Monday, July 31, 2023

ဖြစ်ချင်တာ က သူကြွယ် ၊ ဖြစ်သွားတာ က ငါးဖယ်


 ❝ ဖြစ်ချင်တာ က သူကြွယ် ၊ ဖြစ်သွားတာ က ငါးဖယ် ❞


တကတည်း စီး လိုက်ကြတဲ့ ဆိုင်ကယ်တွေ တ .. တီ ... တီ ၊ တ ... ဗြဲ ... ဗြဲ နဲ့ ။ မြင်ပြင်း ကို ကပ်စရာ ကောင်းလွန်းလှတယ် ။ အားကျစရာ လည်း အကောင်းသား လို့ ပြောရ မလားပဲ ။


နဂို က တော့ ရွာ နဲ့ အရှေ့ဝင်းနဲ့ အနောက်ဝင်း ကို မပြောပါနဲ့ဦး ။ ရွာ နဲ့ လေးငါးခြောက်မိုင် လောက် ဝေးတဲ့ ခတက္ကန် ၊ တောင်မတော ရွာတွေ ကို တောင် အရေး အကြောင်း ရှိလျှင် ခြေလျင် သွား နေကြရ တာ မဟုတ် လား ။ ခုတော့ ဟိုဝင်း ၊ ဒီဝင်း ကူး ကြ တာတောင် ဆိုင်ကယ် နဲ့ ဆိုတော့ မလွန်လွန်ဘူးလား ။ မမြင်ဖူး မူးမြစ် ထင် သလိုပ ။ ခုမှ စီးဖူးကြ ၊ စီးကြရတာ ဆိုတော့ စီးကြ ပေမှာပဲ ။ စီးကြပလေ့စေ ။


နယ် တစ်လွှား တိုင်ဝမ် ခရမ်းချဉ် ဖြစ်ထွန်း လိုက်တာ သိန်း နှစ်ဆယ် ရရှိလိုက်ကြတဲ့ သူနဲ့ ။ သိန်း ငါးဆယ် ရ လိုက်ကြတဲ့ သူ နဲ့ ။ ကျုပ်တို့ တစ်သက် မှာ တော့ မတွေ့ ကြုံခဲ့ဖူး ၊ မမျှော်လင့်ခဲ့ဖူး တဲ့ ငွေကြေး ပမာဏ ပါပဲ ။ အိမ်တွေ မှာ သွပ်မိုး တပြောင်ပြောင် နဲ့ ၊ ရှင်ပြု လိုက်ကြတာ ဆိုင်းသံ တဒိန်းဒိန်း နဲ့ ။ ဆိုင်ကယ်တွေ ဝယ် စီး လိုက်ကြ တာ တဗြဲဗြဲ နဲ့ ။ တိုင်ဝမ်ခရီးချဉ် က ရွှေမိုး ၊ ငွေမိုး ရွာချ လိုက် သလိုပါပဲ ။


ရွာ ကို တိုင်ဝမ်ခရမ်းချဉ် လို့ ခေါ် တဲ့ ခရမ်းချဉ် ကို ပထမဆုံး သယ်ယူ လာတဲ့ သူ က ငမောက် ပါပဲ ။ ငမောက် က မုဆိုးမ ဒေါ်ကြီးကြည် ရဲ့ တစ်ဦးတည်း သော သားပါ ။ အမေကြီး က အကြော် ရောင်း ၊ သူ က သူများ ယာလုပ်ငန်း အငှား ခေါ် ရင် လိုက်ပြီး လုပ်ကိုင် ။ သူတို့ မှာ ယာမြေ မှ မရှိတာ ကိုး ။ တစ်မိုး ကုန် လို့ အသက် သာ တစ်နှစ် ကြီး လာတယ် ။ ပုဆိုး နှစ်ကွင်း က နေ သုံးကွင်း ရှိ မလာဘူး ။ အင်္ကျီ တစ်ထည် က နေ သုံးထည် ရှိ မလာဘူး ။


ထူးပါဘူး ။ ရှင် ရင် ရွှေထီး ၊ သေ ရင် မြေကြီး ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် နဲ့ ရွာ က နေ ထွက် သွားတယ် ။ ပြင်ဦးလွင်ဘက် က စိုက်ပျိုးရေးခြံ တစ်ခြံ ကို ရောက် သွား သတဲ့ ။ အဲဒီမှာ တိုင်ဝမ်ခရမ်းချဉ် ကို တွေ့ရှိ ခဲ့တယ် ။ လက်တွေ့ လည်း နှစ်နှစ် လောက် လုပ်ကိုင်ခဲ့ ဖူးတယ် ။


ဒသမ ငါးဆယ်လောက် သာ ကျယ်ဝန်း တဲ့ ခရမ်းချဉ် က တစ်ကြိမ် ဆွတ်ရင် ပိဿာချိန် လေးရာ ၊ ငါးရာ ရရှိတာ တဲ့ ။ လှည်း ပေါ် ကို ရိုင်ပတ်ပြီး လောင်းထည့် ကြ ရတာ တဲ့ ။ သူ့ ရဲ့ပြောစကားတွေ ကြား ရတော့ တစ်ရွာ လုံး က ဒီကောင် ငှက်ဖျားပိုး ခေါင်း ထဲ ရောက် သွားပြီး သွပ်ချောင်ချောင် ဖြစ် သွား တယ်လို့ ထင်မှတ်ကြတာ ။


ဟုတ်တယ်လေ ။ ကျုပ်တို့ ခရမ်းချဉ် က တစ်ဧက လောက် အကျယ် တစ်ကြိမ် ကောက် ပိဿာချိန် ငါးဆယ် ၊ ခြောက်ဆယ် လောက် ရရှိတာ ။ ဒါတောင် အင်မတန် ကောင်း တဲ့ ခရမ်းချဉ်ခင်း မှ ထွက် ရှိတာ ။ တစ်ရာသီ လုံး မှ ပိဿာချိန် လေးရာ ၊ ငါးရာ လောက် ပဲ ထွက်ရှိတယ် ။ ခု ငမောက် ပြောတဲ့ တိုင်ဝမ်ခရမ်းချဉ် က ကျုပ်တို့ တစ်ရာသီ လုံး ရရှိတာ ကို တစ်ကြိမ် ဆွတ်ရုံ နဲ့ ရတယ် ဆိုတော့ ယုံနိုင် ကြမလား ။ ပြီးတော့ ရိုင်ပတ်ပြီး ထည့် ရတာတဲ့ ဗျာ ။ အောက်ပိုင်း က ပိ နေတဲ့ ခရမ်းချဉ်သီးတွေ ပေါက်ပြဲ ကုန် မှာပေါ့ ။ ခရမ်းချဉ်သီး ဆိုတာ ခရမ်းသီး လို အဖိ ခံတဲ့ အမျိုး မှ မဟုတ်တာ ။ တကယ့် ကို အရူးစကားတွေ ပါပဲ ။ ဒါပေမဲ့ ငမောက် ရဲ့ စကား ကို နားဝင် သွားတာ က ဖိုးအောင် ။ ဖိုးအောင် က အမျိုး စပ် ရင် သူ့ အဖေ ဘက် က နေ ငမောက် နဲ့ ညီအစ်ကို သုံးဝမ်းကွဲ လောက် တော်စပ် လိမ့်ဦးမယ် ထင်တယ် ။ သူတို့ မိသားစု က ယာမြေ ဧက အစိတ် လောက် ရှိတယ် ။ အချမ်းသာကြီး မဟုတ်ပေမယ့် စားနိုင် သောက်နိုင် တဲ့ အနေအထား ထက် တော့ လည်း လွန်ပါတယ် လို့ ပြော ရမယ် ။


ဖိုးအောင် က ငမောက် နဲ့ အတူ ပြင်ဦးလွင် ဘက် ကို လေ့လာဖို့ လိုက် သွားတယ် ။ သူတို့ ပြန်လာ ကြတော့ အထွက်တိုး ပဲတီစိမ်း ၊ ပဲငုတ်တုတ် ၊ ဂျပန်ကျောက်ဖရုံ စတာတွေ ကို ကြားရ ပြန်တယ် ။ အသစ်အဆန်း တွေ ပါပဲ ။ ပြီးတော့ အင်မတန် ကိုးလိုးကန့်လန့် နိုင်လှတဲ့ အကြောင်း အရာတွေ ပါဗျာ ။


စဉ်းစား ကြည့်ဦးလေ ။ ပဲတီစိမ်း ဆိုတာ ကျုပ်တို့ အစဉ်အလာ အရ အဖြည့်စိုက် ကြတဲ့ သီးနှံ ။ ဘယ်သူ မှ စီးပွားဖြစ် မစိုက်ကြဘူး ။ မြေလွတ် ကျန် နေတဲ့ ကုန်း စောင်းလေးတွေ ၊ လင်းရိပ် ကျလို့ သီးနှံ မဖြစ်ထွန်းတဲ့ အပိုင်းတွေ မှာ ပဲတီစိမ်း ကို ကြဲပက် ထား လိုက်ကြတယ် ။ ပေါက်ချင် ရင် လည်း ပေါက် ၊ မပေါက်ချင် ရင်လည်း နေ ။ ပေယျာလကန် အတိုင်း ထားလိုက်တယ် ။ ရင့်မှည့် လို့ ရိတ်ရင် လည်း တစ်ပွေ့တစ်ပိုက် လောက် သာ ရ ကြတာ ။ အိမ်ရှင်မတွေ တုတ် နဲ့ ပုတ် ၊ အခွံ ချွတ်ပြီး အစေ့ ထုတ်ယူ တယ် ။ ပဲထမင်းလေး ချက်စား ရအောင် ၊ ပဲဟင်းချိုလေး ချက် ရအောင် ဆိုပြီး အိုးထဲ ထည့် လှောင် ထား တတ်ကြ တယ် ။ ရောင်းစား ရ လောက် အောင် တစ်တင်း ၊ တစ်ခွဲ ရကြတာ မှ မဟုတ်တာ ။ အခု အဲဒီ ပဲတီစိမ်း ကို ငမောက် တို့က စီးပွားဖြစ် စိုက်ပျိုးကြမှာ တဲ့လေ ။


ပဲငုတ်တုတ် ဆိုတာ က လည်း နတ်တော်ပဲတောင့် လို ပါဗျာ ။ ကျုပ်တို့ က ဟင်းစား လောက် သာ စိုက် ကြတာ ။ စိုက်ကြတာ ဆိုတာ တောင် သီးခြား မဟုတ်ဘူး ။ ပြောင်း နဲ့ နည်းနည်း ရောပြီး ကြဲပက် ထားလိုက်တာ ။ သူ့ ဘာသာ ပြောင်းပင် ပေါ် နွယ်လိမ် တက်ပြီး ရှင်သန် နေတယ် ။


ဟင်းချို သောက်ချင်တဲ့ အခါ ၊ ကြော်စားချင်တဲ့ အခါ တစ်နပ်ချက် လောက် ဆွတ်ခူးပေါ့ ။ တခြား စားချင်တဲ့ သူတွေ လည်း ဆွတ်ခူးသွားကြ ။ ဘယ်သူမှ တွန့်တို နှမြော နေကြတာ မဟုတ်ဘူး ။ သူ့ ကို လည်း ပဲတီစိမ်း လို ပဲ ပြုတ် စားရအောင် ၊ ကောက်ညှင်းပေါင်း နဲ့ ရော ရအောင် ဆိုပြီး အိုးလေး ထဲ ထည့်ပြီး ထားတတ်ကြတယ် ။ အဲဒီလို ပဲ ကို ငမောက် ၊ ဖိုးအောင် တို့ က စီးပွားဖြစ် စိုက်ကြမယ် တဲ့ ။


ကျောက်ဖရုံယို ကို တော့ စားဖူးပါရဲ့ ။ ဒါပေမဲ့ ကျုပ် တို့ ဘက် မှာ စိုက် ကို မစိုက်ကြတာ ။ အလေ့ကျ ပေါက်ချင် ရင် လည်း ပေါက်ပေါ့လေ ။ တချို့ကျတော့ ဖရုံချဉ် တည်ပြီး စား တတ်ကြတယ် ။ တခြား ရွာတွေ မှာ တော့ အလှူအတန်း ရှိကြရင် ကျောက်ဖရုံသီး ကို ပြွမ်း ဟင်းချို လုပ်ပြီး ကျွေးမွေး တတ်ကြတယ် ။ ကျုပ်တို့ ရွာ မှာ တော့ စားကျင့် စားလေ့ မရှိကြပါဘူး ။ အဲဒါ ကို လည်း သူတို့ က စီးပွားဖြစ် လုပ်ကိုင်ကြ မှာ တဲ့ လေ ။ ကိုင်း ... ကိုးလိုးကန့်လန့် မနိုင်ဘူးလား ။


သူတို့ က စိတ်ကူးတော့ အယဉ်ကြသားပဲ ။ အကုန် အကျ နည်း တဲ့ ၊ စရိတ်ကျဉ်း တဲ့ ပဲတီစိမ်း ၊ ပဲငုတ်တုတ် ၊ ဂျပန်ကျောက်ဖရုံ တို့ ကို စိုက်ပျိုးမယ် ။ အဲဒီက ရရှိလာ မယ့် အရင်းအနှီး နဲ့ ကျမှ တိုင်ဝမ်ခရမ်းချဉ် စိုက်ကြမယ် ပေါ့ ။ တွက်ရေး ကတော့ စက်သူဌေး ပါ ပဲ ။ တွက်ကြည့် မှ စက် မရှိတဲ့ ကိန်း ။ ဖိုးအောင် ရဲ့မိဘတွေ က ယာ သုံးဧက ကို သူတို့ စိုက်ပျိုးချင် ရာ စိုက်ပျိုး ဖို့ ခွင့်ပြု လိုက်တယ် ။ တစ်ဧက ပဲတီစမ်း ၊ တစ်ဧက ပဲငုတ်တုတ် ၊ တစ်ဧက ဂျပန်ကျောက်ဖရုံ ။


ဂျပန် ကျောက်ဖရုံမျိုးစေ့ က တစ်စေ့ ကို တစ်ကျပ် ပေးကြရ သတဲ့ ။ ပဲတီစိမ်း ၊ ပဲငုတ်တုတ်မျိုး ကလည်း နို့ဆီဘူး တစ်ဘူး ထောင်ချီ ပေးဝယ်ရ သတဲ့ ။ တကယ့်ကို မကြားဝံ့ မနာသာ ဈေးတွေ ပါဗျာ ။ ဖိုးအောင် တို့ မိဘတွေ က လည်း အလို လိုက် လွန်း လှတယ် ။ အလကား အရူး ထ ကြတဲ့ အလုပ်တွေ ။ ရွာ က လူတွေ က တော့ အရူး တစ်မူး သာ ချင် သာ နေမှာလို့ လှောင်ပြော ပြောနေကြတယ် ။  အဟုတ် လည်း တစ်မူး သာ လို့ သွား ကြတယ် ။


ဂျပန်ကျောက်ဖရုံ က အရွက် တစ်ရွက် ထွက်တိုင်း အရွက်ခွ က နေ အသီး တစ်သီး သီးတယ် ။ တစ်ပင် ကို အလုံး လေးငါးဆယ် သီးတာ ။ အံ့သြစရာပဲ ။ အသီး တစ်လုံး နဲ့ တစ်လုံး ထိ နေအောင် သီးတော့ အရွက် နဲ့ အပင် ကို မမြင်ကြရဘူး ။ တစ်ဧက တည်း နဲ့ အလုံး ခုနစ်ထောင် လောက် ထွက်တယ် ။ အံ့ရော .. အံ့ရော ။ ဈေး က လည်း အလိုက်သား ။ တစ်လုံး တစ်ရာ့ငါ့ဆယ် ၊ တစ်ရာ ရောင်း ကြရတာ ။


ပဲတီစိမ်း က လည်း အထွက်တိုး ဆိုတဲ့ အတိုင်း သီးလိုက် သ မှ ပြွတ်လို့ ၊ ခဲလို့ ။ မှည့်တဲ့ အတောင့်လေး တွေ ကို တစ်တောင့်ချင်း စိတ်ရှည်လက်ရှည် ခူးဆွတ် ရ တယ် ။ လက်တော့ အဝင်သား ။ အလေအလွင့် တော့ မရှိ လောက်အောင် ကို နည်းပါးတယ် ။ တစ်ဧက စိုက်ပျိုးတာ ပဲတီစိမ်း တင်း ငါးဆယ် ကျော် ထွက်တယ် ဆိုတော့ သြချ ကုန် ရောလေ ။


ပဲငုတ်တုတ် ဆိုတာ ကလည်း ငုတ်တုတ် ဆိုတဲ့ အတိုင်း ငုတ်တုတ် က မတက်ဘူး ။ ရွာတောင်ပိုင်း က မိကြည်မ အတိုင်းပါပဲ ။ အရပ် က သာ ပုတာ မွေး လိုက်တဲ့ ကလေး ကျ တော့ တစ်ဒါဇင် နီးပါး ။ ခုလည်း ပဲငုတ်တုတ် က သီးလိုက်တာဗျာ ။ အပင် နဲ့ ကို မမျှဘူး ။ သူ က မိုးမျှော် ငရုတ်သီး လို အပေါ် ထောင်ပြီး သီးတယ် ။ အစိမ်းတောင့် ကို ဆွတ် ပြီး ကုန်စိမ်း အဖြစ် ရောင်းချတာ ။ တစ်နှစ် တည်း ကို သိန်းချီ ရ လိုက်တယ် ။


ငမောက် နဲ့ ဖိုးအောင် တို့ ရွာမှာ မက နယ်တစ်ကြော ထိ နာမည် ကြီး သွားကြ တော့တယ် ။ ခရမ်းချဉ် စိုက် ဖို့ အရင်းအနှီး သာမက ငမောက် က ပျဉ်ထောင်ကာ ၊ သွပ်မိုး နှစ်ထပ်အိမ်ကြီး ဆောက် လုပ်တယ် ။ ဖိုးအောင် က စူပါ ကပ်ဆိုင်ကယ် ဝယ် စီးတယ် ။ သူတို့ တိုင်ဝမ် ခရမ်းချဉ် စိုက်ကြတော့ အရူးတွေ လို့ မပြောကြတော့ဘူး စောင့် ကြည့် နေကြတယ် ။


တိုင်ဝမ်ခရမ်းချဉ် က အရင်းအနှီး အများသား ။ ဒသမငါးဆယ် လောက် ကို မျိုးပင် က သိန်းကျော် ပေးကြ ရတာ ။ မြေသြဇာ ထည့် ၊ ဝါးဝယ် ၊ ဆေးဝယ် ရတာ နှစ်သိန်း နီးပါး ကုန်ကြတယ် ။ သပနာပေါင်း သုံးသိန်း ကျော်လောက် ကုန်တယ် ။ စွန့်စားဖို့ ခဲယဉ်းလှတယ် ။ ဟုတ် ချင် ဟုတ် ၊ မဟုတ် လို့ ချော်ချက် သွားရင် ကြွေးပင်လယ် ထဲ တစ်သက်လုံး မဖော် နိုင်အောင် နစ် သွားမှာ ။


ခရမ်းချဉ်ပင်တွေ ကို ဝါးလေးတွေ ထောင်ကပ်ပေး ထားတယ် ။ ပြီးတော့ တခြား မြောင်းပေါင် က ဝါးလေးစတွေ နဲ့ လှမ်း ချီပြီး ကုန်းလေးတွေ ဖြစ်အောင် လုပ်ပေး ရ တယ် ။ ခရမ်းချဉ်ပင် က နွယ်လို ပဲ ဝါးလေး အတိုင်း တက် လာပြီး တခြား ဘက် က တက် လာတဲ့ ခရမ်းချဉ်ပင် နဲ့ ဖြာ ယှက် သွားတယ် ။ ဆွတ်ခူးတဲ့ သူ က ကုန်းလေး ထဲ ငုံ့ ပြီး ဟိုဘက် ၊ ဒီဘက် ဆွတ်ခူး ရတယ် ။


ငမောက် ပြောတဲ့ စကား ဟာ အရူး စကား မဟုတ်ဘူး ။ အမှန်အကန် စကား ။ ပထမအကြိမ် ဆွတ် လိုက်တာ ပိဿာချိန် နှစ်ရာ နည်းနည်းပဲ လျော့တယ် ။ သူ ခရမ်းချဉ် က နီရဲပေမယ့် ပျော့အိ မနေဘူး ။ ခပ်မာမာလေး ။ တစ်လုံးချင်း ဖိတာ မပြောပါနဲ့ ၊ လူ နင်း ရင်တောင် ခံနိုင် ရည် ရှိတဲ့ အသီး ။ ဒါ့ကြောင့် လှည်း ပေါ်  ရိုင် ပတ်ပြီး လောင်းထည့် နေ ကြတာ ။


သူ့ ခရမ်းချဉ်သီး က ကျုပ် တို့ ခရမ်းချဉ်သီး တုံးတဲ့ အချိန် ပေါ် တာ မို့ ဈေးကောင်း လည်း ရတယ် ။ တစ်ပိဿာ တစ်ရာ့ငါးဆယ် ။ နှစ်ရာဈေး ။ တစ်ရာသီ ပိဿာချိန် သောင်းချီ ထွက်တာ ဆိုတော့ ငွေ ဆယ့်ငါးသိန်း သိန်းနှစ်ဆယ် ဆိုတာ မခဲယဉ်း တော့ဘူးပ ။ တကယ်ပါ ဖိုးအောင် နဲ့ ငမောက် နတ်ရေကန် ထဲ ချလိုက်သလို လူချမ်းသာကြီးတွေ ဖြစ် ကုန် ကြပြီ ။


တိုင်ဝမ်ခရမ်းချဉ်သီး ဟာ နယ် တစ်လွှား ပြန့်ညသွား တယ် ။ လုပ်ကြတဲ့ သူ အပေါင်းလည်း အဆင် ပြေကြ တယ် ။ တချို့ လည်း မြေ မရှိ ၊ ငွေ မရှိဘဲ မြေငှားရမ်း ၊ ငွေတိုး ယူပြီး စွန့်စား လုပ်ကိုင်ကြတယ် ။ အဆင်ပြေပြေ ထူထူထောင်ထောင် ဖြစ်သွားတဲ့ သူ ချည်းပဲ ။ အခု ငမောက် ဆို ယာမြေ ဧက နှစ်ဆယ် လောက် ပိုင်ဆိုင် နေပြီ ။ သူ့ အမေ လည်း အကြော်မရောင်းတော့ တာ ကြာ လှပေါ့ ။ ဘယ်သွားသွား ခြေလျင် မလျှောက်တော့ဘူး ။ ဆိုင်ကယ် နဲ့ သွား တော့တယ် ။ ငမောက် မှာ မရှိသေးတာ ဆိုလို့ တရားဝင် မယား ပဲ လိုတော့တယ် ။


ဒီနှစ် ငမောက် က သူ တစ်ဦး တည်း ခရမ်းချဉ် ငါးဧက လောက် လုပ်မယ်လို့ မှန်းထား သတဲ့ ။ ရင်းနှီး ရ မှာက သိန်း သုံးလေးဆယ် ။ ရ မှာ ကလည်း သိန်းသုံး လေးရာ ။ တစ်နှစ် က ဆောက်လုပ်ခဲ့တဲ့ သွပ်မိုး ၊ ပျဉ်ထောင်အိမ် ကို ဖျက်ပြီး ရွာသုသာန်ဇရပ် မှာ လှူဒါန်း လိုက်မယ် ။ ပြီးမှ မီးခံတိုက် ဆောက်မယ် ။ တိုက်ဆောက် ပြီးရင် မိန်းမ ယူမယ် ။ မင်္ဂလာဆောင် မှာ ဝက်သား ကို အရောအနှော မပါဘဲ ဗြောင် ကျွေးမှာတဲ့ ။ ဖိတ်စာ လည်း မကမ်းဘဲ ဗျို့ဟစ်ပြီး ကျွေးမှာ ။ လက်ဖွဲ့ငွေ လည်း ယူ မနေ ပါဘူး တဲ့ ။ ရွာ ရဲ့အကြိုက် ကို ပြော ၊ မန္တလေး အငြိမ့် ကြိုက် ရင် မန္တလေးအငြိမ့် ငှားရမ်း ပြ ဦးမှာ ။ ငမောက် ရဲ့ စကား တွေကို ဘယ်သူ မှ ကြွားလုံးတွေ ပါလို့ မပြောနိုင်ကြဘူး ရယ် ။ သူတို့ လုပ်ကိုင်ကြတာ တကယ် ဖြစ် လာကြတော့ လည်း ဘာမဆို အရာ ထင်ကြတာပေါ့လေ ။


ဒီနှစ် မှာ စိုက်လိုက်ကြတဲ့ တိုင်ဝမ်ခရမ်းချဉ် ။ ကျုပ် တို့ ရွာ က လည်း တစ်ရွာလုံး နီးပါးလောက် ။ ကြည်ကုန်း ၊ ခင်မွန် ၊ သစ်စိမ့် ၊ ဘုဘ ၊ ညောင်ဖြူပင် ၊ တောပု ၊ ကြာပိုင် တို့ က လည်း အင် နဲ့ အား နဲ့ စိုက်ထား လိုက် ကြတာ ။ ကွင်း ထဲ ထွက်ကြည့် လိုက် ရင် ခရမ်းချဉ်ကုန်း လေးတွေ မျက်စိ တစ်ဆုံး မြင် နေရတယ် ။ ခေတ်မီသူ တိုင်း တိုင်ဝမ်ခရမ်းချဉ် စိုက်ကြသည် လို့ ပြောကြရမယ် ။ ခရမ်း ချဉ်သီး က လည်း အမြင်ကတ်စရာ ကောင်း အောင် ကို ပဲ သီး ပြ တော့တာပါပဲ ။


ပြိုင်ပြီး ပေါ်တာ ဆိုတော့ အလုပ်သမား အခက်အခဲ ပေါ်တာ ပေါ့လေ ။ ဈေးပြိုင် ပေးပြီး ခေါ်ကြ ရတယ် ။ ခရမ်းချဉ်ဈေး အဖွင့် ကလည်း မနိပ်လှဘူး ။ တစ်ပိဿာ မှ နှစ်ဆယ့်ငါးကျပ် တဲ့ ။ တက်မလား ၊ တက်မလား နဲ့ စောင့် မျှော် နေကြတာ အမော သာ ဖတ်တင်တယ် ။ ဈေး က ပြုတ်ကျ သွားလိုက်တာ ၊ ငရဲကြီးရှစ်ထပ် က အောက်ဆုံး ထပ် က သိစ္စည်း ထိ ရောက်သွား တော့တယ် ။ တစ်ပိဿာ ငါးကျပ် တဲ့ ၊ အလုပ်သမားခ တောင် မရကြတော့ဘူး ။ 


တချို့က အမြင်ကတ်ကတ် နဲ့ နွားစာ အဖြစ် ခရမ်းချဉ်သီး ကို ဆွတ် ကျွေးကြတယ် ။ အစပိုင်း တော့ နွားတွေ က လည်း အငတ် ရေကျ စားကြပါရဲ့ ။ နောက်ပိုင်း တော့ သွားတွေ ကျိန်း ကုန်ကြဟန် တူပါရဲ့ ။ မစားကြတော့ဘူး ။ ဒါ့ကြောင့် တချို့က ခရမ်းချဉ်းသီး ကို ခရမ်းချဉ်သီး လို့ တောင် မခေါ်ကြတော့ဘူး ။ နွားမုန်းသီး တဲ့ လေ ။


မနှစ် တစ်နှစ် ဆီ ကတော့ ခရမ်းချဉ် စိုက်ဧက ကျယ်ရင် ကျယ် သလောက် အကျိုး ခံစားခွင့် ပိုရှိကြ တယ် ။ ဒီနှစ်မှာ တော့ စိုက် ဧက ကျယ်သလောက် အထိ နာ ကုန်ကြတော့တယ် ။ တချို့ ရွာ မှာ မြေငှား ၊ အတိုး ယူ လုပ်ကြတဲ့သူတွေ ထွက်ပြေး တိမ်းရှောင် သွားကြတယ် လို့ ကြား ရတယ် ။ ငွေတိုး ပေးတဲ့ သူတွေ က လည်း အတိုး ရော အရင်း ပါ မဆပ် လို့ တိုင်ကြ တောကြ နဲ့ ပေါ့လေ ။


ငမောက် လည်း ဆိုင်ကယ် နဲ့ ရွှေတိုစလေးတွေ ကို ရောင်းချပြီး အကြွေး ထိုး ဆပ် လိုက်ရတော့တယ် ။ မင်္ဂလာ ဆောင် မှာ ဝက်သားဗြောင် မပြော နဲ့ ပဲပြုတ် နဲ့ ထမင်းဆီဆမ်း တောင် ကျွေးနိုင်ပါတော့ မလား မပြောနိုင်ကြတော့ ဘူး ။ ကောင်မလေးတွေ ပြောသံ ကြား နေရတယ် ။ သူ ရည်မှန်း ထားတဲ့ ခင်မွန်ရွာ က ကောင်မလေး လည်း နောက်ဆုတ် သွားပြီ တဲ့ ။ ငမောက် မှာ မင်္ဂလာ ဆောင်စရာ သတို့သမီး ကို မရှိတော့တာ လို့ ပြောနေကြသံ ကြားရတယ် ။ ဟုတ်ရဲ့လား မသိ ။ အကျ မို့ ဖိ ထောင်း နေကြ လေတကား ။


သေချာတာ က တော့ ငမောက် တစ်ယောက် တစ် ကျော့ပြန် ပြင်ဦးလွင် ဘက် ကို ပြန်ပြီး တက်ရောက် သွားတာ ပါပဲ ။ သူ ရွာ ပြန် လာ ရင်တော့ …. ။ 


◾ကိုလေးမြတ်


📖 မြန်မာသစ် မဂ္ဂဇင်း

      ၂၀၀၅ ၊ အောက်တိုဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment