❝ ဆုထူးပန် ❞
လှူတဲ့ တန်းတဲ့ နေရာ စိတ်သဒ္ဓါ မပြတ်ဘဲ ဆရာတော် ကို မလှူ နဲ့ ၊ ဆရာတော် က ကိုယ် လှူထားတဲ့ ပစ္စည်း ကို ကိုယ့် ရှေ့ မှာ တင် အခြား သူကို ထပ် လှူချင် လှူ ပစ်လိုက်တာလို့ ဒေါ်ထွေးစိန် က ပြောတယ် ။
ရန်ကုန် ၊ တာမွေမြို့နယ် က ဆုထူးပန်ကျောင်း ကို ကျွန်တော် ရောက်စဉ် သမီး တစ်ယောက် ရဲ့ မွေးနေ့ အထိမ်းအမှတ် အဖြစ် အရုဏ်ဆွမ်း လာ ကပ်တဲ့ ဒေါ်ထွေးစိန် နဲ့ ဆုံတွေ့ ရတာပေါ့ ။
ဒေါ်ထွေးစိန် တို့ မိသားစု မှာ ဆရာတော် နဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓာတ်ပုံတွေ အများကြီး ရှိတယ် ။ ကချင်ပြည်နယ် ၊ မွန်ပြည်နယ် ကို သာသနာပြုခရီး သွားတဲ့ ပုံတွေ ၊ လပြည့်လကွယ် ရက် တိုင်း သန်လျင် အနီး က ဆင်းရဲနွမ်းပါး တဲ့ ကလေးသူငယ် တွေ ကို ကြွပ်ကြွပ်အိတ်ကလေး တွေ နဲ့ ထမင်းတွေ ထည့် ပြီး အာဟာရဒါန ပြုနေ ပုံတွေ ၊ ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း ဖွင့်ပြီး ကလေးတွေအတွက် ပညာဒါန လုပ်ပေး နေ ပုံတွေ ၊ သွေး အလှူရှင်အသင်း ဖွဲ့ပြီး ဇီဝိတဒါန သွေးလှူကြဖို့ စီစဉ်တဲ့ ပုံတွေ ၊ မျက်စိ ခွဲစိတ်ကုသဖို့ ကူညီတဲ့ ပုံတွေ အစုံ တွေ့ရ ပါတယ် ။
ဆုထူးပန် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သလ္လာ ပဏ္ဍိတ ကို မန္တလေးမြို့ မှာ စတင် တွေ့ဆုံပြီး ရင်းနှီးခွင့် ရခဲ့တာပါ ။ ဆရာတော် ရဲ့ တပည့်ဒကာ ၊ ဒကာမတွေ ဖြစ်တဲ့ ကိုမောင် နဲ့ မမကြင် က ဆွမ်းကပ်တာ ကို ကူညီ လုပ်ကိုင် ( စားသောက် ) ရင်း ဆရာတော် နဲ့ နီးနီးကပ်ကပ် စကားစမြည် ပြောခွင့် သိချင်တာ မေးလျှောက် ခွင့် ရ ခဲ့တယ် ။
ဆရာတော် က သူ့ ဘဝ ထေရုပ္ပတ္တိ ကို ယခု လို မိန့်ကြား ပါတယ် ။
••••• ••••• •••••
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ယင်းမာပင်မြို့နယ် မင်းကန်ကြီးကျေးရွာ မှာ ကျုပ် မွေး ပါတယ် ။ မိဘ တွေ က ဦးသာရွှန်း ၊ ဒေါ်သိန်းကြွယ် ။
ကျုပ် အမေကြီး မယ်ညို ဆိုတာ မင်းကန်ကြီးရွာ မှာ ဘုရားအစ်မ ၊ ကျောင်းအစ်မ အချမ်းသာဆုံး ထဲ က ပါ ခဲ့တယ် ။ အခု အချိန် အထိ မယ်ညို့ဘုရားတွေ ရှိ ပါတယ် ။ မယ်ညို က ဦးသာဝင်း ၊ ဦးသာရွှန်း ၊ သား နှစ်ယောက် မွေး ပါတယ် ။ ဦးသာဝင်း က မောင်ပိုက် ဆိုတဲ့ သားလေး တစ်ယောက် မွေးပြီး ဆုံး ရှာတယ် ။ မောင်ပိုက် ကို ကျုပ် ရဲ့ ခမည်းတော် ဖြစ်တဲ့ ဦးသာရွှန်း က စောင့်ထိန်း ထားတယ် ။ ဦးသာဝင်း ဆုံး တော့ သူ့ ဇနီး က နောက် အိမ်ထောင် ပြုပြီး မောင်ပိုက် နဲ့ ပတ်သက်တဲ့ အမွေမှု ဖြစ် ကြတယ် ။ ကျုပ် ရဲ့ ခမည်းတော် တို့ က အမှု ရှုံးပြီး အမေ့ ရွာ ကို ပြောင်း လာ ခဲ့ ကြတယ် ။
အမေ က ရင်ပေါင်တိုင် ရွာသူ ၊ အမေ က ကနီဝန်မင်း ရဲ့ မြေး မြစ် တော် ပါတယ် ။ ရှေး လူကြီးတွေ ရဲ့ ဝါဒ က ရွှေတွေ ငွေတွေ ကို လူတွေ ခိုးနိုင် ယူနိုင် တယ် ။ မြေ က လူ မခိုးနိုင် ၊ မီး မလောင်နိုင်ဘူး ဆိုပြီး မြေတွေ နင်းကန် ဝယ်တာ ။ လက်ညှိုး ထိုး မလွဲဘဲ ။ ကျုပ်တို့ အိမ် က တိုင်လုံးကြီးတွေ လူ လက် တစ်ဖက် ကြီးတယ် ။ အိမ် အောက် ကို ဆင် ဝင် နိုင် ပါတယ် ။ ဝင်းကြီး အိမ်ကြီး ပေါ့ ။
သို့သော် ပျက်စီးချိန် ကျ လာတော့ အလံနီ တို့ ၊ ရဲဘော်ဖြူ တို့ တွေ ပေါ်လာတယ် ။ ဆင်းရဲသား မြှင့်တင်ရေး ၊ အထက်တန်းစား ဆွဲချကြ ဆိုပြီး ကျုပ် တို့ ဂျုံ တွေ ၊ ကု,လားပဲ တွေကို ကျုံးကြ ယူကြ လုပ်တော့ ကုန်ပါလေရော ။
အမေ့ မောင် ကျုပ်တို့ ဦးကြီး က သူကြီး ။ ကျုပ်တို့ ဘက်မှာ သူကြီးတွေ လိုက် သ,တ်တော့ ကျုပ် တို့ ဦးကြီး ပစ်သ,တ်ခံရတယ် ။ အမေ့ မှာ မောင်နှမ နှစ်ယောက် တည်း ရှိတာ မို့ စိတ် ထိခိုက်ပြီး ဆုံးရှာတယ် ။ ကျုပ် က အကြီးဆုံး သား ၊ ၁၂ နှစ် ၁၃ နှစ် အရွယ်လေး ၊ သိတတ် ခံစားတတ် တယ် ။ ကျုပ် မှာ ညီ တစ်ယောက် ရှိတယ် ။
ရဲဘော်ဖြူတွေ က ကျုပ်တို့ အိမ်ကြီး ကို ပြည်သူပိုင် သိမ်း လိုက်ပြီး အချုပ်ထောင် လုပ် လိုက်တယ် ။ အမေ လည်း ဆုံး ။ အိမ် လည်း ဆုံး ဆိုတော့ ကျုပ် ရွာ ကို စွန့်ခွာ ခဲ့တယ် ။ နှမလေး ကို အမျိုးအိမ် တစ်အိမ် မှာ အပ် ၊ ညီလေး ကို ခေါ်ပြီး အဝတ် တစ်ထည် ၊ ကိုယ် တစ်ခု နဲ့ ရွာ က ထွက် လာတာ ။ မကြီးပွား မချမ်းသာ ဘဲ သည် ရွာ ကို ပြန် မလာတော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက် နဲ့ ပေါ့ ။
တမာပင်ခွရွာ ဗောဓိဝေယန်ကျောင်း မှာ ကျုပ် နေခဲ့ပါတယ် ။ နောက် ကိုရင် ဝတ် လိုက်တယ် ။ သင်္ကန်း ဝတ်မယ် ဆိုတော့ ဆွေမျိုးတွေ က မဝတ် ဖို့ တား ကြတယ် ။ သင်္ကန်း ဝတ်ပြီး ကြီး မှ လူ ထွက် လာရင် နတ်အိုးကွဲ ဖြစ်လိမ့်မယ် ။ နတ်အိုးကွဲ ဆိုတာ ချေး မကော် လောက် ပဲ မလှော် လောက် ဘာမှ သုံးလို့ မရဘူး တဲ့ ။
ကျုပ် ဘဝ မှာ ကြိုးစား စရာ လမ်း နှစ်သွယ် ရှိတယ် ။ လောကီစာ ထူးချွန်အောင် သင် မလား ။ လောကုတ္တရာ ဘက် လိုက် မလား ။ ရဟန်း ဝတ်ပြီး သာသနာ ပြုမယ့် လမ်း ကို ကျုပ် ရွေးလိုက်တယ် ။ စာ ပဲ ကြိုးစားတယ် ။ ကျုပ် မှာ စာပဲ အားကိုးစရာ ရှိ တော့တယ် ။ မြေတွေ ယာတွေ လည်း ဘာမှ မရှိတော့ဘူး လေ ။
ငယ်ငယ်ရွယ်ရွယ် နဲ့ ၁၅ နှစ် မှာ အဘိဓမ္မာ စာမေးပွဲ အောင်တယ် ။ ၁၆ နှစ် မှာ ပထမငယ် အောင်တယ် ။ ၁၇ နှစ် ဆို ပထမလတ် ၊ ၁၈ နှစ်မှာ ပထမကြီး အောင်တယ် ။ ၁၉ နှစ် မှာ ဓမ္မာစရိယ ဖြေတယ် ။ မင်းကန်ကြီးရွာ က ဒေါ်ကောက် က ရဟန်းခံ လို့ ရဟန်း ဖြစ် လာတယ် ။
မန္တလေး မဟာဝိသုဒ္ဓါရုံ တိုက်သစ် သံတော်ဆင့်ကျောင်း ကို ပြောင်း နေပြီး ဓမ္မာစရိယ စာမေးပွဲ ဖြေတယ် ။ ဂုဏ်ထူးနဲ့ အောင်တဲ့ အတွက် သာသနဓဇ သီရိ ပဝရ ဓမ္မာစရိယ ဘွဲ့ ရတယ် ။ အောင် ပြီး တော့ ကျောင်းတိုက် ထဲ မှာ စာချဘုန်းကြီး ဖြစ် လာတယ် ။ ကျောင်းတိုက် က လစဉ် ထောက်ပံ့တဲ့ အလှူငွေ ရတယ် ။
သံတော်ဆင့်ကျောင်း ဆရာတော် ဦးဝါသဝါ က ရန်ကုန် မှာ မဟာဝိသုဒ္ဓါရုံ ရွှေကျင် ကျောင်းတိုက်ခွဲ ဖွင့်ဖို့ ခေါ် လို့ စာချဘုန်းကြီး လိုက် လုပ်တယ် ။ ဆယ်နှစ် ပြည့် တော့ မဟာစည် ဆရာတော်ကြီး ၊ မော်လမြိုင် သတိပဋ္ဌာန် ဆရာတော်ကြီး တို့ ဆီ မှာ တရား အားထုတ်တယ် ။ ကျုပ် လုပ်ချင်တာ က တစ်ဖက် မှာ ရဟန်းတော် တွေ ကို စာ သင်ပေးမယ့် ပရိယတ္တိစာသင်တိုက် ၊ တစ်ဖက် က ပရဟိတ စာသင်ကျောင်း ၊ ပညာ သင်ဖို့ ကျောင်း မနေနိုင်တဲ့ ကလေးတွေ ကို ထောက်ပံ့မယ် ပေါ့ ။ ကျုပ် ဘဝ က ဆင်းဆင်းရဲရဲ နေခဲ့ ရ တော့ မိဘမဲ့ သားသမီးတွေကို ကူညီချင်တယ် ။
၁၃၃၃ ခုနှစ် က စပြီး ရန်ကုန် ၊ တာမွေမြို့နယ် ဆုထူးပန် ပရိယတ္တိ ရွှေကျင် ကျောင်းတိုက်ကြီး ကို တည်ထောင်ပြီး တပည့် သံဃာတော်တွေ ကို ပရိယတ္တိ စာပေ တွေ သင်ကြား ပို့ချ ပေးတယ် ။ ယခု စာသင်သံဃာ အပါး ၁၅၀ ကျော် လောက် ရှိတယ် ။ သာမဏေကျော်တွေ တစ်နှစ် တစ်နှစ် အပါး ၇၀ ၊ ၈၀ အောင် ပါတယ် ။
ဆုထူးပန်ကျောင်း က ဇာတ်မင်းသားကြီး ဂရိတ် ဦးဖိုးစိန်ကြီး နေ ခဲ့တဲ့ အိမ်ကြီး ၊ ဒေါ်ကင်းပုံ ဆိုတဲ့ ဆုထူးပန် ရုပ်ရှင်ရုံ ပိုင်ရှင် အမျိုးသမီးကြီး က ဝယ်ပြီး ကျောင်း အဖြစ် လှူ ခဲ့တာ ။ အဲသည့်ကျောင်း ကို ကျုပ် သီတင်း သုံး ရတော့ ဆုထူးပန် ဆိုတဲ့ အမည် ကို ပေး လိုက်တာ ။
မန္တလေး ကို စာ သင်ဖို့ ကျုပ် ရောက် လာတော့ ပဲပြုတ် တစ်ခွက် ဆီရွှဲရွှဲလေး စား ရ ရင် ဝမ်းသာ လှပြီ ။ ယခုတော့ ဆွမ်းတွေ လောင်းလှူကြတာ အများကြီး ။ ပိုပိုလျှံလျှံ ရှိတယ် ။ ကျုပ် က အလကား အဖြစ် မခံပါဘူး ။ သန်လျင် ဘက် သွားပြီး ကျုပ် ကျောင်း နား က ဆင်းရဲသား ရပ်ကွက်ကလေး ကို စတုဒီသာ သွား ကျွေးတယ် ။ ကျုပ် ဆောင်ပုဒ် က လှူ ရင် ပေါ ၊ နှမြော ရင် ရှားတယ် ။ ငွေ မလှူနိုင် တောင် ရေ ဖြင့် တော့ လှူကြပါ ။ လှူတာ ဟာ ယူ တာ ပါပဲ ။
မမျှော်လင့်ဘဲ မအူပင်မြို့နယ် မှာ ရွှေချိုးဖြူ မူလခဲဘုရား တည် ရတယ် ။ တပည့် က စာမေးပွဲ အောင်လို့ ပင့်တာ နဲ့ သွားတာ ဟိုမှာ ဗောဓိဆရာတော်ကြီး က တာဝန် ပေးတာ နဲ့ ပျက်စီး နေတဲ့ ဘုရားကြီး ကို ပြင်ပြီး တည်ရတာ ။
ဘုရား တည် တဲ့ ဘုန်းကြီး မဟုတ်ပေမယ့် တည် ခဲ့ရတာ အဆူ နှစ်ဆယ် ကျော် သွားပြီ ။ ပျက် နေတဲ့ ဘုရားတွေ ပြင် တည် တာပါ ။ ကျုပ် ဇာတိ မင်းကန်ကြီးရွာ မှာ လည်း အမေကြီးမယ်ညို တည် ခဲ့တဲ့ ဘုရား ကို ကျုပ် ပြင် တည်ခဲ့ပါတယ် ။ မြေပြင် ပကတိ ဖြစ်နေတဲ့ နေရာ ဘုရား တည်မည် ဆိုတော့ မြေကြီး ထဲ ကနေ ဆံတော် ခြောက်ဆူ နဲ့ ဓာတ်တော်တွေ ပေါ် လာတယ် ။ ဆကေသဓာတု ဆံတော် ခြောက်ဆူ ပေါ်တော်မူ ကပ်ကျော်ဆုတောင်းပြည့် စေတီတော်ကို လွန်ခဲ့တဲ့ ဆယ်နှစ် ကျော် က တည် ခဲ့ပါတယ် ။
မျက်စိဆေးရုံ က ကျုပ် ကျောင်းနား မှာ ကပ် နေတော့ ဆရာဝန်တွေ ဧရာဝတီတိုင်း ကို ပင့်ခေါ် သွားပြီး လူနာ ငါးရာ လောက် ကုပေးတယ် ။ လူနာ နှစ်ရာကျော် ကို သင်္ဘောကြီး နဲ့ တင် ခေါ် လာပြီး ကျုပ် ကျောင်း မှာ တည်း ၊ မျက်စိဆေးရုံ ကို သွား ကုဖို့ စီစဉ် ပေးတယ် ။ စက္ခုဒါန ပေါ့ ။ မျက်စိ အဆုံး နား အရှုံး ဆိုတာ ကိုး ။ မျက်စိ ကု ဖို့ မတတ်နိုင်တဲ့ သူတွေ ကို မျက်စိ တစ်လုံး ငွေနှစ်သောင်းခွဲ ကျော် အကူအညီ ပေးတယ် ။ မျက်ကြည်လွှာ အလှူရှင်တွေ စည်းရုံးတာ လူ နှစ်သောင်း ကျော် ရှိ သွားပါပြီ ။
မအူပင် ကို သွားရင်း သွေးလှူရှင်အသင်း ဖွဲ့ဖြစ် သွားတယ် ။ သွေး သည် အသက် ၊ မိမိ သွေး ဖြင့် သူ တစ်ပါး အသက်ကို ကယ်ရာ ရောက်တဲ့ အတွက် သွေးလှူ တာ အာယုဒါန ၊ ဇီဝိတဒါန မည်ပါတယ် လို့ ကျုပ် က တရားဟော လိုက်တော့ သွေးလှူရှင်တွေ တိုး လာတယ် ။ သွေး လှူတယ် ဆိုတာ အသက်အရွယ် ၊ ကျန်းမာရေး ပြည့်စုံ မှ လှူနိုင်တာ ၊ သွေး မလှူနိုင်တဲ့ လူတွေ က လှူသူ ကို အကူအညီ ပေး ရင်လည်း ဒါန မြောက်ပါတယ်လို့ ဟောတော့ ၊ ကိုယ် တတ် နိုင်ရာ ဝင် လှူ ကြတယ် ။
တစ်ပတ် ကို သွေးပုလင်း ၇ဝ ကျော် လာ လှူကြတယ် ။ သွေး လှူသူတွေ ကို ကျုပ်တို့ က အစာ လည်း ကျွေး ၊ ကား နဲ့ လည်း ပို့ ပေးတယ် ။ မအူပင် ဘက် က လူတွေ ကား နဲ့ သွား ခေါ်လာပြီး ရန်ကုန်ဆေးရုံကြီး ၊ မြောက်ဥက္ကလာပဆေးရုံကြီး တွေ မှာ သွေး စုပေါင်း လှူ နေကြတာ ငါးနှစ် ကျော် ပါပြီ ။
ကျုပ် ဘဝ က မိဘ မဲ့ ၊ ဘဝ နာ လို့ အသိ နာ ခဲ့တယ် ။ ကျုပ် ရဲ့ ဆောင်ပုဒ် က ကိုယ့် ကို မှီ ၍ အများ ချမ်းသာကြပါစေ ။ လူ ဆိုတာ အများ အကျိုး အားကိုးရ မှ လူ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment