❝ တစ်ပိုင်းတစ်စ ကိုမင်းလူ ❞
ကိုမင်းလူ နဲ့ ပတ်သက်ပြီး လူပုဂ္ဂိုလ် အပေါ် ချစ်ခင်လေးစားမိပြီး သူ ဖန်တီးတဲ့ အနုပညာအပေါ် နှစ်သက်စွာ အားကျမိပါတယ် ဆိုတာ က လွဲပြီး ကျွန်မ မှာ ပြောစရာ စကား ထူးထူးထွေထွေ မရှိပါ ။ စာရေးသူအချင်းချင်း မို့ ဟိုပွဲ ဒီပွဲ မကြာခဏ တွေ့ ရတတ်ပြီး သတင်းပလင်း နဲ့ ရယ်စရာ မောစရာတွေ ပြော မိတတ်ပေမယ့် စာတစ်စောင် ပေတစ်ဖွဲ့ ရေးရလောက်အောင် လေးလေးနက်နက်တွေလည်း မပြောမိခဲ့ပါ ။
ကိုမင်းလူ နဲ့ ပတ်သက်ပြီး ကျွန်မ မှာ ပြောပြစရာ နှစ်ခု ပဲ ရှိပါတယ် ။ ၂၀၀၁ မှ ၂၀၀၇ ခုနှစ် အတွင်း ကျွန်မ သာကေတ ( ၁ ) ရပ်ကွက် မှာ နေတော့ ရပ်ကွက် ထဲ လမ်းလျှောက်သွားစဉ် တစ်ရက် ၊ ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက် က ကျွန်မ ကို ပြောလာပါတယ် ။
“ အန်တီ နဲ့ စာရေးဆရာ မင်းလူ နဲ့ သိ သလား ” တဲ့ ။ ကျွန်မ က စိတ်ဝင်စားသွားပြီး “ ဘာဖြစ်လို့လဲ ” လို့ မေးတော့ သူ က “ မင်းလူ ဝတ္ထုတွေ ထဲ မှာ အန်တီ့ နာမည် ထည့် ရေးတာ တွေ့လို့ပါ ” တဲ့ ။
သူ့ စကား ကြားတော့ ကျွန်မ က ကျေကျေနပ်နပ် ပြုံး မိပါတယ် ။ သာမန် ရပ်ကွက် ထဲ မှာ အိမ်ငှား နေခဲ့တဲ့ ကျွန်မ ရဲ့အိမ်ကလေး မှာ ကိုယ်ပိုင် ဖုန်း မရှိလေတော့ ထုံးစံအတိုင်း ကျွန်မနေတဲ့ လမ်း ထဲ က ဖုန်း ရှိတဲ့ အိမ် တစ်ခု ကနေ တစ်ဆင့် စာပေကိစ္စ အပါအဝင် ကိစ္စအဝဝ ကို ဆက်သွယ် အသုံးပြုရပါတယ် ။ အဲဒီ ဖုန်း အိမ် ကလည်း ကျွန်မ နာမည် နဲ့ ဖုန်း လာရင် ကြုံရာလူ ကို ခိုင်းပြီး ကျွန်မ ဆီ အခေါ် လွှတ်တတ်တာကြောင့် ကျွန်မ အိမ် ရှေ့ကနေ “ မခက်မာ ဖုန်းလာတယ် ” ဆိုတဲ့ ခေါ်သံကို အိမ်နီးနားချင်းတွေ နဲ့ ရပ်ကွက် လမ်းသွားလမ်းလာတွေ က နား ယဉ်နေပါတယ် ။ ကျွန်မ ရဲ့ ကလောင်နာမည် ကလည်း သိပ်ပြီး သာမန် မဆန်လှတာကြောင့် ကျွန်မ နဲ့ တစ်လမ်းတည်း နေတဲ့ အဲဒီ ကောင်လေးက သတိ ထားမိသွားတာ လို့ ထင်ပါတယ် ။
တကယ်တော့ ကောင်လေး က ကျွန်မ စာတိုပေစလေးတွေ ရေးတယ် ဆိုတာ မသိပါဘူး ။ သူ နားယဉ်နေတဲ့ နာမည် ကို သူ ကြိုက်တဲ့ စာရေးဆရာ ရဲ့ စာထဲမှာ တွေ့ လို့ ဟုတ်လိုဟုတ်ငြား မေးမိတဲ့ သဘောပါ ။ ကျွန်မ မှတ်မိနေတာ က တော့ အဲဒီ နေ့ က သူ မေးတဲ့ မေးခွန်း ကို ဂုဏ်ယူဝင့်ကြွားစွာ နဲ့ “ ဟုတ်တယ် ။ ဆရာမင်းလူ နဲ့ သိတယ် ” လို့ ပြန် ဖြေမိခဲ့ပြီး အဲဒီ တစ်နေ့လုံး ကျေနပ်ဂုဏ်ယူစွာ မြောက်ကြွမြောက်ကြွ ဖြစ် နေခဲ့တယ်ဆိုတာပါပဲ ။ ကိုမင်းလူ လို နိုင်ငံသိစာရေးဆရာ အကျော်အမော် က သူ့ စာတွေ ထဲမှာ ကျွန်မအကြောင်း အမှတ်တရ ထည့်ရေးခဲ့တဲ့ အတွက် ကျွန်မ တကယ်ပဲ ဝမ်းသာ ဂုဏ်ယူခဲ့ရပါတယ် ။
နောက် သတိ ရမိတာ တစ်ခု ရှိပါသေးတယ် ။ ၂၀၀၇ ခုနှစ် မှာ ကျွန်မ အမေရိကန်နိုင်ငံ အိုင်အိုဝါတက္ကသိုလ် မှာ နှစ်စဉ်ကျင်းပတဲ့ သုံးလ ကြာ International Writing Program ကို တက်ခဲ့ရပါတယ် ။ ပရိုဂရမ် ရဲ့ ထုံးစံအရ ဒီနှစ် ပါဝင်သူတွေ က နောက်တစ်နှစ် အတွက် ကိုယ် ပါဝင်စေတဲ့ သူတွေ ကို နာမည်စာရင်း တင်သွင်းပြီး Recommendation ပေးရပါတယ် ။ ကျွန်မ ကို နောက်နှစ် ပါဝင်စေချင်သူ ရဲ့ နာမည် ကို ရေးခိုင်း ချိန်မှာ ကျွန်မ ရေးချမိတဲ့နာမည် က “ မင်းလူ ” ပါ ။ ပရိုဂရမ်ဒါရိုက်တာတွေ နဲ့ ပရိုဂရမ်တက် ဖို့ စပွန်ဆာ ပေးမယ့် အဖွဲ့ နဲ့ စကား ပြောကြတဲ့ အခါမှာလည်း သူတို့ က ၂၀၀၈ အတွက် Internationl Writing Program တက်ရောက်ဖို့ ကျွန်မ အဆို တင်သွင်းတဲ့ ကိုမင်းလူ ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံကြတာကြောင့် ကျွန်မ ရန်ကုန် ပြန်ရောက်ရောက်ချင်းပဲ ကိုမင်းလူကို သွား တွေ့ခဲ့ပါတယ် ။ အဲဒါ ၂၀၀၇ ဒီဇင်ဘာလ အတွင်း မှာပါ ။ ကျွန်မ က တောင်ဥက္ကလာ မှာ နေခဲ့သူမို့ သာဓုခြံ ကို သိနေပေမယ့် ကိုမင်းလူ ရဲ့အိမ်လိပ်စာ အတိအကျ ကို မသိပါဘူး ။ ဒီတော့ ကိုမင်းလူ နဲ့ တွေ့ဖို့ ရာ သူငယ်ချင်းအရင်း ကိုရဲ ( နီကိုရဲ ) ဆီ အရင် သွားရပါတယ် ။ ပြီးတော့မှ ကိုရဲ တို့မိသားစု အစုံအညီ နဲ့ သာဓုခြံ ကို ချီတက်ခဲ့ကြတာပါ ။ သာဓုခြံထိပ် က ဦးရူပ ရဲ့ လက်ဖက်ရည်ဆိုင် ကို ကျွန်မတို့ အရင် ဝင် ကြပါတယ် ။ နီကိုရဲ က ကိုမင်းလူ ဆီ လာနေကျမို့ ဘယ်သူ့ ကို ဘယ်လို အချက်ပြလိုက်တယ် မသိပါဘူး ၊ မိနစ်ပိုင်း အကြာ မှာ ကိုမင်းလူ တစ်ယောက် ဆေးပေါ့လိပ် လက်ကြား ညှပ် လို့ ကျွန်မတို့ ရှိရာ လက်ဖက်ရည်ဆိုင် ဆီ ရောက်ချလာပါတော့တယ် ။
ကျွန်မ က လည်း စကားဖွယ်ရာ မပြောတတ်သူ မို့ လာရင်းကိစ္စကို ခရီး ရောက်မဆိုက် ပြောခဲ့မိပါတယ် ။ ကိုမင်းလူ က ကျွန်မ ပြောသမျှ သေသေချာချာ နားထောင်ပါတယ် ။ ကျွန်မ စကား ဆုံးတော့ ပေါ့ပေါ့ပါးပါး ပြောင်နောက်နေကျ သူ့ လေသံ နဲ့ မတူစွာ လေးလေးနက်နက် ပြောပါတယ် ။ အဲဒီ ပရိုဂရမ် ကို ကျွန်တော် တကယ်လည်း စိတ်ဝင်စားပါတယ် ။ တကယ်လည်း တက်ချင်ပါတယ် ။ အခုလို ခက်မာ က တကူးတက လာပြောတာ ကို လည်း ကျေးဇူး တင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော့် စိတ် ထဲမှာ ၂၀၀၈ ခုနှစ် အတွင်း မြန်မာပြည် မှာ ကြီးကြီးမားမား အပြောင်းအလဲ တစ်ခုခု ဖြစ်လိမ့်မယ် လို့ ခံစားမိနေတယ် ။
ကျွန်တော် တို့ တိုင်းပြည် မှာ အဲဒီလိုကြီးကြီးမားမား တစ်ခုခုဖြစ်မယ့် အချိန်မှာ ကျွန်တော် ပြည်တွင်း မှာ ရှိနေချင်တယ် ။ ဒီတော့ ဒီ ၂၀၀၈ အတွင်း တော့ ကျွန်တော် မသွားပါရစေနဲ့ ။ နောက်နှစ်တွေ မှ သွား တာပေါ့ ။ ၂၀၀၈ အတွက် တော့ တခြားလူငယ်စာရေးဆရာ တစ်ယောက် ယောက် ကို ထောက်ခံပေးလိုက်ပါ ။ သူ က လေးလေးနက်နက် ပြော နေတာမို့ ကျွန်မ လည်း စောဒက တက်ဖို့ ခက် သွားပါတယ် ။ ဒါကြောင့် “ ဒါဖြင့်လည်း နောက်နှစ်တွေ ကျတော့ လုပ်ကြတာပေါ့ ” လို့ ပြောပြီး ပြန်ခဲ့ရတာပေါ့ ။ ၂၀၀၈ ပရိုဂရမ် အတွက် ကိုမင်းလူ မလာဖြစ်တော့ တဲ့အကြောင်း သက်ဆိုင်သူတွေ ဆီ ကျွန်မ အကြောင်း ပြန်ခဲ့ရပါတယ် ။ အဲဒီ နေ့ က ကျွန်မတို့ တခြားအကြောင်းအရာတွေ ၊ ရယ်စရာ မောစရာတွေ အများကြီး ပြောခဲ့ပြီး ကျွန်မ လာရင်းကိစ္စ အတွက် လေးလေးနက်နက် ပြောမိတဲ့စကား က ပြောခဲ့ကြတာတွေ ရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ် ။ ဒါပေမဲ့ အဲဒီ တိုတိုတုတ်တုတ် ၊ လေးလေးနက်နက် တုံ့ပြန်တဲ့ သူ့ စကား ထဲ မှာ တိုင်းပြည် အပေါ် သူ ထားတဲ့ လေးနက်မှု ၊ ပူးပေါင်းပါဝင်ချင်မှု ၊ မျှော်လင့်မှုတွေ ကို မြင် နေရပါတယ် ။ တကယ်တော့ ကိုမင်းလူ သာ Yes လို့ ပြော လိုက်ရင် လူ အများစု အင်မတန် လာ ချင်တဲ့ အမေရိကား ဆိုတာ ကို အလွယ်တကူ ရောက် လာမှာပါ ။ ဒါပေမဲ့ သူ အဲဒီလို မပြောခဲ့ပါဘူး ။ သူ ဟာ အမေရိကား ကို ထွက် ရဖို့ ထက် သူ့ တိုင်းပြည် ရဲ့ အပြောင်းအလဲ တစ်ခု ခု ကို သူ့ မျက်စိ နဲ့ မျက်ဝါးထင်ထင် မြင်ရဖို့ ၊ တစ်နည်းတစ်ဖုံ ပူးပေါင်း ပါဝင်ခွင့် ရဖို့ကို ရွေးချယ်ခဲ့ပါတယ် ။
မိနစ် ပိုင်း တောင် တုံ့ဆိုင်းမနေဘဲ ဆုံးဖြတ်ခဲ့တဲ့ သူ့ ရဲ့ဆုံးဖြတ်ချက် ဟာ သူ့ ကို ဘယ်လို လူ လဲ ဆိုတာ ထင်ရှားစေပါတယ် ။ သူ့ အပေါ် ထားတဲ့ ကျွန်မ ရဲ့ လေးစားခင်မင်စိတ်ကို နှစ်ဆ တိုးစေခဲ့ပါတယ် ။ ကိုမင်းလူ ပြောတာ မှန်ခဲ့ပါတယ် ။ ၂၀၀၈ ဟာ မြန်မာနိုင်ငံ ကို အကြီးအကျယ် ပြောင်း လဲစေခဲ့ပါတယ် ။ ဒါပေမဲ့ ကိုမင်းလူ မျှော်လင့်ခဲ့သလို အပြောင်းအလဲမျိုးတော့ ဟုတ်ဟန် မတူပါဘူး ။ လူပေါင်း သိန်း နဲ့ ချီ သေဆုံးပြီး သန်း နဲ့ ချီ အိုးအိမ်မဲ့ ဖြစ်စေတဲ့ မုန်တိုင်းတစ်ခု နဲ့ မြန်မာပြည် ကို ပြောင်းလဲစေမယ် လို့ တော့ ကိုမင်းလူ မမျှော်လင့်ခဲ့ မှာ သေချာပါတယ် ။ ၂၀၀၈ ကို ကိုယ်စိတ် ဆင်းရဲမှုတွေ နဲ့ ဖြတ်ကျော်ခဲ့ပြီး ၂၀၀၉ နှစ်ဦး မှာ ကျွန်မတို့ မိသားစု အမေရိကားကို ထွက် လာတာမို့ ကိုမင်းလူ နဲ့ မဆုံဖြစ်တော့ပါဘူး ။ ကိုမင်းလူ မှာ ကင်ဆာရောဂါ စွဲကပ်နေပြီလို့ သိ သိရချင်း မှာ ကျွန်မ နှမြောဝမ်းနည်း စိတ် နဲ့ ဆွံံံ့ အ သွားခဲ့မိပါတယ် ။ ကင်ဆာ ဟာ သူ့ ကို လူ့ လောက မှာ ကြာကြာထား မှာ မဟုတ်ဘူးလို့ ဗဟုသုတ အရ သိ နေပေမယ့် စိတ် ဆန္ဒ အရ သူ တွန်းလှန်နိုင်မှာပါ ၊ သူ ရင်ဆိုင်နိုင်မှာပါ ၊ သူ နေနိုင်ဦးမှာပါ လို့ ကိုယ့် ကိုယ်ကိုယ် အရူး တစ်ယောက် လို ငြင်းခုံလိုက် ၊ အားပေးလိုက် ၊ ဖြေသိမ့်လိုက် လုပ် နေခဲ့မိပါတယ် ။ အွန်လိုင်း မှာ ရှာ ဖတ်လို့ ရသမျှ သူ့ စာအုပ်တွေ ကို ရသလောက် ရှာ ဖတ်ရင်း သူ့ စာ ထဲ က အရွှင်ဓာတ် နဲ့ ကိုယ့်ကိုယ် ကိုယ် အား တင်းခဲ့ရပါတယ် ။
ခုတော့ သူ သုံးလေးလ တောင် မခွဲချင်ခဲ့တဲ့ မြန်မာပြည် ကို သူ ထာဝရ ခွဲ သွားရပါပြီ ။ ခွဲရတော့မယ် လို့ သူ သိနေတဲ့ အကြောင်း ကို လည်း လူမှုစာမျက်နှာ မှာ ဖတ်ရတဲ့ စာတိုပေစလေးတွေ က တစ်ဆင့် ကျွန်မ သိ ခဲ့ရပါတယ် ။ သူ ဟာ ကင်ဆာ ကို သတ္တိရှိရှိ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာ ကိုလည်း သိရပါတယ် ။ သူ ထွက်ခွာသွားချိန် မှာတော့ သူ့ ကို ဆုံးရှုံးရတဲ့ နှမြောတသမှု အပြင် သူ့ အတွက် ခံစားရတဲ့ဝမ်းနည်းမှု ကတော့ သူ ချစ်တဲ့ တိုင်းပြည် အတွက် သူ မျှော်လင့်တဲ့ ၊ သူ မြင်ချင်တဲ့ အပြောင်းအလဲ ကို သူ မြင် မသွားရရှာဘူး လို့ တွေးမိတဲ့ အတွေးကြောင့် ဖြစ်ပါတယ် ။
◾ခက်မာ
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment