❝ ဦးမက်ပျော် ၏ ကိုယ်ရေး အကျဉ်း ❞
ဦးသာထို သည် စီးပွားရေး ပျက်ပြီး နောက် ဘာမှ ဟုတ်တိပတ်တိ မည်မည်ရရ မလုပ်တော့ချေ ။ အရပ် ထဲ ၌ ဥပသကာ လိုလို ၊ အသံဒါနရှင် လိုလို နှင့် လတ်လျား လတ်လျား ဖြစ် နေသည် ။ ဓမ္မာရုံ မှာ လူစုစု ရှိလျှင် ဦးသာထို ကို တွေ့ရမည် ။ ဘာ ပြင်ရန် ၊ ညာ ပြင်ရန် ၊ ဘာ အတွက် ၊ ညာ အတွက် အကြောင်းအမျိုးမျိုး ပြပြီး တစ်လ မှာ ရက် နှစ်ဆယ့်နှစ် လောက် ဖွင့်သည့် ကောက်သင်းကောက် အလှူခံ စခန်း မှ ‘ လော် ’ ထဲ မှာတော့ ဦးသာထို အသံ ကို အမြဲ ကြား ရမည် ။ သူ့ ကိုယ် သူ အသံဒါနရှင် ဟု တင်စား ပြီး အရပ် ကို အသံ ဖြင့် နှိပ်စက်ပေါင်း များ လှပြီ ။ အလှူခံ စခန်း မှ မက်ခွက် ကို သူ တစ်ယောက် တည်း ပိုင် သလိုလို ။ ထို့ကြောင့်လည်း အရပ် ထဲ မှာ သူ့ ကို “ ဦးမက်ပျော် ” ဟု ခေါ်ကြသည် ။
ဦးမက်ပျော် မှာ စီးပွား ပျက်သည် ဆိုသော်လည်း စားဝတ်နေရေး အတွက်တော့ ပူရန် မလို ။ မိသားစု သုံးယောက် သာ ရှိသည့် အတွက် သူ့ အိမ် အောက်ထပ် ငှား ထားသော လခ ၊ သူ့ ဇနီး နှင့် သူ့ သမီး အပေါင်ခံ စား ၍ ရသော ဝင်ငွေ နှင့် လောက် သည် ။
ဦးမက်ပျော် အိမ် မှာ လက်ဖက်ရည်ဆိုင် ဖွင့်မည် ဆိုသော အခါ ဒီ လူကြီး ရူးပြီ ဟု အရပ် ထဲ မှ မှတ်ချက် ချသည် ။ ဦးမက်ပျော် အိမ် မှာ ဆင် ခြေဖုံးရပ်ကွက် အတွင်း လမ်းသွယ် နှင့် လမ်းကျဉ်းကလေး ထောင့် မှာ ရှိ သည် ။ လမ်းမတန်း မဟုတ်၍ လက်ဖက်ရည်ဆိုင် ဖွင့်လျှင် ဈေးကွက် စီးပွားရေး အရ အကျိုး ရှိမည် မထင် ။ သေသေချာချာ စုံစမ်း ကြည့်တော့ ဦးမက်ပျော် မရူး ။ လက်ဖက်ရည်ဆိုင် ကို ဦးမက်ပျော် ဖွင့်မည် မဟုတ် ။ သူ့ အိမ် အောက်ထပ် ကို တစ်ဝက် ခြမ်း၍ လမ်းထောင့် ကျသော အပိုင်း ကို လက်ဖက်ရည်ဆိုင် ဖွင့်ရန် ငှားရမ်းခြင်း သာ ဖြစ်သည် ။ အရပ် ထဲ က လူ များ က ဦးမက်ပျော် ဆိုရင် အကောင်း မမြင် ။
“ ထင်သားပဲကွာ ။ ဦးမက်ပျော်ကြီး ဒီလောက် သတ္တိ မရှိပါဘူး ။ သူ ပိုက်ပြီး သူများ ဒုက္ခ ရောက်အောင် သက်သက် ထောင်ချောက် ဆင်တာ ။ လူပါးကြီး ”
••••• ••••• ••••• •••••
“ သိန်းမင်း ကဖီး ” ဖွင့်လှစ်သည့် နေ့ က လူ အတော် ကျသည် ။ သည် အရပ် ၊ သည် ဇာတ် က သည်လိုပင် ။ အလကား ဆိုသည့် စကား မကြား လိုက်နှင့် ၊ ကြားသည့် နေရာ လူ အုံပြီ ။ လက်ဖက်ရည်ဆိုင် အသစ် ဖွင့်သည် ဆိုတော့ လည်း လက်ဖက်ရည် အလကား တိုက်သည် ။ တချို့ လူကြီးတွေ အားမနာ တတ်ပုံများ သြချ လောက် သည် ။ ဘုစုခရုကလေးများ လက်ဆွဲ ၍ လာရောက် အားပေးသည် ။
ဆိုင်ပိုင်ရှင် မှာ လူငယ်ကလေး တစ်ဦး သာ ဖြစ်သည် ။ အသက် အစိတ် ဝန်းကျင် လောက် ရှိမည် ။ အညာသား ။ စားပွဲထိုးကလေးများ က ကျောင်း နေရမည့် အရွယ် ၊ လူမမည်လေး သုံးယောက် ။ အညာသားလေး တွေ ။ မိဘများ ထံ ခိုကိုးရန် လုံလောက် သော အကြောင်းအချက် တို့ မပြည့်စုံ ၍ သိန်းမင်းကဖီး သို့ ရောက်လာဟန် တူ၏ ။ ကလေး ဆိုတော့ သွက်သွက် လက်လက် ။
ဆိုင်ရှင် မှာ လက်ဖက်ရည်ဆိုင် အတွေ့အကြုံ ရှိဟန် တူသည် ။ ကိုယ်တိုင် လက်ဖက်ခြောက် စပ် ၊ ကိုယ်တိုင် လက်ဖက်ရည် ဖျော် ၊ ကိုယ် တိုင် ငွေပေးငွေယူ လုပ် ၊ ဦးဆောင် နိုင်သည် ။ ဆိုင်ရှင်လေး ကို ကြည့် ၍ အရပ် ထဲ က သနား ကြသည် ။
“ ကောင်လေးက သနားပါတယ် ဟယ် ။ ကိုယ် မွေး ရင် ကိုယ့် သား လောက်ပဲ ရှိဦးမယ် ။ မရှိ ရှိတာလေး စုဆောင်းပြီး ဒီ ဆိုင် ကို ဖွင့် ရတာ နဲ့ တူတယ် ”
“ အေးဟယ် ။ ဒီလို နေရာမျိုး မှာ ဖွင့်မယ့် အစား လမ်းမတန်း မှာ ဖွင့် ဖို့ ကောင်းတယ် ”
လမ်းမတန်း က ဆိုင် စပေါ် နဲ့ ဆိုင်လခ ကို မတတ်နိုင်လို့ နေမှာပေါ့ ”
“ ဟင်း ... လက်ဖက်ရည် သောက်ရတာ တောင် ဘယ်လို ဖြစ်သွား မှန်း မသိဘူး ”
....... ..... ...
..... ..... ...... ။
“ ဒီ လက်ဖက်ရည် လောက် ဆို သောက် ပါတယ်ဗျာ ”
“ ဖွင့် စမို့ပါ ။ နောက်ဆိုရင် နွားမတမ်းသေးရည် ဖြစ်သွား မှာ ကျိန်း သေပါတယ် ”
“ ဟေ့လူ ... ခင်ဗျား က သူများ တိုက်တဲ့ လက်ဖက်ရည် လည်း အလကား သောက်သေး ၊ တိုက်တဲ့သူ ကို လည်း မှိုချိုးမျှစ်ချိုး ပြောသေး ။ အပင်းဆို့ နေလိမ့်မယ် ၊ ကြည့်လုပ် ”
“ အဟွတ် ... အဟွတ် .. ဟွတ် ”
ထို အချိန်မှာ ပင် လက်ဖက်ရည်ဆိုင် ထဲ မှ ကက်ဆက် သီချင်းသံက
“ ကျွန်တော်တို့ ရပ်ကွက် ထဲ မှာ ဒီလိုပဲ ရှိတယ် ... ကျွန်တော်တို့ ရပ်ကွက် ထဲ မှာ ဒီလိုပဲ ရှိတယ် ”
ဟု ထပျကာ ထပျကာ လာ၏ ။
••••• ••••• ••••• •••••
သိန်းမင်းကဖီး သည် အရပ် ထဲ က ခန့်မှန်း ထား သလို ဖြစ် မလာပေ ။
သိန်းမင်းကဖီး မှာ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ၏ ရသ ကို ပေး စွမ်းနိုင်သည့် အတွက် လူ စည်ကား လာသည် ။ လက်ဆ လက်ကျ မှန်မှန် ၊ လက်ဖက်ရည် ၊ ပဲနံပြားနှင့် အီကြာကွေး ၊ ချိုမြမြ ဂီတသံ ၊ အားလုံးကို စုပေါင်း လိုက်သော အခါ သိန်းမင်းကဖီး သည် ချစ်စရာ ပင် ကောင်း လာသည် ။
ဆိုင်ရှင် အညာသား လူငယ်လေး မှာ လည်း ဆက်ဆံရေး ကောင်းသည် ။ စားပွဲထိုးလေးများ မှာ လည်း အညာသံဝဲဝဲ နှင့် နှစ်လိုဖွယ် ကောင်းသည် ။ ချိုစိမ့် ၊ ချိုပေါ့ ၊ ချိုကျ ၊ ချိုပြင်း ၊ ချစ်ကောင်း ၊ ဂိတ်ဆုံး ... စသည့် နှစ်သက်ရာ ကို လိုသလို မှာ နိုင်သည့် အတွက် လည်း နာမည်ကောင်း ရ လာသည် ။
“ လမ်းမတန်း ထွက် သောက်တော့ လည်း ဒီ လက်ဖက်ရည် ပဲ ကွာ ။ ဘာထူးလို့လဲ ။ ခြေ တောင် ညောင်းသေး ။ သိန်းမင်း မှာ သောက်တာပဲ ကောင်းပါတယ် ”
“ ခင်ဗျားပဲ ကြာရင် နွားမတမ်းသေးရည် ဖြစ်မယ် ဆို ”
“ ဒါကတော့ ခန့်မှန်းချက်လေ ။ မိုးလေဝသ ခန့်မှန်းချက် တောင် မှားသေးတဲ့ ဥစ္စာ ။ ငါ မှားတာ အဆန်းလားကွ ”
“ ဟား ... ဟား ... ဟား ... ”
ဆိုင်ရှင်လေး မှာ အရပ် ထဲ မှ လူငယ်များ နှင့် အလွမ်း သင့်သည် ။ ကိုယ်ပိုင် ကက်ဆက် မရှိရှာသော အရပ် ထဲ မှ လူငယ်တချို့ သည် သူတို့ နှစ်သက်ရာရာ သီချင်းခွေ တို့ ကို ငှားယူ လာပြီး သိန်းမင်းကဖီး မှာ ဖွင့်
ခိုင်း တတ်သည် ။ ဆိုင်ရှင်ကလေး သည် ပြင်ပ တိပ်ခွေ ဖွင့် မပေးပါ ဟု သူ့ ဆိုင်တွင် စာတန်း မထိုး ။ အလျဉ်း သင့် သလို လိပ်ပတ် လည် အောင် ဖွင့် ပေး တတ်သည် ။ လူကြီးလူငယ် အကျုံး ဝင်သော သိန်းမင်းကဖီး သည် အချိန် နှင့် အမျှ တိုးတက် စည်ပင် လာသည် ။
စည်ပင် ၍ ပင် မဆုံးမီမှာ ပင် သိန်းမင်းကဖီး ပြဿနာ တက် သည် ။
“ ကျုပ် ဘာ ဆက် လုပ်ရမှန်း မသိတော့ဘူး ။ သူ တောင်း တဲ့ စပေါ် ၊ သူ တောင်း တဲ့ လခ အပြင် တစ်အိမ်လုံး သုံးတဲ့ မီတာခ ကို လည်း ကျုပ် တစ်ယောက် တည်း ဆောင် ရတာ ။ ခု ခြောက်လ စာချုပ် ပြည့်တော့ ဦးသာထို က သူ့ အိမ် ကို ဆက် မငှား တော့ဘူးတဲ့ ။ ဆိုင်ခန်း လခ နှစ်ရာ ပို ပေးမယ် ဆိုတာ ကို လည်း ငြင်းတယ် ။ ဦးနှောက် ပဲ ဗျာ ... ”
ဆိုင်ရှင်လေး စကား ကို အရပ် ထဲ မှ သနားကြ သော်လည်း ဝင်ရောက် စွက်ဖက် ၍ မဖြစ်နိုင် ။ ဦးမက်ပျော် အိမ် ဆို တော့ ဦးမက်ပျော် သဘော ။
တောင်မင်း မြောက်မင်း မကယ်နိုင် ။ စပေါ် သုံးသောင်း ၊ ဆိုင်လခ ထောင့် နှစ်ရာ ကို ဦးမက်ပျော် ဘာကြောင့် စွန့်လွှတ် လိုက်သနည်း ဆိုသည်ကို တော့ အရပ် ထဲ မှ နားမလည် ။
••••• ••••• ••••• •••••
သိန်းမင်းကဖီး မှ အညာသား တစ်သိုက် ဆုတ်ခွာပြီး တစ်ပတ်ခန့် အကြာ တွင် ဦးမက်ပျော် သဘောထား အမှန် ကို သိ ရသည် ။ သိန်းမင်းကဖီး ဆိုင်းဘုတ် ပြုတ် သွားပြီးနောက် ဦးမက်ပျော် က အိမ် အောက်ထပ် တစ် ခန်းလုံး ကို ဖွင့် ထုတ် လိုက်သည် ။ ထို့နောက် ထိုင်ခုံထိုင်ခင်း အကျအန နှင့် အဖျော်ဆရာ ၊ အကြော်ဆရာ တို့ ကို ငှား ကာ “ ဥဒေါင်းမင်းကဖေး ” ဟူ သော ဆိုင်းဘုတ် ကို တင် လိုက်သည် ။
ဆိုင် ဖွင့်ပွဲ တွင် ဦးမက်ပျော် ကို အရပ် ထဲ မှ အပြစ် မတင်ကြ ။ ဦးမက်ပျော် က လက်ဖက်ရည် နှင့် စမူဆာ တိုက်ကျွေး သည် ကိုး ။ ဒီ တစ်ခါ ဦးမက်ပျော် ကြီးပွားတော့မည် ဟု ပင် ကောင်းချီး ပေး ကြသည် ။ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ဦးမက်ပျော် မှာ အသံ ဒါနပြုရန် အလှူခံ ပင် မလိုက် နိုင်တော့ ။
ဆိုင် ဖွင့် စ မှာ အလှည့်ကျ ကောင်တာ ထိုင်သော ဦးမက်ပျော် သည် လည်းကောင်း ၊ ဦးမက်ပျော် ၏ ဇနီး သည် လည်းကောင်း ၊ ဦးမက်ပျော် ၏ သမီး သည် လည်းကောင်း ဥဒေါင်းမင်းကဖေး ကို များစွာ မျှော်လင့် ဟန် ရှိသည် ။ ပြုံးမိန့်မိန့်ကြီး နှင့် ဦးမက်ပျော် သည် လည်းကောင်း ၊ အာသွက် လျှာသွက် နှင့် ဦးမက်ပျော် ဇနီး သည် လည်းကောင်း ၊ ပြီတီတီ နှင့် ဦးမက်ပျော် သမီး သည် လည်းကောင်း စားသုံးသူများ အပေါ် လိုက်လျော ညီထွေ ဆက်ဆံ၏ ။
ဦးမက်ပျော် တို့ မိသားစု ရွှင်ရွှင်ပျပျ ။
အချိန် တို့ ပြောင်းလဲလာသည် နှင့် အမျှ ဦးမက်ပျော် တို့ မျက်နှာ ထား ပြောင်း လာသည် ။ ကက်ဆက်သံ လည်း မကြားရတော့ ။ ပျက် သည် ဆိုပြီး မပြင်ဘဲ ထားသည် ။ လက်ဖက်ရည် ဖျော် သူ လည်း ဦးမက်ပျော် ဇနီး နှင့် စကား များ ကာ ထွက် သွားပြီ ။ အကြော် ဆရာ လည်း ဂျုံးပိဿာစား မကိုက် ၍ ပြေးပြီး ဥဒေါင်းမင်း မှာ မုန့် မစုံတော့ ။ ဦးမက်ပျော် ဇနီး ကိုယ် တိုင် ဖျော်သော လက်ဖက်ရည် မှာ လည်း နွားမတမ်းသေးရည် ။
ဥဒေါင်းမင်းကဖေး မှာ လပိုင်း အတွင်း မှာ ပင် အပြောင်းလဲကြီး ပြောင်းလဲ သွားသည် ။ “ ရှယ် ” “ ဝမ်းတီးချိုပေါ့ ” “ ဝမ်းကော်ခါး ” “ အောထား ” “ တူးနံပြားမှာ ဝမ်းထော ” “ ပဲအီကြာ ” စသည့် လက်ဖက်ရည်ဆိုင် ဘာသာ ဗေဒ တို့ တိတ်ဆိတ် နေပြီ ။
ဥဒေါင်းမင်းကဖေး ဆွံ့ အ သွားပြီ ။
ကောင်တာ မှာ ခပ်ငူငူ ထိုင် နေသော ဦးမက်ပျော် မျက်နှာထား မှာ အားရစရာ မရှိ ။ ခေါင်း မှာ ပြာ အဖွေးသား နှင့် လက်ဖက်ရည် ဝယ် မည့် သူ ကို မျှော် နေ သည့် ဦးမက်ပျော် ၏ ဇနီး မှာ စိတ်ပျက်စရာ ပင် ကောင်း နေ သေးသည် ။
သို့သော် ဦးမက်ပျော် သမီး မှာ ဆတ်ကော့ လတ်ကော့ မပျက် ။ ဖြီးဖြီးလိမ်းလိမ်း ပြင်ပြင်ဆင်ဆင်း ပြီတီတီ မျက်နှာ ထား ပင် မပျက် ။ အရှုံး ကြီး ရှုံး နေသော ဥဒေါင်းမင်းကဖေး မှာ သူမ နှင့် မဆိုင်သလို ပင် ။ သီတင်းဝါလ မလွတ်ခင် မှာပင် ဦးမက်ပျော် သမီး သည် ဥဒေါင်းမင်ကဖေး ၌ အချိန် များစွာ ဖြုန်း တတ်သော အရပ် ထဲ မှ ယောင် ခြောက်ဆယ် တစ်ဦး နှင့် ခိုးရာ လိုက် သွား ကြောင်း ကြားရ၏ ။
အရပ် ထဲ မှ မျှော်လင့် ထားသလို ဦးမက်ပျော် မကြီးပွား နိုင်တော့ ။ ဥဒေါင်းမင်းကဖေး ကို အရှုံး နှင့် ပိုင်းပြီး ပိတ်လိုက် ရ တော့သည် ။
ဦးမက်ပျော် မှာ စိတ်ဒုက္ခ ဖိစီး နေဟန် ရှိသည် ။
အလှူခံစခန်း သို့ ဦးမက်ပျော် ပြန် ရောက် လာပြီး အသံဒါန ပြု ရာ ၌ ဒါနခန်း ၊ သီလခန်း တို့ နှင့် တက်တက်ကြွကြွ ဝေဝေဆာဆာ မရှိ ။ မေတ္တာ ပို့ သံ လည်း မကြားရတော့ ။
◾မင်းနွယ်စိုး
📖 ရနံ့သစ်မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၉၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment