( ၁၁ )
ဤ ဆောင်းပါး ရေးတော့မည် ဟု ဟန် ပြင်သည့် နေ့ က ဧည့်သည် တစ်ဦး ပေါက် လာသည် ။ သောက်လိုက် ကန်းဆိုး မသိတော့ ( ဧည့်သည် ) ဖြစ် သည့် အတိုင်း ခေါက်ဆွဲကြော် စား ချင်သည် ဟု အစ ပြု ဖောက်လာ သည် ။
ဂျပန်ခေတ် က သာဓု မြင်းလှည်း မောင်း ၊ ပေါင်ဒါ လုပ် ရောင်းရင်း သိကျွမ်းခဲ့၍ တတ်အား သမျှ ဧည့် ဝတ် ကျေလိုက်ရသည် ။ ခေါက်ဆွဲ တစ်ခွက် စွက်ခနဲ ကုန် သွား၍ ပါးစပ် မှ ဆီများ ပင် မသုတ်ရသေး မီ ...
“ လက်ဖက်သုပ်ကလေးများ မရှိ ဘူးလားဗျ ”
သာဓု က အိမ်တွင် မရှိ ဝယ်ခိုင်း မှ ရမည် ပြောရာ ...
“ လုပ်ဗျာ ... တစ်လက်စတည်း ၊ လက်ဖက်ရည် ပါ မှာ လိုက်နော် ၊ ဟဲ ၊ ဟဲ ၊ ကိုဖေသန်း နဲ့ ကျွန်တော် ဂျပန် ခေတ် က သကြားလက်ဖက်ရည် သောက်ရင်း မြင်း ကို ပလာတာ ကျွေး ခဲ့တာ မှတ်မိ သေးလား ”
သာဓု စိတ်ညစ်လာချေပြီ ။ ပြုံးရုံ ပြုံး ပြပြီး သူ စားချင် သည် များ ဝယ် ခိုင်း လိုက် ရသည် ။ စိတ်မကောင်း လှ ။
မိုး ရွာလျှင် သာဓု လမ်း မထွက် ချင် ။ ထို့အတူ တပည့်တပန်းများ ကို လည်း အပြင်သို့ မခိုင်းချင် ။ ယခု ဤ ဧည့်သည် ရောက်လာချိန် မိုးသည်းသည်း ရွာ နေခိုက် ခေါက်ဆွဲ ဝယ် ခိုင်းပြီးပြီ ။ ကျွေး ပြီးပြီ ။ နောက် တစ်ခေါက် လွှတ် ရပြန်ပြီ ။ မိုး သည် သည်းရုံမျှ မက လေ က ပါ ဝဲ ထိုး တိုက်ခိုက်နေ သဖြင့် တပည့် တစ်ယောက် အား ထပ် လွှတ် ရသည့် အတွက် ( ဤသည် ကို စိတ်မကောင်းလှ ) ဖြစ်ချေ သည် ။
“ ကဲ ၊ မောင်သိန်း ၊ အင်ဂျင်ကလေး ပူ သွားအောင် ကားစက် နှိုး ထားလိုက် ကွာ ”
လက်ဖက်ရည် ဝယ်၍ ပြန် လာသူ တပည့် အား လှမ်း ပြောရင်းကပင် ...
“ ဟာ ၊ မင့် တစ်ကိုယ်လုံး လဲ ရွဲ နေပြီ အေးလေကွာ ၊ လေရော ၊ မိုးရော ချ နေတာကိုး ၊ လာ ၊ လာ ၊ ဆေးတစ်လုံး သောက် ထားလိုက် ”
ထို တပည့် ဆင်း သွားသည် နှင့် ဧည့်သည် ကာလနာ သည် အငမ်းမရ လက်ဖက်ထုပ် ဖြေရင်း ၊ နယ်ရင်း က
“ ဘာလဲဗျ ။ ကားစက် နှိုး ခိုင်းတာ ကျွန်တော့် ကို လိုက် ပို့ မလို့ လား ”
“ ခင်ဗျား မှာ ကား ပါတယ်ဆို ၊ တောင်ဘက် ဘုရားအဆင်း မှာ ရပ် ထားခဲ့တယ် ဆို ”
သူ ပြုံးဖြီးဖြီး လုပ်ရင်း ပလုပ်ပလောင်း စား နေသည် ။
သာဓု နေ သည် မှာ ဝင်ဒါမီယာ ဓာတ်ပေါင်းစုံ ဘုရားကုန်း ( အောင် မင်းခေါင် ) မြောက်ဘက် အဆင်း သူ လမ်းမှား ပြီး တောင်ဘက် မှ ဝင် လာ၍ ထိုမှာ ပင် ကား ရပ်ပြီး ဘုရား ပေါ် မှ တက် လာသည် ဟု ရောက် ရောက်ချင်း သူ ပြောပြီးခဲ့ပြီ ။
အမှန် စက် နှိုးခိုင်းသည် မှာ လည်း ( သွားစရာ ရှိသည် ) အကြောင်း ပြ၍ သူ မြန်မြန် ပြန် စေ ရန်သာ ဖြစ်သည့် အတိုင်း သူ လက်ဖက်ရည် သောက် နေဆဲ မှာ ပင် သာဓု အင်္ကျီ ထ လဲသည် ။ နောက် လွယ်အိတ် ကို လွယ်ပြီး မတ်တတ်ပင် ရပ်နေသည် ။ မထိုင် ၊ စကား ထပ် ရှည်မည် စိုး၍ ... ။
မိုးကား ဖွဲနေဆဲ ။ သာဓု တို့ ခြံ ဝ အရောက် တွင် သူ က ဘုရား ပေါ် တက် ပြီး ဖြတ်သွားမည် ပြော သော်လည်း သာဓု က ရပ် မပေးဘဲ တောင်ဘက် မုခ် သူ့ ကား နား အထိ လိုက် ပို့ ပေးလိုက်သည် ။
စင်စစ် သာဓု ကား ကို လမ်းထိပ် အရောက် တွင် အိမ်ပြန် ကွေ့ ချင်သည် ။ သို့သော် သူ ကလည်း ကား နှင့် ဖြစ် လျက် သာဓု နောက် မှ လိုက် လာသည် မှာ ပေ ၂၀၀ လောက်သာ ကွာသည် ။
မြင်နေရသည် ။ သို့နှင့် ယုတ္တိ ရှိ အောင် မြို့ထဲ ဘက် ကားဦး တည်ခဲ့ရသည် ။
ရွှေတိဂုံဘုရား အနောက်မုခ် ဦးဝိစာရလမ်း ရောက်သော် အဆိုပါ ဧည့်သည် ၏ ကား ကို မမြင်ရတော့ချေ ။ မည်သည့် ဘက် ကွေ့သွားသည် မပြောတတ် ။
ဤတွင် တစ်ဖန် ဦးဝိစာရ ကျောက်တိုင် အဝိုင်း ကို ပတ်၍ အိမ် ပြန်ကွေ့ရန် စိတ်ကူးသေးသည် ။ စာ ရေးချင်သည့် စိတ်ကလေး အပြေးအလွှား ပျောက် သွားပေပြီ ။
မြို့ ထဲ ဆက် မောင်းခဲ့သည် ။ လက်ဖက်ရည် နှင့် အားလူး ပတ် ( ဖ် ) နှစ်ခုစားသည် ။ ပြီးသည် နှင့် ရုပ်ရှင် မကြည့်သည် မှာ ကြာပြီ ဖြစ် သောကြောင့် မြန်မာရုပ်ရှင် ပြနေ သော အအေးရုံ တစ်ရုံ ရှေ့ ကားရပ် လိုက်သည် နှင့် ( ရုံပြည့်ပြီ ) ဟူသော ဆိုင်းဘုတ်ကြီး ကို တွေ့ရသည် ။
တခြားတစ်ရုံ သို့ လှမ်း ကြည့် လိုက် သောအခါ ထို အအေးရုံ လည်း ( ရုံပြပြီ ) ပင် ဖြစ်နေချေ၏ ။ သာဓု ဝမ်းသာ သွားသည် ။ ထိုနေ့သည် တနင်္လာနေ့ ဖြစ်လျက် သာဓု ဝင် လိုက်သော နေပြည်တော်ရုံ မှ ဇာတ်ကား သည် ဒုတိယပတ် ဖြစ် လျက် ရှေ့ဆောင်ရုံ မှ ကားမှာ ပထမ ပတ် ။
ရုပ်ရှင်သမားများ ၏ ကိန်းအရ ဆို မူ စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် ရုံပြည့် သော် ပြည့်တတ်လျက် တနင်္လာနေ့မှာ လခစားများ အဖို့ အလုပ်ခွင် ဝင်ရသောနေ့ ၊ အများ စု ဈေးသည် တို့ တစ်ပတ် အတွင်း ဆိုင် စတင် ဖွင့်ရသောနေ့ ၊ ကျောင်းသူ ကျောင်းသား တို့ လုံးဝ မအားသောနေ့ ( ဝါ ) ကျောင်း လစ်၍ မကောင်းသော အဓိက နေ့ သဖွယ် ဖြစ်၍ ရုပ်ရှင်ရုံများ လူပါးမြဲ ထုံးစံ ။
ဤ၌ ပထမပတ် စ၍ ပြသော ကား ကို ထိုရက်ပိုင်း တွင် ရုံပြည့်သည် ဆို က ခေါင်းညိတ် နိုင်စရာ ရှိသေးသည် ။
ဒုတိယပတ်ကား က အဘယ်ကြောင့် ရက်ပုပ် တွင် ရုံ ပြည့် နေပါသနည်း ။ တစ်ဖန် ထို ဇာတ်ကား သည် အတော် ကလေး ကမောက်ကမ နိုင်စွာ ညံ့လှ သည် ဟု သတင်း ပြေးနေခဲ့သေးသည် ။ ( သို့သော် ရုံပြည့်သည် ။ )
ဤသည် တို့ မှာ သာဓု ရုံအပေါ် ဆုံး ထပ် သို့ တက်ခဲ့စဉ် လှေကား တစ်လျှောက် စဉ်းစားလာ ခဲ့ခြင်း ဖြစ်ချေသည် ။
“ ဟာ ၊ ဆရာ ဆရာ့ “ ကြိုး ” က ဘယ်လိုလဲ ၊ ကြာ လိုက်တာဗျာ ”
ငါးကျပ်တန်း အပေါက်စောင့် က ဆီးကြိုရင်း ဤလို ပြောလိုက်သဖြင့်
“ ဟေ့ ... အဲဒါ မပြောနဲ့ ကွာ ၊ ဆရာ စိတ်ညစ်လွန်းလို့ ”
သာဓု ခြေလှမ်းပင် မတန့်ဘဲ ရုံ ထဲ လှမ်း ဝင်သွားသည် ၌ ရုံပြည့်သည့် သဘောတရား ကို မျက်လုံးကစား အကဲခတ် လိုက်ရာ ကု,လားထိုင် နှစ် လုံးတွဲစ ၊ သုံးလုံးတွဲစ အချို့နေရာ တွင် လူ တစ်ယောက်စာ စသည် ဖြင့် လစ်လပ် နေသည် ကို တွေ့ရ၏ ။
ဖြစ်နိုင်သည် ။
ရုပ်ရှင် ကြည့်ရန် ကြိုတင် လက်မှတ် ဝယ်ထားပြီး မှ အကြောင်း မညီညွတ် ၍ လည်းကောင်း ၊ မေတ္တာ လက်မှတ် ရ ထား သော်လည်း အခြား ကိစ္စ ပေါ်လာ၍ လည်းကောင်း ၊ မကြည့် ဖြစ် သူများ ရှိ တတ်သောကြောင့် ယခုကဲ့သို့ ထိုင်ခုံများ လစ်လပ်နေ ခြင်း ဖြစ်နိုင်သည် ။
ရုံပြည့်ပြီ ဆိုင်းဘုတ် ချိတ် ထားသည် ကို မြင်လာရ ကတည်း က မတ်ရပ်ပင် ကြည့်ရလိမ့်မည် ဟု တွက်ထားခဲ့ စေကာမူ ယခု နေရာလွတ်များ တွေ့လိုက် သဖြင့် အလယ်မကျ ၊ နောက်ဆုံးလည်း မကျ လှ သော ထိုင်ခုံ အလွတ် နှစ်ခု အနက် တစ်ခု တွင် သာဓု ဝင် ထိုင် လိုက်၏ ။
အလင်း ထဲ မှ ဝင် လာသူ ဖြစ်သည့် အတိုင်း ဘေး တစ်ဖက်တစ်ချက် မှ ပုဂ္ဂိုလ်များ ကို ကျား မ ခွဲ၍ မမြင်ရ ။ ဤကိစ္စ သည် ယခု အရေးကြီးလှ သည် မဟုတ်သော်လည်း ဆယ်ငါး မိနစ်ခန့် ကြာသော် အရေး ကြီးလာ သည် ။
ချွေးနံ့ လိုလို ၊ ချိုင်းနံ့ ယောင်ယောင် အနံ့ဆိုးများ နှာခေါင်း ထဲ စူး ဝင်လာ သည် ။ တစ်မိနစ် ခြား တစ်ကြိမ် လောက် ထို အနံ့များ က သာဓု ကို ဒုက္ခ ပေးလေတော့သဖြင့် ကြာကြာ မ ထိုင်နိုင် ။ မိနစ် အစိတ်လောက် အတွင်း သာဓု ထ ပြေးခဲ့ရချေ တော့သည် ။ စောစောက သာဓု ထ လာခဲ့သော နေရာ ၏ ယာ ဘက် တွင် ဆံပင် စုတ်ဖွား ဖြင့် မိန်းမဝဝ တစ်ယောက် ၊ လက်ဝဲ ဘက် တွင် မူ စွပ်ကျယ် လက်ပြတ် နှင့် သင်္ဘောဆိပ် အထမ်းသမား နှင့် ဆင်သော လူလတ်ယောက်ျား တစ်ဦး ။
“ အင်း ... သူတို့ လဲ ငါးကျပ်တန်း က တက် ကြည့် နေ နိုင်ကြပြီကိုး ”
ဟု စိတ် ထဲမှ ရိပ်ခနဲ ရေရွတ် မိ၏ ။ ကြည်လဲ ကြည်နူးမိ၏ ။ သို့သော် ဤလို ရုပ်ရှင် ကြည့်ရန် လာသော အခါမျိုး တွင် ရေ ကလေး မိုး ကလေး ကား ချိုးလာလျှင် ကောင်းလေစွ ဟု တောင့်တ မိ၏ ။
မတ်တတ်ရပ် ၍ ကြည့် နေရာမှ အခြား နေရာလွတ် သို့ သွား ထိုင်မည် စိတ်ကူးသေး၏ ။ လူတော် တော်များ များ ရှေ့ မှ မိုးတိုးမတ်တတ် ဖြတ်သွား ရမည် ကို အားနာသဖြင့် ခေတ္တ ရပ် ကြည့်ပြီး နောက် အခန်းများ နောက်နေ့တွင် မှ ကြည့်ရန် စိတ်ကူး ပြီး ပြန် ဆင်းခဲ့ကာ ကားပေါ် တက် မည် အပြု ...
“ ဟာ ဆရာ ၊ ရုပ်ရှင် လာကြည့်တာ လား ၊ တစ်ဝက် နဲ့ ထ, ပြန်လာတယ် ”
မေးခွန်း နှစ်ခု ကို တစ်ဆက် တည်း မေးရင်း လက်မောင်း လာ ကိုင်သူမှာ ကိုယ်တိုင် မင်းသား ၊ ကိုယ်တိုင် ဒါရိုက်တာ ၊ ကိုယ်တိုင် ထုတ်လုပ်သူ တစ်ဦး ။ အိမ်း ... သူ့ အား ရွှေမိုး ဟု သိ ထားကြပါစို့ ။
သာဓု က လည်း ကြုံခဲ့ရသည့် အဝတ်အစား နှင့် အနံ့အသက် ကို အကြောင်း ပြု၍ ပြန် ဆင်းခဲ့ ကြောင်း ရှင်းပြရင်း ...
“ မင်း က ကော ဘယ် သွားမလို့ လဲ ။ ကား ကော ”
“ ဟိုမှာ လေ ဆရာ ၊ ကျွန်တော်လဲ ပြန်တော့မလို့ ဟာ ၊ ဆရာ့ ကား မြင် လို့ ရပ်လိုက်တာ ၊ အတော်ပဲ ၊ ဆရာ လဲ ဆင်း လာတာနဲ့ ”
“ မင့် မိန်းမ မင်းသမီး ကော မပါဘူးလား ”
“ ကု,လားကား ကြည့် နေကြတယ် ဆရာ ။ သူတို့ ကြိုပြီး မှ ပြန် မှာ ပါ ။ ဪ ခုန ဆရာ ပြောတဲ့ ချွေးနံ့ကိစ္စ ဆရာ အစုံ မသိသေးဘူး ထင်တယ် ”
“ ဟ ဒီ ရုပ်ရှင်ရုံ ထဲ က ချွေးနံ့ ချိုင်းနံ့ တောင် ရာဇဝင် နဲ့ လားကွ ”
“ သေချာတာပေါ့ ဆရာ ၊ ကဲ .. ဆရာ အားတယ် မဟုတ်လား ၊ တစ်ခုခု စားကြရအောင်ပါ ၊ စား ရင်း နဲ့ ကျွန်တော် ပြောပြမယ်လေ ၊ လာ ဆရာ ၊ ပိတောက်မြိုင် သွား ရအောင် ”
“ ဘာလဲကွ ပိတောက်မြိုင် အရက် ဆိုင်လား ”
“ ဟာ မဟုတ်ပါဘူး ဆရာ ၊ ဆရာ အရက် မုန်းသလို ကျွန်တော် လဲ မသောက်တော့ ပါဘူး ဗျာ ”
“ အေးကွာ ... စား ရမှာ နဲ့ ကား ကို တစ်ပတ်ကြီး ကွေ့ မောင်းရမှာ နဲ့ မောလှတယ်ကွာ ၊ ကဲ .. ဒီတင်ပဲ ထိုင် ပြောကြ ရအောင် ၊ လူ လဲ ရှင်း တာပေါ့ ၊ ကဲ စပြောစမ်းပါဦး ”
နေသားတကျ ကား ပေါ် တွင် ထိုင် ကြသည် ။
“ ဒီလိုလေ ဆရာ ၊ ဆရာ လဲ သိသား ပဲ မဟုတ်လား ။ ဇာတ်ကား သစ် တစ်ကား စ ပြတဲ့ နေ့ က ( သုံးပတ် နဲ့ ငါး ရက် ) ဝင်ငွေ ဟာ သုံးသိန်းသုံးသောင်း ရရင် ( စူပါ ) အထူး အခွင့် အရေး ခံစားခွင့် ရမယ် ”
“ အေးလေ ... မြို့လယ် မြို့ပြင် ရုံ တွေမှာ သူ့ အလှည့် ပြီးသွားလို့ ရုံ အား ပေါ်ရင် သူ က စူပါ မို့ အခွင့်အရေး ပို ရ နိုင်တယ် ၊ အဲဒါ ဘာဖြစ်လဲ ”
“ ပြီးတော့ နယ်ရုံတွေ မှာ လဲ စူပါ ကား ဆိုရင် ရုံကောင်း ရက်ကောင်း ရမယ် ၊ မြို့ကြီး ဆို ၂ ရုံ တွဲ ပြခွင့်လဲ ... ”
“ ဒါတွေ ဆရာ သိပါတယ်ကွာ ၊ အဲ ဒါနဲ့ ရုံ ထဲ က ချွေးစော်နံ တာ ဘာဆိုင်လို့ တုံး ”
ရွှေမိုး သည် စက္ကူထုပ်ကလေး တစ် ထုပ် ဖြေ ကာ ကွမ်း တစ်ယာ ယူဝါးနေ ရင်း က
“ အဲဒီ အခွင့်အရေးတွေ ရအောင် ဆိုပြီး တချို့ ထုတ်လုပ်သူတွေ ( ဇာတ်ကားပိုင်ရှင်တွေ ) က ဘာလုပ် သလဲ ဆိုတော့ ဝင်ငွေ မများ များ အောင် မရောင်းရတဲ့ လက်မှတ်တွေ သူ တို့ ပြန် ဝယ်တော့ တာပဲဗျ ”
“ ဟ ... သူတို့ ဒီလို လုပ်နေတာ ကြာ ပြီပဲကွ ၊ အဲဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး ၊ တစ်နေ့နေ့ ပြဿနာ ကြီးလာလိမ့်မယ် လို့ ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို ဆရာ တင်ပြ ဆွေးနွေး သေးတယ် ၊ အဲ ၊ သူတို့ က ဘာပြောလဲ ဆိုတော့ ရုပ်ရှင်ရုံ ဟာ အများ နဲ့ ဆိုင်နေတော့ ဘယ်သူက လက်မှတ် ဝယ်ဝယ် ရောင်း ရမှာ ပဲ ၊ ငြင်းပိုင်ခွင့် မရှိပါဘူးတဲ့ ”
“ ဆရာ ရယ် ။ ကြိုတင် လက်မှတ် ဆိုပါတော့ ၊ ငါး ကျပ်တန်း ဖြစ်ဖြစ် လေးကျပ်တန်း ဖြစ်ဖြစ် ၊ တစ်ယောက် ကို ( ၄ ) စောင် ထက် ပို မရောင်းရ ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် ရှိတယ် ၊ အဲ ဒါ ပရိသတ် အတွက် နော် ။ နို့ ဇာတ်ကားပိုင်ရှင် ကျတော့ ၅၀၀ ကျပ် ၊ ၆၀၀ ကျပ်ဖိုး ဘာပြုလို့ တစ် ပြိုင် တည်း ရောင်းရသတဲ့ လဲ ”
ရွှေမိုး မေးပုံ ပိရိလှသည် ။ သာဓု ဖြေနိုင်သော်လည်း မဖြေ ။
အပြန်အလှန် ပြော နေ လျှင် ရှည်နေ မည် စိုး၍ ရှင်း မပြလိုက် ။
စင်စစ် ဤကဲ့သို့ ဇာတ်ကား ပိုင် အား ဝယ်သလောက် လက်မှတ် ရောင်းသည် မှာ အကြောင်း ရှိ၏ ။ ထို အကြောင်း သည် ကား ရုံ အနေဖြင့် ငွေ ၁၀၀၀ ကျပ် ဖိုး ပို ရောင်း ရလျှင် ပွဲ ခွန်တော် ၄၀၀ ပို ရ သောကြောင့် ... ။
“ ကဲ ၊ ဆက်ပြောပါဦး ၊ ချွေးစော်နံ တဲ့ ကိစ္စ ”
“ ခုန ပြောသလိုပေါ့ ဆရာ ။ ဇာတ်ကားရှင် တချို့က ဆရာ ပြောတဲ့ အထူးအခွင့်အရေး ရအောင် အပြင် ရန်ကုန် မှာ ဝင်ငွေ ကောင်းတယ် ဆိုတော့ နယ်ကို ငှားတဲ့ အခါလဲ ပို ရ ကောင်းရဲ့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ ( ရုံ ပြည့်ပြီ ) ဆိုင်းဘုတ်ချိတ်ဖို့ လက်မှတ် တွေ နင်းကန် ဝယ်ပြီး ဖြည့် ကြရာမှာ လက်မှတ် တော့ ကုန်ပါရဲ့ ( ရုံပြည့် ပြီ ) လဲ ချိတ်နိုင်ပါရဲ့ ၊ အဲဒါပေမဲ့ ရုံ ထဲ မှာ က ထိုင်ခုံ မပြည့်ဘူး လူ မရှိဘူးဗျ ”
“ အေးကွာ ဆရာ လဲ ခုတလော ဒီ ဘက် အလာ နည်းတော့ မသိဘူးလေကွာ ၊ တကယ် ရုံပြည့်တယ် ပဲ ထင် နေ ခဲ့တယ် ”
“ အမယ်လေး ၊ ရုပ်ရှင် ခေတ်ကြီး ပြောင်းလဲ သွားပြီ ဆရာရေ ၊ အဲသလို ( ရုံပြည့်ပြီ ) ပါရဲ့ လူ က ကျဲတောက်တောက် ဖြစ်ဖြစ် နေလို့ ရုံ မန်နေဂျာတွေ နဲ့ ရုပ်ရှင်ကော်ပိုရေးရှင်း အာဏာပိုင် တို့ ဆွေးနွေးပြီး ကားရှင်တွေ ကို ရုံပြည့် ချိတ်ပြီး လူဟောက်ပက် ဖြစ်နေတာတော့ မဖြစ်သင့်ဘူး လို့ အကြောင်း ကြားတော့ ဇာတ်ကားရှင် တွေ က နောက်ဆုတ် သွားတယ် ထင်သလား ၊ အဝေးကြီး ဗျ ”
“ ဘယ်လိုလဲ ၊ ဆွေမျိုးသားချင်း တွေ ၊ ရုပ်ရှင်ခြံ အလုပ်သမားတွေ အကုန် ခေါ်လာပြီး ဝင်ထိုင် ခိုင်းတယ် ဆိုပါတော့ ”
“ အဲလိုဆို တော်သေးတာပေါ့ ဆရာရယ် ၊ ခုတော့ လက်မှတ်တွေ ကြို ဝယ်ထားပြီး လမ်းသွား လမ်းလာ တွေ ၊ ကျောင်းသူကျောင်းသားတွေ လျှောက်ပေး ၊ ရုံရှေ့ က ဈေးသည် တွေ ပေးနဲ့ ၊ ဟာ တစ်နေ့ တစ်နေ့ ရုံပြ ည့်အောင် လူ ရှာရတာ လွယ်တာ မှ မဟုတ်တာ ဆရာရယ် ၊ ပြီးတော့ တစ်နေ့ ( ၄ ) ပွဲ မဟုတ်လား ။ အဲ ... အဲ ၊ နောက်ပိုင်းကျတော့ လူ ဆိုရင်ပြီး ရော ၊ ကြီးငယ်မရွေး ၊ ဖြူ ဖြူမည်း မည်း ၊ စုတ်စုတ်ပြတ်ပြတ် တွေ့သမျှ လူ ကို လက်မှတ်တွေ ကြော်ငြာ ဝေသလို ဝေတော့ ရုံ ထဲ မှာ လဲ လူပေါင်း စုံ ရောက် နေတာပေါ့ ဆရာ ”
ဤတွင် ရုံ ထဲ မှ ချွေးနံ့ ကို သာဓု သဘော ပေါက် လိုက် ချေ၏ ။ နောက် ဆယ်မိနစ်ခန့် အကြာ တွင် သူ အိမ်သားများ ကြိုရန် ကု,လားကား ရုပ်ရှင်ရုံ ဘက် သို့ ခွင့်ပန် ထွက်သွား သော ဟူ၏ ။
••••• ••••• ••••• •••••
သာဓု အိမ် ပြန် ရောက်သော် ဤ အကြောင်း ကို ပင် ရေးတော့မည် ဟု ဆုံးဖြတ်ကာ ရွှေမိုး ကိုပါ လှမ်း၍ ကျေးဇူး တင်လိုက်မိချေ၏ ။
ခြုံငုံ၍ သုံးသပ် လိုက်သော အခါ ယင်းကဲ့သို့ ပွဲ တစ်ပွဲ ငွေလေးငါးရာ မှ အချို့ ၁၀၀၀ ကျပ် ကျော် ဖိုး အထိ လက်မှတ်များ ဝယ်၍ အခမဲ့ လူ ခေါ် ကြည့်ခိုင်းသည် မှာ နောင် တစ်ကြိမ် ကြိမ် ရုံ အားလပ်ပါက မိမိ အခွင့် အရေး ရရန် ဟု ရည်ရွယ်သည် ထား ။
( မိမိ ဇာတ်ကား လူ မကြိုက်၍ ပရိသတ် မလာ သည် ကို လက်မှတ် အခမဲ့ ပေး၍ ပြပြီး ( ရုံပြည့်ပါပြီ ) ချိတ် ရသည့် ဇာတ်ကား ၊ နောင်တစ်ကြိမ် ပြန် ပြရင်ကော လူကြိတ်ကြိတ် တိုး လာလိမ့် မည် ထင်ကြသလော ။ သို့မဟုတ် နောင်အကြိမ်များ တွင် လက်မှတ် အခမဲ့ ဝေကြဦးမည်လော )
အခမဲ့ ကြည့် လိုက်ရသော ပရိသတ် ကလည်း “ အလကား ကား ကို အလကား ကြည့်လိုက်ရ တယ် ” ဟု ပါးစပ် ဖျား တွင် ဟားတိုက် နေကြ သည် ။
ရန်ကုန် တွင် ရုံပြည့်များ နေ၍ နယ် မှ အငှားများ လိမ့်မည် ၊ ဈေး ပို ရ လိမ့်မည် ထင် နေလျှင် ဦးနှောက် ခေါင်းပါး ရာ ရောက် ချိမ့်မည် ။
( နယ် မှ ရုပ်ရှင် ကန်ထရိုက်တို့ သည် ရန်ကုန် တွင် ကားသစ် တင်သည် နှင့် လာ ကြည့် ကြသည် ။ အကဲခတ် လေ့လာကြသည် ။ လက်မှတ် ဆုတ် ၍ ရုံပြည့်သည် ကို လည်း သူတို့ သိ ကြသည် ) ။
( နယ်ပရိသတ် လည်း ထို့အတူ ကျကျနန စနည်းနာ ပြီးမှ ကြည့် ကြ သည် ။ ယခင်က ကဲ့သို့ ကျော်ဟိန်း ဆို လျှင် ဖင်လှန် ပြလည်း ကြည့်မည် ဟူသော ခေတ် ကုန် သွားပြီ ။ )
မှတ်ချက် ။ ။ မကြာသေးမီ က ပင် ဆွေးနွေးပွဲ တစ်ရပ်၌ ( ရန်ကုန် က စူ ပါကားတွေ နယ် မှာ ဒုက္ခ ရောက်နေပါပြီ ။ ၂ ရုံပြိုင် ပြတာ တစ်ရုံ သာ လူ ရှိ လို့ ပြဿနာ တက်ရပါတယ် ) ဟု ညည်းညူစ ပြု လာချေပြီ ။
သို့ဆိုလျှင် စူပါဇာတ်ကား ဖြစ် အောင် ငွေ အော၍ အကုန်ခံခြင်း သည် အဓိပ္ပာယ် ရှိပါသေး၏ လော ။
ရုပ်ရှင် ကို အနုပညာ ဟု သတ်မှတ် ကြသည် ။ ရုပ်ရှင်သမားတို့ က လည်း သူတို့ သည် ဧရာမ အနုပညာရှင်များ ဟု ဝင့်ကြွား ဂုဏ်ယူကြသည် ။
( သို့သော် အထက်ပါ လုပ်ရပ်တို့ သည် အနုပညာ နှင့် လားလားမျှ မအပ်စပ် )
အရင်းရှင် ဆန်သည် ဟု စွပ်စွဲရ မည် ကလည်း တန်ဖိုးချင်း တခြားစီ ဖြစ်နေသည် ။ အရင်းရှင် သည် အမြတ် ရရေးသာ အဓိက ထားကြ သည် ။ အထက်ပါ ရုပ်ရှင်သမားတို့ က မှ ငွေ သုံးလေးသိန်း အကုန်ခံ ရင်းနှီးထားသော ဇာတ်ကား ကို လက်မှတ် ဝယ်၍ ( ရုံပြည့်ပြီ ) လုပ်နေ ကြရာ ထပ် ၍ ပင် ရှုံး နေပြန်သည် ။ ရိုးရိုးသားသား ပြလျှင် ကျန်သင့် သလောက် ငွေကလေး ရချေဦးမည် ။
စစ်စစ်ပေါက်ပေါက် ကောက်ချက် ချလိုက်သည် ရှိသော် ...
အထူး အခွင့်အရေး ( ရန်ကုန် တွင် ) ရ လို၍ နယ်များ တွင် ရုံရက်များများ ရလို၍ ငွေကုန်ခံ စူပါ လုပ်ခြင်းထက် ...
၁ ။ သူများ စူပါ ၍ ငါ လည်း စူပါ ချင် သည့် စိတ် ။
၂ ။ နာမည်ရ မင်းသား စူပါ ဖြစ်၍ မင်းသားသစ် က လိုက်၍ စူပါ လို သော ဆန္ဒ ။
၃ ။ ဟိုမင်းသားသစ် စူပါ နေသော ကြောင့် ဒီ မင်းသားသစ် ကလည်း အတင်း စူပါချင်သည့် ဇော ။
ဤသဘောများ ကြောင့် ( ဝါ ) မခံချင်စိတ်များ ကြောင့် ဤသို့ ထိုသို့ ကမောက်ကမတွေ ဖြစ် နေကြ ရသည် ။
ဤ ( အနုဝင်္ကပါ ) တွင် သာဓု ရေးခဲ့ ပေါင်းများ ပြီ ၊ အနုပညာရှင် အဖြစ်ကို ငွေ ဖြင့် စက်ဝယ် ၍ ရမည် ထင်ကြ သလော ။ လုံးဝ မမျှော်လင့်ပါနှင့် ။
ဆိုခဲ့သည့် အတိုင်း ရုပ်ရှင်ကား များ ကို လည်းကောင်း ၊ သရုပ်ဆောင် များ ကို လည်းကောင်း ၊ ငွေ စိုက်၍ ( ရုံ ပြည့်ပြီ ) သာ ဖန်တီး၍ ရမည် ။ စူပါ ကား စူပါစတား ဖြစ်လာရန်ကား ငွေ ဆယ်သိန်း အကုန်ခံသော်လည်း ဝေ လာ ဝေး ။
ထင်ပေါ် လျှင် စင်တော် က ကောက်သည် ဆိုခြင်းမှာ အခြား ကိစ္စ ၊ ရုပ်ရှင် တွင် မူ အမြင်တော် မှ စင်တော် က ကောက်ချိမ့်မည် ။
ပရိသတ် အမြင်တွင် ကျေနပ် နှစ်သက်လာပါ က ( ဥပမာ - ညွန့်ဝင်း ဆိုလျှင် တစ်ရှိန်ထိုး တက် လာသည် ။ မည်သူမျှ ကာဆီး၍ မရ ။ ဝင်းဦး သည် လည်း သူ့ ခေတ်နှင့် သူ ယှဉ်၍ မရနိုင်အောင် ကျော်ကြား ခဲ့သည် ။
ဤသည့် ဖြစ်ရပ်တို့ မှာ မိမိတို့ မျက်စိအောက်တွင် ပင် ရုပ်ရှင် ပြသ ကဲ့သို့ အထင်းသား မြင်တွေ့ခဲ့ကြရ လျက် အဘယ်ကြောင့် စိတ်ကူး အရ ထူးပြီး အရူး ထနေကြသည် ကို သာဓု အစဉ်းစားရ ခက်လှသည် ။
နောက်ဆုံး ရေးလိုသည် မှာ လူတန်းစား ကိစ္စ ၊ သာဓု တွင် အဆင့် အတန်း ခွဲ လို စိတ် မရှိ ။ သို့သော် စရိုက် နှင့် သန့်ရှင်းမှု ကို ကား ခွဲခြားရ ချိမ့် မည် ။
၅ ကျပ်တန်း ရုပ်ရှင်ရုံ ထဲ တွင် တက္ကသိုလ် မှ ပါမောက္ခ မိသားစု က ခုံ ၄ ခုံ တွင် ထိုင်သည် ဆိုစို့ ။ သူတို့ တစ်တန်းကျော် တွင် ဂုဏ်သရေရှိ အရာရှိကြီး အချို့ နှင့် ဆရာဝန်မလေး များ ထိုင် ကြသည် ထား ။ ထိုနှစ် တန်း ၏ အလယ် တွင် မူ လက်မှတ် အခမဲ့ ရသည့် ရေခဲရေသည် လင်မယား နှင့် ဆိုက္ကားသမား တို့ ချွေးနံ့ ၊ ချိုင်းနံ့ တထောင်းထောင်း နှင့် ထိုင်ကြသော် မည်သို့ သဘော ရပါ သနည်း ။ ထိုထို ပုဂ္ဂိုလ် တို့ ၂ နာရီ နီးပါး ဒုက္ခ ခံကြ ရ တော့မည် ။
အနံ့ သာ မက အပြု အမူ ရော အပြော အဆို အပြင် ရယ်သံ ပင် ဣန္ဒြေ မရသည် ကို တွေ့ရ ချိမ့်မည် ။
••••• ••••• ••••• •••••
အိမ်း ၊ ရုပ်ရှင်ရုံ အာဏာပိုင် ဆိုင်ရာတို့ ကလည်း ဤကိစ္စ ကို အထူး စဉ်းစား သင့်ပြီ ထင်၏ ။ ပွဲခွန်တော် ပို ရရေးသည် သာ အဓိက ဆို လျှင် ကား သာဓု ဘာ တစ်ခုမျှ ဆက် မ ပြောလို ။
••••• ••••• ••••• •••••
ကိုင်း ...
သာဓု ၏ စာရှုပရိသတ် အချို့အား လက်တို့ ၍ သတင်း ကောင်း ပါးချင် သည် ။ လက်ထောက် ချ သည် လည်း ဖြစ်နိုင်သည် ။ အခြား မဟုတ် ။
နောင်တွင် ရုံ တင်မည့် ဇာတ်ကား သစ်များ ကောင်း မကောင်း နားစွင့် ပါ ။ အခြေအနေ စုံစမ်းပါ ။ ရုံ ရှေ့၌ တန်းစီသူ ကျဲ နေလျှင် သို့မဟုတ် ကား အခြေအနေ မရေရာလျှင် -
တစ်နည်း အားဖြင့် ပွဲတိုင်း ( ရုံပြည့် ပြီ ) ချိတ် နေလျှင် ပွဲပြချိန် ထက် နာရီဝက်ခန့် စော၍ ရုံရှေ့ တွင် လမ်းသလား နေပါ ။
ရုပ်ရှင် လက်မှတ် အခမဲ့ လာပေး ပြီး ကြည့်ခိုင်းသူ ပေါ်လာကောင်း ပေါ်လာပါလိမ့်မည် ။ အနီး အနား ဝန်းကျင် ဈေးသည် များ ကို လည်း စုံစမ်း ကြည့်ပါ ။ လက်မှတ် ဝေ မဝေ ။
လက်မှတ် အခမဲ့ ပေးနေသည် ဟု သိ ရလျှင် ခေတ္တ စောင့်ပါ ။ သူ လာပါ လိမ့်မည် ။ ချို သော မျက်နှာ နှင့် လက်မှတ် ပေး ပါလိမ့်မည် ။ ပေးပြီ ဆို လျှင် ဇာတ်ကား လူကြိုက် နည်း၍ ဟု သိ လိုက်ပါ ။ ကြည့်လို ကလည်း ကြည့် ပါ ။
အကယ်တိ မကြည့်လိုသော လက်မှတ် ကို ယူဖြစ်အောင် ယူ၍ ခပ် လှမ်းလှမ်းတွင် မျှော်ကြည့် နေပါ ။ ထို ရုံဘက်ဆီ သို့ လာသူများ ကို ( ကြ ည့်မလို့ လား ) ဟု မေးပြီး ( ခေါင်း ညိတ်လျှင် ) ၅ ကျပ်တန်း လက်မှတ် ၂ ကျပ် နှင့် ရောင်း၍ လက်ဖက်ရည် သောက်ပြီး အိမ် ပြန်ပါ လေလော့ ။
( ၁ - ၆ - ၈၅ )
◾ သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment