Thursday, July 21, 2022

ပေးဆပ်ရခြင်း


 

❝ ပေးဆပ်ရခြင်း ❞

ယနေ့ ဆရာဝန် နှင့် တွေ့ဆုံရခြင်း မှာ ကျွန်မ အတွက် စဉ်းစားစရာ ပြဿနာ တစ်ရပ် တိုး၍ လာခဲ့လေသည် ။

ယခု တစ်ခါ သွားရောက် တွေ့ဆုံရခြင်း သည် ကျွန်မ ခံစားရသော ရောဂါ ကို သွားရောက် ပြသခြင်း မဟုတ်ပေ ။ တခြား ကိစ္စ တစ်ခု နှင့် သွားခြင်း ဖြစ်၏ ။

လွန်ခဲ့သော လ က ကျွန်မ သူငယ်ချင်း မမြမှီ ထံသို့ ကျွန်မ သွား ရောက် လည်ပတ်ခဲ့၏ ။ မမြမှီ နှင့် ကျွန်မ သည် ငယ်သူငယ်ချင်း ဖြစ်ကြသော် လည်း ဘာမှ တူညီကြသော သူ နှစ်ယောက် မဟုတ် ဟု ဆိုရပေမည် ။

သူ သည် မိန်းမ နှင့် တူသော သူ တစ်ယောက် ပါပေတည်း ။ ငယ်ငယ် ရွယ်ရွယ် စာသင်ကြစဉ် က ဆယ်တန်း သို့ ရောက် လာလျှင် ဂဏန်းအက္ခရာ ၊ သင်္ချာ ၊ ဂျော်မက်ထရီများ ကို ဆရာ က တွက်နိုင်သလောက် တွက်ရန် အပုဒ် တစ်ရာ နှစ်ရာ ပေးထား၏ ။ တစ်ပတ် တစ်ခါ တွင် ကျောင်းသားများ မည်မျှ တွက်ချက်ပြီးသည် ကို စစ်ဆေးတိုင်း မမြမှီ တို့သည် ဆရာ ကျေနပ်မှု ကို အစဉ် ရရှိ၏ ။ မမြမှီ တို့ အပုဒ် တစ်ရာ လောက် တွက်ချက်ပြီးချိန် တွင် ကျွန်မ နှင့် အဖော် တစ်ယောက် မှာ အပုဒ် နှစ်ဆယ် မှ မကျော်သေး၍ အပျိုဖော် မဝင့် တဝင် ဆံတောက် ထား စ အရွယ်ကြီး မှာ ပင် ခုံပေါ် မတ်တတ်ရပ် ခဲ့ပေါင်း များ ခဲ့ရလေသည် ။ ထို ဂဏန်း တွက်သည် ကို ကြည့်ရုံ နှင့် မမြမှီ သည် ဝီရိယ တွင် သေးနုတ်သူ မိန်းမ တစ်ယောက် မဟုတ် သည် ကို အကဲ ခတ် နိုင်ပေပြီ ။

သူ နှင့် ကျွန်မ သည် ဂဏန်း တွက်တာလေး က အစ ဝီရိယ ချင်း မတူကြသော်လည်း အတူ နေခဲ့ကြသည် မှာ အိမ်ထောင် ကျ မှပင် ခွဲ ကြရသည် ။

အိမ်ထောင် မကျခင် ကလည်း ကျွန်မ ဟင်းတစ်ခွက် ချက်တိုင်း သူ သည် ရင်ဘတ်ကလေး ပုတ်ကာပုတ်ကာ နှင့် “ မိယု ရယ် ... မင်း ဒီလို လုပ်ပုံ နဲ့ ဘယ်တော့ ချမ်းသာမလဲ ”  ဟု ဆိုတတ်သည် ။ သူ သည် မကုန်သင့်သော နေရာ တွင် ဆီတစ်စက် ကို အပို မကုန်စေရပေ ။ ဆီပြန် တွင် ဆီ ဘယ်နှစ်ကျပ်သား လောက် ကို ထည့်၍ ချဉ်ရေဟင်း တွင် ဘယ်လောက်သား ထည့် သင့်ကြောင်း ကို သူ ခဏခဏ ပင် ကျွန်မ ကို သင်ပြပါသည် ။ ကျွန်မ က တော့ ကျွန်မ ထုံးစံ အတိုင်း  ...

“ ဘုရား သိကြား မလို့ ဆီ ဘယ်နှစ်ကျပ်သား ၊ ငရုတ်သီး ကြက်သွန် ဘယ် နှစ်တောင်း ၊ ဘယ်နှစ်ဥ ဆိုပြီး စဉ်းစားရတဲ့ ဘဝများ ဘယ်တော့ မှ မရောက်ရပါစေနဲ့ ”  ဟု ကျိတ်၍ ဆုတောင်းမိ၏ ။

သူ သည် လမ်းမှန်ကမ်းမှန် မိန်းမတို့ တတ်အပ်သော ပညာ ကို တတ်သူမို့ သူ ကျွန်မအား သင်ကြားပြောဆိုချိန်တွင် ကျွန်မ ငြိမ်သက် စွာ နားထောင်ပါ၏ ။ 

တစ်လ ကုန် သွားလျှင် သူ ၏ စာရင်းစာအုပ် တွင် ဝင်ငွေ ထွက်ငွေ နှင့် စုငွေများ အတိအကျ သေသေသပ်သပ် ရှိ၏ ။ အပို ကုန်ကျငွေများ သူ့ စာရင်းစာအုပ် တွင် မရှိပေ ။

“ မိခင်ယု ... သုံးချင်တာ ဘယ်လို သုံးသုံး ၊ မင်း အသုံးစာရင်း ကို အတိအကျ ထားစမ်းပါကွယ် ”  ဟု ခဏခဏ ပြောပါသည် ။ 

“ ဘာဖြစ်လို့လဲ ဆိုရင် လင် ရတောင် ကိုယ် က စာရင်း နဲ့ အင်း နဲ့ ချက်ချက်ချာချာ လုပ်ပြနိုင်တော့ လင် က အပြစ် တင်စရာ မရှိဘူး ၊ ကိုယ့် အိမ်ထောင် ကို လည်း နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်တာပေါ့ ... ” 

သူ့ နည်းလမ်း သည် မှန်ကန်ပါသည် ။ သူ့ စကား ကို ကျွန်မ နားတော့ ထောင်ပါသည် ။ သို့သော် ကျွန်မသည် နှစ် နဲ့ နှစ် ပေါင်း လေး ဟူသော အလုပ် ကို လုပ်ရန် ပျင်း ကို ပျင်းသည် ။ ပင်ကိုယ် ကလည်း ဝါသနာ မပါ လှ ၊ အပျိုဘဝ လခ ရလျှင် အမေ ၊ သို့မဟုတ် အစ်မ ကို အပ်လိုက်၏ ။  ပြီးမှ သူတို့ ဆီ က မုန့်ဖိုး တောင်း သုံးသည် ။

မမြမှီ က စာရင်းအင်း အတိအကျ ထားဖို့ ဆုံးမ ပြန်တော့လည်း ကျွန်မ ကလည်း ကျွန်မ ထုံးစံအတိုင်း ကျိတ်မှိတ် ဆုတောင်းမိပြန်သည် ။

“ ဘုရားသိကြားမလို့ စာရင်းတွေ အင်းတွေ နဲ့ သုံး နဲ့ နှစ် ပေါင်း  ၊ ငါး ရတယ် ဆိုပြီး ဂဏန်း ထိုင် တွက်တဲ့ လူ နဲ့ များ ဘယ်တော့ မှ မရပါစေ နဲ့ ” 

အလုပ် ကို ဝတ္တရား အတိုင်း သတ်မှတ်ထားသော အချိန် အတွင်း ဘယ်လိုပင် လုပ်ရ လုပ်ရ ၊ ကျန်သော ကျွန်မ ၏ ကိုယ်ပိုင် အချိန် အတွင်း မှာ မူ ကျွန်မ ဖတ် လိုသော စာအုပ် ကို ကြိုက်သလို ဖတ် ချင်သည် ။ ကျွန်မ လေ့လာ လိုသော ဘာသာရပ် ကို ကမ်းကုန်ယမ်းကုန် လေ့လာ ချင်သည် ။ ကျွန်မ တွေးချင်သော အတွေးအခေါ် ကို  မိုး ကိုပင် ပေါက်ပေါက် ထိုင် တွေး နေချင်သည် ။ 

ပင်ကိုယ် မွေးပါ အကျင့်များ ဖြစ်၍ မမြမှီ ဆိုဆုံးမသော်လည်း  ၊ ကျွန်မ အကျင့်ကို မပျောက်ချင်ပေ ။ စာရင်းတွေ အင်းတွေ နှင့် ဂဏန်း ပေါင်း နေရမည့် အချိန် ကို ကျွန်မ စိတ်ထဲ က အချိန် ကုန်သည် ဟု ထင် သည် ။ သို့သော် တစ်ခါတစ်ရံတော့ မမြမှီ ပြောသလို ရသော ယောက်ျား က စာရင်းကိုက် ဂဏန်းကိုက် လူများ ဖြစ်နေလျှင်တော့ ဒုက္ခပါပဲ ဟူ၍ တော့ စိုးရိမ် မိတတ်ပေသည် ။

ကျွန်မ တို့ အပျိုတုန်း က နိုင်လွန် ခေတ် မစားသေး ၊ ပဒုမ္မာ မယ်ညို  မှာ ထိပ်တန်းသုံး ဖြစ်၏ ။ မယ်ညို ပဒုမ္မာ ကို လျော်ပြီး ၍ ကော်တင် လျှင် မမြမှီ သည် ပလောပီနံမှုန့် ကော်လေး နှင့် အရေကျဲကျဲ တင်ကာ လှန်း၏ ။ ကိုယ်တိုင် မီးပူ တိုက်ချိန်တွင် ရွရွလေး လက် နှင့် သကာ, သကာတိုက်နေ ပုံ ကို ကျွန်မ ယခု တိုင် မျက်စိ ထဲ တွင် မြင်ယောင် နေသေးသည် ။ ပဒုမ္မာ အင်္ကျီ ကို သူ ဝတ်ချိန် တွင် သူ့ အသား က ဖြူဖြူ နှင့် ပဒုမ္မာပျံ့ပျံ့ပါးပါးလေး မှာ ကြွကြွရွရွ လှ နေပေသည် ။ 

မမြမှီ သည် ...  

ဂဏန်း ကို လည်း နိုင်သည် ။ 

မီးဖို တွင် လည်း အချိုး ကျသည် ။ သူ့ ကိုယ် အလှ ကို လည်း သေသေ သပ်သပ် ဆင်ယင်တတ်သူတည်း ။

ထို့ကြောင့် မမြမှီ သည် မိန်းမ နှင့် တူသော မိန်းမ ပီသည့် မိန်းမ တစ်ယောက် ဟု ကျွန်မ ဆိုလိုခြင်း ဖြစ်ပါသည် ။

မေမေ မဆုံးခင် က မူ ..

“ သမီး က ကွယ် ... မမြမှီ ခြေဖျားတောင် မမီဘူး ၊ မမြမှီ ကို နည်းနည်းပါးပါးတော့ အတုခိုးသင့်တယ် ”  ဟု ဆိုတတ်ပါသည် ။

အိမ် တွင် ထမင်းချက်များ ၊ အိမ်ဖော်များ မထားနိုင်သော နောက် ပိုင်းတွင် ကျွန်မ သည် ထမင်းချက် ၊ အဝတ်လျှော် အားလုံးတော့ တတ်သမျှ မှတ်သမျှ ကြုံး လုပ်ပါသည် ။ သို့သော် စာရင်းကိုက် အင်းကိုက် အသေးစိတ် ရမှာ ကိုတော့ အလွန် ကို ပျင်းရိလှသည် ။

သို့နှင့် မေမေ လည်း ဆုံးသွားသည် ။ မမြမှီ နှင့် ကျွန်မ လည်း အိမ် ထောင် ကျကာ ခွဲခွာ သွားကြရသည် ။ မမြမှီ ကို တစ်ခါတစ်ခါ မှ သွားရောက် တွေ့ဆုံမိသည် ။ သူ့ သတင်း ကိုသာ အဝေး မှ နားထောင် နေရ၏ ။ သူ ဘယ်လို လင်မျိုး နှင့် ရသည် ကိုလည်း ကျွန်မ မစပ်စုမိ ၊ သူ့ အိမ်ထောင် ဖက် ကို သူ့ ဟာသူ ရွေးကာ ယူခြင်း ဖြစ်၏ ။ မမြမှီ တွင် လည်း တွေးတောစိုးရိမ်စရာ ချိုယွင်းချက်များ ရှိသူ မဟုတ် ။ သူ သည် အိမ်ထောင် တစ်ခု ကို ဦးစီးနိုင်သော အရည်အသွေး ရှိသည့် မိန်းမ တစ်ယောက် ပါပေတည်း ။ သူ့ ကို ရရှိသော ယောက်ျား သည် လည်း အလွန် ကံကောင်းပေမည် ။ 

ကျွန်မ သာ ဘုရားတွေ သိကြားတွေ နှင့် ဆုတောင်း ရင်း အိမ် ထောင် ကျသွားရ၏  ။ ယခုတိုင်လည်း ဘုရားတွေ သိကြားတွေ ဆုတောင်း နေရတုန်း ဖြစ်၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်မ တွေးခေါ်လိုသော သဘောတရား အယူအဆ များ ကို ကျွန်မ ယောက်ျား က အတင်း လွှမ်းမိုး၍ သူ့ ကို မေ့သွားသော အခါ ယောက်ျား စိတ်ဆိုး မှာ ကို လည်းကောင်း ကျွန်မ ကြောက်သောကြောင့် ပင် တည်း ။ 

ကျွန်မ ကို ရသော ယောက်ျား မှာ ကံခေရှာသည် ဟု ဆိုရပေမည် ။  စာရင်းအင်း မကိုက် အိုးနင်းခွက်နင်း ချက်သော ထမင်း ကို စား ရကာ အလှအပ မရှိသော မိန်းမ တစ်ယောက် ကို ရသော ယောက်ျား သည် အဘယ် မှာ ကံကောင်းသည် ဟု ဆိုရပါမည်နည်း ။ ထို့ကြောင့်ပင် ကျွန်မ သည် ယခုတိုင် ဘုရား သိကြား တ နေရခြင်း ဖြစ်ပေသည် ။

ကျွန်မ ယောက်ျား သည် တစ်နေ့တွင် ကျွန်မ အား ပစ်ခွာ သွားစေဦးတော့ ' သူ့ ခမျာ ဝဋ်ကျွတ်ရှာပေပြီ .. ' ဟု ကျွန်မ စိတ် ဖြေရမည့် အဖြစ်ပေတည်း ။

လွန်ခဲ့သော သုံးနှစ် လောက် က မမြမှီ နှင့် တွေ့စဉ်တွင် မူ

“ မင်း ကို မြင်ရတာ အားကျလိုက်တာ ...”  ဟု ဆို၏ ။

“ ခု စာမေးပွဲ လည်း အောင်ပြီ ၊ စာအုပ်တွေ က လည်း ထွက် လာ လိုက်တော့ မင်း စာအုပ်တွေ ကိုလည်း လူတွေ က ကြိုက်ကြတယ် ...  ငါ့ မှာ တော့ ကလေးတွေ သာ တစ်နှစ် တစ်ယောက် မွေး နေရလို့ စာမေးပွဲ လည်း မဖြေနိုင်ဘူး ” 

သူ က ကျွန်မ ဘဝ ကို ပင် အားကျသယောင် ပြော ပါ၏ ။

“ အေးပေါ့လေ ... သူငယ်ချင်းရယ် ... ကိုယ့်မှာတော့ မင်းတို့ လို တစ်နှစ် တစ်ယောက် ကလေး မမွေးနိုင်တော့လည်း တစ်နှစ် စာအုပ် တစ်အုပ် မွေး ထုတ်နေရတာပေါ့ ... ” ဟု သူ့ ကို ပြန် ပြောလိုက်ရပါသည် ။ ကျွန်မ သူတို့ အိမ် သွားရောက် လည်ပတ် တိုင်း ကံ့ကော် ၊ သန့်စင် ၊ စံပယ် ၊ ကြက်ရုန်း ၊ ခတ္တာ အစရှိသော ပန်းအမည် ပေးထားသည့် ဘုစုခရု သူ့ သမီးလေးများ ကျွန်မ အနား ဝိုင်းဝိုင်းလည် ရောက်လာကြ၏ ။

“ ကြီးကြီးယု လာပြီ ... မေမေရေ ... ” ဟု မီးဖိုတွင်ရှိသော သူတို့ အမေ ကို လှမ်း ခေါ်ကြ၏ ။ ထိုအခါကျတော့လည်း “ ငါ ဟာ ကလေး တစ်ယောက် ကို တောင် အဖြစ် ရှိအောင် မိန်းမ ပီပီ မွေးပြနိုင် သူ မဟုတ်ပါလား ...” ဟု ကိုယ့် ဘဝ ကိုယ် ဝမ်းနည်း တတ်သည် ။ သို့နှင့် သူ နှင့် တွေ့သည့်အခါ ဝမ်း နည်းလိုက် ဝမ်းသာလိုက် နေလာသည် မှာ မမြမှီ တွင် ကလေး ဆယ်ယောက် ရပေပြီ ။ ကျွန်မ လည်း လုံးချင်း စာအုပ်များ ဆယ်အုပ် လောက် ရေးပြီးပေပြီ ။

မမြမှီ သည် နောက်ဆုံးကလေး မှ တစ်ပါး ကျန် ကိုးယောက်မွေး စဉ်တွင် အလုပ် လုပ် နေတုန်း ဖြစ်၏ ။ ကိုယ်ဝန်ကြီး တလွယ်လွယ် နှင့်ပင် သူ အလုပ် လုပ်လိုက် ခွင့် ယူလိုက် မွေးလိုက် လုပ် လာသည်မှာ နောက်ဆုံး ဆယ်ယောက် မြောက် ကလေး ကျ မှပင် အိမ် တွင် ကလေး ကြည့်မည့်သူ မရှိ၍  ... အလုပ် ထွက်လိုက်ခြင်း ဖြစ်ပေသည် ။

ရန်ကုန် တွင် ကလေး ကိုးယောက် အိမ်ထောင် မှာ ... အဖေရော အမေရော အလုပ် လုပ် မှ လူစဉ် မှီမည် ကို ကျွန်မ တွေး မိပေသည် ။

မမြမှီ နှင့် မတွေ့သည် မှာ နှစ် နှစ် လောက် ရှိသွားပေပြီ ၊ တစ်နေ့ကမူ မိတ်ဆွေ တစ်ယောက် နှင့် ဘတ်စ်ကား ပေါ် မှာ တွေ့ရင်း မှ မမြမှီ က ကျွန်မ ကို တွေ့လိုကြောင်း ပြောသည် ဟု ကျွန်မ သိရ၏ ။ ကျွန်မ သည် လည်း ခုတလော အိမ်ပြင်သို့ မထွက်သည် မှာ ... ကြာပေပြီ ၊ တစ်လစာ တစ်လစာ ဈေး ဝယ်ချိန်သာ မြို့တွင်း ဈေးသို့ ရောက်ခဲ့၏ ။

တစ်နေ့ကမူ မမြမှီ ထံ သို့ တမင်သက်သက် သွားရောက် တွေ့ဆုံရ၏ ။

“ နေနိုင်လိုက်တာ မိခင်ယု ရယ် ... ကိုယ် တစ်ယောက် ရှိသေးတယ် လို့ များ သတိ ရသေးရဲ့လား ...” 

သူ က တွေ့တွေ့ချင်း ဆီးကြို အပြစ် တင် လိုက်ပါသည် ။

“ စိတ် မရှိပါနဲ့ ဟာ ... သတိတော့ ရပါတယ် ၊ ကိုယ့် အကျင့် ကို က အိမ် လည်း မလည်တတ်ဘူး ၊ တစ်ယောက်တည်း နေရတာ ပျော်တယ် ။ ကိုယ့် ရောဂါ နဲ့ကိုယ် စိတ်ညစ်လို့ ” 

“ အေး ... မင်းစိတ်ညစ်တယ် ဆိုလို့ ကိုယ် က ထပ် ပြောရဦးမယ် ။ မင်း အပူ နဲ့ မင်း ဆိုပေမယ့် ကိုယ့် မှာ လည်း ကိုယ့် ဗိုက် လှုပ်တာက အရေး ကြီး နေလို့ ” 

“ ဘာ ...  ”  

ကျွန်မ သည် သူ့ စကား ကို နားမလည်ပါပေ ။ သူ သည် သူ့ ဗိုက် ကို လက်ညှိုးထိုး ပြပါ၏ ။ ,

“ အဲဒါ ဘာဖြစ်လဲ ... ၊ ဒါပါဆို ဆယ့်တစ်ယောက်ပေါ့ ”  

ကျွန်မ စိတ် ထဲ တွင် မူ ဘာမှ မထူးခြားသလို ပြောလိုက်၏ ။ ခါတိုင်း တစ်နှစ် တစ်ယောက် မွေးနေကျ ယခု နို့ညှာ သုံးခါ လည်ခါနီး မှ ကိုယ်ဝန် ရှိခြင်းသည်သာ ထူးဆန်းသည် ဆို လျှင် ထူးဆန်း ရပေမည် ။

“ ဪ ... မိယု ရယ် ... ကိုယ် ပြောမပြချင်ဘူး ”  

သူ သည် ပြောရင်း မျက်ရည် လည်လာ၏ ။

“ ပြော မဖြစ်လို့ ပြောရတာ ၊ ကိုယ် အလုပ် မလုပ် နိုင်တာက လေးနှစ် ရှိပြီ ဆိုပါတော့ ။ သူတို့ အဖေ အလုပ် ပြုတ်တာ သုံးနှစ် ရှိပြီလေ ၊ ရန်ကုန် မှာ အလုပ် မရှိဘဲ ဒါလောက် ကြာကြာ နေရရင် ဘယ်လို ဖြစ်တယ် ဆိုတာ မင်း သိမှာပေါ့ ” 

“ ဟင်း ...”  

ကျွန်မ သက်ပြင်း ချမိ၏ ။ ရန်ကုန် တွင် အဖေရော ... အမေရော အလုပ် မရှိဘဲ ကလေး ဆယ်ယောက် နှင့် နေရေးထိုင်ရေး မလွယ်သည် ကို ကျွန်မ သိပါ၏ ။ သို့သော် ... မမြမှီ လို စာရင်းကိုက် အင်းကိုက် မိန်းမ တစ်ယောက် အတွက် ဆင်းရဲခြင်း ဆိုသည် မှာ မရှိနိုင် ဟု ကျွန်မ တွက် ထား သောကြောင့် အံ့သြ နေခြင်း ဖြစ်၏ ။

“ သူတို့ အဖေ ကော ဘာမှ မလုပ်ဘူးလား"

“ အဲဒါကြောင့် ပေါ့ ...  ။ ကိုယ် က ဆည် တဲ့ ကန်သင်းကြီး ဘယ်လို ပဲ ကောင်းကောင်း စီးတဲ့ ရေ က စီး မလာတော့ ဒီ ကန်သင်းကြီး က ဘာ လုပ်ရမလဲ ” 

သူ့ စကားလုံး နှယ် ကောင်းလိုက်သည့် ဖြစ်ခြင်း ၊ မမြမှီ ဆင်းရဲခြင်း နှင့် ပတ်သက်၍ ပယောဂ ဘာမှ မရှိသည် ကို ကျွန်မ ယုံကြည်ပါ၏ ။ အဘယ်ကြောင့် ဆိုသော် မမြမှီသည် အရည်ပြည့် ရွှေ လို မိန်းမ တစ်ယောက် ပင်တည်း ။

“ ကလေးတွေ အဖေ ကလည်း လုံးဝ ဝင်ငွေ မရှိဘူး ။ ခု စားဖို့ တို့ ၊ ကလေးကျောင်းလခ တို့ က ဘေး ချိတ်ထား ၊ လောလောဆယ် ခက်နေတာ က ဒီ ကလေး မွေးဖို့ ”

“ ကိုယ် ... ဘာလုပ်ပေးရမလဲ ” 

“ ဆရာဝန် ကို သွား ပြောပေးပါဟယ် ...  ၊ ဒီ ကလေး ကို မွေးဖွားပြီး မှ ကိုယ် ငွေရှင်းပေးမယ် လို့ ၊ ခု ကိုယ် အားနည်း လို့ ထိုးရတဲ့ ဆေးဖိုးတွေ ဘာတွေလည်း နောက်မှ ရှင်းပေးမယ့် အကြောင်း မင်း သွားပါ ၊ ငါ့ ပါးစပ် နဲ့ ပြော ရမှာ အားနာ လို့ ” 

ကျွန်မ သည် ခေါင်း တညိတ်ညိတ် နားထောင် နေ၏ ။ သွားရမည့် ဆရာဝန် ကလည်း ကျွန်မ မိဘ လို အားကိုး ကြည်ညိုသော ဆရာဝန် များ တွင် တစ်ယောက် အပါအဝင် ဖြစ်သည့် သားဖွားဆရာဝန် တစ်ယောက် ဖြစ်သည် ။ မမြမှီ ပထမဆုံး ကလေး ကတည်း က ကျွန်မ က ထို ဆရာဝန် နှင့် မိတ်ဆက် ပေးခဲ့ခြင်း ဖြစ်၏ ။ ရန်ကုန် တွင် စားရေး ၊ ဝတ်ရေး ထက် နာဖျားမကျန်း ရှိသောအခါ အားကိုးဖို့ ၊ ကြင်နာတတ်သော ဆရာဝန်များ နှင့် ဆက်ဆံဖို့ က လည်း အရေး ကြီးပေသည် ။

“ ဒီ ကလေး ရှိစ တုန်းက ဆရာဝန် က ပြောတယ် ။ အသက် မဝင်ခင် ထုတ် ပစ်လိုက်ဖို့ ၊ ဒီလို လုပ်ဖို့လည်း ငါ မလုပ်ချင်ဘူး ” 

ကျွန်မ သည် သူ့ ကို စူးစိုက် ကြည့်နေမိ၏ ။

“ ကိုယ် ကို ခွဲစိတ် ကုသ ပစ် ဖို့လည်း ငါ ကြောက်တယ် ”

( ထိုစဉ်က ယခု ကဲ့သို့ အစိုးရ သည် ဆေးပညာနည်း အရ ကလေး တားသော အလုပ်များ ကို ဥပဒေ နှင့် တင်းတင်းကျပ်ကျပ် မတားမြစ်သေးပေ ။ )

စင်စစ်မတော့ မမြမှီ သည် ချီးကျူး ထိုက်သော မိန်းမ ပါတည်း ။ ထမင်းရည် ပင် လျက်ရစေတော့ သူ့ ဝမ်း ဝယ် သန္ဓေတည် လာသော ကလေး ကို လူ ဖြစ်အောင် မွေး မည် ဟူသော စိတ်ဓာတ် ရှိသူ ဖြစ်၏ ။ ထို စိတ်ဓာတ် က မိခင်မေတ္တာ နှင့် မိခင်တစ်ယောက် ၏ သတ္တိ ကို ပြ၏ ။

ကျွန်မ သည် အတွေးသမား ပီပီ သူ့ မျက်နှာ ကို ကြည့် ကာ တွေး နေ မိသည် ။

“ သူ ထင်း ရောင်း  ရင် ငါ  ရေ ပဲ ထမ်းရ ထမ်းရ အလုပ် လုပ် လာခဲ့တဲ့ မိန်းမ ပါ ။ မင်း သိတဲ့ အတိုင်း အခု ကလေး ဆယ်ယောက် မွေးခဲ့ရတဲ့ ဒဏ် ရော ကလေးတွေ ကြည့်မယ့် လူ ကလည်း မရှိတဲ့ အဖြစ်တွေကြောင့် ငါ အလုပ် မလုပ်နိုင်ဘူး ။ အလုပ် လည်း မလုပ်နိုင်ရော ဒီ အဖြစ် ရောက်ရရော ”  

သူ က ပြောရင်း  ...  မျက်ရည် ကျ လာပြန်သည် ။

“ တစ်နေ့က သူ နဲ့ငါ အကြီးအကျယ် ရန်ဖြစ်ရတယ် ။ သူ က ပြော တယ် ၊ ကလေးတွေ ပညာ သင်ပေးဖို့ အစိုးရကျောင်း တွေ ရှိတယ် ။ ကျောင်းထားချိန် ကျ သွားလို့ နေမကောင်း ရင် ဆေးရုံ တွေ ရှိတယ် ။ သွား ပို့ လို့ ပြောတယ် ။ ငါ့ အဖြစ် က ပြောရမှာတောင် ရှက်တယ် ။ အဲဒီ နေ့ က ကလေးများ လို့ ဆေးရုံ သွားဖို့တောင် ဘတ်စ်ကားခ မရှိဘူး သိလား ။ ရှင် ပဲ ရှင့်ကလေး ထမ်းပို့ လို့ ပြော လိုက်တယ် ”   

“ သူ ဘာလို့ အခြား အလုပ် တစ်ခု ကို မရှာချင်တာလဲ ဟင် အလုပ် ရှာ မရလို့လား ၊ အလုပ် မလုပ်ချင် လောက်အောင် လောက ကို စိတ် ကုန် နေလို့လား ...  ” 

ကျွန်မ သည် ကျွန်မ သိလိုသော မေးခွန်း ကို မေး လိုက်ရ၏ ။

“ အို ... မသိဘူး ... မသိဘူး  ...  သူ့ကို ဘာမှ မမေးချင်တော့ဘူး ။ ငါ့ သဘော က လောက ကို စိတ် ကုန်ကုန် မကုန်ကုန် ကိုယ့် ပယောဂ နဲ့ ဖြစ်လာတဲ့ ကလေး ကိုတော့ ထမင်း ဝအောင် ကျွေးဖို့ ၊ ပညာ ပေးဖို့ ဒီ အဖေ မှ တာဝန် မယူရင် ဘယ်သူ က ယူ မှာလဲ ”  

ကျွန်မ သည် ငိုင် ၍ တွေး နေမိ၏ ။ ကျွန်မ ၏ အယူအဆ ကို တင်ပြရလျှင် ကောင်းပါမည်လော ။ ကျွန်မ အယူအဆ သည် မမြမှီ စိတ် နှင့် ကိုက်ညီပါမည်လော ။ ကျွန်မ ကတော့ သူ့ အတွက် သင့်လျော်မည် ထင်၍ အကြံဉာဏ် ပေးခြင်းပေတည်း ။ သို့သော် သူ့ အတွက် စိတ်ဆိုးစရာ ဖြစ် နေမည်လား ။

လူတွေ မှာ ဘဝ အကျိုးပေး ကံချင်း မတူကြ ၊ တချို့ မှာ ကလေး လို ချင်၍ လောကဓာတ် နည်း ရော ၊ နတ် ရော ၊ ညောင်ပင် ရော မနေရ ၊ နည်း မျိုးစုံလုပ် သော်လည်း ကလေး မရ ၊ တချို့ကျတော့လည်း စားရ တစ်ချက် မစားရ တစ်ချက် မှာပင် ကံလေးများ က ကြက် သားပေါက် သလို အပြုံလိုက် အပြုံလိုက် ပေါက် လာကြသည် ။ 

“ စိတ်တော့ မရှိနဲ့ မမြမှီ ၊ ကိုယ် တစ်ခု ပြောပြမယ်လေ ... ကိုယ် ဟာ စာတွေ ရေးပြီး ဘဝ မှာ လူတွေ ကြုံရတဲ့ ဒုက္ခ ကို အားတင်းဖို့ ကိုယ့် ရဲ့ ဇာတ်လိုက်တွေ မှာ သတ္တိ သွင်း ပေးပေမဲ့ လောလောဆယ် ဘဝ ဒုက္ခ ကို ကိုယ်ဟာ ရင်ဆိုင်ချင် မှ ဆိုင် နိုင်မယ် ။ ဥပမာ - မင်း လို ကလေး တမြုံ ကြီး နဲ့ ဒုက္ခ ဆိုတာ ကိုယ် မကြုံခဲ့သေးဘူး ။ ကိုယ် ကြုံခဲ့ရတာ က မိအိုဖအို အရွယ် မရောက်သေး တဲ့ ညီမသားချင်းတွေ ဒုက္ခ ကိုသာ ကြုံးခံဘလာခဲ့ရတာ လား  ... ကိုယ် မင်း ရဲ့ သတ္တိ ကို ရော ဇွဲ ကို ရော ချီးကျူးပါတယ် ၊ ဒါပေမဲ့ ခု အဖြစ် က ကလေး က မနိုင်ရင်ကာ များလာတယ် ...  ” 

“ များလာတာ မှ ခု စာမေးပွဲ ဖြေရခါနီး နေပေမယ့် ကျောင်းလခ မပေး နိုင်ရင် အကြီးမ က စာမေးပွဲ မဖြေရဘူး ၊ ပေးစရာလည်း ငါ့ မှာ မရှိဘူး ၊ အစိုးရ ကျောင်းတွေ ကလည်း အလွတ်ကျောင်း က လာရင် လက်မခံဘူး တဲ့ ...” 

“ ဟုတ်ပါတယ် ၊ ဒါတွေ အားလုံး ကိုယ် သိပါတယ် ။ ဒီတော့ တစ်ခု စဉ်းစား ကြည့်ပါလား ... ဟို ဇိမ် ခံချင်လို့ အကြော ဖြတ် တာတို့ ၊ မိန်းမတွေ အကျင့် ပျက်ပြီး ကလေး ဖျက် တာတို့ ကိုယ် လည်း မထောက်ခံဘူး ၊ ကိုယ့် ဝတ္ထုတွေ ထဲ မှာ လည်း ရှုတ်ချခဲ့တယ် ၊ ဒါပေမယ့် မင်း အတွက်တော့ ကိုယ် စဉ်းစားမိတယ် ”

“ ဘယ်လိုလဲ ... ”

“ သူ့ အဖေ က အလုပ် လုပ်ချင် စိတ် မရှိတော့ဘူး ၊ ဝင်ငွေ ကလည်း မရှိ ၊ ဒီ ကလေး ဆယ်ယောက် အပြင် နောက် တိုး လာရင် မခက်ဘူးလား ၊ ဒီ တော့ ဒီ ကလေး တစ်ယောက် မွေး ပြီးရင် ဘာသာရေး နဲ့ ကိုယ့် စိတ် ကိုယ် ထိန်းသိမ်း နေကြရင် မကောင်းဘူးလား ”

“ ဘာပြောတယ် ... ဘာလုပ်ရမယ် ... ”  

သူ က အထူးအဆန်း မျက်လုံးပြူး မျက်ဆံပြူး နှင့် မေး၏ ။

“ ဟိုဒင်းလေ ... အဗြဟ္မစရိယာပုဒ် ကို ဓိဋ္ဌာန် ဓိဋ္ဌာန်ပြီး ထိန်းသိမ်း သွားရင် ...” 

“ ဟယ် ... မဖြစ်နိုင် ၊ မိခင်ယု  နင် ရူးသလား ”

' ကဲ ... ခက်ကပြီ ၊ ကျွန်မ လည်း တတ်သမျှ မှတ်သမျှ  တွေးခေါ် ရသမျှ အကြံဉာဏ် ပေးခြင်းတည်း ။ ယခုတော့ သူ ကပင် ကျွန်မ ကို ရူး သလား ဟု ဆို၏ ။ ကျွန်မ အတွေးအခေါ် ကပင် အရူးအတွေး ဖြစ်လေ သလား '

ကျွန်မ သည် မဒရပ် မှ ရောဂါ ကု ပြန်လာ ကတည်း က ဆရာဝန် များ က ကလေး မွေးနိုင်အောင် အင်အား မရှိ၍ အနေအထိုင် ဆင်ခြင်ရမည် ဆို ထား၏ ။ ထို့ကြောင့်ပင် ခဏခဏ အဓိဋ္ဌာန် နှင့် သီလ စောင့်ထိန်းရ၏ ။ သီလ သည် သာလျှင် စိတ် ကို ငြိမ်အောင် ထိန်း နိုင်သည်တကား ။ သီလ သာ မရှိလျှင် ကျွန်မ လည်း ပုထုဇဉ်သားပေ မို့ ကျွန်မ စိတ်သည် ပါပသ္မိံ  မကောင်းမှု၌သာ ။ ယမတေ ၊ မွေ့လျော်ပေမည် ။ ကျွန်မ ကိုယ်တိုင် ကပင် လျှင် မမြမှီ လောက် သတ္တိ မရှိ ၊ သူရဲဘော ကြောင် နေသလား ။ ကျွန်မ သည် ဘဝ တွင် မိန်းမဓမ္မတာ ကြုံရမည့် ဒုက္ခ ကို မစွန့်စားရဲအောင် ကြောက်ရွံ့နေသော မိန်းမ တစ်ယောက် ပေ ပဲလား ။ ကိုယ့် ကိုယ် ကို လည်း တစ်ထိုင်တည်း မေးခွန်းများ မေးနေမိ၏ ။

“ အေးလေ ... ဖြစ်တော့ဖြစ်ချင်မှ ဖြစ်နိုင်မှာပါ ။ မဖြစ်နိုင်ဘူး ဆို ရင်လည်း ဒီ ကလေးတွေ အတွက် အလုပ် လုပ်ရမှာပဲ ၊ သိပ်ပြီး ဘရုတ်ဆန် တဲ့ တိုင်းပြည်တွေ မှာ ကလေး တွေ မွေးပြီးရင် ကလေးထိန်းကျောင်း ပို့ ၊ ပညာသင်ချိန် မှာ အစိုးရကျောင်း တွေ ပို့ပြီး ကလေး ကို အစိုးရ လက် အပ် လိုက်တယ် ဆိုပါတော့ ၊ ဒါပေမယ့် မိဘနှစ်ပါး ကတော့ အစိုးရ ကို ပြန် အလုပ် လုပ်ပေးရတာပဲ ”  

“ ကဲဟယ် ... မင်း ရဲ့ နည်းတွေ လမ်းတွေ ထားစမ်းပါဦး ၊ ခုလော လောဆယ် ဆရာဝန် ဆီ သွား ပြောစမ်းပါ ” 

သူ သည် ကျွန်မ ပြောသော အကြံဉာဏ် အတွက် သဘောပေါက် ဖို့ နေနေသာသာ ပို၍ပင် စိတ်ရှုပ်ပုံ ရ၏ ။ သို့နှင့်ပင် သူ့ အပါး မှ ခွာခဲ့ကာ ဆရာဝန် ဆီ သို့ ကျွန်မ ရောက်ခဲ့ပြန်၏ ။

ဒေါက်တာ ကို တွေ့လျှင် မမြမှီ အကြောင်းများ ကို ကျွန်မ ပြောပြ၏ ။

“ မင်း ကတော့ ကိုယ့် သမီး လည်း ဖြစ်နေလို့ ပြောပြရဦးမယ် မခင်ယု ၊ ကိုယ် က သူ့ ကို ဒီ ကလေး ကို မယူချင်နဲ့တော့ အသက် မဝင်ခင် တည်စက ထုတ်ပစ်ပါ လို့ အကြံ ပေးပါတယ် ”   

“ ဟာ ...  ဒေါက်တာ ကလည်း မိခင် တစ်ယောက် အနေနဲ့ ဒါမျိုး ဘာလုပ်ရဲမလဲ ”  

“ ဘာပြောတယ် ၊ မင်း က ငါ့ ကိုများ လူသတ်သမား လို့ စွပ်စွဲ ဦး မှာလား ၊ တို့ ဆရာဝန် မှာ ကျမ်း ကိုင်ပြီး ဒီဂရီ ယူခဲ့ရတာပါ ၊ ငါ လူ မသတ်ချင်ပါဘူး ၊ ခု ဟာ အသက် မဝင်ခင် မို့ ပြော ရတာ အသက် ဝင်လာရင် ငါ့ ကို ရွှေ ပုံပေး ၊ ငါ မလုပ်ဘူး ”  

“ မိခင် တစ်ယောက် အနေနဲ့ ဒေါက်တာ စဉ်းစားကြည့်ပါလား ၊ သိပ် ကြီး တဲ့ အပြစ်ကြီး ”

“ အပြစ် ...”  

“ ဟုတ်တယ် ...”

ဒေါက်တာ သည် ကျွန်မ ကို စိတ်ဆိုးသွားပုံ ရ၏ ။ သို့သော် သူ သည် ဂရုဏာဒေါသော ဖြစ်ဟန် ရှိပေသည် ။ ချက်ချင်းလိုပင် စိတ် ကို ထိန်းလိုက်ပြီး ...

“ အေးအေးဆေးဆေး စဉ်းစားစမ်း ” ဟု ဆိုပါ၏ ။

“ ကဲ  ... မင်း က ဒါ ကို အပြစ် လို့ ဆိုတယ် ။ တစ်ခုက ဒီကလေး ကို မိဘနှစ်ဦး ပယောဂ နဲ့ ဒီ လူ့လောက မှာ သန္ဓေ တည် လာတယ် ။ ဒီ ကလေး အပြင် မရောက်ခင် ဝမ်း ထဲ မှာ ကတည်း က လိုအပ်တဲ့ ဘီတာမင်ဓာတ်တွေ ၊ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဆိုပါတော့ ကျွေးမွေးရမယ် ။ မိခင် ကိုယ် တိုင် စားသုံးရမယ် ။ လိုအပ်တဲ့ ဆေး ကို ထိုးရမယ် ။ ပြီးတော့ မွေး ပြီးရင် လဲ ဒီကလေး ကျန်းမာသန်စွမ်းဖို့ ဆေးဝါး အာဟာရဓာတ် ကျွေးရမယ် ။ ကိုယ့် ပယောဂ ကြောင့် ဒီ ကလေး ရှိလာပြီး လိုအပ်သလို ဒီ ဆေးဝါးအာဟာရ ဓာတ်တွေ မကျွေးတာ ကရော အပြစ် မဟုတ်ဘူးလား ၊ ဆိုစမ်း မိခင်ယု ” 

ဆရာဝန် သည် စိတ်ရှည်လက်ရှည် ကျွန်မ ကို ရှင်းပြ၏ ။

“ ကဲလေ ... ဒါကျတော့ကော အပြစ် မဟုတ်ဘူးလား ၊ မင်း ကြည့်စမ်း ၊ မမြမှီ ကလေး ဆယ်ယောက် စလုံး ဖွံ့ဖွံ့ဖြိုးဖြိုး တစ်ယောက် မှ မရှိဘူး ။ ပိန်လှီ အနာ ဗလပွ နဲ့ လေးယောက်မြောက် ကလေး တုန်းကလား ၊ သူ့ လက် ထဲ သွား ပေးရင် သေ မှာ စိုးလို့ ဆေးတိုက် မှာ ထားရစ်ခဲ့ပြီး ကိုယ် ပဲ နှစ်ပတ် တိတိ မွေး ပေးရသေးတယ် လေ ... မှတ်မိလား ။ ပြီးတော့ ကလေးဆယ်ယောက် မှာ ငါးယောက် က အချင်း ကပ်နေတယ် ။ သူ့ ကျန်းမာရေး က လည်း နောက် ကလေး မွေးဖို့ သိပ် ခွန်အား မရှိဘူး ”

ဆရာဝန် က အခြေအနေ ကို ဆက်၍ ရှင်းပြ၏ ။

“ ကိုယ် လည်း တတ်နိုင်သလောက် ပြုစုတာပဲ ၊ ဒီဘက်ပိုင်း မှာ ငွေ လို လို့ ငွေ တောင်းတာ ၊ ရန်ကုန် မှာ ကိုယ် လို ဆရာဝန်မျိုး ရှာ ပါဦး ။ ခရစ်ယာန်ဖြစ်ဖြစ် ၊ ဗုဒ္ဓဘာသာဖြစ်ဖြစ် ဒီကလေး လူ့ဘဝ ရောက်လာ ရင်တော့ ဒီ ကလေး ကို ကောင်းကောင်း ပြုစုကျွေးမွေးရမှာပဲ ။ အခြေအနေ က ဆင်းရဲ လို့ မပြုစုနိုင်ရင် ဒီ ကလေး မရှိဖို့ကို လောကဓာတ်နည်း နဲ့ ဖြစ်ဖြစ် ၊ ကိုယ့် စိတ် ကိုယ် ခြိုးခြံတဲ့ ဘာသာရေး နည်း နဲ့ ဖြစ်ဖြစ် ထိန်းသိမ်း ရမှာပဲ ။ မွေး လာပြီး မှ မမွေး နိုင်တာ အပြစ်လား ...  ။ မမွေးအောင် လုပ်တာ အပြစ်လား ” 

ကျွန်မ သည် ဆရာဝန် ကို ဘယ်လို ပြန် ချေပရမှန်း မသိ ။

“ သူ ခု မွေးမယ့် ကလေး မှာတော့ မွေးဖွား ပြီးမှ ကျသမျှ ငွေ ယူဖို့ ကျွန်မ လာ ပြောတာပါ ”

“ ဒါကတော့ ကိစ္စ မရှိပါဘူး မခင်ယု ၊ အရင်ကဆို မင်း သိတဲ့ အတိုင်း မင်း မိတ်ဆွေ တချို့ ကို ကိုယ် အရစ်ကျ ငွေယူ မွေးပေးတာတွေ ၊ အလကား မွေးပေးတာတွေ မင်း အသိပါပဲ ။ စိတ်အေးလက်အေးသာ နေပါ ” 

သူ ကလည်း သူ့ ယူဆချက် ကို ရှင်းလင်း ပြော ပြပါ၏ ။ ကျွန်မ သည် ဒေါက်တာ ကို နှုတ်ဆက်ပြီး ပြန်လာခဲ့၏ ။

တစ်လမ်းလုံး တွင် စဉ်းစား မဆုံးခဲ့ ၊ ကိုယ့် ပယောဂကြောင့် ဤ ရင်သွေးငယ်များ လူ့ ဘဝ ရောက်လာ ပြန်လျှင်လည်း သူတို့ စားဝတ်နေရေး အတွက် အလုပ် လုပ်ဖို့ မမြမှီ ခင်ပွန်း သည် နောက် တွန့်ဖို့ မလိုပေ ။ ကလေးများ အဖေ သည် ဘာကြောင့်များ အလုပ် လုပ်ရန် စိတ် ကုန် နေပါသနည်း ။ အလုပ်ကိုင် ပင် မရှိလေသလား ။ အလုပ် ကို ကပင် စိတ်ကုန် နေသည် ဆိုလျှင် လင်မယား ဆက်ဆံဖို့ ကို လည်း စိတ် ကုန် သင့်သည် ။

အခိုက်အတန့်မို့ အလုပ် လက်မဲ့ ဖြစ် နေခြင်းလား ၊ မမြမှီ ကို သာ ရင်းနှီးသည် ။ သူ့ ခင်ပွန်းသည် နှင့် ရင်းနှီးသူများ မဟုတ်၍ အလုပ် အကြောင်း ကို စေ့စေ့ငုငု မဆွေးနွေးချင် ။ 

လမ်းတစ်လျှောက်လုံးတော့ “ အပြစ် ”   ဟူသော စကား အား ဆရာဝန် စကား အနက် ဖွင့်ပုံ ကို တွေး၍ လာမိ၏ ။

ပြီးတော့လည်း မမြမှီ သည် ရဲရဲဝံ့ဝံ့ မိခင် သတ္တိ ရှိသူ ဖြစ်၍ ကျွန်မ သည် မိန်းမ တစ်ယောက် ဖြစ်ပါလျက် မိခင် သတ္တိ မရှိလေသူလား ၊ ထို  ပြဿနာကိုလည်း တွေး လာမိ၏ ။

သို့သော် ... နောက်ဆုံး တွေးထင်မိသည် ကမူ သာယာမှု တစ်ခုခု ကို ရယူတိုင်း သတ္တဝါ တို့ သည် တစ်ခုခု ကိုတော့ အနစ်နာခံ ပေးဆပ်ရ မည်သာတည်း ။ 

အကယ်၍ အနစ်နာ မခံလိုသော် ... မကြိုးပမ်းလိုသော် သာယာမှု ကို လည်း စွန့်လွှတ်ရမည် တကား ။ 

ထိုအခါ တွင် စာဆို တစ်ယောက် ၏ ရိုးလှပြီ ဖြစ်သော သီချင်းသွား ကို ကျွန်မ စဉ်းစားမိ၏ ။

“ ဘဝ ဟူသည် ရယူခြင်း မဟုတ် ၊ ပေးဆပ်နေရခြင်း ဖြစ်သည် ...”

◾ ခင်နှင်းယု

📖 ကြာတော၌ ရွာသောမိုး

aungnaingoo
21 july 2022

No comments:

Post a Comment