Monday, July 24, 2023

အနုဝင်္ကပါ ( ၈ )


 ( ၈ )


ဒေါ်ဒေါ်အိ နောက် တစ်ခေါက် ရောက် လာ ပြန်သည် ။ ယခင် အကြောင်းအရာ ကို ပြန် ကောက်ပြီး


“ အဲဒါပဲ ဦးသာဓု ရယ် ၊ စပြီး ပြော တုန်း ကတော့ ရွှန်းရွှန်းဝေ ပါပဲ ၊ သုံး လေးသိန်း ကုန်မယ့် ဇာတ်ကား တစ်ကား အတွက် ငွေ လေးငါးသောင်း ထုတ် ရင် ပြီး နိုင်သတဲ့  ၊ လိုတဲ့ ငွေ ကန်ထရိုက် ဆီ က ရမယ် တဲ့ ။ အထက် မြန်မာပြည် အောက် မြန်မာပြည် တဲ့ ရေး တူ စစ်တောင်း ဆိုလား ၊ ပြီးတော့ မြေနီကုန်း ၊ တာမွေ တဲ့  ၊ ရန်ကုန်ရှိုး တဲ့ ၊ သူတို့ တွက် ပြတဲ့ ငွေ နဲ့ ဆိုရင် ရုံ မတင်ခင် က အမြတ် ပေါ်နေ ပြီ ပေါ့ ရှင် ... ”  


“ ရုပ်ရှင်လောက မှာ ဒီလို မက်လုံး ပြ ပြောတာ ထုံးစံဗျ ။ ကဲ အဲဒါအသာထား ၊ ဟိုနေ့က စကား ပြန်ကောက်ကြစို့ .. ဟုတ်လား ၊ ခု ခင်ဗျား ငွေ ကုန် နေတာ တစ်သိန်း ရှစ်သောင်း ကျော် နော် ”  


“ ဟုတ်ပါတယ် ၊ ဘယ် ကန်ထရိုက် ဆီ က မှ ဘာ တစ်ပြား မှ မရသေးပါ ဘူး ” 


ဤလိုလည်း အဖျားသ,တ် ညည်း လိုက်သေးသည် ။ 


“ ကဲ ... အဲဒီတော့ ဟိုနေ့က စကား လက်စ ကို ပြန် မေးမယ် ၊ ခု ငွေလဲ နှစ် သိန်း နီးပါး ကုန်နေပြီ ၊ ဇာတ်ကား လဲ မပြီးသေးဘူး ၊ နောက်ထပ် တစ်သိန်းခွဲ အနည်းဆုံး ကုန် မှ ဇာတ်ကား ရုံ ပေါ် ရောက်မယ် ၊ ဒါပေမဲ့ အဲဒီ ငွေတွေ ပြန် ရဖို့ ဆိုတာ မလွယ်ဘူး ၊ အားလုံး ရှုံး ချင် ရှုံးသွားနိုင်တယ် ” 

 

“ ဘုရားရေ ... ”  


“ ဟုတ်တယ် ဒေါ်အိ ၊ အဲဒီတော့ ခု ကုန် ထားတဲ့ ငွေ တစ်သိန်း ရှစ်သောင်း ကို ပဲ နိဗ္ဗာန ပစ္စယော သဘော ထားပြီး အဆုံး ခံမလား ၊ ဒါမှ မဟုတ် ခင်ဗျား မြေးလေး ပိတ်ကား ပေါ် မြင် ရရင် တော်ပြီ ၊ နောက်ထပ် တစ်သိန်းခွဲ ထပ် စိုက်မယ် ၊ အားလုံး ရှုံးချင် ရှုံးပစေ ဆိုပြီး ဆက် လုပ်မ လား ”  


“ နို့ ...  ဦးသာဓု ရယ် ထက်ဝက် လောက် တောင် ပြန် မရနိုင် ဘူးလား ” 


“ ကောင်းပြီ ၊ ဒေါ်ဒေါ်အိ က ကုန်ပြီး ငွေ ထက်ဝက် ပြန် ရရင် ကျေနပ်မယ်လား ”  


သူ ခေါင်း ငဲ့ပြီး ဇက်ကို နှဲ့ ၍ စဉ်းစား နေသည် ။


“ အေးလေ ၊ ကျေနပ်မယ်ပဲ ထားပါ ။ ခု ကုန် ထားတာရော နောက် စိုက်ရမှာ ရော ဆိုပါတော့ ၊ သုံးသိန်း အဲ ထက်ဝက် ပြန်ရရင် တစ်သိန်းခွဲ ရှုံး မယ် ၊ ဟုတ်ပလား ... ”  


ခပ်လေးလေး ခေါင်း ညိတ်သည် ။ 


“ အဲဒီ ထက်ဝက် ပြန် ရဖို့ ဆိုတာ ကို က မသေချာဘူး ၊ ခင်ဗျား မြေး က မင်းသား သစ် နော် ၊ ခုခေတ် မှာ နာမည်ကျော် တွေ တောင် ဇာတ် မကောင်းရင် သွက်သွက်လည် အောင် ရှုံး နေကြတာ ၊ အဲဒီတော့ သုံးသိန်း ကုန် ပြီးမှ တစ်သိန်းခွဲ ပြန်ရဖို့ မလွယ် ဘူး ဆိုရင် သုံးသိန်း စလုံး ရှုံးမယ့် သဘောပဲ ”  


“ အဲဒါ ကျွန်မ ဘယ်လို လုပ်ရမလဲရှင် ... ” 


“ ခုန ပြောသလို နောက်ထပ် စိုက်ထုတ်ပြီးမှ သုံးသိန်းစလုံး ရှုံးတာ နဲ့ စာရင် လောလောဆယ် ကုန်ထား တဲ့ တစ်သိန်းရှစ်သောင်း ပဲ အရှုံး ခံ လိုက်တာက တစ်သိန်း နှစ်သောင်း သက်သာမယ် မဟုတ်လား ” 


ဒေါ်အိတွင် မည်သို့မျှ အဖြေ မပေး တတ်သော အသွင်ဖြင့် ရင်ညွန့်တစ်ခု လုံး လှိုင်း ထ နေသည် ။


“ ဒီ ရုပ်ရှင် အလုပ် ဟာ သိပ် ကြောက် စရာ ကောင်းတယ် ဒေါ်ဒေါ်အိ ၊ ခု ဒေါ်အိ ဖိနပ် ရောင်းတယ်နော် ၊ တစ်ရန် ကို အရင်း သက်သက် ဆယ့်ရှစ်ကျပ် ထား ၊ အရန် တစ်သောင်း ဆို တစ်သိန်းရှစ်သောင်း ၊ ကဲ ဈေးတွေ ကျ လို့ တစ်ရန် ၁၄ ကျပ် ပဲ ရ ရင်တောင် တစ်သိန်း နဲ့ လေးသောင်း ပြန် ရနိုင် တယ် ”  


သူ ခေါင်း တဆတ်ဆတ် ၊ ရင်တမမ နား စွင့်နေရှာသည် ။ 


“ ရုပ်ရှင် ဆိုတာမျိုး က ပရိသတ် မ ကြိုက်ဘူး ဆိုရင် လက်ရှိ အရင်း ဆုံး ရုံတင် မကဘူး ၊ ဒီ ကားပြ နေ သမျှ နောက် က လိုက်ပြီး စိုက်ရ ရှုံးရသေး တယ် ”  


အဓိပ္ပာယ် မရှင်းသလို နဖူး ကြော တင်းပြီး ၊ သာဓု ကို ငေးကြည့် နေသောကြောင့်  ...  


“ ဥပမာ ပေါ့ ဗျာ ...  ရန်ကုန် ရှေ့ဆောင်ရုံ မှာ စ ပြရော ၊ အဲဒါ ရုံခ က တစ်ပတ် ကို ၈၅၀၀ ကျပ် ပေး ရမယ် ၊ ကဲ  ...  လူကြိုက် နည်းလို့ တစ် ပတ်လုံး ပြတာ တစ်သောင်းပဲ ရ တယ် ထား ၊ အဲ ရုံခကြေပြီး ၁၅၀၀ ကျပ် ပိုမယ်မထင်နဲ့ ။ အဲဒီ ရတဲ့ တစ်သောင်း ထဲ က ပွဲခွန် ဆိုတာက ၄၀ ကျပ် ရာခိုင်နှုန်း နုတ် ဦးမှာ ” 


ဒေါ်အိကြီး ၊ ပါးစပ် အဟောင်းသား နား စွင့် နေသည် ။


“ ခု ပြောသလို တစ်သောင်း ထဲ က ပွဲခွန် ၄၀၀၀ ကျပ် ၊ နုတ် လိုက်ရင် ၆၀၀၀ ကျပ် ပဲ ကျန်မယ် ၊ ရုံခ က ၈၅၀၀ ကျပ်ဆိုတော့ ၂၅၀၀ ကျပ် စိုက် ရဦးမယ် ၊ စ ပြတယ် ဆို ကတည်း က ရန်ကုန် မှာ ( ၄ ) ရုံ ပြ ရ မယ် ။ လူဝင် နည်း သရွေ့ ရုံခ ပါ အိတ် ထဲ က စိုက်ရမယ် ၊ ( ၄ ) ရုံ စလုံး စိုက် ချင် စိုက်ရမယ် ”  


မင်းသားလောင်းအဘွား မျက်လုံး စ ကား လာချေပြီ ။ 


“ အဲ ... ရန်ကုန် မှာ မဟန်ရင် နယ် က ပုဂ္ဂလိက ရုံ တွေ ကလဲ မငှားတော့ဘူး ၊ ပြည်သူပိုင်ရုံ တွေ က ပြပေးပေမဲ့ ဝင်ငွေ နည်းသည် နဲ့ အမျှ အိတ် ထဲ က စိုက် ရဦးမှာပဲ ” 


“ ဘယ်လို စိုက်ရဦးမှာ လဲ ရှင် ၊ နယ် မှာ ပြတော့ ထက်ဝက်စီ ဆို ... ” 


“ ဟုတ်တယ်လေ ၊ ဒါပေမဲ့ ဒီလို ရှိ တယ် ၊ ဥပမာ ဒေါ်အိ တို့ ကား ကို မအူပင်မြို့ မှာ ပြတယ် ဆိုပါတော့ ၊ ပရိသတ် မကြိုက်လို့ ၉၀၀ ကျပ် လောက် သာ ရတယ် ထား ၊ ပွဲခွန် ၃၆၀ ကျပ် နုတ် ၊ ၅၄၀ ကျပ်ကျန် ၊ ရုံခ နုတ် ၂၇၀ ကျပ် ကျန်ရော ၊ အဲ .. အော်ပရေတာ ( ကား ကိုယ်စားလှယ် ) တစ်နေ့ ၂၅ ကျပ် ၊ ၅ ရက် ဆို ၁၂၅ ကျပ် ၊ သင်္ဘောဆိပ် အထိ သုံးဘီးခ ၁၀ ကျပ် ၊ ကူလီခ ၊ သင်္ဘောခ ၊ တန်ဆာခ ၊ အသွားအပြန် စရိတ် ၈၀ ကျပ် ၊ ကြော်ငြာ ရိုက်ခ ၆၅ ကျပ် ၊ ဟိုမှာ ကြော်ငြာ လှည့် ရတဲ့ စရိတ် ၁၂၀ ကျပ်ထား ၊ အားလုံး ကုန်ကျစရိတ် ၃၉၀ ကျပ် ”  


အဘွားကြီး တွေ နေသည်  ။


“ အဲဒါပဲ ၊ ကား ပြလို့ ကျန်တာ က ၂၇၀ ကျပ် ၊ ကုန်တာ က ၃၉၀ ကျပ် ဆိုတော့ ၁၂၀ ကျပ် ရှုံး မနေဘူးလား ၊ တချို့ မြို့တွေ ဆိုရင် ၃ ရက် ပြ ရမှာ  ၊ လူ မဝင်လို့ တစ်ရက်တည်း ပြပြီး ပြန်လာ တာ ရှိတယ် ”  


ဒေါ်ဒေါ်အိကြီး ထိထိမိမိ ငိုင် ကျ သွားသည် ။ 


“ ဒါကြောင့် ကျွန်တော် ပြောတာ ပေါ့ ။ ဒီ ရုပ်ရှင် အလုပ်ဟာ အထည်အလိပ် ၊ ထီး ၊ ဖိနပ် အရောင်းအဝယ် လုပ်တာနဲ့ မတူဘူး ၊ ရှုံးပြီ ဆိုတဲ့ နောက် မှာ တောင် ငွေ က လိုက် လို့ မဆုံးသေးဘူး ။ ခုန ပြော သလိုပေါ့ ။ ရုံတင် ပြနေသမျှ စိုက် နေ ရတာပဲ ”  


“ နို့ ... မပြချင်လဲ မပြဘဲနေလို့ ကော ရတယ် မဟုတ်လားရှင် ” 


“ ဟား ... ဟား ...  အစိုးရက ဖလင် တွေကို နိုင်ငံခြား က မှာ ပြီး သင့်တင့် တဲ့ ဈေး နဲ့ ရောင်းတယ် ၊ ရုပ်ရှင် ရိုက် ခိုင်းတယ် ၊ အများ ပြည်သူ ကို ဖျော်ဖြေဖို့  ၊ ဗဟု သုတပေးဖို့  ၊ ဒါကို ရှုံးမှာ ကြောက်လို့ မပြပါရစေ နဲ့ ဆို လို့ ရ မလားဗျ ၊ ရန်ကုန် ၊ မန္တလေး အပါအဝင် ၊ မြို့ကြီးတွေ အပါအဝင် ၊ ပြည်သူပိုင်ရုံ တွေမှာ တော့ ပြကို ပြ ပေးရမှာ ပဲ ၊ မြို့ငယ်လေးတွေ နည်း နည်းပါးပါး သာ မပြပါရစေ နဲ့ ဆိုပြီး အကြောင်းပြ တောင်းပန် လို့ ရချင် ရ မယ် ။ အမှန်ကတော့ ခင်ဗျား ဇာတ်ကား ညံ့ လို့ ဝင်ငွေ မကောင်းရင် အစိုးရ လဲ ထိခိုက်တာပဲ ၊ သဘော ကတော့ မြို့ တစ်မြို့ မှာ ကား တစ်ကား ပြလို့ ၅၀၀ ကျပ် ကျန် ရင် ရုံခ ၂၅၀ ကျပ် အစိုးရ ရမယ် ၊ အဲ ၅၀ ကျပ်တည်း ကျန်တော့ အစိုးရ ကလဲ ၂၅ ကျပ် ပဲ ရမယ် မဟုတ်လား ၊ အဲ ဒါပဲ ” 


ဒေါ်အိ မျက်နှာ အလွန် မကြည် မသာ ဖြစ်နေရှာသည် ။ 


“ ကြားရတာ ရင်ရှုပ်စရာကြီးပါ လား ၊ ဦးသာဓုရယ် ”  


“ ဟုတ်တယ် ၊ ရုပ်ရှင်ဟာ အမြဲ ရင် ရှုပ်ရတယ် ဒေါ်အိ ။ ဒါကြောင့် ပေါ့ ။ ကုန်ပြီးသား ငွေနဲ့ ရပ် ရင် ရပ် ၊ နောက်ထပ် တစ်သိန်းခွဲ လောက် ဆက် အကုန် ခံပြီး ရင် မော ချင် မော ”  


“ ဟင်း ... ”  


သက်ပြင်းရှည်ကြီး ချ လိုက်ပြီးမှ ဒေါ်အိ သာဓု ကို မော် ကြည့်ကာ ...  


“ ဦးသာဓု လဲ သိပါတယ်နော် ၊ မြေးအနှစ် ဆိုတာ ၊ သူ့ ဆန္ဒလေး လဲ ပြည့်သွားစေချင် ပါတယ် ၊ ဒီ ကား တစ်ကား တော့ ပြီးအောင် ရိုက် ပေးလိုက် ပြီ ဆိုပါတော့ရှင် ... ” 


“ အင်း ... ဆိုပါတော့ ”  


“ ငွေ သုံးသိန်း ကျော်လဲ ဆုံး ချင် ဆုံး ၊ ရှုံး ချင် ရှုံး ၊ တတ်နိုင်ဘူး ၊ အလုပ် က စ .. မိ မှ ကိုး ” 


“ ဟုတ်တာပေါ့ ”  


“ အဲဒီတော့ ငွေ ထပ် ထုတ်မယ် ၊ ပြီး အောင် ရိုက်မယ် ၊ ရုံတင် ပြီးလို့ ကျွန်မ မြေးကလေး မင်းသား ဖြစ်သွားရင် တော်ပါပြီ ”  


ဤတွင် သာဓု က တစ်ဖန် စောစော က ဒေါ်အိ အမူအရာ အတိုင်း ခပ်တွေတွေ ငိုင် ပြ လိုက်ရ သည် ။ 


“ အဲဒါ ဘယ့်နှယ်လဲ ဦးသာဓု ”  


“ ဒေါ်အိ က ခုလို ငွေ သုံးလေးသိန်း အကုန်ခံ လိုက်တာနဲ့ ဒေါ်အိ မြေး မင်းသား ဖြစ်သွား လိမ့်မယ်လို့ ထင် နေ သလား ” 


ဒေါ်အိ ခမျာ မျက်လုံးကြီး ဝိုင်း သွား ပြန်သည် ။ 


“ ခင်ဗျားမြေး က အရုပ် မဆိုးပါ ဘူး ။ အရပ်အမောင်း လဲ ကောင်း တယ် ၊ မပိန်မဝ အနေတော်ပဲ ၊ ဒါပေမဲ့ ပရိသတ် က ကြိုက်မှ လက်ခံ မှ မင်းသား ဖြစ်မယ် ၊ ဒေါ်ဒေါ်အိ ကုန်မယ့် သုံးလေးသိန်း နဲ့ မဆိုင်ဘူး ၊ ဥပမာ ( နေအောင် ) ဆိုပါတော့ ၊ သူ့ခမျာ လူကြမ်းကလေး က စ ခဲ့ရတယ် ။ ပရိသတ် သဘော ကျ တော့ မင်းသား ဖြစ် သွားပြီ ။ သူ့ အနေ နဲ့ ဖန်တီး ယူ ရတဲ့ မင်းသား မဟုတ်ဘူး ” 


သူ ခပ်ငိုင်ငိုင် ဖြစ် နေခိုက် သာဓု စဉ်းစား ချိန် ရ လာသည် ။ စင်စစ် သူ့ မြေး မှာ ရုပ် မဆိုး သော်လည်း မေးရိုး ကား သည် ။ မျက်ပေါက် ကျဉ်းသည်  ၊ နှာတံဖြောင့် မျက်ခုံး ကောင်းစေကာ မူ အပြင် တွင် ကြည့်ကောင်း လျက် ဖလင် ၌ မပြေပြစ် ။ အချို့ အပြင် တွင် ကြည့် မကောင်း သော်လည်း ဖလင် ထဲတွင် အလွန် လှပသည် များ လည်း ရှိသည် ။ ရုပ်ရှင် အခေါ်အဝေါ် အားဖြင့် ( ဖလင် စားသည် ) ထိုမျှသာ မဟုတ် ။ ဒေါ်အိ မြေး မှာ ရုပ်ရှင်သရုပ်ဆောင် ရာ ၌ သွက်လက်မှု ရှိနိုင်မည် မဟုတ် သည် ကို သူ့ လှုပ်ရှားမှု ကြည့်ရုံဖြင့် သိနိုင် နေသည် ။ ထူးခြားသော ရုပ်ရည် လည်း မရှိ ။


သရုပ်ဆောင် ရာ တွင် လည်း လေး နေမည့် လက္ခဏာများ မြင် နေရ သောကြောင့်  ...  


“ အဲ ၊ တစ်ခုတော့ ရှိတယ် ဒေါ်အိ ရေ ၊ ငွေ တစ်သိန်းရှစ်သောင်း ကုန် ထား ပြီးမှ တော့ ဩ ... ဒါလဲ ဒေါ်အိ က အမြတ် ရအောင် စီးပွား ရှာတာ မဟုတ်ဘဲ မြေးကလေး ၊ ရုပ်ရှင်မင်းသား ဖြစ်စေချင်တဲ့ စေတနာ နဲ့ လုပ်တာမို့ ပြောတာ နော် ၊ အမြတ်အစွန်း မျှော်လင့်တယ် ဆိုရင် ကျွန်တော် ကတော့ ဖျက် မှာ ပဲ ၊ ဆက် မရိုက် နဲ့ လို့ ” 


“ ဟုတ်ပါတယ် ၊ မြေးကလေး အတွက် ပါ ရှင် ” 


“ အဲ ... ဒီလောက် ငွေ ကုန် ထားပြီး မှ အင်း ... နောက်ထပ် သိပ် မကုန် ရအောင် ကောင်လေး တွေ ကို ကျွန်တော် ပြော ပေးမယ် ၊ ဆက်ရိုက် ၊ ရုံတင် ၊ အဲဒါ ပရိသတ် က လက်ခံ တယ်ဆို အောင်မြင်ပြီ ပေါ့ ။ ဟုတ်ပလား ”  


“ ဟုတ် .. ကဲ့ ”


သူ့ ဟုတ်ကဲ့ မှာ လေးတွဲတွဲကြီး ထွက် လာသည်  ။


“ ဒါပေမဲ့ ဒေါ်အိ ခေါင်း ထဲ စွဲ ထားဖို့ အချက် ကတော့ ဒေါ်အိ မြေးကလေး ကို ပရိသတ် ကြိုက် သွားပြီ ဆိုတာ နဲ့ သူ လဲ မင်းသား ဖြစ်မယ် ၊ ကုန်ထားတဲ့ ငွေတွေ လဲ အထိုက်အလျောက် ပြန်ရ မယ် ၊ အမြတ် ပါ ထွက်ချင် ထွက်လာ မယ် ” 


“ ဟုတ်ကဲ့ ”  


ဤ ( ဟုတ်ကဲ့ ) က သွက်သည် ။ 


“ နောက် တစ်ချက် ကတော့ ကုန် သွားတဲ့ ငွေ စုံးစုံးမြှုပ်ချင် မြှုပ် သွား မယ် ၊ ဒေါ်အိ မြေး လဲ မင်းသား ဖြစ် ချင်မှ ဖြစ်လာမယ် ” 


သူ တွေဝေ သွားပြန်သည်  ။ 


“ ဒါပေမဲ့ ရုပ်ရှင် ဆိုတာက တစ်မျိုးပဲ လေ ၊ တချို့ မိဘတွေ က ချမ်းသာတယ် ၊ ရုပ်ရှင်ကုမ္ပဏီပိုင် ရှိ တယ် ။ အဲ ဒါ သူတို့ သားချင်း ကို မင်းသား ၊ မင်းသမီး ဖြစ်စေချင် ရော ။ တစ်ကား ရိုက်ရုံ နဲ့ မအောင်မြင် ရင် နှစ်ကား ၊ သုံးကား ၊ လေးကား စသည် ဖြင့် အရှုံး ခံ ရိုက်တော့ ပရိသတ် မျက်မှန်း တန်း မိ သွားရာ က အောင်မြင် သွား တာလဲ ရှိတယ် ၊ တချို့ ဘယ်နှကား ရိုက်ရိုက် ဖြစ် မလာတာ လဲ ရှိတယ် ” 


ဒေါ်အိ ကြည့် ရုံသာ ကြည့် နေသည် ။ သာဓု ကို တစ်စုံတစ်ရာ မပြောလေ သေး ။


“ အဲဒါ ခင်ဗျား စိတ် ပျက် အောင် ပြော နေတယ် မထင်နဲ့ နော် ၊ ရုပ်ရှင် လောက် ရှုပ်တာ ရုပ်ရှင် ပဲ ရှိတယ် ။ ပြောမယ် ဆိုရင် အများကြီး ၊ အပြင် လူ က ဝင် ရှုပ်တာရော ၊ အနုပညာသည် ချင်း ခွက်စောင်း ခုတ် တာရော ၊ နာမည်ကြီးတွေ လူပါး ဝ တာရော ”  


“ အဲ ... နို့ ကျွန်မ ကော ဘယ်လို လုပ် ရရင် ကောင်း မလဲ ” 


“ ခုန ပြောပြီးပြီကော ၊ ဘယ်လို စိတ် ရှိရင် ဘာလုပ်ဆိုတာ ၊ အဲ ... ကျွန်တော့် သဘော နဲ့ တော့ ဘာ အကြံဉာဏ် မှ မပေးချင်ဘူး ” 


“ အင်းလေ ... ဆရာ ဦးသာဓု ရယ် ။ ဦးသာဓု ကပဲ ဆက်ပြီး ရိုက် ပေး ရင် ... ”  


“ မလုပ်ချင်ဘူး ၊ ရိုက်လက်စ ကောင်လေးတွေ ပဲ လုပ်ပါစေ ၊ နည်း နည်းတော့ ဝင် ထိန်းပေး ပါ့မယ် ။ ထိန်း ဆိုပေမဲ့ ဝင် ရိုက် ပေးမှာ မဟုတ် ဘူး နော် ။ မလေတာ မလေရအောင် ကျစ်ကျစ်လျစ်လျစ် သုံးကြစွဲကြဖို့ ပြောတာ ”  


ဒေါ်အိ အစဉ်းစားရ ကျပ် နေသည်  ။


“ စဉ်းလဲ စဉ်းစားဦး ၊ အဲဒီ နောက်ထပ် ကုန်မယ့် တစ်သိန်းကျော် ကျော် ဟာ တခြား ကုန် တစ် ခုခု အရောင်းအဝယ် လုပ်ရင် ၃ - ၄ နှစ် မှာ ခု ကုန်ထားတဲ့ ငွေတွေ ပြန်ရ နိုင်စရာ ရှိချင် ရှိလိမ့်မလား ဆိုတာ ကို ပေါ့ ။ အဲ ... ဖြစ်ချင်ရာ ဖြစ် ဆိုပြီး စိတ် ကို ဆုံးဖြတ် နိုင်ရင်လဲ ခင်ဗျား မြေး အလိုဆန္ဒ ကို လိုက်လျော ပေးတော့ ပေါ့ဗျာ ၊ နော ” 


“ မြတ်စွာဘုရား ဆရာတို့ ရုပ်ရှင် ကလဲ ကြောက်စရာ ကောင်းလှပါ လားနော် ”  


“ အမလေး ၊ အခု ဒေါ်အိ စိတ်ပျက် လက်ပျက် ပြောတဲ့ ကြောက်စရာ ထက် အဆ နှစ်ဆယ် လောက် ကို ကြောက်စရာ ကောင်း ၊ ရှုပ်တဲ့ လူတွေ ရှိ နေတဲ့ ရုပ်ရှင် အလုပ် ၊ အဲဒါ မှတ်ထားပေတော့“ 


( ၁၄ - ၃ - ၈၅ ) 


◾ သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      ဧပြီ ၊ ၁၉၈၅

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment