Monday, July 18, 2022

ဘာကြီးလဲ ( ၈ )


 ချစ်မင်းစိုး ခေါင်း ကို ခါ ရမ်းလိုက်ရင်း သက်ပြင်း ကို ချ လိုက်သည် ။သူ့ ရှေ့တွင် မကျေနပ်သော

မျက်ဝန်းများ ကို ကျုံ့ထားပြီး ၊ နူတ်ခမ်း ကို တင်းတင်း စေ့ ၊ စားပွဲ ကို စိုက်၍ ကြည့် နေသော သူ့ ညီမလေး

လမင်းစိုး ရှိသည် ။ လမင်း သည် ငယ်စဉ် ကတည်း က သူ လုပ်ချင်တာ ကို ဇွတ် လုပ်တက်သော

ခေါင်းမာသော ဒေါသကြီးတတ်သော စိတ်ဖြေစိတ်ကျေလည်း လွယ် သော ညီမလေး တစ်ယောက် ဖြစ်သည် ဆိုတာ ကို သူ သိပါသည် ။


သူ့ ညီမလေး သည် သူ့ စိတ်ထဲ ရှိရာကို မည်သူ့ ကို မှ မတိုင်ပင်ဘဲ တိုင်ပင် မိ၍ တားလျှင်လည်း

နောက် မဆုတ်တက် ပဲ လုပ်ချင်တာ ကို လုပ် ပစ်လိုက်လေ့ ရှိသည် ။ အကယ်၍ ထို ကိစ္စသည်

တက်တက်စင်အောင် ' လွဲမှား ' သွားလျှင် သူ မှားသွားကြောင်း ကို သတ္တိ ရှိရှိ ဝန်ခံပစ်သည် ။

အပြစ် ဆိုလျှင်လည်း ခံသည် ။ အဆုံးအရှုံး ဆိုရင်လည်း ရင်ဆိုင်သည် ။ အကယ်၍ ထို ကိစ္စ သည် ' မှန် ' သွား လျှင်လည်း ခေါင်း ကို မော့မည် ၊ ရင် ကို ကော့မည် ၊ လက်မ ထောင်မည် ။


ဒါပေမယ့် လောက တွင် ဝန်ခံရုံ ၊ ရင်ဆိုင်ရုံ နှင့် မရသော ' အမှား ' မျိုး ရှိသလို ခေါင်းမော့ ရင်ကော့ ကာ လက်မ ထောင်၍ မရသော ' အနိုင် ' မျိုးလည်း ရှိ တတ်ကြောင်း ကို လမင်းစိုး မသိသေးပါ ။


ချစ်မင်းစိုး ကတော့ အနိုင် အရှုံး နှင့် တွေ့ရသော အပြောင်းအလဲ ထက် ရေရှည် သွားရသော

ဓမ္မဓိဌာန် ကျသည့် ' တည်ငြိမ်မှု ' ကို ပို၍ သဘောကျပါသည် ။ မစွန့်စားရဲ သူ မဟုတ်ပါ ။ အလိုအပ်ပဲ နှင့် အနိုင်အရှုံးကို စိန်မခေါ်ချင်သော သဘော ရှိ သူ သာ ဖြစ်ပါသည် ။


“ အခု ကိစ္စ ကို ညီမလေး က ကိုကို့ ကို ဆန့်ကျင်နေတာ မဟုတ်ဘူး ၊ ကိုကို့ သဘောထား ကို နား မလည်သေးတာ လို့ပဲ ကိုကို ထင်တယ် ညီမလေး ” 


“ တူတူပါပဲ ” 


“ ဘယ် တူ မှာလဲ ညီမလေး ရဲ့ ၊ အခု ကိုကို တို့ စီစဉ်တဲ့ ကိစ္စ က ဒီနေ့ နက်ဖြန် ကောက် လုပ်မယ့်

ကိစ္စ မှ မဟုတ်တာ ၊ ရေရှည် ကိစ္စ ညီမလေး ရဲ့ ၊ အနည်းဆုံး one year over ရှိတယ် ၊ အဲဒီလောက် အချိန် ပေး ပြီးတော့လည်း ကိုကို ဒီ လူ သုံးယောက် ကို ရှာ ချင်တယ် ။ ကိုကို သူတို့ အတွက်

အချိန် ပေးနိုင်တယ် ညီမလေး ” 


“ ကိုကို ရွေးတဲ့ အထဲ က ခင်မေရာ တစ်ယောက် ပဲ ညီမလေး သဘော တူ တယ် ၊ နန္ဒာမောင့် ကို မကြိုက်ဘူး ၊ ပြီးတော့ ညိုမောင် ဒီ လူ့ ကို သဘော မကျဆုံး သူ ပဲ ဒီ လုပ်ငန်း နဲ့ ပတ်သတ်လို့ ဘာ တစ်ခု ကို မှ မသိဘူး ၊

ကိုကို အဲဒါ ရှင်းတယ် ” 


ချစ်မင်းစိုး လည်း တော်တော်လေး ဒုက္ခ ရောက်သွားသည် ။


အဘယ်ကြောင့်ဆိုသော သူ ညိုမောင့် ကို သဘော ကျ သော အချက် က ထိုသို့ ' ဘာတစ်ခု မှ မသိခြင်း ' ကြောင့် ဖြစ်သည့် အတွက် သာ တည်း ။


ထိုကြောင့် ဒီ ကိစ္စ ကို သွယ်ဝိုက် မနေတော့ဘဲ ထိပ်တိုက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး ရှင်း မှ ရတော့မည် ဆိုတာ ကို ချစ်မင်းစိုး ဆုံးဖြတ်လိုက်သည် ။


“ ညီမလေး နဲ့ ကိုကို ဒီ ကိစ္စ ကို ဆွေးနွေးကြရအောင် ကွာ ” 


“ ဘယ်လို ပုံစံမျိုးနဲ့ လည်း ကိုကို ” 


ဒီတစ်ခါတော့ ညီမလေး က သူ့ ကို မျက်နှာချင်း ဆိုင်ပြီး ပွင့်ပွင့်လင်းလင်း ပဲ မေး ပါသည် ။ လမင်းစိုး မေးသည့် သဘော က ရုံး ၊ ကုမ္ပဏီ ၏ စည်းကမ်း အတိုင်း မေးခြင်း သာ ဖြစ်ပါသည် ။


သူတို့ မောင်နှမ ဒီ ကုမ္ပဏီ ကို ထူထောင်ခဲ့ကြစဉ်က အလုပ် တာဝန် ခွဲဝေကြသည့် အခါတွင်

စည်းမျဉ်းတွေ ၊ စည်းကမ်းတွေ ဥပဒေတွေ ကို မောင်နှမ နှစ်ယောက် အရင် ထုတ်ကြသည် ။


ချစ်မင်းစိုး က အကြီးမို့ ဥက္ကဌ နေရာ ကို နေရပြီး ၊ လမင်းစိုး က အငယ်မို့ ဒုတိယအကြီးဆုံး နေရာ မှာ နေရသော်လည်း လုပ်ငန်း နှင့် ပတ်သတ်သော ကိစ္စတစ်ခု ကို ချစ်မင်းစိုး က အစ်ကိုကြီး မို့

သူ စိတ် ထင်ရာ လုပ်ခွင့် မရှိသလို လမင်းစိုး ကလည်း ညီမလေး မို့ နွဲ့ဆိုး နဲ့လုပ်ပစ်လိုက်ပြီ ကိုကိုရေ

ဟု လုပ်၍ မရပါ ။


ကိစ္စတစ်ခု မပြေလည်လျှင် မောင်နှမ ဆိုတာ ခဏ မေ့ ထားပြီး ကုမ္ပဏီစည်းကမ်း နှင့် အညီသာ

ဆွေးနွေးရပါသည် ။ ထို ဆွေးနွေး နည်း က ၃ မျိုး ရှိသည် ။ ပထမနည်း က ဝေဖန်ဆွေးနွေးခြင်း ဖြစ်သည် ။

ဒုတိယနည်း က အကြောင်းပြ ဆွေးနွေးခြင်း ဖြစ်သည် ။ တတိယနည်း က ယှဉ်ပြိုင်ဆွေးနွေးခြင်း ဖြစ်သည် ။ ထိုဆွေးနွေးနည်း ၃ နည်းဖြင့် ဆွေးနွေး ၍ လက်ခံနိုင်လောက်သော အခြေအနေ ရောက်မှ သဘော တူကြသည် ။ သဘောတူ ပြီးလျှင် ထိုသဘော တူညီမှု ကို အကျိုးအကြောင်း မဲ့ ဖျက်သိမ်း၍ မရပေ ။


“ အကြောင်းပြဆွေးနွေးနည်း နဲ့ တော့ ကောင်းမယ် ထင်တယ် ညီမလေး ” 


“ ညီမလေး သဘော တူပါတယ် ၊ ခင်မေရာ ကတော့ နိုင်ငံခြားဘာသာသိပ္ပံ က ဂျပန်စာ နဲ့ ကျောင်း ပြီးတယ် ၊ ဂျပန်ဂိုက် လည်း လုပ်နေတယ် ၊ ရုပ်ရည် ကျွမ်းကျင်မှု ၊ ဘာမှ ပြောစရာ မရှိတဲ့ အတွက်ထားတော့ ၊ ကေသီမိုး ကိုတော့ အရန် နေရာမှာ ပဲ ထား ချင်တယ် ”  


“ ဘာဖြစ်လို့လဲ ညီမလေး ” 


“ အင်တာဗျူး တုန်း က သူ့ ပုံစံ က ဖြည်းဖြည်း နဲ့ မှန်မှန်သမား ပုံစံမျိုး ဖြစ်နေတယ် ၊ ညီမလေး တို့

လုပ်ငန်း နဲ့ အံဝင် မဝင် ဆိုတာ ရုတ်တရက် ဆုံးဖြတ်လို့ မရဘူး ၊ ဒီတော့ သူ့ ကို အစမ်းပဲ ခန့် ချင်တယ် ၊ လုပ်ငန်း အတွက် ယတိပြတ် ပြောလို့မရနိုင်ဘူး ” 


“ အစမ်းခန့် ဆိုရင်တော့ ညီမလေး နောက် တစ်ယောက် သာ ရွေး လိုက်တော့ ၊ သူ က အစိုးရဝန်ထမ်း ညီမလေး ၊ ညီမလေး က အစမ်း ခန့် လည်း သူ က ရုံး ကနေ ထွက် ရမှာပဲ ၊ ပြီးတော့ မှ ညီမလေး မခန့်ဘူး ဆိုရင် ” 


“ ကောင်းပြီ ကိုကို ၊ ညီမလေး သူ့ ကို သဘော ကျတဲ့ အခြား အချက်တွေ ရှိတယ် ၊ ညီမလေး

သူ့ ကို ခန့်မယ် ၊ ညီမလေး တို့ project အတွက် အသုံး မတည့်ရင်လည်း ဒီ ကုမ္ပဏီ အတွက်ပဲ ထား ကြတာပေါ့ ”  


“ ညီမလေး သူ့ ကို ဆုံးဖြတ်ချိန် က ... ” 


“ နှစ်လ ” 


“ သုံးလ ယူ ညီမလေး အဲဒီလောက် မှ လမ်းစကလေး ပဲ ရ ဦးမှာ ” 


“ OK ကိုကို ...  ” 


လမင်းစိုး က သူ့ Diary ထဲ မှာ သဘောတူသော အချက် ကို သေသေချာချာ ထည့် ရေးသည် ။ ပြီးတော့ ...  ကေသီမိုး၏ C.V form ကို တစ်ဖက် သို့ ရွေ့သည် ။ ပြီးတော့ ချစ်မင်းစိုး ကို လှမ်း၍ ကြည့်သည် ။ ကိုကို ကရော ဆိုသည့် သဘောမျိုး ။


“ ကိုကို့ မှာ လည်း ညိုမောင့် ကို သဘော ကျ ထားတဲ့ အချက်တွေ ရှိတယ် ၊ ညီမလေး ... ညီမလေး ... 

ကေသီမိုး ကို သဘော ကျတဲ့ အချက်တွေ ရှိထား သလိုမျိုး ပေါ့ ” 


“ ညီမလေး ကေသီမိုး ကို သဘောကျတဲ့ အချက်တွေ က ...  တစ် ” 


“ ဟိုး ... ဟိုး  ...  ညီမလေး ၊ အဲဒီ အကြောင်းကို ကိုကို နဲ့ ညီမလေး ပြောပြီးပြီးလေ ... ၊ အစမ်းခန့် မဖြစ်ဖို့ပဲ အခုမှ ကိုကို က ပြောတာ ” 


“ ဟုတ်ပြီ ကိုကို ... ညိုမောင့် ကိစ္စ ကို ပြောပါဦး ” 


“ ကိုကို နဲ့ ညီမလေး ၊ ညိုမောင့် အပေါ် မှာ မြင်တဲ့ အမြင်ချင်း က အတူတူပဲ ညီမလေး ” 


“ ဟင် .. ဒါဆို ” 


“ ကိုကို့ စကား မဆုံးသေးဘူး ညီမလေး ရဲ့ ၊ အဲဒီ အမြင် ကို ကိုကို အသုံးချ ကြည့်ချင်တယ် ၊ ညီမလေး က လွှင့် ပစ်ချင်နေတယ် ၊ အဲဒါပဲ လွဲ တာ ၊ ဟုတ်တယ် ၊ ညိုမောင် ဟာ ' ဘာမှ မသိဘူး ' ဘာမှ နားမလည်သေးဘူး ၊ ဘယ် ကုမ္ပဏီ မှာ မှ မလုပ်ဖူးသေးဘူး ၊ ဒါကြောင့် ကိုကို တို့ ကုမ္ပဏီ ဟာ

သူ့ အတွက် ကြီးမား တဲ့ အိမ်မက်ကြီး တစ်ခု ဖြစ်နေတယ် ၊ အဲဒါကို ကိုကို သဘောကျတယ် ညီမလေး ”  


“ ဒါကတော့ ကိုကို ရယ် ၊ အလုပ် သစ် ကို စ လုပ်ကြတဲ့ သူတိုင်းမှာ ရှိတဲ့ စိတ်ထားပါ ၊ ကိုကို နဲ့ ညီမလေး တို့ ဒီ အလုပ် ကို စ လုပ်တော့လည်း ဒီ စိတ်မျိုး ရှိခဲ့ကြတာပဲ မဟုတ်လား ” 

 

“ ဟုတ်တယ် ညီမလေး ၊ ဒါပေမယ့် အဲဒီ စိတ်ထား နဲ့ လိုက်ဖက်တဲ့ ရိုးသားမျက်လုံးတွေ သူ့ မှာ ရှိတယ်

ညီမလေး ၊ အဲဒါကို ကိုကို က သဘော ကျတာ ” 


လမင်းစိုး က ခေါင်း ကို ခါ လေသည် ။ သူ့ ကို ကား တွန်းပေးခဲ့သော ညိုမောင့် ပုံ ကို မျက်စိ ထဲ ပြန် မြင်လာသည် ။ ညိုမောင် သည် သူ့ ကို ရိုးရိုးသားသား ကူညီခဲ့တာ ဖြစ်သည် ဆိုတာ ကို လမင်းစိုး ပြန် မြင်သည် ။ ကုမ္ပဏီကတ် ကို ပြတော့ သူ မျက်နှာ ပျက် သွားတာကို မရိပ်မိ ။အင်တာဗျူး နေ့ က သူ ဖိဟောက် ထင်ရာတွေ လျှောက် မေးတာ ကိုလည်း ဒေါသမဖြစ် ၊ စိတ်ဆိုးဟန် မပြ ၊ သူ့ ကို တွေ့တော့ အံ့ဩသွား ပုံ ကို ကိုကို မရိပ်မိတာပဲ တော် လှပြီဟု တွေးမိသည် ။


“ ဘာမှ မသိ ၊ ဘာမှ လည်း မတတ်တဲ့ လူ ကို မှ ကိုကို ရာ ” 


“ ဟုတ်တယ် ညီမလေး ၊ အဲဒါ ကိုကို အလိုချင်ဆုံး အရည်အချင်း ပဲ ၊ ညိုမောင် ဟာ အဖြူထည် ၊

ဗလာသက်သက် ၊ ဘာမှ မရေးရသေးတဲ့ စာရွက် ဆိုပါစို့ ၊ ကိုကို တို့က သူ့ ကို အရောင် ဆိုး မှာ မဟုတ်ဘူး ညီမလေး ၊ အရောင် ခြယ် ပေးမှာပါ ”  


“ ဒါဆိုရင် ဒီလိုလုပ် ကိုကို ၊ ညိုမောင့် ကို လည်း ခန့် ၊ ဥက္ကကျော် ကို လည်း ခန့်မယ် ၊ နှစ်ယောက်စလုံး အစမ်း သဘောပေါ့ ” 


“ ဥက္ကာကျော် ကို ညီမလေးက ဘာ သဘော ကျတာလဲ ” 


“ အင်း .. ပါးနပ်တယ် ၊ လုပ်ငန်းအတွေ့အကြုံ ရှိတယ် ၊ ဖျတ်လတ်တယ် ၊ လူမှုဆက်ဆံရေး ကောင်းတယ် ၊ ကွန်ပျူတာ လည်း ကျွမ်းကျင်တယ် ” 


“ မှန်တယ် ၊ ဒါပေမယ့် သူ့ အကြောင်း ကို ကိုကို သိထားတာတော့ ညီမလေး ကို ပြောပြရလိမ့်မယ် ၊ သူ က

ကုမ္ပဏီ နှစ်ခု ပြောင်းခဲ့တယ် ၊ သူ နောက်ဆုံး ထွက် ခဲ့တဲ့ ကုမ္ပဏီ က ကိုကို နဲ့ သိလို့ လှမ်း မေးတော့

သူတို့ နဲ့သဘောထား မကိုက်ညီ လို့ သူ့ သဘော နဲ့ သူ ထွက်စာ တင်သွားတာပါတဲ့ ၊ ငွေရေး ကြေးရေး ကိစ္စ တော့ မဟုတ်ဘူး တဲ့ ” 


ကုမ္ပဏီ မှာ အချင်းချင်း လက်ခံထားသည့် မူဝါဒ တစ်ခု ရှိသည် ။ မိမိ ကုမ္ပဏီ မှ ဝန်ထမ်း တစ်ဦး ကို ထုတ်သည် ဖြစ်စေ ထွက်သည် ဖြစ်စေ ထို ဝန်ထမ်း အကြောင်း အခြား ကုမ္ပဏီ က စုံစမ်းလာလျှင် ရာဇဝတ်မှု နှင့် မပတ်သတ်သမျှ ကာလပတ်လုံး ပြောခွင့် မရှိပါ ။ ရဲအရေးပိုင် အထိ တရားရုံး အထိ ရောက်သည့် ပြစ်မှုမျိုး ဆိုလျှင်တော့ သတိပေးသည့် အနေနှင့် ဖွင့် ပြောခွင့် ရှိသော်လည်း ထို သူ့ ကို

ခန့်ရေး မခန့်ရေး ကိစ္စ ကို ဝင်ရောက် စွက်ဖက်ခွင့် မရှိပါ ။


“ ရပါတယ် ညီမလေး ထိန်း နိုင်မှာပါ ၊ ကိုကို့ ဆီ က ညီမလေး အခွင့်အရေး တစ်ခုတော့ တောင်း ချင်တယ် ” 


“ ပြော ညီမလေး ” 


“ ကိုကို့ လူ ကို အလုပ် နေရာ အတွက် ညီမလေး စိတ်ကြိုက် နေရာ မှာ ခန့်မယ် ၊ အဲဒါကို ကိုကို ဝင်ပြီး မစွက်ဖက်ရဘူး ” 


“ ကောင်းပြီ သိခွင့်တော့ ရှိတယ် မဟုတ်လား ” 


“ ရှိပါတယ် စာဝင်စာထွက် မှာ ထား မှာ ” 


လမင်းစိုး စကားကြောင့် ကိုကို က ပြုံး လေသည် ။ ပြီးတော့ ခေါင်း ကို တဆတ်ဆတ် ညိတ်သည် ။


“ ဟင် ... ကိုကို့ လူ က ဘာမှ မသိသေးဘူးလေ ” 


“ ကိုကို သဘော တူတယ်လေ ညီမလေး ရဲ့” 


“ ဒါဆို ပြီးရော ”

 

“ ညီမလေး ကို ကိုကို တစ်ခုတော့ ပြော မယ် ၊ ကိုကို က နောက် ၂ နှစ် ဆို မြသဇင် နဲ့ လက်ထပ်ပြီးရင်

ဂျပန် မှာ နေဖြစ်မယ့် အချိန်က ပို များတော့မှာ ... ၊ ဒါမှလည်း အဲဒီ ကနေ ညီမလေး ဒီမှာ လုပ်ဖို့ အတွက် စီစဉ် ပေးနိုင် မှာ ၊ ညီမလေး အနား ကိုကို မရှိတဲ့ အချိန်မှာ ညီမလေး ကို ကိုကို လူလည် တစ်ယောက် နဲ့

အတူ မထားခဲ့ချင်ဘူး ၊ ရိုးသားတဲ့ လူ တစ်ယောက် နဲ့ ပဲ ထားခဲ့ ချင်တာ ၊ ဒါဆို မိန်းကလေး ထား ပါလားလို့ ပြောမယ် ၊ ညီမလေး နဲ့ တည့်မယ့် မိန်းကလေး က ဒီ ကမ္ဘာ ပေါ် မှာ မမွေးသေးဘူးလေ ၊ အင်တာဗျူး နေ့ က ညီမလေး ဟောက် တာ ကိုညိုမောင် သည်းခံ နေတာရော ၊ ညီမလေး ကို လန့်တာရော ၊ သူ သိတာလေး ကို ရိုးရိူးသားသား ဖြေ သွားတာရော ကို ကြည့်ပြီး သူ့ ကို ရွေးတာ ၊ အဲဒါ ညီမလေး အတွက် ပါ ” 


“ ကောင်းပြီ ... ဒါဆိုရင် ညီမလေး က ပဲ သူ့ ကို အရောင် ခြယ် ပေးရမယ် ဆိုပါတော့ ” 


“ ဟုတ်တယ် ၊ ဒါပေမယ့် ကုမ္ပဏီ ရဲ့ စည်းကမ်း အတိုင်းပဲ နော် ” 


“ ဒါတော့ စိတ်ချပါ ကိုကို ၊ ညီမလေး က မှန်တယ် ထင်တာကို ပဲ လုပ် တတ်တာပါ ၊ မတရား လုပ်တတ်တဲ့ လူ မဟုတ်ပါဘူး ၊ စည်းကမ်း အတိုင်းပါပဲ စိတ်ချပါ ” 


“ အိုကေ ... တို့ မောင်နှမ ဆွေးနွေးတာ အောင်မြင်တယ် ၊ ကဲ ... တစ်ခုခု သွား စားကြရအောင် ” 


“ ကိုကို .. ဂျပန် ကို ဘယ်တော့လောက် သွားမှာလဲ ” 


“ ရှေ့အပတ် ထဲ ပဲ ညီမလေး ...  ” 


◾  နီကိုရဲ


📖  ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment