Wednesday, July 20, 2022

ဘာကို ချစ်တာလဲ


 

❝ ဘာကို ချစ်တာလဲ ❞

လေးလေး ဆီ ကို အပျိုစင်တွေ ဆီ က စာတွေ လာနည်းမျိုး ၊ ကောင်လေးတွေ ကလည်း စာ ရေးကြပါတယ် ။ သူတို့ က “ အပျိုစင်တို့ သိဖို့ ယောက်ျားတို့ အကြောင်း ရေးနည်း ”  “ လူပျိုစင်တို့ သိဖို့ မိန်းမတို့ အကြောင်း ” ကို ရေးစမ်းပါ တဲ့ ။ တချို့ကလည်း ကိုယ်တိုင် ပြော ကြတာကွယ့် ။

“ ခင်ဗျား ... အဲသလို ရေးရင် ရောင်းကောင်းမှာပဲ ”  လို့ အကြံပြုတဲ့ သူများလည်း ပါပါတယ် ။ ငွေ ဆိုတာ သည်းခြေ ကြိုက်ပဲ ။ လိုချင်တာပေါ့ ။ ဒါပေမယ့် လေးလေး မရေးပါဘူး ။ ဘာလို့လဲ ဆိုတော့ ...

“ စေတနာ ” မပါတဲ့ အလုပ် လေးလေး မလုပ်ချင်လို့ ။ ယောက်ျားတွေ အကြောင်း ရေး ရတာ က စိတ် သန့်တယ် ။ အဲသလို ရေးတဲ့ အတွက် မိန်းကလေးများ အထိုက်အလျောက် ယောက်ျားတွေ အကြောင်း သိ သွားရင် မမှားသင့်တာ မမှားတော့တာပေါ့ ။ ဆင်ခြင်တန်တာ ဆင်ခြင် လို့ ရတာပေါ့ ။ အဲဒါ လေးလေး ရဲ့ စေတနာပါ ။

ယောက်ျားလေး တစ်ယောက် ဟာ မိန်းကလေးတွေ အကြောင်း မသိလို့ ဘာ အန္တရာယ် မှ မရှိနိုင်ပါဘူး ။ ဒီတော့ မိန်းကလေးတွေ အကြောင်း ရေးမယ် ဆိုရင် “ ငွေ ”  လိုချင်လို့ ကြံဖန် ရေးရတာပဲ ဖြစ်မှာပေါ့ ။ ဟုတ်ဖူးလား ။

ကဲ ... ယောက်ျားတွေ အကြောင်း စ , ဆွေးနွေးရအောင် ။

လေးလေး ရဲ့ မိတ်ဆွေ တစ်ယောက် ရှိတယ် ။ သူ က လေးလေး ထက် တော့ အသက် ငယ်ပါတယ် ။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် လောက် က လေးလေး ရဲ့ အိမ် ကို ကောင်မလေး တစ်ယောက် နဲ့ အတူ ရောက် လာတယ် ။ သူ့ ချစ်သူ တဲ့ ။ သူတို့ က တောင်သမန် ဦးပိန်တံတား မှာ လျှောက်လည်ပြီး ပြန် လာတာ ။ အဲဒီတုန်း က လေးလေး ရဲ့ အိမ် က ဘုရားကြီး ကျောက်ဆစ်တန်း မှာ ။ ဒီတော့ လမ်းကြုံနေတာ ကိုး ။ လေးလေး ရဲ့ အိမ်မှာ တစ်ထောက် ဝင် နားကြတာ ။ သူ့ ကောင်မလေး ကို ကြည့် လိုက်တော့ မျက်နှာ လုံးလုံးလေး နဲ့ ။ အပြစ်ကင်းတဲ့ မျက်နှာမျိုးလေးပဲ ။ ချစ်ချစ်ဇော် တို့ ၊ လင်းဇာနည်ဇော် တို့ လို ပုံစံမျိုးလေး ။ ဆံပင် ကိုတော့ မျက်နှာ တစ်ခြမ်း နီးပါး ဖုံး ထားတယ် ။ အဲဒီတုန်းကတော့ “ စနေမ ”  ပုံစံ လို့ လွယ်လွယ် ခေါ်တာပဲ ။

လေးလေး လည်း သူတို့ ကို လက်ဖက်သုပ်ကလေး ရေနွေးလေး ချပေးပြီး ခပ်ခွာခွာ ပဲ ရှောင် နေလိုက်တာပါပဲ ။ နေရထိုင်ရတာ ကျဉ်းကြပ်နေမှာ စိုးလို့ ။ လေးလေး ရဲ့ သူငယ်ချင်း က လေးလေး နား လာပြီး ...

“ ကိုကံ ”

“ ဘာလဲ ”

“ ကျုပ် ဗျာ ချွေး ကို ပျံ သွားတာပဲ ၊ ငါ တော့ မှားပြီ ဆိုပြီး ”

“ ဘာလို့ ”

“ တောင်သမန် မှာ ကျုပ် က သူ့ ဆံပင် ကို သပ်တင် ပေးတာ ။ သူ က အို ဆိုပြီး ပြန် ပြန် ချထားတယ် ။ သုံးလေးခါ လုပ်တော့ ဆံပင် မတင်ပါနဲ့ ။ ညီမ က နားရွက် တစ်ဖက် မပါလို့ ။ သေသေချာချာ ဖုံးထားတာ တဲ့ ။ ဟား ... လူ ကို ရင် တုန်သွားတာပဲ ။ ဒုက္ခပဲ ဆိုပြီး ၊ ဒါနဲ့ ကျုပ် မသိမသာ သိုင်း ဖက်ရင်း နားရွက် တစ်ဖက် စမ်း ကြည့်ရတယ် ။ ဒါကို သူ က လက် ခါ ခါ ချနေသေးတာ ။ နောက်တော့မှ စ,တာ ဆို လို့ သက်ပြင်း ချနိုင်တော့တယ် ။ ဒါကို သေချာအောင် နားရွက် စမ်း ကြည့်ရသေးတယ် ”

လို့ပြောပါတယ် ။

ငါ့ တူမများ စဉ်းစားကြည့်စမ်း ။ ချစ် လှ ချည် ရဲ့ ၊ အသက် လောက် မြတ်နိုး လှချည် ရဲ့ ဆိုတဲ့ ယောက်ျား က တောင် နားရွက်တစ်ဖက် မပါဘူး ဆိုတော့ ချစ်မိတာ ကို “ ဒုက္ခ ” လို့ ချက်ချင်း သတ်မှတ် ပစ်လိုက်တာ ။ ကဲ ... ယောက်ျားလေးတွေ ချစ် တာ ဘာ ကို ချစ်တာလဲ ။ သိမ်မွေ့ တဲ့ စိတ်ထား ကို လား ။ မိန်းမ ပီသ တဲ့ ဣန္ဒြေ ကို လား ။ ရုပ် ချော လို့လား ။ ဥစ္စာ ပေါ လို့လား ။ ပညာ တတ် လို့လား ။ ဘာကို ချစ်သလဲ ။ နားရွက် ကို လား ။ နှာခေါင်း ကို လား ။

လေးလေး မိတ်ဆွေ ရဲ့ ချစ်သူ ဆိုတာ ဘွဲ့ ရပြီးသား ။ အထက်တန်း စာရေးမ ။ မိဘ က ပြည့်စုံတယ် ။ သူ့ ကို ရိုးရိုးသားသား မှန်း ၊ အဲဒီ မိတ်ဆွေ ပြောသမျှ ယုံပြီး ချိန်းတွေ့တဲ့ ဆီ လိုက်လာ တာ နဲ့ ခန့်မှန်းလို့ ရတယ် ။ အဲဒီ မိတ်ဆွေ က ရည်းစား သက်စေ့ ထားတာ ။ အရွယ် မရောက်ခင် ကလေး တုန်း က မထားလိုက်ရတဲ့ အတွက် အတိုး နဲ့ လေးလ တစ်ယောက် နှုန်း လောက် ပြောင်း တယ် ။

အဲသလို လူ က တောင် “ နားရွက် မပါဘူး ” ဆို စ လိုက်တာနဲ့ “ ငါတော့ မှားပြီ ” လို့ ထင် သတဲ့လေ ။ မိန်းကလေး ဟာ သူ့ ကို ရည်းစား ထားမိ ကတည်း က မှားခဲ့တာ ။

ဒီတော့ ငါ့ တူမများ ကို လေးလေး သတိ ပေးချင်တယ် ။

ငါ့ တူမများ ကို ချစ်ရေး ဆိုလာရင် ... ။ ကိုယ့် မှာ ဘာပြစ်ချက် မှ မရှိဘူး ထင် လို့ ။ တကယ်လို့များ ကိုယ့် မှာ အားနည်းချက် တစ်စုံ တစ်ခု ရှိနေရင်တော့ ပြစ်ချက် ကို ကြို ပြီးတော့သာ ဖွင့် ပြော ထားပေရော့ ။

ယောက်ျား ဆိုတာ ပြစ်ချက် ကို နောက် မှ သိရင် စွန့်ခွာဖို့ ဝန် မလေးဘူး ။ မှတ်ထားကွယ့် ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၃ )

aung naing oo

No comments:

Post a Comment