❝ လောကနန္ဒာ ကမ်းပါးက လှေကလေး ❞
ပုဂံ ၏ နေဝင်ဆည်းဆာအလှ ကို ကျွန်တော်တို့ သည် မင်းနန်သူ အနန္တ ပညာ ဘုရားဘက် မှ လည်းကောင်း ၊ မြို့ထဲ က ရွာဟောင်းကြီး ဘုရား ပေါ် မှ လည်းကောင်း ကြည့်ရှုခံစား ပြီးကြ လေပြီ ။ ဧရာဝတီ အနောက်ဘက်ကမ်း တန့်ကြည့်တောင်တန်း ပေါ် နေလုံးနီနီ သည် တအိအိ လျှောကျ ဆင်းကာ တန့်ကြည့်စွယ်တော်မြတ် စေတီခြေရင်း ရောက်သော အခါ မှ သူ ၏ ပတ္တမြာရည်များ ကို ဖောက်ချ ပူဇော် ကာ ဂေါယာကျွန်း ဆီ ငုတ်လျှိုး သွားသည် အထိ ကျွန်တော်တို့ သည် ထောင့်စုံ ၊ နေရာစုံမှ တမက်မောမော ခံစားလို့ မဝနိုင် နေကြ သေးသည် ။
တစ်နံနက် မှာတော့ လောကနန္ဒာစေတီ ခြေတော်ရင်း က ကို အောင်မင်း တို့ ထမင်းသုပ်ဆိုင်လေး မှာ ထမင်းသုပ် စားရင်း လောကနန္ဒာဆိပ်ကမ်း ၏ ပျံ့ပြူးကျယ်ပြောသော သဲသောင်ပြင်ကြီး ကို စိတ်ဝင်စား မိလေ၏ ။ သဲသောင်ပြင်ကြီး က ဧရာဝတီမြစ် ထဲ ကို တွန့်လိမ် ကောက်ကွေး ကာ လှိမ့် ဆင်း နေသည် ။ သောင်ပြင် နှင့် မြစ်ရေ ၏ နယ်နိမိတ် က မဖြောင့်စင်း ။ အချိုင့် ဖြစ်၏ ။ အဝှမ်း ဖြစ်၏ ။ အမြှောင် ဖြစ်၏ ။ အလှိုက် ဖြစ်၏ ။ သောင်ပြင် ပေါ် က ရေညီပြင် မျဉ်း နှင့် အပြိုင် ကောင်းကင်ပြင် က ရေညီပြင် မျဉ်းနှစ်ကြောင်းကြား တိမ်တောင်တိမ်လိပ် ၏ အကွေ့အဝိုက် ၊ တန့်ကြည့်တောင်တန်း ၏ အနိမ့် အမြင့် ၊ သောင်ကမ်းစပ် ၏ အလှိုက် အမြှောင်များ က အချိုးကျ လှပနေသည် ။
လောကနန္ဒာဆိပ်ကမ်း ၏ တောက်စားမှုက ကျွန်တော်တို့ ကို ပြုစား ခံ ရကာ စား လက်စ ထမင်းသုပ် ကို ပင် လက်စ မသတ်နိုင်ဘဲ ကင်မရာအိတ် ကို လွယ်ပြီး ကမ်းပါးစောင်း တစ်လျှောက် အပြေးအလွှား ဆင်းမိကြခြင်း က “ လှေကလေး ” ကို ယနေ့ တိုင်အောင် ပဲ တမြေ့မြေ့ သတိရခြင်း ၏ အစ ကနဦး ပင် ဖြစ် တော့သည် ။
••• ••• ••• •••
သောင်ပြင် ပေါ် က ခပ်ကိုင်းကိုင်း ဝါးလုံးတိုင်လေး မှာ ချည်နှောင်ခြင်း ခံနေရတဲ့ ၊ လှေကလေး ရေ ။
မင်း မှာ ပေါင်းမိုးလေး လည်း ရှိပါလျက်ကယ် နဲ့ ။
ပေါင်းမိုး ပေါ် မှာ ပုဆိုးအိုလေး တစ်ထည် လွှမ်း ထားပါ လျက် နဲ့ ။
ပဲ့ပိုင်း က မီးဖို မှာ ထင်း အတိုအစ က မီးခိုး တလူလူ ထွက် နေပါ လျက်နဲ့ ။
မီးဖို ပေါ် က မြေကရား မည်းညစ်ညစ် မှာ ရေနွေး ပွက်ပွက် ဆူနေပါ လျက်နဲ့ ။
မီးဖိုဘေး က သံပြားလေး ပေါ် မှာ ငါးသေးသေးလေးတွေ အခြောက် လှန်းထားပါ လျက်နဲ့ ။
လှေဦး က ထင်းတို ထင်းစ တစ်စည်း ပေါ် ဝါးခမောက်စုတ်လေး တစ်လုံး တင်ထားပါ လျက်နဲ့ ။
မင်း အပေါ် မှာ မင်း အရှင်သခင် မရှိပါလား ကွယ် ။
ပေါင်းမိုး အောက် ငုံ့ ကြည့်သည် ။ လူသူ မတွေ့ ။
ဟောဟို နား မှာ ရေ ကူးနေသူ က လှေ ရှင် လား ။
အော်ဟစ် မေးသည် ။ အဖြေ က မသိပါတဲ့ ။
ဒါဖြင့် ခပ်လှမ်းလှမ်း က ငါးမျှားနေ သူ လား ။ သူ က လည်း တုတ်တုတ် မလှုပ် ။
အရှင် မရှိသော လှေကလေး ကို ဖြင့် စွဲမက် နေမိပြီ ။ တကယ်တော့ လှေကလေး သည် ဟိုအောက် တစ်လံကွာ လောက် က သောင်အချိုးလေး မှာ ပဲ ရှိ နေသင့်သည် ။ ကွေ့ဝိုက် ဆင်းသွားသော သောင်အချိုး မှာ လှေကလေး ရှိ ခြင်းက ရှုခင်း ၏ ညာဘက် တွင် တစ်ဖက် လေး နေစေမည့် တန့်ကြည့်တောင် ထွတ် နှင့် အလေးချိန် မျှပေးစေမည် ။
တိမ်စိုင် တိမ်ခဲတို့ တလိတ်လိတ် တက်လာ၏ ။ နံနက်ခင်း နေခြည်နု က လှိုင်းခေါင်းဖြူတွေ ကို ရွှေရောင် ဆိုး ပေးသည် ။ ဟိုမှာ ဘက်ကမ်း မှာ တံငါ လှေကလေးတွေ ခပ်ပျပျ မြင်ရ၏ ။ သည် သောင် အကွေ့ မှာ သာ လှေကလေး ဖြည့် လိုက်ရပါက သူ သည်လည်း သည် အလှ ပြိုင်ပွဲ မှာ သြဘာပေး ခံရမှာ သေချာ ပါသည် ။
လှေကလေး ကို ထင်ပေါ် စေလို၍ စင်ပေါ် တက်စေ လိုသော်လည်း အရှင် မရှိ ။ သခင် မရှိ ။ အနား ပတ်ဝန်းကျင် ဟစ်အော် ခေါ်ပါ သော်လည်း စိုးစဉ်းမျှ ပြန်လှန် အဖြေ ပေးနိုင်သူ မရှိ ။ သို့သော် နေလုံး က ရင့် လာသည် ။ ရွှေရောင်တွေ ကြွေသထက် ကြွေလာသည် ။ လှိုင်းတွေ လူးသထက် လူးလာ သည် ။ အလှဆုံး သည် ထာဝရ မဟုတ် ၊ တစ်ခဏ သာ ဖြစ်သည် ။ မကြာမီ ရင့် အို မှိုင်းသွား ကြတော့မည် ။ အခွင့်အရေး က နှစ်ခါ လာရိုး မရှိ ။ မတတ် နိုင်တော့ ။
အရှင် မရှိသော လှေကလေး ကို ဝါးလုံးတိုင်လေး က လွတ်လပ်ခွင့် ပေးလိုက်၏ ။ အချုပ်အနှောင် ကင်း သည်နှင့် တစ်ပြိုင်နက် လှိုင်း အတက် မှာ တစ်ချက် ခုန် လိုက်၏ ။ လှေဦး ကို ဖိ ကိုင်ကာ ရေဆန် အတိုင်း ဦး ထိုးလိုက် ၏ ။ တွန့် သွားသည် ။ ထို့နောက် ခပ်စပ်စပ် ရေ မှာ လှေကလေး ကို မနိုင်တနိုင် ဆွဲခေါ် လာရသည် ။ မငြိမ်မသက် သော်လည်း မငြင်းမဆန် လိုက်ပါလာ၏ ။ သည်အချိန် အထိ အရှင် မပေါ် ။
သည်အချိန်မှာ အရှင် ပေါ် သော်လည်း ကိစ္စ မရှိတော့ ။ တောင်းပန်ရုံ သာ ။ သောင်အချိုး အထိ တော့ သူ့ လှေကလေး ခေါ်ယူသွားဖို့ ခွင့်ပြုရန်သာ ကြိုးစားကြ ရ တော့မည် ။ သောင်အချိုး ရောက်တော့ ရေ က တိမ် လွန်း၏ ။ လှေ နှင့် ရေစပ် ကို တစ်လံမျှ ပင် မထား ရက် နိုင်တော့ ။ လှေဝမ်း နှင့် သဲပြင် ပွတ် ဆွဲရ သည် ။ ဤသို့ဖြင့် သောင်အချိုး မှာ လှေကလေး ကို လိုချင်သည့် အနေအထား ရောက်အောင် ခေါင်းဆောင် ရတော့သည် ။
ထို့နောက် ကင်မရာမှန်ဘီလူး က တစ်ဆင့် မြင်ရသည့် ပုံရိပ် ကို ချောင်းကြည့်ပေါက် ကနေ တစ်ဆင့် ကြည့် မိပြန်တော့ လောဘ က မသတ် နိုင်ကြသေး ။ လှေကလေး ဘေး မှာ လူ တစ်ယောက် ကို ထားချင် ပြန်သေးသည် ။ ဒါကတော့ မခဲယဉ်း ။ ဒေါက်တို ဒေါက်ရှည် ၊ ပြောင်းတို ပြောင်းရှည် ၊အိုးကြီး အိုးသေးတွေ နဲ့ ကျွန်တော်တို့ တစ်တွေ ကို အံ့သြငေးမော နေသည့် သီရိ ပစ္စရာရွာ က ကလေးတွေ ရှိသည် ။ သူတို့ ထဲ က လူကောင်ကြီးကြီး ကလေး တစ်ယောက် ကို ဆွဲဆောင် တော့ အားတက်သရော ရှိလှ၏ ။
လုံချည် ကို တိုတို ပြင် ဝတ်သည် ။ ရေ ထဲ ဆင်းရမှာ မို့ ဖိနပ် ကို ချွတ် သည် ။ လှေကလေး ဆီ ပြေး သွား၏ ။ လှေဦး ကို ကိုင်သည် ။ မဟုတ်သေး ။ လှေ ပဲ့ ကို ကိုင်သည် ။ အချိုး မကျသေး ။ လှေပေါ် တက် ဖို့ ခါးတောင်း ကျိုက်သည် ။ သဘာဝ မကျ ။ ခါးတောင်းကျိုက် ဖြုတ် ခိုင်းရသည် ။ လှေကလေး ဦးပိုင်း ထင်း စည်းပေါ် က ဝါးခမောက်စုတ်လေး ဆောင်း ခိုင်းရသည် ။ ပြီးတော့ လှေ ထဲ က ထင်းစည်းလေး မ ပြီး ကမ်းဖက် သယ် လာ ခိုင်းရသည် ။ ဟုတ်ပြီ ။ ကျွန်တော် တို့ ကင်မရာများ ဆီ က ရှပ်တာ အလင်းတံခါး ပွင့်သွားသံများ ပြိုင်တူ ထွက် ပေါ်လာ၏ ။ ကိုင်း နောက် တစ်မျိုး ။
အနား က ကြည့် နေသော ကလေးအုပ်စု ထဲ က လေးငါးနှစ် အရွယ် အင်္ကျီ မပါ ဗလာကိုယ်ထီး ကလေး တစ်ယောက် ကို လှေကလေး ဆီ ပြေးခိုင်း ရပြန်သည် ။ ကလေး က အားရဝမ်းသာ ပြေး၏ ။ လှေနား က ကလေး က လည်း ကိုင် ထားသည့် ထင်းစည်းကြီး မ ရ မလို ၊ ချ ရ မလို ၊ ကုန်းကွကွ ။ သောင်ပေါ် က ကလေး က လည်း လှေကလေး နား ရောက်လာပြီ ။ ကျွန်တော် တို့ သည် ကင်မရာ ခလုတ်များ ပေါ် လက်ညှိုးတွေ တင် လိုက် ကြ၏ ။
ပြေး ၊ ပြေး ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ။
အကြီး က လည်း ထင်းစည်း မချ နဲ့ ၊ ထင်းစည်း မချ နဲ့ ။
ကင်မရာ မကြည့် နဲ့ ၊ ဒီဖက် မကြည့် နဲ့ ။
လက်ညှိုးတွေ ဆီ ဖိအားတွေ စီးဆင်း သွား၏ ။ အလင်းတံခါး ဖွင့် လောက် သည့် ဖိအား က လက်ညှိုး ဆီ ဆောင့် ဝင်လှ ။
“ ဟာ ”
အံ့အားသင့် အာမေဋိတ်သံတွေ နှင့် အတူ တဒင်္ဂမျှ အသက်ရှူ မှား ကာ ကြောင် သွားကြသည် ။ ကုန်းပေါ် က ဘယ်အချိန် ပြေး ဆင်းလာမှန်း မသိသော ခွေးဝါကြီး တစ်ကောင် က တဟုန်ထိုး ပြေးကာ ဆုံလု ဆုံဆဲ ကလေး နှစ်ယောက် ကြား ဝင်ပြီး မတ်တပ် ရပ်ကာ ခုန် ထွက်သည် ။ အာမေဋိတ်သံတွေ နှင့် အတူ လက်ညှိုးတွေ က ကင်မရာ ခလုတ်တွေ ကို ဖိနှိပ် မိလိုက်ကြမှန်း သတိ မထား မိကြ ။ ခွေး က သောင်ကမ်း တစ်လျှောက် မြူးထူး ကာ ပြေးလွှား နေဆဲ ။ အဝေး ရောက်မှ ချာခနဲ လှည့်လာပြီး ကလေးတွေ နှင့် မတ်တပ် ရပ်ကာ ဆော့ကစား နေဆဲ ၊ ဪ ... ကစားဖော်တွေ နေမှာပေါ့ ။
ကျွန်တော်တို့ အတွက် တော့ ကျေနပ်လွန်းလှစွာသော ဓာတ်ပုံကောင်း တွေ ရနေပြီမို့ ပျော်ရွှင်မြူးထူး နေကြဆဲ ။
သည် အဖြစ်အပျက်တွေ ကို ထမင်းသုပ်ဆိုင်လေး မှာ ပြန် ဝင်ပြီး ပိုကာ အချိုရည်ဘူး သောက် သူ သောက် ၊ ဘီယာဘူး ဖွင့် သူ ဖွင့် ပြီး စားမြုံ့ပြန် လို့ မဆုံးတော့ ။
သို့သော် တစ်ယောက် က သတိ ပေး လိုက်တော့ အားလုံး သတိရ သွား ကြသည် ။ ဟုတ်ပေသားပဲ ။
လှေကလေး ကို မူလ နေရာ မှာ ပြန် မှ မထားမိခဲ့ကြပဲ ။
ကူညီကြတဲ့ ကလေးတွေ ကို မုန့်ဖိုး မှ မပေး မိကြလေဘဲ ။
သည် ခံစားမှု သည် ဓာတ်ပုံကောင်း ကြောင့် ရယူ ပိုင်ဆိုင် လာမည့် ဆု တံဆိပ်တွေ အဲသည် ဆု တွေ နောက် က ဒေါ်လာ ရာချီ ထောင်ချီတွေ ကြား ကြာကြာ မခံ ပျောက်ကွယ် သွား လေတော့သည် ။
ထမင်းသုပ်ဆိုင်လေး မှာ စိတ်ကြိုက် မှာယူ စားသောက် ကြပြီး နောက် တည်းခိုရာ“ Betelnut Inn ” ရောက်တော့ နေ အတော် မြင့်လေပြီ ။ သည် ကနေ့ ညနေ ဗူးဘုရား ဆိပ်ကမ်း မှာ နားပြီး ညစာ ကို မြရတနာ မှာ ပဲ အေးအေးဆေးဆေး စား ကြမည် ။ နက်ဖြန် မနက်ပိုင်း မြင်းကပါ ဘက် သို့ လှည့်ပတ်ကာ ဓါတ် ပုံ ရိုက်ကြပြီး ညနေစောင်း ရင် ဖြင့် လောကနန္ဒာ ဆိပ်ကမ်း ကပဲ ပုဂံ နေဝင် ချိန် ကို ထပ်မံ ခံစား မှတ်တမ်းတင်ကြဖို့ ဆုံးဖြတ် ထား ပြီး ဖြစ်၏ ။ ဤသို့ဖြင့် ပုဂံ ၏ စတုတ္ထနေ့ ကို အဆုံး သတ်ပြီး ရှမ်းပြည်နယ် ဘက် ဆက်ကြဖို့ ဖြစ်ပါသည် ။
သည်ကနေ့ ည သည် လည်း အခါတိုင်း ညများ လို ပုဂံ သည် ချိုစိမ့် နေ ပါသည် ။
တစ်မနက်ခင်း လုံး မင်းနန်သူ တစ်ဝိုက် ၊ မြင်းကပါ တစ်ဝိုက် ခြေရာ ထပ်အောင် လှည့်လည် ကြပြီး တည်းခိုခန်း ဝင် ရေမိုးချိုး ပြီးနောက် နား နေကာ ညနေ စောင်း သည် နှင့် လောကနန္ဒာ သို့ ဆင်း ခဲ့ကြသည် ။ ထုံးစံအတိုင်း ကိုအောင်မင်း တို့ ဆိုင်လေး မှာ စတည်းချ နား နေကာ စားချင်စိတ် ရှိသည့် အကြော်အလှော်တွေ မှာ ထားခဲ့ကြ ပြီး နောက် ကမ်းစပ် သို့ ဆင်းခဲ့ ကြသည် ။
နေ အတန် စောင်းသွားပြီ မို့ ကမ်းစပ် မှာ လူသူ ရှင်းစ ပြုပြီ ။ စောစော က မှ ရောက် လာသည့် ခရီးသွား လမ်းညွှန်အဖွဲ့ ၏ ကားတစ်စင်း မှ နိုင်ငံခြားသား လေးငါး ဆယ်ဦး ခန့်သာ ကမ်းနားသောင်ပြင် ပေါ် နေရာ ယူ နေကြ၏ ။ သူတို့ လည်း နေဝင်ချိန် ကို ခံစားကြဖို့ ဖြစ်ပါ လိမ့်မည် ။
ကျွန်တော်တို့ ကတော့ မနေ့ မနက်ခင်း က နေရာ သောင် အချိုးလေး ကို ပဲ သဘောကျ နေပါသည် ။ ကျ လာမည့် နေ လမ်းကြောင်း ကို မှန်းဆ ကြည့်တော့ သည် သောင်အချိုးလေး နေရာ က အကောင်းမွန်ဆုံး ပဲ ဖြစ် ပါသည် ။ ကျ နေ သည် မြန် သောကြောင့် ပြင်ဆင်စရာ ရှိသည်များ ပြင်ဆင် ၊ ကင်မရာ အမျိုးအစား ၊ မှန်ဘီလူး အမျိုးအစားများ စစ်ဆေးကာ အသင့် အနေအထား သို့ ရောက်အောင် နေရာ ယူထား ကြရ၏ ။
တစ်ဖက်ကမ်း က မြင် နေ ရသည့် လှေကလေးတွေ ၏ အစက်အပြောက်လေးတွေ လည်း ဟို အဝေး ရွာကလေး ဆီ ပျောက်ကွယ် သွားပေါ့ ။ လောကနန္ဒာ ကမ်းပါး ခြေတော်ရင်း ရေစပ် တွင် လည်း တံငါလှေ ၊ ကူးတို့ လှေ လေးတွေ ကြက်တောင်စိုက် နား ကြပေါ့ ။ အလင်းရောင် က ဖျော့တော့ ပါးလျား သထက် ပါးလျား လာပြန်ပေါ့ ။
သောင် အချိုးလေး မှာတော့ လကြေးပြား တစ်ချပ် ဖြတ် ကပ်ထား သလို နေရောင် တလက်လက် ။ ဟောသည့် သောင်ချိုးလေး မှာတော့ သည် အတိုင်း အထီးကျန် ထားရင် ဘယ်လိုမှ လှ မှာ မဟုတ် ။ လှေကလေး ကို ပဲ သတိ ရမိသည် ။ လှေကလေး ဘယ်မှာ လဲ ။ မနေ့ တုန်း ကတော့ ကိုယ့် ဆန္ဒ ပြီးပြည့်စုံတာ နဲ့ လှေကလေး ကို မေ့ ထား ခဲ့ကြသည် ။ အလို ဆန္ဒ ရှိလာပြန် တော့ လှေကလေး ကို တမ်းတ မိတာ လူ့ သဘာဝ ပဲ ဖြစ် လိမ့်မည် ။ လှေကလေး ကတော့ မပြောင်းလဲ ။
လှေကလေး ကား မနေ့ က မူလ နေရာ ဝါးလုံးကိုင်းကိုင်းလေး အခြေ မှာပဲ ငြိမ်သက် နေသည် ။ သို့သော် မီးခိုးငွေ့တွေ ကတော့ လှေကလေး ပေါ် က အူ လျက် ထွက် နေ၏ ။ အချိန် မရှိတော့ ။ နေ ကျတော့မည် ။ လှေကလေး ပေါ် မှာတော့ မနေ့ ကလို မဟုတ် ။ အရှင် ရှိပုံ ရသည် ။ မီးဖိုဘေး က လှုပ် နေသော အရိပ် ကို လှမ်း မြင်ရ၏ ။ မနေ့က သူ့လှေ ကို သူ မသိဘဲ ယူပြီး ပစ်ထား ခဲ့တာ သတိ မရ အား ။ ဟောသည် သောင် အချိုး မှာ ပဲ လှေကလေး ရောက် လာဖို့ လိုရင်း ဖြစ်၏ ။
“ ဗျို့ လှေရှင် ၊ လှေရှင် ရှိလား ။ ကူပါဦးဗျာ ၊ ခင်ဗျား လှေကလေး ကို ဟောသည်နား ဆွဲ ယူခဲ့စမ်းပါ ဗျို့ ။ ဓာတ်ပုံ ရိုက် ချင်လို့ ၊ မြန်မြန်လေး မြန်မြန် လေး ”
လှေကလေး ပေါ် က အရိပ် သည် လှုပ်လှုပ်ရှားရှား ဖြစ် သွားရ၏ ။ ရေ ထဲ သို့ ဆင်းတာ ဖြစ်မည် ။ လှေဦး က ကြိုးလေး ဖြည်တာ ဖြစ်မည် ။ ခပ်လှမ်း လှမ်း မို့ သဲသဲကွဲကွဲ မမြင်ရ ။ ခဏနေမှ လှေဦး က ကြိုး ဆွဲပြီး လှေကလေး ကို သောင် အချိုးလေး ဆီ ဆွဲလာ မှ “ ဟင်း ” ချ ရသည် ။
“ ဟုတ်ပြီ ။ ဟုတ်ပြီ ၊ ဆွဲလာခဲ့ပါ ၊ ဆွဲလာခဲ့ပါ ။ ဖြည်းဖြည်း ခါးလေး ကို သည့်ထက် ကုန်း လိုက်ဦး ၊ ကုန်းလိုက်ဦး ။ အားစိုက် ဆွဲလာတဲ့ ပုံစံမျိုး ”
ကင်မရာ မြင်ကွင်း အတွင်း မှာတော့ တန့်ကြည့်တောင် အမှောင်ရိပ် များ အပေါ် က ကောင်းကင် သည် ရဲရဲနီ ။ မြစ်ရေပြင်ကလည်း ရဲရဲနီ ။ သည် ဘက်ကမ်းစပ် သောင်အချိုး အကွေ့ မှာ လှေကလေး ဆွဲလာ သူ ။ လှေကလေးဦး က ခွဲ သွားသော လှိုင်းတွေ က ပတ္တမြား မြစ်ပြင် ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ် သွား ပါပကော ။
နေလုံး သည် တအိအိ လျှော လာပြီ ။ ကင်မရာတွေ မောင်း တင်လိုက် ကြပြန်ပြီ ။ ရေစီးအား ကြောင့် သောင် အချိုး က လှေကလေး ဦး လည်သွား၏ ။ မြင်ကွင်း နှင့် ကန့်လန့် အနေအထား ယိုယွင်း သွားသည် ။
“ လှေဆရာ ဦးလေးကြီး ရေထဲ ဆင်းပြီး လှေ ကို ထိန်း ပေး ပါဦး ။ ဟုတ်ပြီ ။ ဟုတ်ပြီ ။ လှေဦး ကို ဒီဘက် နည်းနည်း ယိုင် ပေးပါ ။ လူ မပါ ချင်ဘူး ။ ဖြစ်နိုင်ရင် လှေ ကွယ်ပြီး ရေ ထဲ ထိုင် ထားလိုက် ၊ ထိုင်ထား လိုက် ။ ဟုတ်ပြီ ၊ ဟုတ်ပြီ ။ ရပြီ ၊ ရပြီ ။ ခဏလေး ထိန်း ထားပါဦး ။ ငါးမိနစ် လောက် မှန်ဘီလူး လဲ မယ် ။ ခဏ လေး ဦးလေးကြီး ရေ ၊ ခဏလေး ”
ဤသို့ဖြင့် နေလုံးနီနီကြီး တန့်ကြည့်တောင် ကန့်လန့်ကာ မကွယ်မီ လှေကလေး ကို ပဲ ကန့်လန့် ၊ တစောင်း ၊ ဦးလှည့် ပဲ့လှည့် ၊ အနေအထား အမျိုး မျိုး ကို လှေရှင် အား စိတ်တိုင်း ကျ တည် ထား ခိုင်းပြီး ရိုက် လိုက်ကြတာ ၊ မိုးစုတ်စုတ် မှောင် ကာ ဟောဟို ကျွန်းချောင်းစက်ရုံတွေ ဆီက မီးပွင့်တွေ တလက်လက် ဖြစ်လာသည့် အချိန် ထိ ဖြစ်သည် ။
လူသူ လေးပါး မရှိတော့ဘဲ ကျွန်တော်တို့ ချည်းသာ မှောင်ကြီး ထဲ တွင် ကင်မရာပစ္စည်းတွေ သိမ်းဆည်း ကြ တော့ လှေကလေး လည်း သူ့ နေရာ သူ တရွေ့ရွေ့ ထွက်ခွာ သွားသည် ။
သည်အချိန် မှ သတိ ရလို့ ပိုက်ဆံအိတ်တွေ ဖွင့် ကြတော့ အိတ်တွေ က ကိုအောင်မင်းတို့ ထမင်းသုပ်ဆိုင်လေး မှာပဲ ကျန် ရစ်နေ၏ ။ စစ်စစ်ပေါက် ပေါက် ရှာဖွေပါမှ ဆယ့်ငါးကျပ်တန်လေး နှစ်ရွက် ထွက် လာသည် ။ အဖော် တွေ က ကင်မရာအိတ်တွေ တနင့်တပိုး ထမ်းပြီး ကမ်းပေါ် တရွေ့ရွေ့ တက် သွားချိန်တွင် ကျွန်တော် က လှေကလေး ဆီ အပြေးကလေး သွား သည် ။ လှေကလေးက သူ့ နေရာ ဝါးလုံးကိုင်းကိုင်းလေး မှာ ပဲ နား နေပြီ ။ လှေပေါ် မီးဖိုလေး က မီးရဲရဲတောက် ကာ မီးခိုး တလူလူ လွန့် နေသည် ။ လှေရှင် က မီးဖိုဘေး မှာ ပဲ တလှုပ်လှုပ် အရိပ် အဖြစ် မြင်နေရသည် ။ ကျွန်တော် က ရေစပ် ထိ ဆင်းသည် ။ လှေကလေး အနား ထိ ကပ် သည် ။ လက် ထဲ က ကိုင်ထား သော ဆယ့်ငါးကျပ်တန်လေး နှစ်ရွက် ကို လှေကလေး ဆီ လှမ်းရင်း
“ ဦးလေးကြီး ၊ ဦးလေးကြီး ဘယ်လိုမှ မအောက်မေ့ပါနဲ့ ။ ကျွန်တော် တို့ ကို စိတ်ရှည် လက်ရှည် ကူညီတာ ကျေးဇူး တင်ပါတယ် ။ ဦးလေးကြီး အတွက် လက်ဖက်ရည်ဖိုး ယူပါဦး ” ဟု ပြောလိုက်တော့ ပုဆိုးခြုံကြား မှ လက်တစ်ဖက် က ကျွန်တော့် ဆီ လှမ်းလာ၏ ။ ဆယ့်ငါးကျပ်တန်လေး နှစ်ရွက် ကို ရေ ထဲ မကျအောင် သူ့ လက် ထဲ သို့ လှမ်း ထည့် အပေး ။
ကျွန်တော့် မျက်လုံးတွေ ပြာဝေ သွားသည် ။
ဖျပ်ခနဲ သူ့ မျက်နှာ ကို လှမ်း ကြည့်မိသည် ။
ထင်းမီးဖို ၏ မီးရောင် က မျက်နှာ ကို မြင်မြင်ထင်ထင် ရှိ စေဖို့ လုံ လောက်သည် ။ လှေရှင် က လည်း လှမ်း ကြည့်သည် ။ ပြုံးပြသည် ဟု ယူဆ ရ သည် ။ ကျွန်တော် ချာခနဲ လှည့်ထွက်သည် ။ လှေရှင် က ဆယ့်ငါးကျပ်တန် လေးတွေ ကို လုံချည် ထဲ ထိုး ထည့်သည် ။ ကျွန်တော် ရေ ထဲ တဝုန်းဝုန်း ပြေး သည် ။ သဲသောင်ပြင် ပေါ် ပြေးသည် ။ ကမ်းပေါ် ပြေး တက်သည် ။ ထမင်းသုပ် ဆိုင်လေး ထဲ အပြေးအလွှား ဝင်သည် ။
အဖော်တွေ က ဘီယာဘူးတွေ တစ်ဖောင်းဖောင်း ဖွင့် နေ၏ ။
ရှေ့က ဖန်ခွက်တွေ ထဲ ဘီယာတွေ လောင်း ထည့် သည် ။ အမြှုပ်တွေ ဝေ့ခနဲ တက်လာသည် ။ တစ်ခွက် နှစ်ခွက် ၊ သုံးခွက် ၊ လေးခွက် ။
“ ကိုင်း လာမယ့် နိုင်ငံတကာ ဓာတ်ပုံပြိုင်ပွဲတွေ မှာ သေချာပေါက် ရ လာဦးမယ့် ဆုတွေ ဒေါ်လာတွေ အတွက် ချိယား ”
ကျွန်တော် လည်း ဘီယာခွက် ကို ယောင်ယမ်း ကိုင် ကာ ဖန်ခွက်ချင်း တိုက် လိုက်၏ ။
အဖော်တွေ ၏ မျက်လုံးတွေ က ဘီယာခွက် ထဲ က ဘီယာမြှုပ်တွေ ထဲ စူးစိုက် ကျောက်ချထားသည် ။ စီးကရက် မီးခိုးငွေ့တွေ မွှန် ထူလာသည် ။
သူတို့ အမြင်မှာ ဘီယာမြှုပ်တွေ ထဲ က “ လောကနန္ဒာ နေဝင် ” ဓာတ်ပုံ တွေ တဖျပ်ဖျပ် ပေါ် နေမည် ။
ဆုတံဆိပ်တွေ တဖျပ်ဖျပ် ပေါ်နေမည် ။
ပြီးတော့ ဆု အဖြစ် ကင်မရာသစ်တွေ ၊ ဒေါ်လာတွေ ၊ ဒေါ်လာတွေ ၊ ဒေါ်လာတွေ တစ်ထပ်ပြီး တစ်ထပ် ပေါ် ပေါ်လာ မှာ သေချာပါသည် ။
ကျွန်တော့် မျက်စိ ထဲ မှာတော့
........ ........... .......... .........
........ ........... .......... .........
........ ........... .......... .........
ကျွန်တော် ဘီယာခွက် ပြန် ချ လိုက်သည် ။
ခပ်လှမ်းလှမ်း မှာ ကြက်ဥတွေ ကြော် နေသည့် ဆိုင်ရှင် ကိုအောင်မင်း တို့ လင်မယား ဆီ ထ သွားသည် ။ လှေရှင် အကြောင်း ခပ်တိုးတိုး မေး ကြည့် သည် ။ ကိုအောင်မင်း က
“ သူ က ကြာပြီဗျ ၊ဘယ် ဇာတိ မှန်း မသိဘူး ။ ဒီ လှေကလေး နဲ့ ဒီမှာ ပဲ ဇာတ် မြှုပ် နေပုံ ရတယ် ။ ဘယ်သူ့ မှ လည်း ဒုက္ခ မပေးဘူး ။ ကိုင်း ထဲ က သစ်သီး သစ်နှံလေး ခူးဆွတ် စား ။ ငါးကလေး ၊ ပုစွန်ကလေး ဖမ်းပြု စားနေတာ ။ တွေ့တဲ့ သူ က မုန့်ဖိုး ပေး ရင်တော့ ယူတယ် ။ အင်မတန် အကျပ်အတည်း တွေ့ ရင်တော့ ရွာ ထဲ ဝင် တောင်း တတ် ပါတယ် ။ အင်း .... အခု တစ်လော တော့ ရွာ ထဲ ခဏခဏ တွေ့နေပါရဲ့ဗျာ ” ဟု ပြောသည် ။
ကိုအောင်မင်း က ကြက်ဥကြော်တွေ ဘီယာဝိုင်း သွား ချသည် ။ ကျွန်တော် က ဝိုင်း မှာ ပြန် ထိုင်သည် ။ ထိုနေ့ ည ဝိုင်း သိမ်းသည် အထိ ကျွန်တော့် ရှေ့ က ဘီယာခွက် အရာ မယွင်း ။ အတော်ကြီး မိုးချုပ် မှ လောကနန္ဒာဘုရား က ပြန်သည် ။ ဆိုင်ကလေး ကနေ ကားထွက်ပြီး ကမ်းနား ရောက်တော့ ရေဆိပ် လှမ်း ကြည့်မိ၏ ။ လှေ ကလေး မှာ မီးရောင်လဲ့လဲ့ မြင်ရဆဲ ဖြစ်သည် ။
••• ••• ••• •••
ဂျပန်ပြည် ရှိ ကမ္ဘာကျော် ဖလင်ကုမ္ပဏီကြီး ၏ အခန်း တစ်ခန်းတည်း က ဓာတ်ပုံပညာရှင်များ ၏ မျက်စိ တွင် မြန်မာပြည် က “ လောကနန္ဒာ နေဝင်ချိန် ” ပုံလေး ကို မျက်စိ ကျနေ သဖြင့် ပရိုဂျက်တာ ဖြင့် အကြိမ်ကြိမ် ထိုး ကြည့် နေကြ၏ ။ သောင်အချိုး က လှေကလေး နှင့် နေလုံးနီနီ ကို တဖွဖွ ပြော မဆုံး ဖြစ် နေကြသည် ။
မြန်မာပြည် က ဓာတ်ပုံဆရာ မှာတော့ ထို ပုံလေးကို မြင် မိလေတိုင်း ......
ဆယ့်ငါးကျပ်တန် နှစ်ရွက် ကို ဖျပ်ခနဲ ဆွဲ ယူလိုက်သည့် သွေးပြည် တစိုစို နှင့် လက်ချောင်းမဲ့ လက်ဖဝါး ။ ထင်းမီးဖိုလေး မှာ ရေ စိုလက်စ ပုဆိုး ကို လက်ဖဝါး အရိုး နှင့် ထိုးကာ ထိုးကာ မီး ကင်နေသည့် ထူအမ်းအမ်း နားရွက် ၊ နှုတ်ခမ်း နှင့် နှာခေါင်း မဲ့ မျက်နှာ ရှင် ၊ လှေကလေး အရှင် ကို ပဲ သတိ ရနေပါ သည် ။
◾ဆူးငှက်
📖 ပန်းဝေသီမဂ္ဂဇင်း
ဇန်နဝါရီ၁၉၉၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment