Sunday, July 30, 2023

အနုဝင်္ကပါ ( ၁၄ )


 ( ၁၄ )


ထင်မှတ်ထားခဲ့သည့် အတိုင်း ပင် ယခင် ရေးလိုက်သော အနုဝင်္ကပါ နှင့် ပတ်သက်၍ မေးခွန်း အသစ် ထုတ် လာ ချေတော့သည် ။


သာဓု မှာ လည်း ကျန်းမာရေး ကသီ နေ၍ စိတ် မအီသာ ။ အတိုချုံး ၊ ရေး လိုက်ရ သောကြောင့် ပြည့်စုံခြင်း မရှိ ။ နိုင်ငံကျော် ထိပ်သီး ရုပ်ရှင်မင်းသမီး မင်းသား ( စူပါစတား ) များ အကြောင်း လောက် သာ ဖော်ပြခဲ့ရာ အချို့က ထိုထက် ပို၍ အသေးစိတ် သိ ချင် လာကြပြန်သည် ။


လက်ရှိ အခြေအနေ တွင် မင်းသမီး ၊ မင်းသား သုံးမျိုး သုံးစား ထား၍ တင်ပြရန် လိုသည် ထင် ၏ ။ ပထမ အမျိုးအစား သည် နာမည်ကြီး ပရိသတ်ကြိုက် အဆင့် စူပါစတား များ ၊ ဒုတိယတန်း သည် ကား ရိုက်ရ ကျဲသော ( စတားများ ) နှင့် ကား အရိုက်နည်းသည့် ( ဝါ ) ရုပ်ရှင်သမား စကား အရ အင်အား နည်း ဇာတ်ကောင် ။  


နောက်ဆုံး ဖော်ပြထားသော အင်အားနည်း ဇာတ်ကောင် ဆိုသည် မှာ မူလ ကတည်း က မင်းသား မင်းသမီး အဖြစ် ရိုက်ကူးခဲ့ ရ သော်လည်း အောင်မြင်မှု မရှိသော ကြောင့် တစ်ကြောင်း ၊ ငှားသူ နည်းသောကြောင့် တစ်ကြောင်း သူ တို့ သည် ၃ - ၄ ကား မျှ ဖြင့် နာမည် မှိန်သွားသူများ ။


စတင်၍ ခေါင်းဆောင် အဖြစ် ရိုက်ကူး ရုံတင်ရာတွင် “ ဟုန်း ”

ခနဲ တက် သွားရာမှာ လေးငါးဆယ်ကား လောက် ရိုက် အပြီးတွင် ပရိသတ် လက် မခံတော့၍ ကျ သွားသူများ ။ ယင်းတို့ သည် ဒုတိယတန်းစား စ တားများ ၊ သောင်မတင် ရေမကျ ရပ်တည်နေ ကြရရှာ သည် ။ 


ယင်းတို့ သည် လည်း အမည်ကလေး တက်နေစဉ် က ၃ - ၄ သောင်း ယူသော်လည်း လောလော ဆယ် ကျ နေချိန်တွင် သောင်းငါးထောင် နှစ်သောင်း မျှ ဖြင့် ရိုက် ပေးကြသည် ။ စ ထွက် ကတည်းက ယခုထိ ကျ မသွားဘဲ တ န့်နေသည့် ( ဝါ ) တစ်ခါ တစ်ခါ ထိုး တက်သွားပြီး ပြန်၍ တန့်နေပြန် သော စတားများ သော်ကား ၂၅၀၀၀ ကျပ် မှ ၃၀၀၀၀ ကျပ် ခန့်တွင် တန့် နေကြသည် ။ 


မင်းသား မင်းသမီး ဟူ၍ သာ ခေါင်းဆောင် အဖြစ် ရိုက်ခဲ့ကြသော် လည်း ပရိသတ် မျက်စိ မတွေ့၍ ၊ သို့မဟုတ် သရုပ်ဆောင်မှု မပီပြင်၍ လုံးဝ တက်မလာဘဲ ကြားခုလတ် တွင် ရပ် နေကြသည့် တတိယတန်း စား မင်းသား ၊ မင်းသမီး တို့ မှာ မူ တိကျသော နှုန်းထားဟူ၍ မရှိကြ တော့ဘဲ ၅၀၀၀ ကျပ် နှင့် ၁၀၀၀၀ ကျပ် ကြားတွင် နားလည်မှု ဖြင့် စခန်း သွား နေကြရရှာသည် ။ 


ထိုထို သရုပ်ဆောင် ( ၃ ) စား အနက် မှ ယနေ့အထိ ထိပ် မှ မကျသေးသော စူပါစတား များ အကြောင်း ယခင် လ က သာဓု ခပ်ဆတ်ဆတ်ကလေး ရေးခဲ့ပြီးချေပြီ ။ ဇာတ်ရံ သို့မဟုတ် အဖေ အမေ ဇာတ်ပို့ခန်း မှ သရုပ်ဆောင် ရ သူတို့ ၁၀၀၀ ကျပ် မှ ၅၀၀၀ ကျပ် အများ ဆုံး ရ ချိန်တွင် စူပါစတား က သုံးလေးငါးသောင်း ရ ယူနေပါလျက် လည်း လောဘ ကို မသ,တ်နိုင်ကြ ။ ( ဆိုပါစို့ ) ဦးဘ ၏ ထုတ်လုပ် ရေး ကို ရိုက် ရက် ပေးထားပါ လျက် ဦးမြ က ငွေပိုကလေး ပေးလျှင် ၊ အကြိုက် ကလေး ကျွေး လိုက်လျှင် ဦးဘ ၏ ရိုက်ရက် ကို ဖျက်ပြီး ဦးမြ ထံ တွင် ည ဘက် တိတ်တိတ် ကျိတ် ၍ ရိုက်ပေး တတ်ကြသည် ။ 


ဦးဘ တွင် ကား စူပါစတား တစ်ပတ် ( ၁ ) ရက် ရိုက်ခွင့်ကလေး များ အတွက် သေပြေးရှင်ပြေး စီစဉ် ထား ရသမျှ ငွေကုန်လူပန်း နွမ်းခွေ ရ ချေတော့သည် ။


ဤသည် ၌ စူပါစတား ကို ချည်း အပြစ် တင်၍ တရားမည် မဟုတ် ။ ထုတ်လုပ်သူ ချင်းကလည်း သစ္စာ မ ရှိ ။ ကိုယ့်ဖို့ သာ ကိုယ် ကြည့်သည့် မ သမာမှု ကလည်း အကြောင်း ခံ နေသည် ။


ဤတွင် ထုတ်လုပ်သူ များ ကလည်း ( ၃ ) မျိုး ( ၃ ) စားလောက် ကွဲပြားစွာ ရှိ နေကြသည် ။ ( တစ် ) ကိုယ်တိုင် က အနုပညာသည် သရုပ်ဆောင် အဖြစ် ပါဝင်သည် ။ ဒါရိုက်တာ လည်း လုပ် တတ်ပြီး ဇာတ်ညွှန်း ပါ ရေးပြီး ကိုယ်တိုင် ထုတ်လုပ်သော ပိုင်ရှင် များ ( နှစ် ) ကိုယ်တိုင် သရုပ်ဆောင် ၍ ဝတ္ထု ဇာတ်ညွှန်း ရေးသော်လည်း ဒါရိုက်တာ မလုပ် တတ်သည့် ထုတ်လုပ်ရေးပိုင်ရှင်များ ( သုံး ) အနုပညာ သည် လည်း မဟုတ် ၊ ဝါသနာ လည်း မပါ ၊ ဒါရိုက်ဘဝ ၊ ဇာတ်ညွှန်း ဝတ္ထု ဘာတစ်ခုမျှ မလုပ် တတ်ဘဲ ငွေထုပ် ပိုက်၍ ရိုက်ကူး ထုတ်လုပ်နေသူများ နှင့် တစ်ဆင့် ငှား ၍ တစ်ဆင့် ထုတ်လုပ်သူများ ။


ဤ ( သုံး ) အချက် ပါ လူစားများ သည် ရုပ်ရှင်လောက ကို ဒုက္ခ အပေး ဆုံး ကမောက်ကမ အလုပ်ဆုံး အတန်းအစား ဖြစ် နေချေသည် ။ စောစော က ရေး ခဲ့သော ( စူပါစတား ) များကို ငွေ ပိုပေး အကြိုက်

ကျွေးပြီး သူတို့ အခွင့်အရေး ပို ရအောင် ဖန်တီးရာတွင် အနုပညာ စိတ် လည်း မရှိ ၊ စာနာ ထောက်ထား ရမည့် ဝတ္တရား လည်း နတ္ထိ ၊ ဖို့ တစ်ဖို့ တည်း သာ ထား၍ “ ငွေ ” တစ်ခုတည်း သာ သိ သူများ ဖြစ် ကြချေသည်  ။ သူတို့ ငွေရှင် ထုတ်လုပ်ရေးသမား တို့ လည်း အလွန် ညစ်ပတ် ကြသည် ။ နောင် အလျဉ်း သင့် မှ ဖော်ပြရပေဦး မည် ။


စီးပွားရေးသမား သက်သက် ထုတ်လုပ်သူ တို့ က ငွေ နှင့် မျှား၍ ကြိုက်စာ ကျွေး ၍ သူတို့ လိုရာ ဆွဲသည် ကို အနုပညာသည် အမည် ခံ သရုပ်ဆောင် တို့ က တကောက်ကောက် ပါနေသင့် သလော ။ ငွေ အင်အား နည်းသော အနုပညာရှင် ထုတ်လုပ်သူ တို့ ကို မျက်နှာ မ ထောက်သင့်သလော ဆိုသည့် အချက်များ ကို စဉ်းစားချိန် တန်နေချေပြီ ။  


မည်သည့် နည်း နှင့် တွက်သည် ဖြစ်စေ ၊ မည်သည့် အကြောင်းကြော င့် ဖြစ်စေ ( မျက်နှာ လိုက်သည် ) ဟူ၍ အဓိပ္ပာယ် ပေါက်လာလျှင် လုံးဝ မကောင်း ။ အပေါ် စီး ရဆဲ ထင်ရာ စိုင်း နေလျှင် တစ်နေ့ အကျ နာမည် ။ 

မှတ်မိနေသေး၏ ။


သာဓု ( ကကြီး ရေ က ) ရိုက်စ အချိန် က ထိတ်ထိတ်ကြဲ မင်းသား မင်းသမီး တို့ အတွဲ တစ်တွဲ မိုးမမြင် လေမမြင် တစ်စခန်း ထ လိုက်ကြ သေးသည် ။ ဥပမာ - ထို အတွဲ သည် မင်းသား မောင်မောင် နှင့် မင်းသမီး မိမိ ဖြစ်သည် ထား .. ။ ရုပ်ရှင် ရိုက်လို သူ က မောင်မောင် ကို မင်းသား သွား ငှား လျှင် မိမိ နှင့် မှ ရိုက်မည် ဟု တင်းခံ လျက် မိမိ က လည်း မောင်မောင် နှင့် သာ တွဲ လို သည် ။ သို့မဟုတ် က မရိုက်နိုင် ဟု ဈေး ကိုင် လေတော့ သည် ။  


တစ်ဖန် အခြားသော အတွဲ တစ်တွဲ က ပို၍ တင်းသည် ။ လူရွှင်တော် မည်သူတွေ ပါရမည် ။ မည်သည့် စက် အဖွဲ့ ငှားရမည် ။ မည်သည့် ဒါရိုက်တာ နှင့် မှ ရိုက်မည် စသည် ဖြ င့် ယင်းတို့ ချင်း ညှိ ထားပြီး လာ ငှား သူ ကို အကျပ် ကိုင် တတ်ကြသည် ။ 


သူတို့ အကြိုက် လိုက်ပြီး အ လျှော့ပေး ငှားရမ်းသည် ဆိုပါစို့ ။ ထို့နောက်တွင် လည်း ပြဿနာ က တအိအိ တက်ပြန်သေးသည် ။  


ထုတ်လုပ်သူ က ကား နှင့် သွား ကြို သည် ကို မလိုက်ပဲ သူ့ ကား နှင့် သူ လာမည် ဟု ဆိုကာ ဓာတ်ဆီဖိုး

တောင်း၏ ။ 


ငါး ၊ ကြက် ၊ ဝက် ၊ ဆိတ်ကလီစာ ၊ ပုစွန် ၊ ချဉ်ဟင်း စသည် ဖြင့် အလျှံပယ် ချက်သော ( ရူတင် ) ထမင်း ကို မစားလို ၊ အိမ် က ယူလာမည် ဆို ကာ ထမင်းဖိုး တောင်းသည် ။


အဆိုးဆုံးကား ကား နှင့် လိုက်ပို့ သူ ၊ ရွှေမင်းသမီး ၏ အဖေ ၊ ဦးလေး ၊ အစ်ကို သို့မဟုတ် လင် ဖြစ်သူ အတွက် အရက် ( ၂ ) ပုလင်း စသည် ဖြင့် တောင်း ပြန်သေး၏ ။


တရား လွန်လွန်းသည် ဆိုသော စကား ထက် ဆယ်ဆ လောက် ကဲလှချေသည် ။ မင်းသား များ လည်း ထို နည်းလည်းကောင်း ၊ အပို ကလေး တွေ ဆောင်း ပေးကြရသည် ။ 


ထိုထို အတွဲတွေ ကား ယခု ပျောက် သွားချေပြီ ။ အနိစ္စ ရောက်သူလည်း ရောက် ကုန်ကြပြီ ။ တရား ကျသူ လည်း ကျ ကုန်ကြပြီ ။ တစ်ကြိမ် က ကော့ နေအောင် ထောင် ခဲ့သော သူတို့ လက်မများ ကို ပြန် ကြည့်မိကောင်း မှ ကြည့်မိ ကြလေမည်လော မပြော တတ် ။


     •••••   •••••   •••••   •••••


တစ်ကြိမ်သော အခါက ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်ရေး မှ ဇာတ်ကား ၂ ကား ရိုက်ရန်အတွက် သာဓု စက်အဖွဲ့ ကို ငှား ပြီး ငွေ ၆၀၀၀ ကျပ် စရန် ပေး၏ ။ 


ပထမ တစ်ကား ကို နယ်တွင် အပြီးအပြတ် ပေးပြီး ဒုတိယ ကား အ လှည့်သို့ ရောက်သော အခါ ထိပ်တန်း ရုပ်ရှင်ထုတ်လုပ်သူ သည် သာဓု ထံ အပြေးအလွှား ရောက် လာပြီး ..


“ ဆရာ ပြဿနာတော့ ပေါ်ပြီဗျာ ၊ အကြောင်း က တော့ ဆိုင်ရာ ဌာန မှာ ဖလင် ပြတ်သွားပြီ ။ အဲဒါ သည့် ပြင် ဌာနတစ်ခု မှာ တော့ ဖလင် ရှိတယ် ။ သူတို့ စက် ကို ငှား ရိုက်ရင်တော့ ဖလင် ရောင်းမယ်တဲ့ ”


“ အဲဒီတော့ ဆရာ့ စက် နဲ့ မရိုက်တော့  ဘဲ သူ တို့ စက် ကို ပြောင်းရိုက် ချင်တယ် ဆိုပါတော့ ”


“ အဲဒါ ပြောချင်လို့ လာ တိုင်ပင်တာ ပါ ဆရာ ၊ ဖလင် စောင့်နေရင် ကြာမှာ မို့ ဟိုဌာန က စက်နဲ့ ပဲ ”


“ ရိုက်ပါ ။ ရပါတယ် ၊ အဆင်ပြေ သလိုလုပ်ပေါ့ ... ”


“ ကျေးဇူးပါပဲ ဆရာ ၊ ဆရာ့ ကို ပေး ထားတဲ့ စရန်ငွေ ၃၀၀၀ ကျပ် လဲ ကျွန်တော် ပြန် မတောင်း တော့ပါ ဘူး ”


“ မဟုတ်တာဘဲ ၊ အမှန် ကတော့ အလုပ် သဘော မှာ တစ်ဖက်က ပျက်ကွက် ရင် စရန် ဆုံးတယ် မဟုတ် လား ။ ဒါပေမဲ့ ဆရာ ဒီလို မလုပ်တတ် ဘူး ။ အဲ စရန် သတ်သတ်မှတ်မှတ် ထား ။ နောက် ရိုက် ချင်တဲ့ ကား ရိုက်ပြီး နှိမ် ပေးပေါ့ ”


သူ ဝမ်းသာအားရ ထ ပြန်သွား သည် ။ အလုပ် မလုပ်ဘဲ အချောင် ရသော ငွေ သည် တန်ဖိုး မရှိ ။ 


“ ကတ္တီပါ ဖိနပ်စီး ရွှေထီး ဆောင်း ” ဇာတ်ကား ဖြင့် မောင်ဝဏ္ဏ အကယ်ဒမီ ရ ပြီးသောအခါ သူ့ ကို အခြား ထုတ်လုပ်ရေးများ က ဒါရိုက်တာ ငှား လိုကြောင်း စကား ကမ်းလှမ်း ကြသည် တွင် ... 


“ ဟေ့ .... သား... ၊ သား ကို ဒါရိုက်တာ ငှားကြတယ် နော် ၊ အေး ... မင်း ဆန္ဒ နဲ့ မင်း ရိုက်ချင် ရိုက် မ ရိုက်ချင်နေ ၊ တကယ်လို့ လက်ခံမယ် ဆိုရင်လဲ ဖေဖေ့ စက်အဖွဲ့ နဲ့ ရိုက်ပါ လို့ ပြောဖို့ ဆိုတာ ဖယ် ထား ၊ “ သာဓု စက်အဖွဲ့” ဆိုတဲ့ စကား ကို ယောင်လို့ တောင် စ မပြောနဲ့ ကြားလား ”


“ ဟုတ်ကဲ့ပါ ဖေဖေ ”


“ အေး သူတို့ က ဒါရိုက်တာ ကြိုက် လို့ ငှားရင် ဒါရိုက်တာ ပဲ လုပ် ၊ ကျွန်တော်တို့ စက် လဲ ငှားပါ လို့ ပြော မိရင် အဲဒါ အကျပ် ကိုင်ရာ ရောက် သွားလိမ့်မယ် ၊ အထူးသဖြင့် ညစ်ပတ်တဲ့ သဘောပေါ့ ကွာ ၊ အဲဒါ မ လုပ်ကောင်းဘူးကွ ”


သုမောင် မင်းသား ဖြစ်လာ သော အခါလည်း ဤအတိုင်း ပင် ကြိုတင် သတိပေး ထားရချေ၏ ။ 


“ ဟေ့ ... ဗလကြီး ၊ သား ကို မင်းသား ငှားရင် မင်းသားဈေး နဲ့ မင်းသား စကား ပဲ ပြော ၊ “ ဒါရိုက်တာ ဝဏ္ဏတို့ ” “ သာဓု စက်အဖွဲ့တို့ ” အရိပ်အယောင် တောင် မပါစေနဲ့  ၊ အဲ - သူတို့ စကား စ လာရင်လဲ ဖေဖေ နဲ့

ပြောပါ ၊ ကျွန်တော် မသိဘူးပေါ့ ။ ဟုတ်ပလား ”


ရှေ့ပိုင်းတွင် ဖော်ပြခဲ့သည့် ( မင်းသမီး ငှား လျှင် ဤ လူရွှင်တော် ပါ ငှား မှ ရိုက်ပေးနိုင်မည် ) ဆိုသော မူ ကို သာဓု သည် ဒါရိုက်တာ ပေါက်စ ဘဝ တည်း က အော့နှလုံး နာခဲ့သည် ဖြစ်၍ ထို အမူအကျင့် ကို ယခုလည်း အော့နှလုံး နာဆဲ ၊ နောင်လည်း ရွံမုန်း နေမည် သာ ဖြစ်၏ ။


ရေး ရင်းကပင် အဘယ်ပုံ ခြေရာ ပျောက်၍ သုမောင် ဝဏ္ဏ တို့ ဆီ ရောက်သွားသည် မသိ ။ ရှေ့ပိုင်း

စာမျက်နှာများ တွင် သုံးလေးငါး သောင်း စူပါစတားများ အကြောင်း နှင့် စပ်လျဉ်း၍ ရေးချင်သည် များ ကျန်ခဲ့သည် ။ သူတို့ ( စူပါများ ) ငွေလည်း ထိပ်တန်းဈေး လက်ငင်း အကြေ ရ ကြသည်  ။ အပိုဆောင်း ပေးသော ဖွယ်ဖွယ်ရာရာ တို့ လည်း ရ ကြသည်  ။ စားသောက်ရာ ၌ပင် ... 


“ ဟဲ ... ဟဲ ... မင်းသား က ကြက်သားနှပ် ၊ ပုစွန်တုပ်ဆီပြန် ကြိုက်ရဲ့ လား ၊ မေး ... မေး ... ၊ စား ချင်တာ သွားဝယ်ပေး ... ”


အိမ်း ... နိုင်ငံ မကျော် သေးသော အင်အားနည်း မျက်နှာငယ် မင်းသား တို့ မှာ မူ ၁၅၀၀၀ ကျပ် လောက် နှင့် ရိုက်ရသည့် တိုင် ...  


“ ၅၀၀၀ ကျပ် ယူထားပါဦးနော် ၊ ကား တစ်ဝက် ပြီးရင် ၅၀၀၀ ကျပ် ၊ ထပ် ပေးပါ့မယ် ။ ဇာတ်သိမ်းခန်း ပြီး တာ နဲ့ အကြေ ပေါ့ ။ ပေးပါ့မယ် ”


စသည် ဖြင့် သုံးရစ် ခွဲပေးကြသည်  ။ စင်စစ် ပေးသည် မှာ ကတိ သာ ဖြစ်လျက် ၊ ထို အကြောင်း ပြ ဤ အကြောင်း ပြ ဖြင့် ဇာတ်ကား ထုပ် သာ လက် ပြောင်းသွားသည်  ။ မည်သူ့ ထံ တောင်းရမည် မသိဘဲ အဆုံး ခံလိုက် ရသူ သရုပ်ဆောင် အတော်များများ ရှိကြသည် ။


အဆိုးဆုံးကား အနုပညာသည် ချင်း ထိပ်ကွက်ခြင်း ဖြစ်လေသည် ။ သရုပ်ဆောင် သို့မဟုတ် ဒါရိုက်တာ ဇာတ်ညွှန်းရေးသူ ၊ ဆိုကြပါစို့ ရုပ်ရှင်ပညာသည် တစ်ဦးဦး ...


“ ပိုက်ဆံ ရှိလို့ မဟုတ်ပါဘူး ၊ အနုပညာ ဝါသနာကြောင့် ကိုယ်ပိုင် ထ ရိုက်တာပါ ။ အနုပညာ သည် ချင်း ပါနော် ။ ကူညီကြပါ ။ ရုံတင် ပြီးတာနဲ့ သူများ နည်းတူ ပေးပါ့မယ် ”


ဤလိုဖြင့် ဒါရိုက်တာတို့  ၊ လူရွှင်တော်တို့  ၊ မင်းသားမင်းသမီး တို့  ၊ ကင်မရာမင်း တို့ ရုပ်ရှင် ထ ရိုက် ကြသည် ။ အထက်မြန်မာပြည် အတွက် ရောင်း ၊ အောက်မြန်မာပြည် အတွက် ရောင်း ထိုရောင်း ဤ

ရောင်းငွေ ဖြင့် ထရိုက် ၊ ရုံ တင်ပြီး သောအခါ ( ငွေ ရှိလို့ မဟုတ်ပါဘူး နော် ၊ အနုပညာ ဝါသနာကြောင့် ပါ ) ဟူသော သေခြင်းဆိုး ပညာရှင် သာ ပွ သွားသည်  ။ သရုပ်ဆောင်သူ တို့ တစ်ပြား မှ မရ လိုက်ကြ ။ 


အချို့ သာဓု ကို လာ တိုင် ကြသည်  ။ သာဓု က ... ( ကဲ ...တရားစွဲ ၊ ငါ သိတာတွေ သက်သေ လိုက်မယ် ) ဟု အကြံ ပေးသောအခါ ...  


“ ဪ .. ဆရာရယ် ၊ အနုပညာ သည် ချင်း ဖြစ်နေတော့ တရားစွဲ လား ။ ဘာလားလဲ မလုပ်ချင်ဘူး ... ”


“ အေး .. နင်တို့ က အနုပညာသည် ချင်း ဆိုပြီး သွားတယ် ၊ သူ ကကော .. ဒီ အနုပညာစိတ် ရှိလို့ မျက်နှာပြောင် တိုက်ပြီး သားမယား နဲ့ စား ပစ်တာလား ... ”


     •••••   •••••   •••••   •••••


သာဓု  ...ဘာ ဆက်ရေးရမည် မသိ ။ မိုး ဆက်၍ သည်းခဲ့ရာမှ ရုတ်တရက် ... နေ က ဆက်၍ ပူ လာသောအခါ နေရ ထိုင်ရ သည် မှာ တစ်မျိုးကြီး ။


အိုက်စပ်စပ် ထုံတုံတုံ လှသဖြင့် မြို့ထဲ သို့ ထွက်ခဲ့သည် ။ သာဓု အကြိုက် စားနေကျ ... တို့ ဟူးသုပ် စားမည် ဟု ပပဝင်းရုံ နှင့် ဂုဏ်ရုံ အကြား ညောင်မုတ်ဆိတ်ပင် အောက် လျှောက် လာသော အခါ မည်သည့် စားသောက်ဆိုင်မျှ မရှိ ။ သို့ နှင့် ဆက် လျှောက် သွားပြီး အနော်ရ ထာ နှင့် မောင်ထော်လေးလမ်း ထော င့်ရှိ စွပ်ပြုတ် သောက်မည် ကြံသော အခါလည်း ခပ်လှမ်းလှမ်း မှ ပင် မြင် နေရသည် ။ ထို တစ်လျှောက်လုံး လမ်းဘေး ဆိုင်များ မရှိ ။


သို့ ... ၃၂ လမ်း ထိပ် တွင် ရပ် တွေး နေခိုက် လူ တစ်ယောက် သာ ရှေ့ လာ ရပ်သည် ။ 


“ ဆရာ ”


“ သြ ... ဟေ့ .. ခု .. မင်း ဘယ် ရောက်နေလဲ ”


သူ သည် မြေလတ်ပိုင်း မြို့တစ်မြို့ ၌ ရွှေဆိုင် ဖွင့်ထားသော တိုင်းရင်းသားတရုတ်ကပြား ကလေး တင်မောင်ဝင်း ။ သူ တစ်ကြိမ် က ငွေတစ်သိန်းခွဲ ပိုက်ပြီး သာဓု ထံ လာကာ ရုပ်ရှင် ဇာတ်ကား တစ်ကား ရိုက်ပေးရန် ပူဆာ ဖူးသည်  ။ သူ ကိုယ်တိုင် လည်း တွဲဖက်မင်းသား လုပ်ချင်သည် ဆို၏ ။ သာဓု က လက်မခံ ။ သူ့ ရုပ်ရည် မှာ တွဲဖက်မင်းသား မဆို ထားဘိ ။ သာဓု အနေ ဖြင့် ( နောက်ပိုး ရူး ) နေရာ ပင် မပေးချင်သော အင်္ဂါရုပ် ။


သာဓု မောင်း ထုတ်လိုက်သည်  ။ အခြားတွင် သွား မလုပ်ရန် လည်း သတိ ပေး လိုက်သေးသည် ။   


“ အေးကွာ ... အဲဒီ ငွေတွေ ရုပ်ရှင် ရိုက်မယ့် အစား ဘိုးဘွားရိပ်သာ လှူ လိုက်ရင် မင်းတို့ ငါတို့ အို သွားတဲ့ အခါ သွား စားဖို့ ကျန်ချင် ကျန်မယ် ၊ ရုပ်ရှင် သာ လုပ် ရင်တော့ တစ်နှစ် အတွင်း ပြောင ်သွား လိမ့်မယ်ကွ ”


ထို့နောက် ပျောက်သွားသည် မှာ ၄ - ၅ - ၆ နှစ် ခန့်ကြာပြီ ဖြစ်ချိမ့်မည် ။


“ မဆိုးပါဘူး ဆရာ ... ”


သာဓု ပို၍ ဆာ လာပြီ ဖြစ် သောကြောင့် နီးရာ လက်ဖက်ရည်ဆိုင် ဝင် ထိုင်ပြီး စကား ဆက်ကြသည် မှာ ...


“ ဆရာ ဆဲ ချင်လဲ ဆဲ ပါတော့ ဆရာ ၊ ဝါသနာ ကို မစွန့်နိုင်တာ နဲ့ ရုပ်ရှင် ဇာတ်လမ်း ၊ တစ်ခု ဝယ်ပြီး တင် လိုက် တာ ကျ လာတယ် ”


“ အဲ ”


“ ဟုတ်ကဲ့ ၊ ဆရာ့ ဆီ လာရင် ဖျက် မယ် ဆိုတာ သိလို့ ... ”


“ ဒါကြောင့် မတိုင်ပင်တာ ဆိုပါတော့ ၊ အေးလေ ရွှေဈေး က ကောင်း နေတာပဲ ၊ ငွေယား ကလေး ရှိနေ လုပ် ပေါ့ ”


“ ဒါပေမဲ့ ဆရာ ရယ် ”


“ ဟော .. မင်း လေသံ က အလုပ် မ လုပ်ရသေးဘူး ။ ပြဿနာ က ပေါ်နေ ပြီလား ”


“ ကျွန်တော် ပြောပြချင် လွန်းလို့ ဆရာ့ အိမ် ရောက်ခဲ့ပါသေးတယ် ၊ ဆရာ ပြော သွားတယ်တဲ့  ၊ ဂုဏ်ရုံ ရှေ့မှာ တိုဟူး စားမယ် ၊ ဒါမှ မဟုတ် မောင်ထော်လေး လမ်း ထိပ် မှာ အမဲသား စွပ်ပြုတ် သောက်မယ် ၊ ပြီးရင် ချယ်ရီ တိုက် သွားမယ် ဆိုလို့ ကျွန်တော် လိုက် လာတာပါ ဆရာ ”


“ ကဲ .. တွေ့ပြီ ဘာ ပြောမလဲ ၊ အဆင် မပြေတာက စပြောကွာ ”


သူ ရွံ့ရယ် ရယ် ၍ ...


“ ဟုတ်ကဲ့ .. ဆရာ ၊ ကျွန်တော် အင်္ဂလိပ်ဝတ္ထု တစ်ပုဒ် ငယ်ငယ်က ဖတ်ဖူးတာ သိပ်ကြိုက် တာနဲ့ ရုပ်ရှင်ဇာတ်ညွှန်းရေး ဆရာ တစ်ယောက် ကို ဇာတ်ညွှန်း ရေးခိုင်းပြီး တင် လိုက်တာ ခု ရိုက်ခွင့် ရပြီ ဆရာ ”


“ မင်း ကော တွဲဖက်မင်းသား ပဲ လား ”


ရှက်ပြုံး ပြုံး၍ ... 


“ နည်းနည်းပါးပါး ပါ ဆရာ ။ အဓိကတော့ ... သူ ပါ ”


စူပါစတား တစ်ယောက် အမည် ကို ပြောသည် ။ နောက် ဇာတ်လမ်း အကျဉ်း ပြောပြသည် ။ ဇာတ် က အတော်ကလေး ကောင်းသည် ။ သူ ရွေးသော စူပါစတား နှင့် သာ အံကိုက်သော ဇာတ် ဖြစ်၏ ။ 


“ အေးလေ ၊ မင်း လက်လွန် နေပြီး မှ တော့ ဆက် လုပ်ပေါ့ ။ နို့ နေပါဦး ၊ ခုန မင်း ညည်းသလိုလို ပြောတာ ဘာကြောင့် တုံး ”


“ ဆရာ ပြောသလို ပြဿနာ ပေါ်ပြီ လေ ”


“ အဲ ... ငါ အရင် ကတည်း က သတိ ပေးတယ် မဟုတ်လား ”


“ ဟုတ်ပါတယ် ။ ခုဟာက သည့် ပြင်မျိုး ပြဿနာ ဆရာ ရဲ့ ”


“ ရှေ့ဆက်စမ်း ”


“ အဲဒီ အဓိကသရုပ်ဆောင် ငှားဖို့ စကား ပြောတော့ မင်းသား က သူ့ စက် နဲ့ ရိုက် မှ လက်ခံမယ် ။ ပြီးတော့ ဇာတ်လမ်း မှတ်တမ်းတင် တာတို့ လူကြမ်း အဖွဲ့တို့ ကို လဲ သူ့ လူတွေပဲ သုံးရမယ် ဆိုလို့ ကျွန်တော့် ဇာတ်က လဲ သူ နဲ့ မှ အံဝင် မှာ မို့ ၊ ပြီး ... သူ့ ပရိသတ် ကိုလဲ အားကိုး တယ်လေ ”


“ ဒါဖြင့်လဲ လိုက်လျော လိုက်ပေါ့ ကွ ၊ ဒါ ဘာခက်လို့ တုံး ”


“ အဲဒါ ဆရာရယ် ၊ ငွေလဲ အကြေ ပေး ငှား ပြီးပြီ ။ အလှည့် မကျသေးလို့ စောင့် နေခဲ့ရတာလဲ ၂ နှစ် ကျော်ပြီ ၊ ရိုက်ဖို့ အချိန် ကပ်လာတော့ တစ်မျိုး ဖြစ်ပြန်ပြီ ဆရာရယ် ”


“ မင်းကွာ ငါ့ကို လိုက်ရှာပြီး သက်သက် စိတ်ညစ်စရာတွေ ပြော နေတာကိုး ၊ ကဲ တိုတို ပြော စမ်းကွာ ၊ ငါ လဲ အိမ်ပြန်ပြီး စာ ရေးဦးမယ် ကွ ”


“ ချယ်ရီ က အနုဝင်္ကပါလား ဆရာ ”


“ အို ... မင့် ကိစ္စ ပြောစမ်းပါ ”


“ ဟုတ်ကဲ့ ဆရာ ၊ ခု ဖြစ်လာတာ က စက်ရော ၊ လူကြမ်းရော ၊ ဘာရော သူ့ စက် သူ့ လူတွေ ငှားရရုံ မကဘူး ၊ ခုတော့ တစ်မျိုး ဖြစ်ပြန်ပြီ ဆိုတာက တခြား မဟုတ်ပါဘူး ၊ ဒီ ဇာတ်ကား ဒါရိုက်တာ လုပ်မယ့် လူ ကို အားမရ ဘူး တဲ့  ၊ သူ ဦးဆောင်မယ် တဲ့  ၊ ကား ဆက် တာလဲ သူ့ ကိုပဲ အပ် ရမယ်တဲ့  ”


ထိုအချက် ကို သာဓု ကွက်ခနဲ သဘော ပေါက်လိုက်သည် ။


“ သူ ဦးဆောင် ရိုက်မယ် ဆို ကတည်း က ကားဆက် တဲ့ ကိစ္စ ပါ သူ ကိုင် မှာ ပေါ့ ။ ဘာဖြစ်ဖြစ်လေ သူ ကိုယ်တိုင် ရိုက် ရင် မင့် ဒါရိုက်တာ ထက်တော့ ပို ကောင်းနိုင်တယ် ။ သူ့ ရှိရင်း စွဲ အနုပညာ စိတ်ဓာတ် ခံက မ

ဆိုးဘူးကွ ၊ လောဘ နဲ့ မာန က ဖျက် နေတာ ၊ သဘော တူ လိုက်ပေါ့ကွာ ”


“ ပြီး ... နောက်ခံ တေး တို့  ၊ သီချင်း တို့ ပါ သူ လုပ်မယ် ဆိုရင်ကော ဆရာ ”


“ သဘော တူလိုက်ပေါ့ ကွာ ”


“ ဒုတိယမင်းသား အဖြစ် နဲ့ ကျွန်တော် ပါမှာ လဲ သိပ် မကြည်ဘူး ၊ ညီအစ်ကို အစား သူငယ်ချင်း နေရာ က ထား မယ်တဲ့ ”


“ ကောင်းသားပဲ ”


“ နောက်ပိုင်းမှာ ပန်းချီဒီဇိုင်း တို့ ၊ ရုပ်ရှင်ကြော်ငြာ ပိုစတာ တို့ ပါ သူ့ အပ် ရမယ် ဖြစ်လာမလား မသိဘူး ”


“ မင်း တာဝန် အေးတာပေါ့ ”


“ ဟာ ... ဆရာ တော်ကြာ ဇာတ်ကား ပြီးလို့ ငှား တာတောင် သူ့ ဆီ က တစ်ဆင့် ငှားရမယ် ပြောလာ ရင်ကော ဆရာ ”


“ ဟ ... အဲဒါလဲ မဆိုးဘူးပေါ့ ”


“ အင်း ... ဒါဖြင့် ကျွန်တော် အားလုံး လိုက်လျောရ မလို ဖြစ် နေပြီ ။ အဲ သလို ဆို ကား ရိုက်တဲ့ အခါ ( ရူတင် ) ထမင်းဟင်းကျွေး တာပါ သူ့ လူ နဲ့ ချက်မယ် ။ ထမင်းတစ်ပွဲ ၆ ကျပ် ၊ ၇ ကျပ် နှုန်း တောင်း ရင် ... ”


“ ဒီ အထိတော့ လုပ်မယ် မထင်ပါ ဘူးကွာ ၊ အေး ၊ ခု နပြောတဲ့ အချက်တွေ အတွက် မြန်မြန် ခေါင်း ညိတ် လိုက် ၊ ဒါမှ မင်း ကား မြန်မြန် ပြီး မယ် ။ ရူတင်ကား ပါ သူ့ ဆီ က ငှားရ မယ် ဆိုလဲ ငှား လိုက် ကွာ ”


ရုပ်ရှင်ရူး တင်မောင်ဝင်း ကြက်သေ အသေသား တွေ သွားရာမှ တစ်စုံတစ်ရာ ပြောမည်ဟု ပါးစပ် အပြင် ... 


“ အေး ၊ ကုန်ကျစရိတ်တို့ ဘာတို့ သေသေချာချာ စာရင်း လုပ် ၊ ( ယနေ့ ကားရိုက် ကုန်ငွေ ၁၉၀၀ ကျပ် ) ဆို တာမျိုး မကောင်းဘူး ၊ ဘာ ဘယ်လောက် ဆိုတာ မှတ် ၊ တစ်ကျပ် က စ မှတ် ၊ ပြီးတော့ သရုပ်ဆောင်တွေ ၊ စက်သမားတွေ ဘယ်သူ ဘယ်လောက် ပေးပေး လက်မှတ် ထိုး ခိုင်း ၊ တစ်ဆယ် က အစပေါ့ကွာ ”


“ အဲဒီ အထိ လုပ်လို့ ကောင်းပါ့မ လား ဆရာ ”


“  ဒါတော့ မင်း သဘောလေ ၊ ငွေ ရယူပြီး တစ်ခုခု မပြေလည် တဲ့ အခါ သရုပ်ဆောင်ခ မရသေးပါဘူး ဆိုပြီး ဟိုတိုင်ဒီတိုင် လုပ်တာ တွေ့ဖူးလို့ ပြောတာ ကွ ”


“ ဪ ... ဟုတ်ကဲ့ပါ ဆရာ ၊ ကျေးဇူး ”


“ ဒါထားဦး ၊ မင်း ပြောတဲ့ အတိုင်း ဆိုရင် ဟိုပေး ဒီပေး နဲ့ ဖလင် တစ်ပေ မှ မရိုက်ရသေးဘူး ၊ ငွေ တစ်သိန်း ကျော် ကုန် နေပြီပေါ့ ”


“ ဟုတ်ပါတယ် ဆရာ ”


“ ဟိုးတစ်ခါ ဆရာ့ ဆီ လာ တုန်းက ပြောတာ မှတ်မိသေးလား ... ”


“ မမေ့ပါဘူး ဆရာ ၊ ရှုံး ချင် ရှုံး ၊ ဖြစ် ချင်ရာ ဖြစ် ဆိုရင် လုပ်လို့ ဆရာ ပြော တာ ”


“ ဟုတ်ပြီ မင်း အဲဒီ အတိုင်း စိတ် ထဲ မှာ ပိုင်းဖြတ် လိုက်တော့ ... ”


“ စိတ်ချပါဆရာ ၊ ဟိုတစ်ခါ က ကျွန်တော် ပြောခဲ့ ဖူးပါတယ် ၊ ပိတ် ကား ပေါ် မှာ ကျွန်တော့် မျက်နှာ ပါရင် တော်ပါပြီ လို့  ၊ ဟဲ .. ခု ဒီလို မဟုတ်တော့ပါဘူး ဆရာ ၊ ဆရာ ပြောသလို အနုပညာ ဝါသနာရှင် အဖြစ်နဲ့ ကျရာ နေရာက ကြိုးစားပါ့မယ် ... ”


“ အဲ ... မင်း က အနုပညာ ကို ငွေ ထက် တန်ဖိုး ထားတယ် ။ မြတ်နိုး တယ် ၊ ငွေနှစ်သိန်း ၊ သုံးသိန်း ရှုံးချင် ရှုံးပစေ ဆိုတဲ့ စိတ် နဲ့ ဟုတ်ကဲ့လား ”


“ ဒီအတိုင်းပါပဲ ဆရာ ... ”


“ အေးကွာ ၊ အောင်မြင်ပါစေ လို့  ၊ အင်း ကျော်ကြားလာတဲ့ အခါ သာ အနုပညာ ကို မင့် ရွှေဆိုင် လို သဘော ထားပြီး ရောင်းကုန် မလုပ်မိ စေနဲ့ ... ”


“ တစ်သက်လုံး အတွက် ကတိ ပေး ပါတယ် ဆရာ ”


“ ကောင်းပါလေ့ကွာ ၊ အောင်မြင် ကျော်ကြားတဲ့ အနုပညာရှင် တစ်ဦး တစ်ယောက် အမြတ်ကြီးစား အရင်း ရှင် စိတ် ပေါက် လာရင် သိပ် ကြောက် စရာ ကောင်းတယ် ၊ ဘယ် အနုပညာ ရှင် ဖြစ်ဖြစ်ပေါ့ ကွာ ”


( ၂၃ - ၈ - ၈၅ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      အောက်တိုဘာ ၊ ၁၉၈၅ 

      

📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment