Saturday, July 29, 2023

အောင်သင်း ၏ နှစ်ချုပ် အစီရင်ခံစာ


 ❝ အောင်သင်း ၏ နှစ်ချုပ် အစီရင်ခံစာ ❞


သဘင်မဂ္ဂဇင်း ကို ၁၉၈၃ ခုနှစ် ၊ နိုဝင်ဘာလ တွင် စတင် ထုတ်ဝေခဲ့သည် ။ ကျွန်တော် အကြိုက်ဆုံး ဝတ္ထုတို ကဏ္ဍ မှာ လည်း ထို လ မှ စတင်၍ တစ်လ မပြတ် ပါဝင်ခဲ့ပါသည် ။ ပထမဆုံး ထုတ်ဝေသည့် သဘင်မဂ္ဂဇင်း အမှတ် ( ၁ ) အတွက် ၁၉၈၃ ခုနှစ် အောက်တိုဘာလ မဂ္ဂဇင်းများ ကို ဖတ်ရှု ၍ လေ့လာ တင်ပြ ခဲ့ရ ပါသည် ။ ယခု ၁၉၈၄ ခုနှစ် ၊ နိုဝင်ဘာလ အထိ ဆို လျှင် ကျွန်တော် ဖတ်ရှု တင်ပြ ခဲ့သော မဂ္ဂဇင်းများ မှာ ၁၃ လ အတွက် ဖြစ်ပါသည် ။ ထို ၁၃ လ အတွက် မဂ္ဂဇင်း အုပ်ရေ ပေါင်း ၂၁၆ မှ ဝတ္ထုတို ပေါင်း ၁ဝ၈၅ ပုဒ် ဖတ် ခဲ့ ပါသည် ။


ဤ ကဏ္ဍ ကို စပြီး ဖွင့်ခဲ့စဉ် က ပင် နှစ်ချုပ် အစီရင်ခံစာ ကို လည်း တင်ပါဦးမည် ဟု ကျွန်တော် ပဋိညာဉ် ပြုခဲ့ ပါသည် ။ ထို ပဋိညာဉ် အတိုင်း ယခု မှ တင်ဆက် လိုက်ပါပြီ ။ စင်စစ်အားဖြင့် သဘင်မဂ္ဂဇင်း မှာ အောက်တိုဘာ လ တွင် နှစ်လည် ခဲ့ပြီး ဖြစ်ပါသည် ။ သို့သော် အကြောင်း ကြောင်း ကြောင့် ယခု ဒီဇင်ဘာလ မှ အထူးထုတ် ကို ထွက်နိုင် ခဲ့သည် ။ ထို့ကြောင့် ကျွန်တော် ၏ အစီရင်ခံစာ သည် လည်း ၁၄ လ အတွက် ဖြစ် သွား၍ ယခု မှ ပင် တင်ဆက် လိုက်ရခြင်း ဖြစ်ပါသည် ။


လောက တွင် မှန်း သလောက် ပေါက်သည့် ကိစ္စ မှာ အလွန် နည်း လှပါ သည် ။ ကျွန်တော့် အဖို့ လည်း မှန်းသလောက် မပေါက် နိုင်ခဲ့ပါ ။ ကျွန်တော် မှန်းထားခဲ့ သမျှ ကို ပြောပါ ရစေ ။ ကျွန်တော် အစီရင်ခံစာ ကို စာတမ်းကြီး တစ်စောင် ဖြစ် မလာစေဦးတော့ အတော်အတန် သပ်ရပ် ပြည့်စုံသော ၊ နောင် အခါ တွင် မှီငြမ်း ပြု နိုင်သော စာတမ်းငယ် တစ်စောင် ဖြစ်စေအံ့ ဟု ရည်မှန်း ခဲ့ ပါသည် ။ ဝတ္ထုတို ဘယ်နှပုဒ် ၊ ဤ အမျိုးအစား က ဘယ်လောက် ၊ ထို အမျိုးအစား က ဘယ်မျှ စသည်ဖြင့် မျိုးစား ခွဲပြ ချင်သည် ။ စာရေးဆရာ ပေါင်း ဘယ်မျှ ၊ ရေးအား အကောင်းဆုံး ဘယ်သူ ၊ ပုဒ်ရေ မည်မျှ ရေးသည် ၊ အကြောင်းအရာ နယ်ပယ် မည်မျှ ကျယ်သည် စသည် စသည် ဖြင့် လည်း တင်ပြရန် ရည်မှန်းခဲ့ ပါသည် ။ ထို့ကြောင့် ဝတ္ထုတိုများ ကို တစ်ပုဒ်ချင်း မဂ္ဂဇင်း အမည် ၊ ရေးသူ အမည် ၊ အကြောင်းအရာ ၊ ထူးခြားချက် စသည်တို့ ကို ခွဲခြား၍ ကတ်တလောက် ကတ်ပြား တင် ခဲ့သည် ။ အခြေခံ စာရင်းဇယားကြီး ဖွင့် ခဲ့သည် ။


သို့သော် လက်တွေ့ တွင် တစ်လ ၊ နှစ်လ လောက် သာ တတ်နိုင် ပါ သည် ။ နောင်တွင် အချိန် မပေး နိုင်တော့ပါ ။ ဝတ္ထုတို ကို ဖတ်ခြင်း ၊ ရွေးခြင်း ၊ ရေးခြင်း က ၁၅ ရက် ၊ ၁၆ ရက် လောက် ကျ မှ ပြီး ပါသည် ။ မှတ်တမ်း တင်ခြင်း က လည်း ငါးရက် လောက် ကြာ ပါသည် ။ ထို့ကြောင့် ဤ ကိစ္စ တစ်ခု တည်း အတွက် ပင် တစ်လ လျှင် ရက် ၂၀ လောက် ကုန် နေ ပါတော့သည် ။ တခြား ကိစ္စ မလုပ်နိုင် လောက် အောင် ဖြစ် လာပါသည် ။ ထို့ကြောင့် ဤ အစီရင်ခံစာ မှာ ကျွန်တော် မှန်း သလောက် မပေါက်သည့် အစီရင်ခံစာ ဖြစ်ပါကြောင်း ကြိုတင် အစီရင်ခံ လိုက် ရပါသည် ။


ကျွန်တော် သည် စာဖတ်ခြင်း ၊ ပြန်လှန် သုံးသပ်ခြင်း တို့တွင် စိတ်ရှည် လက်ရှည် အပင်ပန်း ခံ တတ်ကြောင်း ( ဦးနှောက် အပျင်းမထူကြောင်း ) ကျွန်တော့် အပေါင်းအသင်းများ သိကြ ပါသည် ။ စာ ရေးရန် အပျင်း ထူကြောင်း ကို ပို၍ သိကြပါ သေးသည် ။ စာရေးခြင်း ကိစ္စ အတွက် ကျွန်တော့် တစ်သက် တွင် တစ်ခါ မျှ ဤသို့ အပင်ပန်း မခံဖူးပါ ။


သို့သော် အပင်ပန်းခံ ရကျိုး နပ်သည် ဟု ကျွန်တော် ယူဆ ပါသည် ။ ကျွန်တော် ၏ ကဏ္ဍ တွင် ကျွန်တော့် တင်ပြချက်များ ကို အချို့ စာရေးဆရာများ က မထီတရီ မလိုတမာ မေးငေါ့ ပြီး စကားတင်း ဆိုကြကြောင်း သိုးသိုးညံ့ညံ့ ကြားရစေ ကာ မူ ကျွန်တော် ရည်စူးသည့် လူငယ် လက်သင် စာဖတ် ပရိသတ် က နှစ်သက်စွာ ဖတ်ကြ မှတ်ကြ ကြောင်း သိရ၍ ပင်ပန်းရကျိုး နပ်သည် ဟု ယူဆမိ ပါသည် ။ ကျွန်တော် က ဤ အခန်း ကို ရပ် တော့မည် ဖြစ်ကြောင်း ရေး လိုက်သော အခါ လူငယ်များ က စာ ရေး၍ လည်းကောင်း ၊ လူချင်း တွေ့ဆုံ၍ လည်းကောင်း ဆက်ပြီး ရေးရန် တောင်းပန် ကြပါသည် ။ ထိုမျှ မက ဤ ဝတ္ထု များ နှင့် ကျွန်တော် ၏ သုံးသပ်ချက်များ ကို ထုတ်ဝေသူများ က လာရောက် ကမ်းလှမ်း ကြ ပါသည် ။ နောက် တစ်ဆင့် မှာ ကျွန်တော် ညွှန်းခဲ့သော ဝတ္ထုတို များ ကို ပင် သင့်တင့် လျောက်ပတ် အောင် ကျွန်တော် ၏ မှတ်ချက်တိုများ နှင့် ပူးတွဲ ထုတ်ဝေ လိုကြောင်း စကား ကမ်းလှမ်း လာကြ ပြန်ပါသည် ။ ထို့ကြောင့် ဤ အပိုင်း တွင် ကား ကျွန်တော့် အဖို့ မှန်းချက် ပေါက်သည် ဟု ဝမ်းသာ မိ ပြန် ပါသည် ။


ဤ အစီရင်ခံစာ ကို ရေးမည် ရှိသော အခါ အယ်ဒီတာ ချစ်ဦးညို အား ကျွန်တော် ရွေးခဲ့သည့် ဝတ္ထုတိုများ ကို စာရင်းဇယား ပြုလုပ် ပေးရန် အကူအညီ တောင်း ရပါသည် ။ ချစ်ဦးညို က ညတွင်းချင်း ပြီးအောင် လုပ်ပြီး နောက် တစ်နေ့ တွင် ပို့ ပေးပါသည် ။ စာရင်း နှင့် ရေး လိုက်သော စာကလေး တစ်စောင် တွင် မူ ဤသို့ ရေး ထားပါသည် ။


ဆရာသင်း


ကာယကံရှင် တော့ မသိ ။ စာရင်း ကောက် ပေးတဲ့ ကျွန်တော် တောင် စိတ်ဝင်တစား ရှိတယ် ။ ဒါမျိုး လုပ်လည်း မလုပ်ဖူးဘူးလေ ။ ဝတ္ထု ရေး မလို့ စားပွဲ ထိုင်တာ ဒီ ကိစ္စ ကောက် ' တည် ' မိ လိုက်တာ နဲ့ ဝတ္ထု ၊ ရေး မဖြစ်တော့ ဘူး ဗျာ ။


ဇယား ကွက် ချ ၊ အကွက်သွင်း ပြီးတော့ စာရင်း ပြန်ချုပ် ကြည့် မိပြန်တယ် ။ ပျော်စရာ ကောင်းလိုက်တာ ကိုး ။ ၁၃ လ မှာ ဆရာသင်း ၁ဝ၈၅ ပုဒ် ဖတ်ပြီး သွားပြီ ။ ၁ဝ၈၅ ပုဒ် အနက် က ၁၃ ပုဒ် ။


အောင်သင်း အကြိုက်ဆုံး စံ ဆိုသော်လည်း စာရေးသူ အတော် များများကြီး နဲ့ သဘော ကိုက်ညီမှု ရှိပါ လိမ့်မယ် ။


ဆိုတော့ ...


ဒီ ‘ စံ ’ ဟာ ကာလ ရဲ့ အရသာ လည်း ဖြစ် ပါလိမ့်မယ် ။


ကျွန်တော် တို့ တိုင်းပြည် အတွက် ၊ စာပေလောက အတွက် ကာလ တစ်ခု ကို ကိုယ်စားပြုသော ကောင်းမှု တစ်ရပ် ကို ပြုခဲ့ကြပြီ ဆရာသင်း ရေ ၊ သာဓု ခေါ်ပါ ခင်ဗျား ။


      ချစ်ခင်သော - 

      ချစ်ဦးညို ... တဲ့ ။


ကျွန်တော် တကယ် အမောပြေ သွားပါပြီ ။


ကျွန်တော် ၁၉၈၃ အောက်တိုဘာလ မှ ၁၉၈၄ အောက်တိုဘာလ အထိ ၁၃ လ တွင် မဂ္ဂဇင်း အုပ်ရေပေါင်း ၂၁၆ မှ ဝတ္ထုတို ပုဒ်ပေါင်း ၁ဝ၈၅ ကို ဖတ်ပြီး ဝတ္ထုတို ၁၃ ပုဒ် ကို ရွေးချယ်၍ ၆၅ ပုဒ် ကို ညွှန်းခဲ့ပါသည် ။


ကျွန်တော် ဖတ်ခဲ့ သမျှ ဝတ္ထုတိုများ ကို အဖုံဖုံ စမ်းသပ်၍ အမျိုးအစား ခွဲကြည့် ပါသည် ။ အောက်ပါ ခွဲနည်း မှာ အသင့်လျော်ဆုံး ဖြစ်သည် ဟု ထင်မိ ပါ တော့သည် ။


၁ ။ အာဘော်မဲ့ ဝတ္ထုများ 


၂ ။ အာဘော် ဝတ္ထုများ


၃ ။ သီးသန့် အာဘော် ဝတ္ထုများ


၄ ။ သရုပ်ဖော် ဝတ္ထုများ

      ( က ) လုပ်ငန်းခွင်ဘဝ

      ( ခ ) လောကစိမ်းဘဝ

      ( ဂ ) ကိုယ်ရေးဘဝ


၅ ။ ထူးခြားသော ရေးဖွဲ့ တင်ပြပုံများ


ဤသို့ ခွဲခြား လိုက်ရာ တွင် မည်သည့် ခေါင်းစဉ် အောက်တွင် မှ သွင်း မရ နိုင်သော ဝတ္ထု တစ်ပုဒ် တလေ လည်း ရှိ နေသေးကြောင်း အထူး ပြောစရာ မလိုတော့ပါ ။ ထိုသို့သော ဝတ္ထုမျိုး ကို ပါ ထည့်ပြီး စဉ်းစား နေ လျှင် လည်း ဆန် စင်ရာ ကျည်ပွေ့ လိုက် သကဲ့သို့ အလုပ် ဖြစ်တော့မည် မဟုတ်ပါ ။ ကျွန်တော့် ရည်မှန်းချက် မှာ ယနေ့ ဝတ္ထုတိုများ ၏ ယေဘုယျ လက္ခဏာ ကို ရိပ်စား မိရန် မျှ သာ ဖြစ်ပါသည် ။


•••••   •••••   •••••


၁ ။ အာဘော်မဲ့ ဝတ္ထုများ


အာဘော် ဆိုသည် မှာ ဝတ္ထု တစ်ပုဒ် ကို ချုံပြီး စဉ်းစား လိုက် လျှင် ထင်ရှားစွာ ပေါ် လာသော ပဓာန ဆိုလိုရင်း ပင် ဖြစ်ပါသည် ။ လောက အကြောင်း ၊ လူ့ အကြောင်းနှင့် ပတ်သက်၍ ဝတ္ထုဆရာ က တင်ပြ လိုက်သော ထင်မြင် ယူဆချက် ပင် ဖြစ်ပါသည် ။


ယခု လေ့လာခဲ့သော ဝတ္ထုများ တွင် အာဘော် ဟူ၍ မည်မည်ရရ မပါ သော ၊ ပါသည် ဟု ဆိုပါလျှင် လည်း ရေရေရာရာ မပေါ်လွင်သော ( ဝါ ) ပေါ်လွင်အောင် ရေးဖွဲ့ခြင်း မပြုတတ်သော ဝတ္ထုတိုပုဒ်ရေ မှာ မနည်းလှပါ ။ ၁၀ ရာခိုင်နှုန်း ကျော် ပါသည် ။


ဤသို့ ဆိုခဲ့သောကြောင့် အာဘော် မဲ့ လျှင် ညံ့သော ဝတ္ထု ဟု ကျွန်တော် မဆိုလိုပါ ။ အာဘော် မပါ လျှင် သရုပ်ဖော်ပုံ ၊ ရေးဖွဲ့တင်ပြပုံ တစ်ခုခု ကောင်း ရ ပါသည် ။ သို့မဟုတ် လျှင် ဇာတ်လမ်း ဇာတ်ကွက် သော်လည်း ကောင်းရ ပါသည် ။ ဤသို့ အခြား ဘက် က တင်း မပေးနိုင် လျှင် ညံ့ သော ဝတ္ထု ဘက်သို့ ထိုးဆင်း သွား ပါသည် ။


အာဘော် ကောင်းခြင်း ၊ တွေးထောင့် ကောင်းခြင်း သည် ဝတ္ထု ကို အလွန် ထိန်း နိုင်ပါသည် ။ တော်ရုံ တန်ရုံ အရေးအဖွဲ့ ညံ့ခြင်း တို့ ပင် ပျောက် သွား နိုင် ပါသည် ။


ထို့ကြောင့် ကျွန်တော် ဆိုလိုသော အာဘော်မဲ့ ဝတ္ထု ဆိုသည် မှာ အာဘော် မဲ့ သည် သာ မက အခြား ကိစ္စများ တွင် လည်း ညံ့သော ဝတ္ထုများ ကို ဆိုလို ပါသည် ။


အာဘော်မဲ့ ဝတ္ထုများ ကို ထပ်မံ ခွဲခြား လိုက် လျှင် ... 

( က ) သာမန် အချစ်ဝတ္ထုများ 

( ခ ) သာမန် အဖြစ်အပျက် ဝတ္ထုများ 

ဤသို့ ခွဲခြား နိုင်ပါသည် ။ 



( က ) သာမန် အချစ်ဝတ္ထုများ


သမန် အချစ်ဝတ္ထုများ ဆိုသည့် အတိုင်း အပေါ့စား အချစ်ဝတ္ထုများ ဖြစ်ပါသည် ။ ရသ လည်း မြိုးမြိုးမြက်မြက် တစ်ကွက်မျှ မတွေ့ရပါ ။ ကောင်လေးနှင့် ကောင်မလေး ချစ်ကြ ၊ လွမ်းကြ ၊ ပိုးကြ ၊ ပန်းကြ ကိစ္စများ ကို ပေါ့တီးပေါ့ဆ ရေး ထားခြင်း သာ ဖြစ် ပါသည် ။ အချို့ မဂ္ဂဇင်းများ တွင် ဖော်ပြ တတ်သော ဝတ္ထုတို့ မှာ ကား ညံ့ရုံ မျှ မက ပရိသတ် ကို မထီမဲ့မြင် ပြုသည် ဟု ဆိုရ လောက် အောင် ပင် အောက်တန်း ကျ လှပါသည် ။


အောက်တန်း ကျ သည် ဟု ကျွန်တော် ဆိုခဲ့ခြင်း အတွက် စကား လွန် သည် ဟု ကျွန်တော် မယူဆပါ ။ စာဖတ်သူ စဉ်းစား ကြည့်ပါ ။ ဝတ္ထုရေး ဆရာ က ကောင်မလေး တစ်ယောက် ထံ ချစ်ရေး မြှူငင်သည့် ကိစ္စကို တစ်နည်း ပြောရလျှင် တကယ် ရည်းစားစာ ရေးသည် ကို တိုက်ရိုက် မရေးဘဲ ဝတ္ထု လုပ်ပြီး ပုံနှိပ် ဖော်ပြလျက် ဝတ္ထုတို ပါ ဟု သမုတ်ခြင်း ကို မှ အောက်တန်းကျသည် ဟု မဆိုလျှင် ဘာကို ဆိုရ မည်နည်း ။


သည်လို ဆိုတော့ စာဖတ်သူက “ ထိုစဉ် က ကျွန်တော် ရေးခဲ့သော ဝတ္ထုများ မှာ ရည်းစားစာများ သာ ဖြစ်ပါ၏ ” ဟု ဝန်ခံခဲ့သော သော်တာဆွေ ကို လက်ညှိုး ထိုး ပြ ပါ လိမ့်မည် ။ သော်တာဆွေ ပြော လို့ သာ ကျွန်တော်တို့ က သိ လာ ရခြင်း ဖြစ်ပါသည် ။ သူ့ ဝတ္ထုများ တွင် ထို သဘော တစ်စုံ တစ်ရာ ပေါ်လွင်ခြင်း မရှိပါ ။ ယခုမူ ကား ထိုကဲ့သို့ မဟုတ်ဘဲ တစ်စုံတစ်ယောက် သော မိန်းကလေး အတွက် သာ ရေး နေကြောင်း သိသာ လွန်းနေပါသည် ။ ဤသို့သော ခေတ် တွင် ဤမျှ လောက် အောက်တန်း ကျ သော ဝတ္ထုဆရာများ ရှိ နေခြင်း ၊ လက်ခံ ဖော်ပြ နေသော စာတည်းအဖွဲ့ ရှိနေခြင်း မှာ အံ့ဩ ဖွယ်ရာ ဖြစ် နေ၍ ကျွန်တော့် အစီရင်ခံစာ တွင် မှတ်တမ်းတင် လိုက်ရပါသည် ။


( ခ ) သာမန် အဖြစ်အပျက် ဝတ္ထုများ


အဖြစ်အပျက် က လည်း သာမန် ၊ အရေးအသား ကလည်း သာမန် အဆင့် မျှ ပင် မရှိ ။ အတွေးအမြင် က လည်း မူး လို့တောင် ရှူစရာ မပါသော ဝတ္ထုများ ဖြစ် ပါသည် ။ ဘတ်စ်ကား စီး ရပုံ ၊ ခါးပိုက်နှိုက် ခံရပုံ ၊ အလိမ်အညာ ခံရပုံ ၊ အရက် သောက်ပြီး အမူး လွန်ပုံ ၊ မှောင်ခို ရောင်းဝယ်ပုံ စသည်တို့ ကို ရေးဖွဲ့ ထားခြင်း ဖြစ်ပါသည် ။ မိမိ အတွေ့အကြုံ ကို ရေးသား ထားခြင်း မှန်ပါ သော်လည်း ထို အတွေ့အကြုံ ကို ဆင်ခြင် သုံးသပ်မှု မပြုတတ်ခြင်း ၊ မည်သည့် အချက် ကို ဇောင်း ပေး၍ ဖော်ပြရမည် ကို မခွဲခြားတတ်ခြင်း ။ ရေးဖွဲ့ တင်ပြပုံ မကောင်းခြင်း တို့ကြောင့် ဝတ္ထုညံ့များ အဖြစ် သို့ ထိုးဆင်း သွားကြ ရ ပါသည် ။ တစ်ခါတစ်ရံ အာဘော် တစ်စုံတစ်ခု ကို တင်ပြ လို ဟန် ရှိတတ်ပါသည် ။ သို့သော် ရေးသူ ကိုယ်တိုင် က ပြီးပြတ် ရှင်းလင်းသော အတွေးအမြင် ကို မရသေး မီ ချပြီး ရေးလိုက်ဟန် ရှိပါသည် ။ ထို့ကြောင့် မူန်မှုန်ပျပျ အာဘော် ကို စမ်းတဝါးဝါး မှန်းပြီး ရှာ နေရ သကဲ့သို့ ရှိတတ် ပါသည် ။

 

မှတ်ချက် ။  ။ ကျွန်တော် ၏ ဤ မှတ်ချက်များ ကို ထည့်သွင်း ရေးသား နေခြင်းမှာ လက်သင် လူငယ်များ ဝတ္ထုတို ဖတ်ရာ ၌ လည်းကောင်း ၊ ရေးသား ရာ၌ လည်းကောင်း သတိပြု ဆင်ခြင် မိကြရန် သာ ရည်ရွယ်ကြောင်း စာဖတ်သူ သိပြီး ဖြစ်လိမ့်မည် ဟု မျှော်လင့် ပါသည် ။


•••••   •••••   •••••


၂ ။ အာဘော် ဝတ္ထုများ


အာဘော်ဝတ္ထုများ တွင် ပါဝင်သော အာဘော် တို့ ကို မျိုးစား ခွဲ ကြည့်လျှင် အများဆုံး တွေ့ရသည် မှာ အောက်ပါ အတိုင်း ဖြစ် ပါသည် ။


( က ) တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် 

( ခ ) လုပ်သားကောင်း စိတ်ဓာတ် 

( ဂ ) မိဘ သားသမီး ဆက်ဆံရေး 

( ဃ ) အိမ်ထောင်ရေး

( င ) အရက် နှင့် မူးယစ်ဆေးဝါး တို့ ၏ ဆိုးပြစ်


( က ) တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်


တိုင်းချစ်ပြည်ချစ် စိတ်ဓာတ် နှင့် ပတ်သက် ၍ စစ်သည်တော် တို့ ၏ ဘဝ ကို အများဆုံး ရေးဖွဲ့ကြပါသည် ။ ယနေ့ စစ်သည်တို့ ၏ ဘဝ ကိုလည်း ရေးဖွဲ့ကြ ပါသည် ။ သို့သော် လွတ်လပ်ရေး တိုက်ပွဲကာလ စစ်သည်တော် တို့ ၏ ဘဝ ရေးဖွဲ့မှု က ပို၍ များပါသေးသည် ။ ကိုယ်တိုင် ပါဝင်ခဲ့သော စစ်သည် တို့ မှာ ယခုအခါ လုပ်ငန်းခွင်များ မှ အနား ယူ၍ စာပေလောက သို့ ဝင်လာကြ သဖြင့် ဤသို့သော ဝတ္ထုများ ပိုမို များပြား လာခြင်း ဖြစ်သည် ဟု ဆိုရပါသည် ။ သူတို့ ၏ အရေးအသားများ မှာ လည်း အခါခပ်သိမ်း သပ်ရပ် ပြေပြစ်သည် ဟု မဆိုနိုင်ပါ ။ သို့သော် သူတို့ မှာ ပြတ်သားသော အာဘော် ကို ရရှိပြီး ဖြစ်သော ကြောင့် လွတ်လပ်ရေး ကို တန်ဖိုးထား မြတ်နိုးကြ စေ ရန် ဟူသော အာဘော် မှာ ပေါ်လွင်နေသည် ပင် ဖြစ်ပါသည် ။


ထူးခြားသည် မှာ နိုင်ငံခြား ရောက် သင်္ဘောသားများ ၊ မှုထမ်းရာထမ်း များ၏ တိုင်းပြည်ချစ် စိတ်ဓာတ် ဖော်ကျူးမှု ဖြစ်သည် ။ ကျွန်တော်တို့ မြန်မာလူမျိုးတို့ သည် တိုင်းတစ်ပါး သို့ သွားလို စိတ် နည်းပါးသော အစဉ်အလာ ရှိခဲ့ကြသည် ။ သွားဖူး ရောက်ဖူးသူ လည်း အလွန် နည်းပါးလှ ပါသည် ။ ထို့ကြောင့် ကိုယ့်တိုင်း ကိုယ့်ပြည် ကို တိုင်းတစ်ပါး နှင့် ယှဉ်ပြီး ပိုမို မြင့်မားသော ချစ်မြတ်နိုးမှု ပေါ်ပေါက်ခွင့် နည်းသည် မှာ ဓမ္မတာ ပင် ဖြစ်ပါသည် ။ ထို ဟာကွက် ကို ဖြည့် ပေးရန် ကြိုးစားနေသည် မှာ နိုင်ငံခြား ရောက် ဝတ္ထုဆရာများ ဖြစ်သည် ကို တွေ့ ရပါသည် ။ နိုင်ငံခြား ၏ ဆန်းပြား သော အတွေ့အကြုံ သက်သက် ကို သာ ရေးဖွဲ့သူများ ရှိ သကဲ့သို့ မိမိ တိုင်းပြည် ၏ အလှ ၊ လူမျိုး အလှ ၊ ဓလေ့ အလှ တို့ ကို လွမ်းမော ချစ်ကြင်စွာ ဖွဲ့ဆိုသော ဝတ္ထုများ ကို လည်း တွေ့ရပါသည် ။


( ဝတ္ထု တွင် သာ မက ဆောင်းပါးကဏ္ဍ တွင် လည်း ဤ အမျိုးအစား တွေ့ နိုင်ပါသည် ။ )


( ခ ) လုပ်သားကောင်း စိတ်ဓာတ်


လုပ်သားကောင်း စိတ်ဓာတ်ကို ဖော်ပြသည့် ဝတ္ထုများ ကို ထပ်မံ ခွဲစိတ် ကြည့်လျှင် အကြမ်းအားဖြင့် လယ်ယာလုပ်သား ၊ စက်ရုံ စသော ကုန်ထုတ် လုပ်သား ၊ သယ်ယူပို့ဆောင်ရေးလုပ်သား နှင့် မှုထမ်းရာထမ်း လုပ်သား ဟူ၍ ခွဲနိုင်စကောင်းပါသည် ။ အရေအတွက် အများဆုံး မှာ ကား မှုထမ်းရာထမ်း လုပ်သား ဖြစ်၍ ပြည်သူ့ရဲ ၏ တာဝန် အခန်းကဏ္ဍ ကို ဖော်ကျူးသော ဝတ္ထု မှာ အများဆုံး ဖြစ်ပါသည် ။ မှုခင်းအခြေခံ ဝတ္ထုများ ဖြစ်သောကြောင့် ပင်ကို ဖြစ်ရပ်က ပင် စိတ်ဝင်စားဖွယ် ကောင်း နေခြင်း ၊ ရေးကွင်း ၊ ရေးကွက် ကောင်းခြင်း တို့ကြောင့် ဤ ဝတ္ထုမျိုး က ပို၍ များ နေခြင်းဖြစ်သည် ဟု ဆိုရပါမည် ။


အခြားသော လုပ်သားကောင်း စိတ်ဓာတ် ဝတ္ထု  ဦးရေ မှာ များများစားစား မရှိလှပါ ။ ထူးခြားသည် မှာ သယ်ယူပို့ဆောင်ရေး လုပ်သားများ ဖြစ်သော လှေသမားများ ၊ ဖောင်သမားများ ၊ ပြည်သူပိုင်ပစ္စည်းများ မဆုံးရှုံးအောင် စွန့်စွန့်စားစား လုပ်ဆောင်ကြပုံ ဖော်ပြချက် ပင် ဖြစ်ပါသည် ။


လုပ်သားကောင်း စိတ်ဓာတ်ကို တင်ပြကြရာ တွင် ပီပီပြင်ပြင် အောင်မြင်လှသောဝတ္ထု နည်းပါးသေးသည် မှန် သော်လည်း အတုံးလိုက် ၊ အတစ်လိုက် လုပ်ဇာတ် ခင်းပြီး တင်ပြသော ဝတ္ထုမျိုး မရှိ သလောက် နည်းပါး သွားခြင်း ကို တော့ ကျွန်တော် သတိပြုမိပါသည် ။ ဤ အချက် မှာ ဝတ္ထုတို အနုပညာ ရှုထောင့် မှ ထည့် လျှင် ဝမ်းမြောက်စရာ ကောင်းသည် ဟု ဆိုရပါသည် ။


( ဂ ) မိဘ သားသမီး ဆက်ဆံရေး


မိဘ သားသမီး ဆက်ဆံနည်း ကို ဖော်ပြသော ဝတ္ထုများ မှာ နည်းလှသည် မဟုတ်ပါ ။ မိဘ ကို ရိုသေအပ်ကြောင်း ၊ မိဘ ၏ မေတ္တာ မှာ ကြီးမားလှကြောင်း ၊ အိုမင်းမစွမ်း မိဘများကို လုပ်ကျွေး ပြုစုသင့်ကြောင်း တို့ မှာ အများဆုံး ဖြစ်၍ အသွင် အမျိုးမျိုး ၊ အတွေ့အကြုံ အမျိုးမျိုး ဖြင့် ရေးဖွဲ့ တတ်ကြပါသည် ။ ဤသို့ သော အာဘော်မျိုး မှာ မြန်မာပြည် တွင် ရိုးနိုင်သည် မရှိသော အာဘော်များ ဖြစ်ပါသည် ။ မည်သည့် ခုနှစ် မဂ္ဂဇင်းများ ကို ကြည့်သည် ဖြစ်စေ ၊ တွေ့ မည်သာ ဖြစ်ပါသည် ။ ကျွန်တော် ၁၉၇၁ ခုနှစ် မဂ္ဂဇင်းများ ကို လေ့လာခဲ့စဉ် က လည်း ထို အာဘော် ဝတ္ထုမျိုး မှာ ကဏ္ဍ ထုတ်ဖော် ပြရ လောက် အောင် ပင် များပြား ကြောင်း တွေ့ရ ပါသည် ။ ယနေ့ ရုပ်ရှင် ၊ ပြဇာတ် ၊ ရေဒီယိုဇာတ်လမ်း ၊ ကက်ဆက်ဇာတ်လမ်း တို့တွင် လည်း မိဘမေတ္တာ ၊ မိဘကျေးဇူး ကို ဖော်ပြသော အာဘော်တို့ ကို တွေ့ နေရမည် သာ ဖြစ်ပါသည် ။ ကျွန်တော်တို့ မြန်မာလူမျိုး တို့ ၏ မြင့်မားလှသော ယဉ်ကျေးမှုကြီး ဖြစ်ကြောင်း ထင်ရှား နေပါသည် ။


မိဘ သားသမီး ဆက်ဆံရေး တွင် တစ်ခု ထူးခြားသည် မှာ မိဘ က အိမ်ထောင်ရေးရာ ကိစ္စ တွင် သားသမီး ကို ထည့်သွင်း စဉ်းစားမှု ပင် ဖြစ်ပါသည် ။ အမိ သို့မဟုတ် အဖ ဖြစ်သူ က နောက် အိမ်ထောင် ထူရန် ချစ်သူ ကို တွေ့သော် လည်း ရင်သွေး ဖြစ်သူ စိတ်အား ငယ်မည်စိုး၍ ချစ်သူ ကို စွန့်လွှတ်လိုက်ကြပုံ ဖြစ် ပါသည် ။ တစ်ခါတစ်ရံ တွင် လည်း မိဘ နှစ်ပါး ကွာရှင်း ပြတ်စဲ လိုကြသော် လည်း ရင်သွေးငယ်များ ကို ထောက်၍ ပဋိပက္ခကို ငြိမ်းကြစေပုံများ ဖြစ်ပါ သည် ။ ဤသို့သော ဒုတိယ အိမ်ထောင်ရေး နှင့် သားသမီး အရေး တွင် အညွန့် တလူလူ နှင့် အပြစ် မဲ့သော သားသမီး အရေး ဦးစားပေး သင့်ကြောင်း ဖော်ပြ သည့် ဝတ္ထုများ မှာ သိသိသာသာ ပိုမို များပြား လာသည် ဟု ကျွန်တော် ယူဆ မိ ပါသည် ။


နောက် တစ်ဆင့် ထူးခြားသော အချက် မှာ မိဘက သားငယ် သမီးငယ် များ ၏ စိတ် ကို နားလည်အောင် သည်းခံ ကြိုးစားသည့် ဝတ္ထုများ ပင် ဖြစ်ပါသည် ။ ကလေး စိတ်ပညာ ကို လေ့လာ ခဲ့ရသော သူများ ( အထူးသဖြင့် ကျောင်းဆရာ ၊ ဆရာမ ကလောင်ရှင်များ ) ဖြစ်ကြဟန် ရှိပါသည် ။ ထိုကဲ့သို့သော အာဘော်များ ကို အကွက် ကျသော အဖြစ်အပျက်များ နှင့် ထင်ဟပ် ဖော်ပြ ထား ကြ သောကြောင့် ဖတ်ပျော် ရှုပျော် ဝတ္ထုများ ဖြစ်လာသည် ကို တွေ့ရ ပါသည် ။


အားလုံး ခြုံ၍ ဆိုရလျှင် မျိုးဆက်သစ် ကို နားလည်အောင် ကြိုးပမ်း ကြရခြင်းသည် ဝတ္ထုများ တွင် ထင်ဟပ် နေကြောင်း တွေ့ နိုင်ပါသည် ။


( ဃ ) အိမ်ထောင်ရေး


အိမ်ထောင်ရေး တွင် ပညာ မစုံ ၊ အရွယ် မတိုင်မီ အိမ်ထောင်ပြုခြင်း ၏ အမှား ၊ မစူးမစမ်း အိမ်ထောင်ပြုခြင်း ၏ အမှား တို့ ကြောင့် ဘဝနွံ တွင် နစ်ရပုံ တို့ ကို သင်ခန်းစာ အဖြစ် ဖော်ပြသော ဝတ္ထုများ လည်း အတော်လေး များပြား လာ သည် ။ အချို့ ဝတ္ထုလေးများ တွင် တကယ့် အတွေ့အကြုံ ကို ထုတ်ဖော် ရေးသား ထား သကဲ့သို့ ရှိ သောကြောင့် ဝတ္ထုတို ကောင်းကလေးများ အဖြစ်သို့ ရောက်လာသည် ကို တွေ့ရ ပါသည် ။ သို့သော် မိန်းကလေး ၏ ဘဝ ကို စာနာ ထောက်ထားသော ရှုထောင့် မှ ရေးကြသည် သာ လျှင် ဖြစ်ပါသည် ။ ရေးသူများ မှာလည်း အမျိုးသမီးများ သာ လျှင် ဖြစ်သည် ကို လည်း သတိပြု မိ ပါသည် ။


နောက် တစ်ခု မှာ အိမ်ထောင်ရှိ အမျိုးသား နှင့် ချစ်ကြင်မိရာ မှ ရင်နာစွာ နှင့် နောက်ဆုတ် စွန့်ခွာ လိုက်သော အိမ်ထောင်ရေး ဝတ္ထု ဖြစ် ပါသည် ။ တစ်ခါတစ်ရံ တွင် လည်း သားသမီး ရှိသော မုဆိုးဖို တစ်ခုလပ် အမျိုးသား နှင့် စွဲလန်း ချစ်ခင်မိရာ မှ ကလေးငယ်များ ၏ ပျော်ရွှင်မှု ကို မဖျက်ဆီး လိုသဖြင့် အချစ် ကို စွန့်လွှတ်လိုက်သော ဇာတ်လမ်းများ ဖြစ်ပါသည် ။ အချုပ်အားဖြင့် ဆိုလျှင် တစ်လင် တစ်မယား အာဘော်များ ဟု ဆိုရပါ တော့မည် ။


အိမ်ထောင်ရေး တွင် လင် နှင့်မယား တစ်ဦး ကို တစ်ဦး နားလည် ချစ်ကြင်ရေး အာဘော် ကို ပြသည့် ဝတ္ထု ဦးရေ မှာ အများဆုံး ဖြစ်ပါသည် ။ တစ်ခါတစ်ရံ တွင် လည်း ခပ်သွက်သွက် ၊ ခပ်မြူးမြူး ဟာသ ဝတ္ထုလေးများ သဖွယ် ရေးဖွဲ့ တတ်ပါသည် ။ သို့သော် အများဆုံး ရောယှက် နေသော အချက် မှာ ကြီးမြင့်လှသော ကုန်ဈေးနှုန်း ကြောင့် စားဝတ်နေရေး အတွက် ရုန်းကန်ရသည့် အိမ်ထောင်ရေး ဘဝ သရုပ်ဖော်များ ဖြစ်ပါသည် ။ လင်မယား နှင့် သားသမီး အိမ်ထောင်စုကြီး အကြောင်း စားဝတ်နေရေး ဒုက္ခ ၊ ကလေးများ ပညာရေး အတွက် သောက စသည် တို့ကို အများဆုံး ဖော်ပြ တတ်ကြပါသည် ။ ထို့ကြောင့် အိမ်ထောင်ရေး ဝတ္ထုများ တွင် ချစ်ရေး ၊ ကြင်ရေး ထက် ကုန်ဈေးနှုန်း အရေး ကိုသာ အများဆုံး တွေ့နေရမည် ဖြစ်သည် ဟု ဆိုနိုင်ပါသည် ။


( င ) အရက် နှင့် မူးယစ်ဆေးဝါးတို့ ၏ ဆိုးပြစ်


ယခု ဖတ်ခဲ့ သမျှ ဝတ္ထု တို့ တွင် အရက် ၏ ဆိုးပြစ်ကို ဖော်ပြသော ဝတ္ထုများ လည်း မနည်းလှပါ ။ ၁၉၅ဝ ပြည့်နှစ် တစ်ဝိုက် ဆီ က စာရေးဆရာ တို့ ၏ အရက်ဝိုင်း သရုပ်ဖော် ဝတ္ထုများ နှင့် နှိုင်းယှဉ် လေ့လာ သင့်သော ကိစ္စ ဟု ပင် ထင်မိပါသည် ။ အရက်ဝိုင်းကြီး ကို ပျော်စရာ ၊ အားကျစရာ ကောင်း လောက်အောင် ရေးသား ခဲ့ကြသည့် ထိုခေတ် က ဝတ္ထုများ နှင့် ယှဉ် လိုက် လျှင် ယနေ့ စာရေးဆရာ တို့ ၏ ဘဝ သည် လည်းကောင်း ၊ ခံယူချက် သည် လည်းကောင်း ပြောင်းလဲနေပြီ ဟု ဆိုနိုင် ပါသည် ။ အထူးသဖြင့် စာရေးဆရာ တို့ ၏ ကြုံရသော အရက် ၏ ဆိုးပြစ် ကို ရေးဖွဲ့ လေ့ ရှိကြရာ အရက်ဝိုင်း ၏ ခဏတာ နှင့် သားငယ်သမီးငယ် တို့ ၏ ရှေ့ရေး ဘဝတာ ကို နှိုင်းယှဉ် တင်ပြ ရေးဖွဲ့ တတ်ကြပါသည် ။ ဝတ္ထုကောင်း အဆင့် သို့ ရောက် လာအောင် ရေးနိုင် သည် ကို တွေ့ရ ပါသည် ။


မူးယစ်ဆေးဝါး ၏ ဆိုးပြစ် ကိုလည်း ရေးဖွဲ့ကြ ပါသည် ။ သို့သော် လူညွန့်တုံး ရသည့် အဖြစ် စသည့် ပညာပေး အဆင့်လောက် အထိ သာ အောင်မြင်ပါသည် ။ စာဖတ်သူ ၏ ရင် ထဲ တွင် စိမ့်ပြီး ကြောက်ရွံ့စက်ဆုပ် လာအောင် ရေးဖွဲ့ နိုင်သည့် ဝတ္ထုမျိုး ကို မတွေ့ရပါ ။ မူးယစ်ဆေး စွဲလမ်းပုံ ၊ စွဲလမ်းသူ ဒုက္ခရောက်ပုံ ၊ စရိုက်ပျက် ဘဝဆုံး လာပုံ ၊ ပတ်ဝန်းကျင်ကို ဖျက်ဆီး လာပုံ စသည် တို့ကို နှိုက်နှိုက်ချွတ်ချွတ် မရေးဖွဲ့ နိုင်ကြဘဲ မူးယစ်ဆေး အန္တရာယ် သတိပေး အဆင့် သာသာ လောက် သာ ရှိနေကြသည် ကို တွေ့ရ ပါသည် ။ စေတနာ ကောင်း ၊ ရည်ရွယ်ချက် ကောင်း ရှိကြသည် မှန်သော်လည်း ကြိုးပမ်းမှု ၊ အနုပညာ ဖန်တီးမှု ဘက် တွင် အားနည်း နေသည် ဟု မှတ်ချက် ပေးချင်ပါသည် ။


•••••   •••••   •••••


( ၃ ) သီးသန့် အာဘော် ဝတ္ထုများ


အာဘော်ဝတ္ထုများ ထဲ မှ သီးသန့် အာဘော် ဝတ္ထုများကို ခွဲခြား ထုတ်နှုတ်ပြခြင်း မှာ သီးသန့် သတိ ပြု ရအောင် ထူးခြားသော အကြောင်းအရာများ ဖြစ် နေသော ကြောင့် ဖြစ်ပါသည် ။


သီးသန့်အာဘော် ဝတ္ထုများ တွင် အထူးခြားဆုံး မှာ စာပေ ဝေဖန်ရေး ပင် ဖြစ်ပါသည် ။ စာပေ ခံယူချက်များ ၊ စာရေးဆရာ အချင်းချင်း ထိပါး ထိုးနှက်ချက် များ ကို ဝတ္ထုတို ပုံသဏ္ဌာန် နှင့် ရေးခြင်း ပင် ဖြစ်ပါသည် ။ ဝတ္ထုပုဒ်ရေ အားဖြင့် များတော့ မများလှပါ ။ သို့သော် ထူးခြားနေသည့် အတွက် ဖော်ပြရခြင်း ဖြစ် ပါသည် ။


ထို့ပြင် “ ရှဲဒိုး ” ဟု ခေါ် တွင် နေသည့် အငှား ရေးပေးသူ နှင့် အမည်ခံ စာရေးဆရာ အကြောင်း ရှုတ်ချ ဝေဖန်သည့် ဝတ္ထုတိုများ ကို လည်း တွေ့ရ ပါသည် ။


စာပေ လောက သာ မက ပန်းချီ လောက ၊ ရုပ်ရှင် လောက ၊ ဇာတ်သဘင်  လောက အကြောင်း ဝေဖန်သည့် ဝတ္ထုများ လည်း ရေးကြသည် ။ ပန်းချီ လောက နှင့် ပတ်သက်၍ ပန်းချီ အနုပညာ စစ်စစ် ကို ရေး လို သော်လည်း ဝမ်းရေး ကြောင့် စီးပွားရေးပန်းချီ ကို ရေးဆွဲရင်း အချိန်ကုန် နေရသည့် အဖြစ် စသည့် အကြောင်းအရာများ ကို တွေ့ရသည် ။ ရုပ်ရှင် လောက တွင် ငွေရှင် ကြေးရှင်များ က ခြယ်လှယ်ကြပုံ ၊ ဇာတ်သဘင် တွင် သရုပ်ပျက် အပေါစားများ လွှမ်းမိုးကြပုံတို့ ကို ရေး ကြသည် ။ 


အားလုံး ကို ခြုံ ကြည့် လိုက်လျှင် ကား အနုပညာ စစ်စစ် သန့်သန့်များ ပေါ်ထွန်း စေလိုသည့် စေတနာ ကောင်းများ ဖြင့် ရေးသား နေကြသည် ဟု ဆိုသင့်ပါသည် ။


•••••   •••••   •••••


( ၄ ) ဘဝသရုပ်ဖော် ဝတ္ထုများ


ဘဝ သရုပ်ဖော် ဝတ္ထုများ အားလုံး ကို ခြုံ၍ သုံးသပ် လျှင် ရန်ကုန်မြို့ လူလတ်တန်းစား အောက်လွှာ တို့ ၏ ဘဝ ၊ ဆင်းရဲသား တို့ ၏ ဘဝကို သရုပ်ဖော်သော ဝတ္ထု မှာ အများဆုံး ဖြစ်သည် ဟု ဆိုရပါမည် ။ ဘဝ သရုပ်ဖော် များ ကို သုံးမျိုး ခွဲခြား တင်ပြ လိုက်ပါသည် ။


( က ) လုပ်ငန်းခွင် ဘဝ


စင်စစ်အားဖြင့် လုပ်ငန်းခွင် ဘဝ သရုပ်ဖော် ဝတ္ထုများ ကို အာဘော်ဝတ္ထုများ စာရင်း တွင် သွင်း လိုသော် ဖြစ်နိုင်ကောင်း ပါသည် ။ တစ်နည်းအားဖြင့် လုပ်ငန်းခွင် ဘဝ သရုပ်ဖော် ဝတ္ထုများ တွင် အာဘော် ပါတတ်မြဲ ဖြစ်ပါသည် ဟု ဆိုလိုပါသည် ။ သို့သော် လူသားတို့ ၏ ယေဘုယျ စရိုက် သဘာဝကို အာဘော်ပြုခြင်း မဟုတ်ဘဲ လုပ်ငန်းခွင် ၏ သဘာဝ လုပ်အားတန်ဖိုး ကို သာလျှင် အာဘော် ပြုထားသော ကြောင့် သီးခြား ခွဲခြား ပြလိုက်ရခြင်း ဖြစ်ပါသည် ။


စက်ရုံ လုပ်ငန်းခွင် ၊ လယ်ယာ လုပ်ငန်းခွင် ၊ စက်မှု လုပ်ငန်းခွင် တို့ နှင့် ရုံးမှုထမ်းရာထမ်း တို့ ၏ လုပ်ငန်းခွင် တို့ ကို အများဆုံး သရုပ်ဖော် ကြပါသည် ။ စက်ရုံ ၊ လယ်ယာ လုပ်ငန်းခွင်တို့ အကြောင်း ကို သရုပ်ဖော် ကြရာ တွင် လူသားတို့ ၏ ကြိုးပမ်းမှု ၊ ကုန်ထုတ်လုပ်ငန်း စွမ်းအားစု တို့ အကြောင်း ကို ချီးကျူးဖွဲ့ ဆိုကြသော်လည်း ရုံးမှုထမ်း ရာထမ်းတို့ အကြောင်း ကို ဖွဲ့ရာ တွင် ကား အလုပ်ခွင် ခိုကတ်မှု ၊ တာဝန်မဲ့မှု ၊ လုပ်ငန်း မတွင်ကျယ်မှု ၊ စာရိတ္တပျက်မှု တို့ကို လှောင်ပြောင် ရှုတ်ချ ဖွဲ့ဆိုသည် ကို တွေ့ရပါသည် ။


ဝတ္ထုတို ရေးသူများ မှာ ပညာတတ် လူတန်းစားများ ဖြစ်ကြသည့် အတိုင်း များသော အားဖြင့် ရုံးမှုထမ်းရာထမ်းများ ဖြစ်ပါသည် ။ ထို့ကြောင့် ကာယ လုပ်သားကြီးများ ၏ လုပ်ငန်းခွင် ကို သရုပ်ဖော် ရာ တွင် ပီပြင်မှု နည်းကောင်း နည်းမည် ဖြစ်သော်လည်း ရုံးမှုထမ်း တို့၏ စရိုက်ပျက် ပုံ ကို သရုပ်ဖော်ရာ တွင် ကား ကျွမ်းနှီးသော ဘဝ ဖြစ်သည့် အတိုင်း ပိုမို ပီပြင်သည် ကို တွေ့ရပါသည် ။


( ခ ) လောကစိမ်း ဘဝ


လောကစိမ်း ဆိုသည် မှာ စာဖတ်သူ အများစု နှင့် မနီးစပ်သော ၊ ကြားဖူးနားဝ နည်းပါးသော လုပ်ငန်းခွင် လောကများ ကို ဆိုလိုပါသည် ။ လောကစိမ်း ဘဝ သရုပ်ဖော်များ တွင် ပင်လယ်တံငါလုပ်ငန်း အကြောင်း သရုပ်ဖော် သည့် ဝတ္ထုတိုများ သိသိသာသာ များပြား လာပါသည် ။ ရေးဖွဲ့ တင်ပြပုံ လည်း ထိုက်သည့် အားလျော်စွာ ကောင်းမွန်ကြ ပါသည် ။ မုန်တိုင်း ၊ ငါးမန်း ၊ မိကျောင်း တို့၏ အန္တရာယ် ကို ရင်ဆိုင်ကြရပုံ ၊ ငွေရှင်ကြေးရှင် တို့ ၏ လွှမ်းမိုးမှုဒဏ် ခံရပုံ စသည်တို့ ကို ပီပြင်အောင် ဖော်ပြ နိုင်ကြသည် ။ ထို ဝတ္ထုများ သည် မိကျောင်း ကို သေနတ် နှင့် ပစ်သော ရေမုဆိုး စွန့်စားခန်း ဝတ္ထုများ နှင့် ဘာမျှ မဆိုင်အောင် ကွာခြား ပါသည် ။


တောတွင်း မုဆိုး ဝတ္ထုတိုများ မှာ တောကောင် သားရဲ တိရစ္ဆာန် တို့ ၏ သဘာဝ ၊ စွန့်စား ပစ်ခတ်မှုများ ကိုသာ ရေးဖွဲ့လေ့ ရှိခဲ့ကြရာ မှ အတွေးအခေါ်  ဝတ္ထုများ ၊ အာဘော်ဝတ္ထုများ ဖြစ်အောင် ရေးဖွဲ့ လာကြသည် မှာ ထူးခြားချက် ဖြစ်ပါသည် ။ သဘာဝ လည်း ပေါ်လွင် အတွေးအခေါ် လည်း ပါသော နှစ်ဖက်လှ ဝတ္ထုများ ဖြစ်လာ ကြသည် ။ အရေးအဖွဲ့ တင်ပြပုံ မှာ လည်း သိသိသာသာ ပင် ကောင်းမွန် လှပါပေသည် ။


တောင်ပေါ်သား တို့ ၏ တောင်ယာ ထွန်ယက်မှု ၊ တောတောင်အန္တရာယ် ကာကွယ်မှု ၊ ပျားရည်ရှာဖွေမှု ၊ အင်တွဲခွာသူများ ၊ သစ်ဖောင်ဝါးဖောင် မျှောသူများ ၏ ဘဝ ၊ ဆင်လုပ်သားတို့ ၏ လောက စသည် တို့ ကို လည်း သရုပ်ဖော် ကြပါသည် ။ တစ်ခါတစ်ရံ ငွေရှင်ကြေးရှင် တို့၏ သွေးစုတ်မှု ကို ပါ ပူးတွဲ သရုပ်ဖော်သည် ကို တွေ့ရ ပါသည် ။


လောကစိမ်း ဘဝ သရုပ်ဖော် ဝတ္ထုများ ကို ရေးဖွဲ့သူများ မှာ မိမိတို့ သရုပ်ဖော်မည့် လောက အကြောင်း ကို စေ့စေ့စပ်စပ် လေ့လာသည် သာ မက သုတ ထည့်သွင်း ရာ တွင် ဝတ္ထုတို ၏ ရသ ကို မထိခိုက် အောင် ၊ မပိုမလို ဖြစ်အောင် သတိပြု ကြိုးပမ်းကြသည် ဟု ဆိုချင်ပါသည် ။


( ဂ ) ကိုယ်ရေး ဘဝ


ကိုယ်ရေး ဘဝ ဆိုသည် မှာ စာရေးသူ ၏ အိမ်ထောင်ရေးဘဝ ၊ မိသားစု မိဘသားချင်း ဆွေမျိုးသားမြေး တို့ ၏ ဘဝကို သရုပ်ဖော် သည့် ဝတ္ထုများ ကို ဆိုလိုပါသည် ။ ဤသို့သော ဝတ္ထုတို ဦးရေ မှာ လည်း မနည်းလှသောကြောင့် ကဏ္ဍ တစ်ခု အဖြစ် ထည့်သွင်း ဖော်ပြရခြင်း ဖြစ်ပါသည် ။


ဝတ္ထုတို ဆရာတို့ သည် မိမိတို့ ဘဝ ကို ဖော်ကြရာ တွင် မိမိ နှင့် စာပေလောက ဆက်ဆံရေး ၊ မိမိ နှင့် မိသားစု ဆက်ဆံရေး ကို လည်းကောင်း ၊ စာရေးဆရာ တို့ အကြောင်း ၊ မိဘ သားသမီး ဆွေမျိုးသားချင်း တို့ အကြောင်း ကို လည်းကောင်း ၊ ရေးဖွဲ့ တတ်ကြ ပါသည် ။


အရေးဖွဲ့ခံ အကြောင်းအရာ ၊ အတွေးအမြင် ၊ ပုဂ္ဂိုလ် ကိုယ်တိုင် က ထူးထူးခြားခြား စိတ်ဝင်စားဖွယ် ကောင်းနေ လျှင် ကား ဝတ္ထုတို ကောင်းများ ဖြစ်လာ တတ် ပါသည် ။ သို့မဟုတ် လျှင် ကား ရေး စရာ ခြောက်ခန်း သွား၍ မျက်စိ အောက် တွေ့ရာ ပစ္စည်း ကို ကောက်ကာ ငင်ကာ “ စာ ဖြစ် ရုံ ” ရေးဖွဲ့ ထား သကဲ့သို့ ရှိနေ သောကြောင့် စိတ်ပျက်စရာ ကောင်းလောက် အောင် ညံ့ဖျင်း လှသည် ကို တွေ့ရ ပါသည် ။ 


•••••   •••••   •••••


( ၅ ) ထူးခြားသော ရေးဖွဲ့ တင်ပြမှုများ


ရေးဖွဲ့သော အကြောင်းအရာ အာဘော် ကို အပ ထား၍ ရေးဖွဲ့ တင်ပြပုံ ထူးခြားသော ဝတ္ထုများ လည်း ရှိတတ်ပါ သေးသည် ။ ထင်ရှားသော ထူးခြားသည့် ရေးဖွဲ့ပုံ နှစ်မျိုး ကို တွေ့ရ ပါသည် ။ ပထမ တစ်မျိုး မှာ ကဗျာ ဆန် ၍ လေးအိ သော စကားပြေ ရေးဖွဲ့ပုံ ဖြစ်ပါသည် ။ ဒုတိယ အမျိုးအစား မှာ စိတ်အာရုံ ခံစားမှုများ စီစဉ်မဲ့ ဖြစ်ပေါ် နေပုံ ကို စီစဉ်မဲ့ ဖော်ပြ ထားသော ရေးဖွဲ့မှု ဖြစ် ပါသည် ။


ပထမ အမျိုးအစား နှင့် ပတ်သက်၍ ပြော ရလျှင် ... ကဗျာလမ်း ကို လျှောက်ရင်း စကားပြေ ဘက် သို့ လမ်း ချော် ပြီး ရောက်လာ သကဲ့သို့ ရှိ နေပါသည် ။ ကျွန်တော့် အဖို့ ဆီ မထိုးသော ကျွဲလှည်းကြီး တအီအီ မြည်သံ ကို နားထောင် နေရ သကဲ့ သို့ ငြီးငွေ့ လှ ပါသည် ။ အလုပ် ကိစ္စ ( လေ့လာမှု ကိစ္စ ) အတွက် သာ မဟုတ် လျှင် ထို ဝတ္ထုမျိုး ကို ဖတ်မည် မဟုတ်ပါ ။ သို့သော် ကြိုက်သူများ လည်း ရှိကောင်း ရှိပေလိမ့်မည် သာ ဖြစ်ပါသည် ။


ဒုတိယ အမျိုးအစား ကို တော့ ရေးသူများ က ( ဒြပ်မဲ့ ) ပြောကြပါသည် ။ ဘာ အမျိုးအစား ဟု ပဲ အမည် ပေးပေး ဤ ရေးနည်းမျိုး တွင် သင်္ကေတ ပြု မှု သဘော ကို လက်လွှတ် ၍ မရ နိုင်ပါ ။ သူတို့ ရေးသော စကားလုံးများ ၊ အကြောင်းအရာများ မှာ သူတို့ လောက တွင် သာ သိကြသော အနောက်တိုင်း ပန်းချီဆရာ ၊ ပန်းပုဆရာ ၊ ဒဿနဆရာကြီးများ ၏ အမည်များ ၊ စကားများ သာ လွှမ်းမိုး နေသည် ကို တွေ့ရပါသည် ။ ကျွန်တော် ကိုယ်တိုင် လည်း အဲဒါကို ကောင်းကောင်း မသိပါ ။ နားမလည်ပါ ။ ထို့ကြောင့် မခံစားတတ်ပါ ။


ကျွန်တော် သတိရ သည် မှာ က တော့ ‘‘ ဝတ်လစ်စလစ် အလှ ” ဟူသော စကားလုံး ကို မြန်မာတို့ နှစ်သက်စွာ ခံစားမိစေ လိုလျှင် မြန်မာပြည် တွင် ဝတ်လစ်စလစ် ယဉ်ကျေးမှု ထွန်းကားအောင် ပြုလုပ် ပေးရပေလိမ့် ” ဟူသော ဦးသိန်းဖေမြင့် ၏ စကား ပင် ဖြစ်ပါသည် ။


ကြီးကြီးထွားထွား ရှိလှသော နာမည်ကြီးများ ၊ ဆန်းဆန်းကြယ်ကြယ် ရှိသော စကားလုံးကြီး များ မှာ ကျွန်တော်တို့ အရှေ့တိုင်း မြန်မာပြည် နှင့် စိမ်းလွန်း သောကြောင့် အထူးသဖြင့် စာဖတ် ပရိသတ် အများစု နှင့် ကွာဟ လွန်းလှသော ကြောင့် “ ဘာတွေ ရေး ထားပါလိမ့် ၊ ခပ်ဆန်းဆန်းပါပဲလား ” ဟု အံ့ဩ နေရုံထက် အရသာ ခံနိုင်မည် မထင်ပါ ။


ရိုးရိုးသားသား မြန်မာ တစ်ယောက် ၏ ခံစားမှုမျိုး မဟုတ်ဘဲ အနောက်တိုင်း ဆန်အောင် ကြိုးစားပမ်းစား ခံစား နေသကဲ့သို့ ရှိနေ သဖြင့် မြန်မာစာဖတ် ပရိသတ် က သူတို့ နှင့် ရောပြီး ခံစား နိုင်ရန် အလွန် ခက်သည် ဟု ယူဆ မိ ပါသည် ။


အဆန်း ထွင်ခြင်း ဆိုသည် မှာ သမားရိုးကျ ပုံသဏ္ဌာန် နှင့် မတန်တဆ ဝေးကွာ လွန်းလျှင် မအောင်မြင် နိုင်ပါ ။ သမားရိုးကျ ပုံသဏ္ဌာန် နှင့် ထပ်တူ ဖြစ်ပြန် လျှင်လည်း ဆန်းသစ်သော ပုံသဏ္ဌာန် ဖြစ် မလာနိုင်ပါ ။


ယခု အခြေအနေ တိုင်း ဆိုလျှင် တော့ မည်သည့် လူညံ့ လူပေါ မျိုး က မဆို အဆက်အစပ် မရှိ ထင်ရာ ကောက် ရေး ၊ မြင်ရာ စွပ်ထည့်ခြင်း ဖြင့် အစီအစဉ် မဲ့အောင် လုပ်လိုက် လျှင် သူတို့ စာမျိုး ဖြစ်လာနိုင်သည် ဟူသော ပုံသဏ္ဌာန် သစ်မျိုး သာ ဖြစ်နေပါ တော့မည် ။


ထို့ကြောင့် သမားရိုးကျ ပုံသဏ္ဌာန် နှင့် လည်း မကွာလွန်း လှသော မြန်မာ့ယဉ်ကျေးမှု အသိနယ်ပယ် နှင့် လည်း မကွာလွန်း လှသော အကြောင်း အရာ ဆက်စပ်မှု လည်း မကွာလွန်း လှသော သင့်တင့် လျောက်ပတ်သည့် အကွာအဝေး ကို ရှာဖွေ နိုင်ရန် လိုသေးသည် ဟု ကျွန်တော် ယူဆ မိ ပါသည် ။


•••••   •••••   •••••


ကျွန်တော် နှစ်ချုပ် အစီရင်ခံစာ ဤတွင် ပြီးဆုံး ပါပြီ ။ နိဒါန်း တွင် တင်ပြခဲ့ သည့် အတိုင်း စာတမ်း တစ်စောင် ၏ တိကျမှုမျိုး ၊ ပြည့်စုံမှုမျိုး ကို ကျွန်တော် မပေးနိုင်တော့ပါ ။ ခွင့်လွှတ်ကြလိမ့်မည် ဟု မျှော်လင့်ပါသည် ။ စာပေ ဝါသနာရှင် များ အချင်းချင်း ဆွေးနွေးကြခြင်း ဖြင့် သာ ပြည့်စုံအောင် ဖြည့်စွက် နားလည် ကြပါတော့ ဟု တောင်းပန်ရပါတော့သည် ။


ကျွန်တော့် မှာ မဂ္ဂဇင်းတွေ အားလုံး ရှိနေသေးသည် ဖြစ်ရာ အချိန် ရ သလောက် ကြိုးစား၍ ပြန်လည် ဖတ်ရှု ပြီးလျှင် မဂ္ဂဇင်း ဝတ္ထုရှည်များ အကြောင်း ကို အခွင့်သင့်လျှင် တင်ဆက်ပါ ဦးမည် ။ ကျွန်တော် ကြိုက်သော မဂ္ဂဇင်းဝတ္ထုရှည်များ ကို သုံးသပ် စိတ်ဖြာရန် အချိန် ပေးနိုင်ပါစေ ဟု ပဲ ဆုတောင်း ရ ပါတော့သည် ။


စာဖတ် ပရိသတ် ၏ သဘောထား နှင့် ကိုက်ညီမှု ရှိချင် မှ ရှိမည် ဖြစ်သော် လည်း ဝါနု လက်သင်များ အတွက် ကား သင့်တင့်သော အထောက် အပံ့ ကို ရလိမ့်မည် ဟု ထင်သောကြောင့် ရေး ဦးမည် ဟု ဆုံးဖြတ် ထား ပါသည် ။

 

မြန်မာဝတ္ထု ဖွံ့ဖြိုး ရှင်သန်ပါစေ သတည်း ။ အားကောင်းသော ကလောင်သစ်များ ပေါ်ပေါက်ပါစေ သတည်း ။


◾အောင်သင်း

     ၂၀ - ၁၁ - ၈၄


📖 အောင်သင်း အကြိုက်ဆုံး ဝတ္ထုတို နှင့် သုံးသပ်ချက်များ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment