( ၇ )
လွန်ခဲ့သော အနှစ် ၂၀ လောက် က သာဓု ဖွင့် ခဲ့သော ရုပ်ရှင်သရုပ်ဆောင် သင်တန်း နှင့် ပတ်သက်၍ ၁၉၈၅ ခု ဖေဖော်ဝါရီလ ထုတ် ချယ်ရီ တွင် အရိပ်အမြွက် ဖော်ပြခဲ့ပြီး ယခု ဆက်လက် ရေးသား ရန် ဟန်ပြင်နေ ဆဲ ...
“ ဟဲလို ... ခု ပြောနေတာ ဆရာ လား ”
“ ဟုတ်တယ် ၊ နို့ အဲဒီဘက် က ပြော နေတာကော ဘယ်သူလဲ ”
“ ကျွန်တော် မနေ့ က တောင် လာ သွားသေးတာကော ဆရာ ဇာတ်ညွှန်း ကိစ္စ လေ ... ”
“ အေး ... သိပြီ ၊ ခု မင်း ဘာ ပြောမ လဲ ”
“ တခြားတော့ မဟုတ်ပါဘူး ဆရာ ၊ ဆရာ့ အနုဝင်္ကပါ ထဲ မှာ ရုပ်ရှင် လောက ( အရှုပ်တော်ပုံ ) ကိစ္စ တစ်ခု ဆရာ ရေးဖို့ မေ့ နေသလားလို့ ပါ ”
“ ဘာ အကြောင်းလဲ ကွ ၊ မြန်မြန် ပြော ၊ ငါ အိမ်သာ တက်ချင်ပြီ ”
“ ဟာ ... ရပါတယ် ဆရာ ၊ တက်ပါ ။ ကျွန်တော် စောင့်ပါ့မယ် ”
“ ဟေ့ ... ငါ အိမ်သာ တက် ရင် တစ် နာရီ လောက် ကြာတယ် နော် ”
“ ဟုတ်ကဲ့ ၊ ကျွန်တော် နောက် တစ်နာရီ လောက် ဆို ဖုန်း ထပ် ခေါ်မယ်လေ ဆရာ ”
“ မင်း မခေါ်နဲ့ ပြီးပြီးချင်း ဆက် လိုက်မယ် ”
••••• ••••• ••••• •••••
“ ဟဲလို ... အေး ၊ ဆက် ပြောပါဦး ။ ဘာ အကြောင်းလဲ ၊ ဆရာ မေ့နေ တယ် ဆိုတာ ”
“ ဪ ... ဆရာ ... တခြား မဟုတ် ပါဘူး ။ ရုပ်ရှင် လောက မှာ ငွေရေးကြေးရေး ပြဿနာ ရှုပ် တာတွေ လိမ်စား နေကြတာတွေ ”
“ အေး ... သိပြီ ။ ဆရာ လဲ အဲဒါတွေ ရေးဖို့ ခေါင်း ထဲ မှာ ရှိတယ်လေ ၊ ဒါပေမဲ့ အလှည့် က မဝင်သေးဘူး ၊ အရေးကြီးတဲ့ သရုပ်ဆောင် ကိစ္စတွေ ကို ဦးစားပေး ရေး နေတာ က ”
“ ဟုတ်ပါပြီ ဆရာ ၊ ခက် တာက ဆရာ ရေးမယ့် အလှည့် က ဘယ်တော့ ကျ မယ် မသိဘူး ၊ လောလောဆယ် မှာ တော့ ငွေလိမ်မှု တွေ ထပ် နေပါပြီ ဆရာ ၊ တကယ်လို့ ဆရာ က နောက် ၃ လ ကြာ မှ ရေး မယ် ဆိုရင် အဲဒီ ၃ လ အတွင်း မှာ နောက်ထပ် ငွေအရှုပ် ပြဿနာ က အမှုပေါင်း ၂၀ လောက် ပေါ် လာ နိုင် ပါတယ် ။ အဲဒါကို ကြိုတင် သတိပေး တဲ့ အနေ နဲ့ ... ”
“ အေးလေကွာ ၊ ဆရာ ကြည့် လုပ် လိုက်မယ် ”
••••• ••••• ••••• •••••
မှန်၏ ။ ကြာပြီ ဖြစ်သော တစ်ခါက ထုတ်လုပ်သူ တို့ နှင့် လုံးထွေး ရင်းနှီး နေသူ ။ သူ့ တိုက် သူ့ ခြံ ကို ရုပ်ရှင် သမားတို့ အား နေရာ ပေး ရိုက်ကူးခွင့် ပြု နေသူ ။ အစစ ကူညီနေသူ အဘွားကြီး တစ်ယောက် ရန်ကုန် - ပြည်လမ်း ဘက် တွင် ရှိသည် ။
ထို အဘွားကြီး ( သို့မဟုတ် ) ဖိနပ် လုပ်ငန်းပိုင်ရှင် ဆိုကြပါစို့ ။ ဒေါ်ဒေါ် အိ ။
ဒေါ်ဒေါ်အိ က အဘယ်ကြောင့် ရုပ်ရှင်သမားများ ကို လက်ပွန်းတတီး ရှိနေရ ပါဘိသနည်း ။ အကြောင်းသည် ကား သူ ၏ မြေး လူပျိုပေါက်ကလေး မင်းသား ရောဂါ ထ သောကြောင့် ဖြစ်ချေ၏ ။
“ စိတ်ချ အမေ ၊ အမေ့ မြေး မင်းသား ဖြစ် နိုင်တဲ့ အလားအလာ အများကြီး ရှိတယ် ။ ခု အပြင် မှာ အစမ်းသင် ကြည့် ပြီးပြီ ။ သူ တော်တော် လုပ်နိုင် တယ် ။ အဲဒါ ဖလင် တစ်ဘူးလောက် ဝယ်ပြီး လက်တွေ့ ရိုက် ကြည့်လိုက် ရင် ပိုပြီး သိသာလာမယ် ”
ဤလို စကားများ ဖြင့် နှစ်သိမ့် ကာ ဖလင်ဖိုး တောင်းသည် ။ အပြင်ပေါက်ဈေး တစ်ဘူး ၁၈၀၀ စက်ခ ၊ စားသောက် စရိတ် ၊ အလုပ်သမားခ စသည် ဖြင့် ငွေ ၃၀၀၀ ကျော် ဒေါ်ဒေါ်အိ ထံ မှ တောင်းကြ သည် ။
မင်းသားရောဂါသည် မြေး ဖြစ်သူ က လည်း အဘွား ကို နားပူ နားဆာ လုပ်သည် ။ ရုပ်ရှင်သမား လူလိမ်တို့ ဘက် မှ ထောက်ခံပြီး ငွေ ထုတ် ခိုင်းသည် ။
လူလိမ် တို့ က လည်း ပိရိ လှသည် ။ ကင်မရာ တစ်လုံး ငှား ပြီး ( ဖလင် မပါဘဲ ) ချာတိတ် ကို သရုပ်ဆောင် ခိုင်းပြီး ဟန်ပြ ရိုက်သည် ။ ဆေး စိမ်ရန် ဖလင် ဝယ် ရ မည် ။ နောက် ကောင်မလေး တစ်ယောက် နှင့် ရည်းစားစကား ပြောခန်း ရိုက်မည် ဟု ဆိုကာ ဖလင် ထပ် ဝယ် ခိုင်းသည် ။ ရိုက်ကြပြန်သည် ။ ( ဖလင် မပါ သော ကင်မရာ ဖြင့် )
နောက် တကယ်တမ်း ရိုက်၍ ဖြစ် နိုင်ပြီ ။ ထုတ်လုပ်ရေး ငှားမည် ။ စက် အဖွဲ့ ၊ လူကြမ်းအဖွဲ့ ၊ ဇာတ်ရံအချို့ စရန် ပေးရန် ၊ ထို့နောက် ဇာတ်ညွှန်း ဝယ်ရန် ၊ မင်းသမီး စရန် ပေးရန် ဟူသော အကြောင်းအချက်များ ဖြင့် တအိအိ ငွေချူ နေ ကြ၍ ငွေပေါင်း သုံးသောင်း နီးပါး ပေး ပြီး မှ အလိမ်အရှုပ် ပေါ် လာ သောကြောင့် ဒေါ်ဒေါ်အိကြီး ( ဂျိ ) ခနဲ ပက်လက်လန် သွားရချေ တော့သည် ။
မြေး တစ်ယောက်လုံး က ရှေ့ မှ ခံ၍ ပွတ်ကပ် ချွဲနွဲ့ နေ သောကြောင့် စာချုပ် မသိ ၊ စာတမ်း မရှိ ။ တောင်းသမျှ ငွေ တအိအိ ပေးခဲ့မိသည့် အတိုင်း သူတို့ ဇာတ်လမ်း ကို အဆုံးသတ်လိုက် သောအခါ ( ဖိနပ် က အမြတ်ကလေး တော့ ကုန်ပါပြီ ) တွင် ပြီးပါပြီ သွား လေတော့ သတည်း ။
ယခု လိမ်နည်း သည် ပို၍ တိုးတက် လာပြီ ဖြစ်၏ ။ အကြောင်းသော်မူ ရုပ်ရှင်ဖလင် ဖြင့် ရိုက်ရန် မ လို ၊ ဆေးစိမ်ခြင်း ၊ ကူးခြင်းများ လုပ် ရန် လည်း မလို ၊ ဗွီဒီယို ကင်မရာ ဖြင့် အလွယ်တကူ ရိုက် နိုင် သည် ။ နောက် ထို ရိုက်ပြီးသား ( ရကော်ဒါ တိတ်ခွေ ကဲ့သို့သော ) တိတ် ကို တီဗွီစက် နှင့် တွဲ၍ ကြည့် လျှင် ချက်ချင်း အရုပ် မြင် ရသည် ။
ဤလို စက်ပစ္စည်းများ ဆန်းသစ် တိုးတက်လာသည် နှင့် အမျှ ရုပ်ရှင် လူရှုပ် တို့ အတွက် လိမ်ကွက် ပို၍ ကောင်း လာသည် ။ ရုပ်ရှင် ဝါသနာအိုး ကောင်လေး ကောင်မလေးများ ကို ငွေလေး ငါး ရှစ်ရာ အကုန် ခံ၍ ဗွီဒီယို ရိုက်ပြီး ပြသည် ။
သူတို့ ကလေးများ က လည်း သူတို့ ရုပ်နှင့် လှုပ်ရှားမှုကလေးများ ကို တီဗွီ တွင် မြင်ရသော အခါ စိတ် အား တက်ကြွကာ လှုပ်လှုပ်ရွရွ ဖြစ် လာပြီး လူကြီးမိဘများ ကိုပါ ကြည့် စေလျက် ရုပ်ရှင် ရိုက်ခွင့် ပြု ရန် ပူဆာလေတော့သည် ။
“ ဟုတ်ပါတယ် ဒေါ်ဒေါ် ၊ ဒေါ်ဒေါ့် သားလေ ... တစ်ကားတည်း နဲ့ နာမည် ကြီး သွားမှာ ပါ ၊ တခြား ကုမ္ပဏီတွေ က လာ ငှားကြရင် လဲ တစ်ကား ကို အနည်းဆုံး တစ်သောင်းငါးထောင် ၊ နှစ်သောင်း .. အဲ ... သုံးကား လောက် ဆို သုံးလေးသောင်း ဆိုတာ မင်းသား က ဈေး တက်ဖို့ မလိုဘူး ၊ ငှားတဲ့ သူ တွေ က အလုအယက် ပေးကြမှာ ပါ ”
ဤလို မစားရ ဝခမန်း စကား များ ပျိုး လာ၍ ဝါသနာရှင်တို့ ၏ မိဘ များ စိတ်ဝင်စားပုံ ပေါက်လာသည် ဆိုလျှင် ...
“ ခု ပထမ တစ်ကား တော့ ကိုယ့် ငွေ နဲ့ ကိုယ် ရိုက် ၊ ဒါလဲ သိပ် မကုန်ပါဘူး ။ ငွေ လေးငါးသောင်း နဲ့ စ လို့ ရပါ တယ် ”
“ နေပါဦးကွယ့် ၊ ဒေါ်ဒေါ် တို့ ကြားဖူးတာ ရုပ်ရှင် တစ်ကား ကို သုံးလေး သိန်း ကုန်တယ် ဆို .. ”
“ ဟုတ်ပါတယ် ။ ဒါပေမဲ့ ဒေါ်ဒေါ် တို့ က ဒီငွေ အားလုံး စိုက် ကုန်စရာမ လိုဘူး ၊ ခုန ပြော သလို ပထမ နှစ်သောင်း လောက် ထုတ် ၊ ဇာတ်ညွှန်း ဇာတ်လမ်း ရိုက်ခွင့် တင်ပြီး ရိုက်ခွင့် ရတော့ စာရေး ဆရာ ဇာတ်ညွှန်း ဆရာတွေ ငွေပေး ... ”
ဝါသနာအိုး ၏ အုပ်ထိန်းသူများ က နား အစွင့်သား ထောင် နေ လိမ့်မည် ။
“ နောက်ထပ် ငွေ နှစ်သောင်း ထုတ် ၊ မင်းသမီး ၊ စက်အဖွဲ့ နဲ့ ဇာတ်ရံတွေ နည်းနည်းပါးပါးစီ ပေး ၊ ဖလင် နည်း နည်း ဝယ် ”
“ နို့ နောက်ထပ် လိုမယ့် ငွေ က ဘယ်လိုလဲ ၊ ဒေါ်ဒေါ် တို့ ထုတ်စရာ မ လိုဘူး ဆိုတော့ ... ”
“ အထက်မြန်မာပြည် ရောင်း ရင် တစ်သိန်း နဲ့ တစ်သိန်းခွဲ ကြား မှာ ရ မယ် ၊ အောက် မြန်မာပြည် ရောင်းရင် နှစ်သိန်း ။ ရေး ၊ စစ်တောင်း ၊ ရန်ကုန် ရှိုး စသည် ဖြင့် စုစုပေါင်း လေးငါး သိန်း ပြေး မလွတ်ဘူး ဒေါ်ဒေါ် .. ”
ဒေါ်ဒေါ် တို့ ပို၍ စိတ်ဝင်စား လာ ကြချိမ့်မည် ။
“ အဲဒီ ငွေတွေ က ဇာတ်ကား စ ရိုက် ပြီလို့ ကြော်ငြာ လိုက်တာ နဲ့ သူတို့ ဘာသာ လာ ကြ လိမ့်မယ် ။ ကံ စွပ် သွားရင် ခြောက်သိန်း ခုနှစ်သိန်း ကျော် သွားနိုင်တယ် ခင်ဗျ ”
ပို၍ ကဲ၍ စိတ်ဝင်စား လာပြီ ဟု လူရှုပ်တို့ က အကဲခတ် မိလေလျှင် ...
“ ဟား ... ဘာ ပြော ကောင်းမလဲ ။ အပိုသက်သက် လဲ နှစ်သိန်း လောက် မြတ် ဦးမယ် ၊ ဒေါ်ဒေါ့ သား လဲ မင်းသား ဖြစ်သွားမယ် ၊ တစ်ချက် ခုတ် သုံးချက် လောက် ပြတ်သွားမှာ ပါ ”
( ဆိုကြပါစို့ )
ဒေါ်ဒေါ် က ငွေလေးသောင်း ကျော် ထုတ်ပေး ပြီးပြီ ။ ရုပ်ရှင် လဲ ရိုက် နေ ကြပြီ ။ ရုပ်ရှင် လူရှုပ် ရော ဒါရိုက်တာ တို့ အုပ်စု ပါ ငွေစကလေး တလွင့်လွင့် ရွှင် နေကြပြီ ။ ဒေါ်ဒေါ် ကြီး ( ဝါ ) မင်းသား ၏ အဘွား နှင့် မိဘ တို့ မှာ လည်း သူတို့ ၏ ချစ်လှစွာသော သားမြေးကလေး ရုပ်ရှင်မင်းသား အဖြစ် အဘယ် ဇာတ်ကား ရိုက် နေပြီ ဟု တွေ့သမျှ မိတ်ဆွေ ကို ကြွား နေရသည် မှာ အမောတကော ။ ထိုမျှနှင့် အားမရသေး ၍ ဘုရားကိုးဆူ ကျွေးပြီး မင်းသမီး နှင့် ထို ရုပ်ရှင်အဖွဲ့ ပါ ဖိတ်ကြား အားပါးတရ ပြောပြ ရသည် မှာ လည်း မမောနိုင် မပန်း နိုင် ။
စတင် ရိုက်ကူးသည့် နေ့မှ ၂ လ အတွင်း ကြိုးကြား ကြိုးကြား ရိုက်ခဲ့ သည့် ရက်ပေါင်း ၆ ရက် ၊ ၇ ရက် အရ တွင် ငွေ လေးသောင်း ကျော် ပြောင် သွား လေပြီ ။
“ ဘွားဘွား ငွေတစ်သောင်း လောက် ထုတ် ပေးပါဦး ။ ဖလင် လဲ ဝယ် ရမယ် ၊ ကားရိုက် စရိတ် လဲ ပြတ် နေပြီဗျ ”
“ ဟဲ ... ဘယ်လို ဖြစ်တာလဲ ငါ့ မြေး ရယ် ၊ အစက ငွေ လေးသောင်း လောက် မတည်ရင် ပြီးမယ် ဆို ၊ ခေါ် စမ်းပါဦး ၊ မင့် ဆရာ ဒါရိုက်တာ တို့ မန်နေဂျာ တို့ ”
ကိုလူရှုပ် တို့ ရောက် လာကြချေပြီ ။
“ ဘယ်လိုလဲ ကွယ့် ၊ မင်းတို့ အထက် မြန်မာပြည် က ရမယ် ဆိုတဲ့ ငွေ မလာသေးဘူးလား ၊ နောက်လ နောက်အပတ် နဲ့ ၆ လကျော် နေပြီ ”
“ ဟုတ်ကဲ့ ကြီးကြီး ၊ ဒီလိုပါ ၊ ကျွန်တော်တို့ မင်းသား က အသစ် ဖြစ် နေလို့ တဲ့ ၊ ဈေး နှိမ်နေကြ တယ် ။ နာမည်ကြီး မင်းသား ဆို တစ်သိန်း က နေ တစ်သိန်းရှစ်သောင်း အထိ ပေး ပြီး ခု ကျွန်တော်တို့ ကား ကို တော့ ၅ သောင်း ၊ ၆ သောင်း လောက်ပဲ ပေး ချင် သလိုလို ပြော လာတယ်ခင်ဗျ ”
“ ဟင် ”
ဤသို့ ဖြစ်လိမ့်မည် ကို ထို လူလိမ် တို့ မူလ ကတည်း က သိပြီး ဖြစ်သည် ။ မည်သို့ အကြောင်းပြရ မည်ကို လည်း သူတို့ နားလည်သည် ။ ယခု အကြောင်းပြပြီ ။
“ ဟုတ်ကဲ့ ၊ ဒါပေမဲ့ ပူစရာ မလိုပါဘူး ကြီးကြီး ၊ ကြီးကြီး ရဲ့ မြေး က သရုပ်ဆောင်မှု အင်မတန် ပိုင်ပါ တယ် ။ ကား ပြီး သွားမှ အထက် မြန်မာပြည် က လူတွေ ခေါ်ပြ လိုက် ရင် ကျွန်တော်တို့ ကြိုက်ဈေး ရမှာ ”
မြေးကလေး စိတ်မချမ်းသာ ဖြစ် မည် စိုး၍ ငွေ ထုတ်ပေးရ ပြန်သည် ။ ရုပ်ရှင်သမား ကိုလူလိမ် တို့ စားပေါက်ကလေး ချောင် သွား ပြန်သည် ။ ဆွေမျိုးသားချင်းများ ကို ဇာတ်ရံ အဖြစ် ထည့် ရိုက်သည် ။ ( ဖြတ်လျှောက် ) ခန်းလောက် နှင့် တစ်ယောက် အစိတ်သုံးဆယ် စာရင်း ပြု ကြသည် ။ တစ်နေ့ တာ အတွက် ရုပ်ရှင်စရိတ် စုစုပေါင်း လိုက် လျှင် ရှစ်ရာ နှင့် တစ်ထောင် ကြား ။ သို့သော် ရုပ်ရှင်ကလိန် တို့ က သုံးလေးရာ စာရင်း ပို ပြပြီး အိတ် ထဲ ထည့်တတ်ကြသည် ။
ယခု ဤ ဆောင်းပါး ကို ဖတ် နေသော စာရှုသူ တို့ ထဲ တွင် ရုပ်ရှင် ဝါသနာအိုး အတော်များများ ပါလိမ့် မည် ဖြစ်၍ သာဓု တစ်ခု မေးမည် ။
လောလောဆယ် ၌ မိမိတို့ နှင့် နီးစပ်ရာ ရုပ်ရှင်ရုံများ တွင် ကျော်ဟိန်း သို့မဟုတ် ညွန့်ဝင်း ပါသော ဇာတ်ကား တစ်ကား နှင့် မင်းသားသစ် ဇာတ်ကား တစ်ကား တို့ ထိပ်တိုက် ပြ ကြလျှင် သင် ရုပ်ရှင် ဝါသနာအိုး တို့ မည်သည့် ကား ကို ဦးစားပေး ကြည့် မည်နည်း ။
ဗေဒင် မေးစရာ မလို ။ ညွန့်ဝင်း ၊ ကျော်ဟိန်း ကို သာ သေချာပေါက် ပထမ ကြည့်မည် ။ ဝါသနာရှင် ကောင်မလေးများ သည် လည်း ထို့အတူ ခင်သန်းနု ၊ ဝါဝါဝင်းရွှေ နှင့် ဆွေဇင်ထိုက် တို့ ကို သာ ပထမ အာရုံ ထား ချေလိမ့်မည် ။
သို့ဆိုလျှင် မိမိတို့ အနေဖြင့် သရုပ်ဆောင်သစ်များ ဖြစ်လာကြ သော အခါ အခြား ပရိသတ် က လဲ ( အသစ် ) များ ကို ဗြုန်းစားကြီး ကြည့် လိုကြမည် မဟုတ်သည် ကို အဘယ်ကြောင့် ကိုယ်ချင်းစာ တွေး မတွေး ကြသနည်း ။ အဘယ်သို့သော အကြောင်းကြောင့် ကိုယ့် ကိုယ် ကို အထင် ကြီးပြီး သူများ အားကိုး ဖြင့် ရုပ်ရှင် ရောဂါ ပိုး ထ ချင်နေကြ သနည်း ။
အထက် တွင် ဆိုခဲ့သော ဒေါ်ဒေါ်ကြီး ဒုက္ခ ရောက် နေ ချေပြီ ။ ယခု အချိန်၌ ထို ဒေါ်ဒေါ် သည် တတိ တတိ ဖြင့် တအိအိ တက် လာသော ကုန်ငွေ သည် တစ်သိန်း နှင့် ရှစ်သောင်း ကျော် သွားပြီ ။ ဇာတ်ကား မှာ ထက်ဝက် နီးနီး သာ ပြီး သေးသည် ။ ကူးဆေး ကြည့် လျှင် အဘယ်မျှ ပျက် ဦးမည် ( ပြန် ရိုက်ရဦးမည် ) မသိသေး ။
မင်းသား က အသစ် ဖြစ်ရသည့် အထဲ တွင် ရုပ်ရှင်ဘဝင်ရှုပ် တို့ က သားသမီး ၊ တူ ၊ နှမ တို့ ထည့် ရိုက် ထားသော ကြောင့် မင်းသမီး မှ လွဲ ၍ မျက်နှာသစ် ချည်း ဖြစ်သော ကြောင့် ဇာတ်ကား ငှား သူ ကန်ထရိုက် တို့ က မငှား ဝံ့ ။ မဝယ် ချင် ။
ဒေါ်ဒေါ်ကြီး တွင် လည်း စား မဝင် အိပ် မပျော် ဖြစ် နေ ရှာသည် ။ ဖိနပ် လုပ်ငန်း မှ ဝင်သမျှ အမြတ်ငွေများ မြေးဖြစ်သူ မင်းသား ဖြစ်ရေး ပံ့ပိုးနေ ရ သည် နှင့် လုံးလည် လိုက်နေချေပြီ ။ ဒေါ်ဒေါ် နှင့် သူ့ မြေး ပြောပြ၍ သိရသမျှ ဆိုလျှင် သူတို့ ရိုက်ကူး ပြီးခဲ့သည့် အခန်းများ မှာ ပြောပလောက်သည့် အခန်း ဆို၍ တစ်ခန်း မျှ မပါ သေး ။ ကင်မရာ ထောင်ပြီး စိတ်ကူး တည့် ရာ လျှောက် ရိုက် ထားသည် သာ များ နေသည် ။ မည်သူ သေသေ ရုပ်ရှင်ငတေ တို့ မှာ မူ ကား ရိုက်သည့် နေ့တွင် မှ စရိတ် ပြ၍ စားရခွင့် ကြုံသည် ။ နောက်ပါ နောက်လိုက် တို့ နေ့တွက် ကိုက်ကြမည် ။
အိမ်း ... ရုပ်ရှင် သရုပ်ဆောင် မင်းသား ၏ ဘွားအေ လောင်း ဒေါ်ဒေါ် မှာ အတော်ကြီး သောက ရောက် နေရှာသည် ။
“ ကဲ ... ဒေါ်ဒေါ်အိ က ဘယ်လို လုပ် ချင်သလဲ ၊ ဒီ ကိစ္စ ကို ”
“ အဲဒါ ကျွန်မတို့ လဲ ကြံရာမရ ဖြစ် နေလို့ ဦးသာဓု ဆီ လာ ခဲ့ကြတာပေါ့ ”
အမှန်အားဖြင့် သာဓု သူ့ ကို မသိ ။ ကြားလူ မိတ်ဆွေ တစ်ယောက် က ခေါ်လာခြင်း ဖြစ်ပြီး ...
“ ဆရာပဲ ကြည့်ပြီး စဉ်းစား ပေးပါ တော့ ဆရာ ”
ကြားလူ အဖြစ် တစ်ဆင့် ခေါ်လာ သူ က ဤသို့ အကြံ ပြု၏ ။
“ အင်း ... တယ်တော့ မလွယ်ဘူး လေ ၊ ခုလောက် အထိ လက် လွန်ပြီး မှ တော့ ရွေးစရာ နည်းလမ်း နှစ်ခု ပဲ ရှိ တော့တယ် ”
ဒေါ်အိ မျက်လုံး ကျယ် လာသည် ။
“ ပထမ အချက် က နောက်ထပ် ငွေ တစ်သိန်း ကျော်ကျော် အကုန် ခံပြီး ဆက်ရိုက် ၊ ရုံတင် ၊ ဒုတိယ အချက် က ခု ကုန် ထားတဲ့ ငွေ ကို ဖြစ်သမျှ အကြောင်း ဆိုပြီး အဆုံး ခံ ၊ ဒီ ဇာတ်ကား ကို ဘာမျှ ဆက် မလုပ်နဲ့တော့ ”
“ ဟင် ... ဦးသာဓု ရယ် ၊ ငွေတစ် သိန်း နဲ့ ရှစ်သောင်း အဆုံး ခံရမယ် ဆို တော့ ”
“ ဒီလိုရှိတယ် ဒေါ်ဒေါ်အိ ၊ ခု ကုန် ထားတာ တစ်သိန်း နဲ့ ရှစ်သောင်း နော် ၊ နောက်ထပ် တစ်သိန်း နှစ်သောင်း လောက် ကုန် မှ ဒီ ဇာတ်ကား ရုံပေါ် ရောက်မှာ ၊ အဲသလို ပြပြီးတဲ့ တိုင်အောင်လဲ ဒီ ငွေတွေ ပြန် ရဖို့ မ သေချာဘူး ၊ အားလုံး ရှုံးချင် ရှုံးသွား နိုင်တယ် ”
“ ဘုရားရေ ”
“ ဟုတ်တယ် ၊ အဲဒီတော့ ပထမ တစ်သိန်းရှစ်သောင်း ပဲ ရှုံးချင် ရှုံးပစေတော့ ဆိုပြီး ရပ် လိုက်ရင် ဆက်ရိုက် မယ့် ငွေတစ်သိန်းနှစ်သောင်း ပါ သက်သာ သွားမယ်“
“ နေပါဦး ဦးသာဓု ရယ် ၊ ငွေ သုံးသိန်း ရင်းထားပြီး တစ်ပြား မှ ပြန် မရ နိုင်အောင် ရှုံးမယ် ဆိုတာက ... ”
“ သဘောအားဖြင့် ဒီ အတိုင်း ပဲ ဒေါ်ဒေါ်အိ ၊ ဥပမာ - ရုပ်ရှင်ရုံ အနှံ့ ပြ ပြီးလို့ ငွေတစ်သောင်း ၊ နှစ်သောင်း လောက် ပြန် ရတာ ကို ကုန် ထားတဲ့ သုံးသိန်း နဲ့ စာရင် ဘယ်လို တွက်မလဲ ။ ပြန် ရတယ် ခေါ် မလား ”
“ အို ၊ နို့ ထက်ဝက် လောက် ကော ”
“ မလွယ်ဘူး လေ ”
“ ကဲ ၊ ဦးသာဓု ရယ် ၊ ငွေတွေ ရှုံးသွား ပြီပဲ ထား ပါတော့ ၊ ကျွန်မ မြေး ကကော မင်းသား ဖြစ် လာမယ်လား ”
“ အဲဒါလဲ မသေချာဘူး ၊ ဒီမှာ ဒေါ်ဒေါ်အိ ၊ သန်ဘက်ခါ တနင်္ဂနွေနေ့ တစ်ခေါက် လာပါ ၊ ကျွန်တော် သေသေချာချာ ရှင်းပြမယ် ၊ ပြောရမှာ က အရှည်ကြီး ၊ ခု တော်ကြာ သွားစရာ ရှိနေသေး လို့ ”
( ၂၂ - ၁ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
မတ် လ ၊ ၁၉၈၅ ခု
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment