❝ ဘရန်ဒီ တစ်ပုလင်း ❞
အရက်သေစာ နှင့် ပတ်သက်၍ ကျွန်တော့် အား စာဖတ်သူများ အပါအဝင် ပရိသတ် အပေါင်းတို့ က သိရှိ မှတ်တမ်း တင်ပြီး ဖြစ်သည် ကို ငြင်း မရတော့ပေ ။ ဤတွင် ပရိသတ် ဘက် မှ အလိုလို သိ သွားကြ သလို ကျွန်တော် ကိုယ်တိုင် က လည်း စာပေ ဆောင်းပါးများ အားဖြင့် “ ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော် ” လုပ် ခဲ့ မိခြင်းကြောင့် လည်း ပါဝင် ပါသည် ။ စာရေးဆရာ သည် ကိုယ့် ဘဝ ကို အရှိ အတိုင်း ဖော်ပြ ရေးသားရာ၌ လူ့စည်း ၊ ဘီလူးစည်း ဆိုတာ ထား သင့်ကြောင်း ကျွန်တော် သိ ပါသည် ။ နေရာ တကာ အမှန် အတိုင်း ရေးသင့် မသင့် ချင့်ချိန် အပ်မှန်း လည်း သဘော ပေါက် ပါသည် ။ ကျွန်တော် အရေး များ သည် မှာ အတ္ထုပ္ပတ္တိစာပေမျိုး မဟုတ်သော်လည်း ဘဝ အတွေ့အကြုံ စာပေ စာရင်းမျိုးတော့ အပါအဝင် ဖြစ်ခဲ့ လေရာ အရှိ အတိုင်း ရေးမိသားမိခြင်း သာ ဖြစ်ပါသည် ။ သည့် အတွက် လည်း အရက်သေစာ နှင့် ပတ်သက်သော စာမျိုးတွေ ရေးဖြစ် ခဲ့ရာ ကိုယ်တိုင် ထိခိုက် နစ်နာရသည်များ ရှိ သလို သောက်ဖော် သောက်ဖက်များ အတွက် ငြိစွန်း စရာများ လည်း ဖြစ်ခဲ့ သဖြင့် စိတ် မကောင်းပါ ။ မည်သို့ ပင် ရှိစေ ရေးလက်စ ရှိပြီး မှ တော့ ဆက် ရေး ရန်သာ အကြောင်း ရှိတော့ သည် ဟု ထင်ပါသည် ။
••••• ••••• •••••
ယေဘုယျ အား ဖြင့် အသက် ၂ဝ ဝန်းကျင် လောက် မှာ အရက် ကို စတင် သောက်သုံး တတ် လာကြောင်း ကျွန်တော် ဝန်ခံဖူးပါသည် ။ သို့သော် နှိုက်နှိုက်ချွတ်ချွတ် ရေးရ ပါလျှင် ကျွန်တော် သည် သုမောင် မဖြစ်ခင် ပုလုကွေး ဘဝ ဗလကြီး ဘဝ ကတည်း က အရက် စ သောက်ဖူး သည် ဆိုပါအံ့ ၊ ယုံဖွယ် မရှိပေ ။ အသက် နှစ်နှစ် ၊ သုံးနှစ် အရွယ် တွင် အရက် စ သောက် ဖူးကြောင်း ကို ကျွန်တော့် မိခင် က ပြန် ပြောပြ သဖြင့် သိရှိ မှတ်သား ခဲ့ရပါသည် ။ ဤမျှ ငယ်ရွယ် သော အရွယ် တွင် အရက် ကို ကျွန်တော် ဘယ်လို လုပ် သောက် နိုင်ခဲ့ပါသနည်း ။
ကျွန်တော့် ကို မွေးသော ၁၉၅၁ ခုနှစ် တွင် ကျွန်တော့် ဖခင် စာပေ ဗိမာန်ဆု ရ ခဲ့ သဖြင့် နာမည်ကျော် စာရေးဆရာ ဖြစ်နေ ခဲ့ကြောင်း ရေးခဲ့ ဖူးပါသည် ။ တစ်ပြိုင်နက် မှာ ပင် အဖေ့ ကိုယ်ပိုင် ‘ သစ္စာ ’ မဂ္ဂဇင်း ဟူ၍ လည်း ထုတ်ဝေ နိုင်ခဲ့ပါသည် ။ ထိုအခါ အဖေ့ အိမ် မှာ စာရေးဆရာ ပေါင်းစုံ စတည်း ချ ခဲ့ကြလေသည် ။ အမေ က ကျောင်းဆရာမ မို့ တစ်နေ ကုန် အိမ် မှာ မရှိခဲ့ပါ ။ အချိန်တန်၍ ကျွန်တော် နို့ ဆာလျှင် အဖေ က သော် လည်းကောင်း ၊ အဖေ့ သူငယ်ချင်း စာရေးဆရာများ က သော် လည်းကောင်း ကျွန်တော့် ကို ချီပိုးပြီး အမေ့ကျောင်း သို့ ပို့ ပေး ရပါသည် ။ မိခင် နို့တိုက် ကျွေးရေး ။
ဆိုကြပါစို့ ရဲ့ ။ ကျွန်တော် သည် စာရေးဆရာများ လက် ပေါ် တွင် အလွှဲအပြောင်း ဖြင့် ကြီးပြင်းခဲ့ရသော စာပေ ကံကောင်းသူ ။ သို့သော် .. ထိုစဉ် က ( သူရို့ လက်ပေါ် တွင် ) ကျွန်တော် ကြီးပြင်း ခဲ့ရသော စာရေး ဆရာများ မှာ အရက်သေစာ နှစ်ခြိုက် ကြသူများ ဖြစ် နေခဲ့ ပြန်ပါသည် ။ ဥပမာ... ဦးလေးဆွေ ( ဆရာသော်တာဆွေ ) ၊ ဦးလေးစိန် ( ဆရာ တင့်တယ် ) ၊ ဦးလေးဖေ ( ဆရာ အောင်လင်း ) စသူတို့ ပင် ... ။
ဤသို့သော စာရေးဆရာကြီးများ လက်ပေါ် နေခဲ့ ရရုံတော့ ဖြင့် အရက် သောက်တတ် သွားရော တဲ့ လား ။ မဟုတ်ပေ ။ အရွယ် က နှစ်နှစ် ၊ သုံးနှစ် သားမျှ ရှိသေးသည် ဆိုခဲ့ပြီ မဟုတ်ပါလား ။
အကြောင်းရင်း မှာ ကျွန်တော် သည် ငယ်စဉ် က တစ်အိမ်လုံး သာ မက တစ်ရပ်ကွက်လုံး ၏ “ အော့ကြောလန် ” လူဆိုးကလေး ဖြစ် နေခဲ့ခြင်း ပင် ။ စောစော က ပြောသော စာရေးဆရာကြီးများ ကလည်း ကျွန်တော့် ကို ချစ်ကြသည် ဆိုပေသည့် ကျွန်တော့် ဆိုးမျိုး ကို ကား ကြာတော့ ဘယ်မှာ ခံနိုင် မည်နည်း ။ အလွန် ဆော့သော ဆိုးသော ကျွန်တော့် ကို ငြိမ်ဆေး တိုက် ကျွေး ရတော့သည် ။ ယင်းကား အခြား မဟုတ်ပါ ။ ကျွန်တော် စို့ သော နို့ဘူး ထဲ အရက် အနည်းငယ် ထည့် ပြီး တိုက်ကျွေးကြခြင်း ဖြစ်တော့သည် ။ ထို ငြိမ်ဆေး ကို စတင် ဖော်ဆောင်သူ ကား ဆရာသော်တာဆွေ ပါ တဲ့ ။
တစ်ခါသော် ... ကျွန်တော့် မိခင်သည် သွား ကိုက်ရောဂါ ဖြစ် လေရာ ဆရာစန္ဒြ ( လက္ခဏာဗေဒင် နှင့် စာရေးဆရာ ) က ဘရန်ဒီ အရက်ကလေး ကို ဂွမ်းဖြင့် တို့ ပြီး သွား ကြား တွင် သိပ် ပေးပါက သက်သာ သည်ဟု နည်း ပေးပါ သတဲ့ ။ ထိုနည်း အတိုင်း လုပ် ကြည့်ရာ သွားကိုက် နာ သက်သာ ပါသည်တဲ့ ။ နောင်သော် ဘရန်ဒီ အမေ့ သွားနာ ကို မသက်သာစေ တော့ပါ ။ အကြောင်းကား အမေ ကျောင်း သွားနေစဉ် ထို ဘရန်ဒီပုလင်း ကို ဆရာသော်တာဆွေ က ခိုး တွယ်ပြီး ရေ ရော ရော ထား သဖြင့် အရက်ဓာတ် တွေ လျော့ပါး ကုန်ရခြင်း ကြောင့် ပါတဲ့ ။
သည် အကြောင်းတွေ နောင်အခါ ဆရာသော်တာဆွေ က ကျွန်တော့် ကို ပြန် ပြောပါသည် ။
••••• ••••• •••••
ဘရန်ဒီအရက် ကို အလွန် ကြိုက်သော ‘ ဘရန်ဒီ တစ်ပုလင်း ' ဝတ္ထု ဖြင့် နာမည် ကျော်ခဲ့သော ဆရာသော်တာဆွေ ကို ကျွန်တော် က တစ်ဖန် ‘ ဘရန်ဒီ တစ်ပုလင်း ’ ဖြင့် ကန်တော့ ဖူးပါသည် ။ ကျွန်တော် အရက် ဖြတ် ထား တုန်း က ဖြစ်၏ ။ တစ်နေ့ အိမ်ရှင်း ရာမှ ဘရန်ဒီပုလင်း အသစ် တစ်လုံး ချောင်ကြား ထဲ က ထွက်ပေါ် လာပါသည် ။ အင်းစိန် ဘက် သို့ သွားစရာ ပေါ် လေရာ ထို ဘရန်ဒီပုလင်း ကို ယူခဲ့ပြီး ဆရာသော်တာဆွေ အိမ် သို့ လမ်းကြုံ ဝင်ရ ပါသည် ။ ကျွန်တော် ရောက် သွားတော့ ဆရာဆွေ မှာ အရက် ချက် ရင်း တန်းလန်း ဖြစ်ပါသည် ။ ထိုစဉ်က ဆရာ သည် အရက် ကို ကိုယ်တိုင် ချက် သောက် နေရ ရှာ၏ ။ ကျွန်တော် က ဘရန်ဒီ ပုလင်း ဖြင့် ကန်တော့ သော အခါ ဆရာသော်တာဆွေ က ‘ သာဓု ’ ခေါ် ပါ သည် ။ “ မင့် ကျေးဇူး မမေ့ပါဘူးကွာ ” ဟု လည်း ပြောပါသည် ။ နောင် အခါ ဆရာ့ဇနီး ( အန်တီမေ ) ကွယ်လွန် သွားတော့ ဆရာ သည် သူ့ သမီးကြီး နေထိုင်ရာ ပြည်ထောင်စုရိပ်သာ တိုက်ခန်း သို့ ပြောင်း သွား ပါသည် ။ ဆရာဆွေ သည် ဘယ်တုန်း က မျှ သားသမီးများ အရိပ်အာဝါသ တွင် ခိုလှုံ နေထိုင်ခဲ့ သူ မဟုတ်ချေ ။ အသက် ကြီး ပြီး စိတ်ဓာတ် ကျ လာသော ကြောင့် သာ သမီး နှင့် သမက် တိုက်ခန်း သို့ သွားရောက်ခဲ့ပုံ ရသည် ။
တစ်နေ့တွင် ကျွန်တော့် ထံ တယ်လီ ဖုန်း လာပါသည် ။
“ သုမောင် ရှိလား ၊ ဗလ ရှိလား ”
“ ဟုတ်ကဲ့ ... ကျွန်တော် ပါ ”
“ အေး .. ငါ သော်တာဆွေ ဆက် နေတာ ၊ မင်း အခု အရက် သောက် နေလား ”
“ ဘုန်းကြီးဝတ် က ထွက်ခါစ မို့ နားနေတယ် ဦးလေး ”
“ ဒါဖြင့် ပြန် သောက်ရင် ငါ့ သမီး အိမ် ကို လာခဲ့စမ်း ၊ မင့် ကို အရက် တိုက်ချင်လို့ ”
“ ဟုတ်ကဲ့ ... ဦးလေး ”
“ ဟေ့ ... ခု ငါ ကြီးပွား နေတယ် ကွယ့် ၊ ငါ့ အိပ်ခန်း ပတ်ပတ်လည် မှာ နိုင်ငံခြား အရက်မျိုးစုံ ရှိတယ် ။ ငါ့ သမက် စီစဉ်ပေး ထားတာ ။ ဘရန်ဒီ ၊ ဝီစကီ အစုံပဲ ဟေ့ ၊ ဟဲ ... ဟဲ ... အဖြူ တို့ ၊ ချက်အရက် တို့ တော့ မပါဘူး ပေါ့ကွာ ၊ အဲဒါ မင့် သောက်ချင် စိတ် ပေါ်တဲ့ အချိန် လာ ခဲ့စမ်း ၊ မင့် ကို ကျေးဇူး ဆပ် ချင်လို့ ”
တကယ်တော့ ထို အကြိမ် အရက် ဖြတ်စဉ် က ကာလ အတော် ကြာ သွားခဲ့သော ကျွန်တော့် မှာ ဦးလေးဆွေ ကွယ်လွန် ချိန် အထိ သူ့ ထံ သွား ရောက် အရက် သောက် ခြင်း မပြုနိုင်ခဲ့ပါ ။ ထိုနည်းတူ ပင် .. ။ ထူးခြားတာ က အရက် ကြိုက်သော ကျွန်တော် သည် အရက် ကို စွဲစွဲမြဲမြဲ သောက် ခဲ့ သော ဆရာသော်တာဆွေ နှင့် တစ်ခါဖူး မျှ အရက် အတူ မသောက်ခဲ့ဖူး ခြင်း ပင် ဖြစ်ပါတော့သည် ။
◾သုမောင်
📖 လယ်ယာစီးပွား သတင်းဂျာနယ်
အမှတ် ၁၃၈ ၊
၇ - ၃ - ၂ဝဝ၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment