❝ ငွေလရောင် ❞
အခန်း ( ၁ )
ဤ လောက သည် လွန်စွာ အဆင်မပြေသော လောက ၊ လွန်စွာ ရက်စက်သော လောက ၊ လွန်စွာ အချိုးအစားမကျ ၊ မမျှမတ ဖြစ်စေတတ်သော လောကော ။ လောကကြီး ပေတည်း ။ အကြောင်းကို ဆိုသော် မမြိုင် သည် ကောင်းသော မိန်းမကလေး တစ်ယောက် ဖြစ်ပါလျက် ၄င်း ၏ ခင်ပွန်းသည် မှာ ဆိုးသွမ်းဟော့ရမ်း ၊ အသက်မွေး ကြမ်းသော ယောက်ျား တစ်ယောက် ဖြစ် လေ၏ ။ ယင်းကဲ့သို့ မမျှမတ ၊ မညီမညွတ် ဖြစ်ရခြင်းမှာ မမြိုင် နှင့် ၄င်း ၏ ယောက်ျား ရွှေတိုင် တို့ သာ မဟုတ် ၊ လောက ၌ အများအပြားပင် ရှိကြလေ၏ ။ အရုပ်ဆိုးသူ နှင့် အဆင်းလှသူ တို့ ပေါင်းဖက်ရခြင်း ၊ အပျိုဆံတောက် နှင့် လူအိုလူခြောက် တို့ ညား ရခြင်း ၊ လူပျိုပေါက်စ နှင့် အမယ်အိုအခြောက်အကွ တို့ မွေ့လျော် ပေါင်းသင်း ဆက်ဆံ အတူ နေကြရခြင်း ၊ အရည်အချင်း ပြည့်စုံ ပါလျက် ဥစ္စာဓန မရှိခြင်း ၊ တုန်တေးပါနောက် ၊ အပေါက် မတည့် အောက်ကလိအာ ၊ မျောက်ပမာ ကို လူရာ မဝင် ၊ ကျက် သရေ မစင်ကြယ်ဘဲလျက် လူကြီးလူကောင်း ဖြစ်၍ နေခြင်း ၊ ဘုရားကား အောက် ၊ မျောက်ကား အထက် ၊ ကြွက်ကြွက်ညံစီ ၊ မသတီသစရာ ဖြစ်ခြင်း ၊ မကောင်းယုတ်မာ ဆိုးညစ်စွာ ကျင့်ကြံ တတ် က အထွတ်အထိပ် သို့ ရောက်တတ်ကြခြင်း ၊ ကြေးသံဗုံသံ ထက် ဝါးလက်ခုပ်သံ ကျယ် ခြင်း ၊ မင်းသား တစ်ခွန်း မှာ လူပြက် ( ၁ဝ ) ခွန်း ပြောခြင်း ၊ ကြက်သား ထက် ဘူးသီး က ချိုခြင်း ၊ ဟင်း ချို ချက်ရာ ငါးသိုင်းငါးကြင်း ပါ ပါလျက် ပီလောရွက် က ကျော် စောခြင်း စသည်များ သည် လောက ၏ အဆင် မပြေခြင်း ၊ မတရားခြင်း ၊ မမျှတခြင်း များ ပင် ဖြစ်ကြလေသတည်း ။
မောင်ရွှေတိုင် သည် ပုသိမ်မြို့ ၏ အစွန်အနားရပ် တစ်ခု တွင် ခြံ ထဲ ၌ အိမ် ဆောက် ၍ မမြိုင် ခေါ် ဇနီးသည် နှင့် နေ၏ ။
၄င်း မမြိုင် မှာ ဆွေမျိုးညာတိများ ပုသိမ်နယ် ၌ မရှိ ။ မောင်ရွှေတိုင် သည် မိမိ ၏ ထုံးစံအတိုင်း တစ်ရပ်တစ်ရွာ ကို သွားရောက် အကြံ အစည် ၊ အလုပ်အကိုင် လုပ်ကိုင်ရာမှ ရခဲ့သော မယားချော မယားလှ ၊ မောင်ရွှေတိုင် နှင့် မျှ မတန်သော မိန်းမ ဖြစ်လေ၏ ။
မောင်ရွှေတိုင် ၏ အလုပ်မှာ ဤ ခြံ ထဲ ၌ ဘဲကြက် မွေးခြင်း ၊ သေရည် ချက်ခြင်း ၊ ဝိုက်ဒိုင် ခံခြင်း စသည် အလုပ်မျိုး ဖြစ်သည့် ပြင် တစ်ခါတစ်ခါ ဇနီးသည် မမြိုင် ကို တစ်ယောက်တည်း ထားခဲ့၍ တစ်လကိုးသတင်း ပျောက်ကွယ်နေလေ့ ရှိ၏ ။ အချို့က ၄င်း မောင်ရွှေတိုင် သည် ကြမ်း လို ကြမ်း ၊ နု လို နု ၊ စောရတို့ အမှု မှာ ၊ များစွာပင် သတ္တိ ထူးသူ ဖြစ်၍ အခြား မြို့ရွာများ သို့ သွားရောက် ရှာဖွေ လုပ်ကိုင်သည် ဟု ပြောကြလေ၏ ။ သို့ပင် ပြောကြသော်လည်း ဤအရပ် ၊ ဤဌာန ၌ တရား သဖြင့် ဖဲရိုက်သောက်စား ၊ ရောင်းစား သေရည် ဟူသော အလုပ် မှ တစ်ပါး အခြား မတရား သော အမှု တို့ ကို မပြုတတ်သော ကြောင့် ၄င်း မှာ အဖမ်းအဆီး ကို မဆိုထားဘိ ၊ အမေးအမြန်း ကိုမျှ ခံရသူ မဟုတ်ချေ ။
၄င်း မောင်ရွှေတိုင် သည် မိမိ ၏ ဇနီးသည် ကို လွန်စွာ ချစ် ၏ ။ သို့သော်လည်း ဖဲ ရှုံး သည့် အခါ၌ လည်းကောင်း ၊ အရက် မူး သည့် အခါ၌ လည်းကောင်း ၊ မမြိုင် ကို ရိုက်တတ် ၊ နှက်တတ် လေ၏ ။ မမူးယစ်သည့် အခါ၌ ၄င်း ၏ အပေါ်၌ တစ်စုံတစ်ရာ အပြစ်ဆိုဖွယ်ရာ မရှိချေ ။ သို့သော်လည်း တစ်လ မှာ ရက်ပေါင်း ( ၃၀ ) ကျော်ကျော် မူး ၍ မကြာခဏ ဖဲ ရှုံးတတ်သောကြောင့် မမြိုင် မှာ တစ်ရပ်သား ကို ယုံကြည်လိုက်မှားရခြင်း ၏ ဘေး ဒုက္ခ နှင့် လတ်တလော ကြုံကြိုက်၍ နေလေ၏ ။ သို့သော်လည်း လူဆိုး ၊ လူတေ တို့ ကို ၄င်းတို့ ၏ သားမယားများ သည် အထူး ခင်တွယ်တတ် သည် မှာ အစဉ်အလာ ဓမ္မတာ တစ်မျိုး ပင် ဖြစ်လေ ရကား မိဘရပ် ထံ သို့ ပြန်၍ မပြေးနိုင်အောင် ရှိသည်ပြင် မမြိုင် မှာ ဖခင် နှင့် မိထွေး သာ ရှိသောကြောင့် များစွာ အားကိုးရာ မရ ဖြစ်၍ နေလေ၏ ။ အကြောင်းမှာ လည်း မမြိုင် သည် မိမိ ၏ ဖခင် နှင့် မိထွေး ထံ မှ ပြေး၍ လာပြီးလျှင် ပုသိမ်မြို့ ၌ မိမိ ၏ လင်ယောက်ျား နှင့် ကောင်းစား၍ နေသည် ဟူသော သတင်း သည် မိမိ ၏ အရပ်ဒေသ၌ ဖြစ်ပွား ကျော်ကြား၍ နေလေ၏ ။ မမြိုင် ၏ ဇာတိမှာ အထက်မြေလပ် မြို့ငယ်ကလေး တစ်ခု ဖြစ်လေ၏ ။
မမြိုင် သည် တစ်ရံတစ်ခါ မိမိ ၏ ဒေသသို့ ပြန်၍ ပြေးရန် စိတ် အကြံ ပေါ်မိသော်လည်း ဤ ဆိုးသွမ်းသော လင်ယောက်ျား ၏ အနွံအတာ ကို ခံလျက် ၄င်း ကိုသာ မပစ်ရက်ဘဲ ကြင်နာ၍ နေလေ၏ ။ မကြင်မနာ ရိုက်နှက်နှိပ်စက်သော လင်ယောက်ျား ကို ကြင်နာ ၍ မစွန့်ဘဲ နေခြင်းသည် မိန်းမ တို့ ၏ သနားဖွယ် သော အလေ့တစ်မျိုး ဖြစ်လေ၏ ။
တစ်နေ့သ၌ မောင်ရွှေတိုင် သည် မြှုပ်နှံ၍ ထားသော ကဇော်အိုး ကို ကြည့်ရှုရင်း ခြံ ထဲ ၌ တစ်ယောက်တည်း နေစဉ် အသက် ( ၆၀ ) ခန့် ရှိသော ယောက်ျားကြီး တစ်ယောက် သည် ခြံ ထဲ သို့ ရောက်၍ လာလေ၏ ။
မောင်ရွှေတိုင် ။ ။ “ ဘာအလို ရှိပါသလဲ ခင်ဗျား ”
အဘိုးကြီး ။ ။ “ အလို မရှိပါဘူး ၊ မောင့် ခြံ က အေးအေး ချမ်းချမ်း ရှိပုံရလို့ လျှောက် လာတာပါပဲ ”
ရွှေတိုင် ။ ။ “ ကြည့်ပါ ခင်ဗျား ၊ ကျွန်တော့် ခြံမှာ လူ အဝင် အထွက် မကန့်ကွက်ပါဘူး ၊ သဘောရှိ လည်ပတ် ကြည့်ရှု နိုင်ပါတယ် ၊ နို့ ဆရာကြီး ၊ ဆေးရည် ကလေးများ မှီဝဲတတ် သလား ၊ စားသောက်ကောင်းအောင်လေ ”
အဘိုးကြီး ။ ။ “ ဘကြီးက ဆရာ ပါ ၊ သည်းခံပါမောင် ”
ရွှေတိုင် ။ ။ “ ဪ .. ဆရာတို့ ဘယ်လို ဘက်ကလဲ ၊ ဗိန္ဒောလား ၊ ဓာတ်လား ၊ ပယောဂလား ခင်ဗျား ”
ဆရာကြီး ။ ။ “ အမျိုးမျိုး ပါပဲ ၊ ဘကြီး ဟိုဘက် နား က အိမ် တစ်အိမ် မှာ တဲ နေတယ် ၊ ဒီ အရပ် ကို မရောက်ဘူးပါဘူး ၊ မောင် ဘာနေ့သား လဲ ”
ရွှေတိုင် ။ ။ “ စနေသား ပါ ဆရာကြီး ရဲ့”
ဆရာကြီး ။ ။ “ နေရာ ကျလိုက်တာ ၊ ဆရာကြီး နဲ့ အပုံကြီး နေရာ ကျဖို့ ရှိတာပဲ ၊ မောင့် အကြောင်း ကို ဆရာ ကြားရ ပါတယ် ။ စွမ်းရည်သတ္တိ ရှိတဲ့ ယောက်ျား ဆိုတာ သိပါတယ် ” .
မောင်ရွှေတိုင်သည် စကား ပြန်၍ မပြောဘဲ ဆရာကြီး ကိုသာ အကဲခတ် ကာ ကြည့် နေပြီးမှ အိမ် သို့ ခေါ်သွားပြီးလျှင် စကား ပြောကြလေ၏ ။
ထိုနေ့မှ စ၍ ဆရာကြီး နှင့် မောင်ရွှေတိုင် သည် အကြောင်း အပေါင်း သင့်ကြပြီး မှ အိမ်သို့ ခေါ်သွားပြီးလျှင် ဆရာကြီး သည် မောင်ရွှေတိုင် ၏ အိမ်သို့ နေ့စဉ်နေ့တိုင်း ရောက် လေ၏ ။ မောင်ရွှေတိုင် ကို တဖြည်းဖြည်း မေတ္တာ ရှိလျက် ဆေးဝါးအမျိုးမျိုး တို့ ကို ပေး လေ၏ ။ ဆရာကြီး အလိုရှိသော အရာမှာ မောင်ရွှေတိုင် ကြံစည်၍ ပေးနိုင်လျှင် အစိမ်းသေ လက်ဖျံရိုး ဖြစ်လေ၏ ။ အကယ်၍ ထို လက်ဖျံရိုး ကို ရအောင် ကြံနိုင်လျှင် ထို အရိုး ကို စေခိုင်းခြင်း ဖြင့် လိုရာ ပြီးမြောက်အောင် တတ်နိုင်သည် ဟု ဆရာကြီး ပြောလေ၏ ။ မောင်ရွှေတိုင် လည်း ကောင်းပါပြီ အာမ ခံလျက် အစိမ်းသေ သော လက်ဖျံရိုး ကို ရအောင် ကြံစည်ပေး ပါမည် ဟု မောင်ရွှေတိုင် က ကတိ ထားလေ၏ ။ ဆရာကြီး ပေးသော ဆေးဝါးအမျိုးမျိုး တို့ ကို လည်း မောင်ရွှေတိုင် လည်း စမ်း သပ် ရသဖြင့် ဆရာကြီး ကို များစွာ ကြည်ညို၍နေလေ၏ ။
ည တစ်ည ၌ ဖဲဝိုင်း ဖြစ်ပြီးနောက် မောင်ရွှေတိုင် မှာ ဖဲ ရှုံး သဖြင့် အရက် ကို သာ သဲသဲမဲမဲ သောက် လေ၏ ။ မမြိုင် သည် ကား ဖဲ ရှုံးကြောင်း ကို သိလျက် အရက် ကို သာ သောက်ကာ နီရဲ တောက်လွင်သော မျက်နှာ နှင့် မိမိ ရှိရာသို့ မကြာခဏ လှမ်းကာ ကြည့်သော ကြောက်မက်ဖွယ်သော မျက်နှာကို မြင်ရသော အခါ နေစရာ နေရာ ရှာ၍ မရဘဲ နေလေ၏ ။ မမြိုင် သည် ကား ကစားသမားများ မပြန်ကြပါစေ နှင့် ဟူ၍သာ ဆုတောင်း ၍ နေ လေ၏ ။ အကြောင်းမူကား မည်သူမျှ မရှိလျှင် မိမိ မှာ လုံးလုံး ကြီး အားကိုးရာမဲ့ ဖြစ်တော့မည်ကို သိရလေ၏ ။
မမြိုင် သည် ထိုနေ့၌ အခြားသော နေ့များထက် ပိုပို၍ ကြောက်ရွံ့လေ၏ ။ မျက်ခုံးများလည်း တဆတ်ဆတ် လှုပ်သည် ပြင် မိမိ ၏ ရှေ့၌ မည်းမှောင်သော မြေတွင်းသချိုင်း ဥမင်ကြီး ကို လည်းကောင်း ၊ အဝတ်များ နှင့် ပတ်ရစ်သော အလောင်း ကို လည်းကောင်း ၊ မြင်၍ နေရသကဲ့သို့ စိတ် ထဲတွင် အောက်မေ့လေ၏ ။ ထိုအခါ မိုးဦးကျစ အခါ ဖြစ်သောကြောင့် လေတွေ မိုးတွေ လွန်စွာ ကျလျက် မည်းမည်းမှောင်သော ညမှာ တသဲသဲ မြည်၍ နေလေ၏ ။ မကြာမီ ဖဲ နိုင်သော လူများ ထွက်သွားကြ လေရာ မမြိုင် မှာ လွန်စွာ ကြောက်လျက် အားကိုးရာမဲ့ ဖြစ်၍ ကျန်ရစ်လေ၏ ။ လေ သည် ကား မရပ်မစဲ တိုး၍သာ ဝှေ့တိုက် လေရာ ခြံ တစ်ခြံ လုံး မှာ တအုံးအုံး မြည်၍ နေသည့်ပြင် သက်ငယ် မိုး ထရံကာ ဝါးအိမ် မှာ သွက်သွက်ခါ၍ နေလေ၏ ။ ထို အခြင်း အရာ တို့ သည် မမြိုင် ၏ စိတ် ၌ ရှိသော ကြောက်ရွံ့ခြင်း ကို တိုး တက်စေသည် ပြင် သေရည် နှင့် ရဲရဲပြောင်သော မျက်နှာ ကို ကြည့် လိုက်ရသည့်အခါ မိမိ ကို ကိုက်စားရန် အိမ်ပေါ် သို့ ကျား တက်၍ လာလျှင် ထိုမျှလောက် ကြောက်ရွံ့ မည် မဟုတ်ဟု မှတ်ထင်ရလေ၏ ။ အိမ်ခြေရင်းခန်း ၌ ဆောင့်ကြောင့် ထိုင်ကာ ပုလင်း ကို ကိုင်၍ ငှဲ့ ရင်း အိမ်ဦးခန်း ၌ ရှိသော မမြိုင် ဘက် သို့ လည်ကို ဆန့်ကာ ကြည့်လိုက်သည့် အခါများ၌ ကျား သည် သားကောင် ကို လှမ်း ၍ ကြည့် သကဲ့သို့ မှတ်ထင်ရလေ၏ ။ မမြိုင် မှာ အိမ်ဦးခန်း ရှိ ခုတင်ဟောင်း တစ်ခု ပေါ်၌ များစွာ မလင်းသော မီးတိုင် ၏ အရောင် ထဲ တွင် စောင် ခြုံကာ ကွေး၍ နေလေ၏ ။
အတန်ကလေး ကြာသောအခါ မောင်ရွှေတိုင် သည် မမြိုင် ၏ အပါးသို့ ကပ်၍ လာလေ၏ ။ အပါးသို့ ရောက်သောအခါ မမြိုင် ၏ မျက်နှာ ကို ငုံ့ ကာ ယိမ်းထိုးရင်း ကြည့်လျက် “ မမြိုင် ငါ ဖဲ ရှုံးတယ် ၊ ဘာဖြစ်သလဲ ၊ နင့် လုပ်စာ ကို ငါ ဖြုန်းတာ မဟုတ် ဘူး ၊ ငါ့ လုပ်စာ ကို ငါ ဖြုန်း တာ ၊ နင် က ဘာ ဆူချင်သေးသလဲ ” ဟု ပြောလေ၏ ။
မြိုင် ။ ။ “ အလို ... ကိုရွှေတိုင် ၊ ရှင့် ကို ဘယ်သူက ဆူသေးလို့လဲ ”
ရွှေတိုင် ။ ။ “ သယ် ... ငါ မသိဘူး မှတ်သလား ၊ နင် ဆူမယ် လို့ ကြံပြီး နေတာ ၊ ဖဲ နိုင်ရင် တပြုံးပြုံး နဲ့ ၊ ရှုံးပြီ ဆိုမှဖြင့် စောင်ခြုံ ပြီး ကွေး နေတယ် ၊ နင့် အကြံတွေ ကို ငါ မသိဘူး မှတ် သလား ၊ ထ ၊ အခု ထိုင် ၊ ချက်ချင်း ရယ် ”
မမြိုင် သည် မထဘဲ နေလေရာ အတင်း ဆွဲ၍ ထူပြီး နား ထင် ကို လက်ဝါး နှင့် တစ်ချက် ရိုက်လေ၏ ။ ထိုအခါ မမြိုင် သည် ၄င်း ကို ပြန်၍ တွန်းပြီး ထိုင်ရာ မှ ထသွားလေ၏ ။ မောင်ရွှေတိုင် သည် အတင်း ပြေး လိုက်ကာ ဆွဲလွဲလေရာ မမြိုင် သည် ပြန်၍ တွန်း လေ၏ ။ ထိုအခါ မူးယစ်၍ နေသူ ဖြစ်သောကြောင့် ကြမ်း ပေါက် မှ ခြေကျွံ ၍ လဲလေ၏ ။ မမြိုင် သည် ပြန်၍ မကြည့်ဘဲ အိမ်ပေါ် ထပ် သို့ တက်သော လှေကား ကို တက် လေ၏ ။ ထိုအခိုက် တွင် မောင်ရွှေတိုင် သည် လဲရာ မှ ထ လာပြီး လျှင် လှေကား ပေါ် သို့ ပြေးတက်ကာ လိုက်ပြီးနောက် မမြိုင် ကို အတင်း တွန်းထိုး ကန်ကြောက်၍ ချလေရာ မမြိုင် သည် လှေကား ပေါ် မှ တလိမ့် ခေါက်ကွေး ကျလေ၏ ။ အောက်သို့ ရောက်သောအခါ အနီး၌ ရှိသော ဝါးရင်းတုတ်တစ်ချောင်း ကို ဆွဲကာ လဲ၍ နေသော မမြိုင် ကို ရိုက် လေ၏ ။
ထိုအခိုက်တွင် ဆေးဆရာကြီး ဦးဖြူ သည် အိမ်ပေါ် သို့ ရောက်လာလျက် “ ဟဲ့ဟဲ့ ၊ မောင်ရင် .... မောင်ရင် လက်လွန် တော့မယ် ၊ ကိုယ့် သားမယား ဒီလောက် တောင် ရိုက် ရသလား ” ဟု ပြောကာ ပြေး ၍ လာလေ၏ ။ ထိုခါတွင် မောင်ရွှေတိုင် သည် နောက်တစ်ချက် ပြန်၍ ရိုက်လေရာ မမြိုင် မှာ ကြမ်းပေါ်၌ ဆန့်၍ နေလေ၏ ။ ဦးဖြူ လည်း အပါးသို့ ရောက်လာပြီးလျှင် တုတ် ကို ဆွဲ လုလေ၏ ။ မမြိုင် သည် မလှုပ်ရှားဘဲ သွေးသံရဲရဲ နှင့် ဆံပင် တွေ ဖုံးလွှမ်းကာ လှေကားရင်း ၌ အပုံသား ငြိမ်၍ နေလေ၏ ။
ထိုအခါ ဆရာဖြူ သည် လဲ၍ နေသူ မမြိုင် ကို ပွေ့ထူ စမ်း သပ်ကာ ကြည့်ရှုလေရာ ဦးဖြူ ၏ မျက်နှာမှာ သွေး မရှိဘဲ မမြိုင် ကို ကြမ်းပေါ် ၌ ပြန်၍ ချထားပြီး မောင်ရွှေတိုင် ၏ အပါးသို့ ကပ်ကာ “ မောင် လက်လွန်သွားပြီ ၊ ဘယ့်နှယ့် ကြံမလဲ ” ဟု ပြော လေ၏ ။
ထိုအခါ မောင်ရွှေတိုင် မှာ အမူး များ ပြေလျက် ကြောက် စိတ် ဝင်ကာ သတိ ရ၍ လာပြီးလျှင် မမြိုင် ကို ထူကာ မျက်နှာ ကိုသေချာစွာ ကြည့်ပြီး အသာတရာ ကြမ်းပေါ် ၌ ပြန်၍ ချကာ မျက်လုံး ပြူးလျက် ပါးစပ် ဟပြီး တစ်ကိုယ်လုံး တုန်လှုပ်ကာ တောင် ပြေး ရတော့မလို မြောက် ပြေး ရတော့မလို ဖြစ်လေ၏ ။ ထိုအခိုက်တွင် ဆရာဖြူ က မောင်ရွှေတိုင် ၏ ကျောကို သတ်ကာ “ သတိထား ၊ အခု သည်အမှု ကို ဘယ်သူမျှ မမြင်သေးဘူး ၊ ဘကြီး တစ်ယောက် ပဲ မြင်တယ် ၊ စိတ်သာချ ၊ ဘကြီး ဘယ်သူ့ ကိုမျှ မပြောဘူး ၊ မောင့် မိန်းမ ဟာ တကယ် သေပြီ ၊ ယခုည တွင်းချင်း မြှုပ်နှံပြီး မောင် တော်ရာ ကို ပြေးမှ ချမ်းသာဖို့ ရှိမယ် ” ဟု ပြောလေ၏ ။
မောင်ရွှေတိုင် က ၄င်း ၏ မျက်နှာ ကို မော် ကြည့်ပြီး ဆရာကြီး ၏ လက်များ ကို ဆွဲကိုင်ကာ ဆရာကြီး ၏ ခြေ ကို ဖက်ကာ “ ဆရာကြီး ပြောတာ ကို ကျွန်တော် နားထောင်ပါ့ မယ် ၊ ဆရာကြီး သိသမျှ ကို ကျွန်တော့် အား သနားသဖြင့် လုံခြုံ အောင် ထားပါ ၊ ကျွန်တော် ကျေးဇူး မမေ့ပါဘူး ” ဟု တုန်လှုပ် သော အသံ နှင့် ပြောလေ၏ ။
ထိုနောက် မမြိုင် အလောင်း ကို စောင်များ နှင့် ပတ်ကြပြီး လျှင် နှစ်ယောက်သား သယ်ယူကာ အိမ်နောက်ဖေး ခြံထဲသို့ သယ်ယူ၍ သွား ကြလေ၏ ။ မကြာမီ တွင်း တူးကြပြီးနောက် အလောင်း ကို စွတ်စိုသော တွင်း ထဲ သို့ချကာ မြှုပ်နှံကြလေ၏ ။ မြှုပ်နှံပြီးသည် နောက် မောင်ရွှေတိုင် သည် အိမ် ကို ပြေး ပြီးလျှင် အနည်းငယ်မျှ ယူဆောင်စရာ ရှိသမျှကို ယူဆောင်ကာ “ ဆရာ ကြီး ဒီအကြောင်း ကို မည်သူ ကို မျှ ဖွင့် မပြောဘူး ဆိုတာ ကတိ ထားပါ ” ဟု ပြောလေ၏ ။
ဆရာကြီး ။ ။ “ စိတ်သာချပါ မောင် ၊ ဆရာကြီး တစ် ယောက်တည်း သိတာကို မည်သူမျှ အပို မသိစေပါဘူး ၊ မောင် သာ လွတ်ရာလွတ်ကြောင်း သာ ပြေးပေတော့ ၊ ရာဇဝတ် ဘေး ပြေးနိုင်ရင် လွတ် သတဲ့ ၊ မင်း တို့ လင်မယား နှစ်ယောက် ယနေ့ ညတွင်းချင်း အခြား ကို ပြောင်းသွားကြတယ် ၊ ဒီ သတင်း ကိုလဲ ဘကြီး လွှင့်လိုက်မယ် ၊ စိတ်ချ၍သာ သွား ပေတော့ကွယ် ၊ ဒုက္ခ ... ဒုက္ခ ၊ ဒေါသ ၏ အမိုက်တိုက်ဟာ တယ်ကြောက်မက်ဖွယ် ကောင်းပါလား ကရို ” ဟု ညည်းညူ လိုက်လေ၏ ။
နောက်တစ်နေ့ ၌ ဆရာကြီး သည် ဆေး စီရင်ရန် အတွက် မမြိုင် ၏ အလောင်း မှ လက်ဖျံရိုး ကို ယူရန် သင်္ချိုင်း သို့ ဝင်သွားလေ၏ ။ မောင်ရွှေတိုင် သည် ၄င်း ရှိရာမှ အတန် ဝေးသော ရွာကြီးကျောင်း မှ ဆရာတော်အား ခွင့်ပန်ကာ ကိုရင်ကြီး ဝတ် လိုက် လေ သတည်း ။
ဆရာတော် အား ကြည်ညိုသမျှသော သူ ဟူသမျှ တို့သည် ထို ကိုရင်ကြီး ကို လည်း ရဟန်းတော် လောက် နီးနီး ကြည်ညိုလေးမြတ် ကြလေ၏ ။ ထို ကိုရင်ကြီး သည် အသက်အရွယ် ( ၃၀ ) ကျော်ကျော်မျှ ရှိသော်လည်း များစွာ ပျိုရွယ်သပ္ပာယ်သော အသွင် ရှိ သဖြင့် ရုပ်ရူပကာ အားဖြင့်လည်း ကြည်ညိုဖွယ်ရာ ဖြစ်လေ၏ ။
၄င်း ကိုရင် သည် တန်ခူးလပြည့် နေ့မတိုင်မီ အဖိတ်နေ့ တွင် မိမိ ၏ ဆရာ နှင့် နောက်ပါ ကျောင်းသား အနည်းငယ် တို့ပါ ငြိမ်သက်စွာ တောလမ်း တစ်ခု ၌ ထွက်၍ လာလေရာ ရွာ အနီးသို့ ရောက်၍ လာလေ၏ ။ ရွှေအဆင်းနှင့် တူသော ဆံပင် တည်း ဟူသော ရောင်ခြည် တို့ ကို အာကာသကောင်းကင် ၌ ဖြတ်ကာ အနောက်ဘက် ဂေါယာ သို့ ဒုန်းစိုင်း၍ သွားသော နေမင်း သည် တစ်တောလုံး တစ်ကွင်းလုံး ကို ရွှေမှုန် ၊ ရွှေခဲ ဖြင့် မွမ်းမံခြယ် လှယ်သည့် ပမာ ဖြာဖြာယှက်သန်း ရှုမခန်းအောင် လှပလေ၏ ။ သွေ့ခြောက်သော နွေဥတု ညနေချမ်း ဖြစ်သည့် အလျောက် အနောက်ပိုင်း မိုးဝဠာ တစ်ခြမ်း လုံးမှာ နီဝါစိမ်းရောင် ၊ ခိုရောင် ၊ ရွှေသားလိမ္မော်ရောင် ကစားလျက် ပြာတစ်ချက် ၊ မှည့်တစ်ချက် ၊ မရမ်းရောင် ကွက် ပြီးလျှင် ရောင်ခြည် ကို ဆင်မြန်း ၊ ရောင်စုံ ပန်းခင်း ပြလျက် ရောင်ခြည်ပွဲ ကျင်းပကာ နေလေ၏ ။ အေးမြသော လေပြည် သည် တဖျတ်ဖျတ် ဝှေ့တိုက်ကာ ကံ့ကော်ဝတ်ဆံ ဖြင့် ဖျန်းပက်အပ်သော ရာသီပန်း အမျိုးစုံ တို့၏ ရနံ့များ ကို မြေ ပထဝီ အနှံ့ မရပ်မနား ပို့ဆောင်၍ နေသဖြင့် သင်းပျံ့မွှေးကြိုင် ၊ ဂနိုင်မြေစခန်း မှာ နတ်ပန်းခြံကြီး ကဲ့ သို့ မှတ်ထင် ရလေ၏ ။
ကိုရင် တိလောက သည် အံ့ဖွယ်သော လောကဓာတ် ကို ရှုစား ကာ တောတစ်လျှောက် လာခဲ့ရာ တွင် မိမိ ၏ ခိုင်မာသော စိတ် ထဲ ၌ အတိတ် အဖြစ်အပျက် တို့ သည် ဝင်ရောက် ပေါ်ပေါက်၍ လာသောကြောင့် မရပ်နိုင်အောင် ဖြစ်ကာ “ ငါ ဤဘဝ ၌ မြဲမှ မြဲပါ့မလား ၊ ငါ ၌ ဘယ်လို အရေးများ ဖြစ်ပေါ်မလို့ပါလိမ့် မလဲ ” ဟု စိတ်ထဲ၌ အောက်မေ့ တွေးထင်မိလေ၏ ။
ထိုကဲ့သို့ တွေးထင်မိသည်အတွင်း မိမိ ၏ လက်ယာဘက် အတန်ကလေး ဝေး သော နေရာဘက် သို့ မော်ကာ ကြည့်လိုက်သောအခါ နေရောင်ခြည် မဝင် ရောက် သဖြင့် ခပ်မှိန်မှိန်ကလေး ရှိသော တောအုပ် တစ်ခု အောက် ၌ မတ်တတ် ရပ်ကာ မိမိတို့ ကို ကြည့် နေရာမှ ပျာယီးပျာယာ နောက်သို့ လှည့်၍ ကုန်းပြီး တောထဲ သို့ ဝင်ရောက်ပျောက်ကွယ်သွားသော လှပစွာဝတ်စားသော မိန်းမ တစ်ယောက် ၏ သဏ္ဌာန် ကို မြင် လိုက်ရလေ၏ ။ ထို မိန်းမ သည် မိမိ တို့ကို ကြည့် ၍ နေရာမှ ကိုရင်ကြီး မော် ၍ ကြည့်လိုက် သည့် အတွက် ရုတ်တရက် တိမ်းရှောင် ၍ သွားသည်ဟု မှတ်ထင် ရလေ၏ ။ ထိုအခါ ကိုရင်ကြီး ၏ စိတ်၌ သာလွန်၍ မငြိမ်မသက် ဖြစ်ကာ မိမိ မြင် ရသော အရာ ကို လည်း မည်သူ အား ကိုမျှ ပြော မပြဘဲ အဘယ်သို့သော အချင်းအရာပေနည်း ဟူ၍ သာလျှင် တွေးတော ကာ လာ ခဲ့လေ၏ ။
ဖြူဝင်းစိုပြည်သော သတင်း ရှိသဖြင့် ကျက်သရေအပေါင်း တို့ကို ဆောင်သော ဖိုးရွှေလမင်း သည် ဝါဂွမ်းဆုပ် ၊ ဝါဂွမ်းဆိုင် ကြီးများ ကို လေဆောင် ၍ ရွေ့ရှားသည့် ပမာ ပူးချည်ခွာချည် ရုန်းချည်ပြန့်ချီ နေကြကုန်သော တိမ်ဖြူကြီးများ ၏ အကြား၌ ငွေသော်တာ ရောင်အဆင်း နှင့် တူသော မျက်နှာ ကို အရှေ့ဘက် မှ ပြကာ မှိုင်းညိုသော တောအုပ်များ နှင့် တစ်သတ်တစ်သတ် ခြား သော ကွင်းများ ပေါ်သို့ ကော်ရည် ကို ကျို၍ လောင်းသည့် ပမာ မိမိ ၏ ကျက်သရေ ကို မျှ ဝေ ကာ ပေးလေ၏ ။ ပြာမှိုင်းသော တောအုပ်တို့ မှာလည်း အပြာ မှာ ခပ်ဝါဝါ ရှိသော လရောင် နှင့် စပ် လိုက်သောအခါ လုံးလုံးကြီး မပြာ ။ ညိုပြာဖြူရောင် သော အဆင်းဖြင့် သစ်ရွက် တို့ သည် လေ ထဲ၌ ဝင်းခနဲ လက်ခနဲ လှုပ် ရှားကာ နေကြလေ၏ ။ ကွင်းပြင်များ မှာ မူ ပဝါ ဖြူ ကို ဖြန့်ကာ ခင်းသည့် ပမာ ။ ဖြူဝင်း ၍ နေလေ၏ ။
ထို အခိုက်တွင် ကိုရင်ကြီး သည် ကျောင်း နှင့် မနီးမဝေး တစ်ခုသော တောစပ် ၌ လျှောက်ကာ ပုတီး စိပ် ၍ နေလေ၏ ။ တစ်တောလုံး ပျံ့နှံ့သော ကံ့ကော်ပန်းရနံ့ တို့ သည်ကား မျက်နှာ ကို ဖျန်းပက်ကာ အသက်ရှူသော လေကို အထူး သန့်ရှင်းစေ သည် ဟု မှတ်ထင် ရလေ၏ ။ ယင်းကဲ့သို့ လျှောက်၍ နေခိုက်တွင် အနောက်ဘက် ၌ များစွာ မထူထပ်သော သရက်တောအုပ်ကလေး တစ်ခု ကို ဖြတ်လှမ်း၍ ရှုမျှော် လိုက်လေရာ မိမိ ၏ ခြေများသည် မြေ တွင် ခိုင်မာစွာ စွဲကပ်လျက် ရှေ့သို့ မလှမ်းနိုင် သကဲ့သို့ ဖြစ်ပြီးလျှင် ရပ်တန့်ကာ အံ့ဩတွေဝေ လူသေ ကဲ့သို့ ဖြစ်၍ နေလေ၏ ။ အကြောင်း မူကား ထို သရက်တောအုပ် ၏ တစ်ဖက်၌ ရှိသော ငယ်သော ကွင်းစပ်ကလေး တစ် ခုတွင် တောင်ပို့ တစ်ခု ကို တွေ့မြင်ရလေရာ ထို တောင်ပို့ ပေါ်၌ အလွန်တစ်ရာ အချိုးအစား ကျသော မိန်းမ တစ်ယောက် ၏ ပုံသဏ္ဌာန် ကို တွေ့မြင် ရလေ၏ ။
ထို မိန်းမ သည် သားနားစွာ ဝတ်စားလျက် ဆံပင် မှာ ဖားလျား ချထားသဖြင့် ရှည်သော ဆံပင် တို့သည် လေ ထဲ၌ တစ်ချက် တစ်ချက် ဝှေ့ယမ်းကာ နေလေရာ မြင်ရသော သဏ္ဌာန် သည် လွန်စွာမှ အံ့သြဖွယ် ဖြစ်သည်ပြင် မနုဿ လူ မိန်းမ နှင့် မတူ ။ နတ်သမီး လူ ယောင် ဆောင်၍ ပြ သကဲ့သို့ မှတ်ထင်ရ လေ၏ ။ ထို တော သည် ဥစ္စာစောင့်များ ရှိသည် ဟု ကျော်ကြား သော တော ဖြစ် သောကြောင့် ကိုရင်ကြီး သည် ဥစ္စာစောင့် ၊ နာနာ ဘာဝ ၊ ပြိတ္တာ မျိုး ပဲ ဟု မှတ်ယူကာ အသက် မရှူ ၊ မျက်တောင် မခတ်ဘဲ ကြည့်၍ နေလေ၏ ။
၄င်း မိန်းမ ၏ ဖြူစင်သော ခြေထောက် များ မှာ ဖိနပ် မရှိ လရောင် ၌ ရွှေအဆင်း ကဲ့သို့ သန့်ရှင်းသော ခြေများ မှာ တစ်ခု သော မြေဆိုင်မြေထစ် ကို စုံကန်ကာ လက်နှစ်ဖက် နှင့် ဒူးနှစ် ဖက် ပေါ် မှာ မေး ထောက်လျက် လမင်း နှင့် အလှချင်း ပြိုင်သည့် ပမာ ။ ဖြူဝင်းသော မျက်နှာ မှာ ကောင်းကင် သို့ မော့ ၍ နေလေ ၏ ။ ကိုရင် သည် နံဘေး မှ မြင် ရသောကြောင့် မိန်းမ ၏ ရုပ်ပုံကို ကောင်းစွာ မဖမ်းမိသော်လည်း လွန်စွာ လှသော မိန်းမ ဖြစ် ကြောင်း ကို ကောင်းစွာ သိလေ၏ ။ ထို မိန်းမ သည် လမ်း ၌ မြင်ခဲ့သော မိန်းမ ပေလား ။ ဤ ဖုတ်ပြိတ္တာ ၊ တစ္ဆေ တို့ သည် ငါ့ အား အဘယ် အတွက် ရူပါရုံ ကို ပြ လာပါသနည်း ။ ငါ သည် တစ်စုံတစ်ရာ လေးစားအပ်သော ယောက်ျား မဟုတ် ၊ ဖျက်လို ဖျက်ဆီး ပြု ရန်မှာလည်း ငါ ၌ အကျင့်သိက္ခာ များစွာ မပြည့်စုံ ၊ အဘယ်သို့သော ရူပါရုံ သည် ငါ အား လာရောက် ၍ နှောင့် ယှက်ပါဘိသနည်း ။ ဤ အရပ်သည် ရဟန်းတော် အရှင်မြတ် များ အရောက်အပေါက် နည်းပါးသောကြောင့် တစ်ရံတစ်ခါ ရောက် လာသည် ကို မခံမရပ်နိုင် သော ကြောင့် လာရောက် နှောင့် ယှက်လေသလား ။ သို့တည်းမဟုတ် ဤ နေရာ သည် နာနာ ဘာဝ ဒေသကြီး ဖြစ်လေသလား စသည်ဖြင့် ကိုရင် သည် မိမိ တတ်သမျှ မှတ်သမျှ တွေ ကိုသာ အထပ်ထပ် ရွတ်ကာ ကျွတ်ပါ စေ ။ လွတ်ပါစေ ဟူသော မေတ္တာ ကိုလည်း ပို့ရှာလေ၏ ။
ထိုအခိုက်တွင် ၄င်း ရူပါရုံ ၏ တစ်ဖက် ကို တစ်ဆင့် လှမ်း ကာ ကြည့် လိုက်သောအခါ မှောင်သော တောကြီး လိုလို ၊ ခြံကြီး လိုလို တွေ့မြင်ရလေရာ ထို မှောင်သော နေရာ၌ ပြာခနဲ ၊ ဝါခနဲ ။ နီခနဲ ၊ ရဲခန် ၊ ထချည်ကြွချည် ၊ ငုပ်ချည်ပေါ်ချည် ၊ မှေးချည်မွန် ချည် ၊ တောက်ချည် ၊ ပျံချည်နေသော မီးကွက် တစ်ခု ကို လဲ့လဲ့ ကလေး တွေ့မြင် ရလေသောအခါ ကိုရင် သည် သာလွန် အံ့သြလျက် ထို မီး ကို စိုက်ကာ ကြည့်၍ နေလေ၏ ။ ၄င်း မီး ကို ကြည့် ၍ နေရာ မှ တောင်ပို့ ကို ပြန်၍ ကြည့် လိုက်သောအခါ တောင်ပို့ ပေါ် ၌ ရှိသော မိန်းမ သည် ပျောက်ကွယ် ၍ သွားလေ၏ ။ ထိုအခါ ကိုရင် မှာ ကြက်သီးများ ဖျန်းခနဲ ထ သော်လည်း ကျောင်းပေါ် သို့ မတက်သေးဘဲ မီး ကိုသာ စိုက် ကာ ကြည့်၍ နေလေရာ အတန် ကြာသောအခါ မီး သည်လည်း ပျောက်မှန်း မသိ ပျောက် ၍ သွား လေ၏ ။ ကိုရင်ကြီး လည်း ထူးဆန်းသော မြင် ရပုံ ကို တွေးတော ဆင်ခြင်ကာ ကျောင်းဘက် သို့ လျှောက်၍ လာ ပြီးလျှင် ကျောင်း ပေါ် သို့ တက် သွားလေ၏ ။
လပြည့်နေ့ နံနက် ၌ ကိုရင်ကြီး သည် စောစော ထပြီးလျှင် မီး ကို မြင်ရသော နေရာဘက် သို့ လှမ်း၍ ကြည့်လေရာ ကြခတ်ရုံများ အထပ်ထပ် ပိတ်ဆို့သော တောအုပ်ကြီး ကို သာ တွေ့ ရလေ၏ ။ ထိုနေ့ ညနေ ၌ ရဟန်းတော် နှင့် အတူ ကိုရင် သည် ရွာဟောင်း သို့ ပြန်ကြလေ၏ ။
ကိုရင်ကြီး သည် မိမိ မြင် ရသော ရူပါရုံ ကို မမေ့နိုင်ဘဲ နေ့စဉ်နေ့တိုင်း တွေးကာ မြင်ရသော နေရာ ကို သာ စိတ် သည် ပြန်လည် ၍ နေလေ၏ ။ သို့သော်လည်း ကိုရင် သည် မိမိ ၏ ဆရာ မပါဘဲ အဘယ်ကို မှ မသွား ။ တစ်ကိုယ်တည်း လည်ပတ် သွားလာခြင်း မရှိသောကြောင့် ကဆုန်လပြည့်နေ့ ကျလျှင် ထို နေရာသို့ ပြန်၍ သွား ရဦးမည် ။ ပြန်၍ သွားရလျှင် ထို သဏ္ဌာန် ကို တွေ့ပါဦးမည်လား ဟူ၍ သာလျှင် တွေးတောရင်း ပုတီး စိပ် ရာ၌ပင် စိတ် မဖြောင့်ဘဲ ရူပါရုံ ကိုသာလျှင် တရေးရေး ထင် မြင်၍ နေရလေ၏ ။
ယင်းကဲ့သို့ နေလေရာ တစ်လ သည် တစ်နှစ်သာသာ ကြီး မျှ ကြန့်ကြာ သကဲ့သို့ ကြာ သော်လည်း နောက်ဆုံး ၌ ကဆုန် လပြည့်နေ့ သည် ချည်းရောက်၍ လာလေရာ အဖိတ်နေ့ညနေ ၌ ထို ရွာ ကို ရဟန်းတော် နှင့် အတူ ပြန်၍ လာသောအခါ၌ ကိုရင် တိလောက သည် လွန်စွာ ပျော်ရွှင်ပေါ့ပါး များစွာ စိတ်အား ထက် သန် လေ၏ ။
အခန်း ( ၂ )
ကဆုန်လ ရာသီ သည် တစ်ဆယ့်နှစ်ရာသီ ၌ အထူးပင် သာယာလျက် လွန်စွာ ဆန်းပြားသော လရာသီ ဖြစ်လေ၏ ။ ကဆုန်လ ကောင်းကင်သည် အပျိုပေါက်စ သူငယ်မ မျက်နှာ နှင့် တူလျက် လွယ်လင့်တကူ အို ၍ လွယ်လင့်တကူ ညို ပြီးလျှင် မိနစ် ၊ စက္ကန့် အနည်းငယ် အတွင်း အထူးပင် ချိုသာသောအသွင် ကို ဆောင် တတ်လေ၏ ။ ကဆုန်လ ညနေချမ်း အချိန် ၌ ကောင်ကင် သည် လူပျို ၏ ရှေ့၌ ရှက်ကိုးရှက်ကန်း ဖြစ်ကာ ပန်းရောင် အဆင်း ကို ဆောင်တတ်သော ကညာ ၏ မျက်နှာကို နေလုံး ၏ အရှိန်ကြောင့် နီလွင်တောက်ပ အချစ်သွေး ကြွသော လက္ခဏာ အသွင်အပြင် ရှိလေ၏ ။
ကိုရင် သည် ကျောင်း အနီး၌ ရွှေအဆင်း နှင့် တူသော တိမ်ရောင်တိမ်ဆင်းတို့ တောက်ပ၍ နေခိုက် တွင် တစ်ကိုယ်တည်း လျှောက် ကာ ရူပါရုံ ပေါ်လာနိုးနိုး နှင့် မျှော်ကိုးကာ ကြည့်ရှု စောင့် စား၍ နေလေရာ ဝါလွင်သော နေရောင် သည် နီမြန်းသောသွေး ၏ အဆင်း သို့ ပြောင်းလဲကာ အနောက်ဘက် ကောင်းကင်၌ ရဲရဲပြောင်၍ နေ သောကြောင့် စကြဝဠာ ၏ အနောက်တံတိုင်း သည် မိုးကြိုး သတ္တု ဖြင့် ပြီးသော တံတိုင်းကြီး ဖြစ်သည်ဟု မှတ်ထင်ဖွယ်ရာ ရှိလေ၏ ။ လျင်မြန်သွက်လက် တဖြန်းဖြန်း ပက်သော လေပြည် သည်ကား မိုးနတ်ဒေဝါ အပေါင်းတို့ သည် လောကဓာတ်မြေ မျက်နှာပြင်ကို နူးညံ့သိမ်မွေ့သော လေတံမြက်စည်း ဖြင့် လှဲသုတ် သင် သကဲ့သို့ မှတ်ထင်ရလေ၏ ။ မကြာမီ နီသောဆေးရောင် တွင် မင်ရည် ကို သွန်းလောင်းကာ ရော နှောက် လိုက်သည့်ပမာ ညိုမှောင် မှိုင်းမှုန်သော အဆင်း သည် ပေါ်ပေါက်၍ လာလေ၏ ။ ထို ညနေ ချမ်း သည် အချစ် ၌ ခရီး လွန်ကာ ဒုက္ခပူပန် ငြိုငြင်ခြင်း ကို ခံရသော ကညာ ၏ မျက်နှာ ကဲ့သို့ ညိုမှိုင်း၍ လာလေသတည်း ။
ထိုအခိုက်တွင် အရှေ့ဘက်ကောင်းကင် မှ ကမ္ဘာ ဓာတ်မီးလုံးကြီး နှင့်တူသော လပြည့်ဝန်း သည် ရွှမ်းစိုတောက်ပ ကမ္ဘာ့ တန်ဆာ ကြာ မျက်နှာ နှင့် မူရာများပြား အချစ် နှင့် မြူကာ ကစားသလို လောကဓာတ် တစ်ခုလုံး အား မမုန်းသော မျက်နှာထား ဖြင့် တိမ်ကြာခြည်တိုက်ခန်း မှ တိမ် ခန်းဆီး ကန့်လန့်ကာ ကို လှစ်ဖွင့်ကာ ကြည့် ရှာလေ၏ ။
ထိုအခါ ကောင်းကင် ၌ ဝှေ့ယမ်းကာ ကစားသော လေ ယန္တရား တို့ ကြောင့် တိမ်ပြတင်းတံခါးများ သည် ပွင့်ချည် ပိတ် ချည် ဖြစ်ကာ ညဉ့် ၏ အထိမ်းအမှတ် အချစ် ၏ ဓာတ်လုံး ဖြစ်သော ရွှေလမင်း သူ့ ခမျာ မှာ တစ်ခါတစ်ခါ စိတ်ညစ်သော အမူအရာ နှင့် ဖြူ ရာမှ ညိုပြီး ခပ်အိုအို နေရှာလေ၏ ။
ပန်းမျိုးစုံသော တန်ခူးလ ၏ အကြွင်းအကျန် ဖြစ်သော ပန်းအပေါင်းတို့ ၏ ရနံ့များ သည် ကမ္ဘာဦး အစဉ်အလာ ရာသီ ပန်း ဖြစ်သော စကားနံ့တို့ နှင့် ရောပြွမ်းလျက် ပူအိုက်သော နွေ ဥတု ၌ မှိန်းစက်ခါ နေသော လောက ကို ပန်းပေါင်းစုံ ရနံ့နှာ ဖြင့် နှပ် ကာ ထစေ ၊ ကြွစေ သကဲ့သို့ မှတ်ထင်လေ၏ ။ ညနေစောင်း အချိန်လောက် က အလိုအလျောက် ညောင်ရေလောင်းပွဲ ကို ကျင်းပသော ပစ္စုနတ် တို့ ၏ လက်ဖြင့် ပူအိုက်သော မြေပထဝီ မှာ အေးကြည်သာယာ ၍ လာခဲ့ရာ မခြောက်သေး သော မိုးရေ ၊ မိုးပေါက် တို့ သည် သစ်ရွက်များ ပေါ် ၌ လရောင် ကျရောက်သော အခါ သစ်ပင်ကြီး ၊ သစ်ပင်ငယ် တို့ ၏အပေါ်၌ နတ်ဆီ မီး ထွန်းညှိ သည့်ပမာ လေ လာတိုင်း ဝင်းလျှံတောက်ပ၍ နေလေ၏ ။
ထို အခိုက်တွင် ကိုရင် သည် ရူပါရုံ ကို မြင်ရသော တောင် ကမူ ကို သာ စိတ်အားထက်သန်စွာ ကြည့် ၍ နေလေရာ အနောက်တောင် ထောင့်မှ တက်၍ လာသော တိမ်တောင်တိမ်ခဲကြီး သည် လမင်း ကို မြှုပ်နှံသဂြိုဟ် လိုက် လေ၏ ။ မြေမျက်နှာပြင် ၌ မှောင်ကျ သွားလေရာ ကိုရင် သည် တစ်စုံတစ်ရာ ကို မျှ မမြင်ရဘဲ ဤ မှောင်တွေ ကို ဆုပ်ကိုင် ဆွဲဖြဲပစ်ချင် သကဲ့သို့ မခံချိ မခံသာ ဖြစ်၍ နေလေ၏ ။ မကြာမီ သုသာန် မှ ထကာ အသက် ပြန်၍ ရှင်သော လမင်း ၏ မျက်နှာ သည် ဘွားခနဲ ပေါ်၍ လာ ပြန်သော အခါ ရင် ဝ ၌ လှိုက်ဖို ၍ သွားသောကြောင့် ရင် ကို လက် တစ်ဖက် နှိပ် ကာ “ ဪ ... ငါ့ အား တမင် လာ၍ ပြ တာပါပဲ ” ဟု အောက် မေ့ကာ သက်မကြီး ချမိလေ၏ ။ ထို အတွင်း တွင် မိန်းမ သည် ပျောက်ကွယ် ၍ သွားလေသတည်း ။ ကိုရင် လည်း ကျောင်းပေါ် သို့ တက်ကာ သင်္ကန်း ကို ခြုံလျက် အခန့်သား အိပ်ရင်း အမျိုးမျိုး တွေးတောကာ နေလေ၏ ။
နက်ဖြန် ညနေ၌ ထိုကျောင်း ကို စွန့်ခွာ ၍ သွားရသော အခါ ကိုရင် ၏ စိတ်သည် ကျောင်း၌ ကျန်ရစ် သကဲ့သို့ ဖြစ်လေ၏ ။ အကြောင်းမူကား နောက် တစ်လ ကြာမှ ဤ နေရာသို့ ငါ ပြန်၍ လာရချေတော့မည် ဟု တွေးမိသော အခါ ကြန့်ကြာသော အချိန် သည် လေးလံသော တောင်ကြီး ပမာ မိမိ ကို ဖိ လာ သကဲ့သို့ မှတ်ထင် ရလေ၏ ။
တစ်ဖန် နယုန်လပြည့်နေ့ ည ရောက်၍ လာသောအခါ ကိုရင် ၏ ပျော်ရွှင်ခြင်း သည် ပြော မပြနိုင်အောင် ကြီးမား လေ၏ ။ နယုန်လ သည် ကဆုန်လ ထက်ပင် အမူအရာ ပြောင်းလဲခြင်း၌ လျင်မြန်လျက် ။ မိုးတွေ လေတွေ ခိုးမှင်တွေ တဝေဝေ နှင့် နေသောကြောင့် လမင်း မှာ ခေတ္တမျှ ပြုံးချို ၊ မကြာမီ မှိုင်းညို ၍ ငိုမလို မျက်နှာ ရှိလေ၏ ။ မြေမျက်နှာပြင် မှာလည်း စွတ်စိုထိုင်းမှိုင်း လျက် ည အခါ သည် အိုက်စပ်ပူလောင်သော အခါ ဖြစ်လေ၏ ။
ကိုရင်သည် အခါတိုင်း နည်းတူ စောင့်၍ ကြည့်လေရာ အခါတိုင်း နည်းတူ ပေါ် လာလေ၏ ။ သို့သော်လည်း ကောင်း ကင် ၌ တိမ်ပုပ်တွေ များသောကြောင့် ကောင်းစွာ မမြင်ရသဖြင့် အပါးသို့ ရောက်အောင် စွန့်ကာ သွားလေရာ တောင်ပို့ အနီးသို့ ရောက်သော အခါ မိန်းမ သည် ဆင်း သွားလေ၏ ။ ကိုရင် သည် ဆက်၍ လိုက်သောအခါ မိမိ၏ အပေါ် သို့ ကျစ်စာခဲများ သည်
တသဲသဲ ကျ ၍ လာသည်ကို သိ ရလေ၏ ။ မိန်းမ သည်လည်း တော ထဲ တွင် ပျောက်ကွယ် သွားသဖြင့် အဝေး မှပေါ်ထွက်လာသော မီးလျှံ ကို ကြည့်ကာ ကိုရင် သည် ကြက်သီးများ ထလျက် နောက်သို့ ဆုတ်ခွာ လာခဲ့ရလေ၏ ။
ထို့နောက် ဝါတွင်း လေးလ ပတ်လုံး ဤ ကျောင်း သို့ မလာရဘဲ နေကြလေရာ ကိုရင် ၏ စိတ်၌ ဝါတွင်းလေးလ သည် အနှစ်တစ်ရာ ဆယ်ကမ္ဘာမျှ မက ကြန့်ကြာသည် ဟု မှတ်ထင် ရလေ၏ ။ တစ်ရံတစ်ခါ ဤ နာနာဘာဝ ၊ ဖုတ် ပြိတ္တာ ၊ တစ္ဆေ သည် ငါ့ အား လာရောက် လှည့်စား၏ ။ ငါ သည် ဘယ် အတွက် စွဲလမ်း၍ နေပါသနည်း ။ ဇာတ် မတူသော သတ္တဝါနှစ်မျိုး တို့မှာ အဘယ်သို့ လျှင် ဆက်ဆံ နိုင်ပါမည်နည်း ။ သို့သော်လည်း “ မမြိုင် ... မမြိုင် ၊ အမယ် မင်း ကျုပ် မယား မမြိုင် ရဲ့ ၊ လိပ်ပြာ များ ဖြစ်လေသလား ” ဟု အောက်မေ့ ကာ ယူကြုံး မရ ဖြစ်ရှာ လေ၏ ။
အခန်း ( ၃ )
ထို အခါ သည် တန်ဆောင်မုန်းလပြည့် ည အခါ ဖြစ်လေ ၏ ။ လမင်း သည် မြူတိမ်ကင်းစင် ၊ ကြည်လင်အေးမြသော ကောင်းကင် ၌ မြအဆင်း နှင့် တူသော အမိုးမျက်နှာကြက် တွင် ဥဿ ဖရား စိန်ပြားကြီး ကပ် ၍ ထားသည့်ပမာ ။ လမင်း ၏ မျက်နှာ သည် မိုးဥတု ၏ ပြင်းထန်လှုပ်ရှားခြင်း ဘေးမှ လွတ်ကင်းချမ်း သာ၍ လာသော အမူအရာ ရှိလေ၏ ။ အေးမြသော မြောက် လေ သည် တသွင်သွင် စီးဆင်းသော ရေအလျဉ် ပမာဏမူ ဥယျာဉ် မှ ဆောင်ယူ၍ လာသော မဉူပန်းဂနိုင် တို့၏ နံ့သာအမျိုးမျိုး တို့ကို မြေမျက်နှာပြင်သို့ ဖျန်းပက်ကာ ပို့လေ၏ ။
ရိတ်ဖြတ်ပြီး စ ဖြစ်၍ ရွှေအဆင်း နှင့် တူသော ပင်တိုစပါး ၊ လယ်ကွင်းများ ပေါ်၌ ကျဆင်းသော လရောင် သည် ပထဝီ မြေကြီးကို ဝါလွင်သော ပိုးဖဲကတ္တီပါ ဖြင့် လွှမ်းအုပ် သကဲ့သို့ တဖိတ်ဖိတ် အရောင် လျှပ်လေ၏ ။ စိုပြည်သော သစ်ကိုင်း ၊ သစ်ရွက် ၊ သစ်ခက် ၊ ချုံပေါင်း ၊ ကောင်းစုံမြက်ခင်း တို့မှာ မြူနှင်း ကို သောက်ရှာကြလျက် ပုလဲပေါက် ပုလဲလုံး ပမာ တွဲကာ တွဲကာ နေသော နှင်းရေပေါက်များ မှာ လရောင်၌ စိန်ကျောက် နီလာ ၊ စီမြွှာသ ၊ ဂီဝါမော ကိုးမျက်ရှင် လို တောက်လွင် ယှက်သန်း ရှုမခန်း လှပလေ၏ ။ ကိုရင် သည် တောင်ကုန်း နှင့် နီးသော တော အုပ် တစ်ခု ၌ထိုင်ကာ ပေါ်လာမည့် မိန်းမ ကို ကြည့်ရှုစောင့်စား ကာ နေလေရာ လှပသော ဦးခေါင်း ထက် ၌ ဆံပင် ကို သပ်ရပ် စွာ သုံးသပ်လျက် တောက်ပသော တဆိုက်ပန်းနွယ် ကို ဦးခေါင်း ၌ ဝေဝေဆာဆာ ပတ်ရစ်ကာ မိန်းမ တစ်ယောက် သည် တောင်ပို့ တစ်ဖက် မှ ဘွားခနဲ ပေါ်ကာ တောင်ပို့ ပေါ်သို့ တက်ရန် ထဘီစ ကို မြှောက် ကာ ဆွဲ လေ၏ ။
ကိုရင် သည် ထို သဏ္ဌာန် ကို မြင်ရသောအခါ ရင် ထဲ တွင် အင်ဂျင်စက် နှိုး၍ နေသကဲ့သို့ တဒိန်းဒိန်း ဖြစ်၍ နေလေ၏ ။ အကြောင်းမူကား ထို သဏ္ဌာန် သည် အခြား သဏ္ဌာန်မဟုတ် ၊ မမြိုင် ၏ သဏ္ဌာန် ဖြစ်လေရာ မမြိုင် မသေမီ က ထက် အဆ ပေါင်း မရေမတွက် နိုင်အောင် ပိုမို၍ လူ နှင့် မတူ နတ်ရေတူ အသွင် ဖြင့် အလှ ကို ဆင်လာလေ၏ ။ သို့ပင် အထူးအချွန် လှပသော်လည်း မမြိုင် ၏ ပြည့်ဖောင်းသော နှုတ်ခမ်း ၌ ဝမ်းနည်း ခြင်း ၏ အထိမ်းအမှတ် ကို ထင်ရှားစွာ တွေ့မြင်ရလေ၏ ။ မမြိုင် ၏ လိပ်ပြာ သည် ငါ့ အား တမင် စိတ်မသာစရာ လာ၍ ပြ တာပဲ ဟု အောက်မေ့ကာ ကိုရင်ရွှေတိုင် သည် ပြေး၍ ပွေ့ချင်သော် လည်း နာနာဘာဝ မို့ ပျောက်ကွယ်သွားမည် စိုးသောကြောင့် မပွေ့ ဘဲ ကြည့်၍ လာနေလေရာ ထဘီ ကို ဆွဲကိုင်ကာ တောင်ပို့ ပေါ်သို့ ခြေ တစ်ဖက် ကို လှမ်း ၍ တင် ထားခိုက်တွင် ဝင်းထိန်စွာ ပေါ်လျက် ရှိသော ခြေသလုံးသား ရှိရာသို့ ကိုရင် ၏ မျက်လုံးများ သည် ဒေသစာရီ လှည့်လည်ကာ ရောက် သွားလေ၏ ။
မမြိုင် ၏ ရူပါရုံ သည် ကား တောင်ပို့ ပေါ် သို့ မတက်သေးဘဲ မိမိ ကို ချောင်း၍ ကြည့်သူ ရှိကြောင်း ကာမစိတ္တိ တန်ခိုးသတ္တိ တစ်မျိုး ဖြင့် သိရှိသည့် ပမာ မတက်သေးဘဲ ရပ်ကာ နေလေ ၏ ။ ထို့နောက် တောင်ပေါ် သို့ မတက် ၊ အောက် သို့ ဆင်းကာ တောင်ပို့ တစ်ဖက် သို့ ပျောက်သွားလေရာ ကိုရင် က “ မမြိုင် ... မမြိုင် ” ဟု ခေါ်ကာ လိုက်လေလျှင် ရူပါရုံ သည် နောက်ကို လှည့်၍ မကြည့်ဘဲ တောထဲ တွင် ကွေ့ကာ ပျောက်ကွယ် ၍ သွားလေ၏ ။ ကိုရင် လည်း တော ၌ ရပ်ကာ “ ငါ ဤ နေရာ၌ သေရင် မမြိုင် နဲ့ ပြန်ပြီး တွေ့ ရမှာပဲ ” ဟု တွေး ထင်လျက် အကြောင်စိတ် လုံးလုံးကင်းကာ “ အစိမ်းတစ္ဆေများ မိမိ ၏ လည်ကို ဖျစ်ညှစ်ကာ ဤ နေရာတွင် သတ် ပါစေ ” ဟု တောင့်တကာ ရှိလေ၏ ။
ထို့နောက် ခွာညိုသဇင် ၊ ပေါက်ဆူးပန်း တို့ ကို ပန်ဆင် ကာ ကြည်လင်အေးမြသော နတ်တော် ၊ ပြာသို ၊ တပို့တွဲလများ သည် တစ်လ ပြီး တစ်လ ကုန်လွန်လေရာ လရောင် ကို ဆင်မြန်း ကာ အမြဲ စ လာသော ရူပါရုံ ကို ကိုရင် သည် မိ အောင် အတန် တန် ကြံစည်လေ၏ ။ သို့ပင် ကြံစည်ငြားသော်လည်း မမိ ဘဲ နောက်ဆုံး ၌ တပေါင်းလပြည့်နေ့ ညတွင် ရူပါရုံ သည် အင်ကြင်း ပန်းများ ကို ခေါင်း ၌ ဆင်ကာ တောင်ပို့ အနီး တွင် တရစ်ဝဲဝဲ နေသည် ကို ကိုရင် သည် တွေ့မြင် ရလေ၏ ။
နေ့ အချိန် ကဲ့သို့ တောက်ပဝင်းထိန်သော ကောင်းကင် အောက် ၌ သွေ့ခြောက်ပူအိုက်သော မြေမျက်နှာ သည် နေ့ ၌ အိပ်၍ ည မှာ နိုးသည့် ပမာ လေပြည် တွင် လှုပ်ရှားသော သစ်ပင် တို့ သည် အသက်ရှင်ခြင်း ၏ အမှတ် ကို ပြ ကြလေ၏ ။ တစ်နေ့လုံး ပူအိုက် လျက် နွမ်းရိခွေသော လောကဓာတ် သည် ဖြူဖျော့သော လရောင် ဖြင့် ဆေးကြောသုတ်သင်ခြင်း ကို ခံရသည့်ပမာ လတ်ဆတ်နိုးကြွ လာ လေ၏ ။ နောက် တစ်လ နှစ်လ ကြာလျှင် တိမ်မည်းကြီးတွေ ဖြစ်လတ္တံ့သော တိမ်ဖြူတိမ်လွှာ ၊ ဝါဂွမ်းဆိုင်ကြီးများ သည် ပင်လယ် ၌ လွင့်ပါးသော ရွက်သင်္ဘောကြီးများ ကဲ့သို့ မိုး တည်း ဟူသော အဏ္ဏဝါ ၌ ရွက်တိုက်ကာ နေကြ လေ၏ ။ အင်ကြင်းပန်း တို့ကို ဆင်မြန်းသော မမြိုင် ၏ သဏ္ဌာန် သည်ကား ကောင်းကင် ၌ ရှိသော လမင်း ၏ ကိုယ်ခွဲ သည် မြေပေါ်သို့ ဆင်းသက်ကာ ည ကို အစိုးရ ၍ နေ သကဲ့သို့ လည်းကောင်း ၊ လမင်း သည် ကောင်းကင် ၌ ယုန်တံဆိပ် ကို ခပ်နှိပ် သည့်ပမာ ပထဝီမြေကြီး ကို ကမ္ဘာ့ ဗီဇ ဖြစ်သော တံဆိပ် ဖြင့် ခပ်နှိပ် သကဲ့သို့ လည်းကောင်း မှတ်ထင်ရလေ၏ ။ မောင်ရွှေတိုင် သည် မမြိုင် ကို လူ့ ဘဝ ၌ ဘယ်အခါမျှ ဤမျှ လောက် လှသည်ဟူ၍ မထင် ။ ဤမျှလောက် တပ်မက်ခြင်း သည်လည်း ဘယ်အခါမျှ မဖြစ်ခဲ့ချေ ။
ယခုသည် ကာလတို့ ၏ ကာယဝိညာဉ် ဖြင့် တွေ့ထိခြင်းငှာ မစွမ်းနိုင်သော သိမ်မွေ့မြင့်မြတ်သော ဓာတ်တစ်မျိုး ၏ အရှိန်အဝါ ကျက်သရေ ကြောင့် ဤမျှလောက် မက်မော ဖွယ်ရာ ဖြစ်လေသလား ဟု အောက်မေ့ကာ ဆာဟာရ ကန္တာရ ၌ လှည့်စားကာ ပေါ်ပေါက် သော ရေစမ်းရေတံခွန် ကို ထင်မြင်မက်မော ကာ ခရီး ပန်း၍ ရေချိုရေချမ်း ကို မှီဝဲ လိုသူ တို့ ၏ ဒုက္ခ ထက် အဆပေါင်း မရေမတွက် နိုင်အောင် ပိုမိုကြီးမား သော ဒုက္ခ ကို ခံစားရရှာလေ ၏ ။
ငါ မှားလေခြင်း ၊ ငါ မိုက်လေခြင်း ၊ ငါ ဆိုးသွမ်းလို့ ငါ့ မယား သေရသည် ။ ငါ့ အား စွဲလမ်းသော စိတ်သည် မမြိုင် မှာ ယခု ထက်တိုင် မပျော်နိုင်သဖြင့် မကျွတ်မလွတ်နိုင်ရှာဘဲ ငါ့ အား လာရောက်၍ ပြနေသလား ။ ဤ တောထဲ ၌ မမြိုင် ၏ ဝိညာဉ် သည် လေလွင့်ကာ အဘယ်သို့သော အခြေအနေ နှင့် နေရရှာပါလိမ့် မလဲ ။ အကယ်၍ ကိုင်စမ်း တွေ့ထိ ၊ ဖမ်း၍ များ မိ နိုင်လျှင် မမြိုင် ၏ ခြေ ကို ဖက်ကာ မလွတ်အောင် တွယ်တာ ၍ သာ နေချင်တော့တာပဲ စသည်ဖြင့် တွေးတောကာ ပျောက်ကွယ်၍ သွားမည် ကို စိုးသောကြောင့် အပါး သို့ လည်း မကပ်ဝံ့ ၊ အသံ မျှ လည်း အနည်းငယ် မျှ မပြုဝံ့ဘဲ ချောင်း ၍ သာ ကြည့်ရှုရင်း မောဟိုက် ကာ နေလေသတည်း ။
မမြိုင် ရူပါရုံ သည်ကား တစ်စုံတစ်ခု ကို သိရှိသည့် အသွင် ဖြင့် ငေး ကာ ၊ တွေးတောသည့် လက္ခဏာ ။ အတိတ်ဘဝ အခြေ အနေတွေ ကို ပြန်၍ ဆင်ခြင်ကာနေသည့် ပမာ ။ ကြည်လင်သော မျက်လုံးများ ၌ ရှိသော ၊ မှေးမှိန်သောအရောင် သည် အတိတ် ဘဝ ၌ မှေးမှိန်မှိုင်းပြာသော သဏ္ဌာန် တို့ ကို ပြန်လှန်ကာ ဓာတ်ရိုက် ၍ နေသကဲ့ သို့ မှတ်ထင် ရလေ၏ ။ ဝမ်းနည်းသော နှုတ်ခမ်းများ သည်ကား ဆွေးမြေ့ပူပန်သော စိတ်နှလုံး ၏ အရှိန်ကို ထင်ရှားစွာ ပြ သဖြင့် နာနာဘာဝ သတ္တဝါ တို့ မှာ မိမိတို့ ဘာသာဘာဝ ခံစား သော ဒုက္ခဆင်းရဲခြင်း နှင့် မကင်းကြောင်း ကို သိ ရလေသတည်း ။
အတန်ကလေး ကြာသောအခါ တောင်ပို့တစ်ဖက် သို့ လှည့်၍ သွားလေရာ ကိုရင် သည် ပုန်းကွယ်ရာ နေရာမှ ထွက်မှန်း မသိ သတိ မရဘဲ ထွက်၍ လိုက် မိလေ၏ ။ ထိုအခိုက် တွင် ရူပါရုံ သည် နောက် ကို လှည့်ကာ ကြည့် လိုက်လေရာ ( ၁၀ ) ပေ ခန့် ကွာခြားလျက် မျက်နှာချင်းဆိုင် နေ၍ နေကြလေ၏ ။ ထိုအခါ ကိုရင် မှာ အချစ်ဇော တွင် အကြောက် ဝင်ပြီးလျှင် တန့်ရပ်ကာ ငေး၍ နေပြီးမှ ဘယ်လိုပဲ ဖြစ်ဖြစ် အတင်း ဝင်၍ ပွေ့လိုက်မည်ဟု စွန့်ကာ ကြံ ပြီးလျှင် ပြေးဝင် ပွေ့ဖက်လေရာ တစ္ဆေတို့ ဘာဝ ၊ ဂွမ်း ပုံကြီး နှင့်တူသော ကိုယ် ကို ဖက်ရခြင်း မဟုတ် အခိုးအလျှံ သဏ္ဌာန် အရိပ်အရောင်ကို ကိုင်တွယ်စမ်းသပ်ခြင်းနှင့် မတူ ။ အသားဆိုင် ၊ အကြောဆိုင် တို့ ကို ပိုင်ပိုင်နိုင်နိုင် ပွေ့ မိသောအခါ အတိုင်း မသိသော ဝမ်းမြောက်ခြင်း ၏ အဟုန်ကြောင့် တစ်ကိုယ် လုံး တုန်လှုပ်ပြီးလျှင် အရှင်လတ်လတ် လဲ ကျကာ မြောမေ့၍ သွားတော့မလို ဖြစ်သောကြောင့် “ မမြိုင် ၊ မမြိုင် ၊ အံမယ်လေး ၊ ကျုပ် မယား မမြိုင်ပါ ကလား ” ဟု ညည်းညူပြီးလျှင် အသံ စကား ချုပ်ငြိမ်း၍ သွားလေ၏ ။
ထိုအတွင်း တွင် မိမိ ၏ ခါး ကို ပြန်၍ ပွေ့သော ပျော့ပြောင်းသော လက်မောင်းများ ၏ ပွေ့ပိုက် ခြင်း ကို ခံစား သိရကြောင့် သတိရသကဲ့ သို့ ဖြစ်ပြီးလျှင် မော်ကာ ကြည့် လေရာ မိမိ ၏ မျက်နှာ ကို မျက်ရည်များ နှင့် ကြည့်၍ နေသော မမြိုင် ၏ မျက်နှာ ကို သေချာစွာ မြင်ရလေ၏ ။ ထိုအခါ ကိုရင် သည် တစ္ဆေ လည်း မဟုတ် ၊ နာနာဘာဝ မဟုတ် ခိုင်မာသော ကိုယ်ခန္ဓာပေ တကား ။ အဘယ်သို့သော အခြင်းအရာပေ နည်း ။ ငါ ၏ ရင်ခွင် မှ လွတ်ထွက်ကာ ပျောက်ကွယ်၍ များ သွား မည်လား ။ ဤ လှပသော အဆင်း သည် ရုတ်တရက် ပြောင်း လဲကာ ကြောက်မက်ဖွယ်သော သဏ္ဌာန် ကို မြင်ရလေမည်လား ဟု စိတ် ထဲ တွင် တွေးတောခြင်း အမျိုးမျိုးတို့ ၏ လေမုန်တိုင်းကြီး သည် ဝှေ့တိုက် ၍ လာလေလျှင် “ မမြိုင် ၊ မမြိုင် ၊ ဘယ် အတွက် စကားမပြောသလဲ ၊ မင်း ကျုပ် မယား မမြိုင် မဟုတ်လား ၊ မမြိုင် မင်း ဘာ ဖြစ်နေသလဲ ၊ ကျုပ် ကို စကား ပြန်ပြောပါ ။ ပျောက်ကွယ်ပြီး မသွားပါနဲ့ ၊ မမြိုင် မင်း နေရတဲ့ ဘဝကို လိုက် ပါ ရစေ ” ဟု မိမိ ပြောသော စကားကို မျှ ကောင်းစွာ မသိဘဲ ပြောရှာ လေ၏ ။
မမြိုင် သည် သင်္ကန်း ကို ကြည့်ကာ စကား မပြောဘဲ ရုန်း ထွက်ပြီးလျှင် နောက်ဆုတ် နောက်ဆုတ် ရွှေ့၍ သွားလေ၏ ။ ကိုရင် သည်လည်း လက်နှစ်ဖက် ကို ဆန့်ကာ လိုက် လေ၏ ။ ထိုအခါ မမြိုင် သည် ခက်ထန်သော မျက်နှာထား နှင့် ကြည့်ကာ သင်္ကန်း ကို လက်ညှိုး ထိုး ၍ ပြလေရာ ကိုရင် သည် မမြိုင် ၏ ခက်ထန်သော မျက်လုံးများ ကို ကြည့်ကာ တစိမ့်စိမ့် ပျောက်လျက် ရပ်ကာ ခါ နေလေ၏ ။ ထိုအခါ မမြိုင်သည် ကိုရင်အား ခေါင်းညိတ် ကာ ခေါ်ပြီး တော ထဲသို့ သွားလေရာ ကိုရင် သည် ငါ့ အား နာနာဘာဝ လှည့်စားကာ ရန်ပြုဖို့ ကြံ လေသလား ဟု တွေးပြီး မလိုက်ဝံ့ဘဲ ရပ်၍ သာ နေလေရာ မမြိုင် က တစ်ဖန် ခေါင်းညိတ်ကာ ခေါ်ပြန် သဖြင့် ဘယ်လိုပဲ ဖြစ်ဖြစ်ဟု စွန့်စား ကာ လိုက် သွားလေ၏ ။ မမြိုင် သည် နောက်သို့ ပြန်၍ မကြည့်ဘဲ တော ထဲ သို့ သွား လေရာ ကိုရင် သည် နောက်ပါး က ကပ်ကာ လိုက် သွားလေ၏ ။
ထိုကဲ့သို့ သွားခိုက်တွင် မြင်နေကျ ဖြစ်သော မီးရောင် ကို အဝေး ၌ မြင် ရလေရာ ငါ့ အား အသူရကယ်တိုင်းပြည် သို့ ခေါ် ဆောင်လေသလား ။ မမြိုင် သည် အသူရကယ်များ ဖြစ်၍ နေလေ သလား စသည်ဖြင့် တွေးတောရင်း တောလမ်းအကွေ့ အကောက် များ ၌ စွန့်စားကာ တထိတ်ထိတ် နှင့် လိုက် သွားလေ၏ ။ တစ်ခါ တစ်ခါ မှောင်သော တောရိပ်ကြီးများ အောက် သို့ ရောက်၍ တစ်ခါတစ်ခါ လရောင်ဖြင့် ခပ်မှိန်မှိန်မျှ ရှိသော နေရာများ ကို ဖြတ်ကူး ၍ သွားရလေ၏ ။ ကိုရင် သည် ဘဝ ကူးသော သူ၏ လိပ်ပြာ ကဲ့သို့ သတိစိတ်ဉာဏ် ထဲ တွင် ဝေမှိုင်း ၍ နေလေ၏ ။ ငါ သည် လူ့ ဘဝ မှ စုတေ ၍ တစ္ဆေ ၏ ဘဝ သို့ ရောက် လာလေသလား ။ မမြိုင် သည် ငါ့ ကို လာ ၍ ခေါ် လေသလား စသည်ဖြင့် တွေးတော မိလေ၏ ။ မမြိုင် သည် ကား စကား တစ်လုံးမျှ မပြောဘဲ ပေါ့ပါးသော နတ်ဒေဝီ သည် လေ ထဲ သို့ မြောက်ကာ ပါသည့် ပမာ မိမိ ၏ ရှေ့၌ လွင့်ပါး၍ သွား သကဲ့သို့ မှတ်ထင် ရလေ၏ ။ အတန်ကြာသောအခါ မီးတောက် သည် ရုတ်တရက် အပါး သို့ ရောက်လာ သကဲ့သို့ ဖြစ်လေရာ တောကြီး သည် ခြံကြီး ဖြစ်၍ သွားပြီးလျှင် တောသစ်ပင် အရိုင်းတို့ ပျောက်လျက် အမျိုးမျိုးသော ပန်းပင် တို့ ကို မြင် ရလေ၏ ။ တော ထဲ မှ ခြံ ထဲ သို့ ရောက်လေသလား ။ နတ်တို့ ၏ တန်ခိုးဖြင့် ဤ တော သည် နတ်ပန်းဥယျာဉ်ကြီး အဖြစ်သို့ ရောက်လေသလားဟု ကိုရင်သည် တွေးတောမိလေ၏ ။ မိမိတို့ ၏ ရှေ့၌ လရောင် တို့ ၏ ပြာမှိုင်းစိုပြည်သော သစ်ပင် ၊ ပန်းပင် အကြီးအငယ် တို့ ၏ အကြား၌ တဲကလေး လိုလို ၊ အိမ် ကလေး လိုလို ၊ ဇရပ် လိုလို အဆောက်အအုံ နှင့် စက်မောင်း တပ် ဆင် ၍ ထားသော ရေတွင်း တစ်တွင်း ကို တွေ့ရလေ၏ ။ ထိုနေရာ နှင့် မနီးမဝေး ၌ မီးတောက် ကို တွေ့မြင်လေရာ ထို မီးရှိန် သို့ မမြိုင် သည် တည့်တည့် သွားလေ၏ ။ အပါး သို့ ရောက်သောအခါ ကိုရင် သည် အံ့ဩတွေဝေ လျက် မိန်းမောကာ မတ်တတ်ကြီး မော့လျော့ ၍ နေလေ၏ ။ အကြောင်းမူကား ဆရာဖြူ သည် ညှပ် ကို လက် မှာ ကိုင် ပြီးလျှင် ဖို ကို ရပ်လျက် ထိုင်ရာ မှ ထ ပြီး မျက်မှန် ကို ဖြုတ်ကာ လုံချည် နှင့် မျက်မှန် ကို တိုက်ပြီးလျှင် ကိုရင် ၏ မျက်နှာ ကို သေချာစွာ ကြည့်လေ၏ ။
ထိုနောက် တအောင့် လောက် ကြာသောအခါ “ အလို ဘယ်သူများလဲ လို့ ” ဟု ပြောကာ မမြိုင် ကို လှည့်၍ ကြည့်ပြီး “ ဒီ ကိုရင် ကို မမြိုင် ဘယ့်နှယ် ခေါ်လာသလဲ ” ဟု မေး လေရာ မမြိုင် က “ ကျွန်မ သူ့ ကို ဒဏ် ပေးတာ တစ်နှစ် ရှိပါပြီ ဆရာကြီး ရဲ့ ၊ အခုဖြင့် နည်းနည်း သံဝေဂ ရတန်ပြီ ထင် လို့ ခေါ် လာခဲ့ ပါတယ် ” ဟု ပြောလေရာ ကိုရင် သည် အကြောင်းရင်း ကို ကြံစည်တွေးတော ၍ မရသော်လည်း မမြိုင် သည် မိမိ ၏ မယား မမြိုင် ဖြစ်သည် ။ မိမိ ပြန်၍ တွေ့ရပြီ ဟု ဧကန် သိရသကဲ့သို့ ဖြစ်ကာ မမြိုင် ၏ လက်ကို အတင်း ကိုင် ဆွဲကာ “ မမြိုင် ၊ မမြိုင် ၊ ကျုပ် မယား မမြိုင် အစစ်ပါပဲ ” ဟု ပြောကာ ဖက်တော့မည် ပြုလေ၏ ။ မမြိုင် က “ ကိုရင် သင်္ကန်း နဲ့ ပါ ၊ သတိထားပါ ၊ ကျွန်မ ဘယ်ကိုမှ မပြေးပါဘူး ၊ တစ္ဆေ ၊ သရဲ လဲ မဟုတ်ပါဘူး ၊ မမြိုင် အစစ်ပါပဲ ၊ စိတ်သာချပါ ” ဟု ပြောလေ၏ ။ ထိုအခါ ကိုရင် က ဆရာကြီး ၏ လက် ကို ပြေး၍ ဆွဲကာ “ ပြောစမ်းပါဦး ဆရာကြီး ရဲ့ ၊ ဘယ့်နှယ် ဖြစ်တာလဲ ၊ ကျုပ် ကို လှည့်စားတာ မဟုတ်ဘူး နော် ၊ ကျုပ် မယား ကို ကျုပ် တကယ် ပြန်၍ တွေ့ရတာ အမှန်ပဲ လား ” ဟု စိတ်အား ထက်သန်စွာ ပျာယီးပျာယာ မေး လေရာ ဆရာကြီး က “ စိတ်ချ မောင် ၊ စိတ်ချ ၊ မောင် သံဝေဂ ရအောင် ခုလောက် ကြာကြာ လှည့်စား နေကြတာပါ ၊ ကိုရင် လပြည့်နေ့ တိုင်း လာမှန်း သိသည့် အတွက် မမြိုင် က ကိုယ်ယောင် ပြပြီး နေ ခဲ့တာပါ ” ဟု ပြောပြီး အကြောင်းရင်း ကို စေ့စုံအောင် ပြော ပြလေလျှင် ကိုရင် မှာ အံ့သြခြင်း နှင့် ဝမ်းမြောက်ခြင်း ရောစွက် ကာ လူ့ပြည် မှ နတ်ပြည် သို့ ရောက်လာ သကဲ့ သို့ ဖြစ်နေလေ၏ ။
အကြောင်းရင်း အချုပ် မှာ မောင်ရွှေတိုင် သည် မမြိုင် ကို ရိုက်နှက်ပြီးနောက် ခြံ ထဲ တွင် မြှုပ်နှံ၍ ထွက်ပြေးသွားရာ ဆရာကြီး သည် လက်ဖျံရိုး ကို အလို ရှိသဖြင့် အလောင်း ကို တူးဖော် လေ၏ ။ ပျော့ပြောင်းသော အလောင်း ကို ပွေ့ထူကာ သင်္ချိုင်းဝ သို့ ဝင် ထားရာ လက် ကို ကိုင်တွယ် စမ်းသပ်လိုက်သော် နွေးလျက် နေသည် ကို သိ ရသဖြင့် အံ့အားသင့်လျက် ခေတ္တမျှ စောင့်ကာ ရင်ဝ ကို လက် နှင့် စမ်းသပ်မိလေ၏ ။ ထိုအခါ သွေးခုန်လျက် ရှိသည်ကို တွေ့ရသောကြောင့် ဆရာကြီး သည် မမြိုင် ကို ပွေ့ကာ အိမ် သို့ ယူလာခဲ့ပြီးလျှင် ချက်ချင်း ကုသလေရာ အသက် ရှင်လာ လေ၏ ။ ထိုအခါ ဆရာကြီး သည် ကောင်းစွာ မကျန်းမာ သေး သော မမြိုင် ကို တစ်ယောက်တည်း စွန့်ကာ မထားရက်ဘဲ သမီး အမှတ် နှင့် မွေး၍ ထားတော့မည် ဟု သဘော ပိုက်ကာ ည တွင်းချင်း ဆောင်ယူ၍ သွားပြီးလျှင် မိမိ နေထိုင်သော အဆိုပါ ခြံကြီး ထဲ ၌ မမြိုင် နှင့် အတူတကွ နေကြလေရာ မမြိုင် သည် ဆရာကြီး ကို ဖခင် ကဲ့သို့ ပြုစုကာ နေလေ၏ ။ ထိုအခိုက် တွင် လပြည့်နေ့တိုင်း ရဟန်းတော် တစ်ပါး နှင့် ကိုရင်ကြီး တစ်ပါး ဤ ရွာကျောင်းသင်္ကန်း ရှိရာသို့ လာကြောင်း သိရသည့် ပြင် ကိုရင် မှာ မောင်ရွှေတိုင် ဖြစ်ကြောင်း ကို သိ ရသောကြောင့် မမြိုင် နှင့် ဆရာကြီး သည် တိုင်ပင်ကာ မောင်ရွှေတိုင် ကို သံဝေဂ ရစေဖို့ရန် ကြံစည်ကြလျက် တစ်နှစ်ပတ်လုံး မောင်ရွှေတိုင် ၏ စိတ် ကို စမ်း ၍ ကြည့်ခဲ့ကြလေရာ စိတ်ကြမ်း ပျောက်၍ စိတ်ကောင်း ရောက်ပြီ ဟု သိကြရသဖြင့် မမြိုင် သည် မောင်ရွှေတိုင် ကို နောက် ဆုံး၌ အတွေ့ ခံ လိုက်လေ၏ ။
ထို ည ၌ပင် ကိုရင်ရွှေတိုင် သည် မိမိ ၏ ဆရာ အား အကျိုး အကြောင်း ကို ပြောပြကာ အခွင့် ပန်လေရာ ဘုန်းတော်ကြီး သည် များစွာ အံ့သြလျက် အခွင့် ပေး လိုက်ရလေ၏ ။
နောက် လပြည့် နေ့ ၌ တောင်ပို့ ပေါ် သို့ မမြိုင် လာသော အခါ တစ်ကိုယ်တည်း မဟုတ် ၊ မောင်ရွှေတိုင် နှင့် အတူ ယှဉ်တွဲ ကာ ထိုင်လျက် တစ်ယောက် လက် ကို တစ်ယောက် ကိုင် ကာ မင်္ဂလာ ရှိသော လရောင် ဖြင့် ဘဝ သစ် ကို ရောက်အောင် မိမိ တို့ ကိုယ် ကို ဆေးကြောကာ နေကြလေသတည်း ။
◾ပီမိုးနင်း
📖 ဒဂုံမဂ္ဂဇင်း
အတွဲ ၁ ၊ အမှတ် ၅
ဇန်နဝါရီ ၊ ၁၉၂၁
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment