❝ သူငယ်ချင်း ရဲ့ သောကခြေရာ ❞
မောင်စိန်ဝင်း ( ပုတီးကုန်း ) နှင့် တွေ့ဆုံခြင်း
လွန်ခဲ့တဲ့ လေး ၊ ငါး ၊ ခြောက်လ လောက် တုန်း က ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်း စ လုပ်ဖို့ စိုင်းပြင်း နေတဲ့ မိတ်ဆွေ တစ်ယောက် က “ ကိုဝင်းငြိမ်း ဒီ ဝတ္ထု ဖတ်ကြည့်စမ်းပါ ” ဆိုလို့ သူ ပေးလိုက်တဲ့ အကြွေပန်းပေမယ့် ရွှေနန်းတော့ ထိုက်ချင်တယ် ကို ဖတ်ကြည့် မိတယ် ။ ရေးတဲ့ သူ က “ မောင်စိန်ဝင်း ( ပုတီးကုန်း ) ” ။
ဒီ နာမည် ကို နွမ်ဂျာသိုင်း ရဲ့ တစ်ပင်တည်း ရင်ထဲကနွယ် နဲ့ ပတ်သက်ပြီး စ , မှတ်မိ နေ ခဲ့တယ် ။ အဲဒီတုန်း က တော့ ကဗျာ နဲ့ အမှာစာ လောက်ပဲ ဖတ်ခဲ့ ရတာ ။ ခုတော့ သူ့ ဝတ္ထု ကို ပထမဆုံး အကြိမ် အဖြစ် ဖတ်မိတယ် ။ ဒါကြောင့် မေ့မှာစိုးတယ် ၊ ကံ့ကော်တန်း က လွမ်းချင်းရှည် ၊ အရိန္ဒမာ သိပါသည် ၊ နောက်ဆုံးထုတ် ခုဘဝ မှာ တော့ သူငယ်ချင်း စတဲ့ သူ့ ဝတ္ထုတွေ ကို ဆက်တိုက် ဖတ်ဖြစ် ခဲ့ပါတော့တယ် ။
ပေဖူးလွှာ မှာ စာဖတ်သူများ နဲ့ တွေ့ဆုံပေးခြင်း ကဏ္ဍ အကြောင်းကြောင်း ကြောင့် မပါခဲ့တာ နှစ်လ ရှိပြီ ။ ဒီလ တော့ လူငယ် ထဲ က တစ်ယောက် ယောက် ကို ရွေးကြရအောင် ဆိုတော့ ခေါင်းထဲ မှာ ပထမဆုံး ဝင် လာ တာ က မောင်စိန်ဝင်း ( ပုတီးကုန်း ) ။ ဒီနေ့ လူငယ် စာဖတ်ပရိသတ် ကြား မှာ လည်း ရေပန်းစား နေတယ် ။ ဒါ ကြောင့် ဆရာ မောင်စိန် ဝင်း ( ပုတီးကုန်း ) နဲ့ ပဲ တွေ့ဆုံ ဖို့ ရွေး လိုက်ကြပါတယ် ။
ဆရာ က စာ ရေးရုံ သက်သက် နဲ့ အသက် မွေးဝမ်းကျောင်းသူ မဟုတ် ဘဲ စက်ပစ္စည်းစက်ရုံ မှာ အရာထမ်း တာဝန် ထမ်းဆောင် နေသူ ဆိုတော့ သူ့ ဆီ က တကူးတက အချိန် တောင်း ရတာတော့ အားနာ စရာ ကောင်းပါတယ် ။ ဒါပေမဲ့ “ စာဖတ်ပရိသတ် ” အတွက် ဆရာ့ ကိုယ်ပိုင် အားလပ်ချိန် ထဲ က ဖဲ့ထုတ် အချိန် ပေးပြီး ဖြေကြား ပေး ခဲ့ပါတယ် ။ ဆရာ့ အယူအဆတွေ ကို လေ့လာ ကြည့်ကြပါဦး စို့ ။
••••• ••••• •••••
ဆရာ ကဗျာတွေ နဲ့ စပြီး စာပေလောက ထဲ ရောက်လာတယ် လို့ ထင်ပါတယ် ။ ဟုတ်ပါသလား ။ ဘယ် ခုနှစ်လောက်က စ ရေး ဖြစ်တာလဲ ။ စာပေ စိတ်ဝင်စား လာပုံ က စပြီး သိပါရစေ ။
ကျွန်တော် စာပေလောက ထဲကို ကဗျာ နဲ့ ရောက် လာခဲ့တဲ့ ကဗျာသမား တစ်ယောက် ပါ ။ ၁၉၆၅ ခုနှစ် သြဂုတ်လ ရုပ်ရှင်အောင်လံ မှာ လယ်တောသူစေတနာ ဆိုတဲ့ ကဗျာ နဲ့ စာပေလောက ထဲ ကို စ , ဝင်ခဲ့တယ် လို့ ပြောရမှာ ပါပဲ ။
စာပေ ကို စပြီး စိတ်ဝင်စားလာပုံ ကို ပြန်ပြောရမယ် ဆိုရင်တော့ ငယ်ဘဝ က စ , ရမှာပါပဲ ။ လျှောက်လာ ရင်း နဲ့ ရောက်တဲ့ နေရာ က နောက်ပြန် ကြည့် မိတဲ့ ကျွန်တော့် စာပေ ခရီး ဟာ ဆူးခက်ဆူးနွယ် မလွှမ်း တောင် မှ လမ်းဖုန်ဖုန် တော့ မဟုတ်ပါဘူး ။ အခက်အခဲတွေ ကြား က ကြိုးစားပြီး တွယ် တက် လာရတာမျိုးပါ ။ ဇိမ် ခံယာဉ် တစ်ခု ခု ပေါ်ကို စွေ့ခနဲ တက် စီးပြီး စာပေ ခရီး ကို သွားခဲ့ရတာ မျိုး မဟုတ်ပါဘူး ။
ဒီနေ ရာမှာ အလျဉ်းသင့်တုန်း စာပေ နဲ့ ပတ်သက်ပြီး မျိုးစေ့ ချပေးခဲ့တဲ့ သင်ဆရာ ၊ မြင်ဆရာ ၊ ကြားဆရာ အားလုံး ကို ဂါရဝပြု ကန်တော့လို ပါတယ် ။ ကြားဆရာ ၊ မြင်ဆရာ တွေ ကတော့ အများကြီး ပါ ။ သင်ဆရာများ ကတော့ အလယ်တန်း မှာ မြန်မာစာ သင် ပေးခဲ့တဲ့ ဆရာဦးထွန်းရှိန် ၊ အထက်တန်းမှာ မြန်မာစာ သင်ပေးခဲ့တဲ့ ဆရာဦးကြင်မောင် ၊ ဦးသိန်းမောင် နဲ့ ဆရာကြီးဦးရွှေဝိုင်း တို့ ဖြစ်ပါတယ် ။ ပြီးတော့ ကျွန်တော့် ရဲ့ ဦးကြီးဝမ်းကွဲ ဖြစ်တဲ့ အိမ် က ကိုးကွယ်တဲ့ ဆရာတော် ဦးကောဏ္ဍည ဟာ လည်း စာပေ နဲ့ ပတ်သက်တဲ့ ကျွန်တော့် ရဲ့ သင်ဆရာ ကျေးဇူးရှင် ဖြစ်ပါတယ် ။
ကဗျာလေးတွေ စ ရေးတတ် စ အချိန်မှာ ကဗျာ တွေ ကို ဖတ်ပေး ၊ ပြုပြင်ပေး ၊ ဝေဖန်ပေး ကြတဲ့ အစ်ကိုကြီး ကိုတင်ဦး ( မောင်လွမ်းဝေ ) ၊ အစ်ကိုကျော်ဝင်း ( သက်နိုင် ၊ ကြို့ပင်ကောက် ) နဲ့ အစ်မကြီး မစမ်းစမ်းနွဲ့ ( စမ်းစမ်းနွဲ့ - သာယာဝတီ ) တို့ရဲ့ ကျေးဇူးတရား ဟာ ကျွန်တော့် အပေါ် မှာ အများကြီး ရှိ ခဲ့ပါတယ် ။
ဒီမှာ ငယ်ငယ် က စာပေစိတ် သန္ဓေ တည် လာပုံလေး ကို ပြောပါရစေ ။ ကျွန်တော် တို့ မြန်မာကလေး တွေ ဟာ မွေးစ က ပဲ ကဗျာ နဲ့ နှီးနွှယ် ဆက်စပ်နေခဲ့ကြတာပါ ။ ကျွန်တော် လည်း အဘွား ရဲ့ ရင်ခွင် ထဲ မှာ “ လူကလေး ရဲ့ အိပ်ချိန်တန် ၊ ဗျိုင်းရှေ့ က ပျံ ၊ လူကလေး ရဲ့ အိပ်ချင်ဘူး ၊ ဗျိုင်းရှေ့ က မြူး ” ဆိုတဲ့ သားချော့တေး တွေ ၊ မိတ္ထီလာ ကန်တော် အောက် က ဖား ကောက်ခဲ့ပါ ” ဆိုတဲ့ ကဗျာလေး တွေ ကို နားထောင် ရင်း ကြီးပြင်း ခဲ့ရတာပါပဲ ။
နောက်တော့ အဲဒါတွေ ကို အလွတ် ရ လာတယ် ။ ဒါနဲ့ ကျောင်းနေ စာဖတ် တတ်တဲ့ အရွယ် ရောက်တော့ “ ချိုးနှစ်ကောင် ထနောင်းပင် ညီနောင် က လွမ်းအောင် ကူချွဲ ၊ ပင်မြက် နေဇာထူလှ ၊ ဖိုးတောင်သူ့ တဲ ” ဆိုတာ ကလေး တွေ ၊ ဆရာကြီးမင်းသုဝဏ် ရဲ့
“ မိုးရေတက်ရေ တဖွေးဖွေး ၊ ကွင်းကျယ်အဝေးဝေး ၊ လယ်စောင့်တဲလေး ခြေတံရှည် ၊ မိုးကုပ်အောက်မှာတည် ၊ ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ ပနံတင့် ” ဆိုတဲ့ ကဗျာလေးတွေ ကို အော် ဆိုရင်း ကျေနပ် ပျော်ရွှင်ခဲ့တာ ကို ရေးတေးတေး မှတ်မိ နေပါတယ် ။ အော် ဆိုလို့ ကောင်းတယ်လို့ လည်း ထင်ပါတယ် ။
တတိယတန်း လောက် ရောက်တော့ မုန့်ဖိုး ထဲ က စုပြီး ကလေးဂျာနယ် ၊ ကာတွန်းစုံ ၊ ဒီတုန်းကတော့ ဆရာ ဦးသန်းကြွယ် ၊ ဆရာဦးအောင်ရှိ န်တို့ ရဲ့ စာအုပ် ကို ဝယ်ဖတ် တတ် လာပါပြီ ။ ကာတွန်း ထဲ က မောင်သတ္တိ တို့ ၊ မောင်ကမ္ဘာ တို့ ကို သဘောကျ တတ်လာပါပြီ ။ ပြီးတော့ ကလေး ဂျာနယ် ထဲ က ဆရာဗန္ဓရဝင်း ရဲ့ ကလေးကဗျာလေးတွေ ၊ ပုံပြင်လေးတွေ ကို ဖတ်ပြီး နှစ်ခြိုက် နေတာပါပဲ ။
ကျွန်တော့် မိဘတွေ က တော က ဆိုတော့ အမြင် ကျဉ်း ရှာပါတယ် ။ အပြင်စာ ဖတ် တာကို လုံးဝ အား မပေး ခဲ့ပါဘူး ။ ကျောင်းစာ တစ်ခု တည်း ကိုပဲ ဖတ်စေချင်တာ ပါ ။ ဒီတော့ ကိုယ့် မုန့်ဖိုး နဲ့ ဝယ် ထားတဲ့ စာအုပ် ကို သူများ အိမ် မှာ သွား ထားပြီး ခိုးဖတ် ခဲ့ရပါတယ် ။ ကျောင်းစာအုပ် ကြား မှာ ညှပ်ပြီး အမေ မမြင်အောင် ဖတ်ခဲ့ရပါတယ် ။
ဒီလိုနဲ့ ကျွန်တော့် ဘဝ တစ်သက်တာ မှာ မေ့လို့ မရနိုင် တဲ့ စာအုပ်ကလေး တစ်အုပ် ကို သွား တွေ့ရ ပါတယ် ။ ကျွန်တော့် ရင် ထဲ ကို နင့် နေအောင် ထိခိုက် လှုပ်ရှားခဲ့ရတဲ့ စာအုပ်ကလေး ပါ ။ ပွဲဈေး မှာ ရောင်း လို့ ဝယ်ခဲ့မိ တာပါ ။ စာအုပ်ကလေး က ကာတွန်းတွေ ၊ ပုံပြင်တွေ ဖတ်ခဲ့ရ တုန်း က သဘောကျတာ ၊ ပျော်တာ ၊ ကျေနပ်တာ ၊ ဝမ်းနည်းတာ ကိုပဲ ခံစားခဲ့ရပါတယ် ။ ဒါပေမဲ့ ဒီလို တစ်သက်တာ မမေ့နိုင်တဲ့ ခံစားမှုမျိုး ကို မရခဲ့ပါဘူး ။ ခံစားရတာ က လည်း ထိတ်လန့်ကြောက်ရွံ့တဲ့ ခံစားမှုမျိုး ပါ ။ ကျွန်တော် ကောင်းကောင်း မှတ်မိ နေပါတယ် ။ အဲဒီ စာအုပ် ဖတ်ပြီး ဘယ် လောက်ထိ ကြောက်ရွံ့ထိတ်လန့်ခဲ့သလဲ ဆိုရင် အဲဒီ စာအုပ် ကလေး ကို ကျွန်တော့် အဝတ်သေတ္တာလေး ရဲ့ အောက်ဆုံး မှာ ဝှက်ထား လိုက်မိတော့ တာပါပဲ ။ ကျွန်တော် သတိရ မနေချင်ပါဘူး ။ အဲဒီ စာအုပ် ကို ထပ် မဖတ်မိချင်ပါဘူး ။ မကြည့်ရဲပါဘူး ။ စာအုပ် ကို မြင်လိုက်ရင် ပဲ အဲဒီ အထဲ က အကြောင်းတွေ အတွေး ထဲ ပြန် ဝင်လာပြီး ကျောချမ်းလာ အောင် ကြောက် နေလို့ပါပဲ ။
အဲဒီလောက် ရင် ထဲ မှာ စွဲစွဲလမ်းလမ်း ခံစားမှုမျိုး ကို ပေးတဲ့ စာအုပ်ကို ဘယ်သူ ရေးတယ် ဆိုတာ မမှတ်မိ တော့ဘူး ။ စာအုပ် နာမည် ကတော့ “ သံယောဇ ” ဇာတ်တဲ့ ။ စာအုပ်ထဲ မှာ က မိဘ ကို ပြစ်မှား လို့ ငရဲ ခံရတာကို ရေး ထား တာပါ ။ ငိုချင်းတွေ လည်း ပါတယ် ။ ငရဲ မှာ ကြောက်စရာ ကောင်းပုံတွေ ၊ အနှိပ်စက်ခံရပုံတွေ ကို ကွင်းကွင်းကွက် ကွက် မြင်အောင် ရေး ထားတာပါပဲ ။
ကျွန်တော် က လည်း တစ်ဦးတည်း သော သား ဆိုပြီး အင်မတန် ဆိုး ခဲ့တာ ။ လူကြီးတွေ ကို နှိပ်စက်ခဲ့ တာ ဆိုတော့ ဒီ စာအုပ် လည်း ဖတ် ပြီးရော ငရဲ ရောက်တော့မှာ ပဲ တွေးပြီး ကြောက်မိတော့တာ ပါ ပဲ ။ နောက်ပိုင်း မှာ ကျွန်တော် အရင် က လောက် မဆိုးရဲတော့ဘူး ။ ဒါဟာ ဒီ စာအုပ် ကလေး ရဲ့ ကျေးဇူး ပါပဲ ။ ကျွန်တော် ပြောချင်တာ ကတော့ သူ့ အရွယ် အလိုက်ပေါ့လေ ။ သူ့ အသိ နဲ့ သူ ခံစား နိုင်အောင် ရေးထားတဲ့ စာမျိုး ၊ ရင် ထဲ မှာ ခံစား လိုက်နိုင်တဲ့ စာမျိုး ဟာ ထာဝရ စွဲလမ်း သွားနိုင်တယ် လို့ ထင် တာပါပဲ ။ ဒီလိုနဲ့ တိုတို ပြောရရင်တော့ မူလတန်း အောင်ပြီး အလယ်တန်း ရောက်တော့ ကျွန်တော် မဂ္ဂဇင်း တွေ စ , ဖတ်ခွင့် ရပါ တယ် ။
အဲဒီ နှစ် မှာ ကျွန်တော်တို့ အိမ် က ကိုးကွယ်တဲ့ ဦးပဉ္စင်း က ပြည် က နေပြီး ရန်ကုန် ကို ပြောင်း တော့ သူ့ စာအုပ်ဗီရို ကို ကျွန်တော်တို့ အိမ် မှာ လာ ထားပါတယ် ။ ဗီရို ထဲ က စာအုပ်တွေ ကို အပြင် က ပဲ ကြည့် ပြီးတော့ ဖတ် ချင်စိတ် နဲ့ သွားရည်ယို ခဲ့ရတာပေါ့ ။ မဂ္ဂဇင်းအဟောင်း တွေ ၊ မြဝတီ ၊ ရှုမဝ ၊ နဝဒေး တွေ ကိုတော့ ဘုန်းကြီး က ထုတ်ပေး ခဲ့ တယ်လေ ။ ဒါကြောင့် မဂ္ဂဇင်းတွေ ကို စ ဖတ်ခွင့် ရ လိုက် တာပါပဲ ။ ဒီမှာ ပဲ ကဗျာ ၊ ဝတ္ထု ၊ ဆောင်းပါးတွေ နဲ့ စပြီး ထိတွေ့ ခဲ့ရတာပေါ့ ။ ကဗျာတွေ ကို ဖတ် ကြည့်တယ် ။ နား မလည်ဘူး ။ ဒါပေမဲ့ ဖတ် ကောင်းတယ်လို့ ခံစားရတယ် ။ ကြိုက်တာ ဆိုရင် အလွတ် ကျက်တယ် ။
ဝတ္ထုတွေ ထဲ မှာ မှတ်မှတ်ရရ ဖြစ်နေတာ က တော့ ဗိုလ်တာရာ ( ရဲဘော်သုံးကျိပ် ) ရဲ့ ဝတ္ထုပါပဲ ။ စ , ဖတ်ဖတ် ချင်း စာ ဖတ်တာ လော ကြီးပြီး ဗိုလ်တစ်ရာ ရဲဘော်သုံးကျိပ် လို့ ဖတ် မိတော့ ဒီ ဝတ္ထု က လူပေါင်း ၁ဝဝ တောင် ရေး ရတဲ့ ဝတ္ထု ပါ လားလို့ စိတ် က တွေး မိတယ် ။ ဒါနဲ့ စပြီး ဖတ်ကြည့် မိတာပါပဲ ။
ဒီလိုနဲ့ပဲ နားလည်တာရော ၊ မလည်တာရော ဖတ်ရင်း နဲ့ မဂ္ဂဇင်းတွေ နဲ့ မစိမ်းတော့ ဘူးပေါ့လေ ။ အဲဒီ အချိန် မှာ မြန်မာစာ က လောကသာရပျို့ သင်ရပါတယ် ။
ကြားပိမ့် သူမြတ် ၊ အများမှတ်စိမ့် ၊ ဟိရတ္တိက ၊ သြဝါဒဖြင့် စသည်ပေါ့ လေ ။ ကျွန်တော် အားလုံး ကို အလွတ် ရတဲ့ အထိ ဖတ်မိတယ် ။
ဝေဿန္တရာဇာတ်တော်ကြီး ကို သင် ရ တော့ လည်း ကျောင်းစာ အနေ နဲ့ မဟုတ်ဘဲ ခဏခဏ ဖတ် ကောင်းကောင်း နဲ့ ဖတ်တာ ။ တချို့ အခန်းတွေ ဆို အလွတ် ရသွားတော့ တာ ပါပဲ ။
ဒီမှာ အသံ သာပြီး စွဲလမ်း သွားမိတဲ့ ကဗျာ တစ်ပုဒ် အကြောင်း လည်း အလျဉ်း သင့် လို့ ပြောချင်ပါ တယ် ။ ကျွန်တော့် သူငယ်ချင်း အောင်ဝင်း ဆိုတာ ရှိပါ တယ် ။ သူ က ကျောင်း အသွား အပြန် မှာ ဒီ ကဗျာ ကို အော်အော် ပြီး ဆိုတတ်ပါတယ် ။ အသံ နေ အသံ ထား နဲ့ ဆိုပါတယ် ။ နားထောင် ကောင်းကောင်းနဲ့ နားထောင်ရင်း ဒီ ကဗျာ ကို ကျွန်တော်ပါ အလွတ် ရ သွားတော့တာပါပဲ ။ အကြောင်းအရာ က လည်း ကျွန်တော် တို့ တော မှာ မြင်နေ ကျ ၊ တွေ့နေကျ မြင်ကွင်း တစ်ခု ဆိုတော့ မျက်လုံး ထဲ မှာ ထင်ထင်ရှားရှား မြင်နေမိ သလိုပါပဲ ။
ဒီနေ့ အထိ ဒီ ကဗျာ ကို ဘယ် စာအုပ်စာတမ်း ထဲ မှာ ပါခဲ့တယ် ဆိုတာလည်း ကျွန်တော် မသိပါဘူး ။ ဘယ်သူ ရေးတယ် ဆိုတာ လည်း မသိပါဘူး ။ စာအုပ် ထဲ ကလား ၊ ဇာတ်တွေ အငြိမ့်တွေ ထဲ က လူရွှင်တော်တွေ ဆိုတဲ့ ခွန်းထောက် ပဲလား ၊ ကျွန်တော် က လည်း အောင်ဝင်း ကို မေး မကြည့်မိပါဘူး ။ ဒါပေမဲ့ ဒီနေ့ အထိ ကျွန်တော် ရ နေပါ တယ် ။ ရင် ထဲ မှာ စွဲမြဲ နေပါတယ် ။ ကြုံလို့ အဲဒီ ကဗျာလေး ရွတ်ပြပါရစေ ။ ခေါင်းစဉ် တော့ မသိပါဘူး ။
မိုးမဟာ မှောင်ကာညို့
ရောင်ဖြာလို့ ခြယ်ဆင်
တောယာ ဟို့လယ်ပြင်မှာ
ဟယ် နင် ငါ အော်သုံးလို့
ထွန်တုံးချမင်္ဂလာကို
စဉ်မကွာ ပြုကြတဲ့ ထုံး
မိုးသည်းလို့ ပြင်းထန်တယ်
ကွင်းအယံ ရေဖုံး
ဖားညံညံ ခရုလုံးတွေက
ရှုမဆုံး ရွှင်ပျော်
တဲအထွက် လှည်းပျက်ပေါ်မှာ
ပဲရွက်ကြော် ချဉ်ရည်ဟင်းနဲ့
ကင်ပလင်း တို့စရာကွယ်
စားကြမြိန်ဖွယ်
တစ်ယောက် က ဖားငယ် ကို
ဆားနယ်ကာ ကင်တုန်းကွဲ့လေး .... ။
မိုးရာသီ လယ်ကွင်းပြင် ထဲ မှာ မြင်ရတဲ့ တော ဓလေ့ ပါ ။ မြင်ဖူး ၊ တွေ့ဖူး နေကျ မြင်ကွင်း ကို အသံသာသာ နဲ့ ရေး ထားတော့ ဒီနေ့ အထိ ရင် ထဲ မှာ စွဲလမ်း နေမိတယ် ဆိုတာ အမှတ်တရ ထည့် ပြော မိတာပါပဲ ။ ဒီ မြင်ကွင်း ကို မမြင်ဖူး ၊ မတွေ့ဖူးသေး တဲ့ သူတွေ အတွက် လည်း Message ပေးတယ် လို့ ပြောရမလား ဘဲ ။
အဲ ... ရှစ်တန်းနှစ် ကို ရောက် တော့ မြန်မာစာ မှာ ကဗျာ စပ်နည်း သင်ရတယ် ဗျ ။ ဦးဘိုးငွေ ရဲ့ ကဗျာစပ် နည်း စာအုပ်ကလေး ပါ ။ လေး သုံး နှစ် တို့ ၊ ဘီလူးရယ် တို့ ၊ ဘာတို့ အစုံ ပေါ့ ဗျာ ။ အဲဒီမှာ လေ့ကျင့်ခန်း လုပ်ရ တော့ ဟိုစပ် ဒီစပ် လျှောက်စပ် နေရတာပဲပေါ့ ။ အဲဒီ နှစ် က ကျောင်း မှာ နံရံကပ် စာစောင် လုပ်မယ် ဆိုတော့ ကဗျာ တစ်ပုဒ် ရေးချင်လာတော့ တာပါပဲ ။ ဘာ ရေးရမှန်း လဲ မသိ ပါဘူး ။ ဒီလို နဲ့ ရေးစရာ အကြောင်း စဉ်းစား လို့ မရဘဲ ဖြစ်နေ တဲ့ အချိန်မှာ တစ်နေ့ တော့ ကျောင်း အလာမှာ လမ်း ထိပ် မှာ ထိုင် တောင်းနေ တဲ့ သူတောင်းစားကြီး တစ်ယောက် ကို တွေ့တော့ ဟာ ... ဟုတ်ပြီ ၊ သူ့ အကြောင်း ကဗျာ ရေး မယ်လို့ စဉ်းစား မိပါတယ် ။ ဒါနဲ့ သူ့ ဘဝ က ဆင်းဆင်း ရဲရဲ တောင်းစား နေရတယ် ၊ သနားစရာ ဘဝပါပဲ လို့ ကဗျာ လေးလုံးစပ် ဆယ်ကြောင်း လောက် ရေးပြီး ပို့လိုက် မိတယ် ။ နံရံကပ်စာစောင် မှာ သူများ လက်ရေးလှလှလေး နဲ့ ပါလာ တာ တွေ့တော့ ဝမ်းသာလုံး ဆို့ပြီး ပျော် လိုက်တာ အရမ်း ပါပဲ ။
ဒီလိုနဲ့ ကိုးတန်း ရောက် တော့ ကျွန်တော် က ကြို့ပင်ကောက် ပြောင်း လာ ရတယ် ။ အဲဒီ အချိန် က ဘားမားစတား ၊ ဖလင်စတား အပတ်စဉ် ထွက် ကြတယ် ။ ကဗျာ တွေ ဖတ်ပြီး ကဗျာ စ ရူးတဲ့ အချိန်ပေါ့ ။ ကဗျာ စပ်နည်း က လည်း ရှစ်တန်း တုန်း က သင်ထား ပြီးသား ဆိုတော့ မြင်သမျှ ကို ကဗျာ ရေးပြီး ပို့တော့တာ ပါပဲ ။ တစ်ခါ မှ မပါပါဘူး ။ ကဗျာ တစ်ပုဒ် ပါ ဖို့ဟာ အင်မတန် ခဲယဉ်းတဲ့ အလုပ် လို့ သဘော ပေါက် လာပါတယ် ။ ဒီလိုနဲ့ တစ်နေ့ တော့ ရုပ်ရှင်အောင်လံ မဂ္ဂဇင်း ကို ဖတ်ရင်း လိပ်စာ ကူး ပြီး ဘားမားစတား နဲ့ ဖလင်စတား အတွက် ရှည် နေတဲ့ ကဗျာ တစ်ပုဒ် ကို ရုပ်ရှင်အောင်လံ ကို ပို့လိုက် မိ ပါတယ် ။ ဒီလိုနဲ့ ၁၉၆၅ ခုနှစ် သြဂုတ်လ ထုတ် ရုပ်ရှင်အောင်လံ ကို ဖွင့် ဖတ် လိုက်တော့ ကျွန်တော့် ကဗျာ ပါ လာတာ တွေ့ရပါ တယ် ။ ထ,အော်မိ ၊ ထ,ခုန် မိ မှာ စိုး လို့ မနည်း ထိန်း ထား ရပါတယ် ။ ရင်တွေ ခုန်ပြီး စိတ်လှုပ်ရှား နေမိပါတယ် ။
ကဗျာ က ပါမယ့် ပါ လာတော့ အဖွင့် ကဗျာ အဖြစ် ပါ လာ တော့ အရမ်း ဝမ်းသာ သွား မိတယ်လေ ။ အဲဒီ တုန်း က ကျွန်တော့် အသက် ၁၄ နှစ် ကျော် ပြီပေါ့ ။ ကဗျာ ပါ ရင် စာအုပ် ရတယ် ဆိုတာ လည်း မသိပါဘူး ။ ရ လည်း မရခဲ့ပါဘူး ။ ကိုယ့် ဟာ ကိုယ် စာအုပ်တွေ ဝယ် ၊ စာအုပ် ကို သိမ်း ။ ကျန်တာတွေ လက်ဆောင် လိုက် ပေးပေါ့လေ ။ ဒီလိုနဲ့ ရုပ်ရှင်အောင်လံ ၊ သွေးသောက် နဲ့ ငွေတာရီ မှာ ကဗျာတွေ ဆက်တိုက် ရေးဖြစ် လာ ပါတယ် ။
ဒီနေရာ မှာ စပြီး စာ ရေးခါ စ နယ် က ကလောင် သစ်တွေ အတွက် ကိုယ်ချင်းစာ စိတ် နဲ့ ကျွန်တော် ပြောချင် ပါတယ် ။ နယ် က စာရေး တဲ့ သူတွေ ဟာ ဘယ် အယ်ဒီတာ နဲ့ မှ လည်း အသိအကျွမ်း မရှိပါဘူး ။ ဘယ် တိုက် ကို ဘယ် အနား မှာ ရှိတယ် ဆိုတာ တောင် မှ မသိပါဘူး ။ စာပေစိတ် သက်သက် နဲ့ ရေးပြီး သမျှ ကို မျှော်လင့်ကြီးစွာ နဲ့ စာတိုက် က ပို့ ခဲ့ရသူ တွေပါ ။ တကယ်လို့ ကံအားလျော်စွာ ပါ လာ ခဲ့တဲ့ အခါမှာ တော့ စာအုပ်ကလေး ၊ စာမူခကလေးကို မှန်မှန်ကန်ကန် ပို့ ပေးရင် အရမ်း ပျော် မှာပါပဲ ။ မပေး ရင် လည်း ရကောင်းစေလို့ သဘော မထားဘဲ ကျေနပ်ကြရတဲ့ တကယ့် စာပေသမား စစ်စစ်တွေ ပါ ပဲ ။ ရေးခါ စ မိတ်ဆွေ တွေ ကို လည်း ဒီ နေရာ က အားပေး ပါရစေ ။ ရွေးတာ ၊ မရွေးတာ က ကျွန်တော်တို့ အလုပ် မဟုတ်ပါဘူး ။ ပို့ သာ ပို့ကြပါ ။ ရေး ဖို့ ၊ ပို့ ဖို့ ကသာ ကိုယ့် အလုပ် ပါ ။
ပြန် ဆက် ပြော ရရင် တော့ ဒီလိုနဲ့ တက္ကသိုလ် ကို ရောက်လာ ခဲ့ ပါတယ် ။ တက္ကသိုလ် ရောက် လာ တာ ဟာ စာပေကိစ္စတွေ အားလုံး နီးပါး ကို လုပ်ခွင့် ရ လိုက် သလို ပါပဲ ။ အပတ်စဉ်ထုတ် တဲ့ စာစောင်တွေ လုပ်ခဲ့ဖူး သွားတယ် ။ ကျောင်းမဂ္ဂဇင်း မှာ ပါပြီ ။ ပုံနှိပ်တိုက် မှာ ပရုဖ် ဖတ်တာ က အစ တောက်တိုမည်ရ ကြုံဖူး ၊ တွေ့ဖူး လာ တယ် ။ ဆွဲကြိုး ရောင်း ၊ ဘာရောင်း နဲ့ ကဗျာစာအုပ် တွေ ထုတ် ကြတယ် ။ ကဗျာ က လွဲရင် အရာရာ ကို မေ့ထား နိုင် တဲ့ အချိန် ပါ ပဲ ။ ဒီလိုနဲ့ ကဗျာ ရေးရင်း ၁၉၈၃ ခုနှစ် မှာ လုံးချင်းဝတ္ထု စ , ထုတ် ဖြစ်တာပါပဲ ။ လုံးချင်း စ , ရေး ဖြစ် တာ ကတော့ ရေးချင်စိတ် ပေါက် လို့ ၁၉၇ဝ လောက် က ကျောင်း နေရင်း လုံးချင်း သုံးပုဒ်လောက် ရေးထား ဖူးပါ တယ် ။ အဲဒီ အထဲ က တစ်ပုဒ် ပဲ ပြန် ထုတ်ရသေးတယ် ။ နှစ်ပုဒ် က တော့ ပြန် မပြင်နိုင်သေး လို့ မထုတ်ဖြစ် သေး ပါဘူး ။
ကျွန်တော့် စာပေ နဲ့ ပတ်သက်တဲ့ ခရီး ကတော့ ဒါပါပဲ ကိုဝင်းငြိမ်း ။ အခု ထ , လုပ် အခု ထ , ဖြစ်လာတဲ့ စာပေသမား တစ်ယောက် မဟုတ်ပါဘူး ။ ကြိုးစား ပမ်းစား နဲ့ တွယ်ဖက်ပြီး လာခဲ့ရတာပါ လို့ ပဲ ပြောချင်ပါ တယ် ။
ကလောင်နာမည် က “ မောင်စိန်ဝင်း ” ဆိုတော့ မရိုးလွန်း ဘူးလား ။ အစ ကတည်း က ပြောင်းဖို့ စိတ်ကူး မရှိခဲ့ဘူးလား ။
ဟုတ်ကဲ့ ၊ ကလောင်နာမည် အကြောင်း ကျွန်တော် ပြောချင် ပါတယ် ။ နံရံကပ်စာစောင် မှာ ရေးတုန်း ကတော့ ဘာမှ မစဉ်းစားပါဘူး ။ စိန်ဝင်း - အဋ္ဌမတန်း ( အေ ) ပေါ့ ။ နောက် ဘားမားစတား ၊ ဖလင်စတား ကို စ ပို့တော့ ကလောင်နာမည် စဉ်းစား ရ ပြီလေ ။ အဲဒီ တုန်း က လွမ်း တွေ ၊ နွယ် တွေ ခေတ်စား ပါတယ် ။ နုနုလှလှ ကလောင်နာမည် တွေ တန်းစီ ရေး ချ ။ ဒါပေမဲ့ တစ်ခု မှ စိတ်တိုင်း မကျပါဘူး ။ နောက်ဆုံး တော့ ကျွန်တော့် အမေ က ကျွန်တော့် ကို နာမည် မှည့် တုန်းက ပဲခူး က ဦးစိန်ဝင်း လို ကြီးပွား ချမ်းသာစေချင် လို့ ဗုဒ္ဓဟူးသား ပေမဲ့ စိန်ဝင်း လို့ နာမည် မှည့် တာလို့ ပြောခဲ့ဖူးတာ ကို သွား သတိရတယ် ။ မိဘ က သားသမီး ကို နာမည် ပေး ကတည်း က စေတနာ စိတ် ၊ မေတ္တာ စိတ် တွေ အပြည့် ရှိပါလား လို့ သတိ ပြုမိ တယ် ။ ဒါနဲ့ အမေ ပေး တဲ့ နာမည် ကို ပဲ ယူမယ် စဉ်းစား ပြီး စိန်ဝင်း ( ပုတီးကုန်း ) လို့ ယူတယ် ။ တက္ကသိုလ် ရောက်တော့ သူငယ်ချင်း သန်းဝင်းနိုင် က နာမည် က မာ နေတယ် ၊ ရှေ့ က “ မောင် ” ထည့် လို့ အကြံ ပေးတာ နဲ့ “ မောင်စိန်ဝင်း ( ပုတီးကုန်း ) ဖြစ်လာတာပါ ။
ပြောင်း ဖို့ ကျွန်တော် ဘယ်တော့ မှ စဉ်းစား မှာ မဟုတ်ပါဘူး ။ လုံးချင်းဝတ္ထု ထုတ်ဖို့ စီစဉ်ကြတော့ ထုတ်ဝေသူ သုံး ၊ လေးဦး က နာမည် ပြောင်း ခိုင်း ပါတယ် ။ နာမည် လှ မှ ၊ ယောက်ျား ၊ မိန်းမ ခွဲ မသိ မှ လုံးချင်း မှာ စွံတယ် လို့ ပြော ပါတယ် ။ ကျွန်တော် သဘော မတူခဲ့ပါဘူး ။ နောက်ဆုံး ပုတီးကုန်း ကို ဖြုတ်ဖို့ ဈေး ဆစ် ပါတယ် ။ ကျွန်တော် ခေါင်းခါ ခဲ့ပါတယ် ။ ဒါနဲ့ စာအုပ် ထု တ်ဖို့ တော်တော်လေး အချိန် လင့် သွားပါသေးတယ် ။
ဒီလောက် တော ဆန်ပြီး ရိုးလွန်း တဲ့ ကလောင် နာမည် နဲ့ လုံးချင်းဝတ္ထုလိုင်း မှာ စွံ မှာ မဟုတ်ပါဘူး ဆိုတဲ့ မှတ်ချက် ချသံတွေ ကြားခဲ့ရပါတယ် ။
ကျွန်တော် စာဖတ်ပရိသတ် ကို ယုံကြည်ပါ တယ် ။ စာဖတ် ပရိသတ် က နာမည် ကို မကြည့်ပါဘူး ။ စာ ကို ကြည့်ပြီး ထိုက်တန်တဲ့ အဆင့် ကို ပေးကြ မှာပါပဲ ။ ကလောင် အမည် ဟာ အမှတ်အသား တံဆိပ် တစ်ခုလို့ပဲ ကျွန်တော် တော့ သဘော ထားပါတယ် ။ အရိုးဆုံး ဟာ ဘယ်တော့ မှ မရိုးနိုင်တဲ့ အရာပါ ။
◾မောင်စိန်ဝင်း ( ပုတီးကုန်း ) နှင့် တွေ့ဆုံခြင်း
( အဆက် )
ကဗျာ နဲ့ စပြီး စာပေ လောက ထဲ ကို ဝင် လာခဲ့ တာ ဆိုတော့ ကဗျာ အကြောင်း စ , ပြောရအောင် ဆရာ ၊ ကဗျာ ဆိုတာ ဘာလဲ ဆရာ ။
ကျွန်တော် နားလည် သဘောပေါက် သလို အတို ဆုံး ပြောရရင် တော့ နှလုံးသား က လာတဲ့ ဘာသာစကား ဟာ ကဗျာ ပါပဲ ။ တစ်ဆက်တည်း မှာပဲ ကဗျာဆရာ ဟာ ဘာလဲ ဆိုတာ ကို ပါ ထည့် ပြောရင် ကဗျာ ဆိုတာ ဘာလဲ ဆိုတာ ပိုပြီး ပေါ်လွင် သွားမယ် ထင်ပါတယ် ။
ကဗျာဆရာ ဟာ အမှန်တရား ကို ပြောရဲ ရမယ် ။ သူ့ နှလုံးသား က တိုက်ရိုက် လာတဲ့ အမှန်စကား ကို သူ ပြော ရပါမယ် ။ လူတိုင်း ဟာ အမှန်တရား ကို ချစ်မြတ်နိုး ကြပါတယ် ။ ကဗျာ ဆရာ ဟာ ရိုးသားမှု ၊ မှန်ကန်မှုများ နဲ့ ပြည့်ဝ နေတဲ့ စကားလုံးတွေ နဲ့ ပြည်သူ ရဲ့ နှလုံးသား ကို ထိတွေ့အောင် ဖန်ဆင်း နိုင်သူ ဖြစ်ပါတယ် ။ ကဗျာဆရာ ဟာ ပြည်သူတွေ ခံစား နေရတဲ့ အချစ်တွေ ၊ အမုန်းတွေ ၊ ပျော်ရွှင်ကြည်နူးမှုတွေ ၊ ကြေကွဲဝမ်းနည်းမှုတွေ ကို သူ့ နှလုံးသား မှာ မျှဝေ ခံစားရင်း ပြည်သူတွေ နဲ့ အတူ ရပ် တည် နေရမယ့် သူ ဖြစ်ပါတယ် ။ ပြည်သူတွေ ဆီက ရတဲ့ သတ္တိတရား နဲ့ ပြည်သူတွေ ရဲ့ ယုံကြည်မှု ကို ရယူ နိုင်သူ ဖြစ်ပါတယ် ။
လူတွေ ဟာ မရိုးသားမှု ကို စက်ဆုပ် တတ်ကြပါတယ် ။ ပြည်သူ့ ဝေဒနာ ကို တကယ် မခံစားရဘဲ နဲ့ ပြည်သူ့ ကဗျာဆရာ ဖြစ်အောင် ဆိုပြီး ကဗျာတွေ လုပ် ရေးရင် လည်း အဲဒီ ကဗျာတွေ ဟာ ပြည်သူ ရဲ့ နှလုံးသား ထဲ ကို ရောနှော ပျော်ဝင်သွားနိုင် မှာ မဟုတ်ပါဘူး ။ ဘာကြောင့် လဲ ဆိုတော့ လူတိုင်း ရဲ့ နှလုံးသား မှာ စကားလုံးလေးတွေ ရဲ့ ရိုးသားမှု ရှိ ၊ မရှိ ကို ခွဲခြားပြီး ခံစားနိုင်တဲ့ ပင်ကို စွမ်းရည် ရှိနေလို့ပါပဲ ။
“ အရာရာ ကို ရင်ခုန်ခံစား တတ် တာ ဟာ ဘာကို မှ ရင် မခုန်တတ် ၊ မခံစားတတ် တော့ တာနဲ့ အတူတူပါပဲ ” လို့ တရုတ်ပြည် ကဗျာဆရာကြီး အိုင်ချင်း ( Ai Qing ) က ပြောဖူးပါတယ် ။ အာရုံငါးပါးနဲ့ တွေ့ထိတဲ့အခါမှာ တစ် ခါခါမှသာ ထူးထူးခြားခြား ရင်ထဲ နင့်ခနဲ နေအောင် ခံစား လိုက်ရတာမျိုး ကဗျာဆရာမှာ ရှိတတ်တယ်လို့ ထင်ပါ တယ် ။ ကြားခိုက် ၊ မြင်ခိုက် ၊ ကြုံကြိုက်ထိတွေ့ခိုက် မှာ မမျှော်လင့်ဘဲ နဲ့ နှလုံးသား မှာ ဖြစ်လာ တတ်တဲ့ ခံစားမှု မျိုး ပါ ။ ဓာတ်ပုံ ရိုက်တဲ့ ဖလက်ရှ် က ဖျတ်ခနဲ မီးပွင့် တာ မျိုး ၊ ဂဟေ ဆော်တဲ့ အခါ Spark မီးပွင့်တာ မျိုး ပေါ့ ။ အဲဒီလို မျိုး နှလုံးသား မှာ ပေါ်လာတဲ့ အခါ အဲဒီ ခံစားမှု ကို အမှန် အတိုင်း ပြန်ချ ရေးလိုက်မိတာ ဟာ ကဗျာ ပါ ပဲ ။ ခံစားမှု တစ်ခု ခု ရဲ့ အထွတ်အထိပ် ကို ရောက်ပြီး အမှန် အတိုင်း ပြန် ထွက်လာတာဟာ ကဗျာ ပါ ပဲ ။ ကဗျာ တို င်းဟာ ကဗျာ ဆရာ ကိုယ်တိုင် ရဲ့ အကြောင်းချည်း မဟုတ် ပေ မဲ့ အဲဒီ ကဗျာဆရာ ရဲ့ နှလုံးသား ထဲ က ခံစားမှုတွေ ကို ကဗျာဆရာ က ရေးထားတာ ချည်း ပဲ ဖြစ်ပါတယ် ။
ကဗျာ ရေးတယ် ဆိုတာ စာဖတ်သူ ကို တစ်စုံ တစ်ခု Message ပေး ဖို့ အတွက်လား ၊ ဒါမှမဟုတ် ရေးသူ ရဲ့ ရင်ဖွင့်ရုံ သက်သက် ပဲ လား ။ ကဗျာကောင်း တစ်ပုဒ် ဆိုတာ ဘယ်လိုဟာမျိုးပါလဲ ။
စောစော က ကဗျာ ဆိုတာ ဘာလဲ နဲ့ ပဲ ဆက် ဖြေ ရမယ်လို့ ထင်ပါတယ် ။ ကဗျာ ဟာ ကဗျာဆရာ ရဲ့ ခံစားမှု က လာတယ်လို့ ကျွန်တော် ပြောခဲ့ပါတယ် ။ ကဗျာဆရာ ဟာ လည်း သူ့ခံစားမှု အပေါ်မှာ သူ ရိုးသားရ ပါလိမ့်မယ် ။ သူ့ ခံစားမှု ဆိုတာ သူ ထိတွေ့ နေတဲ့ ဝန်းကျင်ကမ္ဘာ ရဲ့ တုံ့ပြန်မှု ပဲ ဖြစ်ပါတယ် ။ ဒီတော့ ကဗျာဆရာ က အသိပေး ချင်ရုံ သက်သက် ၊ Message ပေးချင်ရုံ သက်သက် နဲ့ တော့ ကဗျာ ဖြစ် မလာနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။
စောစောက ပြောခဲ့ သလို အရာရာ ကို ရင်ခုန် ခံစား နေတာ ဟာ မဖြစ်နိုင် သလို ဘာမှ ရင်မခုန် မခံစားနိုင် တာလည်း မဖြစ်နိုင်ပါဘူး ။ ကဗျာဆရာ ဟာ သူ နဲ့ ပတ်သက်တဲ့ ဝန်းကျင် က ရိုက်ခတ်မှုကြောင့် သူ့ နှလုံးသား မှာ ခံစား လာရမှာ ပါပဲ ။ အချစ်ကဗျာ ဆိုရင် အချစ် ကြောင့် ရိုက်ခတ်မှု ကြောင့် ခံစားပြီး ထွက်လာတဲ့ ကဗျာ ပါ ပဲ ။ ဒါကို မလိမ်တမ်း မညာတမ်း ချ ရေး လိုက်ရင် လူတိုင်း ခံစားနိုင်တဲ့ ကဗျာ တစ်ပုဒ် ဖြစ်လာမှာပါပဲ ။ ဒါပေမဲ့ Message တော့ မပေးနိုင်ဘူးပေါ့ ။
Message ပေး နိုင်တဲ့ အကြောင်းအရာ ပါတဲ့ ကဗျာ ဆို ရင်လည်း ဒီလိုပဲ ခံစား ပြီး မှ ချရေး လိုက်ပြီး ဖြစ် လာတဲ့ ကဗျာမျိုး ပါပဲ ။ ရေး ပြီးမှ ဒီ ကဗျာ ထဲ က Message ကို ဖတ်သူ အတွက် ပေးပြီး ဖြစ် သွားတာပါ ။
Message ပေးချင်ရုံ သက်သက် ဆန္ဒ တစ်ခု တည်း နဲ့ မခံစားရတာ ကို ကဗျာ ရေးရင် စာဖတ်သူ က လည်း Message ရချင် ရမယ် ။ ဒါပေမဲ့ ရင်ထဲ မှာ ခံစား သွားရမှာ မဟုတ်ပါဘူး ။ ခံစား ပြီး နှလုံးသား က ရတဲ့ အသိ ဟာ ဦးနှောက် အသိ ထက် ပိုပြီး စွဲမြဲ တတ်ပါတယ် ။ ကျွန်တော့် ကဗျာလေး တွေ ထဲ က ဥပမာလေးတွေ ပြောပြ ချင်ပါတယ် ။
Message ပေးရုံ သက်သက် ရေး ရရင် ကျွန်တော် ဟာ မနက် ၇ နာရီခွဲ က ည အထိ အလုပ်သမားတွေ နဲ့ လက်ပွန်းတတီး နေ့စဉ် နေ နေရသူ မို့ ကဗျာတွေ အများကြီး ရေးနိုင်ရမှာပါ ။ ဦးနှောက် က သိနေ ၊ တွေ့နေ ၊ မြင်နေရ ပေမဲ့ နင့်ခနဲ ခံစား ရ မှ ကဗျာ ဖြစ်လာတာကို ကျွန်တော် ပြောချင် လို့ပါ ။
ကျွန်တော် နဲ့ တရင်းတနှီး ရှိ ခဲ့တဲ့ အလုပ်သမား တစ်ယောက် ၊ သူ့ အကြောင်း ကဗျာ ရေးမယ်လို့ ကျွန်တော် စဉ်းစားမ ထားခဲ့မိပါဘူး ။ ဒါပေမဲ့ သူ သေသွားပါတယ် ။ သူ သေသွားတော့ မှ သူ့ အသုဘ အတွက် သူ့ အိမ် ကို ကျွန်တော် ရောက်တယ် ။ လမ်း က ဗွက်စပ်စပ် နဲ့ လမ်း ၊ လမ်း အဆုံး မှာ အိမ်ကလေး က ယိုင်နဲ့နဲ့ နဲ့ ၊ ထရံအစုတ် ၊ ဝါးကပ် ကာ ထားတယ် ။ ကျွန်တော် ရောက် တော့ သူ့ မိန်းမ က ကလေးတွေ တစ်ပြုံ ကြား က အော် ငို လိုက်တယ် ။ ရင် ထဲ နင့်ခနဲ ခံစား လိုက်ရပါ တယ် ။ မလုံမခြုံ နဲ့ သူ့ အိမ် ကို ကြည့်ရင်း သူ က တိုက်အိမ် က တံခါးသံပန်းတွေ မလှ လှအောင် ဒီဇိုင်း ထွင် ပြီး သံပန်း လုပ် တဲ့ အလုပ်သမား လေ ။ အဲဒီမှာ ကျွန်တော် ခံစား လိုက်ရတယ် ။ ကဗျာ တစ်ပုဒ် ရ လိုက်ပါတယ် ။ သဘင် မဂ္ဂဇင်း မှာ ပါ သွားတဲ့ မရဏာနုဿတိ ဆိုတဲ့ ကဗျာ ပါ ။ ကျွန်တော် အဲဒီ ကဗျာလေး ကို ရွတ်ပြပါရစေ ။
ရွှံ့ဗွက်ခြေနစ် ၊ ညစ်ပတ်မြောင်းပုပ်
တဲစုတ်ယိုင်ယဲ့ ၊ မြစ်နဲ့ နီးကပ်
လူနေရပ်လို့ ၊ ထင်မှတ်စရာတောင် မရှိ ။
အိမ်တံခါးမှာ ၊ ဖျာစုတ်တစ်ချပ်
ဝါးခြမ်းကပ်လို့ ၊ မတ်တတ်လှမ်းတက် ၊
မမြင်ရက်စရာ တစာစာငို
အို ... ကလေးတစ်ပြုံနဲ့ပါလား ။
တော့် ဆရာ လာပြီတော်... တဲ့
ဖျော့တော့တော့ မိန်းမ ၊ ငိုချင်းချသံ
နားထဲ လျှံပွက် ၊ ထ ထိုင်ခက်နဲ့
ပက်လက်အိပ်ပျော် ၊ ဪ ငါ့တပည့်
စောင်းငဲ့ပြီး ကြည့်ရသေး ။
ဖင်မနွေးခင် ၊ ကြေးစည်ထုလို့
သင်္ချိုင်း ပို့ဆောင် ၊ ခွေးဟောင်ဟစ်အူ
လူခြောက်ကပ်ကပ် ၊ ဗွက်စပ်စပ်လမ်း
အခေါင်းထမ်းထွက်
မိုးစက်ကလေးတွေ ဖွဲဖွဲစွေလို့
သေသူ အေးမြအောင်လား မသိ ။
တိုက်အိမ်ခမ်းနား ၊ တံခါးသံပန်း
အကွက်ဆန်းထွင် ၊ ကျွမ်းကျင်ပြုလုပ်
ငါ့ရဲ့ အလုပ်သမား
သူ လုပ်ခဲ့တဲ့ တံခါးတွေ
လှပနေဆဲ ၊ ဆေးရောင်မှ မခွဲခင်
မမြဲသောတရား
ဘုရား ... ဘုရား ... ။
( သဘင်မဂ္ဂဇင်း )
ဒါ ကျွန်တော့် နှလုံးသား က ခံစား ပြီး ပေါက် ဖွားလာခဲ့ တဲ့ ကဗျာ ပါ ။ ဒီ ကဗျာ က နေပြီး ကျွန်တော် ပေး ချင်တဲ့ Message ကို လည်း ပေးပြီးသား ဖြစ်သွားတယ်လို့ ထင်ပါတယ် ။
ဒီလိုပါပဲ ။ အလုပ်သမား တစ်ယောက် လက် ပြတ် သွားတာ ကို ဝမ်းနည်းရမယ့် အစား အားရဝမ်းသာ ဖြစ် ပြီး လျော်ကြေး ရ ရင် သား ရှင်ပြုရတော့မယ် လို့ ပြောတဲ့ စကား ကြား ရတုန်း က လည်း ရင် ထဲ မှာ နင့်ခနဲ ခံစား လိုက်ရပါတယ် ။ ဒါနဲ့ ကဗျာ တစ်ပုဒ် ဖြစ်သွားပါတယ် ။
မြိတ် ပီလောပီနံစက်ရုံ ကို ရောက်တုန်း ကလည်း ညဆိုင်း ဆင်းတဲ့ အလုပ်သမလေးတွေ နား ရောက် သွား တော့ လေး ၊ ငါးနှစ် အရွယ် ကလေးငယ်လေး ကို သမံ တလင်း အေးအေးပေါ် မှာ အခြုံ မပါဘဲ သိပ် ထားပြီး အလုပ် လုပ် နေတာ တွေ့လိုက်ရတယ် လေ ။ မြိတ် ဈေး ထဲ က မှောင်ခိုပစ္စည်းတွေ ကို ပြန် မြင်ယောင် ရင်း နဲ့ ရင် ထဲ မှာ တင်းခနဲ ခံစား လိုက်ရ ပြန်ပါတယ် ။ ဒါနဲ့ ကဗျာ တစ်ပုဒ် ရ ပါတယ် ။
သင်္ဘောဦးလျှင် ...
ပင်လယ်ရေကြား
တအားဖောက်ထွက်
စက်ရှိန်တက်စဉ် ၊ မြင်ယောင်ထပ်ထပ်
ဖျာချပ်ပေါ်က ကလေး
ဈေးထဲက ပစ္စည်းစုံ
အာရုံမှာ ခံစား
ဟွန်ဒါများ စိုက်ခင်းများ
မြို့သားမြို့သူ ၊ ကျေးလက်ကလူများ
ဝိုးဝါးထင်ဆဲ ၊ ရင်ထဲမှာတင်း
သင်္ဘောအောက်ထပ်သို့ ဆင်းခဲ့၏ ။
( ချယ်ရီမဂ္ဂဇင်း )
အဲဒီလို ကဗျာ ကို အဆုံးသတ် ထား လိုက်ပါ တယ် ။ နောက် တစ်ခု ကတော့ နို့ဆီဘူးခွံတွေ ၊ နို့မှုန့်ဘူး ခွံတွေ လိုက် ဝယ်တဲ့ လူတွေ ကို ငယ်ငယ်လေး ကတည်း က တွေ့ဖူးတာပါပဲ ။ မတိုက်ဆိုင် တော့ ရင် ထဲ မှာ မခံစားရပါ ဘူး ။ ကဗျာ မရေးဖြစ် ခဲ့ပါဘူး ။
တစ်နေ့တော့ မိတ်ဆွေ တစ်ယောက် အိမ် ကို သွားရင်း မိတ်ဆွေ နဲ့ စကား ထို င်ပြောနေတုန်းမှာ အိမ်ရှေ့ အိမ် က အဲဒီလို ဘူးအခွံတွေ လိုက် ဝယ်တဲ့ သူ ဖြစ်နေတာ တွေ့ရတာပါပဲ ။ အဲဒီ ဘူးအခွံတွေ လိုက်ဝယ် တဲ့ သူ က ပြန် လာတော့ သူ့ အထမ်း ကို ချလိုက် တုန်းမှာပဲ အိမ် ထဲ က ပိန်ပိန် လှီလှီ နဲ့ ကလေးငယ် တစ်ယောက် လေးဖက်တွား ထွက် လာရင်း ခြင်းတောင်း ထဲ က နို့မှုန့်ဘူးအခွံ ကို လှမ်း ယူ ပိုက်ပွေ့ပြီး ကစား နေတာ မြင်လိုက်ရပါတယ် ။ ကျွန်တော့် ရင် ထဲ မှာ အတွေး တစ်ခုကြောင့် ထိထိခိုက်ခိုက် ခံစား လိုက် ရပြီး ကဗျာ တစ်ပုဒ်ကို ရ သွားပါတယ် ။ အခွံ လို့ ခေါင်းစဉ် ပေးထားတယ် ။
ကဗျာ အဆုံး မှာ တော့ -
မေဂျီ လူရည်ချွန် ၊ အခွံတွေကြည့်
သားကို ကြည့်နှင့် ၊ မရှိမမျှ
ဘဝအခွံ ၊ ဒုက္ခနွံမှ
သောကပွေ့ပိုက် ၊ ခံစားလိုက်မိ
ရင်၌ အခွံဟောင်းလောင်းဖြစ် ။
( သောကခြေရာ )
လို့ ရေး လိုက်မိပါတယ် ။
ပြန် ချုပ်ပြီး ပြောမယ် ဆိုရင်တော့ ကဗျာ ဆိုတာ Message ပေးချင် ရုံ သက်သက် နဲ့ ရေးတာ မျိုး ထက် ရင်ထဲ မှာ တိုက်ဆိုင် ခံစားလာရတာ ကို ရေးရင်း ရေးတဲ့ အထဲ မှာ ကိုယ် ပေးချင်တဲ့ Message ပါ သွားတာပါ ။ စာဖတ် ပရိသတ်ကလည်း Message ရရုံ သက်သက် မဟုတ်ဘဲ ကိုယ် ခံစားရ သလို မျှဝေ ခံစားသွားနိုင်မှာ ပဲ လို့ ယုံကြည် ပါ တယ် ။ သိရုံ သက်သက် Message ထက် ရင် ထဲ မှာ စွဲသွား တဲ့ Message ဟာ ပိုပြီး ထိရောက်နိုင်မယ် လို့လ ည်း ယုံပါ တယ် ။
အဲဒီလို Message ပေးချင်ရုံ သက်သက် မဟုတ် ဘဲ ထိခိုက် စူးနင့် အောင် ရင် ထဲ မှာ ခံစား ပြီး မှ ရလာ တဲ့ ကဗျာ က Message ကို လည်း ရနိုင် ၊ ဆင့်ပွား အတွေး ( Second Thought ) ကိုလည်း ရနိုင်တဲ့ ကဗျာမျိုး ကိုပဲ ကျွန်တော့် အနေ နဲ့ တော့ ကဗျာ ကောင်း တစ်ပုဒ် လို့ ကျွန် တော် ယူဆ ပါ တယ် ဆိုတာ ဖြေပါရစေ ။
ကဗျာ မှာ ကာရန် ဟာ အဓိက ကျပါသလား ။ ကာရန်မဲ့ ကဗျာ အပေါ်မှာ ဘယ်လို သဘောထားပါသလဲ ဆရာ ။
စောစောက စကားတွေ နဲ့ ပဲ ပြန် ဆက်ရပါလိမ့်မယ် ။
သတင်းစာ ထဲ က ရတဲ့ သတင်း တစ်ခု ဟာ ရင် ထဲ မှာ စွဲပြီး ကြာကြာ ခံစားပြီး မနေရပေမဲ့ အဲဒီ သတင်း ကို ပဲ ဝတ္ထုတို တစ်ပုဒ် အဖြစ် ရသ ပါအောင် ရေးရင် ရင် ထဲ မှာ စွဲပြီး ကျန်နေတတ်ပါတယ် ။ ဒါဟာ သတင်း ရရုံ သက်သက် ထက် ခံစားမှု ပို လာ လို့ပဲ ဖြစ်ပါတယ် ။ ဦး နှောက် က မှတ်မိ တာ ထက် နှလုံးသား က မှတ်မိတာ က ပိုပြီး စွဲလမ်း ကြာရှည် နိုင်ပါလိမ့်မယ် ။
ဒီတော့ ကဗျာ တစ်ပုဒ် ကို ရေးတဲ့ အခါ မှာ လည်း ကိုယ် ပြောချင်တဲ့ အကြောင်း ၊ ကိုယ် ပေးချင်တဲ့ သတ င်းကို စာဖတ်သူ ရဲ့ နှလုံးသား ထဲ မှာ ကူးစက် ပြီး စွဲမြဲ ခံစား သွား နိုင်အောင် အဓိက ကျတယ် ထင်ပါတယ် ။ ကဗျာ ရေးတယ် ဆို ကတည်း က စကားပြေ ရေးတာ နဲ့ မတူနိုင် တော့ပါဘူး ။ ကဗျာ မှာ အင်အား ကောင်းတဲ့ ကဗျာ စကားလုံး တွေ ရွေး ချယ် သုံးစွဲကြပါတယ် ။ အဲဒီ စကားလုံးတွေ ကို တစ်ခု နဲ့ တစ်ခု ငြိအောင် ကာရန် ဒါမှ မဟုတ် ရစ်သမ် နဲ့ ချိတ်ထား ကြပါတယ် ။ ဒီတော့ ရင် ထဲ ကို ပိုပြီး ထိခိုက် လွယ်တယ် ။ စွဲမြဲ လွယ်တယ် လို့ ထင် ပါတယ် ။
ဒါကြောင့် ကဗျာ မှာ ကာရန် ဟာ အဓိက ကျတဲ့ အရာ တစ်ခု ပဲ လို့ ကျွန်တော် တော့ ထင်မြင်ပါတယ် ။ ဒီနေရာ မှာ လေး သုံး နှစ် ၊ ထိပ်တိုက် ၊ ဘီလူးရယ် ၊ ဘာညာ အစ ရှိတဲ့ စည်းတွေ ဘောင်တွေ ကို တစ်သဝေ မတိမ်း လိုက်နာရမယ် လို့ ကျွန်တော် မဆိုလိုပါဘူး ။ စည်းတွေ ဘောင်တွေ ဒေါသတွေ ကို ဂရု ပြုစရာ မလိုပါ ဘူး ။ ဒါပေမဲ့ ရင်ထဲ မှာ စွဲအောင် တော့ ကဗျာ မှာ ကာရန် ဒါမှမဟုတ် ရစ်သမ် ထည့် သင့်တယ် ယူဆပါတယ် ။
ဥပမာပေါ့ လေ .. ရိုးရိုးရှင်းရှင်း ပြော ရရင် မိန်းကလေး တစ်ယောက် ကို တိတ်တခိုး ချစ်မိပြီး ဖွင့် ပြော ချင်ပေမဲ့ မပြောရဲ ခဲ့တဲ့ ဝေဒနာ ကို ခံစားနေရပါတယ် ဆိုတာ ကို ကာရန်လေး ထည့် လိုက်ရင် ခံစားလို့ ရသွားမယ် ထင် ပါတယ် ။
တစ်နေ့ တစ်နေ့ ၊ ရွေ့ရွေ့ကုန်မြန်
မနက်ဖြန်ပေါ့ ၊ ပြောတော့ ပြောမည်
ရည်ရွယ်ခဲ့လျက် ၊ နှုတ်က ခက်တော့
အိပ်မက်တွေပဲ ကျန်တယ်လေ ။
ဒီလို လေးလုံးစပ် ရေး ရင် ရေး ၊ ဒါမှ မဟုတ်ရင် လည်း ...
ဘယ်သူမြင် ဘယ်သူ သိမှာလဲ
သူ ရှိတယ် ကိုယ့်ရင်ထဲ အမြဲငြိတွယ်
အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့
စိတ်အတွေးကို တမင်မှောက်တာလား
သခင်ရောက်ပါလို့ တဝဲလည်လည် ...
အဲဒီလို အချိုးလေး နဲ့ ရေး ရင် ပို ပြီးတော့ နက်ရှိုင်းအောင် ရင်ထဲမှာ ခံစားရမယ်လို့ ယုံကြည်ပါတယ် ။ Message ပေးချင် လို့ ရေးတဲ့ ကဗျာတွေ မှာ လည်း ဒီလို ပါပဲ ။ ရေးသူ ကိုယ်တိုင် ခံစားရ သလို စာဖတ်သူ ခံစား လာ ရအောင် စကားလုံး ရွေးချယ် မှုနဲ့ ကာရန် ၊ ဒါမှမဟုတ် ရစ်သမ် ဟာ အရေးကြီးတယ် လို့ ယူဆပါတယ် ။ နောက် အမေး တစ်ခုဖြစ်တဲ့ ကာရန်မဲ့ ကဗျာ ကိစ္စ ။
ဒီကိစ္စ က တော့ ရှင်းပါတယ် ။ ကျွန်တော် က တော့ ကာရန်မဲ့ ကဗျာ ဆိုတာ ရှိ ကို မရှိဘူးလို့ ထင် ထား ပါတယ် ။ အခု ကာရန်မဲ့ကဗျာ ပါ လို့ သတ်မှတ် ထားတဲ့ ကဗျာတွေ ဟာ တကယ်တော့ ကာရန် မမဲ့ပါဘူး ။ တစ်နေရာ မဟုတ် တစ်နေရာ ၊ တစ်လုံး မဟုတ် တစ်လုံး မှာ ကာရန် ဟာ ငြိ နေ တတ်တာပါပဲ ။ ကာရန် မငြိရင် လည်း ရစ်သမ် နဲ့ ငြိအောင် လုပ်ထားတာပါပဲ ။ ပြီးတော့ ရေးတဲ့ သူတွေ ဟာ လည်း ရှေးရိုးစပ်နည်းတွေ ကို ပိုင်နိုင် ကျွမ်းကျင် ပြီး မှ အခုလို ဆန်းသစ် တီထွင်ပြီး ရေးကြတဲ့သူတွေ ဆိုတော့ ကာရန် နဲ့ ရစ်သမ် လွတ် နေ စရာ အကြောင်းကို မရှိပါဘူး ။ သမားရိုးကျ လေး သုံး နှစ် ပုံစံ မဝင်တာဘဲ ရှိပါတယ် ။
“ ကံ့ကော်တန်း ” မှာ ရီတာ့ နာမည် က မြမြနွယ် ၊ ဆရာနွမ်ဂျာ ဝတ္ထု မှာ ပါတဲ့ ဆရာ့ ကဗျာ ထဲ မှာ လည်း တစ်ပင်တည်း ရင်ထဲကနွယ် ဆိုတာ ပါတယ် ။ နောက်က အမှာ , မှာလည်း “ သူ့ နွယ်... ကျွန်တော့် နွယ် ” လို့ ရေးထားတာ တွေ့ရတယ် ။“ ကံ့ကော်တန်း ထဲ မှာလည်း နွယ် ကဗျာလေးတွေ တွေ့ရတယ် ဆိုတော့ ဆရာ့ မှာ နွယ် နဲ့ ပတ်သက်တဲ့ ရောဂါအခံ ရှိမယ် ထင်ပါတယ် ။ ဝတ္ထုတွေ ထဲ က ဇာတ်ကောင် နွယ် ဟာ ... ။
ကံ့ကော်တန်း က လွမ်းချင်းရှည် မှာ နွယ် ဆို တာ ပါ ပါတယ် ။ နွယ် ကဗျာတွေ လည်း ကျွန်တော် ခံစားပြီး ရေးခဲ့ တာ အမှန်ပါပဲ ။ နောက်ထပ် ထွက်မယ့် ဝတ္ထု က လည်း သမုဒယ တွယ်သမို့ နွယ် လို့ ခေါ်မည် လို့ အမည် ပေး ထားပါတယ် ။ နွယ် အကြောင်း ပါပဲ ။
ကိုဝင်းငြိမ်း အမေး ကို ကြိုးစား ဖြေကြည့်ပါ့မယ် ။
မှန် ထဲ မှာ ထင် နေတဲ့ ကျွန်တော့် ပုံရိ ပ်ဟာ ကျွန်တော် အစစ် မဟုတ်ပေမဲ့ ကျွန်တော် မဟုတ်ဘူးလို့ လည်း ပြောလို့ မရပါဘူး ။ ဒီလိုပါပဲ ဝတ္ထု ထဲ က နွယ် တွေ ဟာ ကျွန်တော့် ရင်ထဲ က နွယ် မဟုတ်ဘူးလား ဆိုရင် ဟုတ်ပါတယ် ။ နွယ် အစစ် ပဲ လား ဆိုရင် မဟုတ်ပါဘူး လို့ ဖြေရမှာပါ ။ နွယ် ရောဂါ ဆိုတာ ထက် နွယ် ဝေဒနာ လို့ ပြောချင်ပါတယ် ။ အနုပညာသမားတွေ မှာ ဝေဒနာ ကို တာရှည် အောင် ပိုပြီး မွေးမြူ ခံစား ထားနိုင်သလား မသိပါ ဘူး ။ ကျေပျက် မသွားဘူးလေ ။ ကျွန်တော် ဖတ်ဖူးတဲ့ မိလိန္ဒမင်းကြီး နဲ့ ရှင်နာဂသိန် အမေး အဖြေ တစ်ခု ကို သွား သတိရပါတယ် ။
ကျောက်တုံး ကျောက်ခဲ လို အလွန် မာကျောတဲ့ အရာဝတ္ထုတွေ တောင် ငရဲပြည် က ငရဲမီး ထဲ ကျ သွားရင် ခဏလေး နဲ့ ပျောက်ပျက် သွားနိုင်တယ်တဲ့ ။ ဒါပေမဲ့ ငရဲသားတွေ ကျ တော့ ငရဲမီး မှာ ဘာကြောင့် ပျောက်ပျက် မသွားဘဲ နစ်လိုက် ၊ ပေါ်လိုက် ဒုက္ခ ကို ခံစားနေရပါ သလဲ ... လို့ မိလိန္ဒမင်းကြီး က မေးတော့ ရှင်နာဂသိန် က ပြန်ဖြေတယ် ။
ငါးမန်း စတဲ့ ကြီးမားတဲ့ ငါးကြီးတွေ ရဲ့ ဝမ်း ထဲ ကို ရောက်သွား တဲ့ ကျောက်စရစ်ခဲ နဲ့ တခြား မာကျောတဲ့ အရာတွေ ဟာ အစာ ချက်ပြီး ကြေညက် သွားပေမဲ့ အဲဒီ ငါးမန်း ရဲ့ ကိုယ်ဝန် ကျ တော့ ကျေပျက် မသွားပါဘူး တဲ့ ။ အဲဒါ ဟာ ကံတရား ကြောင့် ပါ တဲ့ ။ အဲဒီလိုပဲ ငရဲသား ဟာ လည်း သူ့ အကုသိုလ် ကံ မကုန်မချင်း ငရဲမီး ထဲ မှာ မကျေ မပျက် ဘဲ နစ်လိုက် ပေါ်လိုက် ဖြစ်နေမှာ ပဲ တဲ့ ။ အဲဒီလို ပဲပေါ့ ဗျာ ။ ဝေဒနာ တစ်ခု ဟာ လ ည်း ကံတရား က မကုန် သေးတော့ ရင် ထဲ မှာ စွဲမြဲ နေတာ ထင်ပါရဲ့ ။
စာဖတ်ပရိသတ်နဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိရင် ၊ ဆရာ ဖြည့် ချင်တာ ရှိရင် ဖြည့်ပါဦး ဆရာ ။
ကျွန်တော် က အချစ်ဝတ္ထု ရေး နေတဲ့ ကဗျာသမား တစ်ဦး ပါ ။ ကျွန်တော့် ရင်ထဲမှာ စူးစူးရှရှ ခံစားရတာ ကိုပဲ ကျွန်တော် ရေးချင်ပါတယ် ။ ပရိသတ် ကို ပြောချင်တဲ့ Theme ကို ရ မှ ဇာတ်လမ်း ရှာ ပြီး ရေး ပါတယ် ။ ဘာဖြစ် အောင် ၊ ညာဖြစ်အောင် ဆိုပြီး ဘာမှ မရေးချင်ပါဘူး ။ အချစ်ဝတ္ထု တွေ ချည်း တစ်သမတ်တည်း ရေးမယ်လို့ လည်း မပြောနိုင် ပါဘူး ။ ကျွန်တော် ခံစားရတာ ကို ကျွန်တော် ရေး သွားမှာပါ ။
စကား စပ်မိလို့ အချစ်ဝတ္ထု မဟုတ်တဲ့ ဝတ္ထု တစ်ပုဒ် ကျွန်တော် ရေးထား ပါတယ် ။ မမစမ်း ( စမ်းစမ်း နွဲ့ - သာယာဝတီ ) နဲ့ တွဲ ထုတ်ဖို့ စီစဉ် ထားပါတယ် ။ စက်ရုံ ထဲ က အကြောင်း ကျွန်တော် ခံစားရတာ ကို ကျွန်တော် ရေး တာပါပဲ ။ အချစ်ဝတ္ထု မဟုတ်ပါဘူး ။ အချစ်ဝတ္ထု ရေးတဲ့ နေရာမှာ လောဘကြောင်း ၊ မောဟကြောင်း ရေးရ တာ ဆိုတော့ အနုသယမောဟ လို ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ် ကို သာ ဖွဲ့ဆို ဖို့ ကြိုးစား ပါတယ် ။ ပရိယုဋ္ဌာန ဆိုတဲ့ တဏှာရာဂ ပါတဲ့ ညစ်ညမ်း တဲ့ မောဟမျိုး မပါ အောင် ကြိုးစားပါတယ် ။
ပရိသတ် အတွက် တစ်ခု ခု ပေး နိုင်အောင် ကြိုးစား ပါတယ် ။ ကျွန်တော့် စာပေ ကို စာဖတ် ပရိသတ် က ပဲ အဆင့် သတ်မှတ်ပြီး လက်ခံ သွားကြ မှာ ဖြစ်တယ်လို့ လေးလေးနက်နက် ယုံကြည် ပါတယ် ။ မောင်စိန်ဝင်း ( ပုတီးကုန်း ) ဆိုတဲ့ ကလောင် တစ်ချောင်း ဟာ ပရိသတ် ပေးတဲ့ အဆင့် တစ်နေရာ မှာ ပဲ ရှိနိုင်တယ် လို့ ထင် မိကြောင်း ပြော ချင်ပါတယ် ။
ကျေးဇူး တင်ပါတယ် ဆရာ ။ ခုလို အလုပ်များ နေတဲ့ ကြား က စာဖတ် ပရိသတ် အတွက် အချိန် ယူ ဖြေပေး တဲ့ အတွက် စာဖတ်သူများ ကိုယ်စား ၊ ပေဖူးလွှာ စာတည်း အဖွဲ့ ကိုယ်စား ကျေးဇူး စကား ဆိုခဲ့ပါရစေ ။ နောက်ထပ် ထွက် လာမယ့် ဆရာ့ ကဗျာတွေ ၊ နှလုံးသား ထဲ က ဝတ္ထုတွေ ကို လည်း ကျွန်တော် တို့ စောင့်မျှော် နေကြပါဦးမယ် ဆရာ ။
◾ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၆၄
စက်တင်ဘာလ ၊ ၁၉၈၆ ခုနှစ် ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment