❝ ပျိုမေရှင် စိတ်အလို မလိုက်ခဲ့ပါ ❞
[ ရုပ်ရှင်အနုပညာ အလုပ် ကို နေ့မြင် ညပျောက် ဟု ပြော ကြသည် ။ မနေ့ က လျှမ်းလျှမ်းတောက် အောင်မြင် ကျော်ကြားခဲ့ ပေမယ့် သည် ကနေ့ ပရိသတ် မျက်စိ ရှေ့ မှာ မရှိတော့ လျှင် ပရိသတ် က လွယ်လွယ်ပဲ မေ့ပျောက် သွား တတ်သည် ။
ရုပ်ရှင်မင်းသမီး ဝဏ္ဏကျော်ထင် ( ဒေါ် ) မေရှင် အသက် ၈၈ နှစ် ရှိ သွားပြီ ။ သူ့ အသက် ၄၄ နှစ် ကတည်း က ရုပ်ရှင်လုပ်ငန်း ကို ရပ်တန့် လိုက်ပြီး ဝိပဿနာတရား အလုပ် ကို ကူးပြောင်း ပြီး လုပ် သွားသည် ။ အနုပညာ ဖန်တီးမှု ကို နှစ်ပေါင်း လေးဆယ် ကျော် မလုပ်တော့ ပေမယ့် လည်း လူတွေ က သူ့ ကို မေ့ မသွားကြ ။ ယနေ့ အထိ သူ့ ကို လူတွေ က ချစ်မြတ်နိုး နေကြ ဆဲ ။ တက္ကသိုလ် ( ဦး ) တင်မောင်ထွေး က ကန်တော့ သည့် ငွေငါးသောင်း ကို အရီးတောင်း ဦးကျော်သိန်း ၊ စာရေးဆရာ ကိုရိုးကွန့် တို့ နှင့် အတူ ကိုယ်စား ကန်တော့ ဖို့ ( ဒေါ် ) မေရှင့် အိမ် သို့ ကျွန်တော် ရောက်သည် ။ ( ဒေါ် ) မေရှင် က ရှေးဟောင်း နှောင်းဖြစ် တွေ ပြောပြသည် ။ ]
•••• ••••• •••••
အမေ က နိုင်တင်းစိတ် ( စ ) တင်း ( ၁၉၁၆ ) မှာ မွေးတာ ။ အဖေ နဲ့ အမေ က ရှေး အဘိုးကြီး အဘွားကြီး တွေ ။ ကုန်သည် လုပ်တယ် ။ အဲဒီ ခေတ် က မိန်းကလေး ဝတ္တု မဖတ်ရဘူး ဆိုတဲ့ ခေတ် ၊ ဒါကို အမေ က ဘိုင်စကုတ်မင်းသမီး လုပ် ချင်တယ် ဆိုတော့ အိမ် က ဘာ မဟုတ်တဲ့ အကြံ ကြံ ရတာလဲ ဆိုပြီး တံမြက်စီးရိုး နဲ့ ရိုက်တာပေါ့ ။
မန္တလေး မှာ နေတဲ့ အမေ က ရန်ကုန် မှာ ရှိတဲ့ အေ၀မ်းရုပ်ရှင် ကို မင်းသမီး လျှောက်တာ အရွေး ခံ ရတယ် ။ အိမ် က မလုပ်ရဘူး ။ အမေ့ မိဘ က ကျောင်းဆရာမလေး လုပ်စေ ချင်တာ ။ အမေ က ဘိုင်စကုတ် မင်းသမီး ပဲ လုပ် ချင်တာ ။ ရှေး က မိန်းကလေး တစ်ယောက် မန္တလေး က ရန်ကုန် သွားဖို့ ဆိုတာ မလွယ်ဘူး ။ ခု ခေတ် သာ နိုင်ငံခြား ကိုလေယာဉ်ပျံ နဲ့ ကူသယ်ခေါက်သယ် သွား နေကြတာ ။ ဟိုက မလာ မလာ နဲ့ ကြာတော့ အေဝမ်း သူဌေးသမီးတွေ ကိုယ်တိုင် မန္တလေး လိုက် လာတယ် ။ ယောက်ျားတွေ က ယောက်ျား သပ်သပ် ၊ မိန်းမတွေ က မိန်းမ သပ်သပ် အလုပ် လုပ်ကြ တာပါ ။ စည်းကမ်း ရှိပါတယ် ။ ဘာမှ မဖြစ်စေရပါဘူး လို့ အာမခံပြီး လာ ခေါ်တာ ။ ကံတရား ပေါ့လေ ။ ဖြစ်ဖို့ရာ ပါ တော့ ၁၉ နှစ်သမီး မှာ စတယ် ။ ၂၁ နှစ် မှာ တစ်ဟုန်ထိုး အောင်မြင် ခဲ့တာပဲ ။ Top ဖြစ် သွားတယ် ။ မြားနတ်မောင် ဇာတ်ကား လေ ၊ First Talking ( ပထမဦးဆုံး အသံထွက် ) ကား ပေါ့ ။ အဲဒီ ကား က အရမ်း အောင်မြင် သွားတာ ။ ကံဇာတာ ပေါ့လေ ။
အမေ ရှစ်နှစ် ကိုးနှစ် သမီး တုန်း က လွယ်အိတ်ကလေး လွယ်ပြီး ကျောင်း သွားတာ ။ အခု အ. ထ. က ( ၁၆ ) လေ ၊ အဲဒီ ကျောင်း သွားတာ ။ ကောင်မလေး က ငယ်ငယ်ချောချောလေး သန့်သန့်ရှင်းရှင်း လေး ။ ယောင်ထုံးကြီး မှာ ပုဝါပတ် ထားတဲ့ ရှေး အဘိုးကြီး တစ်ယောက် က မြင်တော့ ကလေးမ ပြစမ်း နင့် လက္ခဏာ တဲ့ ။ လက် ကို ကြည့် ပြီး ငါ့ သမီး ကြီး လာရင် သီချင်း ဆိုမယ် ၊ ကမယ် ၊ စိန် တွေရွှေတွေ ပေါမယ် တဲ့ ။ အနုပညာ လက္ခဏာ ပါတယ် တဲ့ ။ နာမည် ကြီး လာတော့ သူ ပြောတာ ဟုတ်လိုက်တာ ဆိုပြီး မန္တလေး လာပြီး သူ့ ကိုကျေးဇူး ဆပ်ချင်လို့ လိုက် ရှာတာ ဆုံး ရှာပြီ ။
အမေ့ မှာ ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင် သွားတော့ အလုပ်တွေ က လည်း များတယ် ။ ဘိုင်စကုတ် ရိုက်ရမယ် ၊ ဓာတ်ပြား သွင်းရမယ် ၊ အသံ လွှင့်ရမယ် ၊ ရုံး သွားရမယ် ၊ ဘာလုပ်ရမယ် ဆိုပြီး အလုပ် နဲ့ လူ နဲ့ အချိန် နဲ့ လူ နဲ့ ပြည့် နေတာ ။
အသံလွှင့်ရုံ မှာ အမေ က Announcer ( အစီအစဉ် ကြေညာသူ ) လေ ။ တစ်နေ့ နှစ်ချိန် ဂျူတီ ဝင် ရတယ် ။ ညပိုင်း မှာ ဘိုင်စကုတ် ရိုက်တယ် ။ အသံ လွှင့် ရတာ က ဒါရိုက် လွှင့် ရတာ ၊ သီချင်း လည်း မိုက်ကရိုဖုန်း နဲ့ ဒါရိုက် ဆို ရတာ ။
ဘိုင်စကုတ် ရိုက်တော့မယ် ဆိုရင် မိန်းမ က အမေ တစ်ယောက် တည်း ။ ယောက်ျားတွေ က အများကြီး ၊ ငါးဆယ် လောက် ရှိတယ် ။ ဒီ Group ကြီး နဲ့ လုပ် ရတာ ၊ ပိုးတဲ့ ပန်းတဲ့ လူတွေ အများကြီး ။ အဲဒီ လူတွေ နဲ့ အနေ ကြာ တော့ ခင်မင်ပြီး နေ့တိုင်း မြင်တွေ့ နေရတော့ ရိုး နေပြီ ။ စိတ်ဆန်း မပေါ်တော့ဘူး လို့ ထင် တာပဲ ။ လူ့လောကကြီး ထဲ မှာ အမေ နဲ့ အဖေ က မွေးထုတ် လိုက်တာ စိတ် ဆန်းပြားတဲ့ သွေး ပါ မှာပေါ့ ။ ဒါပေမယ့် အလုပ် နဲ့ လူ နဲ့ဖြစ် နေတော့ ဟိုလည်း သွား မလည်အား ဒီလည်း သွား မလည်အားဘူး ။ ဘယ်သူနဲ့ ထိုင် ဘယ်သွား စကား ပြောမယ် ဆိုတာလည်း မရှိဘူး ၊ တွေး ကြည့်တော့ ကိုယ့် အလုပ် ထဲ မှာ ပဲ ကိုယ် ပျော်ရွှင် သာယာပြီး စိတ်ဆန်း မပေါ်တော့တာ ဖြစ်မယ် ။
အမေ ကံကောင်းတာ က လူဆိုး လူရမ်းကား အရက်သမား နဲ့ မတွေ့ခဲ့ရဘူး ။ ကိုယ် က ဘယ်လောက် ကောင်းကောင်း လူဆိုး လူရမ်းကား နဲ့ တွေ့ရင် အမေ က ဘာမို့ ခံနိုင်မှာလဲ ။ အမေ က ကံကောင်းတော့ စည်းကမ်း ရှိတဲ့ ကုမ္ပဏီ ကို ရောက် သွားတာ ။ ဟို ကုမ္ပဏီ ရောက် ဒီ ကုမ္ပဏီ ရောက် ၊ ဟို ဒါရိုက်တာ နဲ့ တွေ့ ဒီ မင်းသား နဲ့ တွေ့ ဆိုရင် မလွယ်ဘူး ( ပြုံးလျက် ) ၊ အမေ ပြောတာ နားလည်တယ် နော် ။ အမေ အနေအထိုင် တည်တဲ့ အပေါ် မှာ လည်း တည်မှာပေါ့လေ ။ အမေ အလုပ် ကြိုးစားတယ် ၊ အကျင့် စာရိတ္တကောင်းတယ် ။
ဘိုင်စကုတ် တစ်ကား ရိုက်ရင် ငွေ နှစ်သောင်း ရတယ် ။ ပိုက်ဆံ ရတယ် ၊ ပေါ်တာ ဆန်းတာတွေ ဝယ်ဝတ်မယ် ၊ သွားလာ လည်ပတ်လိုက်မယ် ရယ် လို့ မရှိဘူး ။ နာမည် မကြီးခင် က လည်း ဒီ အတိုင်းပဲ နာမည် ကြီး တော့လည်း ဒီ အတိုင်းပဲ ။
အမေ အသံလွှင့်ရုံ မှာ ဝင် လုပ်တာ လခ သုံးရာ ရတယ် ။ အချို့က လခ နည်းနည်းလေး နဲ့ အသံလွှင့်ရုံ မှာ မလုပ်ပါနဲ့ ပြောကြပေမယ့် အမေ က အလုပ် လုပ် ရတာ ပျော်တယ် ။ သိပ် ပင်ပင်ပန်းပန်းကြီး လည်း မဟုတ်ဘူးလေ ၊ အဲဒီ ခေတ် က သုံးရာ ဆိုတာ တကယ် တော့ မနည်းလှပါဘူး ။ အိမ်လခ စားစရိတ် အပြင် ရွှေဒင်္ဂါးပြား ဝယ်ဖို့ ပို သေးတယ် ။ အမေ က စိန်တွေ ရွှေတွေ ဝတ်တာ ဝါသနာ မပါဘူး ၊ ပိုက်ဆံ ပိုရင် ရွှေဒင်္ဂါးပြား ဝယ် စုတယ် ။
၄၄ နှစ် ထဲ ရောက် တော့ တရား မြင် တာပေါ့နော် ။ အမေ တို့ နဲ့အတူ အလုပ် လုပ် နေတဲ့ ရွှေမောင်းဦးသန်းကြီး ၊ နောက် အမေခန်း က လုပ်တဲ့ ဒေါ်ခင်ညွန့် ၊ ပြီးတော့ နောက် တစ်ယောက် ၊ သုံးယောက် တောင် မျက်စိ ရှေ့တင် ဆုံးပါး ကြတာ မြင်တော့ တော်ပြီ ငါ တရား အလုပ် ပဲ လုပ် တော့မယ် လို့ ဆုံးဖြတ်ပြီး ဘိုင်စကုတ် မရိုက်တော့ဘူး ။ အလုပ် က ထွက်တယ် ။ မန္တလေး ပြန် လာတယ် ။ နောက်ပိုင်း မှာ ဘိုင်စကုတ် ရိုက် ရအောင် လာ လာ ခေါ်ကြပေမယ့် အမေ မရိုက်တော့ဘူး ။
စုဆောင်း ထား တာလေးတွေ ချစ်ခင်သူတွေ က ကူညီ ထောက်ပံ့ကြတာတွေ နဲ့ အမေ စားနိုင် သုံးနိုင်ပါသေးတယ် ။ အခုတော့ နေ့ ရှိ သရွေ့ ကုသိုလ်ကောင်းမှု လုပ်ပြီး လှူဒါန်း နေပါတယ် ။ အမေ နေခဲ့ရတဲ့ ဘဝ ကို ကျေနပ်တယ် ၊ အရမ်း ကျေနပ်တယ် ။ လူထုမေတ္တာ ကို ယနေ့ အထိ ရရှိ နေတယ် ။ ဒါဟာ အမေ ငယ်ငယ် က နေခဲ့ ထိုင်ခဲ့ပုံ ပေါ် မှာ လည်း မူတည် မှာ ပေါ့ ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment