Sunday, July 30, 2023

အောင်သင်းအကြိုက်ဆုံးဝတ္ထုတို ( ၁ )


 

◾အောင်သင်းအကြိုက်ဆုံးဝတ္ထုတို

❝ ပန်းမွေ့ရာ ရွှေကော်ဇော ❞

◾အယ်ဒီတာအဖွဲ့ ၏ မှတ်ချက်

မြန်မာစာပေ ၏ ရသအဖွဲ့ ကဏ္ဍများ အနက် ဝတ္ထုတို သည် အလွန် အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည် ဟု နားလည် ယုံကြည်သည့် အားလျော်စွာ သဘင်မဂ္ဂဇင်း တွင် ဝတ္ထုတို နှင့် ပတ်သက်၍ တစ်စုံတစ်ခု သော အတိုင်းအတာ အထိ အကျိုး ပြု နိုင်မည့် အစီအစဉ် တစ်ရပ် ထည့်သွင်း ဖော်ပြရန် ရည်ရွယ်ရင်း ရှိခဲ့ပေသည် ။

ဤ ရည်ရွယ်ချက် ကို အခြေခံ လျက် အယ်ဒီတာအဖွဲ့ ၏ သဘောထား ကို အသေးစိတ် တင်ပြရပါမူ ...

( ၁ ) လစဉ် ထုတ် မဂ္ဂဇင်းများ တွင် ပါဝင်သည့် ဝတ္ထုတို ကောင်းများ ကို စာပေ ဝါသနာရှင်များ လက် မလွတ်တမ်း ဖတ်မိ စေရန် ။

( ၂ ) ဝတ္ထုတို ကို ဖတ်ရှု သုံးသပ် ခံစားရန် စိတ်ဝင်တစား ရှိ ကြသော စာဖတ်သူများ ပိုမို နိုးကြား လာကြစေရန် ။

( ၃ ) ဝတ္ထုတို ရေး လိုသော ကလောင်သစ်များ အတွက် ထိုက်သင့် သမျှသော အကူအညီ ကို ဖြစ်စေရန် ။

( ၄ ) ဝတ္ထုတို ကောင်းများ ပိုမို ပေါ်ထွက် လာစေရန် ။

( ၅ ) ချီးကျူး အပ်သော ပုဂ္ဂိုလ် ကို အားလုံး ချီးကျူး သိမှတ်မိစေရန်   
စသည်တို့ ဖြစ်ပါသည် ။

ဤ ကဏ္ဍ အတွက် အယ်ဒီတာ အဖွဲ့ ၏ သဘောထား ရည်ရွယ်ချက် အတိုင်း အပတ်တကုတ် အားထုတ် လေ့လာ ၍ တာဝန်ယူ ရေးသား နိုင်မည့် ဆောင်းပါးရှင် ဆရာ အောင်သင်း နှင့် ဆွေးနွေး ညှိနှိုင်းကြပြီး နောက် တာဝန် ပေး အပ်ခဲ့ရာ ဆရာအောင်သင်း က လည်း လိုလားစွာ ပင် လက်ခံ တာဝန် ယူ ခဲ့ပါသည် ။

ယခု သဘင်မဂ္ဂဇင်း ၏ အဖွင့် လ မှ စတင် ကာ လစဉ်ထုတ်
မဂ္ဂဇင်းများ မှ ဆရာအောင်သင်း ရွေးချယ်သည့် အကြိုက်ဆုံး ဝတ္ထုတို နှင့် ပတ်သက်သော “ စာပေရေးရာ ကဏ္ဍ ” ကို လစဉ် ဖော်ပြသွားမည် ဖြစ်ပါသည် ။

         (  အယ်ဒီတာ အဖွဲ့  )

◾အောင်သင်း ၏ အမှာ

“ လောကတွင် မမျှော်လင့်ဘဲ ဖြစ်လာတတ်သည် သာ များ လေရာ ကျွန်ုပ်တို့ မမျှော်လင့်ဘဲ ဖြစ် လာလျှင် အံ့ဩစရာ မဟုတ်တော့ပဲ တစ်ခါတစ်ရံ မျှော်လင့်သည့် အတိုင်း ဖြစ်လာမှ “ ဒီတစ်ခါ ငါ မျှော်လင့်သည့် အတိုင်း ဖြစ်လေ တကား ” ဟု အံ့သြကြရမည် ကဲ့သို့ ရှိ နေ ပေတော့သည် ။ ”

ဆရာကြီး ရွှေဥဒေါင်း က ဝတ္ထုတို တစ်ပုဒ် ကို အထက်ပါ အတိုင်း အစ ပျိုး ဖွင့်ခဲ့ ဖူး ပါသည် ။

သဘင်မဂ္ဂဇင်း ထွက်မည် ကို ကြားခဲ့ပါသည် ။ သဘင်မဂ္ဂဇင်း ဖြစ်၍ စာပေရေးရာ ကိစ္စ များများ ပါ လိမ့်မည် ဟု မမျှော်လင့်ခဲ့ပါ ။ ကျွန်တော့် အား ဤသို့သော ကဏ္ဍမျိုး ကို ပင်တိုင် ရေးရန် ဖိတ်ခေါ်လိမ့်မည် ဟု ကား ပို၍ ပင် မမျှော် လင့်ခဲ့ပါ ။ သို့သော် မမျှော်လင့်ဘဲ ဖြစ်လာသည် သာ များလှပါ ချေ၏ ။

၁၉၇၁ ခုနှစ် လောက် မှ ၇၈ ခုနှစ် လောက် ထိ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် မြန်မာစာဌာန ၌ ကျွန်တော် ဝတ္ထုတို ဝတ္ထုရှည် သဘောတရား ၊ စာပေဝေဖန်ရေး သဘောတရား ၊ ခေတ်သစ်ကဗျာ သဘောတရားများ ကို သင်ကြား ပို့ချ ခဲ့ ရပါသည် ။ ၁၉၇၆ - ၇၇ ခုနှစ် လောက် တွင် ကျွန်တော် အစီအစဉ် တစ်ခု လုပ်ခဲ့ပါသည် ။ ကျောင်းသားများ ခေတ်သစ် စာပေ ကို လက်တွေ့ ကွင်းဆင်း လေ့လာသည့် လေ့ကျင့်ခန်း ပြုလုပ်ရန် ဖြစ်ပါသည် ။ တစ်နှစ်လုံး ထွက်သမျှ မဂ္ဂဇင်းတွေ ကို အားလုံး ဝိုင်း ဖတ်ကြမည် ။ အချင်းချင်း ညှိနှိုင်း ဆွေးနွေး ကြမည် ။ ငြင်းခုံကြမည် ။ ထို့နောက် အကောင်းဆုံး မဂ္ဂဇင်း ဝတ္ထုရှည် သုံးပုဒ် ၊ ဝတ္ထုတို သုံးပုဒ် ကို ပ ၊ ဒု ၊ တ ရွေးပြီး စာရေးဆရာများ အား မြန်မာစာအသင်း ကျောင်းသားများ က ဂါရဝဆုများ ဂုဏ်ပြု ပူဇော်ရန် ဖြစ်ပါသည် ။ ငွေကြေး မတတ်နိုင်ကြသောကြောင့် စာတမ်း ထိုး ထားသော ဂုဏ်ပြုတံခွန် အဝါ ၊ အစိမ်း ၊ အနီ များ ကို လှပသော တံခွန်တိုင်များ ဖြင့် ဂါရဝ ပြုကြရန် ဖြစ်ပါသည် ။ ကျောင်းသား များ က လည်း တက်ကြွ နေပါသည် ။ ဖတ်နေ ကြပါပြီ ။ သို့သော် အကြောင်းကြောင်း ကြောင့် မလုပ်ဖြစ်ခဲ့ပါ ။ ထိုကဲ့သို့ မလုပ်ဖြစ်ခဲ့ခြင်း ကို ကျွန်တော် တနုံ့နုံ့ နှမြော နေ မိခဲ့ပါသည် ။

ထို တနုံ့နုံ့ နှမြော နေခဲ့ မိသော စိတ် သည် သဘင်မဂ္ဂဇင်း ၏ ဖိတ်ခေါ်ချက် ကို ဝမ်းမြောက် ဝမ်းသာ လက်ခံ လိုက်ခြင်း၏ အကြောင်းရင်းကြီး ဖြစ် ပါသည် ။

◾ကျွန်တော် ၏ ရည်ရွယ်ချက်

ကျွန်တော် အကြိုက်ဆုံး ဝတ္ထု ကို စာဖတ်သူ တို့ သဘော တူချင် မှ တူပါ လိမ့်မည် ။ ကျွန်တော် က မောင်ဖြူ ကို ကြိုက်ပါ သည် ဆိုလျှင် စာဖတ်သူ တို့ က မောင်နီ ၊ မောင်ဝါ ၊ မောင်ပြာ တို့ ကို ကြိုက်ချင် ကြိုက် နေ ပါလိမ့်မည် ။

ကျွန်တော် ၏ အကြောင်းပြချက်များ ကို စာဖတ်သူများ က သဘော တူချင် မှ တူ ပါလိမ့်မည် ။ စိတ် ထဲ တွင် ငြင်းပယ် ချေပ နေပါ လိမ့်မည် ။ စာဖတ်သူ တို့ အချင်းချင်း ဆွေးနွေး ညှိနှိုင်း ငြင်းခုံခြင်း တို့ ပြုကောင်း ပြုပါ လိမ့်မည် ။

ထိုကဲ့သို့ ဖြစ် လာလျှင် ကျွန်တော့် ရည်ရွယ်ချက် တစ်ပိုင်း အောင်မြင်ပါပြီ ။

အချို့သော စာဖတ်သူ တို့ မှာ ရေးရန် ရည်ရွယ် ကြိုးပမ်း နေသူများ ဖြစ်ကြပါသည် ။ သူတို့ အဖို့ ကျွန်တော် ကြိုက်သည် ဆိုသော အကြောင်းအရာပိုင်း ၊ ပုံသဏ္ဌာန်ပိုင်း ၊ အတတ်ပညာပိုင်း တို့ ကို သဘော တူချင် မှ တူပါ လိမ့်မည် ။ မတူ လျှင် လည်း ပို၍ ကောင်းအောင် ကြိုးပမ်းကြ ပါလိမ့်မည် ။ ဤနည်းအားဖြင့် ဝတ္ထုတို ၊ အတတ်ပညာ ကို ပို၍ ရိုသေသော စိတ် ဖြင့် ကြိုးပမ်းကြပါလိမ့်မည် ။

ထိုကဲ့သို့ ဖြစ်လာလျှင် ကျွန်တော့် ရည်ရွယ်ချက် အလုံးစုံ အောင်မြင်ပါပြီ ။

◾ကျွန်တော် ၏ လုပ်ငန်း

တစ်လ အတွင်း ထွက် သမျှ မဂ္ဂဇင်းများ အနက် အဆင့်မီ သော ဝတ္ထုတိုများ ကို ထည့်သွင်း ဖော်ပြသည့် မဂ္ဂဇင်း အားလုံး ကို ဖတ်ပါမည် ။ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို တစ်ပုဒ် ကို ရွေးချယ်၍ အဘယ်ကြောင့် ကြိုက် ရကြောင်း ကျိုးကြောင်း နှင့် တကွ တင်ပြပါမည် ။

ထို့ပြင် စာဖတ်သူတို့ ၏ ဝတ္ထုတိုကောင်းကလေးများ ကို လက်လွတ် မသွားစေရန် ရည်ရွယ်၍ လည်းကောင်း ၊ ကျွန်တော် ရွေးထားသည့် ဝတ္ထုတို နှင့် နှိုင်းယှဉ် ဆင်ခြင် နိုင်ကြရန် လည်းကောင်း ရည်ရွယ်၍ အခြား ဝတ္ထုတို သုံး လေးပုဒ် ကို လည်း ညွှန်း ပါဦးမည် ။ အဘယ်ကြောင့် ညွှန်းရကြောင်း ကို လည်း တစ်ခွန်းစ ၊ နှစ်ခွန်းစ ပြောပါမည် ။ ရွေးရာ တွင် ကျွန်တော် အကြိုက် ညီ ပြိုင် နေ ပါ လျှင် ကလောင်သစ် ၊ ကလောင်နု ကို ဦးစားပေးမည် ဟု လည်း ရည်ရွယ် ထား ပါသည် ။

◾စာဖတ်သူ အား မေတ္တာရပ်ခံချက်

ကျွန်တော် ဖတ် ရသည့် မဂ္ဂဇင်း မှာ ဆယ့်ငါးအုပ် လောက် ရှိပါသည် ။ ဝတ္ထုတို ပုဒ်ရေပေါင်း ရှစ်ဆယ် လောက် ရှိပါသည် ။ ကျွန်တော့် ဆောင်းပါး ကို ၁၅ ရက် မတိုင်မီ ပေး ရပါသည် ။ ကျွန်တော့် အဖို့ စာ ရေး ပြီး ထမင်း စား နိုင်သူ မဟုတ်ပါ ။ စာ သင်ပြီး ထမင်း စား ရသူ ဖြစ်ပါသည် ။ ထမင်း စား ဖို့ အလုပ် ကို လုပ်ရင်း အပြေးအလွှား ဖတ် ရပါသည် ။ အပြေးအလွှား ရွေးရပါသည် ။ ထို့နောက် အပြေးအလွှား ရေး ရပြန်ပါသည် ။

ထို့ကြောင့် ချွတ်ယွင်းသော ၊ လစ်ဟင်းသော အချက်အလက်များ ပါကောင်း ပါ,ပါလိမ့်မည် ။ ပါ လာ လျှင် ကျွန်တော့် ကို ခွင့်လွှတ်ပါ ။ သို့သော် အချက်အလက် ကို မူ ထောက်ပြပါ ။ ခွင့် မလွှတ်ပါ နှင့် ။ လူ ကို ခွင့်လွှတ်သော် လည်း အမှား ကို ခွင့် မလွှတ်စကောင်းပါ ။

ကျွန်တော် ရွေး လိုက်သော ဝတ္ထု သည် ဘာသာပြန် မှီငြမ်းပြု တွေ ဖြစ် မနေနိုင်ဘူးလား ဟု မေး စရာရှိပါသည် ။ ဖြစ်နိုင်ပါသည် ။ ကမ္ဘာ ပေါ် မှ ဝတ္ထုတို အားလုံး ၊ ရုပ်ပြဇာတ်လမ်း တွေ အားလုံး ကို ကျွန်တော် အဘယ်မှာ နှံ့စပ်အောင် ဖတ်နိုင်ပါ မည်နည်း ။ ဖတ်နိုင်စေဦးတော့ အဘယ်မှာ အားလုံး မှတ်မိ နိုင်ပါမည်နည်း ။

ထို့ကြောင့် အကယ်၍ စာရေးဆရာ တစ်ယောက် က မှီငြမ်းပြု ဝတ္ထု ပါ ဟု ဝန်မခံဘဲ ရေးထားသည် ဆိုပါစို့ ။ ထို ဝတ္ထု ကို ကျွန်တော် ကလည်း ရွေးမိသည် ဆိုပါစို့ ။ စာဖတ်သူ လည်း ခိုးချ ဝတ္ထုမှန်း သိ နေပြီ ဆိုပါစို့ ။ ကျွန်တော့် ကို အားမနာပါ နှင့် ။ ဖော်ထုတ် ရေးချ လိုက်ပါ ။ ထိုကဲ့သို့ ထုတ်ဖော် လိုက် လျှင် ကျွန်တော် ဝမ်းသာပါသည် ။ ကျွန်တော် မနစ်နာ ၍ မဟုတ်ပါ ။ ကျွန်တော် ညံ့ရာ ရောက်၍ နစ်နာ ပါသည် ။ သို့သော် ကာယကံရှင် စာရေးဆရာ က ပို၍ နစ်နာ ပါသည် ။ ကျွန်တော် နာချင် နာပါစေ ။ ထိုသူများ နာနာကြီး နာဖို့ လို ပါသည် ။ စာဖတ်သူ ကြားဖူးပါလိမ့်မည် ။ “ တံခါးမှူး နှင့် တံငါသည် ” ဝတ္ထု ။ လာဘ် စားသော တံခါးမှူး နာ လျှင် ကျေနပ်ပါပြီ ။ ကျွန်တော် ကြိမ်ဒဏ် အစိတ် အရိုက် ခံပါမည် ။

ဤသည်တို့မှာ ကျွန်တော့် ကဏ္ဍ အတွက် ပဋိညာဉ်များ ဖြစ်ပါသည် ။

•••••   •••••   •••••

ယခု ၁၉၈၃ ခု ၊ အောက်တိုဘာလ ထုတ် မဂ္ဂဇင်းများ အနက် ကျွန်တော် ဖတ်သော မဂ္ဂဇင်းများမှာ ( ၁ ) ရှုမဝ ၊ ( ၂ ) စာပေလုပ်သား ၊ ( ၃ ) မိုးဝေ ၊ ( ၄ ) ငွေတာရီ ၊ ( ၅ ) မြဝတီ ၊ ( ၆ ) စန္ဒာ ၊ ( ၇ ) ပေဖူးလွှာ ၊ ( ၈ ) စစ်ပြန် ၊ ( ၉ ) သောင်းပြောင်း ထွေလာ ၊ ( ၁၀ ) ဂီတပဒေသာ ၊ ( ၁၁ ) ရုပ်ရှင်မဂ္ဂဇင်း ၊ ( ၁၂ ) ရုပ်ရှင်မျက်မှန် ၊ ( ၁၃ ) သပြေ ၊ ( ၁၄ ) သွေးသောက် ၊ ( ၁၅ ) ပန်မဂ္ဂဇင်း များ ဖြစ်ပါသည် ။

ဖတ် ရသော ဝတ္ထုတို ပုဒ်ရေပေါင်း မှာ ၈၁ ပုဒ် ဖြစ် ပါသည် ။ သာဘာပြန် ဝတ္ထုများ မှာ ကျွန်တော့် လုပ်ငန်း တွင် အကျုံး မဝင်ပါ ။

ကျွန်တော့် လုပ်ငန်း မှာ အကြိုက်ဆုံး တစ်ပုဒ် သာ ရွေးရမည် ဖြစ် သော ကြောင့် တစ်မျက်နှာ လောက် ဖတ်ပြီး ဟန်ပုံ မရ လျှင် ကျော် သွားရုံ ဖြစ်ပါသည် ။ သို့သော် တကယ် လက်တွေ့ ကျတော့ ကျကျနန လုပ်ချင် သောကြောင့် စဆုံး ၊ လုံးစေ့ ပတ်စေ့ပင် ဖတ်လိုက် မိပါသည် ။ တစ်ပုဒ် သာ လျှင် သည်းမခံနိုင် အောင် ညံ့လွန်း သဖြင့် လုံးစေ့ပတ်စေ့ မဖတ်နိုင်ဘဲ ကျော်လွှား ခဲ့ပါသည် ။

ဝတ္ထုတို ရှစ်ဆယ့်တစ်ပုဒ် အနက် လေးငါးပုဒ် မှာ အတော်လေး ကောင်း ပါသည် ။ သုံးပုဒ် လောက် ကို မူ အရွေးရ ခက် အောင်ပင် ကျွန်တော် ကြိုက် နေမိပါသည် ။ သို့သော် သွားရင်းလာရင်း အေးအေးဆေးဆေး အထပ်ထပ် စဉ်းစား လိုက်သော အခါ စန္ဒာမဂ္ဂဇင်း ထဲ က ကိုချမ်း ( ဆေး-၂ ) ၏ “ ပန်းမွေ့ရာ ရွှေကော်ဇော ” ကို အကြိုက်ဆုံး ဖြစ်ကြောင်း တွေ့ရပါ တော့သည် ။

•••••   •••••   •••••

◾ ကိုချမ်း ( ဆေး-၂ ) ၏ ပန်းမွေ့ရာ ရွှေကော်ဇော

ဤ ဝတ္ထု ကို စာဖတ်သူ ဖတ်ပြီး ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည် ။ ဖတ်ချင် မှ လည်း ဖတ်ရပါဦးမည် ။ သို့သော် ကျွန်တော့် အဖို့ မှာ စာဖတ်သူ လည်း ဖတ်ပြီးသား ဟု သဘော ထား ပြီး ရေး ရပါမည် ။

ဝတ္ထုတို တွင် ဇာတ်လမ်း သည် ပဓာန မဟုတ်ပါ ။ ဇာတ်လမ်း ပါ ချင် မှ ပါလာ တတ်သည် ။ ဇာတ်လမ်း မပါဘူး ဟု ဆိုရစေမူ အကျိုးအကြောင်း ပြောလို့ ဖြစ်ရုံ ဇာတ်လမ်း ပါးပါးလေးတော့ ပါ လာ တတ်ပါသည် ။

ဝဲအိုင်ရွာ က မငြိမ်းရင် ဆိုသော တောသူမကလေး တစ်ယောက် မှာ ပညာ ရည် ကောင်းသော ကြောင့် ဆေးတက္ကသိုလ် ( ၂ ) သို့ တက်ရောက်ခွင့် ရသည် ။ ထောက်ပံ့ ကြေး လည်း ရသည် ။ ဖခင် က လည်း ယာ လုပ်၍ တတ်နိုင် သမျှ ထောက်ပံ့ ပေး သည် ။ မငြိမ်းရင် ၏ ဖခင် က ဖက်ဆစ် တော်လှန်ရေးကာလ တွင် တော်လှန်ရေး ခေါင်းဆောင် တစ်ဦး အား ဝှက် ထား၍ အသက် ကယ် ခဲ့ ဖူးသည် ။ ထို ပုဂ္ဂိုလ် ရန်ကုန် တွင် ဧရာမ ရာထူးကြီး နှင့် ဖြစ် နေပြီ ။ အသက်သခင် ကျေးဇူးရှင် ၏ သမီး မငြိမ်း ရင် ကို တစ်အိမ်သားလုံး က ချစ်ကြ သဖြင့် တူမလေး ဟု ပြော ထားပြီး ကျောင်းပိတ် လျှင် ကား နှင့် လာ ကြိုသည် ။ ပို့သည် ။ မငြိမ်းရင် က လည်း မငြိမ်းရင် မဟုတ်တော့ ။ ဖြူဖြူလတ် ဖြစ် နေပြီ ။ သူ့ ကိုယ် သူ အရာရှိကြီး ၏ တူမ ဟု ခံယူ ထားသည် ။

ဘဝ ကို မေ့ ထားသည် ။ ဖျောက် ထားသည် ။ သူ့ ကို အင်ဂျင်နီယာ ဘွဲ့ရ လူငယ် တစ်ယောက် က ပိုးယောင် ပြုနေသည် ။ မငြိမ်းရင် က လည်း သာယာ နှစ်သက် နေသည် ။ သို့သော် ဘဝ မှန် ပေါ် သွားမည် ကိုတော့ ထိတ်လန့် နေသည် ။ တစ်နေ့ တွင် သူ့ ဖခင် ထံ မှ ငွေ နှင့် စာ တစ်စောင် ရောက် လာသည် ။ ထို စာကြောင့် မငြိမ်းရင် ဘဝ မှန် ကို နိုးကြား သတိ ရပြီး အင်ဂျင်နီယာ ကောင်လေး က မချစ် လျှင် လည်း ရှိပါ စေတော့ ဘဝမှန် ကို ပင် ခံယူသွားမည် ဟု အေးဆေးပေါ့ပါးစွာ ဆုံးဖြတ် လိုက်သည် ။

အထက်ပါ ဇာတ်လမ်း အကျဉ်းချုပ် ကို ကြည့် လိုက်လျှင် ( မူရင်း ဝတ္ထု လည်း မဖတ်ဖူးသေး လျှင် ) အလွန် ကြီးသော ဇာတ်အိမ်ကြီး ဟု ထင်မိစရာ အကြောင်း ရှိပါသည် ။

ကိုချမ်း ( ဆေး-၂ ) သည် ထို ဇာတ်အိမ်ကြီး ကို ပေါ် လွင်စေသည် သာ မက ဖြူဖြူလတ် ခေါ် မငြိမ်းရင် ၏ စရိုက် ၊ ဆေးတက္ကသိုလ် ကျောင်းသူ တို့ ၏ စရိုက်သဘာဝ ကို ပါ ပေါ်လွင် စေခဲ့ပါသည် ။

ဤမျှ ကြီးမားသော ဇာတ်အိမ်ကြီး နှင့် စရိုက် သဘာဝ ကို ပေါ်လွင် စေရန် ဝတ္ထု က မည်မျှ ရှည်လျားပါ သနည်း ။ စာလုံးရေ ခြောက်ထောင်ကျော် မျှ သာ ရှိပါသည် ။ ဤမျှသော ပမာဏ အတွင်း ၊ ဤမျှသော ဇာတ်အိမ် ၊ စရိုက် တို့ကို ပေါ်လွင်အောင် ရေးနိုင်သည့် ကိုချမ်း ၏ စွမ်းရည် ကို ကျွန်တော် သဘောကျ ပါသည် ။

နောက် တစ်ဆင့် ။

ထို အဆင့် မှာ ပိုပြီး ခက် ပါသည် ။ ဖြူဖြူလတ် ၏ ဘဝ ခံယူချက် ပြောင်း သွားပုံ ဖြစ်ပါသည် ။ ဝတ္ထုရှည် တစ်ပုဒ် မှာ ပင် ဘဝ ခံယူချက် ပြောင်းလဲ သွားရာ၌ ညင်သာစွာ ပြောင်း သွားအောင် ရေးဖွဲ့ တတ်ရန် မလွယ်ကူလှပါ ။ နိပါတ် ၊ ပုံပြင်တွေ ထဲ က နောင်တ ရ သလို ဇာတ်လမ်းအား နှင့် ဆောင့် ပြီး ပြောင်း လိုက်ခြင်း မျိုး ကတော့ လွယ် ပါသည် ။ ဖြူဖြူလတ် ၏ ဘဝ ခံယူချက် ပြောင်း သွားပုံ ကို ကိုချမ်း ညင်သာ အောင် ရေးဖွဲ့ တတ် ပါသည် ။

ဖော်ပြခဲ့သော ဇာတ်အိမ်ကြီး ဘယ်မျှ ပင် ကြီးကျယ် နေစေကာ မူ ကိုချမ်း က တကူးတက ကြီးကြီးကျယ်ကျယ် လုပ်ပြီး ပြော မနေပါ ။ ဟိုနား တစ်ကွက် ၊ ဒီနား တစ်တို့ ခရီးသွား ဟန်လွှဲ ပြော သွားခြင်း ဖြင့် ဇာတ်ရည် လည် ရခြင်း ဖြစ်ပါသည် ။

ဝတ္ထု ဇာတ်ကြောင်း ဖော်ပုံ မှာ ပြောသူ နာမ်စား ရှုထောင့် ( First Person Point of View ) ဖြစ် ပါသည် ။ သို့သော် “ ကျွန်မ ” ဟူသော အသုံးမျိုး တော့ မဟုတ်ပါ ။ ဖြူလတ် ဆိုသော ကောင်မလေး က စကား ပြော လျှင် “ ဖြူလတ် ကလေ ၊ ဖြူလတ် ကလေ ” စသည်ဖြင့် ပြောလေ့ ရှိသည် ။ ဤသို့အားဖြင့် “ ဖြူလတ်ကလေ ” ဟူသော အသံကလေးများ ဝေ့ဝဲ နေသည့် ပြောသူ နာမ်စား ရှုထောင့် ဖြစ်လာ လေ တော့သည် ။

ဝတ္ထုတို သည် ကဗျာ နှင့် တူ သည် ဟု ပြောတတ် ကြပါသည် ။ အခြား နေရာ တွင် တူသည် မတူသည် ကို အပ ထား ၍ “ အနည်းဆုံးသော စကားလုံး နှင့် အများဆုံး သော အကြောင်းအရာ ကို ပြော နိုင်အောင် ကြိုးပမ်းရ သည် ” ဟူသော အချက် တွင်ကား ကဗျာ နှင့် တူသည် ဟု ကျွန်တော် ယူဆ မိပါသည် ။

ကိုချမ်း ရေး သွားပုံ ကို နည်းနည်း လေ့လာ ကြည့် စေချင်ပါသည် ။

“ လှိုင်း ကိုက်ပြန် တိမ်လိပ်နှင့် ဖဲချိတ်ကမှ မဝတ်ဆင် ။
ရပ်ကြီးသူ ဖြူဖြူလတ်ကယ် ၊ ကုန်းစပ်နှင့် ယဉ်
ကုန်းစပ်ဆင်မို့ ယဉ်တာလား ၊ နဂိုယဉ်မို့ ယဉ်တာလား
ရွှေခါးတော် ညှိုဆိုင်နှင့်
ငွေခါးတော် ညှိုဆိုင်နှင့်
မတူနိုင် အနေခြားတယ် ၊ မိုးကျ နတ်လား ” တဲ့ ။

အဲဒါ ၊ အဲဒါ ၊ သူ ဖြူလတ် ကို မြှောက်တာ ၊ သက်သက် သိလား ၊ ဖြူလတ် သိသားပေါ့ ၊ အဲဒီနေ့က ဖြူလတ် သူ လာမယ်လို့ လည်း မထင်ပါဘူး ။ ဧည့်သည် လာ လို့ ( ဒီလုံး လို့ ဖြူလတ် တို့ မြန်မာဆန်ဆန် ခေါ်ထားတဲ့ ) မော်လမြိုင် က ဒေါ်လီ လာ ပြောတော့ ဝတ်နေ ကျ အဝတ် နဲ့ ပဲ ဆင်း တွေ့ လိုက်တော့ ...

ဟယ် တော့ ၊ သူ ။

သည်လို မှန်း သိ ဖြူလတ် အဝတ် လဲ မလာရလား ၊ နံ့သာ မမှုန်ခဲ့ရလား ။ ဧည့်ခန်း ဝ ရောက် တော့ မှ ၊ သူ့ မြင်တော့ မှ ဘယ် ပြန်လို့ ဖြစ်တော့မလဲ ။ ဒါတောင် သူ က ဖြူလတ် ရဲ့ အင်္ကျီဖြူဘလောက်စ် လက်တို နဲ့ မာဆရိုက် ပန်းရောင်လွင်လွင် လေး ကြည့်ပြီး ဖဲချိတ် မဆင်ဘဲ ယဉ် သတဲ့ ။ ဟွန်း ၊ သူ ပိုနော် ၊ သူ ပို ။

“ မဖြူဖြူလတ် က ခုလို ရိုးရိုးဆင် လဲ ယဉ်တာပဲလား ” တဲ့ ။ ဖြူလတ် မဖြေ ပါဘူး ၊ ဧည့်ခန်းဝ က ခန်းစီးစ ကိုဆုပ်ကိုင် ပြီး ငြိမ် နေတယ် ။

“ ကျွန်တော် လာ တာ ဖြူဖြူလတ် အံ့ဩနေသလား ” တဲ့ ။ ဘာလို့မှန်း မသိဘဲ ဒီ ခေါင်း က လည်း လေ ခါလိုက် မိတယ် ။

“ မအံ့ဩဘူး ဟုတ်လား ၊ ကိုယ် လာမယ် ဆိုတာ ဖြူလတ် သိ နေလား ၊ ကိုယ် လဲ ဖြူလတ် သိနေမယ် လို့ သိနေ တာပဲ ”

ဘာ စကားလဲ လေ ။ ဝေ့‌ဝေ့ လည်လည် နဲ့ ။ ပြီးတော့ ကိုယ် တဲ့ ။ ဖြူလတ် တဲ့ ။ တစ်ထိုင်တည်း ပြောင်းသွား လိုက်တာ ၊ ဖြူလတ် ဘာမှ မပြောတတ် ပါဘူး ။ ငုံ့ နေ မိလို့ မြင်မိ မြင်ရာ သူ့ ခြေထောက်ကို ပဲ စိုက်ကြည့် နေမိတယ် ။ ကတ္တီပါဖိနပ် အနက် မှာ သူ့ ခြေချောင်းလေး တွေ က ဝင်း နေတာပဲနော် ။ ခြေသည်းတွေ က လည်း ပန်းနုရောင် ပြေးလို့ သူ ဘယ် လောက် ငြိမ်းငြိမ်း နေရလဲ ဆိုတာ ပြ နေ တာပဲ ။

အထက်ပါ ကောက်နုတ်ချက် မှာ ဝတ္ထု ၏ အစ ဖြစ် ပါသည် ။ စာလုံးရေ လေးရာခန့် သာ ရှိပါသည် ။ သို့သော် အတော်လေး အလုပ် “ တွင် ” သွားပါပြီ ။ သွက်သွက် လက်လက် ချက်ချက်ချာချာ ပြော တတ်သော ၊ ချစ်ဖွယ်ရာ အမူအရာ ရှိသော ဖြူလတ် ဆိုသည့် ကောင်မလေး ၏ အသံ ကို ကြား လိုက်ရပါပြီ ။ ကြား လိုက်ရ ရုံမျှ မက အလွန် ရင်းနှီး ကျွမ်းဝင်သော လေသံ နှင့် ဟန်ပန် မပါဘဲ ပြောနေ သော ကြောင့် စာဖတ်သူ မှာ ဖြူလတ် နှင့် ရင်းနှီး သယောင် ဖြစ် လာပါသည် ။

“ အဲဒါ ၊ အဲဒါ ၊ သူ ဖြူလတ် ကို သက်သက် မြှောက်တာ ၊ သိလား ၊ ဖြူလတ် သိသားပေါ့ ” ၊ “ ဝတ်နေကျ အဝတ် နဲ့ ပဲ ဆင်း တွေ့ လိုက်တော့ ဟယ်တော့ သူ ” “ ဖဲချိတ် မဆင်ဘဲ ယဉ်သတဲ့ ။ ဟွန်း ။ သူ ပိုနော် ၊ သူပို ” အထက်ပါ စကားလေးများ ကို သေချာ သုံးသပ် ကြည့်ပါ ။ ဖြူလတ် ၏ အသက်အရွယ် ကို မှန်းလို့ ရပါသည် ။ ဖြူလတ် ၏ ရုပ်အဆင်း ကို မှန်းလို့ ရပါသည် ။ ဖြူလတ် က ဧည့်သည် အပေါ် သဘောထား ကို ရိပ်မိ နိုင်ပါပြီ ။ ဧည့်သည် ကို သူ့ စိတ် ထဲ က ပြန် ပြော လိုက်မိသော “ ဟွန်း ၊ သူ ပိုနော် ၊ သူပို ” ဟူသော စကား ကို ထည့် ရေး လိုက် သောကြောင့် စာဖတ်သူ မှာ ဖြူလတ် သူ့ ဘာသာ သူ လွတ်လွတ်လပ်လပ် “ တွေးနေ သံ ” ကို ကြားရ သကဲ့သို့ ဖြစ် လာသည် ။ စာဖတ် သူ ကို ဖြူလတ် က ပြော နေပုံမျိုး နှင့် မတူသော ဤအချက် ကို ကျွန်တော် သတိပြု မိပါသည် ။

ဖြူလတ် ၏ တွေးသံ ကို ဆက် ကြည့်ပါ ။ “ ငုံ့ နေမိလို့ မြင်မိ မြင်ရာ သူ့ ခြေထောက်ကို ပဲ စိုက်ကြည့် နေတယ် ။ ကတ္တီပါဖိနပ် အနက် မှာ သူ့ခြေချောင်းလေးတွေ က ဝင်းနေ တာပဲနော် ။ ခြေသည်းတွေ က လည်း ပန်းနုရောင်ပြေး လို့ ၊ သူ ဘယ်လောက် ငြိမ်းငြိမ်း နေရတယ် ဆိုတာ ပြတာပဲ ” ဟူသော တွေးသံ တွင် ဧည့်သည် ၏ အခြေအနေ ၊ အဆင့် အတန်း ၊ အသွင်အပြင် ပေါ်လာစေသည် ။

ခြေချောင်းကလေးများ ၊ ခြေသည်းကလေးများ ကို ကြည့်ပြီး ဖြူလတ် တွေးလိုက် သော အံ့ဩသံ ၊ ချီးကျူးသံ ၊ အားကျသံ တို့နောက်ပါး မှ ပါ လာသော ဖြူလတ် ၏ အားငယ်သော အငွေ့ ကို စာဖတ်သူ အမှတ်မထင် ခံစား လိုက် မိ ပါပြီ ။ ဖြူလတ် ၏ ဘဝ ကို နည်းနည်း ရိပ်မိ သလို ဖြစ် သွား သည် ။ စာလုံးရေ လေးရာ မျှ သာ ရှိပါသေးသည် ။

ဤသို့သော အသေးစိတ် အကွက်ကလေးများ ကို အသေးစိတ် ထုတ်ပြီး တင်ပြချင် လှပါသည် ။ သို့သော် သဘင်မဂ္ဂဇင်း တစ်စောင်လုံး ကျွန်တော့် စာ ချည်း ဖြစ်နေ အောင် ရေးခွင့် ရှိသည် မဟုတ်ပါ ။ စာမျက်နှာ ကို ကန့်သတ် ထားပါသည် ။

ဆေးတက္ကသိုလ် အဆောင်နေ ကျောင်းသူများ က ဖြူလတ် ၏ ဧည့်သည် ပြန် သွားသော အခါ ဝိုင်းဝန်း မေးမြန်း ကြပုံ ၊ မှတ်ချက်ချပုံ တို့မှာ ပျော်စရာ ၊ ကြည်နူးစရာ ကောင်း သလောက် စရိုက် သဘာဝများ ကို ပေါ်လွင်စေလှပါသည် ။ “ ချင်းချင်းတောက်လူ ” အိုင်ချင်းကလေး ကို နေသားတကျ သုံးစွဲ သွားပုံ မှာ လည်း နှစ်သက်စရာ ဖြစ်ပါသည် ။

ဖြူလတ် သည် ကိုစိုး နှင့် တွေ့ ရ သည် ကို ဝမ်းသာသည် ။ သို့သော် မိမိ ဘဝမှန် ကို ထုတ်ဖော် ပြောရမည် ကို လည်း ဝန်လေး နေသည် ။ ဖုံးထားရသည် ကို လည်း ဝန်လေး နေသည် ။

ဘာပဲ ဖြစ်ဖြစ် ဖြူလတ် ခုမှ တစ်ခုခု ကို စိုးရိမ် မိတယ် ။ ဖြူလတ် ဆီ သူ ဒီလို အမြဲလာ မှ နေပါ့မလား ။ တစ်နေ့နေ့ တစ်ခုခု ပြောရင် ဖြူလတ် ၊ ဖြူလတ် ဘာ ပြောရမလဲ ။ စိတ် ထဲ တကယ်ပဲ မမမော် နဲ့ ညီအစ်မ ဖြစ်လိုက် ချင်တယ် ။ အရင်းကြီး ၊ အရင်းကြီး အန်တီမာ့ သမီး လေးပေါ့ ။ ကံများ ရယ် ။ ဘယ်လောက် ကောင်း လိုက်မလဲ ။

ဤသို့အားဖြင့် ဖြူလတ် ၏ နိမ့်ကျသော ဘဝမှန် ကို တစ်စ တစ်စ ဖော် လာပုံမှာ ညင်သာ လှပါသည် ။ ပြေပြစ် လှပါသည် ။

တစ်ခုသော တနင်္ဂနွေနေ့ တွင် အမှတ်မထင် အကြောင်း တိုက်ဆိုင် ၍ ဖြူလတ် နှင့် ကိုစိုး တို့ ရွှေတိဂုံဘုရား သို့ ရောက် ဖြစ်ကြသည် ။ ကိုစိုး က မင်းသား မင်းသမီး စုံတွဲရုပ်ကလေး အပြင် ဆေးရောင်စုံ ခြယ်ထားသည့် တစ်တောင် လောက် မြင့်သော စက္ကူနွားရုပ်ကြီး တစ်ခု ကို လည်း လက်ဆောင် ဝယ် ပေးသည် ။

အဆောင် ပြန် ရောက်သော အခါ တော က အဘိုး ကြီး တစ်ယောက် က ဖြူလတ် အား ပေးရန် ပစ္စည်း တစ်ခု အဆောင်မှူး ထံ အပ် သွားကြောင်း သူငယ်ချင်းများ က ပြောသည် ။

ဖြူလတ် အဆောင်မှူး အခန်း က ပြန် လာတော့ စာအိတ် တစ်လုံး ပါလာ တယ် ။ ဘုရား ဘုရား ။ အဲဒီ အဘိုးကြီး ဆိုတာ ဟို ... ရွှေတိဂုံဘုရား ခြေရင်း လမ်း ပေါ်  မှာ ကူး နေတဲ့ အဘိုးကြီး ပဲ ဖြစ်မှာပဲ ။ တော်ပါသေးရဲ့ ။ ငါ နဲ့ တွေ့ပြီး များ စကား ထိုင် ပြောမိလို့ သူများ တွေ မြင် ကုန်ရင် အောင်မယ်လေး ကံကြီးပေလို့ ။ အဖေ က လဲ ပြောထားသား နဲ့ ဖြူလတ် ဆီ ငွေ ပို့ရင် စာတိုက် က ပဲ ပို့ပါ ဆိုတာ ။

ဖြူလတ် စာအိတ် ကို ဖွင့်လိုက် တော့ ငွေ တစ်ထပ် ကို တွေ့ ရတယ် ။ အားလုံး ငါးကျပ်တန် တွေ ချည်းပဲ ။ အားလုံး ဟာ သစ်သစ်လွင်လွင် မဟုတ်ဘဲ ခေါက်ရိုး ကျိုးပြီး စုတ်ပြတ် နေတယ် ။ နွား တစ်ကောင် ဆွဲထားတဲ့ လယ်သမားကြီး က မျက်နှာ ကို လက် နဲ့ နေ ကာ ရင်း အဝေး ကို မျှော်ကြည့် နေတယ် ။ ဖြူလတ် လန့် သွားတယ် ။

ထို ငါးကျပ်တန် အကွက်ကလေး ယူ လိုက်ပုံ ကို ကျွန်တော် အလွန် ကြိုက် ပါသည် ။ လက်ဝါး နဲ့ နေ ကာပြီး အဝေး ကို မျှော်ကြည့် နေတဲ့ လယ်သမားကြီး သည် ဖြူလတ် ၏ ဖခင် ကို ကိုယ်စား ပြု နေပေသည် ။ သူ့ ခမျာ မှာ နေပူ ထဲ က နေပြီး အဝေး မှာ ရှိသည့် သမီး ကို ရော အနာဂတ် ကို ပါ မျှော် နေမိယောင် ပေါ် လာသည် ။ ( ကျွန်တော် ကိုယ် တိုင် ဤ ဝတ္ထု ကို ဖတ်ပြီး မှ ငါးကျပ်တန် အရုပ် ကို တွေ့မိ လျှင် ဖြူလတ် ကို ရော ၊ ဖြူလတ် အဖေ ကို ပါ သတိရ မိ သွားတတ် သည် ၊ ကိုချမ်း တော်ပါပေသည် ။ )

ငါးကျပ်တန် နှင့် အတူ စာ တစ်စောင် လည်း ပါလာ သည် ။ ထို စာ မှာ ဖြူလတ် ကို ဘဝ မှန် သို့ ပြန် ပို့လိုက်သော စာ ဖြစ်သည် ။ စာ အစချီ လိုက်ပုံ က ‘‘ သမီးငြိမ်းရင် ” တဲ့ ။ တစ်လျှောက် လုံး ဖြူလတ် ၊ ဖြူလတ် လုပ်လာ ခဲ့သမျှ ယခု မှ ငြိမ်းရင် ဖြစ် သွားလေသည် ။

သမီးလေး စာအုပ်ဖိုးတွေ က ဈေးကြီး လှတယ် ။ စာအုပ်ဖိုး ဆိုရင် မနှမြော ပါ နဲ့ သမီးရယ် ။ သမီး မခြိုးခြံရပါဘူး ။ အဖေ ခြိုးခြံ မှာ ပေါ့ ။ အခု ဆောင်း ဝင် တော့ သမီး အမေ လည်း ရင်ကျပ် ပြန် ထလာပြီ ။ သမီး အရင် တစ်ခါ က ဝယ် ပို့တဲ့ အနီရောင် ဆေးရည် နဲ့ တည့်တယ် ပြောတယ် ။ လယ် ထဲ မှာ လည်း မြေပဲတွေ နှုတ် နေရပြီ ။

ဖြူလတ် လက် ထဲ က “ ဖြူပြာ သူဇာ ” ဆိုတဲ့ အပ်ချုပ်ဆိုင် တံဆိပ် နဲ့ အိတ်အပြာလေး ခုတင် အောက် ကို လျှောကျ သွားတယ် ။ အထဲ က ဖော့ခရစ် နံ့သာရောင်လေး က ကြမ်းပြင် ပေါ်  ကို ပြူထွက် လာတယ် ။ ဖြူလတ် မျက်စိ ရှေ့ မှာ တော့ နွားရုပ်ကြီး ဟာ နားရွက် ခတ် နေ သလိုပဲ ။

အမေ့ ချောင်းဆိုးသံ ကျပ်ကျပ် ကို ကြား လာ ရတယ် ။ ဖြူလတ် ရင် ထဲ လည်း ဆို့ကျပ် လာတယ် ။

ဖြူလတ် ဆိုသော ဖြူပြာသူဇာလေး လျှောကျ သွား ပါပြီ ။ နွားရုပ်ကြီး က နားရွက် ခတ် လာပါပြီ ။ အမေ့ ချောင်း ဆိုးသံ ကြား ရပါပြီ ။

ထို့ကြောင့် ဖြူလတ် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ် ရက် အိမ် ခဏ ပြန်မည် ။ ကျောင်းရက်ရှည် ပိတ် လျှင် လည်း ရွာ မှာ ပဲ ပြန် နေမည် ဖြစ်ကြောင်း ကိုစိုး ထံ စာ ရေး ထားခဲ့ သည် ။ စာ ကို လက်မှတ် ထိုး တော့ “ ဖြူဖြူလတ် ( ခေါ် ) မငြိမ်းရင် ’’ ဟု လက်မှတ် ထိုး ခဲ့သည် ။

ဆက်ပြီး ဝတ္ထု အဆုံးသတ် ရေးပုံ ကို ရော ၊ အဆုံး သတ်ပုံ ရော ကျွန်တော် ကြိုက်လှ ပါသည် ။

ရွာ က ပြန် ရောက်ပြီး အဆောင် မှာ တစ်ပတ် သာ နေရမယ် ။

သည် ရက် မှာ တွေ့ချင်သေးတယ် ဆိုလည်း သူ လာပေါ့ ။

ဖြူလတ် သူ နဲ့ တွေ့ဖို့ က “ သူ လာဦးမှာ ၊ မလာတော့မှာ ” ပေါ် မှာ မူတည် နေတယ်လေ ။ “ ဖြူလတ် မျှော် ၊ မမျှော် ” ပေါ်မှာ မူမတည်ပါဘူး ။

မဟုတ်ဘူးလား နွားရုပ်ကလေး ရယ် ။

သူ မလာတော့ဘူး ဆိုရင် ကော တဲ့ ။ အိုင်ချင်း ထဲ က စာပိုဒ် ကို ဖြူလတ် ညည်းချင်တယ် ။

“ မောင်ကလေးငယ် မောင်မလာ သည်

မလာကလည်း နှမကြီးမှာ ဝမ်းမနည်း ” ရယ်လို့လေ ။

ဤသို့ ဝတ္ထု ကို အဆုံးသ,တ်လိုက်ပါသည် ။ ဝတ္ထု စ ပုံ လည်း ကောင်း ပါသည် ။ ဆုံး ပုံ လည်း ကောင်း ပါသည် ။ ကိုချမ်း သည် မည်သည့် နေရာ တွင် မည်သို့ အဆုံးသ,တ်ရ မည်ကို သိပါသည် ။

ဖြူလတ် ဘဝ ခံယူချက် ပြောင်း သွား ပုံလေး မှာ ညင်သာ ပါသည် ။ ညင်သာ ရုံ မက ရင့်ကျက် ပါသည် ။ ဘဝ မှန် ကို လက်ခံရာ ၌ ကံကြမ္မာ ကို ရိုးမယ်ဖွဲ့ပြီး ငိုကြွေး ၍ လက်ခံခြင်းမျိုးလည်း မဟုတ်ပါ ။ အမျက် ဒေါသ ဖြင့် ဆောင့်ကြီး အောင့်ကြီး လက်ခံခြင်း မျိုး လည်း မဟုတ်ပါ ။ သင့်တင့် လျောက်ပတ် သော နှလုံးသွင်းခြင်း ဖြင့် ညင်သာစွာ ပင် လက်ခံပါသည် ။ ကလေး ဆန် သော ဖြူလတ် တွင် ရင့်ကျက် သော လူကြီး ဆန် လှ သည့် စိတ်နှလုံး ကို တွေ့ လိုက်ရ သည် ။ ဖြူလတ် ချစ်စရာ ကောင်းသည် ။ ကြည်ညိုစရာ လည်း ကောင်းပါသည် ။

ဤသို့သော ရင့်ကျက်မှု ဖြင့် ဘဝ မှန် ကို လက်ခံ အပ်သည် ဟု ကိုချမ်း က အဆိုပြု လိုက်ခြင်း ဖြစ်သည် ဟု ဆို သင့်သည် ။

ဤ ဝတ္ထု ၏ အမည် ကို လည်း သတိပြု မိပါသည် ။ “ ပန်းမွေ့ရာ ရွှေကော်ဇော ” တဲ့ ။ အားလုံး ကြားဖူးကြပါ သည် ။ “ အတူလေးရယ် တဲ့ ယှဉ်ကာပြိုင် ၊ ယှဉ်ကာပြိုင် ” ( အချို့ က မဆီလေးရယ် တဲ့ အိုမဆိုင် ဟု ဆိုကြပါသည် ။ ) ပန်းမွေ့ရာ ရွှေကော်ဇော ရောနှောလို့ ထိုင် ။ ဖြူလတ် က ပန်းမွေ့ရာ ရွှေကော်ဇော ပေါ် တွင် ရောနှောပြီး ထိုင်ချင် နေ သည် မဟုတ်ပါလား ။ နာမည် ပေးပုံ ကိုလည်း ကျွန်တော် ကြိုက်ပါသည် ။

သို့ဖြစ်လျှင် ဤ ဝတ္ထုတို ၌ ချွတ်ယွင်းချက် မတွေ့ တော့ပြီလော ဟု မေးစရာ ရှိပါသည် ။ မမော် တို့ မော်တော်ကား ပျက်ခြင်း နှင့် ကိုစိုး ၏ ကား ရောက်လာခြင်း မှာ ဖြူလတ် နှင့် ကိုစိုး တို့ နှစ်ယောက်ချင်း ဆုံစေ လို ၍ အကွက် ဆင် ခြင်း ဖြစ်ကြောင်း သိသာ ပါသည် ။ သို့သော် ဤသို့ပင် ဆင် ကြရသော ကြောင့် အသင့် ယုတ္တိ လည်း ရှိနေ ပြန်သော ကြောင့် ခွင့်လွှတ် ထိုက် ပါသည် ။

သို့သော် ဖခင် ၏ စာ ထဲ တွင် “ လယ် ထဲ မှာ မြေပဲ တွေ နုတ်နေရပြီ ” ဟု ရေး ထားသည့် ချွတ်ယွင်းချက် ကား မလျော်ကန် လှပါ ။ “ ယာ ထဲ မှာ ” ဟု ဖြစ်သင့် ပါသည် ။

ကိုချမ်း ( ဆေး - ၂ ) ၏ “ ပန်းမွေ့ရာ ရွှေကောဇော ” ကို ခြုံ၍ သုံးသပ်ရ လျှင် -

( ၁ ) စကားလုံး နည်းနည်း နှင့် အကြောင်းအရာ များများ ကို ပြော တတ်ပါသည် ။

( ၂ ) လူ့ စရိုက် ၊ လူ့ သဘာဝ ကို အသေးအဖွဲ ဖြစ်ရပ်ကလေးများ နှင့် ပင် ပေါ်လွင် အောင် ပြ တတ်ပါသည် ။

( ၃ ) ဘဝ ခံယူချက် ပြောင်းပုံ ကို ညင်သာစွာ တင်ပြ တတ်ပါသည် ။

( ၄ ) ဘဝ မှန် ကို ရင့်ကျက်စွာ လက်ခံအပ်ကြောင်း အဆိုပြု ထားပါသည် ။

အခြေခံ အား ဖြင့် အထက်ပါ အချက်များ ကြောင့် ကျွန်တော် ကြိုက် ပါသည် ။ ဇာတ်လမ်း ဇာတ်ကွက် အဖြစ် အပျက် ဆင် ပုံ ၊ ကိုစိုးနှင့် ဖြူလတ် တို့ ချစ်သူများ အဖြစ် သို့ ပို့ မပေးဘဲ ရပ်တန်း က ရပ်ထားပုံ စသည် စသည် တို့ ကို စာ ရှည် နေမည် စိုး၍ ချန်လှပ် ထားခဲ့ပါသည် ။

ကိုချမ်း ( ဆေး - ၂ ) သည် စာပေ ပန်းမွေ့ရာ ရွှေ ကော်ဇော ပေါ် တွင် ရောနှောပြီး ထိုင် လာ နိုင်အောင် ဆက် လက် ကြိုးပမ်းနိုင်ပါစေ ဟု ဆုတောင်း လိုက်ပါသည် ။

အောက်တိုဘာလ မဂ္ဂဇင်းများ အနက် ရှုမဝ မဂ္ဂဇင်း ထဲ က တက္ကသိုလ် မြစိမ်း ၏ ‘‘ အဲဒီ ည က မိုးတွေ ရွာနေတယ် ” ဝတ္ထု ကို ဖတ်ကြည့်လျှင် ဝတ္ထု ဝါရင့်သူ တို့ သပ်ရပ်စွာ ဖန်တီးတတ်ကြ ပုံကို တွေ့  နိုင်ပါသည် ။ ရုပ်ရှင်မျက်မှန် မှ ပန်းချီဝသုန် ၏ “ ပရော်ဖက်ရှင်နယ် ” တွင် ထူးထူးခြားခြား နားထောင်သူ နာမ်စား ( Second Person Point of View ) ဖြင့် ရေး ထားသည် ကို တွေ့ နိုင်ပါသည် ။ ဂီတပဒေသာ တွင် တင်တင်ဦး ၏ “ ကျွမ်းသူ့ ရင်မှာ ဖြေစိမ့်သောငှာ ” က နာသူ နာမ်စား ရှုထောင့် ကို ဝသုန် ၏ ဝတ္ထု နှင့် ယှဉ်ကြည့် သင့်ပါသည် ။ မိုးဝေ တွင် “ မှီတွယ် ခိုနားရာ ” ဝတ္ထုတို ရေးသူ မောင်ပန်းအောင် ( ကွမ်းသီးတော ) သည် တွေးပုံ ထူးခြားသူ ဖြစ်ပါသည် ။ အတတ်ပညာ ပိုင်း ကို ကြိုးပမ်း လျှင် ထူးခြားသည့် ဝတ္ထုတို ဆရာ ဖြစ်လာ လိမ့်မည် ထင် ပါသည် ။

◾အောင်သင်း

📖 သဘင် မဂ္ဂဇင်း
      နိုဝင်ဘာ ၊ ၁၉၈၃

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment