Friday, July 22, 2022

မှိန်းထိုးကောင်းတဲ့ ကျွန်တော်


 

❝  မှိန်းထိုးကောင်းတဲ့ ကျွန်တော် ❞

ကျွန်တော် ဟာ ဆိုက္ကား သမား တစ်ယောက်ပါ ။ ဆိုက္ကားသမား ဆိုပေမယ့် ဆိုက္ကား ပိုင် မရှိသေး ပါဘူး ။ အုံနာ တစ်ယောက် ဆီ မှာ အုံနာ ကြေး ပေးပြီး ငှားပြီး နင်း ရတာပါ ။ ကျွန်တော် တို့ ဆိုက္ကား လောက ရဲ့ ထုံးစံ အတိုင်း ငွေတစ်ရာ အောက် ပြင်ဆင်စရာ ဆိုရင် တော့ ငှား နင်း တဲ့ ဆိုက္ကား သမား က ပြင် ရပါတယ် ။ တစ်ရာ ထက် ကျော်တယ် ဆိုရင်တော့ အုံ နာ က ပြင် ရပါတယ် ။ အဲဒီမှာ ကျွန်တော် နင်းတဲ့ ဆိုက္ကား က လည်း တာယာ ကွဲ ရတာ နဲ့ စပုတ်တံ ပြတ်ရတာ နဲ့ ကျွန်တော့် နင်းခ ထဲ က ခဏခဏ စိုက်ရပါတယ် ။ တစ်ခါတလေ အုံနာခတောင် မ ကြေပါဘူး ။

ပြီးတော့ ကျွန်တော့် မှာ အိမ်ထောင် ရှိတယ် ။ လေးဘက် ထောက်ပြီး သွား တတ်တဲ့ အရွယ် သားလေး တစ်ယောက် လည်း ရှိ တယ် ။ ကျွန်တော် ရော ၊ ကျွန်တော့် မိန်းမ ရော ၊ အသား မည်းကြပါ တယ် ။ ဒါပေမဲ့ သားလေး ကတော့ အသား ဖြူပါ့ ဗျာ ၊ သူ့ အမေ က များ သူ့ ကို ချီသွားရင်း ရင်းနှီးတဲ့ လူ တွေ က ကျီးကန်း ဘဲဥ ချီလာတယ် လို့ တောင် နောက်ပြောင်ကြပါတယ် ။

ပြီးတော့ တစ်ခု ပြောရဦးမယ် ။ ကျွန်တော် က ပုတီးသမား ဗျ ၊ အဲဒီတော့ ဆိုက္ကား မနင်း ရတဲ့ အခါမှာ ပုတီး စိပ်တော့တာပဲ ။ ကျွန်တော်တို့ ဆိုက္ကား က ဂိတ် ထိုးပြီး နံပါတ်ပြား ချိတ် ရတာဗျ ။ အဲဒီ တော့ အလှည့် နဲ့ ထွက် ရတာ ကိုးဗျ ။ ကိုယ့် အလှည့် မရောက် သေးတဲ့ အခါမှာ တခြားဆိုက္ကားသမားတွေ က ကျား ထိုးကြ တယ် ။ မြောက်ပန်း လှန်ကြတယ် ။ ကျွန်တော် ကတော့ အဲဒါ မလုပ် ဘူး ။ ဆိုက္ကားဂိတ် မှာ ရှိတဲ့ ညောင်ပင် အောက် မှာ ဖျာစုတ် ကလေး ခင်းပြီး ပုတီး စိပ်တော့တာ ပဲ ။ အဲဒါကြောင့် ကျန်တဲ့ ဆိုက္ကားသမားတွေ က ကျွန်တော့် ကို နောက်ပြောင်တဲ့ အနေနဲ့ ဘိုးတော် လို့ ခေါ်ကြပါတယ် ။ ကျွန်တော် က စိတ် မဆိုးပါဘူး ။ အဲဒါ နိမိတ် ပဲ မဟုတ်လား ။ နောက်ဆုံးမှာ ကျွန်တော် ဟာ ဆိုက္ကား နင်းရင်း ထွက် ရပ် ပေါက် သွားလိမ့်မယ် လို့ ယုံကြည် နေပါတယ် ။ ပုတီးသမား ဆိုတော့ လည်း ဗျာ ၊ သက်သတ်လွတ်တွေ ဘာတွေ စား ရတာပေါ့ ။ ဒါပေမဲ့ ကျွန်တော် ရော ၊ ကျွန်တော့် မိန်းမ ရော ၊ အသား ကို သိပ်ပြီး ကြိုက် တာ ဗျ ။ အသား မပါရင် ထမင်း မ စားနိုင်ဘူး ။  ။

ကျွန်တော် ဆိုရင် မကြာခဏ သက်သတ်လွတ် စားဖို့ အဓိဋ္ဌာန် ယူတယ် ။ အဓိဋ္ဌာန် မအောင်ပါ ဘူးဗျာ ။ ရက်နည်းနည်းလေး ကြာ လာတာနဲ့ အသား စား မိတာပဲ ။ သက်သတ်လွတ် စားနိုင်မှ တန်ခိုး သိဒ္ဓိ ရမယ် ဆိုရင်တော့ ကျွန်တော် နဲ့ တန်ခိုးသိဒ္ဓိ နဲ့ က အတော် ဝေး တယ်ဗျ ။ ကျွန်တော် က အသား ကြိုက် တာကိုးဗျ ။ ကျွန်တော့် မိန်းမ ကကျွန်တော့် ထက် တောင် ပိုပြီး အသား ကြိုက်သေး တယ် ။

ကျွန်တော် နေရတဲ့ နေရာ ကို ပြော ရဦးမယ် ။ ငမိုးရိပ်ချောင်း က နေ ခွဲ ထွက်တဲ့ ချောင်း လက်တက် လေး ရဲ့ အစပ် မှာ ရှိတဲ့ ခြေတံရှည် တဲကလေး ဗျ ။ ကျွန်တော့် တဲ ကလေး ရဲ့ နောက်ပိုင်း ဟာ ချောင်း ထဲ ရောက်နေပြီဗျ ။ တစ်ခါတလေ ချောင်းရေ တက်လာရင် ကျွန်တော်တို့ တဲ ရဲ့ အခင်း နား ထိ ကပ် လာတယ် ။ နေရတာကလည်း မဟန်ပါဘူး ဗျာ ။ တဲကလေး က ယိုင်တိယိုင်တိုင် နဲ့ အကာတွေ က လည်း ပေါက်ပြဲလို့ လုံခြုံမှု မရှိပါဘူး ။ စား ရတာကလည်း ဆန်ချော မစားနိုင်ဘူးဗျ ။ ဆန်ကြမ်း လောက် ဝယ်ပြီး စားရတာ ။ ဟင်း ဆို တာကလည်း မယ်မယ်ရရ မရှိ ပါဘူးဗျာ ။ ကန်စွန်းရွက်ကြော် တစ်လှည့် ၊ ပဲပင်ပေါက်ကြော် တစ် လှည့် ဆိုသလိုပါပဲဗျာ ။ တစ်ခုတော့ ရှိတယ် ။ ကျွန်တော် တို့ လင်မယား နှစ်ယောက် လုံး က လက်ဖက်ရည် ကြိုက်တယ် ဗျ ။ ဆိုက္ကား သိမ်း လို့ ပြန်ရင် ပလပ်စတစ် အိတ် နဲ့ ရွှေဗျိုင်းကဖီး ဆိုတဲ့ လက်ဖက်ရည်ဆိုင် က လက်ဖက် ရည် တစ်ခွက် တော့ ဝယ် သွားတတ်စမြဲဗျ ။ ည အိပ်ခါနီး ရင် လင်မယား နှစ်ယောက် လက်ဖက်ရည် တစ်စုံ စီ ငုံ ပြီးမှ အိပ် ကြတယ်ဗျ ။ အဲဒီ လက်ဖက်ရည်ထုပ်ကလေးများ အကြောင်း အမျိုးမျိုးနဲ့ ပါ မသွား ခဲ့ ရင်တော့ ကျွန်တော့်မိန်းမက ကျွန်တော့် ကို ဆူပူကြိမ်းမောင်းတော့ တာပဲ ။ အဲဒါကြောင့် အိမ်ပြန် ရင် ပလပ်စတစ်အိတ် နဲ့ လက်ဖက်ရည်ထုပ်ကလေး ပါ အောင်တော့ ဖြစ်တဲ့ နည်းနဲ့ ဝယ် ရတယ် ဗျို့ ။ အိမ် က ထိပ်ထားလေး ကျေနပ်အောင်ပေါ့ဗျာ ။

အသားဟင်း ချက် မစားနိုင်တာတော့ ကြာ ပြီဗျ ။ အဲဒါကို အကြောင်းပြုပြီး ကျွန်တော့် မိန်းမ က ကျွန်တော့် ကို နေ့စဉ်နေ့တိုင်း ဆူလား ၊ ပူလား လုပ်တော့တာပဲ ဗျို့ ။ သားဈေးငါးဈေးတွေ က လည်း ကြီး လိုက်တာ မပြောနဲ့တော့ ။ မေးတောင် မမေးဝံ့ပါဘူး ဗျာ ။ အဲဒီမှာ ကျွန်တော့် မိန်းမ က ...

“ ဒီမှာ ကိုအောင်ထွန်း ၊ ရှင့် ကို ကျုပ် က ကြက်သား ဝယ် ကျွေးရ မယ် ။ ပုစွန်ထုပ် ဝယ် ကျွေးရ မယ် လို့ တစ်ခါမှ မပူဆာဖူးပါဘူး ။ အခုလို ရေ တက်တဲ့ အခါမျိုး မှာ မိုးရိပ်ချောင်း ထဲ က ငါးဘတ် တွေ က မျက်စိ လည် ပြီးတော့ ဒီချောင်း လက်တက် ထဲ ကို တက် လာတတ် တယ် ရှင့် ။ ဟောဒီမှာ တဲအိမ် တန်း တစ်တန်း လုံးမှာ ရှိတဲ့ ယောက်ျားတွေ အားလုံး ဓား ကိုယ်စီ ကိုင်ပြီး ငါးဘတ်တွေ ဆင်း ခုတ်ကြ တယ် ။ ရှင် က ပုတီး သမား ဆိုတော့ သူများ အသက် မသတ်ချင်ဘူး ဆိုပြီး မဆင်းတာ လေ ။ အဲဒီလို မဆင်းတော့ ငတ် တာပေါ့ ရှင် ။ ငရဲ ဆိုတာက နောက် ဘဝ မှာ ကြီးမှာ ငတ် နေတာ က အခုရှင့် ” 

လို့ ပြောပြီး ကျွန်တော့် ကို ပြဿနာ ရှာ တော့တာပါပဲ ။

ကျွန်တော် ဆိုက္ကားသမား အောင်ထွန်း ဟာ မိန်းမ ကို သားငါး ဝယ်ပြီး မကျွေးနိုင်တာ ကြောင့် အများ နည်းတူ ငါးဘတ် ဆင်းပြီး ခုတ် ရတော့မှာ ပါပဲ ။ ကျွန်တော် ဟာ ရေ ထဲ က ငါးဘတ် ကို ဓား နဲ့ ထိအောင် ခုတ် နိုင်တဲ့ အရည်အချင်း မရှိပါဘူး ။ ဓား ကို ရေ ထဲ မှာ ချိန်သား ကိုက်အောင် ခုတ် နိုင်မှာ မဟုတ်ဘူး လေ ။ ဒါကြောင့် ကျွန်တော် ဟာ ပန်းပဲဖို မှာ ခွ သုံးခွ ပါတဲ့ မှိန်း တစ်လက် လုပ်ခိုင်းပြီး ရှည်လျား တဲ့ ဝါး ကျစ်တုတ် တစ်ချောင်း ရဲ့ အဖျား မှာ တပ် လိုက်တယ် ။ ပြီးတော့ ကျွန်တော် က ကျွန်တော့် မိန်းမ ကို

“ ချစ်မဲ ရေ ၊ ရေတက်ချိန် ငါး ဘတ်တွေ ပါလာရင်တော့ ဟော့ဒီ မှိန်း နဲ့ ငါ ဆင်းပြီး ထိုး မယ်ကွာ ။ ငါးဘတ်သား စားရပြီလို့ မှတ်ပေ တော့ ”

လို့ ကျွန်တော် က ပြော လိုက်တဲ့ အခါ ကျွန်တော့် ရဲ့ မိန်းမ မချစ်မဲ က

“ အမလေးတော် ၊ ရှင် ပြောတာနဲ့ သွားရည်တောင် ကျ မိပါရဲ့  ။ ငါးဘတ် သာ ရစမ်းပါစေ ။ မနက် ထိ အောင် စောင့် မနေတော့ဘူး ။ ည ကြီးသန်းခေါင် ထပြီး ကို ချက်စား ပစ်မယ် ။ ဆီကလေး နည်းနည်း ဝယ် ထားလိုက်ဦးမယ် ။ ငါးဘတ် ကို ဒီ အတိုင်း မချက်ဘူး ။ မန်ကျည်းမှည့်နဲ့ အချဉ်ဆီပြန် ချက်မယ် ။ ဟင်းအိုး ချကာနီး မှာ နံနံပင်လေးပါ အုပ် လိုက်ဦး မယ် ”

လို့ ပြောပါတယ် ။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သား လက်ဖက်ရည် တစ်စုံ စီ သောက်ပြီး အိပ်ကြတော့ တာပါပဲ ။

မအိပ်ခင် မှာ ကျွန်တော် က ဘာ လုပ်သေးလဲ ဆိုတော့ တစ်တောင် လောက် ရှိတဲ့ ငှက်ပျောတုံး လေး ကို အိမ်အောက် က ချောင်း ထဲ ကို ချ ပြီး အပေါ် က ဝါးကြမ်းခင်း ကြား ထဲ ကနေ မှိန်း နဲ့ ထိ မထိ ထိုးကြည့်တယ် ။ ငါးဘတ် တက် လာရင် ထိုးရမယ် မဟုတ်လား ။ ငှက်ပျော တုံး ကို ဟိုဘက် ထဲ က ထွန်းထား တဲ့ မီးအလင်းရောင် နဲ့ တော့ မြင်ရ ပါတယ် ။ ဒါပေမဲ့ ဝါးကြမ်းခင်း ကြား ထဲ ကနေ ထိုး ရတာ ဆိုတော့ ထိအောင် ထိုး ဖို့ ခက်ပါတယ် ။ အဲ ဒါကြောင့် ဝါးကြမ်းခင်း ကို သီ ထားတဲ့ ကြိုးတွေ ကို ဖြတ်ပစ် ပြီး ဝါးကြမ်းခင်း ကို ဖြဲပြီးမှ ရေပေါ် မှာ ပေါလော မျော နေတဲ့ ငှက်ပျောတုံး ကို မှိန်းနဲ့ ထိုးကြည့်တယ် ။ အဲဒီတော့ ထိအောင် ထိုးနိုင်တာပေါ့ဗျာ ။

အဲဒီ အခါမှာ ကျွန်တော့် မိန်းမ မချစ်မဲ က

“ ရသလား ”

လို့ မေးပါတယ် ။ အဲဒီတော့ ကျွန်တော် က

“ ရလိုက် တာမှ  ၊ ရ ရလို့ တောင် မြည် နေ သေးတယ် ”

လို့ ပြန်ပြောပြီး နှစ်ယောက်သား ရယ်ကြပါသေး တယ် ။ ရယ်ပြီးတဲ့ အခါမှာ မချစ်မဲ က

“ အချစ်ဆီပြန် ”

လို့ ပြောတယ် ။ ပြီးတော့မှ ကျွန်တော်တို့ နှစ်ယောက် အိပ်ကြပါတယ် ။

ကျွန်တော် ဟာ အိမ် အောက် က ချောင်းရေသံ ကို နားစွင့် ၍ အိပ်ခဲ့ ပါတယ် ။ တစ်နေကုန် ဆိုက္ကား နင်း လာရတာဆိုတော့ တအား ပင်ပန်းထားတာ မဟုတ် လား ။ ခေါင်း ချလိုက်တာနဲ့ အိပ်ပျော်သွား တော့တာပဲ ။

ညသန်းခေါင် ရောက်တဲ့ အခါမှာ မီးကင်း က သံချောင်းခေါက်သံ ကို သဲ့သဲ့လေး ကြား ရပါ တယ် ။ ကျွန်တော် အိပ်ရာ က နိုးနေပါပြီ ။ အဲဒီအချိန်မှာ ပဲ အိမ်အောက် မှာ စီးနေတဲ့ ချောင်း ရေ ထဲကနေ ငါးဘတ်လူး တဲ့ အသံ ကို ဝုန်းခနဲ ကြား လိုက်ပါတယ် ။ ကျွန်တော် ဟာ ဝါးကြမ်း ကို ဖြဲ  ပြီး အသင့် ချထား တဲ့ မှိ န်းနဲ့ အပေါ်ကနေ လှမ်းပြီး ထိုး လိုက်ပါတယ် ။ ငါးဘတ် ကို အသေအချာ ထိုး မိပါ တယ် ။ ထိုးမိ တယ် ဆိုတာ ကျွန်တော့် လက်က သိ နေပါတယ် ။ အဲဒီမှာ မချစ်မဲ လည်း ဝုန်းခနဲ ထပြီး

“ ရပြီလား ၊ ရပြီလား ”

လို့ မေးပါ တယ် ။ အဲဒီတော့ ကျွန်တော် က မှန်အိမ် ကို ထွန်းဖို့ ပြောပါ တယ် ။ မှန်အိမ် မှာ က ရေနံဆီ မရှိပါဘူး ။ အဲဒါကြောင့် ခေါင်းရင်း မှာ ချိတ် ထားတဲ့ လက်နှိပ်ဓာတ်မီး နဲ့ ထိုး ကြည့်ဖို့ ပြောပါတယ် ။ လက်နှိပ်ဓာတ်မီး ကလည်း ဓာတ်ခဲ အား ကုန်နေလို့ ထိုး လို့ မရ ပါဘူး ။ အဲဒါ ကြောင့် ကျွန်တော် က ဘုရားစင် ပေါ် က ဖယောင်းတိုင် အတိုလေးကို ယူပြီး မီး ထွန်းပါတယ် ။

ပြီးတော့ လင်မယား နှစ်ယောက် က အိမ်အောက် ကို ဆင်းပြီး ချောင်းထဲ ကို ဆင်းကြပါတယ် ။ ကျွန်တော် ထိုးထားတဲ့ ငါးဘတ် ကို ကျွန်တော် က ဖယောင်းတိုင်မီး မြှောက်ပြီး ကြည့်ပါတယ် ။ မချစ်မဲ ကလည်း လိုက်ပြီး ကြည့်ပါတယ် ။ အဲဒီလိုလည်း ကြည့်လိုက်ရော ကျွန်တော့် မိန်းမ မချစ်မဲဟာ 

“ အမလေး ”

လို့ အော်ပြီး သတိလစ် လဲကျ သွားပါတယ် ။ ကျွန်တော် လည်း မှိန်း တန်းလန်း နဲ့ ကျွန်တော် ထိုးထားတဲ့ ငါးဘတ် ကို ကြည့်လိုက်ပါ တယ် ။ မျက်လုံး တွေ ပြာပြီး အသက်ရှူ ရပ်သွား တယ်လို့ တောင် ထင်ပါတယ် ။ ကျွန်တော် မှိန်း နဲ့ ထိုးမိတာဟာ ငါးဘတ် မဟုတ်ဘူး  ။ ကျွန်တော့် သားလေး ကြမ်းပေါက် က ကျွံပြီး အောက် ကို ကျသွားတာ ကို ငါး အောက်မေ့လို့ ထိုးမိတာ ။

တဲနီးပါးချင်းတွေ က လာပြီး ကျွန်တော့် မိန်းမ ကို နှာ နှပ်ကြပါ တယ် ။ မြင်ရကြားရသူအပေါင်း စိတ်မချမ်းမြေ့ ဖြစ်ကြရပါတယ် ။

အမှု ဟာ အတော့် ကို ရှင်း ယူရပါ တယ် ။ မပြီးသေးပါဘူး ။ ကျွန်တော်တို့ တဲ ထဲမှာ ရှိတဲ့ လူ တွေ အားလုံး အဲဒီ အချိန်ကစပြီး ငါးဘတ် မခုတ်တော့ပါဘူး ။

ကျွန်တော်တို့ လင်မယားနှစ် ယောက်စလုံး ကတော့ အဲဒီအချိန် က စပြီး ဘာ အသား မှ မစားကြ တော့ပါဘူး ။ အခု ထက် ထိပါပဲ ။ ကျွန်တော်တို့ လင်မယား နှစ်ယောက် က အသား မည်းတယ် ။ ကျွန်တော်တို့ သားလေး က အသား ဖြူတယ် ။ တကယ့်ကို ရေဆေးငါးကြီး လို ဖြူတာ ။ သူ့ နာမည်ကိုလည်း ကျွန်တော်က “ ရေဆေးငါး ” လို့ ပဲ ပေးထားပါ တယ် ။ အဲဒီအချိန် က စပြီး ကျွန်တော့် မိန်းမဟာ ငါး ကို မြင်တာ နဲ့ လန့်ပြီး အော်တတ်ပါတယ် ။ ပြီးတော့ စိတ် လည်း မနှံ့တော့ပါဘူး ။ ရူးကြောင်ကြောင် ဖြစ်သွားပါ တယ် ။ ကျွန်တော် လည်း ရာသက်ပန် သက်သတ်လွတ် သမား ဖြစ်သွားပါပြီ ။

ဆိုးလိုက်တဲ့ အဖြစ်နဲ့ နော် ။

သဗ္ဗေသတ္တာ ကမ္မဿကာ

◾ မင်းသိင်္ခ

📖 ဖတ်စရာဂျာနယ် အမှတ် ( ၆ )
      ၈ - ၂ -၂၀၀၅
     
ko aung naing oo
22 july 2022

No comments:

Post a Comment