Sunday, July 10, 2022

ဘာကြီးလဲ ( ၀၁ )


 

“ ဟေ့ ... ဟေ့ ဒီက ကွ ... ဒီကိုလာ ... ဒီကို ...”

လက်ခုပ်သံ တစ်ဖျောင်းဖျောင်း တီးသံ နှင့် အားရဝမ်းသာ ခေါ်သံတို့ကြောင့် ညိုမောင့် စိတ် ထဲ မှာ လေပြီး ပူ နေသော စိတ် အပူ ၊ အမေ က တစ်လိပ် ၊ အဘွား က တစ်လိပ် ပေး လိုက်ကြတဲ့ ဖျာလိပ် နှစ်ထပ်ကြီး နှင့် ထို ဖျာလိပ် ထဲ တွင် ထည့် ထုပ်ထားသော သူ့ ပစ္စည်း အလေးတွေ ရဲ့ဖိစီးမှု ဒီ ဒဏ်တွေ ကို လွတ်ပြီ ဆိုပြီး ထိထိ မိမိ နှင့် အားရ ဝမ်းသာ သက်ပြင်းကြီး ကို ချရင်း ... သူ့ ကို လှမ်း ခေါ် သော ဦးလေးကြီး ထံ သို့ ပြန် လျှောက်လာသည် ။

“ ဦးလေး ကလည်း စောစော က ခေါ် ရောပေါ့ဗျာ ”

ညိုမောင့် စကားလုံးတွေ က ဒေါသ ဖြစ်နေသည့် စကားလုံးတွေ ဖြစ်နေသော်လည်း ညိုမောင့် မျက်နှာ က ပြုံးဖြီးဖြီးကြီး မို့ ဝမ်းသာကျေနပ် အားရစွာ ပြောခြင်း ဖြစ်ကြောင်း သိ နိုင်ပါသည် ။

“ အေးကွာ ... ငါ လည်း မင်း ကျော်သွားတော့ မှ အတွေး ရ တာနဲ့ ၊ နွေ ဆို သင်ဖြူးဖျာကလေး ခင်း အိပ် ရတာ ဇိမ် ပဲ ကိုယ့်လူ ရ ”

“ အာ ... ဟုတ်တာပေါ့ ... အစ်ကိုကြီး ရ ”

“ ကဲ .. ချစမ်းပါဦး ကွာ ၊ တစ်ချပ် ဘယ်လောက် ဆို ဈေးလဲ ”

“ ဗျာ ... ”

ညိုမောင် သူ့ ကို ဖျာသည် နှင့် မှား ခေါ်မှန်း ချက်ချင်း ရိပ် မိလိုက်သည် ။ သို့သော် ...

“ ကျွန်တော် ဖျာ ရောင်းတာမဟုတ်ဘူး ”

ဟု ပြောဖို့ ကို အားနာ နေမိသည် ။

ညိုမောင် မျက်နှာ ပျက် သွားတာကိုလည်း ဦးလေးကြီး က သတိ ထား မိသွားသည် ။ သူ့ မျက်နှာ မှာ လည်း ညိုမောင့် ကို အားနာ စိတ် ချက်ချင်းကြီး ကို ရောက်သွားသည် ။သို့သော် ... လူကြီး ဆိုတာ က လူငယ် ထက် တော့ ဣန္ဒြေ အရာ မှာ သာကြစမြဲ ဖြစ်သည် ။ ထိုကြောင့် ဖျာသည် ခေါ်သော ဦးလေးကြီး ကပင် ဣန္ဒြေ ကို ထိန်း၍ မေးသည် ။

“ မင်း .. ဖျာ လိုက်ရောင်းတဲ့ သူ မဟုတ်ဘူး မဟုတ်လား ”

“ ဟုတ် .. ဟုတ်တယ် ... ဦးလေး ၊ ကျွန်တော် အဆောင် လိုက် ရှာတာပါ ”

“ ဆောရီးကွာ ငါ က လုပ်လိုက် ဖြစ်လိုက် ရင် ဒီလိုချည်းပဲ ။ ကဲ ... ကဲ ... ဒါဆိုလည်း မင်း ဖျာလိပ်ကြီး ခဏ ချပြီး နားစမ်းပါဦး ကွာ ၊ ရေလေး ဘာလေး သောက်ရင်းနဲ့ပေါ့ ”

ခေါင်းပေါ် က ဖျာလိပ်ကြီး ကို ချ လိုက်ရသဖြင့် ညိုမောင့် ခန္ဓာကိုယ် ပေါ့ပါးသွားသည် ။ သို့သော် .. အဆောင် ကို ရှာ မတွေ့ သဖြင့် စိတ်ကတော့ လေးလံနေဆဲ ဖြစ်၏ ။

“ သော်သော် ... သော်သော် ... ”

“ ရှင် ... ဖေဖေ ”

“ ရေခဲသေတ္တာ ထဲ က ရေသန့် တစ်ဘူးနဲ့ ဖန်ခွက် ယူလာခဲ့စမ်းဟာ ”

“ ရှင် ... ”

“ ဟာ ... ဒီ ကောင်မလေး နားထိုင်းနေလား ၊ ရေခဲသေတ္တာ ထဲ က ရေတစ်ခွက် အဲ .. ရေသန့်တစ်ဘူး နဲ့ ဖန်ခွက်တစ်ခွက် ယူခဲ့လို့ ပြောနေတာ ”

အိမ် ထဲ က ဘာတုံ့ပြန်သံ မှ မကြားရတော့ ။ ဦးလေးကြီး က ခေါင်း ကို ကုတ်သည် ။ပြီးတော့ ခါး ကို ထောက်သည် ။

“ အင်း .. ဒီခေတ် ကလေးတွေ ခက်တယ်ကွာ .. ခက်တယ် ”

“ ဟုတ်ကဲ့ ... ဦး ”

ညိုမောင် လည်း ဘာ ပြောရမှန်း မသိတာနှင့် ဝင် ထောက်ခံလိုက်ခြင်း ဖြစ်သည် ။

“ ဟာ .. ငါ ပြောတာ မင်း ကို ပြောတာ မဟုတ်ဘူးကွ ၊ ငါ့ အိမ် က ကလေးတွေ ကို ပြောတာ ၊ ငါ့ မှာ သမီး နှစ်ယောက် ရှိတယ် ”

ထိုအချိန်တွင် ကောင်မလေး တစ်ယောက် ရေသန့်ဘူးအဟောင်း ကို ရေ ဖြည့်ပြီး ရေခဲသေတ္တာ ထဲ ထည့် ထားသော ရေသန့်ဘူးကလေး နှင့် ရေခွက် ကို ကိုင်ကာ ဦးလေးကြီး ၏ နောက်ဘက်တွင် ရောက်နေပြီ ဖြစ်သည် ။

“ အကြီးမရော ၊ အငယ်မရော တစ်ယောက် မှ အချိုး မပြေဘူး ”

“ ဦးလေး ”

ရေသန့်ဘူး ကိုင် ထားသော ကောင်မလေး က နှာခေါင်း ကို ရှုံ့ နေပြီ ။ မျက်နှာ က မဲ့ နေပြီ ။ ထို့ကြောင့် ညိုမောင် က ... “ ဦးလေး ” ဟု တမင် သတိပေးခြင်း ဖြစ်၏ ။ သို့သော် ဦးလေးကြီး က

“ သူတို့ နှစ်ယောက် ပုံစံ ကလေ တြိဂံ လိုလို ၊ စတုဂံ လိုလို ပဉ္စဂံ ၊ ဆဌဂံ အို ကွာ ဘယ်လိုမှ ကို ထောင့် မကျိုးတာ ငါ ပြောပြမယ် ”

“ ဖေဖေ ”

“ ဟေ ”

“ ရော့ ”

ကောင်မလေး က ရေသန့်ဘူး နှင့် ရေခွက် ကို သူ့ အဖေ နား သို့ ဒေါသ နှင့် ဆောင့်ချ ပေးရင်း ခြေ ကို ဆောင့်၍ ဆောင့်၍ အိမ်ထဲ ပြန် ဝင်သွားသည် ။ အိမ် က နှစ်ထပ် ပျဉ်ထောင်အိမ်ကလေး ဖြစ်၏ ။

“ မင်း ကလည်း နောက် မှာ ရောက် နေရင် ပြော မှပေါ့ကွ ”

“ ဦးလေး ... လို့ ကျွန်တော် ခေါ်ပြီး သတိ ပေးသားပဲ ၊ ဦးလေး က သတိ မထားမိဘဲ ဆက် ပြောနေတာကိုး ”

“ ကဲကွာ ... ထားပါ ၊ သူတို့ စိတ်ဆိုးလည်း ခဏပါ ၊ ကဲ .. ရော့ ရေသောက် ”

ဦးလေးကြီး ငှဲ့ချပေးသော ရေ ကို ညိုမောင် တစ်ယောက် အားရပါးရသောက်ပါသည် ။ ထိုသို့ ရေ အားရပါးရ သောက်နေတုန်း မှာပဲ ဦးလေးကြီး က မေးခွန်း တစ်ခု ထပ် မေးသည် ။

“ မင်း လိုက်ရှာနေတဲ့ အဆောင် က လိပ်စာ ပါ လား ၊ ပါရင် ငါ့ ကို ပြစမ်း ”

ညိုမောင် ရေကို အားရပါးရ သောက် နေချိန်ကြီးမို့ ခေါင်းညိတ် ၍ လက် ကာ ပြ ထားရသည် ။ ရေ ကုန်သွားတော့ မှ

“ ပါတယ် ဦးလေး ၊ ကျွန်တော့် မှာ ပါတယ် ၊ ကျွန်တော် ပြမယ် ”

ညိုမောင် က သူ့ ကျော မှာ ပိုး ထားသည့် စစ်ကျောပိုးအိတ်ကြီး ကို ပါ ဖြုတ် ရတော့သည် ။ လိပ်စာ ကို ခုနက အလွတ် ကျက် ထားသော်လည်း အခု မေ့ သွားပြီ ဖြစ်သည် ။ ထို့ကြောင့် စစ်ကျောပိုးအိတ်ကြီး ထဲ က စာအုပ်ကလေး ကို ထုတ်ပြီး ပြောမှ သေချာမည် ဖြစ်သည် ။

“ တွေ့ပြီ ၊ ဒီမှာ ဦးလေး ၊ ဒေါ်တင်နွယ်တဲ့ ၊ ၃လမ်း ၊ အိမ်နံပါတ် ( ၂၈ ) ချမ်းသာသုခလမ်း ၊ လှိုင် မြို့နယ် တဲ့ ”

“ ချမ်းသာသုခလမ်း ဆို တာတော့ ဒီလမ်း ပဲ ကွ ၊ ဒေါ်တင်နွယ် ဆို တာကတော့ ... ၊ အင်း .. ငါ လည်း ရပ်ကွက် ထဲ က လူတွေ နဲ့ သိပ် ပေါင်းဖြစ်တာ မဟုတ်ဘူး ၊ ငါ က ပန်းထိန်ဆရာ ကွ ၊ နေဦး ... နေဦး ”

“ သော်သော် ရေ ... သော်သော် ”

အိမ် ထဲမှ ဘာမှ တုံ့ပြန်သံ မကြားရတော့ဘဲ ကောင်မကလေး နောက်တစ်ယောက် ထွက်လာသည် ။ စောစောက ရေဘူး လာပေးတဲ့ ကောင်မလေး ထက် နည်းနည်း ငယ်ပုံ ရသည် ။

“ သော်သော် ပါ ဆိုနေမှပဲ ”

“ ရေဘူး သိမ်းတာကလည်း မော်မော် သိမ်းလည်း အတူတူပဲ ”

“ ရေဘူး သိမ်းဖို့ မဟုတ်ဘူး ဟ ၊ ဒီက ကောင်လေး အဆောင် လိပ်စာ ရှာ မတွေ့လို့ အဲ့ဒါ မေး မလို့ ”

“ အဆောင် လိပ်စာ ... ၊ မော်မော့် ကို ပြလေ ”

ဦးလေးကြီး က စာရွက် ပေးတော့ ကောင်မလေး က တစ်ချက် ကြည့်ပြီး အားရပါးရ ပြုံးသည် ။

“ အန်တီနွယ် တို့ အဆောင်လား ၊ အမလေး စောစော က ပြော ရောပေါ့ ၊ ဟိုး မှာ အပြာရောင် ဆေး သုတ်ထားတဲ့ ခုံတန်းပြာကလေး တွေ့လား ”

“ ဟုတ်ကဲ့ ... တွေ့ပါတယ် ”

“ အဲဒါ အန်တီနွယ့် အဆောင် ပဲ ”

“ ဟာ ... ကျေးဇူးတင်လိုက်တာ ညီမလေး ရာ ၊ အခု ညနေ သာ အဆောင် ရှာ မတွေ့ရင် ကျွန်တော် ဘယ် မှာ အိပ်ရမှန်းတောင် သိမှာ မဟုတ်ဘူး ဦး ရ ”

“ ဟာ ... ဒါဆို ငါတို့ ပါ ကံ ကောင်းသွားတာပေါ့ ၊ နို့မို့ရင် ... ”

“ ဟာ ... ဦးလေး ကလဲ ”

ညိုမောင် ရှက်ရှက် နှင့် ဖျာလိပ်ကြီး ကို ကောက် ထမ်းပြီး ခုံတန်းပြာကလေး ရှိရာသို့ ထွက် ခဲ့သည် ။ သူ့ အဆောင်သည် ဘယ်လို ပုံစံမျိုးလဲ ။

သူ နေရမည့် နေရာ သည် ဘယ်လို နေရာမျိုးလဲ ဆိုတာ ကို သူ သိချင်လှပြီ ။

ရွာ မှာ တုန်းက မြို့ တက်ပြီး အဆောင်မှာ နေရတော့မည် ဆိုကတည်းက သူ နေရမည့် အဆောင် ကို စိတ်ကူး ယဉ် ခဲ့ရတာ အကြိမ်ရေ ကား မနည်းတော့ ။ အဆောင် အကြောင်း ကို စိတ်ကူး မယဉ်ဘဲ အိပ်တဲ့ ည တစ်ည မှ မရှိ ။ ဒီလောက် စိတ်ထဲ က စွဲလန်းခဲ့ ရသော်လည်း ညိုမောင် အိမ်မက် ထဲ မှာတော့ အဆောင် အကြောင်း ကို တစ်ခါ မှ အိမ်မက် မမက်ခဲ့ပါ ။

အခု ... သူ စိတ်ကူးယဉ်ခဲ့ရသော အဆောင်ကလေး ဆီ ကို ရောက်တော့မည် ။

ခုံတန်းပြာကလေး ရှိသည့် အိမ် ရှေ့မှာ ရပ် လိုက်တော့ တံခါး ကို သော့ခလောက် အကြီးကြီး အား သံကြိုးကွင်းကြီးတွေ နှင့် ချည်ထားတာကို တွေ့ရသည် ။ သော့ခလောက်ကြီး က ခြံထဲဘက် အခြမ်း မှာ ရှိနေတာမို့ လူတော့ အိမ် ထဲ မှာ ရှိရမည်ဟု ညိုမောင် တွေး လိုက်သည် ။

ခြုံကြီးထဲ က အိမ် ကို လှမ်း ကြည့်လိုက်တော့ အိမ် က ဟိုးရှေးခေတ် က အိမ်မျိုး ဖြစ်၏ ။ အိမ်နံဘေးဘက် မှ အုတ်လှေကား ဖြင့် တက်လျှင် အိမ်ရှေ့ဝရန်တာတန်း ကို ရောက်မည် ထို ဝရန်တာတန်း ကနေ ခါးပန်း ( ခပန်း ) ကို ကျော် မှ အိမ်ရှေ့ခန်း ကို ရောက်မည် ။ အိမ်ရှေ့ဝရန်တာတန်း ၏ လေးပေလောက် ကို သစ်သား ဖြင့် ရိုက်ထားပြီး အပေါ်ပိုင်း ကို တော့ သံဇကာ အကွက်ကြီးတွေ နှင့် ကာ၍ ထားသည် ။

ခြံထဲ မှာ ကတော့ အိမ်ဘေးအုတ်လမ်းကလေး ဆီ သို့ သွားသော လမ်းကလေး မှ တစ်ပါး ၊ အခြားနေရာတွေ အားလုံးမှာ မြက်ပင်တွေ အလေ့ကျ ပေါက်ပင်ရိုင်းတွေ ၊ ထိကရုန်းပင်တွေ ရှင်ရှင်သန်သန်ကြီး ကို ကြီးထွားနေတာ ကို တွေ့ရသည် ။

ညိုမောင် ခုံတန်းပြာပေါ်သို့ သူ့ ဖျာလိပ်ကြီး ကို ချသည်  ပြီးတော့ ဘယ်လို ခေါ်ရလျှင် ကောင်းမလဲ ဆိုတာ စဉ်းစားရသည် ။

“ အိမ်ရှင်တို့ ”

   ဟုခေါ်လျှင် ကောင်းမလား ။

“ အဆောင်ရှင်တို့ ”

   ဟု ခေါ်လျှင် ကောင်းမလား ။

“ အန်တီတင်နွယ် ”

   လို့ ခေါ်လျှင် ကောင်းမလား ။

“ အန်တီနွယ် ရေ ”

   လို့ပဲ ခေါ်လျှင် ကောင်းမလား ။ အထဲမှာ လူ ရှိ ဟန် တူသော အိမ်ကြီး ကတော့ ပကတိ ငြိမ် နေတာကို တွေ့နေရသည် ။

ဒီလို အခြေအနေမျိုး ဆိုလျှင် ညိုမောင် အမြဲ တွေဝေနေတက်လေ့ ရှိသည် ။ မခေါ် မဖြစ်မို့ တကယ် ခေါ် ဖြစ်သွားတော့ ...

“ အန် .. အန်တီ ရေ .. အန်တီ .. ”

ခြံကလေး ထဲ မှ ဘာတုံ့ပြန်မှုမျှ မရ ၊ ထိုကြောင့် ညိုမောင် အား ပို ရှိသွား၏ ။

“ အန်တီ .. အန်တီ ... အန်တီ ရေ ... ”

ခြံကလေး ထဲ မှာ ရှိသည့် အိမ်ကလေး ထဲ မှ တစ်စုံတစ်ရာ လှုပ်ရှားသွားသည် ဟု ညိုမောင် ထင်သည် ။ ထိုကြောင့် ပို၍ အော် သည် ။

“ အန်တီ .. အန်တီ ... အန် ... ”

“ လာပြီ လို့ ငါ ပြန် ပြောနေတာ ကို ဘာဖြစ်လို့ ဒီလောက် အော် ရတာလဲ ဟင် ”

တင်းမာပြတ်သား စူးရှသော အသံကြောင့် ညိုမောင် ဘာ ဆက်ပြောရမှန်း မသိတော့ဘဲ လန့်သွားသည် ။ ရင် လည်း တော်တော် တုန်သွား၏ ။ခဏကြာတော့ ဘေးတံခါး မှ အသက် လေးဆယ် ကျော် ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့် နှင့် မျက်နှာထား တင်းတင်း နှင့် အမျိုးသမီး တစ်ယောက် ထွက် လာသည် ။ ဘေးလှေကားသုံးထစ် ကို ဆင်းပြီး ကတည်း က ခြံဝ က ညိုမောင့် ကို ရင်ဆိုင်သော အကြည့် သည် တော်တော် ကြောက်စရာ ကောင်းသော အကြည့် ဖြစ်သည် ။ ခက်ထန်သော အကြည့်မျိုး မဟုတ်ဘဲ တင်းမာပြတ်သားသော အကြည့် ဟု ဆိုလျှင် ပို မှန်လိမ့်မည် ဖြစ်သည် ။ထိုအမျိုးသမီးကြီး သည် ဒေါ်တင်နွယ် သာ ဖြစ်ရမည် ။

“ ကျွန်တော် အဆောင် ... နေဖို့ လာတာပါ ”

“ အဆောင် က လူ ပြည့်သွားပြီ ... ”

“ မဟုတ်ပါဘူး ၊ ဆရာတော် ရေး ပေးလိုက်တဲ့ စာ ပါ ပါတယ် ခင်ဗျ ”

ထုံးစံ အတိုင်း ညိုမောင် က သူ့ စစ်လွယ်အိတ်ကြီး ကို ဖြုတ်ပြီး အသေအချာ သိမ်းထားသော စာ ကို ထုတ်၍ ပြသည် ။အမျိုးသမီးကြီး က မျက်မှောင် ကိုကျုံ့ရင်း စာ ကို ဖတ်သည် ။ ပြီးတော့မှ မျက်နှာပေါ်ရှိ တင်းမာမှု က လျော့ကျသွားပြီး ....

“ အေး ... ငါ က ဆရာတော့် ဆီ က လူ ရှိလို့ လူ ပြည့်သွားပြီ လို့ ပြောတာ ၊ မင်း က ဆရာတော် ဆီ က လူ ဆိုတော့ ပြီးပြီပေါ့ ”

အမျိုးသမီးကြီး က ပြောရင်း တံခါးသော့ ကို ဖွင့် ။ သံကြိုးကြီးများ ကို ဖြည်သည် ။ ညိုမောင် လည်း ကျောပိုးအိတ် ပြန်လွယ် ၊ ဖျာလိပ် ကို ထမ်းပြီး အန်တီကြီး နောက် လိုက် ခဲ့ရ၏ ။ သူတို့ နေရမယ့် အဆောင် က အိမ် အနောက်ဘက် ရှိ ကြမ်းခင်း ၊ ပျဉ်ကာသွပ်မိုး သပ်ရပ်သော အဆောင်ကလေး သာ ဖြစ်ပါသည် ။

“ ကဲ ... မင်း က နောက်ဆုံး ရောက်လာတဲ့ သူ ဆိုတော့ ဟိုဘက်ထောင့် က ကျန်တဲ့ ခုတင် မှာ နေရာ ရမယ် ”

“ ဟုတ်ကဲ့ ... အန်တီ ”

ညိုမောင့် စကား ဆုံးတော့ အန်တီကြီး က ညိုမောင့် ကို စူးခနဲ နေသော အကြည့် ဖြင့် စိုက်၍ ကြည့်သည် ။

ညိုမောင် ကြောင် သွားသည် ။ သူ ပြောသည့် စကား ထဲ မှာ မှားစရာ ဘာမှ မရှိပါ ။

“ မင်း ... ငါ့ ကို နောက် မမနွယ် လို့ ခေါ် ရမယ် ကြားလား ”

“ ဟုတ်ကဲ့ .. အန် ... အဲ မမနွယ် ”

မမနွယ် က အဆောင် ထဲ သို့ ဝင်သွားသည် ။ ညိုမောင် က ပခုံး ကို တွန့်ကာ နောက် မှလိုက် ဝင်သွားသည် ။

“ မင်း အဆောင် နေ ဖူးသလား ”

“ မနေဖူးဘူး ခင်ဗျ ”

“ အေး ... အဲဒါဆိုရင် ငါ ပြောတာ နား ထောင် ၊ မင်း တို့ အဆောင် ကို သန့်ရှင်းရေး နေ့စဉ် လုပ်ရမယ် ၊ ငါ့ အဆောင် က ပွစိရှုပ်ယှက် နေတာ ငါ မကြိုက်ဘူး ၊ အမှိုက် ကို မြေကြီးပေါ် မပစ်ရဘူး ၊ ဟိုမှာ အမှိုက်ပုံး ၊ အဲဒီ အထဲ ထည့် ရမယ် ၊ ပြီးတော့ ဘယ် သူငယ်ချင်း ကိုမှ ဘာအကြောင်းနဲ့မှ ညအိပ် လက်မခံရဘူး ၊ အဆောင်တံခါး ကို ၇ နာရီ မှာ ပိတ်တယ် ၊ အဲဒီထက် နောက်ကျရင် ကြုံရာ အိပ်ပေတော့ ၊ တံခါးသော့ ကို ငါ တစ်ယောက် ပဲ ကိုင်တယ် ”

မမနွယ် သည် မောသွားသလို ခဏ နားသည် ။

“ နောက်ပြီးတော့ အဆောင် မှာ ဘာ တစ်ခုမှ ချက်ပြုတ်စားလို့ မရဘူး ၊ မင်း တို့ အဆောင် မှာ ထင်း ၊ မီးသွေး ဘာမှ မသုံးရဘူး ၊ လျှပ်စစ်မီးဖိုအတွက်လည်း ငါ က ဘာ ပလပ်ပေါက် မှ တပ် ပေးမထားဘူး ၊ စာမေးပွဲနား နီး တာတို့ ဖျားတာ နာတာတို့ ရှိရင်တော့ ခေါက်ဆွဲထုပ် တို့ ကြာဇံထုပ် တို့ ပြုတ် သောက်ရအောင် ငါ ပလတ်ပေါက် တစ်ခု ချပေးထားမယ် ၊ အေး .. နောက်ဆုံး နဲ့ အရေးအကြီးဆုံး ကတော့ မိန်းမ ကိစ္စ ပဲ ၊ ဒီ အဆောင် ထဲ ကို ဘယ် မိန်းမ မှ ဝင်ခွင့် ဘာအကြောင်းနဲ့ မှ မပေးဘူး ။ သူငယ်ချင်းတို့ ရည်းစားတို့ မထားရဘူး မပြောဘူးနော် ၊ ပါ လာရင် ရှေ့မှာ ခုံတန်းပြာ တွေ့ခဲ့တယ် မဟုတ်လား ”

“ ဟုတ်ကဲ့ .. အန် .. အဲ မမနွယ် ”

မမနွယ် က မျက်စောင်း အလတ်စား တစ်ချက် ထိုးလေသည် ။

“ အေး .. အဲဒီ ခုံတန်းပြာ ဟာ မင်းတို့ မိန်းကလေးတွေ အတွက် နယ်မြေ အကုန်ပဲ ၊ အဲဒီမှာ ပဲ ထားခဲ့ ၊ ဒီ ခြံ ထဲ မှာ မိန်းကလေး ဆိုလို့ ငါ တစ်ယောက် ပဲ ရှိရမယ် ”

ညိုမောင် ပြုံး မိသည် ။

“ ဘာ ပြုံးတာလဲ ”

သူ ပြုံးမိသည့် စိတ်ကူး အတိုင်းသာ ပြော ရလျှင် ဒီ အဆောင် က ချက်ချင်း လက်ငင်း ကြွမြန်းရမှာ သေချာသောကြောင့် ဆရာတော့် ထံ မှ ယူခဲ့သည့် ငါးပါးသီလ ထဲ မှ သီလ တစ်ပါး ကျိုး ရလေသည် ။

“ ဪ ... ဟိုလေ .. မမနွယ် က တကယ်စနစ်တကျ တွက် ထားတာကို တွေး မိသွားလို့ပါ ”

“ နင်တို့ လို ငတိမျိုးတွေ နဲ့ အဲဒီ လောက် စနစ် ကျထားမှ တော်ရုံ ကျတာ ၊ စနစ် ကျတယ် ကျတယ် ငါ ကတော့ ဒါဆိုရင် ဒါပဲ ၊ နောက်ဆုံး တစ်ခု ရှိသေးတယ် ၊ မင်း ဂစ်တာ တီး တတ်သလား ”

“ ဗျာ ... ”

“ ဂစ်တာတီး တတ် သလားလို့ မေးတာ ”

“ ဟာ .. ဒုက္ခပဲ ၊ ကျွန် ... ကျွန်တော် ဂစ်တာ မတီးတတ်ဘူး ခင်ဗျ ”

ဒီတစ်ခါတော့ မမနွယ် သည် မျက်စောင်းကြီး ကို လည်း ထိုး ၊ သက်ပြင်းကြီး ကိုလည်း ချ ၊ ခါးကြီး ကို လည်း ထောက်ခါ ညိုမောင့် ကို ဘုကြည့် ကြည့်လေသည် ။ ညိုမောင့် မှာ မျက်နှာငယ်ကလေး နှင့် ဖြစ်နေ၏ ။

“ ဒီမှာ ကိုယ်တော် ဂစ်တာ တီးတော် မမူတတ် တာ ကောင်းတာပေါ့ ရှင် ။ ကောင်းတာပေါ့ရှင် ကောင်းတာပေါ့ ၊ တီးတော် မူ တတ်ရင် ဟောဒီ တပည့်တော်မ က ည ၇ နာရီ ပဲ တီးခွင့် ပေးတယ်လို့ ပြောတော် မူ မလို့ပါ တကတည်း ”

“ ဟာ ... မမနွယ် .. အဲဒီလို မပြောရဘူး လေ ၊ အဲဒါ ဆရာတော်ကြီးတွေ ကို လျှောက် မှ လျှောက် ရတာ မမနွယ် ရဲ့ ”

“ အမလေး ဒုက္ခပါပဲ ၊ မှားတော် မူ ပါတယ် ၊ မှားတော် မူ ပါတယ် ၊ အဲဒါ မင်း ကို တမင် ရွဲ့ပြီး ပြောနေတာပေါ့ ၊ သိပြီလား ... သိပြီလား ”

“ ဪ ... ”

ဒီတော့မှ ညိုမောင် သဘော ပေါက်၍ ခေါင်း ကို ကုတ်ရင်း စပ်ဖြဲဖြဲ ဖြစ်သွားသည် ။

“ အင်း ... တော်ပါသေးရဲ့ သိတော် မူပေလို့ ၊ ကဲ .. ကိုယ်တော် ကျွန်မလည်း ပြောစရာ ကုန်ပြီ ခေါင်းလည်း တော်တော်လေး နောက်သွားပြီ အဲဒီတော့ မင်း အဆောင် မင်း သွားနားတော့ ၊ မင်း က နောက်ဆုံး ရောက်တဲ့ လူ ဆိုတော့ လွတ်နေတဲ့ ကုတင် က မင်း အတွက်ပဲ ၊ သွားတော့ ”

“ ဟုတ် ... ဟုတ်ကဲ့ ”

ညိုမောင် ဖျာလိပ်ကြီး ထမ်းပြီး လှည့် ထွက်ခဲ့သည် ။ စိတ် ထဲမှာ အခု မှ ပေါ့ ၍ သွား၏ ။

“ ဪ ... ဟေ့ .. ဟေ့ ည ကျရင် မင်း နာမည် အဖေ နာမည် နိုင်ငံသားစစ်ဆေးရေးကတ် မိတ္တူ နဲ့ ဓာတ်ပုံ သုံးပုံ လာ ပေးထား ၊ မင်း ကို အဆောင်နေ ဧည့်စာရင်း တိုင် ရမှာ ၊ ဓာတ်ပုံ ရိုက်ပြီးသား မရှိရင် သွား ရိုက်ထား ”

“ ဟာ .. ရှိပါတယ်ခင်ဗျ ၊ ရှိပါတယ် ၊ ကျွန်တော့် မှာ ဓာတ်ပုံတွေ ရိုက်ပြီးသားတွေ အများကြီး ပါလာပါတယ် ”

“ အေး ... ဒါဆိုလည်း ပြီးရော ”

လောကကြီး ထဲ မှာ ဒီလို အူကြောင်ကြောင် ငတိကလေးတွေ လည်း ရှိပါသေးလား ဆိုတာ ဒေါ်တင်တင်နွယ် ခေါ် မမနွယ် ကောင်းကောင်း သဘော ပေါက်သွားလေသည် ။

◾နီကိုရဲ

📖 ဘာကြီးလဲ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment