊ ကုန်သင့် သည် မှာ ကြာချေပြီ ။ အကြံဉာဏ် ဆိုသည် မှာ ဦးခေါင်း ကို ဖျစ်၍ ဦးနှောက် ပါ ညှစ်ထုတ် သကဲ့သို့ ပေး ရသည့် ပညာ တစ်ရပ် ဖြစ်ပါသည် ။ မှန်မည် မှားမည် မသိ သော ဗေဒင် ကို ပိုက်ဆံ ပေး၍ မေး ကြသည် ။ သေချာပေါက် အကျိုးရှိ နိုင်သော အကြံဉာဏ် ကို မူ အခမဲ့ တောင်းဆို ချင်ကြသည် ။ အခြားသော ပုဂ္ဂိုလ်တို့ မည်သို့ သဘော ထား ထား သာဓု က မူ ဤလို စီးပွားရေး ကိစ္စ နှင့် အကြံဉာဏ် ကို ဗုံးပေါလဘော အပေါစား ကဲ့သို့ မပေးနိုင် ။
အကြောင်းသည် ရှိ၏ ။
လွန်ခဲ့သော ၁၃ နှစ် လောက်က ရှေ့ထွန်း နောက်ပေါက် စာရေးဆရာ တစ်စု နှင့် သာဓု တို့ အသုဘ အိမ် တစ်အိမ် တွင် စကားလက်ဆုံ ကျရင်း က အကြောင်းအရာ တစ်ရပ် နှင့် တိုက်ဆိုင်လာ သဖြင့် သာဓု က သာဓု တို့ အဘိုး ပြောပြခဲ့ ဖူးသည့် ပုံပြင် ကလေး ကို အကိုးအကား ပြု၍ ပြော ပြလိုက် သောအခါ ထိုထို စာရေးဆရာများ တဟားဟား ပွဲကျ သွားသောဟူ၏ ။ မကြာပါချေ ။ ထို့နောက် ခုနှစ်လ ၊ ရှစ်လခန့် အရ တွင် ( ထိုစဉ်က ရှိနေ သူ စာရေးဆရာ က ) သာဓု ပြောပြ သော အဘိုး ၏ ပုံပြင် ကို ကျကျနန အကျယ် ချဲ့ပြီး လုံးချင်း ဝတ္ထုရှည် တစ်ပုဒ် အဖြစ် ရေး ထုတ် လိုက်သည် ။ အတော်ကလေး လူကြိုက်များ သည် နှင့် အမျှ တွင် တွင် ကျယ်ကျယ် လည်း ဟန်ကျ သွားသည် ။ ထို စာအုပ် တွင် သာဓု ၏ အဘိုး အကြောင်း လုံးဝ မပါ ။ သာဓု ပြော ပြသည် ကို ကိုးကားခြင်း လည်း ပြုမထား ။
တစ်ကြိမ်ကလည်း နာမည်ကြီး ဒါရိုက်တာ တစ်ဦး ။ သူ ရိုက်သော ရုပ်ရှင် ဇာတ်ကား မှ အဓိက ဇာတ်ဆောင် တစ်ဦး မကျန်းမမာ ဖြစ် နေပြီး စောင့် ရန်လည်း အချိန် မရ တော့ သဖြင့် သူ့ ဇာတ် ကို တစ်မျိုး တစ်ဖုံ လှည့် ၍ ရုံ တင်ရန် ပြဿနာ အခက် ကြုံ နေသည် ။
သူ သာဓု ထံ ပြေးလာသည် ။ ကူညီပါ ဟု ဆိုသည် ။ သာဓု ကလည်း စေတနာ ဗရပွ ဖြင့် သူ့ ကားထုပ် ကို ယူ ကြည့်ပြီး မည်သည့် အခန်း ဖြတ်၍ မည်သည့် အကွက် ကို ပြန် ရိုက်ရန် စသည် ဖြင့် အကြံဉာဏ် ပေး လိုက် သည် ။ ရိုက်ပြီးသော အခါတွင် လည်း ပြန် ကြည့်ပြီး ဆက် ပေးလိုက် သည် ။
နောက် မကြာမီ ရုံတင်နိုင်သည် အထိ ပြေလည် သွားသည် ။ ဇာတ်ကား ပြပြီး၍ ရန်ကုန်ရုံ များ မှ ဆင်း သွားသည် အထိ တစ်လခွဲ မျှ ပြ သွားသည် ။
မေတ္တာလက်မှတ် ဟူ၍ တစ်စောင် တလေ မျှ ပင် လာ ပေးဖော် မရ ။
သာဓု လိုချင်သည် မှာ မေတ္တာ လက်မှတ် မဟုတ် ။ သိတတ်မှု ။ ကြုံဖူးပေါင်း များ ပြီ ။ အကြံဉာဏ် ပေးသူ အား အိမ်သာ လို သဘောထား ချင်ကြသည် ။ သူတို့ ဗိုက်နာကလေး သက်သာ ချောင်ချိ သွား လျှင် လှည့်မ ကြည့်ချင်ကြတော့ချေ ။
ယင်းသည် ကြောင့် ထိုသည့် နောက်ပိုင်းတွင် သာဓု ထံ အကြံဉာဏ် တောင်းတိုင်း မပေး ။ ပေးသင့်၍ ပေး သည့် တိုင်အောင်လည်း ဉာဏ်ပူဇော်ခ တောင်း သည် ။
ဤသည် မှာ သူတို့ မယား ရှာကျွေး သူ ၊ အညွန့်ခူး စားချင်သူ တို့ ကို ဆိုလိုရင်း ဖြစ်ချေ၏ ။
စောစောက စာ နှင့် ရေး၍ ပြောသည် ဟု ဆိုရာ၌ ဤ ယနေ့ သာဓု အသံ ဝင် လည်ချောင်း နာ နေ၍ စာဖြင့် ရေးပြော ရခြင်း ဖြစ်ရာ ဉာဏ်ပူဇော်ခ ဆိုသည် နှင့် လူတွေ ကြောင်ကြောင် ဖြစ်သွားသည် ။
“ အေး .. မင်း ရိုက်မယ့် မင်းသမီး အတွက် အစအဆုံး တာဝန် ယူ ပေး မယ် ၊ သူ့ မှာ လဲ ပါရမီ ရှိတယ် ဆို ရင်ပေါ့ ၊ အဲဒါ ဉာဏ်ပူဇော်ခ နှစ် သောင်း ပေးရမယ် ”
သူ ခေါင်းငုံ့ သွားသည် ။
“ အင်း ... ဆရာ ကူညီလို့ မင်း တို့ အောင်မြင်သွားရင် မင်း တို့ သားမယား စားရမယ် ။ အဲဒါ ဆရာ့ ကို ရော မကျွေး သင့် ဘူးလား ”
နောက်မှ လာပါဦးမည် ဟု ပြောပြီး ပြန် သွားသည် ။
သာဓု တစ်ခု စဉ်းစားသည် ။ သူ့ တစ်ကိုယ်ရေ တစ်ကာယ အတွက် အကြံဉာဏ် မပေးနိုင်သည့် တိုင်အောင် မင်းသမီးသစ် နှင့် ပတ်သက်သော ကိုယ်တွေ့ ဗဟု သုတ တစ်ရပ် ကို မူ အများ သော အနုပညာရှင်တို့ အား ဖြန့်ဝေသင့် သည် ဟု ...
••••• ••••• ••••• •••••
ယခင် တစ်လ ကျော် က အနုဝင်္ကပါ ကဏ္ဍ တွင် လွန်ခဲ့သော အနှစ် ၂၀ လောက် က သာဓု ဖွင့် ခဲ့သော ရုပ်ရှင် သင်တန်း ကို သူတို့ ချင်း ဖိုမပြဿနာ ရှုပ် လာ၍ ရုတ်တရက် ပိတ်ပစ်လိုက် ရ ကြောင်းဖြင့် အဆုံးသ,တ်ခဲ့သည် ။
စင်စစ် သင်တန်း သာ ရပ် လိုက် သည် ။ ရိုးရိုးသားသား ဝါသနာရှင် များ ၏ ပညာ ကို ကား ရပ်၍ မရခဲ့ ။
အကြောင်းသော်ကား ...
“ ရုပ်ရှင်ယှက်ယှက် ကိစ္စတွေ ကြောင့် သင်တန်း ပိတ်တာ ကိုတော့ ကျွန်တော် ၊ ကျွန်မတို့ လဲ သဘော တူ ပါတယ် ၊ ဝမ်းလဲသာတယ် ၊ ဒါပေမဲ့ ပညာ ကိုတော့ ဆက် သင် ပေးပါ ဆရာ ၊ ဆရာ့ စိတ်ကြိုက် လူရွေး ပြီးတော့ ပေါ့ ”
ထို စကား ကို သာဓု လက် မခံလျှင် ရက်စက်ရာ ကျ ချေတော့မည် ။ အချို့ ကောင်လေး ၊ ကောင်မလေးများ အလွန် ရိုးသား သိမ်မွေ့လျက် အနုပညာသက်သက် ကို သာ မြတ်နိုးကြောင်း သာဓု အသိအမှတ် မပြုဘဲ မနေနိုင် ။ ကရုဏာ မပွား ၍ မရ ။ တောင်းပန်ကြ သည့် အတိုင်း သုံး ယောက် တစ်တွဲ ၊ လေးယောက် တစ်တွဲ ၊ ဝါသနာ တူချင်း ရွေး ထုတ်ကာ အမျိုးသမီး သတ်သတ် ၊ အမျိုးသား ချည်း သီးသန့် စသည် ဖြင့် သင်ကြား ပေး ခဲ့သည် ။
မူလ က သူတို့ စိတ် ထဲ ၌ ထင်မှတ် ယုံကြည် နေကြသည် မှာ သာဓု က သင်ကြား ပေးပြီး သည် ၏ အဆုံး ၌ သူတို့ အား သာဓု ရုပ်ရှင် တွင် ပင် ထ ည့်သွင်း ရိုက်ကူး ပေးလိမ့်မည် ဟု ယူဆ နေကြခြင်း ဖြစ်၏ ။
ဤသည် ကို သာဓု က ရှင်းရှင်း ပင် ကြိုတင် အသိပေး ထားရသည် ။
“ အေး ၊ မင်းတို့ ဝါသနာ အရ အခြေခံပညာ သဘော ဆရာ က သင်ပြရုံ သာ တတ်နိုင်တယ် ၊ ဆရာ့ ဇာတ်ကား ထဲ ထည့် ရိုက်ပေးဖို့ ကတော့ သိပ် မလွယ်လှဘူး ”
ဤလို အစချီ လျက် ...
“ ရှင်းရှင်း ပြောရရင် ဆရာသာဓု အဖွဲ့ မှာ သရုပ်ဆောင်သူ အမျိုးစုံ ရှိနေ ပြီ ၊ အရင်ကလဲ ရိုက်ခဲ့ပြီး ပြီ မို့ နောင် လဲ သူတို့ ကို သာ ဦးစားပေး မှ သဘာဝ ကျမယ် မဟုတ်လား ၊ အဲဒီတော့ မင်းတို့ အလှည့် က ဘယ်တော့ ရောက်မယ် မပြောနိုင်ဘူး ”
“ နောက် တစ်ခု မင်းတို့ သိ ထားဖို့ က ဆရာ ဟာ ရုပ်ရှင် ရိုက်တဲ့ နေရာ မှာ အိမ်ဖော် မိန်းမခန်း မိန်းမ ဆို ပြီး ရော ၊ ကားမောင်း ဒရိုင်ဘာခန်း မှာ ယောက်ျား ဆို ပြီးရော ဆိုတာမျိုး ဘယ်တော့မှ မလုပ်ဘူး ။ ၁၃ နှစ် သမီး ကို ကျောင်းပို့ ကျောင်းကြို လုပ် ရတဲ့ ဒရိုင်ဘာ ဆိုရင် လူငယ်ဒရိုင် ဘာ မသုံးဘူး ။ အသက် ၄၀ ကျော် ၅၀ လူကြီး ဒရိုင်ဘာ ကို သုံးတယ် ။ အဲ ဒါ ဘာကြောင့် လဲ ဆိုတော့ ၁၃ နှစ် သမီး ကျောင်း ပို့တဲ့ ကားမောင်းသူ က ၂၀ အရွယ် ဆို ဘယ် စိတ်ချရတော့မှာ တုံး ကွ ”
“ အခုဆိုရင် မင်းတို့ ထဲ မှာ ဟာသ ဘက် က သန်တဲ့ လူ ၊ အလွမ်းဝါသနာကြီးတဲ့ သူ ၊ အပျော်အရွှင် စိတ်ဝင်စားတဲ့ လူရယ် လို့ အမျိုးမျိုး ရှိ ရာမှာ သူ့ နေရာ နဲ့ သူ အံဝင် မှ ဆရာ ခေါ် ရိုက်မှာ ကွ ၊ ငွေရှင်သူဌေး ဘဝင် မြင့် နေတဲ့ အဘိုးကြီး ဆို ဦးသိန်း မောင် ၊ ဆင်းရဲသား စိတ်ကောင်း ရှိတဲ့ နှလုံးရောဂါသည် ဆိုလဲ ဦးသိန်း မောင် ၊ သားသမီးချင်း မစာနာတတ် တဲ့ ပထွေး ဆိုလဲ ဦးသိန်းမောင် ၊ ဘုရားဒါယကာ စေတနာရှင် လဲ ဦးသိန်းမောင် ဆိုတာမျိုး ဆရာ မလုပ် ဘူး ၊ ဇာတ်လမ်း ထဲ က လူ နဲ့ အံဝင်ပြီး သရုပ် တူ တဲ့ လူ ကိုသာ ဆရာ ရွေးရိုက် တတ်တယ် ”
“ အဲဒီတော့ မင်းတို့ နဲ့ အံဝင်ခွင်ကျ မယ့် ဇာတ်မျိုး ဘယ်တော့မှ ရိုက်ခွင့် ကြမယ် ဆိုတာ ဆရာ မသိဘူး ။ နှစ် နှစ် ကြာမလား ၊ ဆယ်နှစ် ကြာမလား ၊ ဒါလဲ ပြောလို့ မရဘူး ၊ ခု သင်တော့ သင်ပေးမယ် ၊ သဘောတရား ပြောပြ တဲ့ အဆင့် လောက် ပဲပေါ့ ၊ အဲ အခြေခံ ရသွားပြီ ဆိုရင် ကြိုက်တဲ့ ဆီမှာ ၊ ခေါ်တဲ့ ဆီမှာ သွားရိုက်ကြ ။ ဆရာ့ အနေနဲ့ ကတော့ ကျောင်းဆရာကြီး ဆိုပါတော့ ၊ ဆရာ တတ်နိုင် သလောက် သင် ပေးလိုက်မယ် ၊ အလုပ်တော့ ကိုယ့် ဟာ ကိုယ် ရှာ လုပ် ကြ ၊ အဲဒီ သဘောပဲ ”
••••• ••••• ••••• •••••
သို့လျှင် ရှင်းရှင်း ပြော၍ သင်ကြား ပေးခဲ့သော အနုပညာရှင်အချို့ ရုပ်ရှင်နယ် တွင် ဟန်ကျ နေကြသည် လည်း ရှိသည် ။ အပ်ချုပ်ဆိုင် ဖွင့်သူ ဖွင့် ၊ လေးဘီး တိုင်စီ မောင်းသူ မောင်း ဖြင့် အကြောင်း အားလျော်စွာ စခန်း သွား နေကြသည် ။
ထိုအထဲတွင် သဲသဲမဲမဲ ဇွဲ ကောင်းကောင်း ဖြင့် သာဓု ဇာတ်ကား ထဲ ပါရန် စောင့် နေသော တပည့် လေးငါးယောက် ရှိ နေခဲ့သည် ။ ယင်းတို့ အနက်မှ တစ်ယောက် သော ကောင်မလေး သည် သာဓု စိတ်တိုင်းကျ သွက်လက်ချက်ချာ လှ သည် ။ အရည်အသွေး ရှိသည် ။ ဇာတ်ကား တစ်ကားတည်း ဖြင့် နာမည် ကျော် သွား နိုင်သည့် ပါရမီရှင် ကလေး ဖြစ်သည် ။
ခေါ်ကြပါစို့ ။ သူ့ နာမည် “ ထိန်ဝါ ” ။ ထိန်ဝါ သည် သာဓု နှင့် ကားရိုက်ခွင့် ရ နိုင်ရန် လေးနှစ် မျှ အားခဲ စောင့်ခဲ့ ရှာသည် ။ ထိုစဉ် သာဓု ဘိုင် ကျ နေ၍ ကား မရိုက်နိုင် ။ ငွေစုရင်း အချိန်တွေ ကုန် နေခဲ့သည် ။
ကံအားလျော်စွာ မန္တလေးမြို့ ရှိ တိုက်ခွဲ ကို ဝယ်သူ ပေါ်လာ သဖြင့် ( ကြိုက်ဈေး ရ၍ ) ရောင်း လိုက်ကာ ဇာတ်ကား တစ်ကား စတင် ရိုက်ရန် ပြင်ဆင်လျက် ထိန်ဝါ ကို လည်း အပြင်းအထန် သင်ကြားသည် ။
မင်းသား မှာ သုမောင် ။
သူတို့ နှစ်ယောက် စလုံး ကို ၁၅ ရက် ခန့် ဆက်တိုက် သင်တန်း ပေး ပြီး စတင် ရိုက်ကူးသော အခါ နှစ် ယောက်စလုံး စိတ်တိုင်းကျ ကောင်း လှသည် ။ တော်ကြသည် ။ ကြိုး လည်း ကြိုးစားကြသည် ။
စတင် ရိုက်ကူးသည့် အချိန်မှာ မိုး ရာသီ ဖြစ်သော ကြောင့် မိုး ရွာ လျှင် ရပ် ၊ မိုး တိတ် မှ ရိုက် ၊ တစ်နေ့လုံး မှ တစ်ခါတစ်ရံ ပေ ၂၀၀ မျှသာ ပြီးသည် ။
ဤလိုဖြင့် မိုး ကုန်ခါ နီးသောအခါ ပေ ၄၀၀၀ ခန့် ပြီး သွားသည် ။ ရိုက် ပြီးသားများ ကူးဆေး ကြည့် သောအခါ သာဓု အလွန် အားရ နေသည် ။
မိုး သည် ကုန်ခါနီးလေ သည်းလေ ရှိ နေသောကြောင့် သြဂုတ်လ တစ် လလုံးနီးပါး ကားရိုက် ရပ်ထားရစဉ် တစ်နေ့သော မွန်းတည့် ချိန် တွင် သာဓုခြံ သို့ ထိန်ဝါ ရောက် လာသည် ။ ပါနေကျ အဖော် သူ့ အဒေါ် လည်း လိုက် လာသည် ။
ထိန်ဝါ့ ဒေါ်ဒေါ် သည် ထုံးစံ အတိုင်း ခြံထဲ ရောက်လျှင် သာဓု ၏ တပည့် သားမယားများ နှင့် ဝိုင်းဖွဲ့ကာ ငံပြာရည်ဖျော် သရက်သီးစိမ်း တစ် လှည့် ၊ လက်ဖက် ၊ ချင်းသုပ်တစ်လှည့် ၊ မိန်းမကြိုက် အစာများ စား ရင်း စကား ဖောင် နေ တတ်ကြသည် ။
ယနေ့ လည်း ထို အတိုင်း ထိန်ဝါ သာ အပေါ်ထပ် တက် လာသည် ။ သူ့ အဖော် အဒေါ် ကို မေး သောအခါ ... ။
“ ပုံမှန်အတိုင်းပဲ ဆရာ ။ မိုးကျ လက်ဖက်သုပ် စားကြမလို့ တဲ့ ။ ဝယ် လာလိုက်တာ စုံနေတာပဲ ၊ အောက် မှာ လေ အလုပ်ရှုပ်နေကြပြီ ”
“ ဒါ ထားပါဦး ၊ မိုးတွေလေတွေ နဲ့ ဘာလာ လုပ်တာလဲ ထိန်ဝါ ၊ မင်းတို့ အပြန် လိုက်ပို့စရာ ကား မရှိဘူး ။ မော်တော်ကား ကို မောင်ဝဏ္ဏ တို့ ယူ သွားတယ် ။ ပြည် ဘက် ကိုတဲ့ ၊ ရှုမျှော်ခင်း သွားကြည့် ကြလေ ရဲ့ ”
“ ရပါတယ်ဆရာ ၊ ထိန်ဝါတို့ ဘာသာ သုံးဘီးငှားပြန်မှာ ပေါ့ ”
ယခင်က ပြောနေကျ ကဲ့သို့ အမူအရာမျိုး မဟုတ် ။ ထိန်ဝါ ပြောပုံ ရော မျက်နှာထား ပါ ထူးခြားစွာ မဝံ့မရဲ လို ဖြစ် နေသည် ။
“ အေး ... ဒီပြင် ပြောစရာ တိုင်ပင် စရာအကြောင်းရှိလဲ ပွင့်ပွင့်လင်းလင်း သာ ပြောနော် ၊ ဆရာ့ ကို အားမ နာနဲ့ ၊ မကြောက်နဲ့ ”
ဤအထိ သူ မဝံ့ရဲသေး ။ ရဲဆေး တင်သကဲ့သို့ ပါးစပ် တပြင်ပြင် လုပ်နေ သောကြောင့်
“ ဘာလဲ ... အိမ်ထောင် ပြုတော့မ လို့ လား ၊ ဘယ်က ငနဲ လဲ ကွ ”
သာဓု က ရယ်စရာ သဘော ရော ပြောရဲ လာစေရန်ပါ ရယ်သွမ်းသွေး လိုက် သောကြောင့် ..
“ ဆရာ က လဲ ၊ ဆရာ့ ဗိုက် ထဲ မှာ ပုဏ္ဏားကလေး ရှိ နေသလိုပဲ ၊ ကွက်တိ ကို မှန် နေပြီ ”
“ အေး ... ဒါဖြင့်လဲ ပြော ။ ဆရာ ဘာ ကူညီရမလဲ ”
သူ ရှက်တွေကလေး တွေနေ သေး၏ ။
“ ပြောပါ ဟာ ၊ ရုပ်ရှင် ရိုက် နေသလို သဘော ထားပြီး သမီး က အဖေ ကို ဖွင့် ပြောသလို သရုပ်ဆောင် စမ်း ”
သူ ဆတ်ခနဲ ပြုံး တဲ့ လိုက်ပြီးမှ ...
“ မပြောလဲ မပြီးလို့ ဖွင့် ပြောရတဲ့ သဘောပါ နော် ။ ဒီလိုလေ ဆရာ ၊ ထိန်ဝါ့ ကို ချစ်ရေး ဆိုနေတာ နှစ် ယောက် ရှိပါတယ် ။ ခု နောက် တစ်ယောက် က လူကြီး စုံရာ နဲ့ လာ တောင်း နေပါတယ် ၊ အဲဒါ ”
“ ထိန်ဝါ က ဘယ်သူ့ ဘက် ယိမ်း နေသလဲ ”
သာဓု က အတို ချုပ်ချင်၍ ကြားဖြတ်ပြီး အဓိက အချက် ကို ကိုင်လိုက် သောအခါ -
“ ထိန်ဝါ မဝေခွဲတတ်ဘူး ဖြစ်နေပါ တယ် ဆရာ ၊ အဲဒါ ဆရာ နည်းနည်း စဉ်းစားပေးဖို့ ...”
“ အေး ... မင်း ယူမယ့် ယောက်ျား ကို ဆရာ က လက်ထပ် ကြည့်ရမယ် ဆို ပါတော့ ... ”
အသံကလေး စာသွားအောင် သူ ရယ်လိုက်သည် ။
“ ဒီလိုလဲ ဟုတ်ပါဘူးဆရာ ဟို .. အဲဒါ ... ”
စကား ကို သူ ရှေ့ဆက် မပြော တတ်တော့ချေ ။
“ ကဲပါလေ ... ဆရာ တစ်ခု မေး မယ် ၊ အဲဒီ သုံးယောက် ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေ ပြော ပြစမ်း ... ”
သူ ပြောပြသည် များ မှာ တစ်ယောက် က ဆရာဝန် နောက် တစ်ယောက် က တပ်မတော် မှ ဗိုလ်ကြီး ၊ အခြား တစ်ယောက် က လေယာဉ်မောင်း ( ပိုင်းလော့ ) ။ သုံးယောက် စလုံး ပညာ ကိုယ်စီ နှင့် ဖြစ်ကြ၍ လင်စုံမယား တစ်ဝမ်းတစ်ခါး အတွက် ကျေနပ်လောက်ဖွယ် ရှိသည် ။ ဤတွင် သူတို့ ၏ စိတ်နေ သဘောထား မည်သို့ရှိ သည် ကို သာ လေ့လာရန် ကျန်တော့ သဖြင့် ထို ထိန်ဝါ အား ချစ်ရေးဆိုသူ တို့ ၏ လိပ်စာ ကို မေးထား လိုက်သည် ။
ပြောင်ပြောင်တင်းတင်း ခေါ်၍ မေး ရန်ကား လုံးဝ မသင့် ၊ ထို သုံးဦး ကို အတိအလင်း စာမေးပွဲ စစ် သကဲ့သို့ မေးခွန်း ထုတ်ပြီးသည် ၏ အဆုံး၌ ( သူ တစ်ယောက် ကား အောင်စေသတည်း ) လုပ် လိုက်လျှင် သာဓု မှာ ကိုယ့် ထမင်း ကိုယ် စား ပြီး အမုန်း ခံရမည် ။ ထိုမျှဆို တော်သေး လျက် အချစ် စိတ်ဖြင့် မှောင်ရိပ် မှ ချောင်း ရိုက်ချေသော် ... ဒုက္ခ ။ မိမိ တပည့်မ ၏ တစ်သက်တာ အိမ်ထောင်ရေး ကိစ္စ လည်း ကူညီ ချင် သည် ။ သို့နှင့် လိပ်စာများ ယူထား ပြီး နီးစပ်ရာ စုံစမ်း လေ့လာကြည့် သည် ။ ရက်ပေါင်း ၄၀ ခန့် ကြာ သည် ။ နောက်ဆုံး၌ အစစ ကျေနပ် ဖွယ်ရာ ရှိသည့် တစ်ယောက် သော သူ့ ချစ်သူ ( ရာထူး မဖော်ပြသင့် ထင်၏ ) နှင့် အဆင်ပြေ သွားအောင် လူကြီးစုံရာ ဖြင့် စေ့စပ်ခြင်း ၊ ထိမ်းမြားဧည့်ခံခြင်းများ ပါ မကျန် သာဓု ဆောင်ရွက် ပေးလိုက်သည် ။
နှစ်ဖက်လူကြီး ချင်း စေ့စပ် ပြီးကြစဉ် ကာလ အတွင်း သာဓု သည် သူတို့ နှစ်ယောက် အား အိမ်သို့ ခေါ်၍ အိမ်ထောင်ရေး ပညာ စကားများ ပြော၍ သွန်သင်သည် ။ သြဝါဒ ပေးသည် ။ နောက်ဆုံး စကား အဖြစ် ရိုက်လက်စ ဇာတ်ကား ကို ရိုက်ပေး ရန် ထိန်ဝါ ကို ပြောလျက် သူ့ ကြင်ဖက်လောင်း အား လည်း ခွင့်ပြု ရန် စကား ချည် လိုက်ရာ ..
“ ဟာ ... ဆရာ ရယ် ဆရာ့ ကျေးဇူး ဒီလောက် ကြီး နေတာ ၊ ဒီ တစ်ကား မဟုတ်ဘူး ။ နောက်ကား တွေ မှာ လဲ ဆရာ ခေါ် ပါ ။ ရိုက်စေရပါမယ် ”
တစ်လ ၊ နှစ်လ ၊ သုံးလ သူတို့ နှစ် ယောက် ဟန်နီးမွန်း ၍ အားရလောက်သည့် အချိန် လောက်တွင် ထိန်ဝါ ကို ရိုက်လက်စ ကား ဆက် ရိုက်တော့မည့် အကြောင်း စာရေး ခေါ် သည် ။ မလာ ။
နောက်ထပ် နှစ်ကြိမ် ခေါ်သည် ။ အကြောင်း မပြန် ။ သို့နှင့် ပြတ်ပြတ် သားသား သိရရန် သာဓု ကိုယ်တိုင် သူ့ အိမ် ကို လိုက် သွားသော အခါ အိမ် ရှေ့ ကား ရပ်လိုက်သည် နှင့် နောက်ဖေးဘက် မှ ဆင်းသွား ၊ အခြား အိမ် သွား ပုန်းနေသည် ။
သာဓု ရိပ်မိ လိုက်သည့် အတိုင်း ( အလွန်လည်း ဒေါသ ဖြစ်မိ၍ ) သူ့ မိခင်ကြီး ရှိရာ သိမ်ကြီးဈေး လက်ဖက်ခြောက်တန်း သို့ လိုက် သွား ပြီး တုံးတိတိ ပင် မေး လိုက်ရ၏ ။
“ ဘယ်လိုလဲ ဒေါ်ပန်းလှ ၊ ထိန်ဝါ က ရုပ်ရှင် ဆက် မရိုက်ချင်တော့ဘူးတဲ့ လား ။ ရတယ် ။ ဘွင်းဘွင်းပဲ သိ ချင်တယ် ။ မလိမ့်တစ်ပတ် တော့ လုပ် မနေကြနဲ့ ”
ဒေါ်ပန်းလှ အတော်ကလေး စိတ် မကောင်းဖြစ်နေပုံ ရသည် ။ သူ့ သမီး အတွက် လည်း တစ်ဖက် က ဒေါသ ဖြစ် နေသည့် အသွင် ဆောင် နေသည် ။
“ ကျွန်မ လဲ သိပ် အားနာ ပါတယ် ဆရာ ၊ သမီး ကလဲ သိပ် ဝါသနာ ပါလို့ ၊ ၃ ၊ ၄ နှစ် စောင့်ပြီး ပညာ ယူခဲ့တယ် ။ ဆရာ အသိပါ ။ ခု အကောင်အထည် ပေါ်ခါနီး မှ အင်း ... သူ့ ယောက်ျား က ခွင့်မပြုနိုင်တော့ဘူး ဖြစ်နေလို့ အဲဒါ လင်းမယား လဲ တကျက်ကျက် ”
“ ရပါတယ် ၊ ရန်လဲ ဖြစ် မနေကြပါ နဲ့ လို့ ပြောပါ ၊ ခု အိမ်ပြန် ရောက်ရင် ရိုက်ပြီးသား ဖလင်တွေ ပေ ၄၀၀၀ လောက် ကို မီးရှို့ လိုက်ပြီလို့ သာ ပြော လိုက်ပါ ။ စိတ်အေးချမ်းသာ နေ ကြပါစေ ၊ မခေါ်တော့ပါဘူး ”
ဒေါ်ပန်းလှ မျက်ရည် လည်နေ ရှာသည် ။
“ အဲ .. နောင် အကြောင်း ရှိရင်ပေါ့ ။ ရုပ်ရှင်ကိစ္စ က လွဲရင် လိုတဲ့ အကူအညီ တောင်းကြပေါ့ ဟုတ်လား ။ ထိန်ဝါ့ ကိုလဲ ဒီအတိုင်း ပြော လိုက်ပါ ”
••••• ••••• ••••• •••••
နဂ္ဂတစ် ဖလင်ရိုင်း ပေ ၄၀၀၀ အပြင်မှောင်ခိုဈေး နှင့် ဆိုပါက ငွေ တစ်သောင်းငါးထောင် ကျော် ဖိုး ။ ဆေးစိမ်ခ ၊ စက်ခ ၊ ရိုက်စရိတ်နှင့် ဆိုပါမူ စုစုပေါင်း နှစ်သောင်းလေးထောင် ခန့် သာဓု အဆုံး ခံလိုက်ရ ချေ၏ ။
ထိုသည့် နောက်ပိုင်း မင်းသမီးသစ် အဖြစ် ပါဝင်လိုသူများ ရောက် လာတိုင်း အောက်ပါ မေးခွန်း များ ကို စက်သေနတ် ပစ်သလို တရစပ် မေး နေရသည် ။
၁ ။ မင်း မှာ ချစ်သူရည်းစားရှိ သလား ။
၂ ။ ခု လောလောဆယ်မှာ အပျိုဆို ပေမဲ့ အိမ်ထောင် မရှိတိုင်း အပျို မဟုတ်ဘူး ။ ဟိုတုန်းက အိမ်ထောင် ကျခဲ့ ဖူးသလား ။
၃ ။ တစ်ခုလပ် လား ၊ မုဆိုးမ လား ။
၄ ။ ခေတ္တခဏ ခွဲခွာ နေတာလား ။
၅ ။ မိဘ မောင်ဘွား ၊ သို့မဟုတ်ကြင်သူသက်ထား ၊ သို့မဟုတ် ချစ်သူ
ထောက်ခံချက် ပေး မလား ။
စသည် ဖြင့် .. အစ ရှိသည်ဖြင့် မေး မည့် သာ မေးရသည် ။ သူတို့ က လည်း ခေါင်းသာ ညိတ်ကြ သည် ။ အလုပ် လုပ် ရသည်မှာ ရင် တထိတ်ထိတ် ။
ယခု လောလောဆယ် မှာ ပင် သာဓု ထိပ် မြွေခဲ ခံနေရသည် ။ ရိုက် လက်စ ( ကြိုး ) ဇာတ်ကား တွင် မင်းသမီး တစ်လက် အဖြစ် သာဓု တင် ထားသူကလေး မှာ ဇာတ်ကား ထက်ဝက် ကျိုး မှ အဆုတ်ရောဂါ ပေါ် လာ သောကြောင့် ဆေးရုံ တင်ရ ၊ ရာသီဥတု မျှတ ရာ အရပ်များ သို့ ပို့ရ ခြင်း ၂ နှစ် နီးပါး စောင့် ခဲ့ရ သည် ။
ဆေးရုံ မှ ဆင်းခွင့် ရ ပြန် ပါ သော်လည်း ဇာတ်ကား ရိုက်စ က ခန္ဓာကိုယ် ၏ ထက်ဝက် မျှ ပိန်သွား လေသော ကြောင့် အသားမွေးရ နဂို အတိုင်း ပြန် ရောက်အောင် စောင့်ရ သည် ။
တစ်ဖန် သား ဖြစ်သူ သုမောင် မှာ လည်း အရက် သောက် လိုက် ဖြတ် လိုက် ၊ ပြန် သောက် လိုက် လုပ်နေ ခဲ့ သည် နှင့် အမျှ သူ့ မျက်နှာသည် လည်း ပိန်လိုက် ဖောင်းလိုက် ဖြစ် နေ၍ ထပ်တလဲလဲ ပြန် ရိုက်ရ ။
ယင်းသို့သော အကြောင်းများ ကြောင့် လည်း သာဓု ၏ “ ကြိုး ” ဇာတ်ကား ဤ၍ ဤမျှ ကြန့် ကြာ နေရသည် ။
ဤ စာ ရေးနေစဉ် မှာ မူ သုမောင် တစ်ကောင် အရက် ပြတ် နေ ချေပြီ ။ ဤ တစ်ကြိမ် အမှန် တကယ် ပြတ်ခြင်း ဖြစ်ပါစေ ဟု ဆုတောင်း နေရ သည် ။
••••• ••••• ••••• •••••
အိမ်း ... နောင်သော အခါတွင် မင်းသား ၊ မင်းသမီး တင်လို ချေ က ဆေးရုံ ပို့ပြီး မည်သို့သော ရောဂါ ရှိသည် ကို စမ်းသပ် ဆေးစစ်ရမည် ကဲ့သို့ သာဓု ရင်ပူ လှသည် ။
ယခု လောလောဆယ် တွင်မူ ရုပ်ရှင်ထုတ်လုပ်ရေးသမား တို့ အကြောက်ဆုံး သော ရောဂါ မှာ တစ် ခု တည်း သာ ရှိချေသည် ။
ထို တစ်ခု တည်း သော ရောဂါ မှာ လည်း သရုပ်ဆောင် အမျိုးသမီးတိုင်း တွင် တစ်နှစ် တစ်ကြိမ် နှစ် , နှစ် တစ်ကြိမ် ဆို သကဲ့သို့ ဖြစ်လေ့ ပေါ်လေ့ရှိ သော ရောဂါ မှာ ...
“ ပဋိသန္ဓေ ”
( ၂၄ - ၂ - ၈၅ )
◾ သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
မေ ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
Jul 26, 2023 08:17
.
No comments:
Post a Comment