( ၁၃ )
ပြီးခဲ့သည့် “ အနုဝင်္ကပါ ” တွင် စာ မှား ကိစ္စများကြောင့် ဒေါ ပေါက်ပြီး အောင်ပြည့် တို့ ကို ဆဲဆိုရေးသား လိုက်သည် နှင့် ပတ်သက်၍ ဝေဖန် ကြသည် ။ အရေးအသား ကြမ်းသည် ။ ( အနုဝင်္ကပါ ) ခေါင်းစဉ် နှင့် မကိုက်ညီ ဟူ၍ ။
ရေး နေ ကတည်း က ပင် သာဓု လည်း သတိထား မိပါချေ၏ ။ ထို ကြမ်းသော ၊ ရင့်သီးသော ( စာ ) များ မ ဆိုထားဘိ ။ အကြောင်းအရာ ပင်လျှင် အနုဝင်္ကပါ လမ်းကြောင်း မှ ဘေးစောင်း သွားလျှင် ....
“ အောင်ပြည့် ရေ .. ဆရာ ရေး လိုက်တာ အနုဝင်္ကပါ နဲ့ အံဝင်ရဲ့ လား ၊ လေ့လာ ကြည့်ပါဦး ၊ သိပ် အား မရရင် ၊ ဒွိဟ ဝင် လာရင် ပြောကွာ ”
ဟု အမြဲ မှာ ထားရ၏ ။
“ ရပါတယ် ဆရာ ၊ အနုပညာ နဲ့ ပတ်သက်တာ မှန်သမျှ အံဝင်တာ ချည်းပါပဲ ”
ဤ၌ သာဓု တစ်ခု စဉ်းစားသည် ။ အနုပညာ ဟူသည် အဘယ်အရာများ ကို ခေါ်သနည်း ။ မည်သည့် အကြောင်း မှာ အနုပညာ ပါနည်း ။
သဘင်ကဏ္ဍ ကို ကြည့်ကြစို့ ၊ နှစ် ပါးသွား ၊ ယိုးဒယား ၊ မြိုင်ထ စသည် ဖြင့် ညက်ညက်ကလေး ကကြခြင်း ကို အနုပညာ ဟု သတ်မှတ် သော် သတ်မှတ် နိုင်သည် ။ ချက်ကျကျ နှင့် ဖနောင့် ဆောင့် ၍ ဒေါ နှင့် မော နှင့် ၊ ဟန် နှင့် မာန် နှင့် သရုပ်ပြ သော ဘီလူးက ကို မည်သို့ သဘော ထားကြ မည်နည်း ။ အနုပညာ မဟုတ် အကြမ်းပညာ ဟု ဆိုမည်လော ။
ထို့အတူ နတ်မိမယ်လှလှ ပန်းပု ကလေးများ နှင့် ကျားရုပ် ၊ နဂါးရုပ် ထု ထားခြင်းတို့ ၌ မည်သည် က အနုပညာ ပါနည်း ။
တစ်ဖန် တေးဂီတ ဘက် သို့ တစ်ချက် ငဲ့ ကြည့်ပါဦး ။ ( အမြင်ကျယ် အလယ်တိမ် ၊ အချိန်မစီးတဲ့ ဂွမ်းလို လွမ်းအောင် ပြောနိုင်မှ သဘောကျ သူ ခင်ပျိုရယ် ) ဟူသည် သည် လည်းကောင်း ( ရွှေနားတော် ဆင် ဖွယ် မငြိုငြင်ပါသင့်တယ် ၊ မသွေ တမ်းနော် ခင်တွယ်ကြင်မယ် ။ အပျိုစင်ကညာ ဆံရစ်ရယ် ) ဟူသည် သည် လည်းကောင်း ..
( မိန်းမ ဆိုတာ ဆောင်းလေပမာ ညီ ။ အတွင်းသဘော မတည်ကြည် ပြောင်းလဲတတ်သည် ) ဟူ သည် တို့ တွင် မည်သည့် ( စာ ) က နု ပါသနည်း ။
ထို့ပြင်တစ်ဝ (ရွှေအိမ်နန်း နှင့် ကြငှန်းလည်း ခံ ၊ မတ်ပေါင်းရံလျက် ၊ ပျော်စံရိပ်ငြိမ် ၊ စည်းစိမ်မကွာ ၊ မင်း ချမ်းသာကား ၊ သမုဒ္ဒရာ ရေမျက်နှာ ထက် ခဏတက်သည့် ရေပွက် ပမာ ... ) စသည် နှင့် ...
“ မြန်မာတွေ စည်းကမ်း ဖောက်လို့ ထီးနန်းပျောက် ဖြစ်ပြီ ၊ မှီ ထွန်းတောက် အသစ်မှီတယ် ၊ ညစ် ပလီလူမျိုး ၊ မိပစ်လို့ မရှောင်သွေ ၊ ခွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး .. ”
အိမ်း ... မည်သည် က “ အနု ဝင်္ကပါ ” ပါနည်း ။
ဤသည် တို့ မှာ သာဓု တွေးမိ သလောက် တွေးချင်ချင် ရှိလာ သဖြင့် ကိုယ်ပိုင် အတွေး ကိုယ်ပိုင် အရေးသာ ဖြစ် ချေသည် ။ မှားသော်လည်း မှား ပေမည် ။ စာရှသူတို့ ချင့်၍ သဘောပေါက် ကြပါရန် ။
နောက်တစ်ခု သာဓု အတွန့် တက် ချင် သေး၏ ။ လမ်းကြိတ်စက်ကြီး သို့မဟုတ် စစ်တိုက်ရာ တွင် သုံးသ ည့် တင့်ကား (သံချပ်ကာ ကား ကြီး ) များ ကို ရှုပါ ။
အဘယ်မျှ ကြမ်းတမ်း ပါသနည်း ။ အမြင် ကြမ်းရုံ မက စက်သံရော ၊ ဘီး လိမ့်သံပါ နား မခံသာ ။
ထိုထို လမ်းကြိတ်သော ၊ စစ်တိုက် သော စက်ကြီး ၊ တင့်ကားကြီးများ ၊ ကြမ်းတမ်းသလောက် ထိုစက်ကြီး များကို ခုတ်မောင်း စေသော အင်ဂျင်စက် ကို တည်ဆောက် ထားသည် မှာ နက်နဲ သိမ်မွေ့သော ပညာ အများ ကြီးပါသည် ။ စက်ကိရိယာ အစိတ်အပိုင်းများ အနုစိတ် သလောက် ဆံခြည် တစ်မျှင် တမျှ တိမ်း သွားလျှင် စက်ကြီး တစ်ခုလုံး ကတိမ်းကပါး ဖြစ် သွားနိုင်သည် ။ သို့အလျောက် ဖုထစ်ကြမ်းတမ်းသ ည့် ချိုင့်ဝှမ်းကို ညီညာအောင် ကြိတ်၍ ၊ လှိမ့်၍ ချောညက် အောင် ညှိ ပေးရာတွင် အရေးပါသော သံဘီး ကြီးကို နူးညံ့ သိမ်မွေ့သော အနုပညာ ပါလှသည့် အင်ဂျင်စက် က ဦးဆောင် လည်ပတ် ခုတ်မောင်း ပေးရချေမည် ။
အကယ်တည့် စာပေ သည် အနုပညာရပ် ဟု တစ်သမတ်တည်း သဘော တူညီကြပါမူ စာပေ နှင့် အဓိပ္ပာယ် ဖော်ရသည့် ( လူ့ကိစ္စ ) မှန်သမျှ သည် လည်း “အနုဝင်္ကပါ ” ထဲ ၌ အကျုံး ဝင်ရပေမည် ။
ဤသည် မှာ သာဓု အရေး ။ အများစု က မူ ကြိုက်သလို တွေးကြပါကုန် ။
ယခု တစ်ပတ် လည်း ခပ်ကြမ်း ကြမ်းကလေး ရေးရမည့် အကြောင်း တစ်ရပ် ရှိနေသည် ။ အခြား မဟုတ် ။ အနုပညာရှင် အမည် ခံ ထားပါလျက် ပက်စက်စွာ ညစ်ပတ် နေကြသည့် ကိစ္စ ။
အတိုချုပ် အားဖြင့် နာမည်ကြီး မင်းသမီး ၊ မင်းသားများ ဆိုပါစို့ ... ။ အချို့တို့ သည် ဇာတ်ကား တစ်ကား အတွက် ၂၅၀၀၀ ကျပ် မှ ၅၀၀၀၀ ကျပ် ၊ ၆၀၀၀၀ ကျပ် အထိ တောင်း ကြသည် ။ ထုတ်လုပ်သူ တို့ က လည်း ကျေကျေနပ်နပ် ပေးကြသည် ။ ထို နေ့ ထို ငွေပေးငွေယူ လုပ်ချိန်တွင် နှစ်ဦး နှစ်ဖက် စလုံး ပျော်ကြသည် ။ ရယ်မော စားသောက်ကြသည် ။ မျက်နှာတွေ ပျားရည် ဆမ်းထား သကဲ့သို့ ချိုနေ ကြသည် ။
သို့ဖြင့် ဇာတ်ကား စတင် ရိုက်ကူး သည် မှ ပြီးဆုံး၍ ရုံပေါ် ရောက်သည် အထိ ချောချောကလေး ညက်သွား သည် ရှိသည် ။ အချို့ သုံးနှစ် မှ ငါးနှစ် ခြောက်နှစ် ကြာသည့် တိုင်အောင် ဇာတ်ကား မထွက်နိုင် ဖြစ်နေကြ သည် လည်း ရှိသည် ။ အကြောင်း သော်ကား ထိုထို နာမည်ကြီး သရုပ်ဆောင် အချို့က နှိပ်စက်ထား သောကြောင့် ... ။
ယင်း နှိပ်စက်ပုံ နှိပ်စက်နည်း က လည်း ရိုးရိုးကလေး နှင့် ယဉ် ပါချေ သည် ။ အနှီ သို့သော် နိုင်ငံကျော် မင်းသား ၊ မင်းသမီး ( စူပါစတား ) အထူးသဖြင့် အထီးကောင် စူပါစတား အချို့သည် ငွေ ကို အကြေ အလည် လက်ငင်း တောင်းယူထား ပြီး သူ ရိုက်ချင်သော ကား ၊ သူ လိုလားသော အလွမ်း သင့်သော ထုတ်လုပ်သူ ကို သာ ရိုက်ရက် သတ် မှတ်ပေးပြီး သူ စိတ် မဝင်စားသော ဇာတ်ကား ( ဝါ ) သူ မကြည်သော ထုတ်လုပ်သူ ဆို က မည်သည့် နေ့ တွင် ရိုက်မည် ဟု ရက်သတ်မှတ် ပေး ခြင်း မရှိဘဲ ဝေ့လည်လည် လုပ်နေ လိုက်ချေ၏ ။ ဤသည့် အပြုအမူ တွင် အကြောင်း အရပ်ရပ်တို့ က အရင်းခံ လျက်ရှိသည် ။
အကြောင်းရင်း ( တစ် ) မှာ ---
စာရှုသူ တို့ ကိုယ်တိုင် ကြုံဖူး ကောင်း ၊ ကြားဖူး ကောင်း တစ်ခုခု ရှိ ပေမည် ။
ဥပမာ - အပ်ချုပ်ဆိုင် တစ်ဆိုင် တွင် အင်္ကျီ သွားအပ်ရာ ၌ ချုပ်ခ ကို ကြို တင်ပေးခဲ့သည် ဖြစ်အံ့ ၊ ထို အင်္ကျီ တော်တော် နှင့် ပြီးတော့မည် မဟုတ် ။ နှစ်နည်းအားဖြင့် ( ၅ ) ရက် ကြာရမည့် အစား ( ၁၀ ) ရက် ကြာချင် ကြာမည် ။
အကြောင်းသော်မူ ငွေ လက်ငင်း ပေး၍ အပ်သည့် အထည် ကို မြန်မြန် ပြီးအောင် ချုပ် စေကာမူ ချုပ်ခ ထပ်ရ ရန် မရှိ သဖြင့် ထို ကုန်မည့် အချိန် ကို အခြား အပ်ထည် ကို ချုပ်မည် ။ ပြီး လျှင် ချုပ်ခ ရ မည် ။ ငွေပို သုံးရမည် ။ ထို့ကြောင့် နောက်ထပ် ရရန် မျှော်လင့်ချက် မရှိသော ( ငွေ ရပြီး ) အထည် ကို ချုပ်ရန် စိတ်ဝင်စားမှု လျော့နေ တတ်သည် ။ ငွေပို ပေါ်စရာ မရှိ၍ မ ချုပ်ချင် ။
ထို့အတူ စူပါစတား သည် လည်း ငွေ အကြေ ရပြီးသား ဇာတ်ကား ( ဆို ပါစို့ ) ၇ ကား ရှိသည် ထား ။ တစ်နေ့ တစ်ကား ရိုက် ပေးလျှင် နောက်ထပ် ငွေရလမ်း မရှိ ။ ထို့ကြောင့် သူ နှိပ်စက် ချင်သော ထုတ်လုပ်သူ ၏ ကား တစ်ကားစ နှစ်ကားစ ကို ရိုက်ရက် မပေးသေး ဘဲ နောက်ထပ် ငွေ ရမည့် ဇာတ်ကား တစ်ကား စ နှစ်ကား စ ကို လက်ခံကာ ငွေ ရပြီး ကားများ ခေါက် ထားလျက် နောက် မှ ငွေ ရသော ကားများ ကို ဦးစားပေး တတ်ကြပြန်သည် ။
တစ်ဖန် ထိုထို နောက် မှ ဝင် ရိုက်ခွင့် ရသော ထုတ်လုပ်ရေးသမား တို့ လည်း ' ဘုရား ' တ နေ ကြရသည် ရှိ သေး၏ ။ အသို့ဆိုမူ သူတို့ သည် လည်း ငွေကြေး ပေးပြီးသား ဖြစ်၍ စူပါစတား သည် နောက်ထပ် ငွေ ရမည့် ကား လက်ခံ လိုက်သော် ထို ရိုက်လက်စများ ၃ ၊ ၄ ၊၅ ရက် မျှ ဖြင့် ရပ်သွား ကြရ ပြန် သည် ။
ဤသို့ဖြင့် အချို့သော ဇာတ်ကား များ ၃ ၊ ၄ နှစ် ကြာသော်လည်း ဇာတ်ကား မပြီးနိုင် ။
ဆိုခဲ့ဘိသို့ စူပါစတား က နှိပ်စက် ၍ ဇာတ်ကား ကြန့်ကြာသည့် အထဲ တွင် ထုတ်လုပ်သူ ချင်း ညစ်ပတ် ကြသောကြောင့် လည်း အလားတူ ကိစ္စမျိုး ပေါ်၍ ပေါ်၍ လာ ပြန်ချေသည် ။
ထုတ်လုပ်သူချင်း ညစ်ပတ်နည်း မှာ ငွေကြေး ရွှင်သော ထုတ်လုပ်သူ က နောက်ကျမှ ဝင်လာ ကာ စူပါစ တား အား ၅၀၀၀ ၊ ၁၀၀၀၀ ငွေ ပို ပေး ပြီး ရက်ချိန်း စော၍ တောင်းခြင်း နေ့ရော ညပါ အချိန် လု၍ ရိုက်ခြင်း စသည့် ငွေ နှင့် ဖိ၍ သတ်သည့် သဘော မျိုး လုပ်တတ် ကြ သောကြောင့် စူပါစတား အချို့ ပါ ငွေ မျက်နှာ နောက် ပါ သွားပြီး မတော်မတရား တွေ ဖြစ် ကုန်ကြတော့သည် ။
လုပ်နည်း လုပ်ဟန် တို့ မှာ အနုပညာသည် နှင့် မတူတော့ဘဲ အမြီးကျက် အမြီးစား ၊ ခေါင်းကျက် ခေါင်းစား ၊ ဖဲသုံးချပ်သမား ကဲ့သို့ ကလိမ်ကျ ညစ်ပတ်စိတ် များ နေကြ ချေသည် ။
တစ် တရားခံ မှာ ထုတ်လုပ်သူ ငွေ ရှင် စီးပွားရေးသမား အချို့ ဖြစ်သည် ။ ရန်ကုန် တွင် တစ်ပတ် တစ်ရက် နှုန်း ဖြင့် ဇာတ်ကား ( ၇ ) ကား ရိုက် ပေး နေသော မင်းသား မင်းသမီး အချို့ ကို ငွေ ပို ပေးကာ နယ် သို့ အရ ခေါ် သွားပြီး ( ၁၀ ) ရက်ခန့် ဖြင့် အပြီး ရိုက် တတ်ကြသည် မှာ လည်း ထို ငွေ သမား ထုတ်လုပ်ရေး တို့ ဖြစ်ချေ သည် ။
ဤလို ကမောက်ကမ ကိစ္စများ ကို ထိန်းသော အားဖြင့် ရိုက်ကူးပူးတွဲ အဖွဲ့ ဟူ၍ ရုပ်ရှင် ကောင်စီ နှင့် ရုပ်ရှင်ကော်ပိုရေးရှင်းတို့ က အဖွဲ့ငယ်တစ် ခုဖွဲ့၍ နည်းလမ်းရှာ ဖန်တီး စီစဉ်ပေး ရာ၌ ရာခိုင်နှုန်းပြည့် မအောင် - မ အောင်မြင်သေး ။ ခက်နေသည် ကား အဆိုပါ ရိုက်ကူးပူးတွဲအဖွဲ့ က ပြတ်ပြတ်သား သား ဖြေရှင်း ကူညီ လို ပါ သော်လည်း စူပါစတား တို့ နှင့် အချို့ ထုတ်လုပ်သူ တို့ အချင်းချင်း မရှင်းမရှင်း ကိစ္စတွေ က ရှိ နေကြ ပြန် သည် ။ ပမာအားဖြင့် ( တဝေ့ဝေ့ ) ဆိုသော ဇာတ်ကား ဆိုပါစို့ ။ ၁၉၈၃ ခုနှစ် က စူပါစတား တစ်ဦး နှင့် စတင် ရိုက်ကူးခဲ့ သည် ။ ယခုတိုင် မပြီးသေး သဖြင့် အဘယ်ကြောင့် ဤမျှ ကြာနေပါ သနည်း ဟု ထုတ်လုပ်သူ အား ဖိတ် ခေါ် မေးမြန်းရာတွင် ( ငွေကြေး အခက်အခဲကြောင့် ပါ ) ဟု ဖြေသည် ။
တစ်ကြိမ်လည်း မက ၊ နှစ်ကြိမ် ၊ သုံးကြိမ် ၊ စတုတ္ထ အကြိမ် ခေါ်မေး လည်း ထို အတိုင်းသာ အဖြေ ထွက် သည် ။ စင်စစ် ယုံကြည် နိုင်စရာ မရှိ ၊ ထို ထုတ်လုပ်သူ သည် အခြားသော လုပ်ငန်း တစ်ခု ရှိ နေသေး၍ ထိုမျှ ငွေ ကျပ်တည်း ရန် အကြောင်း မရှိနိုင် ။ သို့နှင့် သာဓု သူ့ ကို ချိန်း၍ နှစ် ယောက်ချင်း ဆွေးနွေးကြည့် သောအခါ ...
“ ပြောလဲ ပြောချင်ပါတယ် ၊ ပြောရ မှာ ကလဲ ၊ အင်း ... ဆရာ ရယ် ခက် တာ က ”
“ ဒါတွေ အသာ ထားစမ်းပါဗျာ ၊ ကျွန်တော် သိချင်တာ က ရှင်းရှင်း ပြတ်ပြတ် ၊ ကဲ ... ကဲ ဘယ်လိုလဲ ။ ဒါရိုက်တာ က ရိုက် မပေးတာလား ၊ မင်းသမီး ၊ မင်းသား က ကပ် နေတာ လား ၊ ပြောင်ပြောင် ပြော ဗျာ ”
သူ အတန်ကြာ တွေ နေပြီး မှ သက် ပြင်းရှည်ကြီး ချ ကာ ..
“ ပြော ဆိုရင်တော့ ပြော ပါ့မယ် ။ ဒါပေမဲ့ .. ”
“ ပြောမှာ သာပြောပါ ၊ ဒီကိစ္စ ဘယ် သူမှ မသိစေရဘူး ”
သို့လျှင် သာဓု အာမခံ လိုက် မှ ...
“ အင်းလေ ၊ ဆရာ လဲ သိသင့် သလောက် သိ မှာ ပါ ၊ ဒီ ... ကျွန်တော့် ဇာတ်ကား ကြာ နေတာ ကတော့ မင်းသား ရိုက်ရက် မပေးလို့ ပေါ့ ဆရာ ”
“ နို့ .. ရိုက်တော့ ရိုက်လက်စ မဟုတ်လား ”
“ ဟုတ်ပါတယ် ၊ မင်းသား က သုံး ရက် ပဲ ရိုက်ပေးပြီး နောက်ထပ် ရက် မပေးတာ ခုထိပါပဲ ”
“ ဘာဖြစ်လို့ လဲ ၊ မင်းသား က ဘာ မကျေနပ် ဖြစ် နေလို့ လဲ ”
“ မသိဘူး ဆရာရယ် ၊ သူ မကြိုက် တာလဲ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါ ဘူး ”
သာဓုပင် အစဉ်းစားရ ခက်သွား သည် ။
“ ခင်ဗျား မေး မကြည့်ဘူးလား ၊ အဲ မကျေနပ်တာ ရှိရင် ပြောပါလို့ကော ... ခင်ဗျား က ”
“ အမလေး ၊ မမေးရဲဘူး ဆရာ ရေ ”
သူ ပြောပုံ အမူအရာ မှာ လက် တကာကာ ဖြင့် အလွန် ကြောက်နေ သည့် အသွင် ဆောင် နေသည် ။
“ မဟုတ်ပါဘူး ၊ သူ ခင်ဗျား အပေါ် ဘာ မကျေနပ် ဖြစ်နေသလဲ ဆိုတာ မှ မမေးရဲ ရအောင် ”
“ သြ ၊ ဆရာ မသိတာတွေ လဲ ရှိ သေးတာကိုး နော် ၊ ကျွန်တော်တို့ ဘယ်လောက် ခံ နေရတယ် ဆို တာ ... ”
“ ကဲ ၊ ပြောစမ်းပါဦး ”
“ ခု ကိစ္စ တောင် ဆရာ မရအရ မေးလို့ ပြော နေရတာ ၊ အမှန်က မပြောဝံ့ဘူး ၊ ( မင်းသား ရိုက် မပေးလို့ မရိုက်ရတာပါ ၊ ကား မပြီးတာပါ ) ဆိုတဲ့ စကား ကို မင်းသား ကြား သွားရင် သိသွား ရင် ပေါ့ ဆရာ ”
“ မသိစေရပါဘူး စိတ်ချစမ်းပါ ... ”
“ ဟုတ်ကဲ့ ... အဲဒါ သာ စူပါစတား သိ သွားရင် လုံးဝ ရိုက်ရက် ပေးမှာ မဟုတ်တော့ဘူး ”
“ ဟား .. ဒီလို လုပ်လို့ ဘယ် ရမလဲ ဆိုင်ရာ ကို တိုင်ပေါ့ ”
သူ့ ပါးစပ် ၊ အဟောင်းသား နှင့် မျက်လုံး ပြူးသွားပြီး မှ
“ ဘုရား ရေ ၊ အဲဒါမှ ပို ဆိုးမယ် ဆရာ ရေ ”
“ ဘာ ဆိုးစရာ ရှိလဲ .... ခင်ဗျာ့ ကား ကို ပြီးအောင် ရိုက်ပေးဖို့ ဆိုင်ရာ က ညွှန်ကြား ပေးလိမ့် မပေါ့ ”
“ မလွယ်ပါဘူး ဆရာရယ် ၊ သူတို့ စိတ် ခုပြီ ဆိုရင် အင်း ၊ ဘယ်နေ့ ရိုက် ပေးမယ် ပြော ရော ၊ အဲဒီ နေ့ အတွက် ကျွန်တော်တို့ က ပြင်ဆင် ထားရော ၊ ပြင်ဆင်တယ် ဆိုတာ လဲ ဆရာ သိပါ တယ်နော် ၊ စက်အဖွဲ့ ၊ ဇာတ်ရံ ၊ လူသုံး လေးဆယ် အတွက် ထမင်း ဟင်း ချက် ၊ ကားတွေ ငှား ၊ အခမ်းအနား ပြင် ငွေထောင့်လေးငါးရာ မကုန်ဘဲ မပြီးဘူး မဟုတ်လား ”
သာဓု က ခေါင်း ညိတ်လိုက်၏ ။
“ အဲ ... အဲဒါ စူပါစတား ကို စောင့်ရင်း ၊ စောင့်ရင်း နဲ့ ၁၂ နာရီ လောက် ကျ မှ ခေါင်းကိုက် လို့ ဗိုက်နာ လို့ မရိုက်နိုင်တော့ ဘူး ဆိုရင် ... ဟင် ”
အလွန်ရှည်သော သက်ပြင်းကို သူ ချပြီး မောနေ၏ ။
ဖြစ်နိုင်သည် ။ ဤလိုသာ နှိပ်စက် လိုက်ပါ က ထိုနေ့ အတွက် ပြင်ဆင် စရိတ် ထောင့်လေးငါးရာ ဆုံးချေ တော့မည် ။
“ အဲသလို မင်းသား က ရိုက်ရက် မ ပေးလို့ တိုင်တယ် ဆိုတာ က ကြီးမား တဲ့ အပြစ် လို့ ဖြစ်မနေဘူးလား ဆရာ ... ”
“ အင်း ... ဟင်း ”
သာဓု ပါ သက်ပြင်း ချ မိချေ၏ ။
“ အဲဒါ အသာ ထားပါဦး ဆရာ ၊ စူပါ စတား အိမ် သွားပြီး ကားရိုက်ရက် ကလေးများ မပေးနိုင် ဘူးလားလို့ မေး မလို့ သွား တာတောင် ခြံဝင်းတံခါး ဖွင့် မပေးဘူး ။ ကိုယ်တိုင်လဲ အတွေ့ မခံဘူး“
( ဘာကိစ္စလဲ ၊ ဘယ်သူ ခေါ်လို့ လာ တာလဲ ၊ နောက်ကို ဒီက ချိန်း မှ လာ )
“ အဲသလို စကားတွေ နဲ့ တစ်ဆင့် အပြော ခိုင်းတာ ဆရာ ၊ အမလေး ၊ ရက်ချိန်း တောင် သွား မတောင်း ရဲ ဖြစ် နေရပါတယ် ”
အနုပညာရှင် အမည် ခံပြီး ဤလို အထိ ရင့်သီးနေသည် မှာ ရင်နာစရာ ကောင်းလှသည် ။ အလွန် လည်း ရှက်စရာ ဖြစ်နေချေပြီ ။
ဈေးသည် နှင့် ဈေးဝယ် ကြိုက် ဈေး ဆိုကြသည် ။ ကျေနပ် လျှင် အရောင်းအဝယ် ဖြစ်ကြမည် ။
ဝယ်သူ က ငွေချေ ။ ရောင်းသူ က ပစ္စည်း ပေး ၊ အေးအေးဆေးဆေး နှင့် သိက္ခာ ရှိရှိ အပေးအယူ မျှ ကြရန်သာ အဓိက ဖြစ်သင့်ပါ လျက် ... ။
( ၁ - ၈ - ၈၅ )
◾ သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၈၅
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment