Thursday, July 21, 2022

ဘာကြီးလဲ ( ၁၁ )


နက် ၅ နာရီ မိနစ် ၂ဝ လောက် မှာ ရေကန်ဆီ မှ ရေသံ တဗွမ်းဗွမ်း ကို ကြားရသဖြင့် ကိုဇော် အိပ် ပျော်နေရာမှ လန့်ပြီး နိုးလာခဲ့သည် ။ ပြတင်းပေါက် က လှမ်း ကြည့်တော့ ညိုမောင် ။ ကိုဇော် စိတ်ဓာတ် အကြီးအကျယ် ကျ သွားသည် ။ ရယ် လည်း ရယ် ချင်သည် ။ မနက် ကိုးနာရီ ခွဲ မှ အလုပ် ဆင်းရမှာ ကို မနက် ၅ နာရီ ကျော် မှာ ရေ ထ ချိုးတာတော့ တဆိတ် လွန်ပြီ ဟု ထင်သည် ။ ရေသံ က တဗွမ်းဗွမ်း ကြားနေရတုန်းပင် ဖြစ်သည် ။ ဒုတိယ နိုး လာသူက တိုးလွင် ဖြစ်သည် ။ တိုးလွင် နှင့် ကိုဇော် တို့ မျက်ဝန်းချင်း ဆုံမိကြသည် ။

“ တက်ကြွတာ ရင်ခုန်တာတော့ ဟုတ်ပါတယ်ကွာ ၊ ဒါပေမယ့် ဒီ အချိန်ကြီး ရေ ထ ချိုးတာကြီး ကတော့ ကွာ ... ” 


“ ဒါမျိုးက ပြောလို့လည်း မရဘူး ၊ ဈေး ထဲ မှာ ဆေးလည်း မရှိဘူးကွ ၊ နောင်ကျ သူ့ ဘာသာ ဒီကိစ္စ ကို ရှောင်ကျဉ် သွားလိမ့်မယ် ၊ အဲဒါကို ' နောင်ကျဉ် ' တယ်လို့ ခေါ်တယ် “ 


“ ငါတို့ က သူ နောင်မကျဉ် ခင် ဘယ်နှရက် ခံရဦးမှာလဲ ” 


“ ဒီကောင် က မျိုးရိုး လိုက်တာကွ ၊ သူ့ ဘဒွေး တစ်ယောက် ရွာ မှာ ရှိဖူးတယ် တဲ့ ၊ မြို့ တက်တော့ ဓာတ်ခဲ ထည့် ဖွင့်လို့ရတဲ့ ရေဒီယိုကလေး တစ်လုံး လက်ဆောင်ရတာ ၊ ရ ကတည်း က ဖွင့် လိုက်တာ နေ့ရော ညရော တဲ့ ၊ မြန်မာ့အသံ ပြီးသွားလည်း ကုလားလိုင်း ၊ တရုတ်လိုင်း ၊ အင်္ဂလိပ် လိုင်း ၊ အို .. အသံ ထွက်သမျှ အကုန် ကွာ နားထောင်တာ ထမင်း မစားဘူး တဲ့ ။ ကျွေး လို့လည်း မရဘူး တဲ့ ၊ အဲဒါ ရေဒီယို သုံးရက် နားထောင် လိုက်တာ မြို့က ဆေးရုံ ကို တန်း တင်ရတာ အား ပြတ်သွားလို့တဲ့ လေ ” 


တိုးလွင် နှင့် ကိုဇော် တို့ တစ်ပြိုင်နက် ရယ်လိုက်ကြသည် ။ ထိုအချိန်မှာပင် ညိုမောင် အခန်း ထဲ သို့ ဝင် လာ၏ ။


“ မင်းတို့ ငါ့ ကို ရယ်နေကြတာလား ၊ အေးပေါ့ကွာ ၊ ရယ်ကြမယ် ဆိုရင်လည်း ငါ စိတ်မဆိုးပါဘူး ၊ရယ်သင့် ပါတယ် ၊ ငါ ဘယ်လို မှ နေလို့မရတဲ့ အဆုံး ရေ ထ ချိုး လိုက်ရတာပဲ ” 


“ ရပါတယ် အဆုတ် အအေးပတ်တာ လောက်ကတော့ ရပ်ကွက် ထဲ က ဆရာဝန်တွေ နိုင်ပါတယ် ၊ စိတ် လွတ်သွားရင် သာ ဒီ နဲ့ စိတ်ကျန်းမာရေး က တော်တော် ဝေး နေလို့ စိတ် ပူရတာပါ ” 


ကိုဇော့် စကားကြောင့် သူတို့ သန့်ရှင်းလွတ်လပ်စွာ ရယ်ဖြစ်လိုက်ကြသည် ။


“ ညိုမောင် မင်း ခဏတော့ ပြန် အိပ်လိုက် ၊ ညိုမောင် ငါ ၈ နာရီ ထိုးတာနဲ့ မင်း ကို နှိုးမယ် ၊ တော်ကြာ ရုံး ရောက်မှ အိပ်ချင် နေရင် ပြဿနာ တက်နေမယ် ” 


“ ဟုတ်တယ် ညိုမောင် ၊ မင်း တစ်ညလုံး အိပ် မပျော်တာ မဟုတ်လား ” 


“ ဟုတ်တယ် ကိုဇော် ၊ ကျွန်တော် တစ်ညလုံး ကို အိပ် မပျော်တာ ” 


“ ခဏလောက် အိပ်လိုက်ပါကွာ ” 


“ တိုးလွင် ငါ့ ကို ရး၃ဝ နှိုး ကွာ ” 


“ ၈ နာရီ ဆို ရပါပြီကွာ ”  


“ ဟာ ...  မလုပ်ပါနဲ့ကွာ ၊ ရ နာရီခွဲ ပဲ နှိုးတာ ၊ နောက်တော့ မနောက်ပါနဲ့ကွာ နော် ၊ ငါ့ ဘဝ အတွက် ... ” 


“ ဟေ့ကောင် ညိုမောင် ၊ တော်တော့ ဒီလို ကိစ္စမျိုး ကို ငါတို့ က နောက် မလားကွ ၊ အိပ် မှာ သာ အိပ် စမ်းပါကွာ ” 


“ ငါ့ နာရီ နဲ့တိုက်ပြီး နှိုးနော် ” 


တိုးလွင် တော်တော် စိတ်ညစ်သွားပုံ ရသည် ။


ခေါင်းကို ကုတ် ၊ မျက်နှာ ကို ရှုံးမဲ့ ရင်း ... 


“ အေးပါကွာ ၊ အေးပါကွာ ၊ မင်း ရဲ့စံချိန်ကိုက် နာရီတော်ကြီး နဲ့ကို တိုက်ပြီးတော့ နှိုးပါ့မယ် ... အိပ်ပါ ... စိတ်ချပြီးတော့ သာ အိပ်ပါ ”  


ဟု ခပ်ငေါ့ငေါ့ ပြောတော့ မှ ညိုမောင် ပြုံးပြီး မျက်ဝန်းများ ကို မှိတ် လိုက်သည် ။ရေချိုးပြီးစ လန်းဆန်းသွားသော စိတ် ကို တစ်ညလုံး ဝိုင်းခဲရန် စောင့်နေကြသော အိပ်စက်ခြင်းတွေ က အုံနဲ့ ကျင်း နှင့် စိတ်ရှိလက်ရှိ ကိုက် လိုက်ကြသဖြင့် ညိုမောင် ခဏချင်း ကို အိပ် ပျော်သွားလေသည် ။ တိုးလွင် က ညိုမောင့် ကို ၈ နာရီ တွင် နှိုးပါသည် ။ ညိုမောင် သည် အိပ်ရာ မှ ထပြီး သူ့ နာရီ ကို ကြည့်တော့ ၈ နာရီ ။


“ မင်းကွာ ရ နာရီခွဲ နှိုးပါ ဆိုတာကို ” 


“ ငါ့ နာရီ က အခု ရနာရီ ခွဲ ပြီး လို့ ငါးမိနစ် ကွ ” 


“ အဲဒါဆို မင်းနာရီ က စုတ် နေလို့ ” 


တိုးလွင် ဘာမှ ပြန် မပြောပါ ။ ညိုမောင် နှင့် တစ်ရွာတည်းသားကြီး ဦးဌေးဝေ ပြောပြထားလို့ ညိုမောင် ဒီ နာရီ ရူးတာ ကို သိပြီးသား ဖြစ်သည် ။


ညိုမောင် မျက်နှာ ထပ် သစ်သည် ။ ပြီးတော့ မန္တလေး က သူ ဝယ်လာသည့် ကော်လံ လည်ကတုံး အင်္ကျီလက်ရှည် ကို ဝတ်သည် ။ ပြီးတော့ ဆိတ်ခွံပုဆိုး အစိမ်းနုအကွက်စိတ်ကလေး ကို ဝတ် သည် ။ ခေါင်း ကို လေးငါးခြောက်ကြိမ် သပ်သပ်ရပ်ရပ် ဖြီး ပြီးသွားတော့ မှ ကျေနပ်သွားသလို မှန်ထဲ မှာ ကြည့် ၍ ပြုံးသည် ။


ဒီနေ့ ကုမ္ပဏီ က လူကြီးတွေ နှင့် တွေ့ရမှာ ဆိုတော့ ကိုယ့်ဘက် က သပ်ရပ်နေဖို့ လိုသည် မဟုတ်လား ၊ တိုးလွင် ကတော့ ညိုမောင့် ကို ကြည့်ပြီး ပြုံး၍ နေသည် ။


တိုးလွင် သည် လေးကလေး တချွန်ချွန် နှင့် လုပ်စရာ ရှိတာတွေ ကို လုပ်နေသော ညိုမောင့် ကို ... 


“ ဟေ့ကောင် ... .ဘာလဲ ...  မင်းက အခု သွားတော့မလို့လား ”  


“ အာ ... မသွားသေးပါဘူးကွ ၊ ငါ သော်သော် တို့ ဆိုင် က စောင့် မယ်လေ ” 


“ ဒါပေါ့ ... ဒါပေါ့ ဒါမျိုးကတော့ အသိ ပေးရမှာပေါ့ ၊ သူတို့ က လာ ခေါ် ပေးထားတာ မဟုတ်လား ” 


“ အဲဒါလည်း ပါတာပေါ့ကွာ ၊ ပြီးတော့ ထမင်းချိုင့် ထည့် ရဦးမယ် မဟုတ်လား ၊ အဲဒါ သူတို့ နဲ့ ဈေးလေးဘာလေး ညှိ မလို့ ” 


“ ဪ .. ” 


ညိုမောင် က တည်ကြည်လေးနက်စွာ ပြန် ဖြေသဖြင့် ကိုဇော် ထပ် မစတော့ ။ နည်းနည်း တုံး တဲ့ ကောင်တွေ ကို စ ရတာ တော်တော် စိတ်ပျက်ဖို့ ကောင်းတယ် ဟု ကိုဇော် တွေး နေမိသည် ။


“ ကိုညိုမောင် က ဘာ လုပ်ရမှာလဲဟင် ” 


“ မသိသေးဘူး မော်မော် ရ ၊ ဒီနေ့မှ လူကြီးတွေ နဲ့တွေ့ ရမှာ ” 


ယောကျာ်းလေးတွေ အများကြီး ထဲ က နှစ်ယောက် ပဲ ရွေးတာ ကိုညိုမောင် ပါတယ် ဆိုတော့ ကိုညိုမောင် က တော် တာပေါ့နော် ” 


“ အာ .. မတော်ဘူး ဟ ၊ ငါ တစ်ခုမှ ကောင်းကောင်း ဖြေနိုင်တာ မဟုတ်ဘူး ၊ ငါ့ ကို မေးတဲ့ ထဲက ကောင်မလေး ... အဲ မဟုတ်ပါဘူး ၊ လူကြီး ပေါ့ ဟာ သူ့ ကား ကို ငါ တွန်း ပေးခဲ့တာလေးပဲ ရှိတာ ” 


လမင်းစိုး နှင့် ကိစ္စ ကို ညိုမောင် က သော်သော် တို့ ညီအစ်မ နှစ်ယောက် ကို ပြောပြပြီးသား ဖြစ်ပါသည် ။


“ စေတနာ ဆိုတာ တူသော အကျိုး ပေးတယ် ဆိုတာ မှန် တာပေါ့ ၊ ကိုညိုမောင် တို့ ရုံးမှာ မိန်းကလေးတွေ မလိုဘူးလား ဟင် ” 


သော်သော် က ကန်စွန်းရွက် ဆိတ်ရင်း က မေးသည် ။ ညိုမောင် သည် သော်သော့် မျက်ဝန်း ဝင်းပပ ကို စိုက်၍ ငေးမိတော့ ရင်တွေ ဘာတွေ တုန် သွား၏ ။


“ ကျွန်တော် တောင် မှ ဒီနေ့ မှ လူကြီးတွေ ဆီ သတင်း စ ပို့ရမှာ ၊ တကယ်လို့ နေရာ လိုရင် ကျွန်တော် ပြောပါ့မယ် စိတ်ချပါ ၊ အရင် နေ့တွေ က လို လာ ဝိုင်း ကူ နိုင်တော့မှာ မဟုတ်တာကို တော့ ... ”  


“ အို ... ရပါတယ် ကိုညိုမောင် ရယ် ၊ လူတစ်ယောက် တိုးတက်သွားတာ ကို သော် ကတော့ ဝမ်းသာပါတယ် ကွာ ၊ ကိုညိုမောင် ဘာဟင်း နဲ့ထည့် မလဲဟင် ၊ ထမင်းချိုင့် က အပြား ဆိုတော့ အရည်ဟင်းတော့ မလုပ်နဲ့ ၊ ငါးကြင်းကြော်နှပ်ကလေး စား ဟုတ်ပြီလား ၊ ချဉ်ပေါင်ကြော် ရယ် ၊ ပဲစောင်းခါးသီးသုပ် ရယ် ကို ပလတ်စတစ်အိတ် နဲ့ ထည့် ပေးလိုက်မယ် ” 


“ ဒါနဲ့ တစ်လ ဈေး က ... ” 


“ ခုနှစ်ရာ ပဲ သော်သော် ယူ ပါ့မယ် ၊ တစ်ခြား လူ ကိုတော့ ရှစ်ရာ ယူတာ ” 


“ ပိုက်ဆံ ကြိုပေးထားရမှာလား ဟင် ” 


“ သုံးပုံ တစ်ပုံလောက် ပေး ထားရင် ရ ပါတယ် ” 


“ ကျွန်တော် ငါးထောင် ပေး ထားမယ်လေ ၊ တစ်နေ့ ခုနှစ်ရာ ဆိုတော့ ရက် ၂ဝ စာ အတွက် သောင်းလေးထောင် ကျတာကိုး ” 


“ ကိုညိုမောင် က စနေတနင်္ဂနွေ မစားဘူးလား ” 


“ အဲဒါက လက်ငင်းပေး စားမှာလေ ” 


တိုးလွင် ရောက်လာတော့ ၈ နာရီ ၁၆ မိနစ် ။


“ သွားရအောင် ညိုမောင် ” 


“ စောပါသေးတယ်ကွာ ၊ အခုမှ ၈နာရီ ၁၆မိနစ်ပဲ ရှိသေးတာ ၊ ကား က ၁၅ မိနစ် အတွင်း ရတယ် ၊ ပေါင်း လိုက်ရင် (၈ : ၁၃) နာရီ ကားရုံးဘေးနားက မှတ်တိုင်ကို မောင်းတာ အားလုံး ၂၆ မိနစ် ပဲ ရှိတာ ၊ အားလုံးပေါင်း (၈ : ၅ဝ) နာရီဆိုတော့ ငါ့တို့ ၃၃မိနစ်တောင် ပိုနေသေးတာပဲ ၊ ဖြည်းဖြည်းပေါ့ ” 


“ ခွီးပဲ ၊ မင်း က မင်း နာရီနဲ့ တွက် ပြောနေတာ ၊ ဟိုက MD တို့  ၊ GM တို့ နာရီ က မင်း နာရီ နဲ့ တူချင် မှ တူမှာပေါ့ကွ ၊ နေရင်း ထိုင်ရင်း နေ့ဝက်ကြေး နဲ့ မိနေဦးမယ်“ 


Solo ကုမ္ပဏီ စည်းကမ်း က ( ၉ : ၃ဝ ) နာရီ အချိန် ထက် နောက်ကျ၍ ရောက်လျှင် တစ်နေ့စာ လုပ်အားခ ၏ တစ်ဝက် ကို ဖြတ်တောက်၍ အပြစ် ပေးတက်သည် ။


“ ဒါဆို သူတို့ နာရီတွေ က စုတ် နေလို့ပေါ့ကွ ” 


“ မင်း နာရီ ကရော ဘယ်လောက် မှန်လို့လဲ ” 


“ တိုးလွင် ငါ့ နာရီ က နှစ်တစ်ရာ မှာ တစ်မိနစ် မလွဲစေရဘူးဆိုတဲ့ နာရီကွ ၊ ဒါ ငါ မင်းတို့ ကို နောက်ပြောင်ပြီး ပြောနေတာ မဟုတ်ဘူး ၊ ငါ့ အဘိုး လက်ထက်တုန်း ကလည်း ဒီ နာရီကို မတိုက်ခဲ့ရဘူး ၊ ငါ့ အဖေ လက်ထဲ မှာလည်း မတိုက်ခဲ့ရဘူး ၊ ငါ့ လက်ထဲမှာလည်း တစ်ကြိမ် မှ မတိုက်ခဲ့ရဘူး ကွ ၊ ငါကတော့ မြန်မာနိုင်ငံမှာ နေနေသရွေ့ ငါ့ လက်ထဲ က နာရီ ရဲ့အချိန် ကို ပဲ ယုံတယ် ဒါပဲ ” 


ညိုမောင် ပြောသည့် စကား သည် ဒေါသသံ နည်းနည်းကလေး စွတ်ထားသော မခံချင်စိတ် အပြည့် ရှိသည့် အသံ သာဖြစ်ပါသည် ။


“ အမလေး ဒီလောက်တောင် ညွှန်း နေရအောင် ကဲ ကိုညိုမောင့် နာရီ ခဏ ပြစမ်းပါဦး ” 


မော်မော် က တောင်းသဖြင့် ညိုမောင် ချွတ်ပေးလိုက်သည် ။ မော်မော့် က နာရီကလေး ကို စူးစူးစိုက်စိုက် ကြည့်သည် ။ ထူးခြားတာ တစ်စုံတစ်ရာ များ ပါမလား ဟု ရှာပုံလည်း ရသည် ။


ညိုမောင် သည် မော်မော့် လက် ထဲ က နာရီကလေး ကို ငေး နေမိသည် ။ နာရီဒိုင်ခွက်နံဘေး က ရွှေရောင် သည် အိုလှပြီ ၊ မှိန်ဖျော့၍ စားသည့်နေရာက စားနေပြီ ။ အဆိုးဆုံး က လယ်သာ လက်ပါတ်ပဲ ဖြစ်သည် ။ ဟောင်းနွမ်းပြီး အနားစ နည်းနည်း ဖွာ ထွက်ချင်နေပြီ ။ သူ့ နာရီ သည် သူ ပြောသည့် ဂုဏ်ပုဒ်တွေ နှင့်လိုက်ဖက်အောင် တောက်ပ မောက်ကြွား စရာ အဆင်းအင်္ဂါ မရှိ ၊ ရွှေရည်စိမ် လက်ပတ်ကလေး နှင့် သာ ဆိုလျှင် ... 


သူ့ နာရီ ကို ရွှေရည်စိမ်လက်ပတ်ကြိုးကလေး လဲ တပ်ရေး သည် ညိုမောင့် အတွက် အကြီးမားဆုံးသော မျှော်လင့်ချက် တစ်ခု ဖြစ်ပါသည် ။ သူ ကုမ္ပဏီ က လခ ထုတ်လျှင် ဆရာတော် ထံ ပို့ ရမည် ။ မေမေ့ ထံ ပို့ရမည် ။ ပိုသည့် ငွေထဲက လမ်းစရိတ် ၊ ထမင်းစရိတ် နှင့် အဆောင်စရိတ် ကို နူတ်ပြီးလျှင် ပိုသောငွေ ကို စုဖို့ ညိုမောင် တိတိကျကျ ကို ပြဌာန်း ထားသည် ။


သူ အကြိုက်ဆုံး ရွှေရောင်လက်ပတ်ကလး ကို ရွှေဘုံသာလမ်း တွင် ကိုမိုး နှင့် သွားတုန်းက တွေ့ခဲ့ပြီးပြီ ။ ရွှေရောင်လတ်ပတ်ကြိုး ချည်းတင် တစ်သိန်းလေးသောင်းငါးရာဖြစ်သည် ။ အဲဒီ ရွှေရောင်လက်ပါတ်ကြိုး နှင့် သာ သူ့ နာရီကလေး ကို ပါတ် လိုက်ရလျှင် သူ့ ဘဝ တွင် သူ သေပျော်ပြီ ဖြစ်သည် ။ ထို ဆန္ဒ သည် ညိုမောင့် ဘဝ အတွက် တော်တော် ပြင်းထန်သည် ။


ညိုမောင် ၏ ထို ပြင်းထန်လှသော အာသီသ နှင့် မျှော်လင့်ချက် တို့ ဖြင့် ဖွဲ့စည်းထားသည့် ရလိုမှုကလေး ကို ပြက်ရယ် မပြုသင့်ပါ ။ လှောင်ပြောင် ဖို့ လည်း မသင့်တော်ပါ ။ အချို့လူတွေ ဒီ ထက် အဓိပ္ပါယ် မဲ့ တာတွေကို အများကြီး အရူး ထ ခဲ့ကြလေ့ ရှိသည် မဟုတ်လား ။


မော်မော် က အားရအောင် ကြည့်ပြီး ဘာမှ မတွေ့တော့ နာရီကလေး ကို သော်သော့် ဆီ သို့ ထိုး ပေးလိုက်သည် ။ သော်သော် က နာရီကလေး ကို သေသေချာချာ ခဏ ကြည့်လိုက်ပြီး နောက် ... 


“ နာရီကလေး က ဒီဇိုင်း ရိုးရိုးကလေး နဲ့ ချစ်စရာလေး ပါ ၊ Swiss made ဆိုတာလည်း စာ ပါတာပဲ ၊ နာရီ မှာတော့ ဆွစ်ဇာလန်နာရီ က နာမည် အကြီးဆုံး ပဲ ၊ ဆွစ်ဇာလန် တစ်နိုင်ငံလုံး က ကမ္ဘာ ကို နာရီ ရောင်းပြီး ချမ်းသာတာလေ ” 


သော်သော့် စကားကြောင့် ညိုမောင် က တိုးလွင် ကို “ ကဲ .. ဘယ်လိုလဲ ကိုယ့်လူ ”   ဆိုသည့် အကြည့်မျိုး နှင့် ကြည့်သည် ။ တိုးလွင် စိတ် ထဲကတော့ “ ဟို က လူမှုရေး အရ ပြော တာကို မြောက်နေတယ် ” ဟု ညိုမောင် ကို ကြည့်ပြီး တွေးနေသည် ။


ညိုမောင် က နာရီ ကို ပြန် ပါတ်ပြီး ကြည့်ရင်း ... 


“ တိုးလွင် ၈ နာရီ ၂၁ မိနစ် ရှိပြီ ၊ လစ်ကြစို့ ၊ သွားမယ်နော် သော်သော် ” 


“ ဪ .. တစ်ယောက် ပဲ နူတ်ဆက် တာလား ” 


“ နင် လည်း ပါ တာပေါ့ ဟ ၊ တာ့တာ ” 


ညိုမောင် တို့ နောက်ကျော ကို ကြည့်ရင်း မော်မော် က ရယ် နေသည် ။ သော်သော်် က ကန်စွန်းရွက် ကို ဆိတ်ရင်း ... 


“ မော်မော် နောက် ကို ကိုညိုမောင့် ရှေ့ မှာ ငါ့ ကို အနှောင့်အသွား မလွတ်တဲ့ စကားတွေ နဲ့ မနောက်နဲ့ ” 


“ မသော် က မကြိုက်လို့လား ” 


“ ဟုတ်တယ် ၊ အဲဒီလို နင် လုပ် လုပ်နေတာ ကို မကြိုက်တာ ၊ သူ့ ဘက် က ခပ်မှန်မှန် နေ နေတာကို ကိုယ့် ဘက် က သွားသွား စနေတော့ ကိုယ့် ဘက်က တန်ဖိုး လျော့တာပေါ့ ” 


“ ဒါဆို ကိုညိုမောင် တို့ ဘက်က စ ရင် ကျေနပ်တယ်ပေါ့ လေ ၊ ဒီလိုလား ” 


“ တော်ပြီ မော်မော် ၊ ကန်စွန်းရွက် က ချဉ်ရည်ဟင်း ချက်မှာနော် ၊ ငါ ရေပြန် ချိုးဦးမယ် ၊ ပြီးရင် ၁၁ : ၁၅ နာရီ ကျောင်း ကို လစ်ရမှာ ” 


◾နီကိုရဲ


📖 ဘာကြီးလဲ


www.facebook.com/aung.naingoo.3726613


.

No comments:

Post a Comment